ရဲရှင်းဟွေ့ - ငါသိနေတယ်… အဖေ့မှာ တရားမဝင် ကလေးတစ်ယောက် အသေအချာ ရှိနေတာပဲ…
Vol. 17 Ch. 235
တစ်ချိန်က ကျင့်ကြံခြင်း လောကတစ်ခုလုံးကို စိုးမိုးအုပ်ချုပ်ခဲ့ဖူးသည့် ထိုလူနှင့် ရင်ဆိုင်ရသောအခါ ရဲယင်မှာ မထိတ်လန့်ဘဲ မနေနိုင်ခဲ့ပေ။
သို့သော်လည်း သူ သတ္တိမွေးရမည်ကို သိနေ၏။ သူသည် မည်သူ့ရှေ့တွင်မဆို သတ္တိမွေးနိုင်သော်လည်း ဤလူ၏ ရှေ့တွင်မူ ဘယ်တော့မှ ကြောက်ရွံ့၍ မဖြစ်ချေ။
ရဲရှင်းချန်က ရဲယင်ကို ကြည့်၍ မေးလိုက်သည်။ “မင်းက ဘယ်သူလဲ…”
ထိုသို့ မေးနေစဉ်မှာပင် ရဲရှင်းချန်မှာ အနည်းငယ် စိတ်ရှုပ်ထွေးသွားမိ၏။ အဘယ်ကြောင့်ဆိုသော်… သူက ရဲယင်ထံမှ သွေးသားတော်စပ်မှု ဆက်နွယ်နေသည်ကို ခံစားမိနေသောကြောင့် ဖြစ်သည်။
၎င်းအပြင် သူ့ရှေ့မှ လူ၏ မျက်နှာမှာ သူ့ညီငယ် ရဲရှင်းဟွေ့နှင့် အနည်းငယ် ဆင်တူနေ၏။
ရဲယင် မည်သို့ ပြန်ဖြေရမှန်း မသိဖြစ်နေစဉ်မှာပင် ရဲရှင်းဟွေ့က ပျံသန်းရောက်ရှိလာသည်။
ရဲယင်ကို မြင်၍ အနားသို့ ကပ်သွားသောအခါ ရဲရှင်းဟွေ့ကလည်း သွေးသားတော်စပ်မှု ခံစားချက်ကို ခံစားလိုက်မိ၏။
“သေစမ်း…”
ရဲရှင်းဟွေ့က အော်ဟစ်လိုက်ပြီးနောက် ရဲယင်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ “ငါသိသားပဲ… အဖေ့မှာ တရားမဝင် ကလေးတစ်ယောက် အသေအချာ ရှိနေတာပဲ…”
ရဲရှင်းချန်: “…”
ရဲယင်: “…”
အမှန်တကယ်တွင် သူ့အဖေ၌ အပြင်တွင် ကလေးများ ရှိနေမည်ကို ရဲရှင်းဟွေ့မှာ အစောကတည်းက ခန့်မှန်းပြီး ဖြစ်၏။ မည်သို့ပင်ဆိုစေ သူ့အဖေသည် အမျိုးသမီးများစွာ၏ အသည်းစွဲ ဇာတ်လိုက်ကျော်ကြီး ဖြစ်သည် မဟုတ်ပါလော။
မိန်းမများစွာက သူ့ကို ကြိုက်နှစ်သက်နေကြရာ ထိုသို့သော ကိစ္စများနှင့် ကြုံတွေ့ရခြင်းမှာ သာမန်ပင် ဖြစ်သည်။
…..
“အဲ… ကျွန်တော့်နာမည် ရဲယင်ပါ… ခင်ဗျားတို့က ဘယ်သူတွေလဲ…”
ရဲယင်က သူ့နာမည်ကို ပြောပြီးနောက် ရဲရှင်းချန်ထံသို့ အကြည့်ရောက်သွားသည်။
“မျိုးရိုးနာမည်က ရဲပဲ… ငါ့အတွေးက မမှားလောက်တော့ဘူး… သူက အဖေ့ရဲ့ တရားမဝင်သား အသေအချာပဲ…”
ရဲရှင်းဟွေ့က ခေါင်းညိတ်လိုက်ပြီးနောက် သူ့ကိုယ်သူ မိတ်ဆက်လိုက်၏။ “ငါ့နာမည်က ရဲရှင်းဟွေ့…”
ထို့နောက် ရဲရှင်းဟွေ့က သူ့အနားမှ အစ်ကိုဖြစ်သူကို လက်ညှိုးထိုးပြ၍ ဆက်ပြောလိုက်သည်။ “သူကတော့ ရဲရှင်းချန်တဲ့…”
ရဲရှင်းချန်ဟူသော နာမည်ကို ကြားလိုက်ရသည့်အခါ ရဲယင်မှာ မှင်တက်သွား၏။
ဒါက တကယ်ပင် ‘သူ’ ဖြစ်နေပါပေ၏။
ကျင့်ကြံသူတစ်ယောက်အနေဖြင့် ရဲယင်သည်လည်း သူ့သွေးသားနှင့် သူ့ရှေ့မှ လူနှစ်ယောက်ကြားက ဆက်နွယ်မှုကို ခံစားမိနိုင်သည်။
ယခု ရဲရှင်းချန်ဟူသော နာမည်ကို ကြားလိုက်ရသည့်အခါ ဤရဲရှင်းချန်မှာ ကြယ်တာရာဧကရာဇ် ဖြစ်ကြောင်း သူ ပို၍ သေချာသွားတော့သည်။
သို့သော်… ကြယ်တာရာဧကရာဇ်က အဘယ့်ကြောင့် ဤမျှ အားနည်းနေရသနည်း။
ဟုတ်ပေသည်… “အားနည်းသည်” ဟု ဆိုသော်လည်း ယခင် ကြယ်တာရာဧကရာဇ်၏ မသေမျိုးဧကရာဇ်ဘုံ အဆင့်နှင့် နှိုင်းယှဉ်၍သာ ပြောခြင်း ဖြစ်သည်။
ရဲယင်၏ အသွင်အပြင်မှာ အသက်နှစ်ဆယ်ကျော်ဟု ထင်ရသော်လည်း သူ၏ တကယ့်အသက်မှာ အနှစ်တစ်ရာကျော် ရှိနေပြီ ဖြစ်၏။
သူ၏ အစွမ်းမှာ ကျင့်ကြံရေးလောက၌ တတိယတန်းစားမျှသာ ဖြစ်သည်။
သူ့ရှေ့မှ ရဲရှင်းချန်ကလည်း ကျင့်ကြံရေးလောကတွင် တတိယတန်းစား အဆင့်မျှသာ ရှိနေ၏။
…….
ရဲရှင်းဟွေ့နှင့် ရဲရှင်းချန်တို့ နှစ်ယောက်စလုံးမှာ ရဲယင် ဘာတွေ တွေးနေသည်ကို မသိကြပေ။
ယခုအခါ ရဲရှင်းဟွေ့ တွေးနေသည်မှာ အိမ်ပြန်ရောက်သည့်အခါ သူ့အဖေ၏ စိတ်အခြေအနေကို ဘယ်လို မွှေနောက်ရမည်လဲ ဆိုသည်ကို ဖြစ်သည်။ ရဲရှင်းချန် တွေးနေသည်မှာမူ သူ့ရှေ့မှ ရဲယင်၏ အစွမ်းကို အဘယ့်ကြောင့် သူ ထွင်းဖောက် မမြင်နိုင်ရသလဲ ဆိုသည်ကို ဖြစ်၏။
သို့သော်လည်း ယခုအချိန်မှာ ဤအရာကို အာရုံစိုက်နေရမည့် အချိန်မဟုတ်ချေ။ ရဲရှင်းချန်က ရဲယင်ကို ကြည့်၍ တည်ကြည်လေးနက်သော လေသံဖြင့် မေးလိုက်သည်။ “နျူကလီးယားစွမ်းအင်စက်ရုံမှာ ဖြစ်ခဲ့တာတွေက မင်းလက်ချက်လား…”
ရဲရှင်းချန်၏ အမေးကို ကြားသောအခါ ရဲယင်မှာ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြန်ဖြေလိုက်၏။ “ကျွန်တော် မဟုတ်ပါဘူး… ဒါပေမဲ့ ဘယ်သူလဲဆိုတာကိုတော့ ကျွန်တော် သိတယ်…”
နျူကလီးယားစွမ်းအင်စက်ရုံတွင် ဖြစ်ခဲ့သည့် ကိစ္စများကို မည်သူက အသိဆုံး ဖြစ်မည်နည်။
တရားခံပြီးလျှင် ရဲယင်သာ ဖြစ်နိုင်ပေသည်။
“ဘယ်သူလဲ… ငါတို့ကို သူ့ဆီ ခေါ်သွားပေး… ငါတို့ သူ့ကို ရှင်းပြီးရင် မင်းကို အဖေ့ဆီ ခေါ်သွားပေးမယ်…”
ဤတစ်ကြိမ် စကားပြောသူမှာ ရဲရှင်းဟွေ့ ဖြစ်သည်။
ရဲရှင်းဟွေ့မှာ သူ့ရှေ့မှ လူငယ်သည် သူ၏ အဖေတူအမေကွဲ ညီအစ်ကို ဖြစ်ကြောင်း ဆုံးဖြတ်ပြီး ဖြစ်၏။
မည်သို့ပင်ဖြစ်စေ… ရဲနျဉ်နှင့် ရဲဖန်တို့မှာ ဤမျှကြီးမားသော သားတစ်ယောက် ရနိုင်စရာ အကြောင်းမရှိပေ မဟုတ်လော။
သူက အဘိုးအဘွားများ၏ နောက်ထပ် ကလေးတစ်ယောက် ဖြစ်သည်ဟု ဆိုလျှင်လည်း သူ့အဖေက မသိဘဲ နေစရာ အကြောင်းမရှိပေ။
ရဲယင်က တိတ်ဆိတ်နေသော ရဲရှင်းချန်ကို နက်ရှိုင်းစွာ တစ်ချက် ကြည့်လိုက်၏။
သူ့ရှေ့မှ လူနှစ်ယောက်မှာ တစ်စုံတစ်ခုကို အထင်လွဲနေကြမှန်း သူသိသော်လည်း ရှင်းပြရန် ရည်ရွယ်ချက် မရှိခဲ့ပေ။
လူများက ရှင်းပြပေးနိုင်သော အမှတ်သညာတစ်ခု ရှိနေခြင်းက ကောင်း၏။ ထိုသို့ဆိုလျှင် သူ ရဲရှင်းချန်၏ အနားသို့ ကပ်နိုင်ပေလိမ့်မည်။
ထို့အပြင် ရဲရှင်းချန်၏ လက်ရှိ အခြေအနေကိုလည်း သူ စုံစမ်းနိုင်ပေလိမ့်မည်။
ယခုအခါ ရဲယင်မှာလည်း အနည်းငယ် စိတ်ရှုပ်ထွေးနေ၏။
သူက ငယ်စဉ်ကတည်းက ရဲရှင်းချန်ကို မုန်းတီးခဲ့သော်လည်း သူ့အမေကမူ ဤတာဝန်မဲ့သော လူအပေါ် အမြဲတမ်း စွဲစွဲမြဲမြဲ ချစ်ခင်ခဲ့သည်။
သူ၏ အစွမ်းမှာ လက်ရှိ ရဲရှင်းချန်နှင့် အဆင့်တူခန့် ရှိနေသည့်အတွက် ရဲယင် မာနထောင်လွှားနေခြင်းကြောင့် ဖြစ်နိုင်သလို၊ သူ့အမေကြောင့်လည်း ဖြစ်နိုင်သည်။
ရဲယင်မှာ အမှန်တရားကို အမှန်ပင် သိချင်နေပြီး ရဲရှင်းချန် အဘယ့်ကြောင့် ဤသို့ ဖြစ်နေရသည်ကို သိချင်နေ၏။
…….
ရဲယင်က သဘောတူလိုက်ပြီး သူတို့နှစ်ယောက်ကို မိစ္ဆာကျင့်ကြံသူအား ရှာဖွေရန် ခေါ်ဆောင်သွားသည်။
မည်သို့ပင်ဆိုစေ ထိုမိစ္ဆာကျင့်ကြံသူမှာ သူ့ရန်သူလည်း ဖြစ်သဖြင့် သူမအတွက် ဖုံးကွယ်ထားပေးစရာ မလိုအပ်ချေ။
သူတို့ သုံးယောက်မှာ နျူကလီးယားစွမ်းအင်စက်ရုံအောက်မှ လူလုပ်လိုဏ်ဂူတစ်ခုဆီသို့ ရောက်ရှိလာကြသည်။
ဤလိုဏ်ဂူကို မိစ္ဆာကျင့်ကြံသူက တူးဖော်ထားခြင်း ဖြစ်သည်။ လိုဏ်ဂူအတွင်း၌ အဆောင်လက်ဖွဲ့ အနီရောင်များဖြင့် ဖုံးလွှမ်းနေ၏။ ဤအဆောင်လက်ဖွဲ့များ၏ လုပ်ဆောင်ချက်မှာလည်း အလွန် ရိုးရှင်းလှသည်။
၎င်းမှာ မိစ္ဆာစွမ်းအင်များ အပြင်သို့ ယိုစိမ့်မထွက်စေရန် ဖြစ်သည်။
လိုဏ်ဂူ၏ ထောင့်များတွင် ထူးဆန်းသော အလောင်းများစွာ စုပုံနေ၏။ ဤအလောင်းများအားလုံးမှာ မိစ္ဆာအဖြစ် ပြောင်းလဲသွားသော သတ္တဝါများ ဖြစ်ကြသည်။
၎င်းတို့အထဲမှ အများစုမှာ လမ်းဘေးခွေးများ၊ ကြွက်များ၊ ယုန်များနှင့် အခြား အလားတူ သတ္တဝါများ ဖြစ်ကြ၏။
လိုဏ်ဂူထဲတွင် မိစ္ဆာကျင့်ကြံသူ၏ ခြေရာများစွာ ရှိနေသော်လည်း သူတို့သုံးယောက်မှာ မိစ္ဆာကျင့်ကြံသူကို မတွေ့ခဲ့ကြပေ။
“သူမရဲ့ စမ်းသပ်မှု အောင်မြင်သွားပြီထင်တယ်… ဒါကြောင့် အပြင်ထွက်သွားတာ ဖြစ်ရမယ်…” ရဲယင်က တည်ငြိမ်စွာ ပြောလိုက်၏။
“မင်းက သူမ ဘယ်သူလဲဆိုတာ သိမှတော့… သူမ ဘယ်ကလာသလဲဆိုတာကော သိသလား…”
ရဲရှင်းချန်မှာ လိုဏ်ဂူထဲသို့ ဝင်၍ အဆောင်လက်ဖွဲ့များကို မြင်လိုက်သည့်အခါ ဤမိစ္ဆာကျင့်ကြံသူမှာ ကျင့်ကြံရေးလောကမှ လာသည်ကို သေချာသွား၏။
အဘယ်ကြောင့်ဆိုသော် ဤအဆောင်လက်ဖွဲ့ကို ဖန်တီးခဲ့သူမှာ သူကိုယ်တိုင်မှလွဲ၍ အခြားသူ မဟုတ်သောကြောင့် ဖြစ်သည်။
ဤအဆောင်လက်ဖွဲ့များက မိစ္ဆာစွမ်းအင် ယိုစိမ့်မှုကို တားဆီးနိုင်သည့် အကြောင်းအရင်းမှာ သူက ထျန်းယင်ကျောက်တုံးကို နားလည်သဘောပေါက်၍ ဤအဆောင်လက်ဖွဲ့များကို ဖန်တီးခဲ့ခြင်းကြောင့် ဖြစ်သည်။
ထိုအချိန်မှာပင် ရဲရှင်းချန်မှာ ကျင့်ကြံရေးလောကမှ အချိန်သည် သူနှင့်အတူ နောက်ပြန်ဆုတ်သွားခြင်း မရှိသည်ကိုလည်း အတည်ပြုနိုင်ခဲ့၏။
ရဲရှင်းချန်၏ အမေးနှင့် ပတ်သက်၍ ရဲယင်မှာ အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး မည်သို့ ပြန်ဖြေရမှန်း မသိဖြစ်သွားသည်။
သူက ကျင့်ကြံရေးလောကမှ လာသည်ဟု ပြော၍ မဖြစ်ပေ မဟုတ်လော။
အကယ်၍ ထိုသို့ ပြောလိုက်ပါက သူ၏ ကိုယ်ရေးအချက်အလက်များကို ဖော်ထုတ်လိုက်သကဲ့သို့ တူတူပင် ဖြစ်သွားပေလိမ့်မည်။
ရဲယင် စိတ်ရှုပ်ထွေးနေစဉ်မှာပင် လူကောင်းလေး ရဲရှင်းဟွေ့က ပြဿနာကို ဖြေရှင်းပေးခဲ့သည်။
“အစ်ကိုကြီး… ကျွန်တော်တို့ အရင်ဆုံး အဲဒီမိစ္ဆာကျင့်ကြံသူကို ရှာပြီးမှ တခြားကိစ္စတွေ ပြောကြတာပေါ့…”
ရဲရှင်းဟွေ့၏ စကားကို ကြားသောအခါ ရဲရှင်းချန်က ခေါင်းညိတ်လိုက်ပြီးနောက် လိုဏ်ဂူထဲမှ ထွက်ခွာကာ မိစ္ဆာကျင့်ကြံသူကို စတင်ရှာဖွေလိုက်သည်။
လိုဏ်ဂူထဲမှ အငွေ့အသက်ကို လမ်းညွှန်အဖြစ် အသုံးပြုလိုက်သည့်အခါ ယခု မိစ္ဆာကျင့်ကြံသူကို ရှာဖွေရန် လွယ်ကူသွားပြီ ဖြစ်သည်။
……..
အခြားတစ်ဖက်တွင်…။
ရှောင်ဟာ့က ကြောင်များနှင့် ခွေးတစ်အုပ်ကို ဦးဆောင်၍ ဖူကူရှီးမား နယ်မြေထဲသို့ ဝင်ရောက်လာသည်။
ဤနေရာတွင် သူ ညီငယ်များစွာကို အမှန်ပင် ရရှိခဲ့၏။
သို့သော် ဖူကူရှီးမားထဲသို့ ဝင်ရောက်ပြီးနောက် ရှောင်ဟာ့ကလည်း ဤနေရာ၌ တစ်စုံတစ်ခု နေရထိုင်ရ ခက်ခဲစေသည်ကို ခံစားမိလိုက်သည်။
ရှောင်ဟာ့ အတွင်းဘက်သို့ ဆက်သွားသင့်၊ မသွားသင့် တွေးတောနေစဉ်မှာပင် အနက်ရောင် ဝတ်ရုံရှည် ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်က သူ့ထံသို့ လျှောက်လှမ်းလာသည်။
ထိုအမျိုးသမီး၏ မျက်နှာမှာ သာမန်ရုပ်ရည်သာရှိပြီး သူမ၏ မျက်လုံးများမှာ အနည်းငယ် အသက်မဲ့နေ၏။
အမျိုးသမီးက ကြောင်များနှင့် ခွေးတစ်အုပ် သူမထံသို့ လျှောက်လှမ်းလာသည်ကို မြင်သောအခါ သူမလည်း ရပ်တန့်လိုက်သည်။
“ခွေးတွေ အများကြီးပဲ…”
အမျိုးသမီးက တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် ပုံသဏ္ဌာန်မမှန်သော သတ္တုတစ်စကို သူမ၏ အိတ်ကပ်ထဲမှ ထုတ်ယူလိုက်သည်။
ထိုသတ္တု၏ အပြင်ဘက်လွှာတွင် ထူးဆန်းသော အနက်ရောင် အခိုးအငွေ့များ ရှိနေ၏။
ရှောင်ဟာ့က အမျိုးသမီး ထုတ်ယူလိုက်သော သတ္တုကို မြင်သည့်အခါ သူ့တစ်ကိုယ်လုံးရှိ အမွေးအမှင်များ ထောင်ထလာသည်။
အနီးပတ်ဝန်းကျင်မှ အခြားခွေးများကလည်း စိတ်လှုပ်ရှားလာကြပြီး ခြေကုန်သုတ်၍ ထွက်ပြေးကြတော့သည်။
သို့သော်လည်း ယခုအချိန်တွင် ထွက်ပြေးရန်မှာ အလွန် နောက်ကျသွားပြီ ဖြစ်သည်။ သတ္တုမှ ထုတ်လွှတ်သော ရေဒီယိုသတ္တိကြွမှုများက ပျံ့နှံ့သွားခဲ့ပြီ ဖြစ်၏။
“မင်းတို့ ငါ့ရဲ့ ရလဒ်တွေကို စမ်းကြည့်လို့ရတယ်…”
အမျိုးသမီးက တည်ငြိမ်စွာ ပြောလိုက်ပြီး သူမ၏ ညာလက်ဖြင့် သတ္တုတုံးကို ကိုင်ထားသောအခါ သတ္တုက သူမ၏ လက်ဖဝါးအထက်တွင် ပျံဝဲ၍ လည်ပတ်လာသည်။
ကြောက်လန့်မှုကို ခံစားမိသောအခါ ရှောင်ဟာ့ကလည်း ထွက်ပြေးရန် ကြံရွယ်လိုက်သော်လည်း သူ လှည့်လိုက်သည်နှင့် သူ့ညီငယ်များအားလုံးမှာ မိစ္ဆာကောင်များအဖြစ် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။