← Chapters

သံမဏိခွေး ရှောင်ဟာ့

Vol. 17 Ch. 236

သံမဏိခွေး ရှောင်ဟာ့

Vol. 17 Ch. 236

ခွေးများမှာ ခွေးများပင် ဖြစ်နေသေးသော်လည်း သူတို့၏ ပုံစံများမှာ မှတ်မိနိုင်စရာ မရှိတော့အောင် ပြောင်းလဲသွားခဲ့၏။

အချို့ခွေးများ၏ အမွေးများမှာ အားလုံးကျွတ်ထွက်သွားပြီး အကြေးခွံများ ထွက်ပေါ်လာကြ၏။ အချို့မှာ အရိုးများပေါ်နေပြီး အချို့မှာ သွေးသံရဲရဲဖြစ်နေကာ အချို့မှာမူ ရုတ်တရက် ခေါင်းနှစ်လုံး ပေါက်လာကြသည်။ အမျိုးမျိုးအဖုံဖုံသော ထူးဆန်းသည့် ပုံစံများ ဖြစ်နေကြ၏။

ထိုနေရာတွင် ရှိနေသော ရှောင်ဟာ့မှလွဲ၍ ခွေးအားလုံးမှာ မိစ္ဆာများအဖြစ်သို့ ပြောင်းလဲသွားကြသည်။

အမျိုးသမီးက သူမ၏ အကြည့်ကို ရှောင်ဟာ့ထံ စူးစိုက်လိုက်ပြီး နားမလည်သည့်ဟန်ဖြင့် တိုးတိုးလေး ရေရွတ်လိုက်၏။ “ဒါ သာမန်ခွေးတစ်ကောင် မဟုတ်တဲ့ပုံပဲ… မိစ္ဆာတစ်ကောင်များလား…”

ထိုသို့ ပြောပြီးနောက် အမျိုးသမီးမှာ အလွန် စိတ်ဝင်စားစွာဖြင့် ရှောင်ဟာ့ထံသို့ လျှောက်သွားသည်။

ရှောင်ဟာ့က ထွက်ပြေးချင်သော်လည်း သူ့ဘေးပတ်လည်မှ မိစ္ဆာခွေးများက သူ့လမ်းကို ပိတ်ဆို့ထားကြရာ ယခု သူ ထွက်ပြေးချင်လျှင်ပင် မရနိုင်တော့ချေ။

“ငါ ပြောထားမယ်နော်… ငါ့မှာ သူဌေးရှိတယ်…”

ရှောင်ဟာ့က သူ့လည်ပင်းမှ လည်ပတ်ကို အသုံးပြု၍ သူ့ရှေ့မှ အမျိုးသမီးကို ခြိမ်းခြောက်လိုက်၏။

“ငါ့သူဌေးက အတော်ဆုံးပဲ… ပြီးတော့ ငါ့မှာ ညီငယ်တစ်သိုက်လည်း ရှိသေးတယ်… ကျားတွေရော… နဂါးတစ်ကောင်ရော… ရွှေကျီးကန်းတစ်ကောင်ရောပဲ… နင် ငါ့ကို ထိကြည့်လိုက်… သူတို့ နင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး…”

“ကျားတွေ… နဂါးနဲ့ ရွှေကျီးကန်းလား… မင်း တော်တော် အသိများတာပဲ…”

ရှောင်ဟာ့၏ စကားကို ကြားပြီးနောက် အမျိုးသမီးမှာ ပို၍ပင် စိတ်ဝင်စားလာသည်။

ရေဒီယိုဓာတ်ရောင်ခြည်က ရှောင်ဟာ့ကို မိစ္ဆာအဖြစ် မပြောင်းလဲနိုင်ခဲ့ပေ။ အမျိုးသမီးက သူမ၏ နည်းလမ်းလေးမှာ သာမန် သတ္တဝါများကိုသာ မိစ္ဆာအဖြစ် ပြောင်းလဲနိုင်ပြီး ကျင့်ကြံမှု အနည်းငယ်ရှိသော သတ္တဝါများအပေါ်၌ သက်ရောက်မှု မရှိကြောင်း သိနေ၏။

သို့သော်လည်း ထိုသို့ဖြစ်တော့ရော ဘာဖြစ်လဲ။

သူမက သာမန်လူများအတွက် မိစ္ဆာဓာတ်ရောင်ခြည်ကို တီထွင်နိုင်လျှင် ကျင့်ကြံသူများအတွက်လည်း တီထွင်နိုင်သည်ပင်။ သူမ၏ ရှေ့မှ ကျင့်ကြံမှု အနည်းငယ်ရှိသော ဤခွေးမှာ အလွန်ကောင်းမွန်သော စမ်းသပ်ခံ ပစ္စည်းတစ်ခု ဖြစ်သည်မှာ သေချာ၏။

ဤအမျိုးသမီးက သူ၏ ခြိမ်းခြောက်မှုများကို ဂရုမစိုက်သည်ကို မြင်သောအခါ ရှောင်ဟာ့မှာ တဖြည်းဖြည်း ပို၍ ထိတ်လန့်လာသည်။

“သူဌေး… ဘယ်မှာလဲ… ကကျွန်တော့်ခွေးအသက်လေးကို ကယ်ပါဦး…”

ရှောင်ဟာ့ မည်သို့မျှ မတတ်နိုင် ဖြစ်နေစဉ်တွင် ရုတ်တရက် သူ့လည်ပတ်ကို သတိရသွား၏။

ဤလည်ပတ်မှာ ရဲရှင်းဟွေ့၏ ကိုယ်ပွားများ ဖန်တီးထားသော ထုတ်ကုန်အသစ် ဖြစ်သည်။ ၎င်းတို့ကို ကြောင်စစ်တပ်၏ တရားဝင်အဖွဲ့ဝင်များအတွက် ပြုလုပ်ပေးထားပြီး အခြေခံအားဖြင့် အားလုံး တစ်ခုစီ ရရှိကြ၏။ စွတ်ဖားဆွဲခွေး သုံးကောင်ကိုလည်း ချန်ထားခဲ့ခြင်း မရှိသည်မှာ ပြောစရာမလိုပေ။

သို့သော် ရဲရှင်းဟွေ့၏ ကိုယ်ပွားက လည်ပတ်၏ အသုံးပြုပုံကို ရှင်းပြနေစဉ်တွင် ရှောင်ဟာ့မှာ အိပ်ပျော်သွားခဲ့သည်။ သူ အိပ်ပျော်သွားသော်လည်း ထိုလည်ပတ်မှာ လက်နက်တစ်ခု ဖြစ်ပုံရကြောင်းကိုမူ သူ ကြားလိုက်မိသေး၏။

“ငါ အသက်ရှင်မလား မရှင်မလားဆိုတာ ဒါ့အပေါ်မှာပဲ မူတည်နေပြီ…”

ထိုသို့ ပြောပြီးနောက် ရှောင်ဟာ့က သူ့လက်ဖဝါးဖြင့် ဘေးဘက်မှ ခလုတ်နီကို အဆက်မပြတ် ဖိနှိပ်လိုက်သည်။

“မိမိကိုယ်ကိုယ် ဖျက်ဆီးခြင်းစနစ်ကို ဖွင့်လိုက်ပါပြီ...”

“၂၀...”

“၁၉....”

“၁၈...”

.....

မိမိကိုယ်ကိုယ် ဖျက်ဆီးခြင်းစနစ်ကို ဖွင့်လိုက်ပြီး အချိန်နောက်ပြန် ရေတွက်သံ စတင်လာသောအခါ ရှောင်ဟာ့မှာ ကြောင်တောင်တောင် ဖြစ်သွား၏။

“ဘာကြီးလဲ… ဘယ်မှာလဲ လက်နက်က… ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးရတာလဲ…”

“အူး... အူး... အူး... အူး...”

ထိတ်လန့်သွားသော ဟပ်စကီးခွေးမှာ လည်ပတ်ကို အသည်းအသန် ကြိုးစား၍ ချွတ်ရတော့သည်။ သို့သော် မိမိကိုယ်ကိုယ် ဖျက်ဆီးခြင်း အစီအစဉ်ကို စတင်ပြီးနောက်တွင် ၎င်းက သူ့လည်ပင်းကို တင်းကျပ်စွာ ချည်နှောင်ထားပြီး မည်သို့မျှ ချွတ်၍ မရတော့သကဲ့သို့ ဖြစ်နေ၏။

မိမိကိုယ်ကိုယ် ဖျက်ဆီးရန် အချိန်မှာ တဖြည်းဖြည်း နည်းလာပြီး ရှောင်ဟာ့မှာ မျှော်လင့်ချက် ကင်းမဲ့သွားသည်။

မိစ္ဆာကျင့်ကြံသူမှာ ရှောင်ဟာ့၏ ရှေ့သို့ ရောက်နှင့်နေပြီ ဖြစ်၏။ သူမက မြေပြင်ပေါ်တွင် လူးလိမ့် အော်ဟစ်နေသော ရှောင်ဟာ့ကို သံသယ အနည်းငယ်ဖြင့် ကြည့်လိုက်သည်။

“ဒါ… ဓာတ်ရောင်ခြည်က ဒီခွေးအပေါ်မှာ တကယ် အာနိသင် ရှိနေတာများလား…”

အမျိုးသမီးမှာ ဝေခွဲမရ ဖြစ်နေစဉ်တွင် ရှောင်ဟာ့က ရုတ်တရက် ခုန်ထလိုက်ပြီးနောက် အမျိုးသမီး၏ ပေါင်ကို တင်းကျပ်စွာ ဖက်ထားလိုက်၏။

“ငါက သေရတော့မှာပဲ… ငါသေရရင်တောင် တစ်ယောက်ယောက်ကို အဖော်စပ်သွားမယ်…”

ရှောင်ဟာ့က အမျိုးသမီး၏ ခြေထောက်ကို ဖက်လိုက်သည်နှင့် အချိန်နောက်ပြန် ရေတွက်မှုမှာ သုညသို့ ရောက်သွားသည်။

ရှောင်ဟာ့က သူ့မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထား၍ ပေါက်ကွဲမှုကို စောင့်ဆိုင်းနေလိုက်၏။ သို့သော် ပေါက်ကွဲမှုမှာ ဖြစ်ပေါ်မလာဘဲ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။

“ရှောင်ဟာ့… မင်း တုံးလိုက်တာ… ပြောင်းလဲစမ်း…”

“ရှောင်ဟာ့… မင်း တုံးလိုက်တာ… ပြောင်းလဲစမ်း…” ဟူသော စကားကို ကြားသောအခါ သူ လှည့်စားခံလိုက်ရပြီး မိမိကိုယ်ကိုယ် ဖျက်ဆီးခြင်း အစီအစဉ် လုံးဝ မရှိကြောင်းကို ရှောင်ဟာ့ သိလိုက်၏။

“အဲဒီ ကြောင်ဝတုတ် နှစ်ကောင် လက်ချက်ပဲ နေမှာ… ငါ ပြန်လာတဲ့အထိ စောင့်နေ… သူတို့ကို ဘယ်လို ဆုံးမမလဲဆိုတာ ကြည့်နေ…”

ရှောင်ဟာ့က ထိုအပြစ်ကို ကြောင်ဝတုတ် နှစ်ကောင်အပေါ် ပုံချလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့လည်ပင်းမှ လည်ပတ်မှာလည်း ပြောင်းလဲသွား၏။

လည်ပတ်မှာ တဖြည်းဖြည်း ပိုကြီးလာပြီးနောက် ‘ကလစ်’ ‘ကလစ်’ ဟူသော အသံများ ထွက်ပေါ်လာသည်။ အဆုံး၌ ရှောင်ဟာ့၏ တစ်ကိုယ်လုံးကို သံဝတ်စုံတစ်ခုက ဖုံးလွှမ်းသွားတော့၏။ သို့သော် ဤသံချပ်ကာဝတ်စုံမှာ ခွေးပုံစံ ဖြစ်နေသည်။

ရုတ်တရက် ပြောင်းလဲသွားမှုက အမျိုးသမီး မိစ္ဆာကျင့်ကြံသူကို အံ့အားသင့်သွားစေသည်။ ဤသွေးနှင့်သားနှင့် ခွေးတစ်ကောင်က သံခွေးတစ်ကောင်အဖြစ် မည်သို့ ပြောင်းလဲသွားသနည်း။

သူမ၏ ပေါင်ပေါ်မှ မာကျောပြီး အေးစက်သော သတ္တု ခံစားမှုကို ခံစားမိသောအခါ အမျိုးသမီးမှာ အလိုအလျောက်ပင် သူမ၏ ခြေထောက်ကို ဝှေ့ယမ်း၍ ရှောင်ဟာ့ကို လွှင့်ပစ်လိုက်သည်။

အသိဉာဏ်တု အာ့ကိုကျစ်နှင့် ခေတ္တမျှ စကားပြောဆိုပြီးနောက်တွင် သံခွေး ရှောင်ဟာ့မှာ ဝတ်စုံကို မည်သို့ လည်ပတ်ရမည်ကို သိရှိသွား၏။

“ဟားဟား… သေဖို့ ပြင်ထား… ငါ့ညီငယ်တွေအတွက် ငါ လက်စားချေမယ်…”

သံချပ်ကာကို ဝတ်ဆင်ပြီးနောက် ရှောင်ဟာ့က သူ အခြေအနေ ပြန်ကောင်းလာပြီဟု ခံစားလိုက်ရသည်။ သူ့တင်ပါးနေရာမှ မီးတောက်များ ထွက်ပေါ်လာပြီး ခွေးတစ်ကိုယ်လုံးမှာ ကောင်းကင်ယံသို့ တစ်ဟုန်ထိုး တက်သွား၏။

ကောင်းကင်ယံ အလယ်သို့ ရောက်သောအခါ ရှောင်ဟာ့က တစ်ပတ်လှည့်၍ အောက်မှ မိစ္ဆာကျင့်ကြံသူကို သူ၏ စအိုဖြင့် ချိန်ရွယ်ကာ စွမ်းအင်ရောင်ခြည်တန်းတစ်ခုကို ပစ်လွှတ်လိုက်သည်။ ရှောင်ဟာ့၏ ဝတ်စုံမှာ ပထမမျိုးဆက်ပုံစံ ဖြစ်ရာ လက်ရှိတွင် စွမ်းအင် ထုတ်လွှတ်နိုင်သော တစ်ခုတည်းသော နေရာမှာ သူ၏ စအိုနေရာပင် ဖြစ်သည်။

လှုပ်ရှားမှုမှာ ရှက်စရာ ကောင်းသော်လည်း စွမ်းအားမှာ အားနည်းသည် မဟုတ်ချေ။

သူ တိုက်ခိုက်လိုက်သည်နှင့် အောက်ဘက်တွင် မီးခိုးလုံးကြီးများ ရုတ်ခြည်း ပေါ်ထွက်လာ၏။

ရှောင်ဟာ့က ဟန်ရေးပြ၍ မြေပြင်ပေါ်သို့ ပြန်ဆင်းလာသည်။

“ဟမ့်… သခင်ကြီး ဟာ့နဲ့ လာတိုက်ခိုက်ကြည့်လိုက်စမ်း…”

ရှောင်ဟာ့ စကားမဆုံးမီမှာပင် သွယ်လျသော လက်ဖဝါးတစ်ဖက်က သူ၏ ချပ်ကာခွေးခေါင်းကို ဆုပ်ကိုင်၍ အားကုန် ညှစ်လိုက်ရာ ချပ်ကာမှာ ပုံပျက်သွားပြီး ရှောင်ဟာ့မှာ သူ့သံခမောက်ကို ချွတ်လိုက်ရသည်။

“သေစမ်း… ဒါတောင် နင်က မသေဘူးလား…”

ရှောင်ဟာ့က သူ့ရှေ့မှ အမျိုးသမီးကို အံ့အားသင့်သော မျက်နှာဖြင့် ကြည့်လိုက်သည်။ စောနက သူ၏ စအိုရောင်ခြည်တန်းမှာ အမျိုးသမီး၏ ရင်ဘတ်ကို ထိမှန်သွားကြောင်း ရှောင်ဟာ့ ရှင်းလင်းစွာ မြင်လိုက်၏။

ဤစွမ်းအင် ရောင်ခြည်တန်း၏ ပြင်းအားမှာ လက်မဝက်ခန့်ထူသော သံမဏိပြားကိုပင် ဖောက်ထွင်းသွားနိုင်သည်။ သို့သော် ၎င်းက ဤအမျိုးသမီး၏ အဝတ်အစားများကိုသာ စုတ်ပြဲသွားစေပြီး သူမ၏ ရင်ဘတ်တွင် မီးလောင်ရာ အနည်းငယ်သာ ပေါ်ထွက်လာစေခဲ့သည်။

အကယ်၍ ရဲရှင်းဟွေ့သာ ဤနေရာတွင် ရှိနေပါက သူက ရှောင်ဟာ့ကို သေချာပေါက် သင်ခန်းစာ ပေးပေလိမ့်မည်။ ဆိုရိုးစကားအရ မီးခိုးထွက်လျှင် ဒဏ်ရာမရှိဟု ဆိုကြသည်။ ထို့ကြောင့် အဆုံးစွန် တိုက်ကွက်ကို သုံးပြီးနောက် ရန်သူမှာ မီးခိုးလုံးများဖြင့် ဖုံးလွှမ်းသွားသည်ကို မြင်လျှင် ချက်ချင်း ဆုတ်ခွာရမည်။ သို့မဟုတ်လျှင် ကံဆိုးမိုးမှောင် ကျမည်မှာ သေချာ၏။

မိစ္ဆာကျင့်ကြံသူအမျိုးသမီးက ရှောင်ဟာ့ကို အေးစက်စွာ ကြည့်လိုက်ပြီးနောက် စကားတစ်ခွန်းမျှ မဆိုဘဲ သူမ၏ လက်ဖဝါးဖြင့် ရှောင်ဟာ့၏ ခေါင်းကို ရိုက်ချလိုက်သည်။

ဤရိုက်ချက်သာ ထိမှန်သွားပါက ရှောင်ဟာ့၏ ခေါင်းမှာ သေချာပေါက် ပွင့်ထွက်သွားပေလိမ့်မည်။

ဤအရေးကြီးသော အခိုက်အတန့်၌ ပုံရိပ်တစ်ခုက ရှောင်ဟာ့၏ ရှေ့တွင် လာရပ်လိုက်၏။

“ဒူးထောက်စမ်း…”

ထိုလူက ဟိန်းဟောက်လိုက်ရာ မိစ္ဆာကျင့်ကြံသူမှာ မြေပြင်ပေါ်သို့ အမှန်တကယ် ဒူးထောက်ကျသွားပြီး သူမ၏ လက်နှစ်ဖက်ကို ပူး၍ သစ်သားဓားတစ်ချောင်းကို ညှပ်ထားလိုက်သည်။

ရှောင်ဟာ့၏ ရှေ့တွင် ရပ်နေသူမှာ သစ်သားဓားကို ကိုင်ထားသော ရဲရှင်းဟွေ့မှလွဲ၍ အခြားသူ မဟုတ်ချေ။

ရဲရှင်းဟွေ့က ရှောင်ဟာ့ကို နောက်လှည့်ကြည့်၍ မေးလိုက်သည်။ “ရှောင်ဟာ့… မင်း ဘာလို့ ဒီရောက်နေတာလဲ…”

“သူဌေး… တကယ်ပဲ သူဌေးလား… သူဌေး… တော်သေးတာပေါ့… ကျွန်တော်က…”

ထိုသို့ ပြောလိုက်စဉ်မှာပင် ရှောင်ဟာ့မှာ မျက်ရည်များ ကျလာပြီးနောက် သူ့သံခွေးဝတ်စုံကို ချွတ်၍ ရဲရှင်းဟွေ့၏ ပေါင်ကို ဖက်ထားလိုက်၏။

တစ်ချိန်တည်းမှာပင် အမျိုးသမီး မိစ္ဆာကျင့်ကြံသူမှာလည်း ကြောင်ငေးနေသည်။ သို့သော် အမျိုးသမီးက မော့ကြည့်လိုက်ပြီးနောက်တွင် သူမမှာ ပို၍ပင် ဝေခွဲမရ ဖြစ်သွား၏။

အကြောင်းမှာ သူမ၏ ရှေ့မှ လူမှာ သူမ၏ ယုံကြည်ကိုးကွယ်ရာ ဖြစ်နေသောကြောင့်ပင်။

ကြယ်တာရာဧကရာဇ်။

All Chapters