← Chapters

ပြောင်းလဲခြင်း

Vol. 17 Ch. 230

ပြောင်းလဲခြင်း

Vol. 17 Ch. 230

လေထဲတွင် ရှိနေသော ရဲရှင်းဟွေ့က အောက်ဘက်မှ လူများ၏ စကားပြောသံကို သဘာဝအတိုင်း ကြားလိုက်ရ၏။

သူက ရှင်းရှင်းလင်းလင်း ကြားရုံသာမက သူ၏ အဆင့်မြင့် ကင်မရာဖြင့်လည်း မှတ်တမ်းတင်ထားလိုက်သည်။

"ဒါက ဘာမဟုတ်မဟက် အကြံလဲ... တော်လိုက်တာ... ကျွန်းစုနိုင်ငံရဲ့ ဧကရာဇ်နဲ့ သိပ်လိုက်ဖက်တာပဲ... တစ်နိုင်ငံလုံးကို ရေဒီယိုသတ္တိကြွ သက်ရှိတွေ စားခိုင်းချင်တယ်တဲ့... ဒါက ကာဗွန်အခြေပြု သက်ရှိတစ်ယောက် စဉ်းစားလို့ရတဲ့ အကြံမျိုးလား..."

ထိုသို့ မြည်တွန်တောက်တီးလိုက်ပြီးနောက် ရဲရှင်းဟွေ့က သူ့လက်ကို ဆန့်ထုတ်လိုက်ရာ စီးကရက်တစ်လိပ်မှာ သူ့လက်ထဲသို့ ရောက်လာ၏။ စီးကရက်တစ်လိပ်ကို မီးညှိပြီးနောက် ရဲရှင်းဟွေ့က ဧကရာဇ်ရှိုဂိုကို ဂရုတစိုက် ကြည့်လိုက်သည်။

ထို့နောက် သူက သဲလွန်စအချို့ကို ရှာဖွေတွေ့ရှိသွား၏။

ဧကရာဇ်ရှိုဂို၏ ဝိညာဉ်ကို တစ်စုံတစ်ယောက်က ပြုပြင်ထားပြီး သူ၏ ထူးဆန်းသော အပြုအမူအားလုံးမှာ သူ၏ ကိုယ်ပိုင်ဆန္ဒကြောင့် မဟုတ်နိုင်ပေ။ သို့သော်လည်း... အချက်ပြလှိုင်းများနှင့် ဝေးဝေးနေလိုသည့် အတွေးအခေါ်မှာမူ အစကတည်းက သူ့တွင် ရှိခဲ့သော အရာ ဖြစ်သည်။

ဧကရာဇ်ရှိုဂိုမှာ ထိန်းချုပ်ခံထားရမှန်း သိလိုက်သောအခါ ရဲရှင်းဟွေ့က... တစ်စုံတစ်ယောက်သည် ကျွန်းစုနိုင်ငံအပေါ် အလွန်အမင်း မုန်းတီးနေသည် ဖြစ်နိုင်ကြောင်း မှန်းဆလိုက်မိ၏။ မဟုတ်လျှင် သူတို့က ဤနည်းလမ်းကို အသုံးပြုလိမ့်မည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေ... တစ်နိုင်ငံလုံးကို ရောင်ခြည်သင့် အစားအစာနှင့် ရေများ သောက်သုံးခိုင်းခြင်းက တစ်နိုင်ငံလုံးကို သတ်ဖြတ်ခြင်းနှင့် ဘာမှမခြားနားချေ။

ရဲရှင်းဟွေ့ကမူ သူတစ်ပါးကိစ္စတွင် ဝင်ရောက်စွက်ဖက်လိုစိတ် မရှိသည်မှာ သဘာဝကျသည်။ သို့သော်လည်း သူက နောက်ကွယ်မှ လူများကိုမူ အနည်းငယ် စိတ်ဝင်စားနေဆဲဖြစ်ရာ ခေတ္တမျှ ဆက်လက် စောင့်ကြည့်ရန် ကြံရွယ်လိုက်၏။

.......

အောက်ဘက်တွင် ရေဒီယိုသတ္တိကြွ သတ္တဝါကို အိမ်တော်ထဲသို့ ပို့ဆောင်ပြီးနောက် ဓာတုကာကွယ်ရေး ဝတ်စုံများ ဝတ်ဆင်ထားသော လူအချို့မှာ အိမ်တော်မှ ထွက်ခွာသွားကြသည်။

ဧကရာဇ်ရှိုဂိုကမူ သူ့အား အစေခံနေသော အိမ်ဖော်မလေးများကို ကြည့်၍ ပြောလိုက်၏။

"ဘယ်လိုလဲ... မင်းတို့လည်း အတူတူ သုံးဆောင်ချင်ကြလား..."

အိမ်ဖော်မလေးများမှာ ထိုစကားကို ကြားသောအခါ မျက်နှာများ ချက်ချင်းပင် ပျက်ယွင်းသွားကြ၏။

ထိုမြင်ကွင်းကို မြင်သောအခါ ဧကရာဇ်ရှိုဂိုက သူ့လက်ကို ဝှေ့ယမ်း၍ ထိုအိမ်ဖော်မလေးများ ထွက်သွားနိုင်ကြောင်း အမူအရာပြလိုက်သည်။ အိမ်ဖော်မလေးများက ထိုအခြင်းအရာကို မြင်သောအခါ လွတ်ငြိမ်းချမ်းသာခွင့် ရဘိသကဲ့သို့ ထွက်ခွာသွားကြ၏။

ထွက်ခွာသွားပြီးနောက် အိမ်ဖော်မလေး အချို့က အိမ်တော်ထဲတွင် ထားရှိသော ကာကွယ်ရေး ဝတ်စုံများကို စတင်ဝတ်ဆင်လိုက်ကြသည်။ ဧကရာဇ်ရှိုဂိုက ထိုကြောက်မက်ဖွယ် ရေဒီယိုသတ္တိကြွ သတ္တဝါကို စားသောက်ပွဲ ကျင်းပရန်အတွက် လှောင်အိမ်ကို ဖွင့်ခိုင်းလိမ့်မည် ဖြစ်ကြောင်း သူတို့ သိရှိကြ၏။ ရေဒီယိုသတ္တိကြွ သတ္တဝါ၏ လှောင်အိမ်ကို ဖွင့်လိုက်လျှင် မကောင်းသော အရာများ သေချာပေါက် ထွက်လာပေလိမ့်မည်။ အကယ်၍ သူတို့က ကာကွယ်ရေး ဝတ်စုံကို မဝတ်ဆင်ထားပါက ရောင်ခြည်သင့်မှုကြောင့် ဇီဝဖြစ်စဉ်များ ပျက်စီးသွားသည်ဖြစ်စေ၊ မပျက်စီးသွားသည်ဖြစ်စေ သူတို့၏ သက်တမ်းမှာမူ သေချာပေါက် တိုတောင်းသွားမည် ဖြစ်သည်။

သူတို့ ဧကရာဇ်ကို အစေခံနေသည်မှာ အချိန်ကြာမြင့်ခြင်း မရှိသေးသော်လည်း ဤအိမ်ဖော်မလေးများ သိထားသည်မှာ ဧကရာဇ်၏ ပုံပန်းသဏ္ဌာန်က အသက် ရှစ်ဆယ်ကျော် အရွယ်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်... သူ၏ တကယ့်အသက်မှာ အနှစ်ငါးဆယ်ပင် မပြည့်သေးချေ။

.......

အစေခံမိန်းမပျိုများ ထွက်ခွာသွားပြီးနောက် ဧကရာဇ်ရှိုဂိုမှာ ဆက်လက်၍ မစောင့်ဆိုင်းနိုင်တော့ဘဲ လှောင်အိမ်ကို ဖွင့်လှစ်လိုက်သည်။ ဤလှောင်အိမ်ကို ရေဒီယိုသတ္တိကြွခြင်းမှ ကာကွယ်ရန်အတွက်သာမက မည်သည့်စွမ်းအင်မျှ အပြင်ဘက်သို့ ပျံ့လွင့်မသွားစေရန် အထူးတလည် ပြုလုပ်ထားခြင်း ဖြစ်၏။

လှောင်အိမ် ပွင့်သွားသောအခါ လေထုထဲတွင် ရပ်နေသော ရဲရှင်းဟွေ့က တစ်စုံတစ်ခု မှားယွင်းနေကြောင်း အာရုံခံလိုက်မိသည်။

“ဘာ%$#@လဲ… ဒါက တကယ် ရေဒီယိုသတ္တိကြွမှုလား… ဘာလို့ ဒီလောက် ပြင်းထန်တဲ့ ဝိညာဉ်စွမ်းအင်တွေ ရှိနေရတာလဲ…”

ရဲရှင်းဟွေ့မှာ တောင်တန်းနှင့် မြစ်ချောင်းများမြေပုံကို ပိုင်ဆိုင်ထားပြီး ထျန်းကန်းပြောင်းလဲခြင်း ၃၆ မျိုးကို ကျင့်ကြံထားသူ ဖြစ်သည့်အတွက် ဝိညာဉ်စွမ်းအင်ကို အလွန်အမင်း ထိလွယ်ရှလွယ် အာရုံခံနိုင်စွမ်း ရှိသည်။ ထိုထူးဆန်းသော သတ္တဝါထံမှ ထုတ်လွှတ်လိုက်သည့် စွမ်းအင်မှာ ဝိညာဉ်စွမ်းအင် ဖြစ်ကြောင်း သူ ရှင်းရှင်းလင်းလင်း ခံစားမိလိုက်၏။

သို့သော်လည်း… ဤဝိညာဉ်စွမ်းအင်က ရဲရှင်းဟွေ့ကို နမိတ်မကောင်းသည့် ခံစားချက်တစ်ခု ပေးနေသည်။

တောင်တန်းနှင့် မြစ်ချောင်းများမြေပုံထဲမှ ဝိညာဉ်စွမ်းအင်က သက်ဝင်လှုပ်ရှားမှုနှင့် သက်စောင့်ဓာတ်တို့ဖြင့် ပြည့်နှက်နေသော သဘာဝတရား၏ စွမ်းအင် ဖြစ်သည်ဆိုလျှင်… ထိုထူးဆန်းသော သတ္တဝါမှ ထုတ်လွှတ်လိုက်သည့် ဝိညာဉ်စွမ်းအင်မှာမူ အဖျက်စွမ်းအင်မျိုးစုံ ပါဝင်နေပြီး မျှော်လင့်ချက်ကင်းမဲ့ခြင်းနှင့် သေခြင်းတရားတို့ဖြင့် ပြည့်နှက်နေ၏…။

ဤထူးဆန်းသော ဝိညာဉ်စွမ်းအင်ကို ခံစားမိသောအခါ ရဲရှင်းဟွေ့၏ အမူအရာမှာ တည်ကြည်လေးနက်သွားသည်။ အကယ်၍ ၎င်းမှာ သာမန် ရေဒီယိုသတ္တိကြွမှု သက်သက်သာ ဖြစ်လျှင် ရဲရှင်းဟွေ့ ဂရုစိုက်မည် မဟုတ်သော်လည်း ဤသို့ အားပြင်းလွန်းသော အဖျက်ဝိညာဉ်စွမ်းအင်ကမူ သူ့ကို အာရုံစိုက်လာစေရန် ဖိအားပေးနေ၏။

ရေဒီယိုသတ္တိကြွမှု ကူးစက်ခံရလျှင် အလွန်ဆုံး သေဆုံးသွားနိုင်သည် သို့မဟုတ် နောင်လာနောက်သားများကို ထိခိုက်စေနိုင်မည် ဖြစ်သည်။ သို့သော် ဤအဖျက်ဝိညာဉ်စွမ်းအင်သာ ပျံ့နှံ့သွားခဲ့လျှင်… ကျွန်းစုနိုင်ငံမှ လူအားလုံး မျိုးတုံးပျောက်ကွယ်သွားရုံမျှမက… ကျွန်းစုနိုင်ငံ တစ်ခုလုံးကို မိစ္ဆာနိုင်ငံအဖြစ်သို့ ပြောင်းလဲသွားစေလိမ့်မည် ဖြစ်သည်။

သာမန် ဝိညာဉ်စွမ်းအင်က သာမန် တိရစ္ဆာန်များ သို့မဟုတ် လူများကို တဖြည်းဖြည်း သန်မာလာစေနိုင်သည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် ၎င်းမှာ ဝိညာဉ်စွမ်းအင်ကြောင့် ပြန်လည်နုပျိုလာခြင်း ဖြစ်သည်။ ရှောင်ဟာ့၊ ရှုန်ကျော့၊ ရှုန်ယိုနှင့် တခြားသူများမှာ ထိုအတိုင်းပင် ဖြစ်၏။ သူတို့ မည်သည့်သိုင်းပညာမှ မကျင့်ကြံလျှင်ပင် တောင်တန်းနှင့် မြစ်ချောင်းများမြေပုံထဲမှ ဝိညာဉ်စွမ်းအင်က အချိန်ကြာလာသည်နှင့်အမျှ သူတို့ကို အစွမ်းထက်သော ဝိညာဉ်သတ္တဝါများအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲပေးသွားပေလိမ့်မည်။

သို့သော်လည်း အဖျက်စွမ်းအင်နှင့် ပြည့်နှက်နေသော ဤဝိညာဉ်စွမ်းအင်မျိုးကမူ လူ သို့မဟုတ် တိရစ္ဆာန်များကို သွေးဆာနေသော သတ်ဖြတ်သူ မိစ္ဆာများအဖြစ်သို့ ပြောင်းလဲပစ်နိုင်စွမ်း ရှိသည်။

........

ရဲရှင်းဟွေ့ အတွေးနယ်ချဲ့နေစဉ်မှာပင် အောက်ဘက်မှ ဧကရာဇ်ရှိုဂိုက “အရသာရှိသော အစားအစာ” ကို စတင်၍ မြိန်ရေယှက်ရေ သုံးဆောင်နေပြီ ဖြစ်သည်။ သူက မည်သို့မျှ ချက်ပြုတ်ခြင်း မပြုပေ။ လှောင်အိမ်ကို ဖွင့်ပြီးနောက် ပါးစပ်ကို ဟ၍ တကျွတ်ကျွတ် ဝါးစားလိုက်တော့၏။ လှောင်အိမ်ထဲမှ သတ္တဝါမှာ မေ့ဆေးပေးခံထားရသည့်အလား သူ့အသားနှင့်သွေးများကို အငမ်းမရ စားသုံးနေသော ဧကရာဇ်ရှိုဂိုကို ကြောင်တောင်တောင် စိုက်ကြည့်နေသည်။

ဧကရာဇ်ရှိုဂို အားရပါးရ စားသုံးနေစဉ်မှာပင် သူ၏ ခန္ဓာကိုယ်မှာ ဖောင်းပွလာပြီး မူလက ကုန်းကွနေသော ခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်း မတ်မတ်မားမား ဖြစ်လာကြောင်း ရဲရှင်းဟွေ့ တွေ့လိုက်ရ၏။ နောက်ဆုံးတွင် သူဝတ်ဆင်ထားသော ဂျပန်ရိုးရာဝတ်ရုံမှာ စုတ်ပြဲသွားပြီး အတွင်းမှ မည်းညစ်ညစ် အရေပြားအချို့ ပေါ်ထွက်လာသည်။

သူ၏ ခန္ဓာကိုယ် အချိုးအစား ပြောင်းလဲသွားရုံမျှမက သူ၏ မျက်နှာမှာလည်း ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင်ပင် ပြောင်းလဲသွား၏။ သူ၏ မျက်လုံးများက သွေးနီရောင် ဖြစ်သွားပြီး သူ၏ ထိပ်ပြောင်ခေါင်းပေါ်တွင် လူကို ထုံကျင်သွားစေနိုင်သည့် ပြည်တည်ဖုများဖြင့် ဖုံးလွှမ်းနေသည်။

“ဟဲဟဲဟဲ… စွမ်းအား… တကယ်ကို အားကောင်းတဲ့ စွမ်းအားပဲ… ဒီစွမ်းအားနဲ့ဆိုရင် ငါ အရာအားလုံးကို အောင်နိုင်မှာ သေချာတယ်…”

သူ၏ ခန္ဓာကိုယ် အချိုးအစားသာမက အသံပါ နက်ရှိုင်း၍ အက်ကွဲကွဲ ဖြစ်သွားသည်။

ဧကရာဇ်ရှိုဂိုက သူ့ရှေ့မှ သတ္တဝါအလောင်းပေါ်မှ အသားတစ်တစ်ကို ဆွဲဖြုတ်လိုက်ပြီးနောက် အဝေးတွင် ကြောက်လန့်တကြား တုန်ရီနေသော အစေခံမိန်းမပျိုတစ်ဦးထံသို့ လျှောက်သွားသည်။ ထိုသို့ ကြောက်မက်ဖွယ်ကောင်းသော ဧကရာဇ်ရှိုဂို သူမထံသို့ တိုးကပ်လာသည်ကို မြင်သောအခါ မိန်းမပျိုလေးမှာ ခြေထောက်များ ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ ပုံခနဲ လဲကျသွားသည်။

ထိုအဖြစ်ကို မြင်သောအခါ ဧကရာဇ်ရှိုဂိုက စက်ဆုပ်ဖွယ် ထူးဆန်းသော အပြုံးတစ်ခုကို ပြုံးလိုက်ပြီးနောက် သွေးများ စီးကျနေသော အသားတစ်ကို အစေခံမိန်းမပျိုထံသို့ ကမ်းပေးလိုက်၏။

“စားလိုက်…”

ဧကရာဇ်၏ အမိန့်ကို ကြားပြီးနောက် အစေခံမိန်းမပျိုက တုန်ရီနေသော လက်များဖြင့် ထိုအသားတစ်ကို ယူလိုက်သည်။

အစေခံမိန်းမပျိုက အသားတစ်ကို ဆုပ်ကိုင်လိုက်သည့် တစ်ခဏမှာပင် သူမ၏ လက်များနှင့် လက်မောင်းများမှာ ပုံစံပြောင်းသွားပြီး သွေးစွန်းနေသော အရေပြားအောက်တွင် နူးညံ့သော အကြေးခွံများ တဖြည်းဖြည်း ပေါက်လာသည်။

“စားလိုက်…”

သူမခန္ဓာကိုယ်မှ အပြောင်းအလဲကြောင့် အစေခံမိန်းမပျို ရပ်တန့်သွားသည်ကို မြင်သောအခါ ဧကရာဇ်ရှိုဂိုက ထပ်မံ၍ အမိန့်ပေးလိုက်သည်။

မည်သို့ပင် ဖြစ်စေ သူမ ယနေ့ အသက်ရှင်လျက် ထွက်သွားနိုင်မည် မဟုတ်ကြောင်း အစေခံမိန်းမပျို သိ၏။ သို့သော်… ဤထူးဆန်းသော အသားတစ်ကို စားလိုက်လျှင် သူမ အသက်ရှင်ရန် အခွင့်အရေး ရှိကောင်းရှိနိုင်သည်။ အသက်ရှင်နိုင်လျှင် မည်သူက သေချင်မည်နည်း။

ထိုသို့နှင့် အစေခံမိန်းမပျိုမှာ လှုပ်ရှားနေဆဲ ဖြစ်သော ထိုအသားတစ်ကို ဝါးပင်မဝါးဘဲ မျိုချလိုက်တော့သည်။

မျိုချလိုက်ပြီးနောက် အစေခံမိန်းမပျို၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် ဗီဇပြောင်းလဲသွား၏။ သူမ၏ တစ်ကိုယ်လုံးတွင် အကြေးခွံများ ဖုံးလွှမ်းသွားရုံသာမက သူမ၏ မျက်နှာမှာလည်း အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလာပြီး သွေးနီရောင် မျက်လုံးများမှာ ကြမ်းကြုတ်မှုနှင့် သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နှက်နေသည်။

ရုတ်တရက် ဗီဇပြောင်းလဲမှုက အလွန်နာကျင်သောကြောင့် ဖြစ်မည်၊ အစေခံမိန်းမပျိုက သူမ၏ ညာလက်ဖြင့် အားကုန်သုံး၍ ဘေးမှ ကားတစ်စီးကို ဆွဲလှန်ပစ်လိုက်သည်။

ဤမြင်ကွင်းကို မြင်သောအခါ ဧကရာဇ်ရှိုဂိုက အရိုင်းဆန်စွာ ရယ်မောလိုက်တော့သည်။

“ဟားဟားဟားဟား… ဟုတ်ပြီ… ဒါပဲ… ဒီစွမ်းအားနဲ့ဆိုရင် ငါတို့ အာရှတစ်ခုလုံးကို အောင်နိုင်မယ်… မဟုတ်ဘူး… ငါတို့ တစ်ကမ္ဘာလုံးကို အောင်နိုင်မယ်… အရာအားလုံးကို အောင်နိုင်ရမယ်…”

အားကောင်းသော ခွန်အားက ဧကရာဇ်ရှိုဂို၏ လောဘကို ပိုမိုကြီးထွားလာစေပြီး မကြာမီတွင် သူက ကမ္ဘာကြီးတစ်ခုလုံး၏ အရှင်သခင် ဖြစ်လာတော့မည်ဟုပင် ခံစားလိုက်ရသည်။

နျူကလီးယားစွန့်ပစ်ရေများကို အိမ်ထောင်စု ထောင်ပေါင်းများစွာထံ စီးဝင်စေမည့် အစီအစဉ်ကို အကောင်အထည် ဖော်တော့မည် ပြုစဉ်မှာပင် သူ၏ နောက်မှ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။

“ရုပ်က ဒီလောက် စက်ဆုပ်ဖို့ကောင်းနေမှတော့ အပြင်ထွက်ပြီး ကမ္ဘာ့ပတ်ဝန်းကျင်ကို မထိခိုက်စေနဲ့တော့…”

ထိုသို့ ပြောလိုက်သူမှာ အခြားသူမဟုတ်ဘဲ ရဲရှင်းဟွေ့ပင် ဖြစ်၏။

ဧကရာဇ်ရှိုဂိုက ကျွန်းစုနိုင်ငံ တစ်ခုလုံးကို ဒုက္ခပင်လယ်ဝေစေရန် ကြံစည်နေသည်။ ရဲရှင်းဟွေ့က ဤကိစ္စတွင် ဝင်စွက်ဖက်ခြင်း ရှိ၊ မရှိမှာ သူ၏ စိတ်အခြေအနေပေါ်တွင် လုံးလုံးလျားလျား မူတည်၏။

သို့သော်လည်း… ဧကရာဇ်ရှိုဂို ခုလေးတင် ပြောလိုက်သော စကားကိုမူ ရဲရှင်းဟွေ့က မကြားချင်ယောင်ဆောင်၍ မနေနိုင်ခဲ့ချေ။

အာရှကို အောင်နိုင်မည်လား။ ကမ္ဘာကြီးကို အောင်နိုင်မည်လား။

ဧကရာဇ်ဟု ခေါ်သော ထိုလူမှာ မည်သို့သော သတ္တိမျိုးနှင့် ဤအတွေးကို တွေးရဲသနည်း။

All Chapters