ကျွန်းစုနိုင်ငံအတွင်းမှ စွမ်းအင်ပြင်းထန်သော တုံ့ပြန်မှုများ
Vol. 17 Ch. 227
ကောင်းကင်ယံအလယ်တွင်။
ရဲရှင်းဟွေ့သည် သူ့ရှေ့မှ ထရန်စဖော်မာကို ကြည့်နေကာ သူ၏မျက်လုံးများမှာ အနည်းငယ် တောက်ပနေလေသည်။
အဓိကအကြောင်းရင်းမှာ ထိုစက်ရုပ်၏ပုံစံက အလွန်ပင်ခန့်ညားနေသောကြောင့်ဖြစ်၏။
စက်မှုကိုယ်ထည်၊ မျက်လုံးများမှ ထုတ်လွှတ်နေသော အပြာရောင်အလင်းတန်း၊ နောက်ကျောတွင် ဖြန့်ကားထားသော လေယာဉ်တောင်ပံများ၊ နောက်ဆုံးတွင်တော့ ပုခုံးပေါ်မှ အမြောက်နှင့် ညာလက်ထဲမှ အပူစွမ်းအင်ဓါးရှည်တို့ပင်။
အပြာရောင်မျက်လုံးများကို မြင်လိုက်သည်နှင့် ရဲရှင်းဟွေ့သည် သူ့ရှေ့မှတစ်ယောက်မှာ ဒီစက်ပ်တီကွန်မဟုတ်ပဲ အော်တိုဘော့ဖြစ်ကြောင်း သိလိုက်သည်။
ရဲရှင်းဟွေ့က "မင်းနာမည်ကို သိလို့ရမလား…" ဟု မေးလိုက်သည်။
အော်တိုဘော့သည် သက်စွမ်းကျောက်ကို ကိုင်ဆောင်ထားသော ရဲရှင်းဟွေ့ကို ကြည့်ကာ လေးစားစွာဖြင့် "ကျွန်တော့်နာမည်က ဝါးဟော့ခ်ပါ… ကျုပ်ကို အသက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…" ဟု ပြောလိုက်သည်။
ဝါးဟော့ခ်သည် သူ၏အသက်ကို သက်စွမ်းကျောက်မှ ပေးအပ်ခဲ့ကြောင်း သိရှိလေသည်။ ဝါးဟော့ခ်သည် သူ၏ကိုယ်ပိုင်အသိဉာဏ်ကို ရရှိလာသောအခါ သူပိုင်ဆိုင်သမျှအားလုံးမှာ သက်စွမ်းကျောက်မှ လာကြောင်းကိုလည်း သိရှိခဲ့သည်။
ဤသည်ကား မိခင်နှင့်သားကြားမှ ဆက်ဆံရေးကဲ့သို့ပင်တည်း။
ထို့ကြောင့်ပင် ဝါးဟော့ခ်သည် ရဲရှင်းဟွေ့အား လေးစားမှုပြသခဲ့ခြင်းဖြစ်၏။
သူ့စကားကိုကြားသောအခါ ရဲရှင်းဟွေ့သည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
"တကယ်ကို စာရိတ္တကောင်းမွန်တဲ့ အော်တိုဘော့တစ်ယောက်ပဲ… ဒီနေ့ကစပြီး မင်းငါ့နောက်ပဲလိုက်ခဲ့… ငါမင်းကို အရသာရှိတဲ့အစားအစာတွေစားပြီး ဟင်းကောင်းတွေသောက်ရစေမယ်လို့ အာမခံတယ်…"
ဝါးဟော့ခ်: "..."
"အဲ… ကျွန်တော်အသက်ရှင်ဖို့ စွမ်းအင်တုံးတွေပဲ လိုတာပါ… အစားအစာမလိုပါဘူး…"
ဤစကားကိုကြားသောအခါ ရဲရှင်းဟွေ့ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
ခေတ္တမျှစဉ်းစားပြီးနောက် ရဲရှင်းဟွေ့သည် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး သက်သွင်းခြင်းစွမ်းရည်ကို ချက်ခြင်းအသက်သွင်းကာ သူ၏ခန္ဓာကိုယ်ထဲမှ မှော်စွမ်းအင်သုံးပုံတစ်ပုံကို သူ၏လက်ထဲသို့ လျင်မြန်စွာ စုစည်းလိုက်သည်။
သူ၏လက်ထဲမှ စွမ်းအင်သည် ပြောင်းလဲသွားပြီး မကြာမီမှာပင် အစိုင်အခဲတုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ရဲရှင်းဟွေ့သည် လက်ဖဝါးအရွယ်အစားရှိသော ထိုအတုံးကို ဝါးဟော့ခ်ထံ ပစ်ပေးလိုက်ပြီး "ဒါဆိုရင်ကော အဆင်ပြေလား…" ဟု မေးလိုက်သည်။
ဝါးဟော့ခ်သည် စွမ်းအင်တုံးကို လက်ခံရယူလိုက်ပြီး ခေတ္တမျှခံစားကြည့်ကာ "ပြေပါတယ်… ဒီစွမ်းအင်က သိပ်ကို သန့်စင်ပါတယ်…" ဟု ပြန်ပြောလိုက်သည်။
"ဒါဆို သေချာသွားပြီ… ဒါဖြင့်… စွမ်းအင်ဖြစ်နေသ၍ အဆင်ပြေတယ်ပေါ့…"
ဤသို့တွေးမိပြီးနောက် ရဲရှင်းဟွေ့သည် တောင်တန်းနှင့် မြစ်ချောင်းများမြေပုံထဲမှ ကြီးမားသော ဂျင်ဆင်းတစ်တောင့်ကို ထုတ်ယူကာ ဝါးဟော့ခ်ထံသို့ ပစ်ပေးလိုက်သည်။
"ဒါကို စမ်းကြည့်…"
ဝါးဟော့ခ်သည် ဂျင်ဆင်းကို ယူလိုက်ပြီး အနည်းငယ်ကြောင်အနေမိသည်။
ထိုဂျင်ဆင်းသည် ရဲရှင်းဟွေ့၏လက်ထဲတွင် အလွန်ကြီးမားသော်လည်း ဝါးဟော့ခ်၏လက်ထဲတွင်မူ အလွန်သေးငယ်နေသည်။
"အမ်… ဒီဟာက အလုပ်မဖြစ်လောက်ဘူး… ကျွန်တော်က သန့်စင်တဲ့စွမ်းအင်ကိုပဲ စုပ်ယူနိုင်တာ…"
ရဲရှင်းဟွေ့ကြားပြီးနောက်တွင်မှ သူသဘောပေါက်သွားလေသည်။
ထရန်စဖော်မာစစ်တပ်တစ်ခုကို အချိန်တိုအတွင်း ဖန်တီးရန်မှာ မဖြစ်နိုင်လောက်တော့ချေ။
အနည်းဆုံးတော့ စွမ်းအင်ထောက်ပံ့မှုသည်ပင် အခက်အခဲတစ်ခုဖြစ်နေသည်။
"အင်း… ငါ့ရဲ့ကိုယ်ပွားတွေကို ဝိညာဉ်စွမ်းအင်ကို အစိုင်အခဲအဖြစ် ချုံ့တဲ့နည်းပညာကို လေ့လာခိုင်းရမယ်…"
ရဲရှင်းဟွေ့သည် သူ့ဘာသာသူ ရေရွတ်လိုက်ပြီးနောက် ဝါးဟော့ခ်အား လေယာဉ်အဖြစ် ပြန်ပြောင်းခိုင်းလိုက်သည်။ စမ်းသပ်မှုပြီးဆုံးသွားပြီဖြစ်သောကြောင့် သူသည် သူ၏တာဝန်ကို ဆက်လက်ထမ်းဆောင်ရန် လိုအပ်ပေသည်။
...
ဆယ်မိနစ်အကြာတွင် ရဲရှင်းဟွေ့သည် နောက်ဆုံး၌ ကျွန်းစုနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။
ရဲရှင်းဟွေ့သည် ဖြစ်ကတတ်ဆန်းနေရာတစ်ခုကိုရှာကာ ဝါးဟော့ခ်အား ရပ်တန့်ခိုင်းလိုက်သည်။
"စကားမစပ်… ဒီနေရာက ဘယ်နေရာလဲ…"
ရဲရှင်းဟွေ့သည် ပတ်ဝန်းကျင်ကို အနည်းငယ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီး "ငါသိတဲ့နေရာတစ်ခုကိုသွားဖို့ ဝင်ပေါက်တစ်ခု ဖွင့်ဖို့လိုသေးပုံပဲ…" ဟုဆို၏။
စကားပြောနေစဉ်မှာပင် ရဲရှင်းဟွေ့သည် ဝါးဟော့ခ်ကို တောင်တန်းနှင့် မြစ်ချောင်းများမြေပုံထဲသို့ ပို့လိုက်ပြီးနောက် မီးလျှံဝင်ပေါက်တစ်ခုကို တိုက်ရိုက်ဖွင့်လိုက်သည်။
ထိုဝင်ပေါက်၏တစ်ဖက်စွန်းမှာ ရဲရှင်းချန် ချောက်ကမ်းပါးပေါ်မှ ခုန်ချခဲ့သောနေရာပင်ဖြစ်လေသည်။ ထိုနေရာသည် ရဲရှင်းဟွေ့အား ဆင့်ခေါ်ခြင်းအစီအရင်ဖြင့် ဆင့်ခေါ်ခဲ့သောနေရာလည်း ဖြစ်သည်။
အနီးအနားသည်ကား ကျွန်းစုနိုင်ငံ၏မြို့တော်မှ ဆင်ခြေဖုံးရပ်ကွက်တစ်ခုဖြစ်သည်။ အကယ်၍ ထိုနေရာသို့သွားမည်ဆိုလျှင် သူသည် ကျွန်းစုနိုင်ငံဧကရာဇ်၏တည်နေရာနှင့် သိပ်မဝေးတော့ချေ။
.......
ကျွန်းစုနိုင်ငံမြို့စွန်မှ ချောက်ကမ်းပါးဘေးတွင်။
ကျွန်းစုနိုင်ငံမှ သုတေသီများစွာ ရှိနေလေသည်။ သူတို့သည် တစ်စုံတစ်ခုကို စူးစမ်းရှာဖွေရင်း အလုပ်များနေပုံပေါ်သည်။
"ဆာဘု နာကာမူရာ… ဒီနေရာမှာ တကယ်ပဲ စွမ်းအင်ပြင်းထန်တဲ့ တုံ့ပြန်မှုရှိတာလား… ငါတို့ စူးစမ်းလာတာ ဒီလောက်ကြာနေပြီ… ဘာလို့ ခုထိ ဘာအဖြေမှမထွက်သေးတာလဲ…"
စကားပြောသူမှာ ဝတ်စုံပြည့်ဝတ်ဆင်ထားပြီး ဆံပင်ကို အလယ်ခွဲထားကာ နှုတ်ခမ်းတွင် ပါးသိုင်းမွေးအနည်းငယ်ရှိသော အရာရှိတစ်ဦးဖြစ်သည်။
"မစ္စတာ ဖူရန် အာကာရှီ… ဒီနေရာမှာ စွမ်းအင်ပြင်းထန်တဲ့တုံ့ပြန်မှုတွေကို ကျုပ်တို့ အမှန်တကယ် ထောက်လှမ်းမိခဲ့ပါတယ်… နှစ်ကြိမ်တောင်ပါပဲ… ပထမတစ်ကြိမ်ကို ဂြိုလ်တုတွေက ထောက်လှမ်းမိခဲ့ပြီး ဒုတိယတစ်ကြိမ်ကတော့… အဲ့ဒီနောက်ပိုင်း ကျုပ်တို့ဒီမှာတပ်ဆင်ခဲ့တဲ့ စက်ပစ္စည်းတွေက ထောက်လှမ်းမိခဲ့တာပါ…"
"ဘာပဲဖြစ်ဖြစ်… စွမ်းအင်ပြင်းထန်တဲ့တုံ့ပြန်မှု ဖြစ်စဉ်က နောက်ထပ်တစ်ကြိမ် ထပ်ဖြစ်လာဦးမယ်လို့ ကျုပ်ယုံကြည်ပါတယ်…"
ဆာဘု နာကာမူရာ၏စကားကို ကြားသောအခါ ဖူရန် အာကာရှီသည် တိတ်ဆိတ်သွားသည်။
စွမ်းအင်အရင်းအမြစ်များသည် ခေတ်သစ်လူ့အဖွဲ့အစည်းအတွက် အလွန်အရေးကြီးပြီး အထူးသဖြင့် စွမ်းအင်အရင်းအမြစ်ပိုမိုရှားပါးသော ကျွန်းစုနိုင်ငံအတွက် ပို၍ပင်အရေးကြီးလေသည်။
ဤနေရာတွင် အကြောင်းရင်းမရှိပဲ စွမ်းအင်ပြင်းထန်သော တုံ့ပြန်မှုများ ပေါ်ပေါက်လာခြင်းကြောင့် ကျွန်းစုနိုင်ငံ၏ထိပ်တန်းခေါင်းဆောင်များသည်လည်း ဤကိစ္စကို အလွန်အလေးထားကြသည်။
ယခု ဆာဘု နာကာမူရာက စွမ်းအင်ပြင်းထန်သောတုံ့ပြန်မှုများ ထပ်မံဖြစ်ပေါ်လာဦးမည်ဟု ကျိန်တွယ်ပြောဆိုနေသောကြောင့် ဖူရန် အာကာရှီသည်လည်း မည်သည့်စကားမျှ ဆက်မပြောတော့ချေ။
...
သို့သော် သူတို့မသိခဲ့သည်မှာ... သူတို့ပြုလုပ်ခဲ့သမျှအားလုံးသည် အချည်းနှီးသာဖြစ်လေသည်။
သူတို့ထောက်လှမ်းမိခဲ့သော စွမ်းအင်ပြင်းထန်သည့် တုံ့ပြန်မှုနှစ်ခုစလုံးမှာ အမှန်စင်စစ် ရဲရှင်းချန်နှင့် ယဲ့မိသားစုတို့နှင့် သက်ဆိုင်နေခဲ့သည်။
ပထမအကြိမ်ထောက်လှမ်းမိခြင်းမှာ ရဲရှင်းဟွေ့နှင့်အခြားသူများ တိုင်းပြည်သို့ပြန်သွားပြီးနောက် ရဲရှင်းချန်တစ်ယောက်တည်း ဤနေရာသို့ ရောက်လာခဲ့သောကြောင့် ဖြစ်သည်။
သူသည် နတ်ဘုံကျင့်ကြံရေးလောကသို့ သွားရာလမ်းကြောင်းကို ရှာဖွေရန်ရည်ရွယ်ချက်ဖြင့် လာခဲ့ခြင်းဖြစ်၏။
သို့သော် သူ့ကိုစိတ်ပျက်စေသည်မှာ ထိုလမ်းကြောင်းသည် ပေါ်မလာခဲ့ခြင်းပင်။
သူသည် ထိုလမ်းကြောင်းကိုဖွင့်ရန် သူ၏ဝိညာဉ်စွမ်းအင်ကို အသုံးပြုရန်ပင် ကြိုးစားခဲ့သေးသော်လည်း နောက်ဆုံးတွင်မူ မအောင်မြင်ခဲ့ချေ။
ထို့နောက် သူသည် ဝိညာဉ်အသိတစ်ခုကို ထားရစ်ခဲ့ရာ လမ်းကြောင်းပေါ်လာသည်နှင့် သူ့အားချက်ခြင်း အကြောင်းကြားလိမ့်မည်ဖြစ်သည်။
ကျွန်းစုနိုင်ငံ၏ဂြိုလ်တုမှ ထောက်လှမ်းမိခဲ့သည်မှာ ရဲရှင်းချန်၏စွမ်းအားပင်တည်း။
ကျွန်းစုနိုင်ငံမှဝန်ထမ်းများသည် ထိုနေရာကို စေ့စေ့စပ်စပ် စတင်စုံစမ်းခဲ့သော်လည်း မည်သည့်အရာမျှမတွေ့ရှိခဲ့သောကြောင့် သူတို့သည် ပြန်လည်ထွက်ခွာသွားကြသည်။
သို့သော် ရက်အနည်းငယ်အတွင်းမှာပင် စွမ်းအင်ပြင်းထန်သောတုံ့ပြန်မှုသည် နောက်တစ်ကြိမ်ထပ်မံပေါ်ပေါက်လာခဲ့ပြီး ယခင်တစ်ကြိမ်ထက်ပင် ပိုမိုကြီးမားခဲ့လေသည်။
ကျွန်းစုနိုင်ငံမှအရာရှိများ သတင်းရရှိခဲ့သော်လည်း ရဲရှင်းချန်က ပို၍စောစွာ သတိပြုမိခဲ့သည်။
ဒုတိယအကြိမ်ရောက်ရှိလာသောအခါ ရဲရှင်းချန်သည် နတ်ဘုံကျင့်ကြံရေးလောကသို့ သွားရာလမ်းကြောင်းကို တွေ့ရှိခဲ့သည်။
သို့သော် သူက ချက်ခြင်းမဝင်သွားပဲ သူ၏စွမ်းအားဖြင့် ယာယီတံဆိပ်ခတ်ထားခဲ့ပြီး နောက်မှဝင်ရောက်ရန် စီစဉ်ခဲ့သည်။
တိုက်ဆိုင်စွာပင် ရဲရှင်းချန်ထွက်ခွာသွားပြီးနောက် ကျွန်းစုနိုင်ငံမှ နည်းပညာဝန်ထမ်းများ နောက်တစ်ကြိမ်ထပ်မံရောက်ရှိလာခဲ့ကြသည်။
ဤတစ်ကြိမ်တွင်မူ စွမ်းအင်ပြင်းထန်သောတုံ့ပြန်မှု၏ရင်းမြစ်ကို မတွေ့ရှိခဲ့လျှင်ပင် သူတို့တွင် ထွက်ခွာသွားရန် အစီအစဉ်မရှိတော့ချေ။
.....
လူတိုင်း ချောက်ကမ်းပါးစွန်းတွင် အလုပ်များနေကြစဉ်မှာပင်။
ရဲရှင်းဟွေ့၏ ဝင်ပေါက်သည် ရုတ်တရက်ပေါ်ပေါက်လာခဲ့သည်။
ဤမီးလျှံဝင်ပေါက်ကိုမြင်သောအခါ သိပ္ပံပညာကိုယုံကြည်ကြသော ကျွန်းစုနိုင်ငံမှ သိပ္ပံပညာရှင်များသည် မှင်တက်သွားကြပြီးနောက် အတိုင်းထက်အလွန် ဝမ်းသာသွားကြသည်။
"ဒါက… စွမ်းအင်ပြင်းထန်တဲ့တုံ့ပြန်မှုတွေရဲ့ မူလအစပဲလား…"
သိပ္ပံပညာရှင်များသည် အတော်လေးစွမ်းဆောင်နိုင်ကြသူများဖြစ်သည်။ သူတို့သည် စွမ်းအင်ပြင်းထန်သောတုံ့ပြန်မှု၏ရင်းမြစ်ကိုရှာဖွေရန် ပတ်ဝန်းကျင်တွင် အဆက်မပြတ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
နောက်ဆုံးတွင် သူတို့သည် စွမ်းအင်ပြင်းထန်သောတုံ့ပြန်မှုများကိုသာမက ပုံမှန်မဟုတ်သော အာကာသလှိုင်းထမှုများကိုပါ ထောက်လှမ်းမိခဲ့သည်။
အာကာသလှိုင်းထမှုများကို ထောက်လှမ်းတွေ့ရှိခဲ့ခြင်းက ဤသိပ္ပံပညာရှင်များကို ဤနေရာသည် အခြားအာကာသတစ်ခုနှင့် ဆက်သွယ်နေနိုင်ပြီး ထိုအာကာသမှာ စွမ်းအင်အရင်းအမြစ်များ ကြွယ်ဝသောနေရာတစ်ခုဖြစ်နိုင်သည်ဟု ရဲရဲဝံ့ဝံ့ခန့်မှန်းစေခဲ့သည်။
ဤသိပ္ပံပညာရှင်အုပ်စုသည် အခြားကမ္ဘာနှင့် အခြားအာကာသကိုသာ တွေးတောမိကြသည်မဟုတ်ပဲ ဒဏ္ဍာရီလာနတ်ကျွန်းဖြစ်သော "ဖုန်းလိုင်" ၏အမည်ကိုပင် တွေးတောမိကြသေးသည်။
ဤအတွေးသည် ရှေးခေတ်က အဂ္ဂိရတ်ဆရာ ရွှီဖုသည် ဒဏ္ဍာရီလာနတ်ကျွန်း ဖုန်းလိုင်သို့ ခရီးသွားရန်ကြိုးပမ်းရာတွင် သူတို့၏ကျွန်းစုနိုင်ငံသို့ တစ်ခါက ရောက်ရှိခဲ့ဖူးသည်ဆိုသောအချက်မှ ပေါက်ဖွားလာခြင်းဖြစ်သည်။
ကောင်းပြီ၊ မိမိတို့နိုင်ငံကို ဒဏ္ဍာရီလာနတ်ကျွန်းဟုခေါ်ဆိုခြင်းမှာ အမှန်စင်စစ် မိမိတို့မျက်နှာကို ရွှေချခြင်းမျှသာ ဖြစ်သည်။
ကျွန်းစုနိုင်ငံမှလူများသည် အလွန်စိတ်ကူးစိတ်သန်းကောင်းကြပြီး စွမ်းအင်ပြင်းထန်သောတုံ့ပြန်မှုများကို ထောက်လှမ်းရန်ကြိုးပမ်းရင်း ဤနေရာတွင် အမြဲတမ်းစောင့်ဆိုင်းနေရခြင်းမှာ အမှန်တကယ်ပင် ပျင်းရိဖွယ်ကောင်းလှသည်။
ထိုအလုပ်မှာ နေ့စဉ်နေ့တိုင်း ငုတ်တုတ်ထိုင်နေရုံသာဖြစ်ရာ သူတို့၏အတွေးများသည် အိမ်ကိုလွမ်းဆွတ်ခြင်းဆီသို့ လွင့်ပါးသွားကြပြီး တစ်ယောက်ပြီးတစ်ယောက် သူရဲကောင်းစိတ်များပင် ဝင်လာကြသည်။
ယခုဆိုလျှင် သူတို့သည် သူတို့၏ခေါင်းထဲတွင် သွေးဆူစေသော သူရဲကောင်းဇာတ်လမ်း အခန်းပေါင်းငါးရာနီးပါးကိုပင် စိတ်ကူးယဉ်ပြီးနေလောက်ပေပြီ။