အခန်း (၁၅၄၉-၁၅၅၁)
Vol. 104 Ch. 1549-1551
အခန်း(၁၅၄၉)
"ဒီယန်ယွိက တကယ်ကို မောက်မာတာပဲ.. ကျန်းချန် သူ့ကို ကျော်သွားအောင် လုပ်ပြီး နည်းနည်းပါးပါးလောက် ပညာပေးလိုက်စမ်းပါ"
ကောင်းကင်နဂါးနန်းတော်သို့ ဝင်ရောက်သွားသော ယန်ယွိ၏ ကျောပြင်ကို ကြည့်ရင်း ရီကျီယွင်သည် စိတ်ဆိုးဒေါသထွက်စွာ ရေရွတ်လိုက်သည်။
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။
"စိတ်မပူပါနဲ့.. သူက ငါ့ဆီမှာ အနိုင်ကျင့်ခံဖို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့မှတော့ ငါတို့ကြားက ကွာဟချက် ဘယ်လောက်တောင် ကြီးမားလဲဆိုတာ သူ့ကို မြင်စေရမယ်"
လွန်ခဲ့သည့် ၁နှစ်က ကျန်းချန်သည် အဆင့်နိမ့် ပကတိနတ်ဘုရား အစောပိုင်းအဆင့်တွင်သာ ရှိသော်လည်း ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်ပွဲတွင် ယန်ယွိကို လုံးဝ မကြောက်ရွံ့ခဲ့ပေ။
ယခုအခါ သူ၏ ကျင့်ကြံခြင်းအဆင့်သည် အဆင့်နိမ့် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ယန်ယွိသည် သူ့အတွက် ပမွှားလောက်သာ ဖြစ်၏။
ကျန်းချန်တို့ လူစု၏ စောင့်ဆိုင်းမှုအောက်တွင် အချိန်များသည် တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။
ယန်ယွိသည် ကောင်းကင်နဂါးနန်းတော်တွင် အသက်ရှူကြိမ် ၂၀ကြိမ်ကြာ ရှိနေခဲ့ပြီဖြစ်သည်။
အသက်ရှူကြိမ် ၂၅ကြိမ်ကြာ ကောင်းကင်နဂါးနန်းတော် ထဲတွင် ရှိနေခဲ့ပြီးနောက်တွင် ယန်ယွိသည် ကောင်းကင်နဂါးနန်းတော်ထဲကနေ ထွက်လာခဲ့သည်။
"ဒီယန်ယွိ ဆိုတဲ့ကောင်က ဒီနှစ် အသစ်ရောက်လာတဲ့ ပါရမီရှင်တွေထဲမှာ ဒုတိယမြောက် အစွမ်းအထက်ဆုံး ပါရမီရှင်ပဲ.. သူက တကယ်ကို အစွမ်းထက်လွန်းတယ်"
"အမှန်ပဲ ကောင်းကင်နဂါးမြို့တော်ကို ဝင်ရောက်စဥ်က သူ့ရဲ့ရလဒ်က အသက်ရှူကြိမ် ၂၃ကြိမ်လို့ ဆိုကြတယ်.. ၁နှစ်အတွင်းမှာ နောက်ထပ် အသက်ရှူကြိမ် ၂ကြိမ် ပိုပြီး ခံနိုင်ရည်ရှိလာလိမ့်မယ်လို့ ငါမထင်ထားမိဘူး"
"ပြောလို့မရဘူး ဒီကောင့်ရဲ့ စွမ်းရည်နဲ့ဆိုရင် အသက်ရှူကြိမ် ၃၀ကြိမ်ကို ကျော်ဖြတ်ပြီး မာနနဂါးအဆင့် တပည့်တောင် ဖြစ်လာနိုင်တယ်"
"................."
ထိုအချိန်တွင် ကောင်းကင်နဂါးနန်းတော်၏ အပြင်ဘက်တွင် တပည့်များစွာသည် တဖြည်းဖြည်း စုဝေးလာကြပြီး ပြောဆို ဆွေးနွေးနေခဲ့ကြသည်။
ကောင်းကင်နဂါးနန်းတော် ထဲတွင် အသက်ရှူကြိမ် ၁ကြိမ်ကို တောင့်ခံရန်မှာ အလွန်ပင် ခက်ခဲ၏။
အထူးသဖြင့် အသက်ရှူကြိမ် ၂၀ကြိမ် ပြီးနောက်တွင် နောက်ထပ် အသက်ရှူကြိမ်တိုင်း၌ ရင်ဆိုင်ရသော ဖိအားသည် အဆပေါင်းများစွာ တိုးမြင့်လာလိမ့်မည် ဖြစ်၏။
ယန်ယွိသည် ၁နှစ်ကျော်အတွင်း အသက်ရှူကြိမ် ၂ကြိမ် ပိုမိုခံနိုင်ရည် ရှိလာခြင်းမှာ သံသယဖြစ်ဖွယ်ရာမရှိ အလွန် အံ့သြလောက်ဖွယ် ဖြစ်တည်မှု တစ်ခုပင် မဟုတ်ပါလော။
"ကျန်းချန် မင်းမြင်ပြီလား.. ငါက ကောင်းကင်နဂါးနန်းတော်မှာ အသက်ရှူကြိမ် ၂၅ကြိမ်ကိုတောင် ခံနိုင်ရည်ရှိခဲ့တယ်.. သိပ်မကြာခင် ငါက အသက်ရှူကြိမ် ၃၀ကြိမ်ကို ကျော်ဖြတ်ပြီး ကောင်းကင်နဂါးမြို့တော်ရဲ့ ၁၀ယောက်မြောက် မာနနဂါးအဆင့်တပည့် ဖြစ်လာတော့မယ်.. ကောင်းကင်နဂါးစာရင်းရဲ့ နံပါတ်(၁)ဖြစ်တဲ့ မင်းကတော့ အသက်ရှူကြိမ် ၂၀ကြိမ်တောင် ခံနိုင်ရည်မရှိတဲ့ အမှိုက်ကောင်ပဲ.. မင်းလိုကောင်က ငါနဲ့ဘယ်လိုလုပ်ပြီး ယှဥ်နိုင်မှာလဲ"
ယန်ယွိက ကျန်းချန်ကို အထင်အမြင်သေးစွာ ကြည့်၍ အထက်စီးကနေ ပြောလိုက်သည်။
ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်ပွဲတွင် သူက ကျန်းချန်ကို ရှုံးနိမ့်ခဲ့ပြီး သူ၏ ပထမနေရာကိုပါ ကျန်းချန်က လုယူသွားခဲ့သည်။
ယင်းက သူ၏ဘဝတွင် ရှက်စရာကောင်းသော ဖြစ်ရပ်တစ်ခုဖြစ်ခဲ့သည်။
ထို့ကြောင့် ကောင်းကင်နဂါးမြို့တော်တွင် သူသည် ကျန်းချန်ကို သူ၏ ခြေရင်းအောက်တွင် နင်းချေပြီး ထာဝရခေါင်းမထောင်နိုင်အောင် လုပ်ဆောင်ရလိမ့်မည် မဟုတ်ပါလော။
"ဘယ်လို.. ဒီကောင်က ကျန်းချန်လား.. ကောင်းကင်နဂါးမြို့တော်ရဲ့ သမိုင်းမှာ အားအနည်းဆုံး ကောင်းကင်နဂါးစာရင်းနံပါတ်(၁)ဆိုတာ ဒီကောင်လား"
"သူက ကောင်းကင်နဂါးစာရင်းရဲ့ နံပါတ်(၁)ဖြစ်ပေမဲ့ ကောင်းကင်နဂါးနန်းတော်ကို ဝင်စဥ်က စမ်းသပ်မှုမှာ အသက်ရှူကြိမ် ၁၅ကြိမ်ပဲ ခံနိုင်ရည် ရှိခဲ့ပြီး အလယ်အလတ်တပည့်အဆင့်ပဲ သတ်မှတ်ခံခဲ့ရတယ်"
"ဒါက တကယ်ကို ရှက်စရာကောင်းတဲ့ရလဒ်ပဲ.. သူ့အနေနဲ့ ဒီတစ်ကြိမ် ကောင်းကင်နဂါးနန်းတော်မှာ အသက်ရှူကြိမ် ၂၀ကြိမ် ခံနိုင်ရည် ရှိလိမ့်မယ်လို့ မင်းတို့တွေ ထင်ကြလား"
"၁နှစ်အတွင်း အသက်ရှူကြိမ် ၅ကြိမ် ပိုမို ခံနိုင်ရည်ရှိဖို့က ဘယ်လိုလုပ်ပြီး လွယ်ကူမှာလဲ.. မင်းက သူ့ကို တအားအထင်ကြီးလွန်းနေပြီ.. အလွန်ဆုံး သူက နောက်ထပ် အသက်ရှူကြိမ် ၁ကြိမ်၊၂ကြိမ်လောက်ပဲ ခံနိုင်ရည် ရှိလိမ့်မယ်လို့ ငါထင်တယ်.. ဒါတောင် တော်တော်လေး လွန်လွန်းနေပြီ"
".............."
လူတိုင်းက ကျန်းချန်ကို အထင်အမြင်သေးစွာ လှောင်ပြောင်နေခဲ့ကြသည်။
ရှေးဟောင်းနဂါးမျိုးနွယ်စု၏ သမိုင်းတွင် ကောင်းကင်နဂါးစာရင်း၌ ပထမနေရာကို ရရှိပြီး ကောင်းကင်နဂါးမြို့တော်သို့ ဝင်ရောက်လာခဲ့သော ပါရမီရှင် အားလုံးသည် ကောင်းကင်နဂါးနန်းတော်၏ စမ်းသပ်မှုတွင် အနည်းဆုံး အဆင့်မြင့်တပည့်အဆင့်ကို ရရှိခဲ့ကြသည်။
သို့သော်လည်း ကောင်းကင်နဂါးစာရင်း၏ နံပါတ်(၁)ဖြစ်သော ကျန်းချန်ကမူ ထိုစံချိန်ကို ပထမဆုံးအကြိမ် ချိုးဖျက်ခဲ့သူဖြစ်သည်။
သူက အသက်ရှူကြိမ် ၁၅ကြိမ်သာ ခံနိုင်ရည်ရှိခဲ့ပြီး အလယ်အလတ် တပည့်အဆင့်သာ သတ်မှတ်ခံခဲ့ရသည် မဟုတ်ပါလား။
ယန်ယွိနှင့်တခြားသူများ တမင်တကာ သတင်းဖြန့်ထားသဖြင့် ကောင်းကင်နဂါးမြို့တော်၏ တပည့်အားလုံးသည် သမိုင်းတစ်လျှောက် အားအနည်းဆုံး ကောင်းကင်နဂါးစာရင်း၏ နံပါတ်(၁)ဖြစ်သူက ကျန်းချန်မှန်း သိနေခဲ့ကြသည်။
"ဟားဟား မင်းက ၁နှစ်အတွင်းမှာ အသက်ရှူကြိမ် ၂ကြိမ်လောက်ပဲ ပိုပြီး ခံနိုင်ရည်ရှိခဲ့တယ်.. ဒီစွမ်းရည်လောက်နဲ့ ငါ့ရှေ့မှာ ဘာလို့ မာန်တက်နေသလဲဆိုတာ ငါတကယ် နားမလည်တော့ဘူး.. မင်းက ငါနဲ့ လုံးဝ ယှဥ်လို့ရမှာမဟုတ်ဘူး.. ဘာလို့လည်းဆိုတော့ မင်းမှာ အဲဒီလို အရည်အချင်း လုံးဝမရှိလို့ပဲ.. ငါတို့ကြားက ကွာဟချက် ဘယ်လောက်ထိ ကြီးမားသလဲဆိုတာ မင်းသိချင်နေမှတော့ ငါမင်းကို အခုပဲပြပေးမယ်"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီးနောက်တွင် ကောင်းကင်နဂါးနန်းတော် ထဲသို့ တိုက်ရိုက်ပင် လှမ်းဝင်သွားခဲ့သည်။
ကောင်းကင်နဂါးနန်းတော် ထဲသို့ ရောက်ပြီးနောက်တွင် ကျန်းချန်၏ မျက်လုံးများ၌ တောက်ပသော အလင်းများ ထွက်ပေါ်လာခဲ့သည်။
လွန်ခဲ့သည့် ၁နှစ် အစောပိုင်းက သူသည် ကောင်းကင်နဂါးနန်းတော်၏ စည်းမျဥ်းများကို မသိခဲ့သောကြောင့် အသက်ရှူကြိမ် ၁၅ကြိမ်ဖြင့်ပင် စမ်းသပ်မှုကနေ ထွက်ခွာခဲ့ရသည်။
ယနေ့တွင်မူ သူ့အနေဖြင့် အနည်းငယ်မျှပင် တုံ့ဆိုင်းနေတော့မည် မဟုတ်ပေ။
သူက အသက်ရှူကြိမ် ၃၀ကြိမ်ကို တစ်ရှိန်ထိုး ကျော်ဖြတ်ရန် ဆုံးဖြတ်ထားခဲ့သည်။
ကောင်းကင်နဂါးမြို့တော်၏ ၁၀ယောက်မြောက် မာနနဂါးအဆင့် တပည့်သည် ယနေ့တွင် သူသာလျှင် ဖြစ်ရပေမည်။
မကြာခင်မှာပင် သူ၏ရှေ့ရှိ လေထုထဲတွင် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦး ပေါ်ထွက်လာခဲ့သည်။
"ရွှစ်.."
ကျန်းချန်က တည်ငြိမ်သောအမူအရာဖြင့်ပင် သူ၏လက်တစ်ဖက်ကို မြှောက်လိုက်ပြီး အနက်ရောင် ဝတ်စုံဝတ်လူငယ်၏ မျက်ခုံးနှစ်ခုကြား အလယ်ဗဟိုကို ဓားစွမ်းအားဖြင့် ပစ်ခတ်လိုက်သည်။
ထိုအခါ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် မည်သည့်လှုပ်ရှားမှုကိုမှ မပြုလုပ်နိုင်ခဲ့ဘဲ ကျန်းချန်၏ လက်ချက်ဖြင့် ပျောက်ကွယ်သွားခဲ့သည်။
ဒုတိယမြောက် အသက်ရှူကြိမ်တွင် အနက်ရောင် ဝတ်စုံဝတ်လူငယ်နှစ်ဦး ပေါ်ထွက်လာခဲ့ပြီး ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
ကျန်းချန်က အလွယ်တကူပင် အနက်ရောင်ဝတ်စုံဝတ် လူငယ်နှစ်ဦးကို ဓားစွမ်းအားဖြင့် ပစ်ခတ်ကာ ရှင်းလင်းပစ်လိုက်၏။
တတိယမြောက် အသက်ရှူကြိမ်၊ စတုတ္ထမြောက် အသက်ရှူကြိမ်၊ ပဉ္စမမြောက် အသက်ရှူကြိမ်...
ကျန်းချန်က နေရာမှာပင် အေးအေးဆေးဆေး ရပ်နေရင်း အသက်ရှူကြိမ် ၁၀ကြိမ်ကို အလွယ်တကူပင် ဖြတ်ကျော်သွားခဲ့သည်။
ထို့နောက် အသက်ရှူကြိမ် ၁၁ကြိမ်မြောက်တွင် ငွေရောင်ဝတ်စုံဝတ်လူငယ် ပေါ်ထွက်လာခဲ့ပြီး ကျန်းချန်ကို ငွေရောင်ဓားစွမ်းအင် မုန်တိုင်းဖြင့် တိုက်ခိုက်ခဲ့သည်။
သို့သော်လည်း ကျန်းချန်သည် အလွယ်တကူပင် ဖြေရှင်းနိုင်ခဲ့၏။
အသက်ရှူကြိမ် ၂၀ကြိမ်သို့ ရောက်လျှင် ငွေရောင်ဝတ်စုံဝတ်လူငယ်၏ ခွန်အားသည် များစွာ တိုးတက်လာသော်လည်း ကျန်းချန်၏ ခွန်အားသည် ယခင်နှစ်ကကဲ့သို့ မဟုတ်တော့ပေ။
ထို့ကြောင့် ငွေရောင်ဝတ်စုံဝတ် လူငယ်က အစွမ်းကုန်တိုက်ခိုက်သည့်တိုင် သူ့ကိုအနည်းငယ်မျှပင် မခြိမ်းခြောက်နိုင်ခဲ့ချေ။
ကောင်းကင်နဂါးနန်းတော်၏ အပြင်ဘက်တွင် ရီချင်းယင်နှင့်ရီကျီယွင် တို့သည် ကျန်းချန်က အသက်ရှူကြိမ် ၂၀ကြိမ် ကြာမြင့်သည်အထိ ထွက်မလာသေးသည်ကို မြင်လျှင် မျက်နှာထက်၌ အပြုံးရိပ်များ ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်သည် သူတို့ကို အမှန်တကယ်ပင် စိတ်ပျက်အောင်မလုပ်ခဲ့ပေ။
"လခွမ်း.. ဒါက ဘယ်လို အခြေအနေလဲဟ.. အသက်ရှူကြိမ် ၂၀ကြိမ်ကိုတောင် ကျော်သွားပြီ.. ကျန်းချန်က အခုအချိန်ထိ ကောင်းကင်နဂါး နန်းတော်ကနေ ထွက်မလာသေးဘူး.. ၁နှစ်အတွင်းမှာ ဒီကောင်က အသက်ရှူကြိမ် ၁၅ကြိမ်ကနေ အသက်ရှုကြိမ် ၂၀ကြိမ် အထိတောင် တိုးတက်လာခဲ့တယ်လား.. ဒါက မယုံနိုင်စရာပဲ"
"..........."
မူလက ကျန်းချန်ကို လှောင်ပြောင်ခဲ့သော လူများသည် ယခုအချိန်တွင် မှင်တက်နေခဲ့ကြသည်။
အသက်ရှူကြိမ် ၂၀ကြိမ် ရှိပြီဖြစ်သော်လည်း ကျန်းချန်သည် ကောင်းကင်နဂါးနန်းတော်ကနေ ထွက်လာမည့် အရိပ်အယောင်ကို မပြသသေးပေ။
သူတို့၏ရှေ့တွင် ကောင်းကင်နဂါးနန်းတော်၌ အဆင့် ထိုးဖောက်နေသောသူသည် သမိုင်းတွင် အားအနည်းဆုံးသူ အမှန်တကယ် ဖြစ်ပါသလော။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ကျန်းချန်က ယခုအချိန်အထိ ထွက်မလာသေးသည်ကို မြင်လျှင် ယန်ယွိ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်သောအမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ယခင် စမ်းသပ်မှုတွင် ကျန်းချန်သည် အသက်ရှူကြိမ် ၁၅ကြိမ်သာ ခံနိုင်ရည်ရှိခဲ့၏။
သို့ဖြစ်ရာ အသက်ရှူကြိမ် ၂၀ကြိမ်ထိ အဘယ်ကြောင့် ခံနိုင်ရည် ရှိရပါသနည်း။
အဆင့်မြင့်တပည့် တစ်ဦး အနေဖြင့် ကောင်းကင်နဂါးမြို့တော်တွင် သူ၏ အခြေအနေသည် အလယ်အလတ်အဆင့် တပည့်တစ်ဦးဖြစ်သော ကျန်းချန်ထက် အဆပေါင်းများစွာ ပိုမိုကောင်းမွန်၍ ကျန်းချန်နှင့် သူနှင့်ကြားမှ ကွာဟချက်သည် ပို၍ ကျယ်ပြန့်လာလိမ့်မည်ဟု သူ မူလက ထင်ထားခဲ့သည်။
သို့သော်လည်း ဤသည်မှာ သူ၏ စိတ်ကူးမျှသာဖြစ်ပြီး တကယ့် လက်တွေ့တွင် ထိုသို့ မဟုတ်ခဲ့ပေ။
၁နှစ်အတွင်း သူက ကျန်းချန်နှင့် ကွာဟချက်ကို ပိုမို ကျယ်ပြန့်အောင် မလုပ်ဆောင်နိုင်ခဲ့ရုံသာမက ကျန်းချန်သည် သူ့ကိုပင် အလျင်အမြန် အမီလိုက်နိုင်ခဲ့သည်။
ယခုအခါ ကျန်းချန်သည် ကောင်းကင်နဂါး နန်းတော်ထဲတွင် အသက်ရှူကြိမ် ၂၀ကြိမ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ထွက်လာမည့် အရိပ်အယောင် မပြသသေးပေ။
ကျန်းချန်က သူ၏ရလဒ်ဖြစ်သော အသက်ရှူကြိမ် ၂၅ကြိမ်ဆီသို့ ဆက်လက် ချဥ်းကပ်လာခဲ့သည်။
ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်မှုတွင် ကျန်းချန်သည် တစ်ခဏတာ ငြိမ်သက်နေခဲ့ပြီးမှ ကောင်းကင်နဂါးစာရင်း၏ အဆင့်သတ်မှတ်ချက် ထိပ်ဆုံးနေရာသို့ ချက်ချင်းဆိုသလို ရောက်ရှိသွားခဲ့သည်ကို တွေးမိလျှင် ယန်ယွိ၏ စိတ်နှလုံးသည် ရုတ်တရက် အနည်းငယ် ထိတ်လန့်လာခဲ့သည်။
ဤတစ်ကြိမ်တွင်လည်း ကျန်းချန်သည် အသက်ရှူကြိမ်၂၅ကြိမ်ကို တစ်ရှိန်ထိုး ကျော်ဖြတ်ကာ သူ့ကို တစ်ဖန် နင်းချေနိုင်ခြင်း ရှိနေပါသလော။
အခန်း(၁၅၄၉)ပြီး၏။
အခန်း(၁၅၅၀)
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။
ကောင်းကင်နဂါးနန်းတော်၏ အပြင်ဘက်တွင် လူတိုင်းသည် ကောင်းကင်နဂါး နန်းတော်၏ အပေါက်ဝကို စူးစိုက်၍ ကြည့်နေခဲ့ကြသည်။
အားလုံးက အသက်ရှူဖို့ကိုပင် မေ့လျော့နေကြပြီး ပတ်ဝန်းကျင် တစ်ခုလုံးသည် တိတ်ဆိတ်နေခဲ့၏။
ကောင်းကင်နဂါး နန်းတော်တွင် ကျန်းချန် ဆက်လက်ရှိနေသော အချိန်သည် အသက်ရှူကြိမ် ၂၅ကြိမ်ကိုပင် လျင်မြန်စွာဖြင့် ကျော်လွန်လာခဲ့သည်။
အသက်ရှူကြိမ် ၂၆ကြိမ်၊၂၇ကြိမ်၊၂၈ကြိမ်...
သို့ရာတွင် ကျန်းချန်သည် ကောင်းကင်နဂါးနန်းတော်ကနေ ထွက်မလာသေးပေ။
"ငါပဲ အမြင်မှားနေတာများလား.. ကျန်းချန်က ကောင်းကင်နဂါးနန်းတော်မှာ အသက်ရှူကြိမ် ၂၈ကြိမ်ကိုတောင် ခံနိုင်ရည်ရှိနေခဲ့ပြီ"
"သူ့ကို ကောင်းကင်နဂါးမြို့တော်ရဲ့ သမိုင်းမှာ အားအနည်းဆုံး ကောင်းကင်နဂါးစာရင်း နံပါတ်(၁)လို့ ဘယ်သူပြောလိုက်တာလဲ.. ဒါက လုံးဝ အဓိပ္ပါယ်မရှိတဲ့ ကောလဟာလပဲ"
"အသက်ရှူကြိမ် ၃၀ကြိမ်ပြည့်ဖို့ ၂ကြိမ်ပဲ လိုတော့တယ်.. ကြည့်ရတာ ဒီနေ့ ကောင်းကင်နဂါးမြို့တော်ရဲ့ ၁၀ယောက်မြောက် မာနနဂါးအဆင့် တပည့်တစ်ယောက် မွေးဖွားလာတာကို ငါတို့ မြင်တွေ့ခွင့်ရတော့မယ်နဲ့ တူတယ်"
"..............."
လူတိုင်းသည် ကောင်းကင်နဂါးနန်းတော်ကို အာရုံစူးစိုက်၍ ကြည့်နေခဲ့ကြသည်။
သူတို့၏ မျက်ဝန်းများတွင် အံ့သြတုန်လှုပ်သော အမူအရာများ မကြုံစဖူး ဖြစ်ပေါ်လာခဲ့ကြသည်။
ဤမြင်ကွင်းကို ရီချင်းယင်သည်လည်း စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေခဲ့၏။
လွန်ခဲ့သည့် ၁နှစ် အစောပိုင်းက ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်ပွဲတွင် ကျန်းချန်သည် မဖြစ်နိုင်သော အံ့ဖွယ်တစ်ခုကို ဖန်တီးပြခဲ့ပြီး ဘုရင်အဆင့် ပါရမီရှင်သုံးပါးကို ကျော်လွှားကာ ကောင်းကင်နဂါးစာရင်း၏ ပထမနေရာကို ရရှိခဲ့သည်။
ဤတစ်ကြိမ်တွင်လည်း ကျန်းချန်သည် ကောင်းကင်နဂါးမြို့တော်၏ ၁၀ယောက်မြောက် မာနနဂါးအဆင့် တပည့်အဖြစ် ရာထူး တိုးမြှင့်ခံရကာ နောက်ထပ်အံ့ဖွယ် ကိစ္စရပ် တစ်ခုကို ဖန်တီးတော့မည်လော။
"မဖြစ်နိုင်ဘူး.. ဒါလုံးဝမဖြစ်နိုင်ဘူး"
ယန်ယွိက အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေပြီး သူ့မျက်လုံးကိုပင် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။
လွန်ခဲ့သည့် ၁နှစ် အစောပိုင်းက ကောင်းကင်နဂါးနန်းတော်တွင် သူ၏ ရလဒ်သည် အသက်ရှူကြိမ် ၂၃ကြိမ်ဖြစ်ခဲ့ပြီး ကျန်းချန်ကမူ အသက်ရှူကြိမ် ၁၅ကြိမ်သာ ရှိခဲ့သည်။
ယခု ၁နှစ်အကြာတွင် သူသည် အသက်ရှူကြိမ် ၂ကြိမ် တိုးတက်လာခဲ့ပြီး အသက်ရှူကြိမ် ၂၅ကြိမ်သို့ ရောက်ရှိခဲ့သောကြောင့် ဂုဏ်ယူလောက်သော ရလဒ်ဟု ထင်မြင်ခဲ့သည်။
သို့ရာတွင် ကျန်းချန်က အသက်ရှူကြိမ် ၁၅ကြိမ်ကနေ အသက်ရှူကြိမ် ၂၈ကြိမ်အထိ တစ်ဟုန်ထိုး ခုန်တက်သွားခဲ့ပြီး သူ့ကို နောက်တစ်ကြိမ် အမှိုက်အဖြစ်သို့ ရောက်အောင်လုပ်ဆောင်လိမ့်မည်ဟု မည်ကဲ့သို့ ကြိုသိနိုင်ပါအံ့နည်း။
----------------
ကောင်းကင်နဂါးနန်းတော်၏ အတွင်းပိုင်းတွင် ကျန်းချန်သည် အဆင့်နိမ့် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့် သူ၏ခွန်အားကို အစွမ်းကုန် အသုံးပြုခဲ့သည်။
လူသားဧကရာဇ် စည်းတံဆိပ်၊နတ်ခန္ဓာပုံရိပ်နှင့် ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို အဆက်မပြတ် အသုံးပြုခဲ့ပြီး သူ၏ ရှေ့တွင် ရှိသော ရွှေရောင်ဝတ်စုံနှင့်လူကို အကြိမ်ကြိမ် အနိုင်ယူခဲ့သည်။
ကောင်းကင်နဂါးနန်းတော်၏ အသက်ရှူကြိမ် ၂၁ကြိမ်မှ ၃၀ကြိမ် အထိသည် အသက်ရှူကြိမ် ၁၁ကြိမ်မှ ၂၀ကြိမ် အထိ အခြေအနေနှင့် တူညီသည်။
သို့သော် သူ ရင်ဆိုင်နေရသော ရွှေရောင်ဝတ်ရုံဝတ် ပုံရိပ်ယောင်၏ ခွန်အားနှင့် ငွေရောင်ဝတ်ရုံဝတ် လူငယ်၏ခွန်အားတို့သည် အဆင့်တူများ မဟုတ်ပေ။
အသက်ရှူကြိမ် ၂၁ကြိမ်တွင် စတင် ကြုံတွေ့ရသော ရွှေရောင်ဝတ်ရုံဝတ် ပုံရိပ်ယောင်သည် အလယ်အလတ် ပကတိနတ်ဘုရားအဆင့်သို့ ရောက်နေပြီ ဖြစ်၏။
အသက်ရှူကြိမ်တိုင်းတွင် ထိုရွှေရောင်ဝတ်ရုံဝတ် ပုံရိပ်ယောင်၏ ခွန်အားသည် တစ်ဆင့် တိုးလာခဲ့သည်။
အသက်ရှူကြိမ် ၂၆ကြိမ် ပြီးနောက်တွင် ရွှေရောင်ဝတ်ရုံဝတ် ပုံရိပ်ယောင်၏ အဆင့်သည် အလယ်အလတ် ပကတိနတ်ဘုရား အထွတ်အထိပ်အဆင့်သို့ပင် ရောက်ရှိသွားခဲ့၏။
အသက်ရှူကြိမ် ၂၈ကြိမ်ပြီးနောက်တွင်မူ ရွှေရောင်ဝတ်ရုံဝတ် ပုံရိပ်ယောင်၏ ခွန်အားသည် အဆင့်မြင့် ပကတိနတ်ဘုရားအစောပိုင်း အဆင့်သို့ တိုက်ရိုက်ပင် ရောက်ရှိသွားခဲ့သည်။
ကျန်းချန်က သူ၏ တိုက်ခိုက်ရေးစွမ်းအားကို ထိန်ချန်ထားခြင်း မရှိဘဲ ဥပဒေသ၇မျိုး၏ စွမ်းအားများကိုပါ အပြည့်အဝအသုံးပြုခဲ့သည်။
အသက်ရှူကြိမ် ၂၉ကြိမ်တွင်မူ ကျန်းချန်သည် အဆင့်မြင့် ပကတိနတ်ဘုရား အစောပိုင်းအဆင့်သို့ ရောက်ရှိနေသည့် ရွှေရောင်ဝတ်ရုံဝတ် ပုံရိပ်ယောင်ကို ဥပဒေသ၇မျိုး၏ စွမ်းအားများ ပေါင်းစည်းကာ ချက်ချင်းဆိုသလို ဖိနှိပ်ခဲ့သည်။
အသက်ရှူကြိမ် ၃၀ကြိမ်တွင်မူ ကျန်းချန်သည် ဥပဒေသ ၇မျိုး၏ စွမ်းအားများကို ပေါင်းစည်းကာ ဟန်ယွမ်ဓား အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲပစ်လိုက်သည်။
ထို့နောက်တွင် သူက ဟန်ယွမ်ဓားကို လက်ထဲတွင် ကိုင်စွဲထားရင်း ၇ရောင်ခြယ် ဓားအလင်းကိုထုတ်ဖော်ကာ သူ၏ ရှေ့တွင် ထွက်ပေါ်လာသော ရွှေရောင်ဝတ်ရုံဝတ် ပုံရိပ်ယောင်ကို တစ်ဖန် သတ်ပစ်ခဲ့၏။
ထို့နောက် ကျန်းချန်က အသက်ရှူကြိမ် ၃၀ကြိမ်တွင် ပြိုင်ဘက်ကို ဓားတစ်ကွက်တည်းဖြင့် သတ်ဖြတ်လိုက်သောအခါ နဂါးတစ်ကောင်နှင့် ဆင်တူသော ရွှေရောင်အလင်းတန်းသည် ကောင်းကင်နဂါး နန်းတော်ထဲကနေ ထွက်ပေါ်လာခဲ့သည်။
ထိုရွှေရောင်အလင်းတန်းသည် ကောင်းကင်နဂါးမြို့တော် တစ်ခုလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့၏။
ကောင်းကင်နဂါးမြို့တော်ရှိ လူပေါင်းများစွာ၏ အကြည့်သည် တစ်ချိန်တည်းမှာပင် ကောင်းကင်နဂါးနန်းတော် ရှိရာဆီသို့ ဦးတည်သွားခဲ့သည်။
"ဒီရွှေရောင်အလင်းက ကောင်းကင်နဂါးနန်းတော်ကနေ ထွက်ပေါ်လာတာပဲ.. ကောင်းကင်နဂါးနန်းတော်မှာ ရွှေရောင်အလင်းထွက်ပေါ်လာတာ ဆိုတော့ တစ်စုံတစ်ယောက်က ကောင်းကင်နဂါးနန်းတော်မှာ အသက်ရှူကြိမ် ၃၀ကြိမ်ကို ခံနိုင်ရည်ရှိခဲ့တာများ ဖြစ်နေမလား"
.ကောင်းကင်နဂါးမြို့တော်မှာ ၁၀ယောက်မြောက် မာနနဂါးအဆင့်တပည့် နောက်ဆုံးတော့ ပေါ်လာခဲ့ပြီ.. အဲဒီလူက ဘယ်သူလဲဆိုတာ စိတ်ဝင်စားစရာပဲ"
".............."
ဤအချိန်တွင် လူများစွာသည် အသက်ရှူရပ်မတတ်ပင် ဖြစ်နေခဲ့ကြသည်။
ကောင်းကင်နဂါးမြို့တော်၏ ၁၀ယောက်မြောက် မာနနဂါးအဆင့် ပုဂ္ဂိုလ်သည် မွေးဖွားလာခဲ့ချေပြီ။
ကောင်းကင်နဂါးမြို့တော်၏ မြို့လယ်ရှိ နန်းတော်တစ်ခုထဲတွင် ရွှေလင်းလုံသည် မျက်လုံးများကို မှိတ်၍ ကျင့်ကြံနေရင်း ကောင်းကင်နဂါးနန်းတော်၏ ထူးဆန်းမှုကို ချက်ချင်းဆိုသလိုပင် သိရှိခဲ့သည်။
"တစ်စုံတစ်ယောက်က ကောင်းကင်နဂါးနန်းတော်ရဲ့ အသက်ရှူကြိမ် ၃၀ကြိမ်ကို ခံနိုင်ရည်ရှိခဲ့ပြီး မာနနဂါး အဆင့်ကို ဝင်ရောက်သွားပါလား.. အဲဒီလူက ဘယ်သူများလဲ"
ရွှေလင်းလုံက သူမ၏ မျက်လုံးများကို ရုတ်တရက်ဖွင့်ကာ ကြည့်လိုက်သည်။
သူမ၏ အကြည့်က မိုင်ထောင်ချီ လေထုကို ဖြတ်ကျော်သွားခဲ့ပြီး ကောင်းကင်နဂါး နန်းတော် ဆီသို့ တိုက်ရိုက်ပင် ရောက်ရှိသွားခဲ့၏။
ထိုအခါ ကောင်းကင်နဂါးနန်းတော်ကနေ ဖြည်းဖြည်းချင်းလမ်းလျှောက်ထွက်လာသော ပုံရိပ်ကို မြင်လျှင် သူမ၏ လှပသောမျက်လုံးလေးတွင် အံ့သြသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
"ဘယ်လိုလုပ်ပြီး ဒီကောင်လေး ဖြစ်နေတာလဲ"
ရွှေလင်းလုံက မျက်လုံးများ ပြုးကျယ်သွားခဲ့ပြီး သူမ မျက်လုံးကိုပင် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။
ကျန်းချန်သည် ကောင်းကင်နဂါး နန်းတော်တွင် အသက်ရှူကြိမ် ၃၀ကြိမ် ခံနိုင်ရည်ရှိခဲ့ပြီး ကောင်းကင်နဂါးမြို့တော်၏ ၁၀ယောက်မြောက် မာနနဂါးအဆင့် တပည့် ဖြစ်လာခဲ့သည်။
လွန်ခဲ့သည့် ၁နှစ် အစောပိုင်းက စမ်းသပ်မှုတွင် ကျန်းချန်သည် ကောင်းကင်နဂါး နန်းတော်တွင် အသက်ရှူကြိမ် ၁၅ကြိမ်ခန့်သာ ခံနိုင်ရည် ရှိခဲ့သည်။
ထိုအချိန်က သူမသည် ကျန်းချန်က ပေါ့ပေါ့ဆဆ ပြုမူခဲ့သောကြောင့် အသက်ရှူကြိမ် ၁၅ကြိမ်သာ ရရှိခဲ့ခြင်း ဖြစ်လောက်သည်ဟု မရေမရာ ခန့်မှန်းခဲ့သည်။
သို့သော်လည်း ကျန်းချန်သည် ၁နှစ်အကြာတွင် အသက်ရှူကြိမ် ၃၀ကြိမ်ကို တစ်ရှိန်ထိုး ကျော်လွန်သွားခဲ့ပြီး ကောင်းကင်နဂါးမြို့တော်၏ ၁၀ယောက်မြောက် မာနနဂါးအဆင့် တပည့် ဖြစ်လာလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။
"ဒီကောင်လေးက ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်ပွဲတုန်းက အတိုင်းပဲ.. အံ့ဖွယ်စွမ်းဆောင်ရည်ကို ထုတ်ပြနိုင်ခဲ့ပြန်ပြီ"
ရွှေလင်းလုံက တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီး နောက်တွင် နန်းတော်ထဲကနေ လျှပ်တစ်ပြက် ပျောက်ကွယ်သွားခဲ့သည်။
----------------
ကောင်းကင်နဂါးနန်းတော်၏ အပြင်ဘက်တွင် လူတိုင်းသည် ကောင်းကင်နဂါးနန်းတော်ထဲကနေ ဖြည်းဖြည်းချင်း လျှောက်ထွက်လာသော ကျန်းချန်ကို ကြည့်နေခဲ့ကြသည်။
သူတို့၏အကြည့်က တွေတွေကြီး ဖြစ်နေခဲ့ပြီး အချိန်အတော်ကြာ အံ့သြတုန်လှုပ်မှုကနေ ပြန်လည် မသက်သာလာခဲ့ပေ။
ကျန်းချန်သည် ကောင်းကင်နဂါး နန်းတော်ထဲတွင် အသက်ရှူကြိမ် ၃၀ကြိမ်ကို အမှန်တကယ်ပင် ခံနိုင်ရည်ရှိခဲ့သည်။
ထို့အပြင် သူတို့သည် ကောင်းကင်နဂါးမြို့တော်၏ ၁၀ယောက်မြောက် မာနနဂါးအဆင့် တပည့် မွေးဖွားလာသည်ကို သက်သေအဖြစ် ဤနေရာတွင် ရှိနေခဲ့ကြသည်။
သူတို့ရှေ့မှ လူငယ်သည် ကောင်းကင်နဂါးစာရင်း သမိုင်းတွင် အားအနည်းဆုံး ဗိုလ်စွဲသူ ဟူသော သတင်းမှာ လုံးဝ အဓိပ္ပါယ်မရှိပေ။
ဆိုရလျှင် ကောင်းကင်နဂါးမြို့တော်၏ နှစ်သန်းပေါင်းများစွာ သမိုင်းမှာပင် ကျန်းချန်သည် မွန်းစတားဆန်သော ပါရမီရှင်အနည်းငယ်ထဲမှ တစ်ဦး ဖြစ်၏။
"ကောင်းကင်နဂါးနန်းတော်ရဲ့ အသက်ရှူကြိမ် ၃၀ နောက်ပိုင်းက တကယ်ကို မလွယ်ကူတဲ့ အဆင့်တွေပဲ"
ကျန်းချန်က ကောင်းကင်နဂါးနန်းတော်ကနေ ထွက်ခွာလာပြီးနောက်တွင် အသက်ရှူကြိမ် ၃၁ ကြိမ်တွင် ရင်ဆိုင်ခဲ့ရသည့်ပြိုင်ဘက်ကို တွေးကာ စိတ်ထဲကနေ ပြုံးလိုက်သည်။
အသက်ရှူကြိမ် ၃၁ကြိမ်တွင် သူရင်ဆိုင်ရသော ပြိုင်ဘက်သည် အဆင့်မြင့် ပကတိနတ်ဘုရား အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေပြီး ကိုယ်ခံပညာ ဥပဒေသ၏ မူလစွမ်းအားကိုပါ နားလည်ထားခဲ့သည်။
ဤအဆင့်၏ ခွန်အားသည် ကောင်းကင်နတ်ဘုရား အဆင့်၏ ခွန်အားနှင့် ခြေလှမ်းတစ်ဝက်သာ ကွာဝေးတော့ရာ လက်ရှိအချိန်တွင် သူ၏ ကိုင်တွယ်နိုင်စွမ်းထက် လုံးဝကို ကျော်လွန်နေခဲ့၏။
"ကျန်းချန် ကောင်းကင်နဂါးမြို့တော်ရဲ့ ၁၀ယောက်မြောက် မာနနဂါးအဆင့် တပည့် ဖြစ်လာတာကို ဂုဏ်ပြုပါတယ်"
ရီချင်းယင်က ပထမဆုံး သတိပြန်ဝင်လာခဲ့သည်။
သူမက ပြုံးရွှင်စွာဖြင့် ကျန်းချန်ကို ဂုဏ်ပြုစကားပြောလိုက်၏။
ကျန်းချန်၏ ခွန်အားနှင့် ပတ်သက်၍ ရီချင်းယင်သည် ဤနေရာတွင် ရှိသမျှ လူအားလုံးထက် ပိုမို သိထားခဲ့သည်။
သူမနှင့် ကျန်းချန် ပထမဆုံးအကြိမ် တွေ့ဆုံစဥ်က ကျန်းချန်သည် မှော်နဂါးနန်းတော်၏ သတ္တမအဆင့်ကို အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်ဖြင့်ပင် ဖြတ်ကျော်ခဲ့ပြီး မြေကမ္ဘာနဂါးမြို့တော်၏ စံချိန်ကို ချိုးဖျက်နိုင်ခဲ့သော ဆဋ္ဌမမြောက် ပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။
ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်မှုတွင်လည်း ကျန်းချန်သည် ဘုရင်အဆင့် ပါရမီရှင်နှစ်ပါး ဖြစ်သော ပိုင်လီကျန့်နှင့် ယန်ယွိ တို့ကို မည်ကဲ့သို့ အနိုင်ယူခဲ့ပြီး ကောင်းကင်နဂါးစာရင်း၏ ထိပ်ဆုံးနေရာအား ရယူခဲ့သည်ကို ရီချင်းယင်သည် ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။
ရှိရှိသမျှ လူအားလုံးအနက် ကျန်းချန်က မာနနဂါးအဆင့်တပည့် ဖြစ်လာမည်ဟု အယုံကြည်ဆုံးသူ တစ်ယောက်ရှိသည် ဆိုလျှင် ထိုလူသည် ရီချင်းယင် သာလျှင် ဖြစ်ပေလိမ့်မည်။
ကျန်းချန်က ကောင်းကင်နဂါးမြို့တော်သို့ ဝင်ရောက်ပြီးနောက်တွင် ကောင်းကင်နဂါးမြို့တော်၏ ၁၀ယောက်မြောက် မာနနဂါးအဆင့် တပည့် ဖြစ်လာရန်မှာ အချိန်တစ်ခုမျှသာ လိုအပ်မည်ဟု သူမ ထင်ထားခဲ့သည်။
သို့သော်လည်း ရီချင်းယင် မမျှော်လင့်ခဲ့သော အရာမှာ ထိုနေ့ရက်သည် အလွန် လျင်မြန်စွာပင် ရောက်ရှိလာလိမ့်မည် ဟူ၍ပင်။
ကျန်းချန်သည် ကောင်းကင်နဂါး မြို့တော်သို့ ဝင်ရောက်ပြီး ၁နှစ်အကြာမှာပင် မာနနဂါးအဆင့် တပည့် အဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရ၏။
ဤကဲ့သို့ တိုးတက်မှုနှုန်းသည် အမှန်တကယ်ပင် ထိတ်လန့်စရာ ကောင်းလွန်းနေသည် မဟုတ်ပါလော။
အခန်း(၁၅၅၀)ပြီး၏။
အခန်း(၁၅၅၁)
အားလုံး အံ့အားသင့်နေစဥ်မှာပင် ကောင်းကင်နဂါးနန်းတော်အထက်ရှိ လေထုထဲတွင် လူတစ်ဦးသည် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ထိုနေရာကို ရောက်ရှိလာသူမှာ အခြားသူ မဟုတ်ဘဲ ကောင်းကင်နဂါးမြို့တော်၏ ပထမ အကြီးအကဲ ရွှေလင်းလုံပင် ဖြစ်သည်။
"အကြီးအကဲကို ဂါဝရပြုပါတယ်"
အားလုံးက သတိ ပြန်ဝင်လာကြပြီး ရွှေလင်းလုံကို အလျင်အမြန်ပင် ဂါဝရပြုလိုက်ကြသည်။
ရွှေလင်းလုံက ခေါင်းညိတ်ပြလိုက်ပြီး သူ၏ အကြည့်ကို ကျန်းချန်ဆီသို့ လွှဲပြောင်းကာ ညင်သာသော လေသံဖြင့် ပြောလိုက်သည်။
"ကျန်းချန် မင်းက ကောင်းကင်နဂါးနန်းတော်မှာ အသက်ရှူကြိမ် ၃၀ကျော်အထိ ခံနိုင်ရည်ရှိခဲ့တယ်.. အခု မင်းက ကောင်းကင်နဂါး မြို့တော်ရဲ့ ၁၀ဦးမြောက် မာနနဂါးအဆင့် တပည့် ဖြစ်လာခဲ့ပြီ.. မာနနဂါးအဆင့် တပည့် ဖြစ်လာတဲ့အတွက် မင်းက သီးသန့်တောင်ထွတ် တစ်လုံးကို ရပိုင်ခွင့်ရှိတယ်.. ငါနဲ့လိုက်လာပြီး မင်းရဲ့ တောင်ထွတ်ကို ဘယ်နေရာမှာ တည်ဆောက်မလဲ ဆိုတာ ကိုယ်တိုင် ရွေးချယ်ပေးပါ"
မာနနဂါးအဆင့် တပည့် ဆိုသည်မှာ ရှေးဟောင်းနဂါးမျိုးနွယ်စုတွင် အထွတ်အထိပ် ပါရမီရှင်များ ဖြစ်သည်။
မတော်တဆ ဖြစ်ရပ်များ မရှိသရွေ့ မာနနဂါးအဆင့် တပည့်များသည် အနာဂတ်တွင် ကောင်းကင်နတ်ဘုရား အဆင့်ကို သေချာပေါက် ထိုးဖောက်နိုင်မည် ဖြစ်၏။
သူတို့၏ အဆင့်အတန်းသည် သာမန် ပကတိနတ်ဘုရား နယ်ပယ် အဆင့်ရှိ အကြီးအကဲများနှင့် သိပ်မကွာခြားပေ။
ထို့ကြောင့် ရွှေလင်းလုံသည် ကျန်းချန်ကို ယဥ်ကျေးစွာဆက်ဆံခဲ့ခြင်း ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲ"
ကျန်းချန်က ကျေးဇူးတင်စကား ပြောကြားလိုက်၏။
ထို့နောက်တွင် ရာနှင့်ချီသော မနာလို အားကျသည့် အကြည့်များအောက်မှာပင် ကျန်းချန်သည် ရွှေလင်းလုံနှင့် အတူ ကောင်းကင်နဂါးနန်းတော်၏ အထက် ကောင်းကင်ယံကနေ ပျောက်ကွယ်သွားခဲ့သည်။
------------------
ကောင်းကင်နဂါးမြို့တော်၏ အလယ်အလတ်အဆင့် တပည့်များ နေထိုင်သောနေရာတွင် ကုလင်သည် ရွှယ်ချိုးဟယ်နှင့် အတူ သက်တောင့်သက်သာ လမ်းလျှောက်နေခဲ့သည်။
ကောင်းကင်နဂါးမြို့တော်ထဲသို့ ရောက်လာကတည်းကပင် ကုလင်သည် ၁နှစ်ပတ်လုံး နေ့ရောညပါ အပတ်တကုတ် ကြိုးစားကျင့်ကြံခဲ့၏။
ထို့ကြောင့် ဤ၁နှစ်အတွင်း သူ၏ ခွန်အားသည် များစွာတိုးတက်လာခဲ့သည်။
ယမန်နေ့က ကောင်းကင်နဂါး နန်းတော်သို့ သွားရောက်ပြီး စမ်းသပ်ခဲ့ရာ နောက်ထပ် အသက်ရှူကြိမ် ၁ကြိမ် ခံနိုင်ရည်ရှိခဲ့သောကြောင့် စုစုပေါင်း အသက်ရှူကြိမ် ၁၇ကြိမ်အထိ ရောက်ရှိသွားခဲ့သည်။
ယင်းက အသက်ရှူကြိမ် ၁ကြိမ်မျှသာ ဖြစ်သော်လည်း ကုလင်သည် အလွန်အမင်း ကျေနပ်နေခဲ့၏။
သူသာ ၁၀နှစ်မှ အနှစ်၂၀အထိ ကြိုးစားကျင့်ကြံမည် ဆိုလျှင် ကောင်းကင်နဂါးနန်းတော်၌ အသက်ရှူကြိမ် ၂၀ကြိမ်အထိ ခံနိုင်ရည်ရှိမည် ဖြစ်ပြီး အဆင့်မြင့်တပည့်တစ်ဦး ဖြစ်လာနိုင်မည်ဟု ယုံကြည်ခဲ့သည်။
ထိုအကြောင်းကြောင့်ပင် စိတ်ပျော်ရွှင်နေသော ကုလင်သည် ရွှယ်ချိုးဟယ်နှင့်အတူ တစ်နေ့တာလုံး အနားယူခဲ့၏။
ကုလင်နှင့်ရွှယ်ချိုးဟဲတို့ စကားပြောရင်း လမ်းလျှောက်လာကြရာ မသိလိုက် မသိဘာသာဖြင့် ကျန်းချန်တို့ နေထိုင်ရာ နေရာဆီသို့ ရောက်ရှိလာခဲ့သည်။
"ချိုးဟယ်.. ဒီကို ရောက်လာပြီဆိုမှတော့ ငါတို့ ကျန်းချန်ဆီ ဝင်ပြီး နှုတ်ဆက်ကြရအောင်"
ကုလင်က ရွှယ်ချိုးဟယ်ကို ခေါင်းငဲ့၍ ကြည့်ကာ ပြောလိုက်သည်။
ကျန်းချန်၏ အကူအညီသာ မရခဲ့လျှင် သူသည် ပိုင်လီကျန့်၏ လက်ထဲတွင် ရှုံးနိမ့်ပြီး ကောင်းကင်နဂါး မြို့တော်သို့ ဝင်ရောက်ခွင့်ရမည့် အခွင့်အရေးအား ဆုံးရှုံးသွားလိမ့်မည်ဖြစ်သည်။
ထိုကြောင့် ကုလင်သည် ကျန်းချန်ကို အလွန်ပင် ကျေးဇူးတင်မိခဲ့သည်။
ယခု ကျန်းချန်၏ နေအိမ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ကုလင်သည် ကျန်းချန်ကို ဝင်တွေ့ရန် ဆုံးဖြတ်လိုက်၏။
"အင်းပါ.. ကျွန်မလည်း ချင်းရို့နဲ့ မတွေ့ရတာ ၁နှစ်လောက် ရှိပြီ.. သူအခု ဘယ်လိုအခြေအနေရှိလဲ သိချင်နေတာနဲ့ အတော်ပဲ"
ရွှယ်ချိုးဟဲက ပြုံးလိုက်ပြီး ချက်ချင်းဆိုသလို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် မေးခွန်းထုတ်လိုက်သည်။
"ရှင်ပြောတော့ ကျန်းချန်က ကောင်းကင်နဂါး စာရင်းရဲ့ နံပါတ်(၁) နေရာကို ရခဲ့တာဆို.. ဘယ်လိုလုပ်ပြီး သူက အလယ်အလတ်အဆင့် တပည့်ရာထူးကိုပဲ ရခဲ့တာလဲ"
"ဒါက ပြောရခက်တယ်.. ငါ့အထင်တော့ တစ်စုံတစ်ရာ မှားယွင်းခဲ့တဲ့ပုံပဲ"
ကုလင်က ခေါင်းခါရမ်းကာ ပြန်ဖြေလိုက်သည်။
ကျန်းချန်၏ ရလဒ်က ကောင်းကင်နဂါး နန်းတော်တွင် အသက်ရှူကြိမ် ၁၅ကြိမ်သာ ဖြစ်သော်လည်း ကုလင်သည် ကျန်းချန်ကို လျှော့မတွက်ခဲ့ပေ။
အကြောင်းရင်းမှာ ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်ပွဲတွင် ကျန်းချန်သည် ဘုရင်အဆင့် ပါရမီရှင်နှစ်ပါးကို အနိုင်ယူပြခဲ့ပြီး ကောင်းကင်နဂါး စာရင်း၏ ထိပ်ဆုံးနေရာကို ရယူပြခဲ့သောကြောင့်ပင်။
ထိုအချိန်မှာ မုန့်ဖျင်နှင့် ရွှယ်ချင်းရို့တို့သည် ကြီးမားသော သေတ္တာအနည်းငယ်ကို ဆွဲကာ အိမ်ဝန်းထဲကနေ ထွက်လာသည်ကို သူတို့ တွေ့လိုက်ရသည်။
ထိုမြင်ကွင်းကို မြင်လျှင် ကုလင်နှင့် ရွှယ်ချိုးဟဲ တို့သည် အံ့အားသင့်သွားခဲ့၏။
"ဒါက ဘယ်လိုအခြေအနေမျိုးလဲဟ"
ကျန်းချန်က မုန့်ဖျင်နှင့်ရွှယ်ချင်းရို့တိုကို မကျေနပ်သောကြောင့် ကောင်းကင်နဂါး မြို့တော်ကနေ ထိုနှစ်ယောက်ကို မောင်းထုတ်ခဲ့ခြင်း ဖြစ်နိုင်ပါသလော။
သို့သော်လည်း ထိုနှစ်ယောက်၏ စိတ်လှုပ်ရှားနေသောအမူအရာကို ကြည့်ပြီး ကျန်းချန်က နှင်ထုတ်လိုက်ခြင်းမျိုးလည်း မဖြစ်နိုင်ဟု တွေးလိုက်မိကြသည်။
"ညီမချင်းရို့.. ဒါက.."
ရွှယ်ချိုးဟဲက ရွှယ်ချင်းရို့ကို ကြည့်ကာ မေးလိုက်သည်။
သူမ၏ မျက်နှာပေါ်တွင် သံသယအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
"အစ်မချိုးဟယ်.. ကျွန်မတို့ အိမ်ပြောင်းကြမလို့ပါ"
ရွှယ်ချင်းရို့က အပြုံးပန်းများ ဝေဆာစွာဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
"သခင်လေးရဲ့ ရလဒ်က ကောင်းကင်နဂါးနန်းတော်မှာ အသက်ရှူကြိမ် ၃၀ကြိမ်ကို ကျော်သွားခဲ့တယ်.. သူက အခုဆိုရင် ကောင်းကင်နဂါးမြို့တော်ရဲ့ ၁၀ဦးမြောက် မာနနဂါးအဆင့်တပည့် ဖြစ်သွားခဲ့ပြီ"
"ဘယ်လို.. ကျန်းချန်က ကောင်းကင်နဂါးနန်းတော်မှာ အသက်ရှူကြိမ် ၃၀ကြိမ်အထိ ရောက်ရှိသွားပြီး ကောင်းကင်နဂါးမြို့တော်ရဲ့ ၁၀ဦးမြောက် မာနနဂါးအဆင့် တပည့်ဖြစ်သွားပြီ ဟုတ်လား"
ကုလင်နှင့် ရွှယ်ချိုးဟဲတို့က မှင်တက်သွားခဲ့ပြီး အံ့အားသင့်မှုကနေ ပြန်လည် သတိဝင်လာရန် အတွက် အချိန်အတော်ကြာယူခဲ့ရသည်။
သို့ဆိုလျှင် အစောပိုင်းက ကောင်းကင်နဂါးနန်းတော်ကနေ ထွက်ပေါ်လာသော ရွှေရောင်အလင်းတန်းသည် ကျန်းချန်၏ လက်ချက် ဖြစ်နိုင်ပါသလော။
"မင်းတို့ထဲမှာ ဘယ်သူက ကျန်းချန်လဲ"
ကုလင်နှင့် ရွှယ်ချိုးဟဲတို့ အံ့အားသင့်နေစဥ်မှာပင် မောက်မာစွာမေးလိုက်သော အသံတစ်သံသည် သူတို့၏ ကျောဘက်ကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
သူတို့က နောက်လှည့်၍ ကြည့်လိုက်သောအခါ လူနှစ်ယောက်က ကျန်းချန်၏ အိမ်ဝန်းနားသို့ ဖြည်းညင်းစွာ ချဥ်းကပ်လာသည်ကို တွေ့လိုက်ရ၏။
ထိုလူနှစ်ယောက်ထဲမှ တစ်ဦးမှာ သူတို့နှင့် လုံးဝ မစိမ်းပေ။
အကြောင်းအရင်းမှာ ထိုလူသည် မြေကမ္ဘာနဂါး မြို့တော်၏ ဘုရင်အဆင့် ပါရမီရှင်သုံးပါးထဲမှ တစ်ဦး ဖြစ်သည့် ပိုင်လီကျန့် ဖြစ်သောကြောင့်ပင်။
ပိုင်လီကျန့်၏ နံဘေးတွင် လျှပ်စီးရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အေးစက်စက် မျက်နှာထားရှိသော လူငယ်တစ်ဦး လိုက်ပါလာခဲ့သည်။
"ကျွန်တော့်နာမည်က မုန့်ဖျင်ပါ.. သခင်ကြီးကျန်းချန်ရဲ့ အိမ်တော်ထိန်းပါ.. ဒီက သခင်နှစ်ဦးက ကျွန်တော့်ရဲ့ သခင်ကြီးကို ဘာအတွက် ရှာတာလဲဆိုတာ သိပါရစေ"
မုန့်ဖျင်က ယဥ်ကျေးစွာဖြင့် မေးလိုက်သည်။
ပိုင်လီကျန့်က မုန့်ဖျင်ကို စူးစိုက်ကြည့်လိုက်၏။
"မုန့်ဖျင်.. ဒါက ကောင်းကင်နဂါးမြို့တော်ရဲ့ အဆင့်မြင့် တပည့် ပိုင်လီထင်ပဲ.. ကျန်းချန်ကို အမြန်ဆုံး ထွက်လာခိုင်းလိုက်"
ပိုင်လီကျန့်၏ စကားကိုကြားလျှင် အားလုံးက အံ့အားသင့်သွားခဲ့သည်။
ပိုင်လီထင် ဆိုသည်မှာ ကောင်းကင်နဂါးနန်းတော်တွင် အသက်ရှူကြိမ် ၂၉ကြိမ်အထိ ရရှိထားပြီး မာနနဂါးအဆင့်နှင့် ခြေတစ်လှမ်းသာ လိုအပ်တော့သည့် မွန်းစတားဆန်သောပါရမီရှင် တစ်ယောက် ဖြစ်သည်။
"သခင် ပိုင်လီထင် ဖြစ်နေတာကိုး.. သခင် ပိုင်လီထင်က ကျွန်တော့်ရဲ့ သခင်ကြီးကို ဘာကိစ္စအတွက် ရှာတာလဲ ဆိုတာ သိပါရစေ"
မု့န်ဖျင်က ခဏမျှ အံ့အားသင့်သွားသော်လည်း လျင်မြန်စွာပင် အသိပြန်ဝင်လာခဲ့ပြီး တည်ငြိမ်သော လေသံဖြင့် မေးခွန်းထုတ်လိုက်သည်။
ကျန်းချန်သာ ယခင်ကလို အလယ်အလတ်အဆင့် တပည့် ဖြစ်နေခဲ့လျှင် အဆင့်မြင့်တပည့် ဖြစ်သည့် ပိုင်လီထင်နှင့် ရင်ဆိုင်ရသောအခါတွင် ပို၍ သတိထားရလိမ့်မည် ဖြစ်သည်။
သို့သော်လည်း ယခုအခါတွင် ကျန်းချန်သည် ကောင်းကင်နဂါးမြို့တော်၏ ၁၀ဦးမြောက် မာနနဂါးအဆင့် တပည့် ဖြစ်နေပြီ ဖြစ်ရာ မုန့်ဖျင်သည် သူ့ကိုယ်သူ ပို၍ ယုံကြည်မှု ရှိလာခဲ့သည်။
"မင်းက အလယ်အလတ်အဆင့် တပည့်ရဲ့ အိမ်ထိန်းတစ်ယောက်ပဲ.. ငါတို့ကို ပြန်ပြီး မွေးခွန်းထုတ်ရအောင် အတင့်ရဲလှချည်လား"
ပိုင်လီထင်က အေးစက်စက် ရေရွတ်လိုက်ပြီး စိတ်မရှည်သောအမူအရာဖြင့် ပြောလိုက်သည်။
"အခြေအနေကို နားလည်တယ်ဆိုရင် ကျန်းချန်ကို ချက်ချင်းထွက်လာခိုင်းလိုက်.. မဟုတ်ရင်တော့ ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့"
ပိုင်လီထင်သည် အဆင့်မြင့်တပည့်များ ထဲတွင် နံပါတ်(၁) ပုဂ္ဂိုလ် ဖြစ်ပြီး ၁၀ဦးမြောက် မာနနဂါးအဆင့် တပည့် ရာထူးကို သူ့အတွက်ဟုသာ အမြဲတစေ မှတ်ယူခဲ့သည်။
သို့သော်လည်း ကောင်းကင်နဂါး နန်းတော်တွင် တစ်စုံတစ်ယောက်သည် အသက်ရှူကြိမ် ၃၀ ကျော်ကို ရရှိခဲ့ပြီး မာနနဂါးအဆင့် တပည့်ရာထူးအား ရယူသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သူက ကောင်းကင်နဂါးနန်းတော်တွင် အသက်ရှူကြိမ် ၂၉ကြိမ်ထိ ခံနိုင်ရည် ရှိခဲ့သော်လည်း နောက်ဆုံး ခြေလှမ်းကို မလှမ်းနိုင်သေး၍ မာနနဂါးအဆင့်သို့ မရောက်ရှိသေးပေ။
တစ်စုံတစ်ယောက်က သူ့ထက် စော၍ ဤခြေလှမ်းကို လှမ်းနိုင်ခဲ့မည်ဟု မည်ကဲ့သို့ ကြိုသိနိုင်ပါမည်နည်း။
ထိုသတင်းကို ကြားကာစက ပိုင်လီထင်သည် သွေးအန်ချင်လောက်အောင်ပင် စိတ်ဓာတ်ကျသွားခဲ့သည်။
သူ၏ခွန်အားကို အမြန်ဆုံး တိုးတက်အောင်လုပ်ကာ မာနနဂါးအဆင့်အဖြစ် ရာထူးတိုးမြှင့်ရန် အတွက် မည်ကဲ့သို့ လုပ်ဆောင်ရမလဲ စဥ်းစားနေချိန်မှာပင် မိသားစုဝင် ဖြစ်သည့် ပိုင်လီကျန့်က သူ့ကို အကြံတစ်ခု ပေးလိုက်သည်။
ယင်းမှာ ကျင့်ကြံခြင်း နည်းစနစ်ကို ပြောင်းလဲရန် ဖြစ်၏။
သူ့အနေဖြင့် နယ်မြေနတ်ဘုရားအဆင့် နည်းစနစ်ကိုပြောင်းလဲလိုက်သည်နှင့် သူ၏ ကျင့်ကြံခြင်း အရှိန်အဟုန်သည် ပို၍ မြန်ဆန်လာမည်သည်မက သူ၏ တိုက်ခိုက်ရေးစွမ်းအင်သည်လည်း တစ်ဆင့်ပို၍ တိုးတက်လာလိမ့်မည် ဖြစ်၏။
ကောင်းကင်နဂါးမြို့တော်တွင် နယ်မြေနတ်ဘုရား အဆင့် နည်းစနစ်များကို လဲလှယ်ရန်အတွက် ကောင်းကင်နဂါး ရမှတ် အမြောက်အများ လိုအပ်သည်။
အဆင့်မြင့်တပည့်များ အတွက်ပင် နယ်မြေနတ်ဘုရား အဆင့် နည်းစနစ်ကို လဲလှယ်ရန် အလွန်တရာ ခက်ခဲ၏။
သို့သော်လည်း ပိုင်လီကျန့်သည် ယခုနှစ် ကောင်းကင်နဂါးစာရင်း၏ နံပါတ်(၁)ဖြစ်သော ကျန်းချန်က နယ်မြေနတ်ဘုရားအဆင့် နည်းစနစ်များကို အခမဲ့ လဲလှယ်နိုင်မည့် အခွင့်အရေးအား အသုံးမပြုရသေးကြောင်း သူ့ကို ပြောပြခဲ့သည်။
ထိုအကြောင်းကြောင့်ပင် ပိုင်လီထင်သည် ကျန်းချန် ရှိရာသို့ လာရောက်ခဲ့ခြင်းပင် ဖြစ်သည်။
အခန်း(၁၅၅၁)ပြီး၏။