အခန်း (၁၅၅၅-၁၅၅၇)
Vol. 104 Ch. 1555-1557
အခန်း(၁၅၅၅)
"ဟုတ်လား"
ကျန်းချန်က မျက်ခုံးကိုပင့်ကာ ရေရွတ်လိုက်သည်။
"ငါက သူတို့ကို သွားရှာဖို့ စီစဥ်ထားတာ ဒါပေမဲ့ သူတို့က ဒီမှာ စောင့်ဆိုင်းနေတော့ ငါ့အတွက် အချိန်တွေ အများကြီး သက်သာသွားတာပေါ့"
"သခင်လေး.. ဒီအဆင့်မြင့် တပည့်၅ဦးလုံးက ကောင်းကင်နဂါးမြို့တော်မှာ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့တဲ့ ပါရမီရှင်တွေပဲ သူတို့က အလယ်အလတ် ပကတိနတ်ဘုရားအဆင့်ကိုတောင် ထိုးဖောက်ပြီးပြီ.. သခင်လေး တကယ်ပဲ သူတို့ရဲ့စိန်ခေါ်မှုကို လက်ခံတော့မှာလား"
ရွှယ်ချင်းရို့၏ လှပသော မျက်လုံးလေးတွင် စိုးရိမ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
"ဟုတ်တယ် လွန်ခဲ့တဲ့ ၁နှစ်အကြာက ဆိုရင်တော့ ဒီလူတွေကို ရင်ဆိုင်ဖို့က ငါ့အတွက် နည်းနည်းခက်ခဲနိုင်တယ်.. ဒါပေမဲ့ အခုအချိန်မှာတော့ သူတို့ ငါ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်တော့ဘူး"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ချက်ချင်းဆိုသလို ခြေတစ်လှမ်းတိုးကာ တောင်ထွတ်၏ အပြင်ဘက် လေထုထဲတွင် ပေါ်လာခဲ့သည်။
ကျန်းချန် ထွက်ပေါ်လာမှုနှင့်အတူ တောင်ထွတ် အပြင်ဘက်မှ လူ၅ဦး၏ အကြည့်သည် ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
ထို၅ဦးထဲတွင် အစွမ်းအထက်ဆုံးသူမှာ ပိုင်လီထင် ဖြစ်သည်။
သူက ကျန်းချန်ကို မော့ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
"ကျန်းချန်.. မင်း နောက်ဆုံးတော့ ရောက်လာပြီပေါ့.. ၁နှစ်ပြည့်သွားပြီဆိုတော့ ငါ့ရဲ့စိန်ခေါ်မှုကို မင်းလက်ခံသင့်ပြီလို့ မထင်ဘူးလား"
"စိတ်မပူပါနဲ့.. ၁နှစ်ကြာပြီးရင် စိန်ခေါ်မှုကို လက်ခံမယ်လို့ ငါကိုယ်တိုင် ပြောထားပြီးပြီဆိုတော့ ငါကတိပျက်မှာမဟုတ်ဘူး.. ဒါပေမဲ့ ငါက စိန်ခေါ်မှုကို အခမဲ့ လက်ခံဖို့တော့ စိတ်မဝင်စားဘူး.. ငါ့ကိုစိန်ခေါ်ချင်ရင် ကောင်းကင်နဂါး ရမှတ် ၅၀၀၀၀ကို လောင်းကြေးထပ်ရမယ်.. ရှုံးတဲ့လူက ပြိုင်ဘက်ကို ကောင်းကင်နဂါးရမှတ် ၅၀၀၀၀ပေးရမယ်.. မနက်ဖြန် မနက်ပိုင်း တိုက်ခိုက်ရေးကွင်းမှာ ငါစောင့်နေမယ်.. မင်းတို့ သတ္တိရှိရင် လာခဲ့လိုက်"
ကျန်းချန်က ပိုင်လီထင်တို့ ၅ဦးကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
သူ၏ နှုတ်ခမ်းထောင့်က နတ်ဆိုးတစ်ကောင်၏ အပြုံးကဲ့သို့ ကွေးတက်သွားခဲ့သည်။
သူက ခွန်အားကို အလျင်အမြန် တိုးတက်ချင်၍ ကောင်းကင်နဂါးမြို့တော်မှ လစဥ်ဖြန့်ဝေပေးသော အရင်းအမြစ်ပေါ်တွင် အားကိုးခြင်းသည် လုံးဝ မလုံလောက်ပေ။
ထို့ကြောင့် ကျင့်ကြံခြင်း အရင်းအမြစ်များနှင့် လဲလှယ်ရန်အတွက် ကောင်းကင်နဂါးရမှတ်များကို ရရှိရန် လိုအပ်၏။
ဤလူများက ကိုယ်တိုင် တံခါးဝဆီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ သူ့အနေဖြင် ကောင်းကင်နဂါးရမှတ် အချို့ကို ရရှိရန် ကြံဖန်ရလိမ့်မည် မဟုတ်ပါလား။
ပိုင်လီထင်၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ကျန်းချန်က တိုက်ခိုက်ရန်အတွက် ကောင်းကင်နဂါးရမှတ် ၅၀၀၀၀ ကို လောင်းကြေးစားကြေး ပြုလုပ်လာလိမ့်မည်ဟု သူမထင်မှတ်ထားခဲ့ပေ။
သို့သော်လည်း ကျန်းချန်ကို အနိုင်ယူ၍ မာနနဂါးအဆင့်တပည့်အဖြစ် ကျန်းချန်၏ နေရာကို အစားထိုးရန်အတွက် ၁နှစ်ကြာအောင် စောင့်ဆိုင်းခဲ့သည်ဖြစ်ရာ ကောင်းကင်နဂါး ရမှတ် ၅၀၀၀၀ကြောင့်ဖြင့် နောက်ဆုတ်လိမ့်မည် မဟုတ်ပေ။
ကောင်းကင်နဂါးရမှတ် ၅၀၀၀၀သည် သာမန် ပမာဏမဟုတ်သော်လည်း အဆင့်မြင့်တပည့်တစ်ဦး အနေဖြင့် ထိုပမာဏကို တတ်နိုင်ခဲ့သည်။
ပြောနေစရာမလိုလောက်အောင်ပင် သူသာ ကျန်းချန်ကို အနိုင်ရပါက ကျန်းချန်ဆီကနေ ကောင်းကင်နဂါးရမှတ်ကိုလည်း ရရှိနိုင်သေးသည် မဟုတ်ပါလော။
ထို့ကြောင့် ကျန်းချန်နှင့် တိုက်ပွဲက လောင်းကြေးပါနေလျှင်ပင် လက်ခံရန် သူက ဆုံးဖြတ်လိုက်သည်။
"ကောင်းပြီ မင်းရဲ့လောင်းကြေးကို ငါလက်ခံတယ်.. မနက်ဖြန်စိန်ခေါ်ပွဲမှာ တွေ့ကြတာပေါ့"
ထိုစကားကို ပြောပြီးသည်နှင့် ပိုင်လီထင်၏ ပုံရိပ်သည် ဖျတ်ခနဲလက်သွားပြီး ကျန်းချန်၏ ရှေ့ကနေ ပျောက်ကွယ်သွားခဲ့သည်။
"ကျန်းချန် ကောင်းကင်နဂါးရမှတ် ၅၀၀၀၀ကို လောင်းကြေးအဖြစ် အသုံးပြုလိုက်တာနဲ့ ငါတို့တွေ နောက်ဆုတ်သွားမယ်လို့ မင်းမထင်နဲ့.. မင်းမာနနဂါးအဆင့်မှာ ဆက်လက် ရှိမရှိဆိုတာ မနက်ဖြန် ငါတို့တွေ ဆုံးဖြတ်ပေးမယ်"
ကျန်ရှိနေသော ၄ဦးကလည်း အေးစက်စက် ပြုံးလိုက်ပြီး ကျန်းချန်၏ ရှေ့ကနေ ပျောက်ကွယ်သွားခဲ့ကြသည်။
ပိုင်လီထင်တို့၅ဦး ထွက်ခွာသွားပြီး မကြာမီမှာပင် ကျန်းချန်က စိန်ခေါ်မှုကို လက်ခံလိုက်သော သတင်းသည် ကောင်းကင်နဂါးမြို့တော်တွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
"ကျန်းချန်က ပိုင်လီထင်နဲ့ တခြားသူတွေရဲ့ စိန်ခေါ်မှုကို တကယ်ပဲ လက်ခံလိမ့်မယ်လို့ မထင်ထားခဲ့ဘူး ကျန်းချန်က သူ့ရဲ့ မာနနဂါးအဆင့်ကို ထိန်းထားနိုင်လိမ့်မယ်လို့ မင်းထင်လား"
"ပိုင်လီထင်တို့တွေက ဆယ်စုနှစ်များစွာ ကျင့်ကြံခဲ့တဲ့ အဆင့်မြင့်တပည့်တွေပဲ.. သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က ကျန်းချန်ထက် အများကြီး ပိုမြင့်တယ် ဒီလိုအချိန်မှာ ကျန်းချန်အနေနဲ့စိန်ခေါ်မှုကို လက်ခံလိုက်တာက မိုက်မဲတဲ့ ရွေးချယ်မှုပဲ"
"ဒီလိုတော့ ပြောလို့မရဘူး မာနနဂါးအဆင့်တပည့်တွေက သာမန်အတွေးနဲ့ဖော်ပြလို့မရတဲ့မွန်းစတားတွေပဲ မနက်ဖြန်တော့ ပွဲကြီးပွဲကောင်းကြည့်ရပြီထင်တယ်"
"..............."
ကောင်းကင်နဂါးမြို့တော်မှ တပည့်များစွာတို့သည် စိန်ခေါ်ပွဲနှင့် ပတ်သက်သည့် အကြောင်းကို ပြောဆိုနေခဲ့ကြသည်။
အဆင့်မြင့်တပည့်က မာနနဂါးအဆင့် တပည့်ကို စိန်ခေါ်ခြင်းမျိုး ကောင်းကင်နဂါး မြို့တော်တွင် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက မဖြစ်ပေါ်ခဲ့ဖူးပေ။
ကောင်းကင်နဂါးမြို့တော်မှ မရေမတွက်နိုင်သော တပည့်များသည် မနက်ဖြန်တွင် ဖြစ်ပေါ်လာမည့်တိုက်ပွဲအား စောင့်မျှော်နေခဲ့ကြသည်။
နောက်တစ်နေ့ နံနက်စောစောတွင် ကောင်းကင်သည် အနည်းငယ် လင်းနေခဲ့သည်။
ကျန်းချန်သည် ရွှယ်ချင်းရို့တို့နှစ်ဦးနှင့် အတူ ကောင်းကင်နဂါးမြို့တော်ရှိ ကြီးမားသော တိုက်ခိုက်ရေး ကွင်းပြင်တစ်ခု ဆီသို့ ရောက်ရှိလာခဲ့သည်။
သူတို့ ထိုနေရာသို့ ရောက်ရှိလာချိန်တွင် တိုက်ခိုက်ရေးကွင်းပြင်၏ ပတ်ဝန်းကျင်၌ ကောင်းကင်နဂါးမြို့တော်မှ တပည့်များစွာ စုဝေးနေခဲ့ကြပြီဖြစ်၏။
"ဟိုမှာကြည့်စမ်း အဲဒါ ကျန်းချန်ပဲ"
"၁၀ဦးမြောက် မာနနဂါးအဆင့် ကျန်းချန် ရောက်လာပြီဟေ့"
"သူက ကျန်းချန်လား"
"ဟုတ်တယ် ကျန်းချန်က အရမ်းကိုထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်ပဲ.. အဆင့်နိမ့် ပကတိနတ်ဘုရား အဆင့်နဲ့တင် မာနနဂါးအဆင့်တပည့် ဖြစ်လာခဲ့တယ်"
"နှမြောစရာပဲ သူ့အနေနဲ့ အခုအချိန်မှာ စိန်ခေါ်မှုတွေကို လက်မခံသင့်သေးဘူး.. ပိုင်လီထင်နဲ့ တခြားသူတွေက အလယ်အလတ် ပကတိနတ်ဘုရားအဆင့် ကျင့်ကြံသူတွေပဲ.. ဒီတိုက်ပွဲက သူ့အတွက် ခက်ခဲနိုင်တယ်"
"..............."
ကျန်းချန်ထွက်ပေါ်လာသည်နှင့်အတူ အားလုံးသည် တီးတိုးပြောဆိုနေခဲ့ကြသည်။
"မင်းတို့ ဒီမှာပဲ ငါ့ကို စောင့်နေကြ"
ကျန်းချန်က ပတ်ဝန်းကျင်မှ စကားသံများကို လျစ်လျူရှုလိုက်ပြီး ရွှယ်ချင်းရို့နှင့် မုန့်ဖျင်တို့ကို ခပ်တိုးတိုး ပြောလိုက်သည်။
ထို့နောက် သူက တိုက်ခိုက်ရေးကွင်းထဲသို့ ဝင်သွားကာ ခြေချိတ်၍ ထိုင်နေရင်း တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။
ထိုစောင့်ဆိုင်းမှုက ကြာမြင့်ခြင်း မရှိလိုက်ဘဲ ပိုင်လီထင်အပါအဝင် ထိပ်တန်းတပည့် ၅ဦးသည် လေထဲတွင် တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ခန့်ညားသော လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးသည် တိုက်ခိုက်ရေးကွင်းပြင်၏ လေထုထဲတွင် ထွက်ပေါ်လာခဲ့သည်။
"ငါက ဥပဒေစိုးမိုးရေးခန်းမရဲ့ ခန်းမအရှင် လုံရှင်းပဲ.. ဒီနေ့ စိန်ခေါ်ပွဲကို အကဲဖြတ်ဒိုင်အဖြစ် ငါတာဝန်ယူမယ်.. ဒီစိန်ခေါ်ပွဲမှာ အသက်ကို မထိခိုက်သရွေ့ မင်းတို့ကြိုက်သလို တိုက်ခိုက်နိုင်တယ်"
လုံရှင်းက ကျန်းချန်နှင့် ပိုင်လီထင်တို့လူစုကို ဝေ့ကြည့်လိုက်ပြီးနောက်တွင် အချိန်မဖြုန်းတော့ဘဲ တိုက်ရိုက်ပင် ကြေညာလိုက်သည်။
"အခု ငါတို့ ပထမဆုံးစိန်ခေါ်ပွဲကို စလိုက်ကြစို့"
"အဆင့်မြင့်တပည့်လုံချီ.. မာနနဂါးအဆင့်တပည့် ကျန်းချန်ကို စိန်ခေါ်ဖို့အတွက် တိုက်ခိုက်ရေးကွင်းထဲကို လာခဲ့ပေးပါ"
လုံရှင်း၏ စကားသံ အဆုံးသတ်သည်နှင့် တစ်ပြိုင်နက် ခန္ဓာကိုယ်ထွားကျိုင်းသော ရွှေရောင်ဆံပင်နှင့် လူငယ်လေးတစ်ဦးသည် လေထဲကနေ ကျန်းချန်၏ ရှေ့သို့ တိုက်ရိုက်ပင် ဆင်းသက်လာခဲ့သည်။
"ငါက အဆင့်မြင့်တပည့် လုံချီပါ.. ငါ့ကိုသင်ကြားပြသပေးပါဦး"
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံသည် ကျန်းချန်၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။
ဤအချိန်တွင် တိုက်ခိုက်ရေးကွင်းပြင်ပတ်ဝန်းကျင်ရှိ လူတိုင်း၏ အကြည့်သည် ကျန်းချန်တို့နှစ်ဦးအပေါ်သို့ ကျရောက်နေခဲ့ကြသည်။
လုံချီသည် ကောင်းကင်နဂါးမြို့တော်၏ အဆင့်မြင့်တပည့်များထဲတွင် တတိယအဆင့်၌ ရှိသူဖြစ်ပြီး ရှေးဟောင်းနဂါးမျိုးနွယ်စုကနေ ဆင်းသက်လာသူတစ်ဦးလည်းဖြစ်သည်။
သူ၏ကျင့်ကြံခြင်းအဆင့်သည် အလယ်အလတ်ပကတိနတ်ဘုရားအဆင့်ကို ထိုးဖောက်ပြီးပြီဖြစ်၏။
၁၀ယောက်မြောက် မာနနဂါးအဆင့်တပည့်ကျန်းချန်က သူ၏ကျင့်ကြံခြင်းအဆင့်ထက် တစ်ဆင့်မြင့်သော လုံချီကို ရင်ဆိုင်နိုင်မနိုင် လူတိုင်းသည် သိချင်နေခဲ့ကြသည်။
ကျန်းချန်ကို စိန်ခေါ်ခဲ့သော ပိုင်လီထင် အပါအဝင် ကျန်၄ဦး၏ အကြည့်သည်လည်း တိုက်ခိုက်ရေးကွင်းပေါ်သို့သာ ရောက်ရှိနေခဲ့သည်။
လုံချီက ကျန်းချန်ကို ပထမဆုံး စိန်ခေါ်ခဲ့သော်လည်း သူတို့သည် မာနနဂါးအဆင့် တပည့်အဆင့်အတန်းကို လုံချီက လုယူသွားမည်အား စိတ်ပူစရာမရှိပေ။
သူတို့၅ဦးလုံးက ကျန်းချန်ကို စိန်ခေါ်ခဲ့ခြင်းဖြစ်၍ ကျန်းချန်က ရှုံးနိမ့်ခဲ့လျှင်ပင် သူတို့သည် စည်းကမ်းအရ အနိုင်ရသူကို ဆက်လက် စိန်ခေါ်နိုင်မည် ဖြစ်၏။
ဆိုရလျှင် ယနေ့ သူတို့၆ဦးထဲတွင် အသန်မားဆုံးသူ တစ်ဦးသာ မာနနဂါးအဆင့်တပည့် ဖြစ်လာနိုင်ပေသည်။
"စတိုက်ပါ"
ကျန်းချန်က တင်ပျဥ်ခွေ၍ ထိုင်နေရင်း လုံချီကို တည်ငြိမ်စွာကြည့်လိုက်သည်။
သူက ထိုင်နေရာမှ ထရပ်ရန် လုံးဝ ရည်ရွယ်ချက်မရှိပေ။
ကျန်းချန်က သူ့ကို ဤမျှအထိ အထင်သေးနေသည်ကိုမြင်လျှင် လုံချီ၏ မျက်ဝန်းထဲ၌ ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။
"ကျန်းချန် မင်းက ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ"
လုံချီက ဒေါသတကြီး ကြုံးဝါးလိုက်သည်။
ချက်ချင်းဆိုသလို သူ၏ခန္ဓာကိုယ်ကနေ ရွှေရောင်အလင်းများထွက်ပေါ်လာခဲ့ကာ ဧရာမ ရွှေရောင်လက်သီး အဖြစ် ပြောင်းလဲသွားပြီး ကျန်းချန်ဆီသို့ တိုက်ရိုက်ပင် သက်ရောက်လာခဲ့၏။
အခန်း(၁၅၅၅)ပြီး၏။
အခန်း(၁၅၅၆)
ကျန်းချန်က အရေးမစိုက်သော အမူအရာဖြင့် သူ၏လက်ကိုဆန့်ထုတ်ကာ ရွှေရောင်လက်သီးကို ထိပ်တိုက်ရင်ဆိုင်လိုက်၏။
"ဝုန်း.."
ရွှေရောင်လက်သီးက ရုတ်တရက် ပြိုပျက်သွားခဲ့ပြီး လုံချီ၏ ပုံရိပ်သည်လည်း ပေအနည်းငယ် အကွာအဝေးအထိ နောက်ဆုတ်လိုက်ရသည်။
ဤမြင်ကွင်းကိုမြင်လျှင် တိုက်ပွဲကွင်းပြင် ပတ်ဝန်းကျင်ရှိ တပည့်များစွာသည် ချက်ချင်းဆိုသလိုပင် အံ့အားသင့်သွားခဲ့ကြသည်။
ကျန်းချန်က မလှုပ်မယှက် တင်ပျဥ်ခွေ၍ ထိုင်နေရင်းဖြင့် သူ့ထက် ကျင့်ကြံခြင်း အဆင့် တစ်ဆင့် ပိုမြင့်သော လုံချီကို အလွယ်တကူပင် နောက်ဆုတ်အောင် လုပ်နိုင်ခဲ့သူမဟုတ်ပါလော။
၁၀ယောက်မြောက် မာနနဂါးအဆင့်တပည့်သည် အမှန်တကယ်ပင် သာမန်မဟုတ်ပေ။
"မင်းက ငါ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး အရမ်းအားနည်းလွန်းတယ်"
ကျန်းချန်က လုံချီကို တစ်ကွက်တည်းဖြင့် နောက်ဆုတ်အောင် လုပ်ဆောင်ပြီးနောက်တွင် ခေါင်းခါရမ်းကာပြောလိုက်သည်။
"ငါအချိန်မဖြုန်းချင်ဘူး.. မင်းတို့ အားလုံးကို တစ်ခါတည်း တက်လာဖို့အခွင့်အရေးပေးမယ်"
"ဟမ့် ကျန်းချန် ငါ့ရှေ့မှာ စကားကြီး စကားကျယ်တွေ လာမပြောစမ်းနဲ့.. မင်းတို့အနိုင်ယူဖို့ အတွက် ငါတစ်ယောက်တည်းနဲ့လုံလောက်တယ်"
ကျန်းချန်ထံမှ သူ့ကို လုံးဝ အရေးမထားသောစကားကို ကြားလျှင် လုံချီ၏ မျက်ဝန်းတွင် အေးစက်သော အလင်းတန်းတစ်ခုသည် ရုတ်တရက် ယှက်သန်းသွားခဲ့သည်။
မကြာမီမှာပင် ရွှေရောင်နဂါးပုံရိပ်ရောင်သည် သူ၏ နောက်ကျောဘက်တွင် ချက်ချင်းဆိုသလို သိပ်သည်းလာခဲ့သည်။
ယင်းနောက်တွင် ကျယ်လောင်သော နဂါးဟိန်းသံသည် ကောင်းကင်ယံတစ်ခုလုံးတွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။
လုံချီက ကြောက်မက်ဖွယ် နဂါးစွမ်းအားများကို ထုတ်လွှတ်နေသော ပုံရိပ်ယောင် ရွှေနဂါးကို တိုက်ရိုက် ထိန်းချုပ်ကာ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
ကျန်းချန်၏ အလွန်အမင်း အထင်သေးခြင်းကို ခံရပြီးနောက်တွင် လုံချီသည် လုံးဝ တုံ့ဆိုင်းမနေတော့ဘဲ သူ၏ နတ်ခန္ဓာပုံရိပ်ကို မဆိုင်းမတွပင် ထုတ်ဖော်လိုက်သည်။
ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့်ပင် သူ၏ လက်ဖဝါးကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။
ထိုအခါ ၆ရောင်ခြယ် ဓားအလင်းသည် အချိန်နှင့် နေရာလွတ်ကို ဖြတ်ကျော်သွားခဲ့ပြီး ပုံရိပ်ယောင်ရွှေနဂါး ဆီသို့ ချက်ချင်းဆိုသလို ရောက်ရှိလာခဲ့သည်။
၆ရောင်ခြယ် ဓားအလင်းက ပုံရိပ်ယောင်ရွှေနဂါး၏ ကိုယ်ပေါ်သို့ ကျရောက်လာသည်နှင့် တစ်ပြိုင်နက် ပဲပြားကို လှီးဖြတ်လိုက်သကဲ့သို့ပင် ပုံရိပ်ယောင် ရွှေနဂါးသည် ပိုင်းဖြတ်ခံလိုက်ရသည်။
ပုံရိပ်ယောင် ရွှေနဂါးကို ပိုင်းဖြတ်ပြီးနောက်တွင် ၆ရောင်ခြယ်ဓားအလင်း၏ စွမ်းအားသည် မလျော့ကျသေးပေ။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
သူ၏ နတ်ခန္ဓာပုံရိပ်အား ကျန်းချန်က ဤမျှအထိ အလွယ်တကူ ဖြိုခွဲနိုင်သည်ကိုမြင်လျှင် လုံချီသည် အလွန်တရာ ထိတ်လန့်သွားခဲ့သည်။
သို့ရာတွင် ၆ရောင်ခြယ်ဓားအလင်းက သူ့ဆီသို့ ဝင်ရောက်လာပြီ ဖြစ်ရာ တွေးတောနေရန် အချိန်မရှိတော့၍ ကိုယ်ခံပညာဥပဒေသနှင့် နတ်စွမ်းအားများကို အလျင်အမြန် လှုံ့ဆော်ပြီး ရွှေရောင်အလင်းများဖြင့် တောက်ပနေသော ပကတိနတ်ဘုရား ကမ္ဘာငယ်လေးတစ်ခုကို သိပ်သည်းစေလိုက်ကာ ကျန်းချန်၏ ၆ရောင်ခြယ် ဓားအလင်းကို ရင်ဆိုင်လိုက်သည်။
မည်သို့ပင်ဖြစ်စေကာမူ ကျန်းချန်၏ ၆ရောင်ခြယ် ဓားအလင်းတွင် တတိယအဆင့်ကို ရောက်ရှိနေသည့် ဥပဒေသ ၆မျိုး၏စွမ်းအား ပါရှိနေခဲ့သည်။
သူ၏ ဓားအလင်းကို ကိုယ်ခံပညာဥပဒေသ ၆မျိုး၏ စွမ်းအားကို သိပ်သည်းထားသည်ဖြစ်ရာ လုံချီက အလွယ်တကူ မခုခံနိုင်ခဲ့ပေ။
"ဝုန်း.."
ကျယ်လောင်သောပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက်တွင် လုံချီ၏ ပကတိနတ်ဘုရား ကမ္ဘာငယ်လေးသည် ၆ရောင်ခြယ်ဓားလက်ချက်ဖြင့် ပြိုကွဲသွားခဲ့သည်။
"ဖူး.."
လုံချီ၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး လည်ချောင်းတွင်လည်း ချိုမြသော ခံစားချက်ကို ခံစားလိုက်ရကာ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီး ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း ပေရာပေါင်းများစွာ အကွာအဝေးအထိ လွင့်ထွက်သွားခဲ့သည်။
ထို့နောက်တွင် လုံချီ၏ ကျန်းချန်ကို ကြည့်နေသော အကြည့်၌ မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ဤအချိန်တွင် ပတ်ဝန်းကျင် တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။
တိုက်ခိုက်ရေးကွင်းပေါ်ရှိ အခြေအနေကို ကြည့်ရင်း လူတိုင်းသည် အသက်ရှူဖို့ပင် မေ့လျော့နေခဲ့ကြသည်။
၁၀ယောက်မြောက် မာနနဂါးအဆင့် တပည့်သည် တင်ပျဥ်ခွေ၍ ထိုင်နေရင်းကပင် သူ့ထက် ကျင့်ကြံခြင်းအဆင့် တစ်ဆင့်ပိုမြင့်သော လုံချီကို အလွယ်တကူ အနိုင်ယူလိုက်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။
"ကျန်းချန်က လုံချီကို ဒီလောက်အထိ အလွယ်တကူ အနိုင်ယူနိုင်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. မာနနဂါးအဆင့် တပည့်က တကယ်ကို သာမန်ပေတံနဲ့ တိုင်းတာလို့မရတဲ့ မွန်းစတားတစ်ကောင်ပဲ.. ဒီနေ့ကျန်းချန်ရဲ့ မာနနဂါးအဆင့် တပည့် ဆိုတဲ့ ရာထူးကို ဘယ်သူမှ မလုယူနိုင်တော့ဘူးထင်တယ်"
"............."
လူတိုင်းသည် သူတို့ရှေ့မှ မြင်ကွင်းကိုကြည့်ကာ အချိန်အတော်ကြာ မှင်တက်နေခဲ့ကြသည်။
ထို့နောက် သတိပြန်ဝင်လာပြီးနောက်တွင် ခေါင်းခါရမ်းကာ ရေရွတ်လိုက်ကြ၏။
လုံချီသည် ကောင်းကင်နဂါးမြို့တော်၏ အဆင့်မြင့်တပည့်များထဲတွင် တတိယမြောက် အစွမ်းအထက်ဆုံးတပည့် ဖြစ်ပြီး ပထမနေရာတွင် ရှိသည့် ပိုင်လီထင်နှင့် အရည်အချင်း သိပ်မကွာခြားပေ။
ထိုကဲ့သို့သော သူကိုပင် ကျန်းချန်က အလွယ်တကူ အနိုင်ယူခဲ့ရာ ပိုင်လီထင်လည်း ကျန်းချန်၏ ပြိုင်ဘက် လုံးဝဖြစ်နိုင်တော့မည်မဟုတ်ပေ။
"ဒီကောင်လေးက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာနေရာတာလဲ"
ပိုင်လီထင်၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
ပိုင်လီထင်သည် လုံချီ၏ ခွန်အားနှင့် ပတ်သက်၍ အလွန်ပင် ရှင်းရှင်းလင်းလင်း သိထားခဲ့သည်။
သူသာဆိုလျှင် လုံချီကို အနိုင်ယူရန်အတွက် များစွာ အားစိုက်ထုတ်ရလိမ့်မည် ဖြစ်၏။
သို့သော်လည်း ကျန်းချန်ကမူ လုံချီကို အသာအယာပင် အနိုင်ယူလိုက်သည်။
"အဆင့်နိမ့် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်က အလယ်အလတ် ပကတိနတ်ဘုရားကို ဒီလောက်ထိအပြတ်အသတ် အနိုင်ယူလိုက်တယ်လား"
လူတိုင်းသည် သူတို့ရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ကြသည်။
တိုက်ခိုက်ရေး ကွင်းပြင်ပေါ်တွင် ကျန်းချန်သည် တင်ပျဥ်ခွေ၍ ထိုင်နေရာကနေ ဖြည်းညင်းစွာ ထရပ်လိုက်ပြီး လုံချီကို စေ့စေ့ကြည့်လိုက်သည်။
"မင်းရှုံးပြီ.. ကောင်းကင်နဂါး ရမှတ် ၅၀၀၀၀ကို ထားခဲ့ပြီး ထွက်သွားလိုက်တော့"
"မင်းက မာနနဂါးအဆင့်နဲ့ တကယ်ကို ထိုက်တန်ပါပေတယ်.. ငါအရှုံးပေးတယ်"
လုံချီက ခါးသီးစွာ ပြုံးလိုက်သည်။
ကျန်းချန်က သူ၏ နတ်ခန္ဓာပုံရိပ်နှင့် ပကတိနတ်ဘုရား ကမ္ဘာငယ်လေးကို အနိုင်ယူခဲ့ပြီး သူ့ကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့သည်။
ထို့အပြင် ကျန်းချန်သည် အစောပိုင်းက တိုက်ခိုက်မှုတွင် ခွန်အား အပြည့်အဝကို အသုံးမပြုခဲ့ကြောင်း သူ ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။
ဤကဲ့သို့သော ပါရမီရှင်သည် သူ လက်လှမ်းမမီနိုင်သော ပုဂ္ဂိုလ် ဖြစ်သည်။
ကျန်းချန်သည် အဆင့်နိမ့် ပကတိနတ်ဘုရား အဆင့်ဖြင့် မာနနဂါးအဆင့်တပည့် အဖြစ် ရာထူးတိုးမြှင့်ခံရသော မွန်းစတားတစ်ကောင် ဖြစ်ရုံသာမက တိုက်ခိုက်ရေးစွမ်းရည်သည်လည်း အဆင့်မြင့် တပည့်များစွာထက်ပင် များစွာ ပို၍ မြင့်မား၏။
သူက ချက်ချင်းဆိုသလိုပင် ကျန်းချန်၏ ကိုယ်ပိုင်တံဆိပ်ပြားထဲသို့ ကောင်းကင်နဂါး ရမှတ် ၅၀၀၀၀ကို တိုက်ရိုက်ပင်လွှဲပြောင်းပေးလိုက်ပြီး ချာခနဲလှည့်ကာ တိုက်ခိုက်ရေးကွင်းပြင်ကနေ ထွက်ခွာသွားခဲ့သည်။
"ပထမဆုံးစိန်ခေါ်ပွဲမှာ ကျန်းချန် အနိုင်ရပါတယ်"
လေထုထဲရှိ ဥပဒေစိုးမိုးရေး ခန်းမသခင် လုံရှင်းသည် တိုက်ပွဲ၏ ရလဒ်ကို တိုက်ရိုက်ပင် ကြေညာလိုက်သည်။
ထို့နောက် သူက ချက်ချင်းဆိုသလို ကျန်းချန်ကို ပြုံးကာ ပြောလိုက်သည်။
"ကျန်းချန် နာရီဝက်အနားယူဖို့ အချိန်ရမယ်.. ဒုတိယမြောက် စိန်ခေါ်ပွဲအတွက် ပြင်ဆင်ထားပါ"
"ခန်းမသခင်လုံရှင်း ဒီလောက်အထိ စိတ်ရှုပ်မခံပါနဲ့.. ကျွန်တော် အနားယူဖို့ မလိုပါဘူး"
ကျန်းချန်က ပိုင်လီထင် တို့ကို တစ်ချက်လှမ်းကြည့်ပြီးနောက်တွင် လုံရှင်းကို တည်ငြိမ်စွာပြောလိုက်သည်။
"တစ်ယောက်ချင်းစီဆိုရင် အချိန်ကုန်တယ်.. အကြီးအကဲ သူတို့အားလုံးကို အတူတူ တက်လာခိုင်းလိုက်ပါ"
ထိုစကားကို ကြားလျှင် လုံရှင်းသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
"ကျန်းချန် မင်းသေချာရဲ့လား"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"ကျွန်တော်က ခန်းမသခင်ကို စနောက်စရာလား"
"ကောင်းပြီ"
လုံရှင်းက ခေါင်းညိတ်လိုက်ပြီး ချက်ချင်းဆိုသလို ပိုင်လီထင်တို့ ၄ဦးဆီသို့ အကြည့်လွှဲသွားခဲ့သည်။
"ကျန်းချန်က မင်းတို့ကို အတူတူ တိုက်ခိုင်းစေချင်တယ်.. မင်းတို့ ဘာပြောစရာရှိလဲ"
ပိုင်လီထင်က သူ့နံဘေးရှိ လူသုံးဦးကို ကြည့်လိုက်ပြီး ချက်ချင်းဆိုသလိုပင် တိုက်ခိုက်ရေးကွင်းထဲသို့ ဝင်ရောက်လာခဲ့သည်။
"ကျန်းချန် မင်းက အရမ်းသန်မာတယ်ဆိုတာ ငါဝန်ခံပါတယ်.. ငါတစ်ယောက်တည်း ဆိုရင်တော့ ငါက မင်းရဲ့ပြိုင်ဘက် မဖြစ်နိုင်ဘူး ဒါပေမဲ့မင်းက ငါတို့ကို ၄ယောက် ၁ယောက် စိန်ခေါ်ဖို့ကြံရွယ်ခဲ့တယ်.. ဒါက မင်းအနေနဲ့ ကိုယ့်သေတွင်းကိုယ်တူးလိုက်တာပဲ"
ပိုင်လီထင်က ကျန်းချန်ကို ခပ်တင်းတင်း စိုက်ကြည့်လိုက်ပြီးနောက်တွင် မဲ့ပြုံးပြုံးလိုက်သည်။
ကောင်းကင်နဂါးမြို့တော်တွင် စိန်ခေါ်ပွဲအတွက် လျှောက်လွှာတင်ပြီးလျှင် ပြန်လည်ရုတ်သိမ်း၍ မရပေ။
ထို့ကြောင့် ယနေ့တွင် သူတို့သည် ကျန်းချန်နှင့်စိန်ခေါ်ပွဲကို ရှောင်လွှဲ၍ မရချေ။
မူလက ပိုင်လီထင်သည် ကျန်းချန်က လုံချီကို အလွယ်တကူ အနိုင်ရခဲ့သည်အား မြင်လျှင် ကျန်းချန်ကို အနိုင်ယူလိမ့်မည်ဟု ယုံကြည်မှုမရှိခဲ့ပေ။
သို့သော်လည်း ကျန်းချန်သည် သူတို့၄ဦးလုံးကို အတူတကွ တက်လာရန် စိန်ခေါ်ခဲ့၏။
သူတို့၄ဦးစလုံးသည် အဆင့်မြင့် တပည့်များဖြစ်ပြီး ကျင့်ကြံခြင်းအဆင့်သည် အလယ်အလတ် ပကတိနတ်ဘုရားအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူတို့၄ဦးစလုံးသာ ပူးပေါင်းလိုက်မည် ဆိုလျှင် အဆင့်နိမ့်ပကတိနတ်ဘုရားအဆင့်သာဖြစ်သော ကျန်းချန်ကို ရင်မဆိုင်နိုင်စရာ အကြောင်းမရှိပေ။
ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာ မတ်တတ်ရပ်နေခဲ့သည်။
သူ၏ မောက်မာသောအသံသည် တိုက်ခိုက်ရေးကွင်းပြင်၏ အထက်တွင် တိုက်ရိုက်ပဲ့တင်ထပ်သွားခဲ့၏။
"အပိုစကားတွေမပြောဘဲ တက်လာခဲ့တော့.. မင်းတို့တွေ ငါ့ရဲ့ ဓားကွက် တစ်ကွက်ကို ခုခံနိုင်ရင်တောင် ဒီတိုက်ပွဲကို ငါအရှုံးပေးလိုက်မယ်"
အခန်း(၁၅၅၆)ပြီး၏။
အခန်း(၁၅၅၇)
"ငါ့ရဲ ဓားကွက်တစ်ကွက်ကို ခုခံနိုင်ရင်တောင် တိုက်ပွဲကို ငါအရှုံးပေးလိုက်မယ်"
ကျန်းချန်၏ အလွန်တရာ မောက်မာသောစကားကို ကြားလျှင် လူတိုင်းသည် အသက်မရှူဘဲ မနေနိုင်ကြတော့ပေ။
ပိုင်လီထင်တို့၄ဦးသည် ကောင်းကင်နဂါးမြို့တော်၏ အဆင့်မြင့်တပည့်များ ဖြစ်ကြပြီး သူတို့၏ ကျင့်ကြံခြင်းအဆင့်လည် အလယ်အလတ် ပကတိနတ်ဘုရားအဆင့်ကို ထိုးဖောက်ပြီးပြီ ဖြစ်၏။
ထို့အပြင် သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်သည် သာမန်အလယ်အလတ် ပကတိနတ်ဘုရားများထက် များစွာပို၍ အားကောင်းသည်။
အထူးသဖြင့် ပိုင်လီထင်၏ ကျင့်ကြံခြင်းအဆင့်သည် အလယ်အလတ် ပကတိနတ်ဘုရား အလယ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် အဆင့်မြင့် ပကတိနတ်ဘုရားများထက် မနိမ့်ကျပေ။
ထို၄ဦးသာ ပူးပေါင်းလိုက်လျှင် အဆင့်မြင့် ပကတိနတ်ဘုရားများပင် ရှုံးနိမ့်သွားနိုင်ပေသည်။
သို့သော်လည်း ကျန်းချန်သည် ပိုင်လီထင်တို့ ၄ဦးကို ဓားကွက်တစ်ကွက်တည်းဖြင့် အနိုင်ယူပြမည်ဟု ကြုံးဝါးနေခဲ့သည်။
"ကျန်းချန် မင်းသိပ်ပြီး မာန်တက်မနေနဲ့"
ကျန်းချန်က သူတို့ကို ဤမျှလောက်အထိ အထင်သေးသည်အားမြင်လျှင် ပိုင်လီထင်တို့ ၄ဦးသည် ဒေါသများ ထွက်လာခဲ့ပြီး မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းများ ဖြစ်ပေါ်လာခဲ့သည်။
ပိုင်လီထင်က မဲ့ပြုံးပြုံးလိုက်ပြီး အေးစက်စက် ရေရွတ်လိုက်သည်။
"ကျန်းချန် ငါတို့ရှေ့မှာ လေလုံးထွားမနေနဲ့.. မင်းငါတို့ ၄ယောက်ကို ဓားကွက် တစ်ကွက်တည်းနဲ့ ဘယ်လို အနိုင်ယူမလဲဆိုတာ ငါကြည့်ချင်သေးတယ်"
"ဒါဆိုလည်း မင်းတို့ရဲ့မျက်လုံးကို ပြုူးနေအောင် ဖွင့်ထားလိုက်တော့"
စကားဆုံးသည်နှင့် ကျန်းချန်က ကိုယ်ခံပညာဥပဒေသ၇မျိုး၏ စွမ်းအားကို ပေါင်းစပ်လိုက်ပြီး ဟန်ယွမ်ဓားအဖြစ်သို့ ပြောင်းလဲလိုက်သည်။
ထို့နောက်တွင် ကျန်းချန်က ဟန်ယွမ်ဓားကို လက်ထဲတွင် ကိုင်စွဲထားရင်း ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် သက်တန့်ရောင် ဓားစွမ်းအင်သည် ကြောက်မက်ဖွယ်ခွန်အားဖြင့် ထွက်ပေါ်လာခဲ့သည်။
ထိုဓားချက်တွင် ကျန်းချန်သည် တတိယအဆင့်ကို ရောက်ရှိနေသည့် ဥပဒေသ၆မျိုးနှင့် ဒုတိယအဆင့်ကို ရောက်ရှိနေသည့် ဥပဒေသ ၁မျိုး၏ စွမ်းအားကို သိပ်သည်းထားခဲ့ရာ ယခင်ကထက် ၁၀ဆပို၍ အားကောင်းနေခဲ့သည်။
သက်တန့်ရောင် ဓားအလင်းက ကောင်းကင်တစ်ခုလုံးကို ဖြတ်ကျော်လာခဲ့၏။
ထိုဓားအလင်း၏ လွှမ်းခြုံမှုအောက်တွင် ပိုင်လီထင်တို့ ၄ဦးသည် သူတို့၏ ခန္ဓာကိုယ်များ အေးစက်လာသည်ဟုပင် ခံစားခဲ့ရ၏။
မရေမတွက်နိုင်သော အပ်များက သူတို့၏ ခန္ဓာကိုယ်တွင် စူးဝင်သွားသကဲ့သို့ သူတို့၏ နှလုံးသားတွင် အန္တရာယ်ရှိသောခံစားချက်ကို အလိုအလျောက် ခံစားမိခဲ့သည်။
"အတူတူ တိုက်ခိုက်ကြမယ်"
သက်တန့်ရောင်ဓားအလင်း၏ ကြောက်မက်ဖွယ် အရှိန်အဝါကိုခံစားမိလျှင် ပိုင်လီထင်သည် သူ၏နံဘေးရှိ လူ၃ဦးကို အလျင်အမြန် အော်ဟစ်လိုက်သည်။
ထို့နောက်တွင် အလယ်အလတ် ပကတိနတ်ဘုရား ၄ဦး၏ စွမ်းအင်သည် တိုက်ခိုက်ရေးကွင်းထဲတွင် ပေါက်ကွဲထွက်လာခဲ့သည်။
ကျန်းချန်၏ ကြောက်မက်ဖွယ်ရာကောင်းသော ဓားချက်နှင့် ရင်ဆိုင်ရာတွင် ပိုင်လီထင်သည် လုံးဝ မပေ့ါလျော့ဝံ့ပေ။
သူတို့၄ယောက်လုံးက သူတို့၏ နတ်စွမ်းအားနှင့် ကိုယ်ခံပညာဥပဒေသများကို အစွမ်းကုန် လှုံ့ဆော်ကာ ပကတိနတ်ဘုရားကမ္ဘာငယ်လေး အဖြစ်သို့ သိပ်သည်းလိုက်ပြီး ကျန်းချန်၏ သက်တန့်ရောင်ဓားအလင်းနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
"ဝုန်း..ဝုန်း..ဝုန်း.."
ကျယ်လောင်သော ပေါက်ကွဲသံက လေထုထဲတွင် ပဲ့တင်ထပ်လာခဲ့ပြီး နေရာလွတ်များပင် တုန်ခါနေခဲ့ကာ အမျိုးမျိုးသောစွမ်းအင်များ ရောနှောနေသည့် ပျက်စီးခြင်း စွမ်းအင်မုန်တိုင်း တစ်ခုသည်လည်း တိုက်ခိုက်ရေးကွင်းပြင် တစ်ခုလုံးကို ချက်ချင်းပင် တိုက်ခတ်သွားခဲ့သည်။
တိုက်ခိုက်ရေးကွင်းပြင်၏ အထက်ရှိ အကာအကွယ်အတားအဆီးပင်လျှင် ပျက်စီးခြင်းမုန်တိုင်း စွမ်းအင်၏ ရိုက်ခတ်မှုအောက်တွင် အတော်လေး ပုံပျက်သွားခဲ့၏။
ထိုမြင်ကွင်းကိုမြင်လျှင် စိန်ခေါ်ပွဲကို တာဝန်ယူကိုင်တွယ်နေသော လုံရှင်း၏ မျက်နှာအမူအရာသည် အနည်းငယ်ပြောင်းလဲသွားခဲ့သည်။
သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး ကမ္ဘာ့စွမ်းအားကို အကာအကွယ် အတားအဆီးထဲသို့ ထည့်သွင်းလိုက်ရာ အကာအကွယ် အတားအဆီးသည် ပြန်လည် တည်ငြိမ်သွားခဲ့သည်။
တိုက်ခိုက်ရေးကွင်းထဲတွင် ပိုင်လီထင်တို့ ၄ဦး၏ ပကတိနတ်ဘုရား ကမ္ဘာငယ်လေးသည် သက်တန့်ရောင် ဓားအလင်းအောက်တွင် တစ်ခဏမျှသာ တည်ရှိနိုင်ခဲ့ပြီး အဆုံးသတ်တွင် တစစီ ပြိုကွဲသွားခဲ့သည်။
သူတို့၏ ပကတိနတ်ဘုရား ကမ္ဘာငယ်လေးက တစ်ခဏအတွင်း ပျက်စီးသွားခဲ့ပြီးနောက်တွင် ပိုင်လီထင်တို့၄ဦး၏ မျက်နှာသည် ရုတ်တရက် ဖြူဖျော့သွားခဲ့ပြီး ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ကာ ခန္ဓာကိုယ်တစ်ခုလုံးသည် ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် နောက်ပြန်လွင့်စင်သွားခဲ့သည်။
သူတို့ ၄ဦးစလုံးက လေထဲတွင် ပေထောင်ချီ အကွာအဝေးအထိ နောက်ပြန်လွင့်စင်သွားခဲ့ပြီး အဆုံးသတ်တွင် တိုက်ခိုက်ရေးကွင်းပြင် ပတ်ပတ်လည်ရှိ အတားအဆီးပေါ်သို့ ပြင်းထန်စွာ ဝင်ဆောင့်မိသွားခဲ့သည်။
ဤအချိန်တွင် တိုက်ခိုက်ရေးကွင်းပြင်၏ ပတ်ဝန်းကျင်တစ်ခုလုံးသည် တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။
လူတိုင်းသည် တိုက်ခိုက်ရေးကွင်းပြင် အလယ်တွင် ဝင့်ကြွားစွာ မတ်တတ်ရပ်နေသော ကျန်းချန်ကို ကြည့်နေခဲ့ကြပြီး သူတို့၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့အားသင့်သော အမူအရာများ ရှိနေခဲ့၏။
ဤကောင်လေးသည် ပိုင်လီထင် အပါအဝင် အဆင့်မြင့်တပည့်၄ဦးကို ဓားကွက်တစ်ကွက်တည်းဖြင့်ပင် အနိုင်ယူခဲ့သည်။
ထိုကဲ့သို့သော ခွန်အားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာကောင်းလွန်းလှ၏။
ဤအချိန်တွင် သူတို့သည် မာနနဂါးအဆင့် တပည့်ကို မယှဥ်နိုင်ကြောင်း ဝန်ခံရပေတော့မည်။
ကောင်းကင်နဂါးမြို့တော်၏ သမိုင်းတွင် အဆင့်မြင့်တပည့်များသည် မာနနဂါးအဆင့် တပည့်များကို စိန်ခေါ် တိုက်ခိုက်ခဲ့သော်လည်း အောင်မြင်မှု လုံးဝ မရရှိခဲ့သည်မှာ မထူးဆန်းတော့ပေ။
လွန်ခဲ့သော ၁နှစ်က မာနနဂါးအဆင့် အဖြစ် ရာထူးတိုးမြှင့်ခံရသူကိုပင် သူတို့သည် အနိုင်မယူနိုင်ခဲ့ချေ။
"ဒီကောင်လေးက တကယ်ကို မွန်းစတားပဲ"
အောက်ဘက်ရှိ တိုက်ခိုက်ရေးကွင်းမှ အခြေအနေကို ကြည့်ရင်း ကောင်းကင်နဂါးမြို့တော်၏ ဥပဒေစိုးမိုးရေးခန်းမသခင် လုံရှင်းပင်လျှင် အံ့သြထိတ်လန့်မှုကနေ ပြန်လည်သက်သာလာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
ကျန်းချန်သည် ကောင်းကင်နဂါးနန်းတော်တွင် အသက်ရှူကြိမ် ၃၀ကြိမ်ကျော်အထိ ခံနိုင်ရည်ရှိခဲ့၍ ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်သည် သာမန် အဆင့်မြင့် ပကတိနတ်ဘုရားများကို ရင်ဆိုင်နိုင်မည်မှာ သေချာသလောက် ဖြစ်သည်။
ဆိုရလျှင် အဆင့်နိမ့် နတ်ဘုရားတစ်ပါးသည် ကောင်းကင်နဂါးနန်းတော်၏ အသက်ရှူကြိမ် ၃၀ကြိမ်မြောက်တွင် အဆင့်မြင့် ပကတိနတ်ဘုရားနှင့် နှိုင်းယှဥ်နိုင်သော ပြိုင်ဘက်ကို ရင်ဆိုင်ခဲ့ရ၏။
ထို့ကြောင့် လုံရှင်းသည် ကျန်းချန်ထံတွင် ပိုင်လီထင်နှင့် အခြားသော အဆင့်မြင့်တပည့်များကို တိုက်ခိုက်ရန် အရည်အချင်း ရှိကြောင်း သံသယမရှိခဲ့ပေ။
သို့သော်လည်း ကျန်းချန်က ပိုင်လီထင်တို့ ၄ဦးကို ဓားတစ်ကွက်တည်းဖြင့် အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
မှန်ပါသည်၊လုံရှင်းကို ပို၍ပင် ထိတ်လန့်စေသည်မှာ ကျန်းချန် အစောပိုင်းက ထုတ်ဖော်ခဲ့သော ဓားချက်တွင် ပါဝင်သည့် ဥပဒေသစွမ်းအား ဖြစ်သည်။
သူ၏မြင်နိုင်စွမ်းအရ ကျန်းချန် အစောပိုင်းက ထုတ်ဖော်ခဲ့သောဓားချက်တွင် ကိုယ်ခံပညာ ဥပဒေသ၇မျိုး ပါဝင်နေသည်ကို မြင်နိုင်ရန် မခက်ခဲပေ။
ထို့အပြင် ထိုကိုယ်ခံပညာ ဥပဒေ၇မျိုး ထဲတွင် ၆မျိုးသည် တတိယအဆင့်သို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
အဆင့်နိမ့်ပကတိနတ်ဘုရားအဆင့် အသက်၃၀အောက် ကောင်လေး တစ်ဦးသည် ကိုယ်ခံပညာ ဥပဒေသ၆မျိုးကို တစ်ချိန်တည်းမှာပင် ကျင့်ကြံခဲ့ပြီး ကိုယ်ခံပညာ ဥပဒေသတစ်ခုချင်းစီသည် အဆင့်မြင့် ပကတိနတ်ဘုရား များစွာ မရောက်ရှိနိုင်သော နယ်ပယ်အဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
သိထားရမည့်အချက်မှာ ကောင်းကင်နဂါးမြို့တော်မှ မာနနဂါးအဆင့် တပည့်များတွင် ပထမနေရာ၌ ရှိသူပင်လျှင် ကိုယ်ခံပညာ ဥပဒေသ ၃မျိုးကိုသာ တစ်ချိန်တည်းတွင် ကျင့်ကြံခဲ့သည်။
သို့သော်လည်း ထိုမာနနဂါးအဆင့် ပါရမီရှင်သည် ကိုယ်ခံပညာဥပဒေသ ၃မျိုးလုံးကို တတိယအဆင့်အထိ ရောက်ရှိရန်အတွက် နှစ်ထောင်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။
လုံရှင်းကို အသက်ကိုခပ်ပြင်းပြင်းရှူလိုက်ပြီး သူ၏စိတ်ထဲရှိထိတ်လန့်မှုကို ထိန်းချုပ်လိုက်၏။
ဤကောင်လေးသည် ရှေးဟောင်းနဂါး မျိုးနွယ်စု၏ နှစ်သန်းပေါင်းများစွာသမိုင်းမှာပင် မပေါ်ပေါက်ခဲ့ဖူးသောပါရမီရှင် ဖြစ်နိုင်ခြေရှိ၏။
ဤကောင်လေးသာ ဆက်လက် ကျင့်ကြံမည်ဆိုလျှင် ဥပဒေသ၆မျိုး၏ မူလစွမ်းအားကိုပင် အမှန်တကယ် နားလည်နိုင်ခြေရှိသည်။
ကျန်းချန်သာ ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို ထိုးဖောက်ခဲ့မည် ဆိုလျှင် ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရားကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အဆင့်အတန်းကို ရောက်ရှိသွားနိုင်လောက်၏။
"ခန်းမသခင်လုံ ရလဒ်ကို ကြေညာပေးပါဦး"
လူတိုင်းက မှင်တက်ရာကနေ ပြန်လည် ကောင်းမွန်လာနိုင်ခြင်းမရှိသေးချိန်တွင် ကျန်းချန်၏ တည်ငြိမ်သော လေသံသည် တိုက်ခိုက်ရေးကွင်းထဲတွင် ထွက်ပေါ်လာခဲ့သည်။
လုံရှင်းက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ယဥ်ကျေးစွာ ပြောလိုက်သည်။
"ကျန်းချန် မင်းဒီစိန်ခေါ်ပွဲမှာ အနိုင်ရတယ်"
"ကျေးဇူးတင်ပါတယ် ခန်းမသခင်လုံရှင်း"
ကျန်းချန်က ပြုံး၍ ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူက ပိုင်လီထင်တို့ ၄ဦးဆီသို့ တန်းတန်းမတ်မတ်ပင် လျှောက်လှမ်းသွားခဲ့သည်။
ပိုင်လီထင်တို့ ၄ဦးရှေ့သို့ရောက်လျှင် ဒုတိယအဆင့်သို့ ရောက်ရှိနေသော သူ၏ အသက်ဥပဒေသ စွမ်းအားကို အသုံးပြုကာ ပိုင်လီထင်တို့ ၄ဦးကို ကုသပေးလိုက်သည်။
"မင်းတို့ ငါ့ကို ရှုံးနိမ့်ခဲ့တဲ့အတွက် လောင်းကြေးအတိုင်း တစ်ယောက်ကို ကောင်းကင်နဂါးရမှတ် ၅၀၀၀၀ဆီ ပေးရမယ်"
ပိုင်လီထင်တို့ ၄ဦးက ကြောက်လန့်သော အမူအရာဖြင့် ကျန်းချန်ကိုကြည့်လိုက်ကြပြီး အနည်းငယ်မျှပင် မတွေဝေဝံ့ဘဲ ကျန်းချန်ထံသို့ ကောင်းကင်နဂါးရမှတ် ၅၀၀၀၀ ကို အလျင်အမြန်ပင် လွှဲပြောင်းပေးလိုက်သည်။
ကောင်းကင်နဂါးရမှတ် ၂၀၀၀၀၀ကို ရယူပြီးနောက်တွင် ကျန်းချန်သည် တိုက်ခိုက်ရေးကွင်းတွင် ဆက်လက် မနေတော့ဘဲ လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များအောက်မှာပင် ရွှယ်ချင်းရို့တို့ နှစ်ဦးကို ခေါ်ဆောင်ကာ တိုက်ရိုက်ပင် ထွက်ခွာလာခဲ့သည်။
အခန်း(၁၅၅၇)ပြီး၏။