← Chapters

အခန်း (၁၅၅၈-၁၅၆၀)

Vol. 104 Ch. 1558-1560

အခန်း (၁၅၅၈-၁၅၆၀)

Vol. 104 Ch. 1558-1560

အခန်း(၁၅၅၈)

ကျန်းချန်က စိန်ခေါ်ပွဲတွင် အစွမ်းပြခဲ့ပြီး ပိုင်လီထင်အပါအဝင် အဆင့်မြင့်တပည့် ၅ဦးကို အနိုင်ယူလိုက်ရာ ကောင်းကင်နဂါး မြို့တော် တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။

တစ်ခဏအတွင်းမှာပင် ကျန်းချန်သည် ကောင်းကင်နဂါးမြို့တော်တွင် နာမည်ကျော်ကြားသော လူတစ်ယောက် ဖြစ်လာခဲ့သည်။

မရေမတွက်နိုင်သော ကောင်းကင်နဂါးမြို့တော်မှ တပည့်များသည် ကျန်းချန်၏ အကြောင်းကို ပြောဆိုနေခဲ့ကြသည်။

သူတို့၏ မျက်ဝန်းများတွင် အံ့သြထိတ်လန့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့၏။

ကောင်းကင်နဂါးမြို့တော်၏ ၁၀ဦးမြောက် မာနနဂါးအဆင့်တပည့် ဖြစ်သော ကျန်းချန်ကို မည်သူမျှ အထင်မသေးဝံ့တော့ပေ။

လူတိုင်းက ကျန်းချန်ကို အံ့အားသင့်နေသော အချိန်တွင် ကျန်းချန်သည် ဒသမမြောက် တောင်ထွတ်သို့ ပြန်ကာ တစ်ရက်ခန့်အနားယူပြီးနောက်တွင် ကောင်းကင်နဂါး မြို့တော်ရှိ မစ်ရှင်ခန်းမသို့ တိုက်ရိုက်ပင် သွားရောက်ခဲ့သည်။

နယ်မြေနတ်ဘုရားအဆင့် အင်အားစုအနေဖြင့် ရှေးဟောင်းနဂါး မျိုးနွယ်စုသည် ရှေးဟောင်းနဂါးကုန်းမြေ တစ်ခုလုံးကို ထိန်းချုပ်ထား၏။

သို့သော် ယင်းက ရှေးဟောင်းနဂါး ကုန်းမြေတွင် အမြဲတစေ ငြိမ်းချမ်းနေသည်ဟု မဆိုလိုပေ။

ရှေးဟောင်းနဂါး ကုန်းမြေတွင် ဒုတိယမြောက် နယ်မြေနတ်ဘုရား အင်အားစု မရှိသော်လည်း ကောင်းကင်နတ်ဘုရား အထွတ်အထိပ် အင်အားစုရှိနေသေး၍ ရှေးဟောင်းနဂါးမျိုးနွယ်စု၏ အဆင့်အတန်းကို ခြိမ်းခြောက်နေခဲ့သည်။

ထို့အပြင် ရှေးဟောင်းနဂါးကုန်းမြေနှင့် အရှေ့ဘက်တွင် ကပ်လျက်တည်‌ရှိသော သွေးလမင်းကုန်းမြေမှ လူများသည် ရှေး‌ဟောင်းနဂါးကုန်းမြေသို့ မကြာခဏ လာရောက်ကာ မငြိမ်မသက် ဖြစ်စေခဲ့သည်။

ရှေးဟောင်းနဂါးကုန်းမြေသည် နယ်မြေအလွန်တရာ ကျယ်ပြန့်ပြီး ‌ရွှယ်လင်ကုန်းမြေတိုက်ထက် ၁၀ဆပို၍ ကြီးမားသည်။

ဤမျှ ကျယ်ပြန့်သောနယ်မြေတွင် ရှေးဟောင်းနဂါး မျိုးနွယ်စုသည် နေရာတိုင်းကို ဂရုစိုက်ရန် မဖြစ်နိုင်သည်မှာ သဘာဝပင်။

နေရာအများစုကို ရှေးဟောင်းနဂါးမျိုးနွယ်စုနှင့် ဆက်နွှယ်ပတ်သက်နေသော အင်အားစုများစွာက ထိန်းချုပ်ထားသည်။

ထိုအင်အားစုများသည် ၎င်းတို့ကိုင်တွယ်ဖြေရှင်း၍ မရသောကိစ္စများနှင့် ရင်ဆိုင်ရသောအခါတွင် ရှေးဟောင်းနဂါးမျိုးနွယ်စုထံ အကူအညီတောင်းခံလိမ့်မည်ဖြစ်၏။

ယင်းသို့ အကူအညီတောင်းခံလာမှုများကို ကောင်းကင်နဂါးမြို့တော်မှတပည့်များ လက်ခံဖြေရှင်းပေးနိုင်ရန်အတွက် မစ်ရှင်အဖြစ် သတ်မှတ်ကာ ကောင်းကင်နဂါးမြို့တော်၏ မစ်ရှင်ခန်းမက စီစဥ်ပေးလိမ့်မည် ဖြစ်သည်။

----------------

မစ်ရှင်ခန်းမ။

ကျန်းချန်က မစ်ရှင်ကို လက်ခံရန်အတွက် သူ၏ ကိုယ်ပိုင်တံဆိပ်ပြားကို ထုတ်ပြလိုက်ရာ သူ၏ရှေ့ရှိ မစ်ရှင်ခန်းမကို တာဝန်ယူထားသော အနက်ရောင်ဝတ်စုံဝတ်ကြီးကြပ်ရေးမှုးသည် အံ့အားသင့်သွားခဲ့သည်။

"မင်း မင်းက ၁၀ဦးမြောက် မာနနဂါးအဆင့်တပည့် ကျန်းချန်လား"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"ပြဿနာတစ်ခုခုရှိလို့လား"

"သခင်ကျန်းချန် သခင်က ကောင်းကင်နဂါးမြို့တော်ထဲကို ဝင်လာတာ ၁၀နှစ်အောက်ပဲ ရှိပါသေးတယ်.. သခင်က အကာအကွယ်ကာလ အတွင်းမှာပဲ ရှိနေသေးတဲ့အတွက် အပြင်ထွက်ပြီး မစ်ရှစ် ထမ်းဆောင်စရာ မလိုပါဘူး"

အနက်ရောင်ဝတ်စုံဝတ် ကြီးကြပ်ရေးမှုးက မချိပြုံးပြုံးကာ ပြောလိုက်သည်။

ကောင်းကင်နဂါးမြို့တော်တွင် မစ်ရှင်များ ထမ်းဆောင်ခြင်းသည် ကောင်းမွန်သော အလုပ်တစ်ခု မဟုတ်ပေ။

ဆိုရလျှင် ရှေးဟောင်းနဂါး ကုန်းမြေသည် အလွန်ပင် ကျယ်ပြန့်၍ မစ်ရှင်များ ဆောင်ရွက်မည်ဆိုလျှင် ဝေးဝေးလံလံသို့ သွားရောက်ရလိမ့်မည် ဖြစ်သည်။

အရိုးရှင်းဆုံးမစ်ရှင် ပင်လျှင် အချိန်များစွာကို ကုန်လွန်စေလိမ့်မည် ဖြစ်၏။

မစ်ရှင်တစ်ကြိမ် ထမ်းဆောင်ရန်အတွက် ကောင်းကင်နဂါးမြို့တော်မှ ထွက်သွားခဲ့လျှင် နှစ်ဝက်အတွင်း ပြန်လာရန် ခက်ခဲနိုင်၍ အချိန်ဖြုန်းခြင်းနှင့် မခြားပေ။

ထို့အပြင် နတ်ဘုရားနယ်မြေသည် အားနည်းသူများကို သာမန်သောသူများက စားသုံးသည့် ကမ္ဘာတစ်ခုဖြစ်ပြီး သန်မာသောသူများကိုသာ အလေးထား၏။

ရှေးဟောင်းနဂါးမျိုးနွယ်စုမှ တပည့်များသည် ရှေးဟောင်းကုန်းမြေတွင် အလွန်မြင့်မားသောအဆင့်တွင် ရှိ၍ လူအများစုသည် သူတို့အပေါ် အလွယ်တကူ ဘာမှမလုပ်ဝံ့ကြပေ။

သို့သော် ယင်းက ရှေးဟောင်းနဂါး မျိုးနွယ်စုမှ တပည့်များသည် ရှေးဟောင်းနဂါးကုန်းမြေတွင် လုံးဝ လုံခြုံသည်ဟု မဆိုလိုပေ။

အထူးသဖြင့် မှားယွင်းသော သတင်းအချက်အလက်များ ပါဝင်သည့် မစ်ရှင်များကို လက်ခံမိလျှင် အသက်အန္တရာယ်ကိုပင် ကျရောက်နိုင်၏။

ထို့ကြောင့် ကောင်းကင်နဂါးမြို့တော်တွင် ခွန်အားကြီးသော တပည့်အနည်းငယ်မှ လွဲ၍ တခြားသူများသည် တာဝန်များကို လက်ခံလေ့သိပ်မရှိပေ။

တပည့်အများစုသည် ၁၀နှစ်၁ကြိမ် မဖြစ်မနေ ပြီးမြောက်ရမည့် မစ်ရှင်တစ်ခုကို သာလျှင် ဆောင်ရွက်ကြလေ့ရှိသည်။

ကျန်းချန်ကဲ့သို့ မစ်ရှင်ခန်းမကို ရောက်လာပြီး မစ်ရှင်ဆောင်ရွက်ရန်အတွက် စိတ်အားထက်သန်နေသူကို သူပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။

"ဒါကို ကျွန်တော်သိပါတယ်.. ဒါပေမဲ့ ကောင်းကင်နဂါးမြို့တော်မှာ မစ်ရှင်ကို ကြိုတင်မယူနိုင်ဘူးလို့ သတ်မှတ်ထားတာမရှိဘူး မဟုတ်လား"

ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။

"ကျွန်တော်က မစ်ရှင်ထမ်းဆောင်ဖို့ စိတ်အားထက်သန်နေလို့ပါ ပြဿနာမရှိဘူး မဟုတ်လား"

"ဘာမှပြဿနာမရှိပါဘူး.. သခင်ကျန်းချန်က မစ်ရှင်ကို လွတ်လွတ်လပ်လပ် ထမ်းဆောင်ခွင့်အပြည့် ရှိပါတယ်"

အနက်ရောင်ဝတ်စုံဝတ်ကြီးကြပ်ရေးမှုးက ခေါင်းကိုခါရမ်းလိုက်ပြီး ချက်ချင်းဆိုသလိုပင် ထူထဲသော စာအုပ်တစ်အုပ်ကို ထုတ်ယူကာ ကျန်းချန်၏ အရှေ့တွင် ချပေးလိုက်သည်။

"သခင်ကျန်းချန်.. သခင် ဆောင်ရွက်ချင်တဲ့ မစ်ရှင်ကို ရွေးချယ်ပေးပါ"

ကောင်းကင်နဂါးမြို့တော်၏ ၁၀ဦးမြောက် မာနနဂါးအဆင့်တပည့် အနေဖြင့် ကျန်းချန်သည် အကြီးအကဲ တစ်ဦးနှင့် အဆင့်အတန်းချင်း တူညီသည်။

သူက ကြီးကြပ်ရေးမှုးတစ်ဦးသာ ဖြစ်ရာ သဘာဝကျစွာပင် ကျန်းချန်၏ ကိစ္စရပ်များကို ဝင်ရောက်စွက်ဖက်ရန် အခွင့်အရေးမရှိပေ။

ကျန်းချန်က သူ့ရှေ့ရှိ စာအုပ်ကိုလှန်လှောကြည့်ကာ အသေအချာ စစ်ဆေးလိုက်သည်။

ကောင်းကင်နဂါးမြို့တော်တွင် မစ်ရှင်များကို အဆင့်အမျိုးမျိုး ခွဲခြားထား၏။

ယေဘုယျအားဖြင့် ပြောရလျှင် သာမန်မစ်ရှင်သည် အဆင့်နိမ့်ပကတိ နတ်ဘုရားအဆင့် များနှင့်သာ သက်ဆိုင်သည်။

အလယ်အလတ် မစ်ရှင်ကမူ အလယ်အလတ် ပကတိနတ်ဘုရားအဆင့် များနှင့်သာ သက်ဆိုင်၏။

အဆင့်မြင့် မစ်ရှင်ကမူ အဆင့်မြင့် ပကတိနတ်ဘုရား အဆင့်များနှင့်သာ သက်ဆိုင်သည်။

ထို့အပြင် ပြီးမြောက်ရန် အလွန်ခက်ခဲသော အထူးမစ်ရှင်များလည်း ရှိ၏။

မစ်ရှင်အဆင့် ပိုမိုမြင့်မားလေ ဆုလာဘ် ပိုမို ကြွယ်ဝလေလေဖြစ်ပြီး အန္တရာယ်လည်း ပို၍ ကြီးမားသည်။

အထူးသဖြင့် အထူးမစ်ရှင်များကို မာနနဂါးအဆင့် တပည့်များပင်လျှင် အလွယ်တကူ မထိဝံ့ပေ။

အတိတ်က ကောင်းကင်နဂါးမြို့တော်တွင် အထူးမစ်ရှင်များကို လက်ခံခဲ့သော မာနနဂါးအဆင့် တပည့်များစွာ ရှိခဲ့ပြီး အဆုံးသတ်တွင် တာဝန်ထမ်းဆောင်ရင်း သေဆုံးခဲ့ရသည်။

ကျန်းချန်က အနည်းငယ် တွေးတောလိုက်ပြီးနောက် သာမန်မစ်ရှင်နှင့် အလယ်အလတ်မစ်ရှင်များကို ကျော်လိုက်ကာ အဆင့်မြင့်မစ်ရှင် ကဏ္ဍတွင် အသေအချာလေး ရှာဖွေကြည့်လိုက်သည်။

"ရှေးဟောင်းနဂါးကုန်းမြေရဲ့ အရှေ့ပိုင်းဒေသမှာရှိတဲ့ နဂါးနက် အင်ပါယာထဲမှာ သွေးလမင်းကုန်းမြေက အဆင့်မြင့်ပကတိနတ်ဘုရားအဆင့်ရှိတဲ့ လူတစ်ယောက်က အနှောင့်အယှက်ပေးနေတယ်.. အဲဒီလူကို သတ်နိုင်ရင် ကောင်းကင်နဂါးရမှတ် ၁၀၀၀၀၀နဲ့ ရှေးဟောင်းနဂါးရဲ့အဆီအနှစ် တစ်စက်ကို ရရှိနိုင်တယ်"

အနည်းငယ်ကြာအောင် ဖတ်ရှုပြီးနောက်တွင် ကျန်းချန်၏ အကြည့်သည် မစ်ရှင် အချက်အလက် အပိုင်းအစ တစ်ခု ပေါ်တွင် ရပ်တန့်သွားခဲ့သည်။

"ဒီမစ်ရှင်ကို ယူမယ်"

ကျန်းချန်က လုံးဝ ထပ်မစဥ်းစားတော့ဘဲ မစ်ရှင်ဆီသို့ တိုက်ရိုက် လက်ညှိုးထိုးပြလိုက်ပြီး အနက်ရောင်ဝတ်စုံဝတ် ကြီးကြပ်ရေးမှုးကို ပြောလိုက်သည်။

ဤမစ်ရှင်သည် ယေဘုယျအားဖြင့် အဆင့်မြင့်မစ်ရှင်နှင့် နှိုင်းယှဥ်လျှင် ဆုလာဘ်အနေဖြင့် ကောင်းကင်နဂါးရမှတ် ၁၀၀၀၀ သို့မဟုတ် ၂၀၀၀၀ ပိုများနေခဲ့သည်။

ထို့အပြင် ရှေးဟောင်းနဂါး၏ အဆီအနှစ် သွေးတစ်စက်ကိုလည်း ရရှိမည် ဖြစ်၏။

ကျန်းချန် သိရသလောက် ရှေးဟောင်းနဂါး၏အဆီအနှစ်သွေးသည် ရှေးဟောင်းနဂါး မျိုးနွယ်စုမှာပင် အလွန်ရှားပါးသော ရတနာဖြစ်ပြီး သာမန်တပည့်များ ရရှိရန် ခက်ခဲသည်။

ယခုမစ်ရှင်တွင် ဆုလာဘ်အနေဖြင့် ရှေးဟောင်းနဂါး၏ သွေးတစ်စက်ကို ရရှိမည်ဖြစ်ရာ ကျန်းချန်သည် ဤမစ်ရှင်ကို အဘယ်ကြောင့် အလွယ်တကူ လက်လွှတ်နိုင်ပါမည်နည်း။

"သခင်ကျန်းချန် နဂါးနက်အင်ပါယာမှာ ပေါ်ထွက်လာတဲ့ သွေးလမင်းကုန်းမြေက အဆင့်မြင့် ပကတိနတ်ဘုရားက အရမ်းကိုအားကောင်းတယ်"

အနက်ရောင်ဝတ်စုံဝတ် ကြီးကြပ်‌ရေးမှုးက စကားအနည်းငယ် ရပ်ဆိုင်းလိုက်ပြီးမှ ဆက်ပြောလိုက်သည်။

"သူ့ရဲ့လက်ထဲမှာ နဂါးနက် အင်ပါယာအဆင့်ရဲ့ အဆင့်မြင့်ပကတိနတ်ဘုရား၂ပါး ကျဆုံးသွားတယ်လို့ သတင်းရထားတယ်.. သခင်ကျန်းချန် မစ်ရှင်ကို ပြောင်းလဲချင်သေးလား"

ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။

"သတိပေးတာ ကျေးဇူးတင်ပါတယ်.. ဒါပေမဲ့ ကျွန်တော် ဒီမစ်ရှင်ကိုပဲ ရွေးချယ်လိုက်ပါ့မယ်"

ကျန်းချန်က ဤမစ်ရှင်ကို ‌‌ရွေးချယ်ရန် စိတ်အားထက်သန်နေသည်ကိုမြင်လျှင် အနက်ရောင်ဝတ်စုံဝတ်ကြီးကြပ်ရေးမှုးသည် စကားအများကြီး မပြောတော့ဘဲ ကျန်းချန်အတွက် မစ်ရှင်ကို တိုက်ရိုက်ပင် လက်ခံပေးလိုက်သည်။

------------------

ရှန်လုံမြို့တော်၏ ကြီးမားသော နန်းတော်တစ်ခုထဲတွင် နက်ပြာရောင်ဝတ်စုံဝတ်လုံကျန့်ရှင်းသည် ခန်းမ၏ အလယ်ဗဟိုတွင် ခြေချိတ်၍ ထိုင်နေခဲ့သည်။

ရုတ်တရက် သူက တစ်စုံတစ်ရာကို ခံစားမိလိုက်ပြီး သူ၏ မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်ကာ အောက်ဘက်ရှိ ကောင်းကင်နဂါးမြို့တော် ဆီသို့ လှမ်းကြည့်လိုက်သည်။

"လခွမ်း ကျန်းချန်က ဘာလုပ်ချင်နေတာလဲ.. သူက ကောင်းကင်နဂါးမြို့‌တော်မှာ ဘာလို့ မကျင့်ကြံဘဲ မစ်ရှင်ထမ်းဆောင်ဖို့ အပြင်ထွက်သွားရတာလဲ"

လုံကျန့်ရှင်းက အောက်ဘက်ရှိ ကျန်းချန်ကို ကြည့်လိုက်ရင်း သူ၏မျက်ခုံးများသည် မရည်ရွယ်ဘဲ တွန့်ကွေးသွားခဲ့သည်။

"အင်း စောစောအပြင်ထွက်ပြီး အတွေ့အကြုံယူတာလည်း မကောင်းတာတော့ မဟုတ်ပါဘူး.. ဒါပေမဲ့ ငါမင်းကို အသက်ကယ် အစီအရင်တစ်ခုပေးထားမှ ဖြစ်လိမ့်မယ်"

လုံကျန့်ရှင်းက တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီးနောက်တွင် ဦးခေါင်းထက်မှ အနက်ရောင် ဆံချည်မျှင်တစ်မျှင်ကို နှုတ်ယူလိုက်ကာ ညင်သာစွာ မှုတ်ထုတ်လိုက်သည်။

ထိုအနက်ရောင် ဆံချည်မျှင်သည် ချက်ချင်းဆိုသလိုပင် အနက်ရောင် ဓားအလင်းသို့ ပြောင်းလဲသွားခဲ့ပြီး အဆုံးမဲ့နေရာလွတ်ကို ထိုး‌ဖောက်ကာ အောက်ဘက်ရှိ ကျန်းချန်ဆီသို့ရောက်ရှိသွားခဲ့သည်။

"ဝုန်း.."

စွမ်းအင်လှိုင်းလုံးတစ်ခုသည် ကောင်းကင်နဂါးမြို့တော်၏ အထက်ကနေ ဆင်းသက်လာရာ ကောင်းကင်နဂါးမြို့တော်ရှိ ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် ကျင့်ကြံသူများကိုပင် ထိတ်လန့်သွားစေခဲ့သည်။

"ဒါက အရှင်ကျန့်ရှင်း ပစ်ခတ်လိုက်တာပဲ.. အရှင်ကျန့်ရှင်း ကောင်းကင်နဂါးမြို့တော်က တစ်စုံတစ်ယောက်ကို အကာအကွယ် အစီအရင် ပေးဖို့လိုက်တာ ဖြစ်မယ်"

ရွှေလင်းလုံက ကျန်းချန်ဆီသို့ တန်းတန်းမတ်မတ် ကျဆင်းသွားသော စွမ်းအင်လှိုင်းလုံးကို မြင်လျှင် သူမ၏ လှပသောမျက်ဝန်းလေးတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

"အရှင်ကျန့်ရှင်းက မစ်ရှင်ထမ်းဆောင်မဲ့ ကျန်းချန်ကို အကာအကွယ်အစီအရင် ပေးအပ်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး.. ကြည့်ရတာ ရှန်လုံမြို့တော်ရဲ့ အကြီးအကဲတွေက ကျန်းချန်ကို သဘောကျနေတဲ့ပုံပဲ"

အခန်း(၁၅၅၈)ပြီး၏။

အခန်း(၁၅၅၉)

မစ်ရှင်ကို လက်ခံယူပြီးနောက်တွင် ကျန်းချန်သည် မစ်ရှင်ခန်းမကနေ ထွက်ခွာလာခဲ့ပြီး ကောင်းကင်နဂါး မြို့တော်ကနေ အရှေ့ဘက်ဒေသ ဆီသို့ သွားရန်အတွက် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ရှိရာ နေရာဆီ ဦးတည်သွားခဲ့သည်။

သို့သော် ထိုအချိန်မှာပင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုသည် သူ၏ ဦးခေါင်းအထက်တွင် ရုတ်တရက်ပေါ်ပေါက်လာခဲ့သည်။

ကျန်းချန်က မော့ကြည့်လိုက်ရာ သူ၏ ဦးခေါင်းအထက်လေထုထဲတွင် အနက်ရောင်ဆံချည်မျှင် တစ်ချောင်းသည် အဆုံးမဲ့လေဟာနယ်ထဲမှ နေ၍ ကျဆင်းလာခဲ့သည်။

ထိုဆံချည်မျှင်သည် ကမ္ဘာကြီးကိုပင် ချိုးဖျက်နိုင်သောပြိုင်ဘက်ကင်း ဓားတစ်လက် ကဲ့သို့ ဖြစ်နေခဲ့၏။

ဆံချည်မျှင်ထံမှ ကြီးကျယ်ခမ်းနားသော ဓားစွမ်းအင် အရှိန်အဝါသည် ကျန်းချန်၏ စိတ်ထဲသို့ပင် ပြင်းထန်စွာရိုက်ခတ်သွားခဲ့သည်။

"ဒါက.."

ကျန်းချန်က သူ၏ ဦးခေါင်းထက်ဆီသို့ ကျဆင်းလာသော ဆံချည်မျှင်ကို ကြည့်ကာ စိတ်နှလုံးထဲကနေ ထိတ်လန့်သွားခဲ့၏။

ဆံချည်မျှင် ထဲတွင် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထည့်သွင်းထားခဲ့သည်။

ဤသို့သောအရာကို မည်သည့်အဆင့်ရှိ ကျင့်ကြံသူက လုပ်‌ဆောင်ခဲ့ခြင်း ဖြစ်နိုင်ပါသနည်း။

"ကျန်းချန်.. မင်းကို ကာကွယ်ဖို့အတွက် ကောင်းကင်နတ်ဘုရား ပထမအဆင့်ကို သတ်ဖြတ်နိုင်တဲ့ ဓားတစ်လက်ကိုပေးလိုက်မယ်.. မင်းအနေနဲ့ ဆရာဖန်းကို စိတ်ပျက်အောင် မလုပ်မိစေဖို့ မျှော်လင့်ပါတယ်"

ကျန်းချန် ထိတ်လန့်နေစဥ်မှာပင် အသံတစ်သံသည် သူ၏စိတ်ထဲတွင် တိုက်ရိုက်မြည်ဟည်းလာခဲ့သည်။

နောက်ထပ် တစ်ခဏမှာပင် လေထုထဲကနေ ကျဆင်းလာသော အနက်ရောင် ဆံချည်မျှင်သည် ကျန်းချန်၏ ဦးခေါင်းပေါ်သို့ တိုက်ရိုက်ပင် ကပ်သွားခဲ့သည်။

"ကျေးဇူးတင်ပါတယ်"

မည်သူက သူ့ကို အသက်ကယ်အစီအရင် ပေးအပ်ခဲ့မှန်း ကျန်းချန် မသိသော်လည်း ကောင်းကင်နဂါးမြို့တော်၏ အထက် ကောင်းကင်ယံသို့ ရည်မှန်းကာ ဦးညွှတ်လိုက်သည်။

ထို့နောက် သူက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ကာ ကောင်းကင်နဂါးမြို့တော်မှ အရှေ့ဘက်ဒေသသို့ တည်နေရာရွှေ့ပြောင်းရန်အတွက် အစီအရင်ပေါ်သို့ တက်လိုက်သည်။

ရှေးဟောင်းနဂါးကုန်းမြေ၏ အရှေ့ဘက်ဒေသရှိ နဂါးနက် အင်ပါယာမြို့တော်မှ မိုင်ထောင်ပေါင်းများစွာ ကွာဝေးသောလမ်းတစ်ခုပေါ်တွင် သံချပ်ဝတ်စုံကို ဝတ်ဆင်ထားသောအစောင့်၁၂ဦးကျော်သည် မြင်းရထားတစ်စီးကို စောင့်ရှောက်ကာ နဂါးနက်အင်ပါယာ၏ မြို့တော်ဆီသို့ ဖြည်းဖြည်းချင်း ရွေ့လျားနေခဲ့သည်။

မြင်းရထားအတွင်းတွင် အသားအရည် နူးညံ့ပြီး အလွန်တရာကြည့်ကောင်းပုံရသော အဖြူရောင်ဝတ်စုံဝတ် အမျိုးသားတစ်ဦးသည် တိတ်တဆိတ် ထိုင်နေခဲ့သည်။

သူက မျက်စိကိုမှိတ်၍ လိုက်ပါလာခဲ့ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၍ သွေးကြောများပင် ထွင်းထွက်နေခဲ့သည်။

ရုတ်တရက် မြင်းရထားက ရပ်သွားခဲ့ပြီး ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်သော အသံတစ်သံသည် သူ၏နားထဲကို ချက်ချင်းဆိုသလို ဝင်ရောက်လာခဲ့သည်။

"ငါတို့က ငှက်တော်ဖြူမြို့က မြို့စားလေးကို နန်းမြို့တော်ဆီ ပို့ဆောင်ဖို့ အမိန့်ပေးခံထားရတယ်.. သင်က ဘယ်သူလဲ.. ငါတို့ကို ဘာလို့ လမ်းပိတ်ရတာလဲ"

သံချပ်ဝတ် အစောင့်ခေါင်းဆောင်၏ စကားကိုကြားလျှင် အဖြူရောင်ဝတ်စုံဝတ် အမျိုးသားသည် အံ့အားသင့်သွားခဲ့ပြီး ချက်ချင်းဆိုသလို မြင်းရထားထဲကနေ ထွက်လာခဲ့သည်။

ရှေ့သို့ အနည်းငယ် လှမ်းကြည့်လိုက်သောအခါ မြင်းရထားသွားလမ်းကို ပိတ်ရပ်နေသော အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးကို မြင်လိုက်ရ၏။

မြင်းရထားကို စောင့်ကြပ်လာသော အစောင့်၁၀ဦးကျော်သည် အနက်ရောင် ဝတ်စုံဝတ် လူငယ်ကို အလွန်ပင် သတိထားသောအမူအရာများဖြင့် ကြည့်ရှုနေခဲ့ကြသည်။

"ခင်ဗျားတို့ စိတ်ပူစရာမလိုပါဘူး.. ကျွန်တော်က ဖြတ်သွားဖြတ်လာ လူတစ်ယောက်ပါ"

အနက်ရောင်ဝတ်စုံဝတ် လူငယ်က ခပ်ယဲ့ယဲ့ပြုံးကာ တိုက်ရိုက်ပင် မေးခွန်းထုတ်လိုက်သည်။

"မိတ်ဆွေတို့ ဒီနေရာက ဘယ်နေရာလဲဆိုတာ ပြောပြလို့ရမလား"

အနက်ရောင် ဝတ်စုံဝတ်လူငယ်မှာ မစ်ရှင်ထမ်းဆောင်ရန်အတွက် နဂါးနက်အင်ပါယာသို့ ရောက်လာခဲ့သော ကျန်းချန်ပင် ဖြစ်သည်။

ရှေးဟောင်းနဂါး မျိုးနွယ်စုသည် အရှေ့၊အနောက်၊တောင်၊မြောက် လေးနေရာတွင် ရှေးဟောင်းနဂါး ခန်းမကို တည်ထောင်ထား၏။

ကျန်းချန်သည် ကောင်းကင်နဂါးမြို့တော်၏ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကနေ အရှေ့ဘက်ဒေသရှိ ရှေးဟောင်းနဂါး ခန်းမသို့ တိုက်ရိုက်ပင် ရောက်ရှိသွားခဲ့သည်။

ထို့နောက်တွင် အရှေ့ဘက်‌ဒေသရှိ ရှေးဟောင်းနဂါး ခန်းမကနေ နဂါးနက် အင်ပါယာသို့ တည်နေရာရွှေ့ပြောင်းရန် အတွက် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် စာလိပ်ကို ဝယ်ယူခဲ့သည်။

သို့သော်လည်း တည်နေရာရွှေ့ပြောင်းခြင်း စာလိပ်သည် နဂါးနက်အင်ပါယာ၏ နယ်မြေသို့သာ ကျပန်း ရွှေ့ပြောင်းပေးနိုင်ရာ ကျန်းချန်သည် သူ ယခုဘယ်နေရာသို့ ‌ရောက်နေသလဲဆိုသည်ကို မသိခဲ့ပေ။

"ဒီနေရာက နဂါးနက် အင်ပါယာမြို့တော်ရဲ့ အနောက်ဘက်‌ဒေသပဲ.. ဒီနေရာကနေဆို အင်ပါယာမြို့တော်နဲ့ မိုင်၁၀၀၀ အောက်ပဲ ဝေးတော့တယ်.. ငါက ငှက်တော်ဖြူမြို့ရဲ့ မြို့စားလေး ပိုင်ကျွင်းပါ.. ဒီကမိတ်ဆွေက နဂါးနက်အင်ပါယာရဲ့ အင်ပါယာမြို့တော်ကို သွားမလို့လား"

ရထားလုံးထဲကနေ ထွက်လာသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားက ကျန်းချန်၏ မေးခွန်းကို အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။

သူက အနက်ရောင်ဝတ်စုံဝတ် လူငယ်ထံကနေ နက်ရှိုင်းသောအရှိန်အဝါကို ခံစားခဲ့ရသည်။

သူ့အထင် မမှားလျှင် အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် သန်မာသော ကျင့်ကြံသူတစ်ဦး ဖြစ်နိုင်လောက်၏။

ထိုလူ၏ အကူအညီကိုသာ ရနိုင်ခဲ့လျှင် သူ၏ ကံကြမ္မာကို အလှည့်အပြောင်း လုပ်နိုင်လိမ့်မည်ဟု သူမျှော်လင့်ခဲ့သည်။

ကျန်းချန်က ပြုံးရွှင်စွာ ပြန်ဖြေလိုက်သည်။

"ငါ့နာမည်က ကျန်းချန် အင်ပါယာမြို့တော်ကို သွားစရာရှိလို့ပါ"

ထိုစကားကိုကြားလျှင် ပိုင်ကျွင်းက အလျင်အမြန်ပင် ပြောလိုက်သည်။

"ကျွန်တော်လည်း အင်ပါယာမြို့တော်ကို သွားမှာပဲ.. ညီနောင်ကျန်းချန်ကို ကျွန်တော်နဲ့ အတူတူ တစ်ခါတည်း လိုက်လာဖို့ ဖိတ်ခေါ်ပါတယ်"

"ကောင်းပါပြီ"

ကျန်းချန်က ခေါင်းညိတ်လိုက်သည်။

သူက နဂါးနက်အင်ပါယာ အကြောင်းကို ဘာမှမသိ၍ နဂါးနက်အင်ပါယာ၏ အခြေအနေကို နားလည်ရန် အတွက် တစ်စုံတစ်ဦးကို ရှာဖွေရန် လိုအပ်နေသည် မဟုတ်ပါလော။

"ညီနောင်ကျန်းချန် ကျေးဇူးပြုပြီး ရထားလုံးပေါ်တက်ပါ"

ပိုင်ကျွင်းက ကျန်းချန်ကို တလေးတစားပင် ဖိတ်ခေါ်လိုက်သည်။

ထိုသို့ ဖိတ်ခေါ်နေသည်ကိုမြင်လျှင် အစောင့်ခေါင်းဆောင် ပိုင်ချွီ၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

"မြို့စားလေးပိုင်ကျွင်း ဒီလူရဲ့ ဇာစ်မြစ်ကို အသေအချာမသိဘဲ ခေါ်သွားမလို့လား"

"တော်စမ်း တပ်မှုးပိုင်.. မင်းရဲ့တာဝန်က ငါ့ကို အင်ပါယာမြို့တော်ဆီပို့ဆောင်ဖို့ပဲ.. ကျန်တဲ့ကိစ္စကို မင်းဘာမှ စွက်ဖက်စရာမလိုဘူး"

ပိုင်ကျွင်းက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

ထိုသို့ ပြောဆိုပြီးနောက်တွင် ပိုင်ကျွင်းသည် ကျန်းချန်ကို မြင်းရထားဆီသို့ တိုက်ရိုက်ပင် ဖိတ်ခေါ်လိုက်၏။

ကျန်းချန်က ပတ်ဝန်းကျင်ရှိ သံချပ်ဝတ် အစောင့်များကို လျစ်လျူရှုလိုက်ပြီး ပိုင်ကျွင်းနှင့်အတူ မြင်းရထားထဲသို့ ဝင်ရောက်လိုက်သည်။

ဤအစောင့် ၁၀ဦးကျော်ထဲတွင် အသန်မာဆုံးဖြစ်သော အစောင့်ခေါင်းဆောင် ပင်လျှင် အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်သာ ရှိ၍ သူ့အတွက် အန္တရာယ် လုံးဝ ဖြစ်စေနိုင်မည် မဟုတ်ပေ။

ကျန်းချန်က မြင်းရထားပေါ်သို့ ရောက်ပြီး မကြာမီမှာပင် နဂါးနက်အင်ပါယာ အကြောင်းကို မေးမြန်းလိုက်သည်။

ပိုင်ကျွင်းက သူသိသလောက်ကို ကျန်းချန်အား ရှင်းပြခဲ့သော်လည်း ပိုင်ကျွင်းသည် နဂါးနက်အင်ပါယာ အကြောင်း များစွာ သိပုံမပေါ်၍ အသုံးဝင်သော အချက်အလက် များစွာကို မရရှိခဲ့ပေ။

"ညီ‌နောင်ကျန်းချန်.. မင်းက နဂါးနက်အင်ပါယာက မဟုတ်ဘူးဆိုတော့ နဂါးနက်အင်ပါယာဆီ ဒီတစ်ခေါက် လာရောက်ရတဲ့အကြောင်းအရင်းကို ငါသိလို့ရမလား"

ပိုင်ကျွင်းက ကျန်းချန်နှင့် အနည်းငယ် ရင်းနှီးသွားပြီးနောက်တွင် ကျန်းချန်ကို မေးခွန်းထုတ်လိုက်သည်။

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြန်ဖြေလိုက်သည်။

"ငါက ရှေးဟောင်းနဂါးမျိုးနွယ်စုကပါ.. ဒီတစ်ခေါက် နဂါးနက်အင်ပါယာကို ရောက်လာတာက မစ်ရှင်တစ်ခုကို ထမ်း‌‌ဆောင်ဖို့အတွက်ပါ"

"သခင်လေးက ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ တရားဝင် တပည့်တစ်ယောက် ဖြစ်နေတာကိုး"

ပိုင်ကျွင်းက တုန်လှုပ်သွားခဲ့ပြီး ကျန်းချန်၏ ရှေ့တွင် ချက်ချင်းဆိုသလို ဒူးထောက်ချလိုက်သည်။

"သခင်လေးကျန်းချန်.. ပိုင်ကျွင်းတစ်ခုလောက် တောင်းဆိုချင်ပါတယ်.. သခင်လေးအနေနဲ့ ပိုင်ကျွင်းရဲ့ အသက်ကို ကယ်တင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

"ပြောပါ ငါဖြေရှင်းပေးပါ့မယ်"

ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။

ပိုင်ကျွင်းနှင့် တွေ့ဆုံချိန်မှစ၍ ကျန်းချန်သည် ဤလူက သူ့ကိုအကူအညီတောင်းခံလိမ့်မည်ဟု ရိပ်စားမိခဲ့သည်။

သို့သော်လည်း ပိုင်ကျွင်းက လူကောင်းတစ်ယောက် ဖြစ်သည်ဟု ခန့်မှန်းမိ၍ ကူညီရန် ဆုံးဖြတ်လိုက်၏။

"ကျေးဇူးတင်ပါတယ် သခင်လေးကျန်းချန်"

ပိုင်ကျွင်းက ကျန်းချန် သဘောတူလိုက်သည်ကို မြင်လျှင် ချက်ချင်းဆိုသလို စိတ်လှုပ်ရှားသွားခဲ့ပြီး အလျင်အမြန်ပင် ပြောပြလိုက်သည်။

ကျန်းချန်က ပိုင်ကျွင်း ပြောပြသည်များကို ကြားပြီးနောက်တွင် တစ်ခဏမျှ မှင်တက်သွားခဲ့၏။

ပိုင်ကျွင်း၏ စကားအရ လူတစ်ယောက်သည် ပိုင်ကျွင်းကို သိမ်းပိုက်လိုနေခဲ့သည်။

ပိုင်ကျွင်း၏ ဖြစ်ရပ်သည် သာမန်ဇာတ်လမ်း တစ်ပုဒ်လိုသာ ဖြစ်သည်။

ယင်းဇာတ်လမ်းမှာ မိသားစုဝင်များ၏ အသက်အန္တရာယ် အတွက် မချစ်မနှစ်သက်သည့် လူကို လက်ထပ်ခဲ့ရသည့် ဇာတ်လမ်းမျိုး ဖြစ်၏။

ဇာတ်လမ်း၏ ဇာတ်ဆောင်မှာမူ အမျိုးသမီးတစ်ဦး မဟုတ်ဘဲ ချောမောသော လူငယ် ဖြစ်သည့် ပိုင်ကျွင်း ဖြစ်သည်။

ကျန်းချန်ကို ပို၍ အံ့အားသင့်စေသော အရာမှာ ပိုင်ကျွင်းကို သိမ်းပိုက်လိုသော သူသည် နဂါးနက်အင်ပါယာ၏ မင်းသား ဖြစ်နေသောကြောင့်ပင်။

ဇာတ်လမ်းတစ်ခုလုံးကို ကြားပြီးနောက်တွင် ကျန်းချန်သည် မြင်းကောင်ရေ တစ်သိန်းခန့် သူ၏ နှလုံးသားကို ဖြတ်ပြေးသွားသည်ဟု ခံစားခဲ့ရသည်။

နဂါးနက်အင်ပါယာ၏ မင်းသားသည် အမျိုးသားတစ်ဦး ဖြစ်ပြီး အဘယ်ကြောင့် အမျိုးသားတစ်ဦးကို အတင်းအကျပ် သိမ်းပိုက်လိုနေပါသနည်း။

"လခွမ်း.. ဒါက ဘယ်လိုအခြေအနေကြီးလဲဟ"

အခန်း(၁၅၅၉)ပြီး၏။

အခန်း(၁၅၆၀)

ကျန်းချန်က သူ့ရှေ့ရှိ ပိုင်ကျွင်းကို လှမ်းကြည့်၍ အကဲခတ်လိုက်သည်။

ကျန်းချန်ပင်လျှင် ပိုင်ကျွင်းက ကျောက်စိမ်းကဲ့သို့ အသားအရေ ကြည်လင်ပြီး မိန်းမချော‌ ချောသည်ဟု ဝန်ခံရပေမည်။

ထိုကဲ့သို့သော အမျိုးသားသည် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဟု ဆိုလည်းမမှားပေ။

အကယ်၍ မိသားစုတစ်စုမှ အမျိုးသမီးက ပိုင်ကျွင်းကို ကြိုက်နှစ်သက်လျှင် ယင်းသည် အဓိပ္ပါယ်ရှိပါသေးသည်။

သို့သော်လည်း ဝမ်းနည်းစရာမှာ အမျိုးသားတစ်ဦးက သဘောကျနေခဲ့ခြင်း ဖြစ်၏။

ကျန်းချန်က နဂါးနက်အင်ပါယာ၏ မင်းသား အကြောင်းကို တွေးနေမိသည်။

အမျိုးကောင်းသားများကို လိင်တူချင်း ချစ်ခင်နှစ်သက်မှုကို ပွင့်လင်းစွာ ပြုလုပ်နေသူသည် နဂါးနက်အင်ပါယာ၏ အင်ပါယာ မင်းသား တစ်ပါး ဖြစ်လာနိုင်ပါသလော။

"နဂါးနက်အင်ပါယာရဲ့ မင်းသားက ဒီလောက်အထိ ထင်တိုင်းကြဲ နေတာကို နဂါးနက်အင်ပါယာရဲ့ ဧကရာဇ်က မဆုံးမဘူးလား"

ကျန်းချန်က နားမလည်နိုင်သော အမူအရာဖြင့် မေးလိုက်သည်။

"သခင်လေးကျန်းချန် ဖြစ်စဥ်က ဒီလိုပါ"

ပိုင်ကျွင်းက အတွင်းကျကျ ဇာတ်လမ်းကို ကျန်းချန်အား အလျင်အမြန်ပင်ပြောပြလိုက်သည်။

လွန်ခဲ့သော၁နှစ်ခန့်က နဂါးနက်အင်ပါယာတွင် လူငယ်ပါရမီရှင်များကို လိုက်လံ သတ်ဖြတ်သည့် နတ်ဆိုး တစ်ယောက် ထွက်ပေါ်ခဲ့သည်။

ထို့ကြောင့် နဂါးနက်အင်ပါယာ၏ ဧကရာဇ်က ဒေါသထွက်သွားခဲ့ပြီး အဆင့်မြင့် ပကတိနတ်ဘုရားနှစ်ဦးကို ခေါ်ဆောင်ကာ နတ်ဆိုးများကို နှိမ်နင်းရန် ထွက်သွားခဲ့သည်။

ရလဒ်အနေဖြင့် အဆင့်မြင့်ပကတိနတ်ဘုရား နှစ်ဦး သေဆုံးသွားခဲ့ပြီး နဂါးနက်အင်ပါယာ၏ ဧကရာဇ် ကိုယ်တိုင်သည်လည်း ပြင်းထန်သော ဒဏ်ရာများကို ရရှိခဲ့သည်။

ထိုအချိန်မှစ၍ နဂါးနက်အင်ပါယာ၏ အာဏာသည် မင်းသား လုံရွှယ်ယင်၏ လက်ထဲသို့ ကျရောက်သွားခဲ့သည်။

လုံရွှယ်ယင်က အာဏာရရှိပြီးနောက်တွင် ရက်စက်ကြမ်းကြုတ်စွာဖြင့် မဆင်မခြင်ပြုမူခဲ့ပြီး နဂါးနက်အင်ပါယာတွင် ထင်တိုင်းကြဲ ခဲ့သည်။

သူ့အဖေကို သစ္စာခံသော သစ္စာရှိအမတ်များနှင့် ဗိုလ်ချုပ်များစွာကို လုံရွှယ်ယင်က ဒုက္ခပေးခဲ့၏။

နောက်ပိုင်းတွင် နဂါးနက်အင်ပါယာ၌ လုံရွှယ်ယင်ကို မည်သူမှ လွန်ဆန်ရဲခြင်းမရှိတော့ပေ။

ငှက်တော်ဖြူအိမ်တော်သည် မူလက နဂါးနက်အင်ပါယာ၏ ဗိုလ်ချုပ်အိမ်တော် ၅ခုထဲမှ အိမ်တော် ၁ခု ဖြစ်သည်။

လုံရွှယ်ယင်က ပိုင်ကျွင်းကို သဘောကျသောကြောင့် ပိုင်ကျွင်းသည် ငှက်တော်ဖြူအိမ်တော်အား လုံရွှယ်ယင်ကြောင့် ဘေးမသင့်စေရန် အတွက် နဂါးနက်အင်ပါယာ၏ အင်ပါယာမြို့တော်ဆီသို့ သွားခဲ့ရသည်။

"သခင်လေးကျန်းချန် လုံရွှယ်ယင်က သူ့ရဲ့အချစ်တော် လုပ်ဖို့ လူငယ်တွေကို ရှာဖွေနေတဲ့ အဓိကအကြောင်းရင်းက မိစ္ဆာကျင့်စဥ်တစ်ခုကို လေ့ကျင့်ဖို့ပဲ.. သခင်လေးကျန်းချန်က တရားမျှတမှုကို ထိန်းသိမ်းပြီး နဂါးနက် အင်ပါယာကို ငြိမ်းချမ်းမှု ယူဆောင်ပေးပါလို့ ကျွန်တော် တောင်းဆိုပါတယ်"

ထိုစကားကို ပြောပြီးနောက်တွင် ပိုင်ကျွင်းသည် ကျန်းချန်ကို တစ်ဖန် ဦးညွှတ်လိုက်သည်။

"ထပါ ငါလည်း လုံရွှယ်ယင်နဲ့ တွေ့စရာရှိတယ်.. ဒါကြောင့် မင်းနဲ့အတူ လိုက်လာခဲ့ပါမယ်"

ဤအချိန်တွင် ကျန်းချန်၏ မျက်နှာပေါ်တွင် မဲ့ပြုံးတစ်ခု ဖြစ်ပေါ်နေခဲ့သည်။

မစ်ရှင်တာဝန်ကို လက်ခံခဲ့ချိန်တွင် အနက်ရောင်ဝတ်စုံဝတ်ကြီးကြပ်ရေးမှုသည် နဂါးနက်အင်ပါယာရှိ အဆင့်မြင့် ပကတိနတ်ဘုရားနှစ်ဦးက အားကောင်းသော သွေးလမင်းကုန်းမြေ၏ ကျင့်ကြံသူ လက်ထဲတွင် ကျဆုံးသွားသည်ဟု သူ့ကိုသတိပေးခဲ့သည်။

ယခုပိုင်ကျွင်း၏ စကားများနှင့်ပေါင်းစပ်လိုက်လျှင် နဂါးနက်အင်ပါယာတွင် ပြဿနာဖန်တီးနေသော နတ်ဆိုးမှာ သူ့မစ်ရှင်၏ အဓိက ဖြေရှင်းရမည့်လူ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

"ကျေးဇူးတင်ပါတယ် သခင်လေး"

ကျန်းချန်၏ စကားကိုကြားလျှင် ပိုင်ကျွင်း၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားသောအရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်၏ အကူအညီသာရလျှင် သူ့အနေဖြင့် ကယ်တင်ခံရနိုင်သည်ဟု မျှော်လင့်ခဲ့သည်။

ကျန်းချန်က ပိုင်ကျွင်းကို ထပ်မံ မေးခွန်းထုတ်လိုက်သည်။

"ပိုင်ကျွင်း လွန်ခဲ့တဲ့ ၁နှစ်လောက်က နဂါးနက်အင်ပါယာမှာ ပြဿနာတွေ ဖန်တီးခဲ့တဲ့ နတ်ဆိုးက ထပ်ပြီး ထွက်ပေါ်လာသေးလား"

"ထွက်ပေါ်မလာတော့ဘူး သခင်လေး"

ပိုင်ကျွင်းက ခေါင်းခါရမ်းကာ ပြောလိုက်သည်။

"နတ်ဆိုးက အဆင့်မြင့်ပကတိနတ်ဘုရား၂ပါးကို သတ်ပစ်ခဲ့ပြီး နဂါးနက်အင်ပါယာရဲ့ဧကရာဇ်ကို ဒဏ်ရာ အပြင်းအထန် ရရှိစေခဲ့ပြီးနောက်မှာ လုံးဝ ပျောက်ကွယ်သွားခဲ့တယ်"

ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

ကောင်းကင်နဂါးမြို့တော်တွင် မစ်ရှင် ရှိနေသောကြောင့် သွေးလမင်းကုန်းမြေမှ ကျင့်ကြံသူက သေဆုံးသွားခြင်း မရှိသေးကြောင်း သက်သေပြနေခဲ့သည်။

သွေးလမင်းကုန်းမြေမှ ကျင့်ကြံသူသည် အဆင့်မြင့်ပကတိနတ်ဘုရား၂ပါးကို သတ်ဖြတ်ခဲ့ပြီး နဂါးနက်အင်ပါယာ၏ ဧကရာဇ်ကိုပင် ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့သည်။

သို့သော် သွေးလမင်းကုန်းမြေမှ ကျင့်ကြံသူသည် မင်းသားလုံရွှယ်ယင် အာဏာရပြီးနောက်တွင် နဂါးနက် အင်ပါယာကနေ တိုက်ရိုက်ပင် ပျောက်ကွယ်သွားခဲ့သည်။

သို့ရာတွင် ထိုအချိန်မှစ၍ လုံရွှယ်ယင်က အမျိုးသားများကို အချစ်တော်အဖြစ် နန်းတော် အတွင်းသို့ ခေါ်သွင်းခဲ့ရာ ဤသည်က တိုက်ဆိုင်မှုတစ်ခုပင် ဖြစ်နေပါသလော။

ကျန်းချန် မှန်းဆထားသည့်အတိုင်းဆိုလျှင် နဂါးနက်အင်ပါယာ၏ မင်းသားသည် သွေးလမင်းကုန်းမြေမှ ကျင့်ကြံသူနှင့် အလွန်နီးကပ်သော ဆက်ဆံရေး ရှိနိုင်ခြေများ၏။

ထို့ကြောင့် လုံရွှယ်ယင်သာ သွေးလမင်းကုန်းမြေမှ ကျင့်ကြံသူနှင့် တစ်စုံတစ်ရာ ဆက်စပ်နေခဲ့လျှင် သွေးလမင်းကုန်းမြေမှကျင့်ကြံသူသည် နဂါးနက်အင်ပါယာ၏ နန်းတော်ထဲတွင် ရှိနေလောက်သည် မဟုတ်ပါလား။

နဂါးနက်နန်းတော်၏ တော်ဝင်ပွဲတော် ကျင်းပရာ ခန်းမတွင် မင်းသားလုံရွှယ်ယင်သည် နဂါးနက်အင်ပါယာ၏ လူငယ်ပါရမီရှင်များကို ဖိတ်ခေါ်ကာ ဖျော်ဖြေခိုင်းခဲ့သည်။

အင်ပါယာမြို့‌တော်ရှိ မရေမတွက်နိုင်သော ပါရမီရှင်များသည် လုံရွှယ်ယင်က လိင်တူချင်းနှစ်သက်သူ ဖြစ်မှန်း သိထားကြသော်လည်း ပွဲတော်သို့ နာခံစွာ လာရောက်ခဲ့ရသည်။

အကြောင်းအရင်းမှာ လုံရွှယ်ယင်က အလွန်ပင် ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်သောကြောင့် ဖြစ်သည်။

လုံရွှယ်ယင်သာ ဒေါသထွက်သွားခဲ့လျှင် သူတို့အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မည် မဟုတ်သလို မိသားစုကိုလည်း ဘေးအန္တရာယ်သက်ရောက်စေလိမ့်မည်ဖြစ်သည်။

တော်ဝင်ပွဲတော် ကျင်းပရာ ခန်းမအတွင်း၌ အသားရေဖြူဖျော့နေသည့် ပိန်ပါးပါး အမျိုးသာတစ်ဦးသည် အနီရောင်နဂါးဝတ်ရုံကို ဝတ်ဆင်ကာ အထူးပင် ပျော်မွေ့နေခဲ့သည်။

ထိုသို့ ပျော်မွေ့နေရင်း သူက ခန်းမ၏ အလယ်ဗဟိုတွင် ရပ်ကာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။

သူ၏မျက်ဝန်းတွင် စိတ်အလိုမကျသော အမူအရာများ ထင်ဟပ်နေခဲ့၏။

"ပိုင်ကျွင်းဘယ်မှာလဲ သူဘာလို့ အခုအထိရောက်မလာသေးတာလဲ"

နံဘေးရှိ အနက်ရောင်သံချပ်ဝတ်စုံဝတ် အစောင့်တစ်ဦးက သူ့ကို ဦးညွှတ်ကာ ပြန်ဖြေလိုက်သည်။

"အရှင်မင်းသား ကျွန်တော်မျိုးက အရှင်မင်းသားရဲ့ ဆန္ဒကို လွန်ခဲ့တဲ့ လဝက်လောက်ကတည်းက ငှက်တော်ဖြူအိမ်တော်ဆီ ပေးပို့ခဲ့ပါတယ်.. အရှင်မင်းသားရဲ့ ဆန္ဒကို ငှက်တော်ဖြူအိမ်တော်က မလွန်ဆန်ရဲလောက်ပါဘူး"

"ကောင်းပြီ"

လုံရွှယ်ယင်က ခေါင်းညိတ်လိုက်ပြီး အလွန် ထက်ရှသော အေးစက်စက် အလင်းတန်းသည် သူ၏ မျက်ဝန်းတွင် ယှက်သန်းသွားခဲ့သည်။

"ငှက်တော်ဖြူအိမ်တော်ရဲ့ မြို့စားလေးပိုင်ကျွင်း ရောက်ရှိလာပြီ"

ထိုအချိန်တွင် ခန်းမ၏ အပြင်ဘက်မှနေ၍ ကျယ်လောင်သောအသံ ထွက်ပေါ်လာခဲ့သည်။

လုံရွှယ်ယင်၏ မျက်ဝန်းများက တောက်ပလာခဲ့ပြီး ခန်းမ၏ တံခါးဝကို အလျင်အမြန်ပင် စိုက်ကြည့်လိုက်သည်။

လူနှစ်ဦးသည် ခန်းမထဲရှိ မရေမတွက်နိုင်သော အကြည့်များအောက်မှာပင် အပြင်ဘက်ကနေ ခန်းမထဲကို ဖြည်းဖြည်းချင်းလျှောက်လှမ်းလာခဲ့၏။

ရှေ့ကနေ လျှောက်လာသည်မှာ အဖြူရောင်ဝတ်စုံဝတ် ပိုင်ကျွင်း ဖြစ်ပြီး သူ၏ မျက်နှာအသွင်အပြင်သည် ပြိုင်ဘက်ကင်းလောက်အောင်ပင် ချောမောလှသည်။

လုံရွှယ်ယင်ကို အံ့အားသင့်စေသော တစ်ခုတည်းသောအရာမှာ ပိုင်ကျွင်း၏ အနောက်ကနေ လိုက်လာသော အနက်ရောင်ဝတ်စုံဝတ်လူငယ်ပင်ဖြစ်၏။

ထိုလူငယ်က ပိုင်ကျွင်းလောက် မချောမောသော်လည်း သူရဲကောင်းဆန်သော အသွင်အပြင်မျိုး ရှိသည်။

ထို့အပြင် ထိုလူငယ်တွင် သာမန်မဟုတ်သော အရှိန်အဝါရှိ၏။

ထိုလူငယ်၏ အရှိန်အဝါကြောင့် လုံရွှယ်ယင်သည် နက်နဲစွာပင် ဆွဲဆောင်ခံလိုက်ရသည်။

ခန်းမအတွင်းရှိ လူငယ်ပါရမီရှင်များစွာသည် ခန်းမထဲသို့လျှောက်လှမ်းလာသော ပိုင်ကျွင်းတို့နှစ်ဦးကို စိုက်ကြည့်ကာ တိတ်တဆိတ် ကရုဏာသက်ခဲ့ကြသည်။

လုံရွှယ်ယင်က ပိုင်ကျွင်းကို နန်းတော်သို့ ဝင်ရန် အမိန့်ပေးခဲ့သည် ဟူသော သတင်းအား သူတို့သည် ကြားမိခဲ့ကြသည်။

ဗိုလ်ချုပ်အိမ်တော် ငါးခုထဲမှ တစ်ခု ဖြစ်သော ငှက်တော်ဖြူ အိမ်တော်မှ ပိုင်မိသားစုပင်လျှင် လုံရွှယ်ယင်၏ အမိန့်ကို မဖြစ်မနေ လိုက်နာခဲ့ရပုံရသည်။

သို့သော် ယခုအခါ လုံရွှယ်ယင်သည် နဂါးနက် အင်ပါယာကို ‌သြဇာလွှမ်းမိုးထားသူ ဖြစ်၍ လုံရွှယ်ယင်၏ အမိန့်ကို ဖီဆန်ရန်မှာ မဖြစ်နိုင်သော အရာတစ်ခုပင် မဟုတ်ပါလော။

အမိန့်ကို ဖီဆန်သူ မည်သူမဆို အသတ်ခံရမည် ဖြစ်ရာ ခွေးတစ်ကောင်ကဲ့သို့ နာခံမှု ရှိရပေမည်။

လူတိုင်းက အလားတူ ခံစားနေကြရပြီး စိတ်ထဲကနေ ဝမ်းနည်းမှုကို ခံစားနေရသည်။

လုံရွှယ်ယင်က အမျိုးသားများကို အချစ်တော်အဖြစ် ထားရှိခြင်းသည် နဂါးနက် အင်ပါယာတွင် လူသိများသောကိစ္စ ဖြစ်သည်။

ယနေ့တွင် ထိုဒုက္ခများကို ခံစားရန် အလှည့်ကျသူမှာ ပိုင်ကျွင်းတို့နှစ်ဦး ဖြစ်၏။

တစ်နေ့နေ့တွင် ဤအရာသည် သူတို့ အပေါ်တွင်လည်း ရုတ်တရက် ကျရောက်လာနိုင်ပေသည်။

"ကောင်လေး မင်းနာမည် ဘယ်လိုခေါ်လဲ.. ငါ့ဆီကို လာခဲ့ပါဦး"

လုံရွှယ်ယင်က ကျန်းချန်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

သူ၏မျက်လုံးတွင် အလွန်ပင်တောင့်တသော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

သူက ပိုင်ကျွင်းကို သဘောကျ၍ အခေါ်လွှတ်လိုက်သော်လည်း ပိုင်ကျွင်းသည် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးကို ခေါ်ဆောင်လာလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။

ထိုကောင်လေး၏ စွမ်းအင်သည် တကယ်ကို သာမန်မဟုတ်ပေ။

ထို့ကြောင့် လုံရွှယ်ယင်သည် သူ၏ ရှေ့ရှိ ကောင်လေး၏ သွေးများကိုသာ ကျင့်ကြံရန်အတွက် စုပ်ယူနိုင်ခဲ့လျှင် သူ၏ ကျင့်ကြံမှုက အလွန်ပင် တိုးတက်လာလိမ့်မည်ဟု တွေးမိခဲ့သည်။

အခန်း(၁၅၆၀)ပြီး၏။

All Chapters