အားလုံးနှင့်ယှဥ်ပြိုင်ခြင်း
Vol. 7 Ch. 695
ပိုင်ရှောင်ချန်းသည် သူနေထိုင်ရာကမ္ဘာကြီး၏ ဝိသေသလက္ခဏာများကို ကောင်းကောင်းနားလည်ထားသည်။ လူများသေဆုံးပြီးနောက်တွင် သူတို့၏ ဝိညာဥ်များသည် မြေအောက်မြစ်ထဲသို့စီးဝင်သွားကြပြီး မြေရိုင်းဒေသ၏ တစ်နေရာတွင် ပေါ်ထွက်လာကြသည်။
မြေရိုင်းဒေသ၏ မည်သည့်နေရာတွင် ပိုင်ဟောက်၏ ဝိညာဥ်ရောက်ရှိနေမည်ကို သူကသိချင်နေခဲ့သည်။ သို့သော် သူ့ကိုရှာတွေ့နိုင်ချေမှာ မဖြစ်နိုင်လောက်အောင် နည်းပါးနေသည်။ သမုဒ္ဒရာထဲတွင် အက်ပျောက်ရှာနေသကဲ့သို့ ဖြစ်နေမည်ဖြစ်ပြီး နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူပင်လျှင် ရှာတွေ့နိုင်မည် မဟုတ်ပေ။
ပိုင်ဟောက်၏ ဝိညာဥ်ကို ပြန်လည်ရှာတွေ့နိုင်မည့် အတွေးစများမှာ သူ၏ခေါင်းထဲသို့ တစ်ခါတရံရောက်လာတတ်သော်လည်း နောင်တများအဖြစ်သာ သက်ပြင်းချခဲ့ရသည်။
သူလုံးဝ ထင်မှတ်မထားသည့် အပြောင်းအလဲဖြစ်ရပ်များနှင့် ရင်ဆိုင်နေစဥ် ပိုင်ဟောက်၏ ဝိညာဥ်ကို ဝိညာဥ်ရေနွေးအိုးထဲတွင် ရှာတွေ့လိမ့်မည်ဟု သူကလုံးဝမတွေးထားမိပေ။
သူသည် အမုန်းဝိညာဥ် တစ်ခုဖြစ်နေပြီး ဒေါသလောဘများ ပြည့်နှက်နေသဖြင့် အသက်ရှိနေစဥ်က ပုံစံနှင့်မတူတော့ပဲ ကြောက်မက်ဖွယ် သေခြင်းတရား၏ အငွေ့အသက်များက သူ့ကိုလွှမ်းခြုံနေပြီဖြစ်သည်။ သို့သော် ပိုင်ရှောင်ချန်းမှာ မြင်မြင်လိုက်ချင်းတွင် ၎င်းမှာ ပိုင်ဟောက်ဖြစ်မှန်း ချက်ချင်းသိလိုက်သည်။
ဤကမ္ဘာပေါ်ရှိလူတိုင်းထက် ပိုင်ရှောင်ချန်းမှာ ပိုင်ဟောက်နှင့်ပို၍ ရင်းနှီးသည် မဟုတ်ပါလော။ ပိုင်ဟောက်မှာ သူ၏တပည့်ဖြစ်နေရုံသာမက သူသည် ပိုင်ဟောက်၏ သရုပ်မှန်ကိုအသုံးချကာ မြေရိုင်းဒေသထဲတွင် လက်ရှိအဆင့်အတန်း အခြေအနေသို့ တက်လှမ်းလာခဲ့သည် မဟုတ်ပါလော။
ပိုင်ရှောင်ချန်းမှာ ဆွံ့အနေသည်။ သူ့ထံသို့ ပြေးလာနေသည့်လူများရှိနေသေးသည်ကို သူက မမေ့ပဲ အကယ်၍သူသာ တစ်ခဏမျှ အရှိန်နှေးသွားပါက ဝန်းရံခံလိုက်ရမည်မှာ သေချာသလောက်ရှိနေသည်။
သို့သော်လည်း သူက ကောက်ကာငင်ကာ ရပ်လိုက်တော့သည်။ ဤအခွင့်အရေးကို သူက လက်မလွှတ်နိုင်ချေ။ ပိုင်ဟောက်၏ ဝိညာဥ်မှာ ဝိညာဥ်ရေနွေးအိုးထဲတွင် ရှိနေကြောင်းကို သိရုံနှင့် မည်သို့မျှ ထူးလာမည်မဟုတ်ပေ။ ထိုတစ်နေရာထဲတွင် သူ့ကိုထပ်၍ လိုက်ရှာသည့်တိုင် အလွန်ခဲယဥ်းနေမည်ဖြစ်သည်။ ထို့အပြင် ပိုင်ဟောက်၏ ဝိညာဥ်သာ သေဆုံးသွားပါက ပိုင်ရှောင်ချန်းမှာ ထိုကိစ္စအတွက် သူ၏တစ်ဘဝလုံး နောင်တရနေရမည် ဖြစ်သည်။
ပိုင်ဟောက်၏ဝိညာဥ်မှာ ကြီးမားသော အန္တရာယ်တစ်ခုကို ကိုယ်စားပြုနေကြောင်းကိုလည်း သူကသိသည်။ အကယ်၍ တစ်စုံတစ်ယောက်သာ အမှန်တရားကို ရှာတွေ့သွားပြီး သူ၏သရုပ်မှန်ကို ဖော်ထုတ်ကာ လူတိုင်းသိထားသည့် ပိုင်ဟောက်မှာ ပိုင်ရှောင်ချန်းဖြစ်နေကြောင်း အခြားလူများကို အသိပေးလိုက်ပါက ပြဿနာအကြီးအကျယ်တက်မည်ဖြစ်သည်။
အကောင်းဆုံး ရွေးချယ်ချက်မှာ ဤနေရာမှထွက်ခွာ၍ ပိုင်ဟောက်၏ ဝိညာဥ်ကို လျစ်လျှုရှုလိုက်ရန်ဖြစ်သည်။ တစ်စုံတစ်ယောက်မှာ သူ့ကိုသတိထားမိသွားနိုင်ပါသော်လည်း ဖြစ်နိုင်ချေ အလွန်နည်းသည် မဟုတ်ပါလော။
နောက်ထပ်ရွေးချယ်စရာတစ်ခုမှာ သူ၏ဝိညာဥ်ကို ဖျက်ဆီးပစ်ရန်ဖြစ်သည်။ ထိုအခါဆိုလျှင် ပိုင်ရှောင်ချန်း၏ ဇာတ်လမ်းထဲတွင် ဟာကွက်လုံးဝရှိတော့မည် မဟုတ်ပေ။ သို့သော် ပိုင်ရှောင်ချန်း ထိုသို့မတွေးပေ။
သူ၏စိတ်ထဲတွင် အတွေးတစ်ခုထဲသာ ရှိနေသည်။ ၎င်းမှာ သူ၏တပည့်ဖြစ်သည် ဟူသော အတွေးဖြစ်သည်။ သူ၏ဘဝတွင် ပထမဆုံးထားခဲ့ဖူးသည့် တပည့်ဖြစ်သည်။ ယခုတွင် သူနှင့်ကြုံရပြီဖြစ်ရာ သူ့ကိုမကယ်ပဲနှင့် လုံးဝမနေနိုင်ချေ။
ထို့ကြောင့် သူကလုံးဝတွေဝေမနေပဲ နောက်သို့ချာကနဲလှည့်ကာ ဝိညာဥ်အုပ်ထဲတွင် ပိုင်ဟောက်ရှိနေသည့်နေရာသို့ ခုန်သွားတော့သည်။ ဝိညာဥ်များက သူ့ကိုသတိမထားမိသဖြင့် သူတို့ကြားထဲဝင်သွားသောအခါ ရုတ်ရုတ်သဲသဲ ဖြစ်မသွားကြပေ။ ထိုဝိညာဥ်များမှာ မြေရိုင်းသားလက်ရွေးစင်များကို လောဘတကြီးကြည့်ကာ ပိုင်ဟောက်အပါအဝင် လက်ရွေးစင်များထံသို့ ပျံသန်းသွားကြတော့သည်။
သို့သော် ပိုင်ဟောက်၏ဝိညာဥ်မှာ အရှိန်ပင်မတင်ရသေးချိန်တွင် ပိုင်ရှောင်ချန်းက လှမ်း၍ ဖမ်းယူလိုက်ပြီး ဝိညာဥ်သိုလှောင်စေတီထဲသို့ ပစ်ထည့်လိုက်တော့သည်။
ထို့နောက် စိုးရိမ်ထိတ်လန့်စွာဖြင့် သူ့ထံသို့ လျင်မြန်စွာပြေးလာနေသည့် အလင်းတန်းနှစ်ခုကို ရင်ဆိုင်ရန် လှည့်ကြည့်လိုက်တော့သည်။
ထိုနှစ်ယောက်မှာ ကျိုးဟုန်နှင့် လီထျန်ရှန်တို့ဖြစ်သည်။
" ပိုင်ဟောက် "
ကျိုးဟုန်မှာ ယင်ယန်ဝိညာဥ်အဆင့်မဟာစက်ဝန်း၏ စွမ်းအင်များပေါ်ထွက်နေသည့် ကျင့်ကြံခြင်းအခြေဖြင့် အော်ဟစ်လိုက်ပြီး စွမ်းအားကြီး အငွေ့အသက်များကို အရပ်မျက်နှာအနှံ့သို့ ထုတ်လွှတ်လိုက်တော့သည်။ ထို့နောက် သူ၏ လက်ထဲတွင် ကိုင်ထားသည့် ကျောက်စိမ်းပေလွှာကို ချေမွလိုက်သောအခါ ချက်ချင်းပင် ဘေးပတ်ပတ်လည်တစ်ဝိုက်မှာ တွန့်လိမ်ကွေးကောက်သွားပြီး မည်သည့်တည်နေရာရွှေ့ပြောင်းခြင်းမှ ပြုလုပ်၍မရတော့ပေ။
သူ၏ လှုပ်ရှားမှုများမှာ မြန်ဆန်လွန်းလှပြီး သူ၏အသံမှာလည်း မိုးခြိမ်းသံအလား ဆူညံနေသည်။
တစ်ခဏအတွင်း သူသည် ပိုင်ရှောင်ချန်း၏ ရှေ့တည့်တည့်သို့ရောက်သွားပြီး သူ၏ပတ်ပတ်လည်တွင် အနက်ရောင်အလင်းတန်းများက ဝန်းရံနေသည်။ ထိုအလင်းတန်းများမှာ လေထဲတွင် ဝဲဂယက်ထကာ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ ကြောက်မက်ဖွယ် အငွေ့အသက်တစ်ခုကို ထုတ်လွှတ်ရင်း ပိုင်ရှောင်ချန်းဆီသို့ ဦးတည်သွားတော့သည်။ ဤတိုက်ကွက်မှာ သူ၏အဖေဖြစ်သော သောကကင်းဝေး ကိုးသွယ်ဘုရင်က သူ့အားပေးထားခဲ့သည့် ဝှက်ဖဲတစ်ခုဖြစ်သည်မှာ အသေအချာပင်။
သူ၏နောက်တွင်ရှိနေသော လီထျန်ရှန်၏ မျက်ဝန်းများထဲတွင်မူ ရက်စက်မှုအပေါင်းပြည့်နှက်နေသည့် အကြည့်တစ်ခုကိုမြင်နိုင်ပြီး သူသည် ရည်ရွယ်ချက်ရှိရှိ သူ၏အရှိန်ကို လျှော့လိုက်လေသည်။ ထို့နောက် သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းကာ ငါးရောင်ခြယ်အဆိပ်ငွေ့တစ်ခုကိုထုတ်လွှတ်လိုက်တော့သည်။ ၎င်းအငွေ့နှင့် ထိမိလိုက်သည့် ဝိညာဥ်များပင်လျှင် သနားစဖွယ်အော်မြည်ကာ အရည်ပျော်ကျပြီး ပျောက်ဆုံးသွားရသည်သာ ဖြစ်သည်။
ထိုနေရာတစ်ဝိုက်ရှိ အခြား ကျင့်ကြံသူများမှာ ကျိုးဟုန်ကိုမြင်လိုက်ရ၍ စိတ်လှုပ်ရှားသွားကြပြီး လျင်မြန်စွာပင် လူစုခွဲလိုက်ကာ ပိုင်ရှောင်ချန်း ထွက်မပြေးနိုင်ရန် လမ်းပိတ်လိုက်ကြသည်။ သူတို့၏တာဝန်မှာ သူ့ကိုအချိန်တစ်ခဏမျှလောက်သာ နှောင့်နှေးစေရန်ဖြစ်ကြောင်း သူတို့ကသိပြီး အခြားလက်ရွေးစင်များ ရောက်ရှိလာသည်နှင့် သူ့ကိုသတ်နိုင်မည်သာ ဖြစ်သည်။
သူသည် ယခု သူ ပြသထားသည့်အဆင့်ထက် ထက်ပို၍ စွမ်းအားကြီးနေလျှင်တောင် ကိစ္စရှိမည်မဟုတ်ပေ။ သူတို့၏ဘက်ရှိ အရေအတွက်မှာ များစွာသာလွန်နေသဖြင့် နတ်အဆင့်ကျင့်ကြံသူ တစ်ယောက်ပင်လျှင် သူတို့ကို အလွယ်တကူ ရင်ဆိုင်ရဲမည်မဟုတ်ချေ။
ထိုအချက်ကို သူတို့ကဲ့သို့ ပိုင်ရှောင်ချန်းကလည်း နားလည်ထားသည်။ သူက ကျိုးဟုန်ကိုလှမ်းကြည့်လိုက်ပြီးနောက် သူလက်နက်အဖြစ်အသုံးပြုနေသည့် အလင်းတန်းများကို တစ်ချက်အကဲခတ်လိုက်သောအခါ ၎င်းတို့မှာ အန္တရာယ်များစွာပြုနိုင်ကြောင်း သိလိုက်သည်။ ထို့နောက် သူ၏ အပြင်ခန္ဓာကိုယ်နှင့် ကျင့်ကြံခြင်းအခြေခံနှစ်ခုစလုံး၏ စွမ်းအားများကိုထုတ်ဖော်ကာ လက်သီးချက်တစ်ချက်ကို ထုတ်လွှတ်လိုက်တော့သည်။ ထိုအခါ လေပြင်းမုန်တိုင်းတစ်ခု တိုက်ခတ်လာပြီး ထိုနေရာတစ်ဝိုက်ရှိ အရာအားလုံးမှာ တုန်ရီလာကြသဖြင့် ကျိုးဟုန်၏အမူအရာမှာ ပြောင်းလဲသွားတော့သည်။ သူက ချက်ချင်းပင် အနက်ရောင်အလင်းတန်းများကို သူ့ဆီသို့ပြန်ဆွဲယူကာ သူ့ကိုယ်သူ ကာကွယ်လိုက်သည်။ ထို့နောက် အုန်းခနဲအသံတစ်သံ ထွက်ပေါ်လာပြီး သူ၏ပါးစပ်မှ သွေးတစ်ပွက် အန်ထွက်လာကာ သူ၏မျက်နှာပေါ်တွင် မယုံမကြည်ဖြစ်နေသည့် အမူအရာတစ်ခု ပေါ်ပေါက်လာတော့သည်။
" ဘာလို့သူက အဲဒီလောက်စွမ်းအားကြီးနေရတာလဲ "
ကျိုးဟုန်၏မျက်ဝန်းများမှာ အလွန်အမင်း နီမြန်းနေပြီး လက်မခံနိုင်သည့် ဒေါသများ ဖုန်းလွှမ်းနေတော့သည်။ မြေအောက်ကမ္ဘာ၏ လင်းလက်မှုများဖြင့် တောက်ပနေသည့် အနက်ရောင် အလင်းတန်းများ ထပ်မံထွက်ပေါ်လာပြီး လေကိုခွင်းကာ ပိုင်ရှောင်ချန်းဆီသို့ ဦးတည်လာတော့သည်။ သို့သော် ဤအချိန်တွင် ပိုင်ရှောင်ချန်းမှာ ဘေးသို့ရှောင်တိမ်းလိုက်ပြီး ကျိုးဟုန်ကိုဖြတ်ပြေးကာ သူ၏နောက်တွင်ရှိသော အလယ်ပိုင်းယင်ယန်ဝိညာဥ်အဆင့် လက်ရွေးစင်များဆီသို့ ဦးတည်သွားတော့သည်။
တချိန်ထဲမှာပင် သူက ထာဝရထီးကို ထုတ်ယူလိုက်ပြီး တွေဝေမနေပဲ မြောင်လင်းအာ၏ ဘေးဘက်ထဲသို့ ထိုးစိုက်လိုက်တော့သည်။
ထိုအခါ သူမ၏အသက်ဓာတ်များ စုပ်ယူခံရလိုက်သဖြင့် သူမသည် ငယ်သံပါအောင်အော်ဟစ်ကာ သူမ၏ ချောမောလှပသော မျက်နှာလေးမှာ ခြောက်ကပ်သွားရတော့သည်။ တချိန်ထဲမှာပင် ပိုင်ရှောင်ချန်း၏ ထာဝရအရိုးများမှာ အသစ်ရရှိသော အသက်ဓာတ်များကိုသုံးကာ ရောစပ်အရိုးများ၏ ဒုတိယအဆင့် မဟာစက်ဝန်းထဲသို့ရောက်ရှိသွားသဖြင့် တဂျုန်းဂျုန်း မြည်သံများ ပေါ်ထွက်လာတော့သည်။
မြောင်လင်းအာ တစ်ယောက်နှင့်ပင် ထိုအဆင့်ထိ ရောက်ရန် လုံလောက်နေပြီဖြစ်သဖြင့် ပိုင်ရှောင်ချန်းမှာ အံ့အားသင့်သွားရသည်။ မြောင်လင်းအာ၏ အသက်ဓာတ်က အခြားလူများထက် သာလွန်နေမည်မှာ ဧကန်ပင်။
" ဒီ ကလေးမက ဘယ်လိုသိုင်းကွက်တွေများ ကျင့်ကြံထားလို့ ဒီလောက်များပြားတဲ့ အသက်ဓာတ်တွေ ပိုင်ဆိုင်ထားရတာလဲ "
သူက ရေရွတ်လိုက်လေသည်။
" သူ့ဝတ်ပုံစားပုံ ဒီလောက် ဟောဟော့ရမ်းရမ်းဖြစ်နေပုံထောက်ရင်တော့ မိစ္ဆာသိုင်းကွက်တစ်မျိုးမျိုးပဲ ဖြစ်ရမယ် "
ထိုဖြစ်ရပ်အားလုံးမှာ မီးတစ်ခတ်အချိန်အတွင်း ဖြစ်သွားခဲ့သည်။ မြောင်လင်းအာကို သူ၏ထည့်စရာအိတ်ထဲသို့ ပစ်ထည့်လိုက်ပြီးနောက် သူက အလယ်ပိုင်း ယင်ယန်ဝိညာဥ်အဆင့်ရှိ ကျင့်ကြံသူများထံသို့ ပြေးသွားတော့သည်။ သူတို့က နတ်ဘုရားစွမ်းရည်များကို ဆက်တိုက်ထုတ်လွှတ်လိုက်သောအခါ သူက ထာဝရထီးကိုဖွင့်ကာ သူ့ကိုယ်သူ ကာကွယ်လိုက်ပြီး ကျင့်ကြံသူတစ်ယောက်ကို ထိုးစိုက်လိုက်သည်။
ထိုကျင့်ကြံသူမှာ အော်ဟစ်ကာ သူ၏ခန္ဓာကိုယ်မှာ ခြောက်ကပ်သွားပြီးနောက် ပိုင်ရှောင်ချန်း၏ ထည့်စရာအိတ်ထဲသို့ ပစ်ထည့်ခံလိုက်ရတော့သည်။ ထို့နောက် ပိုင်ရှောင်ချန်းမှာ အခြားဘက်လှည့်ကာ သူ၏နောက်ပစ်မှတ်တစ်ခုဆီသို့ ဦးတည်သွားပြန်သည်။ ကျိုးဟုန်မှာ ဒေါသမီးများလောင်ကျွမ်းရင်း သူ့ကိုလိုက်ဖမ်းနေသော်လည်း ပိုင်ရှောင်ချန်းကဲ့သို့ သူကမမြန်ပေ။ သို့သော် ပိုင်ရှောင်ချန်းမှာ ကျင့်ကြံသူလေးယောက်ထံမှ အသက်ဓာတ်များကို စုပ်ယူပြီးသွားသောအခါ ကျိုးဟုန်က မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး အနက်ရောင်အလင်းတန်းအားလုံးကို ဧရာမဆူးချွန်ကြီးတစ်ခုအသွင် ပြောင်းလဲကာ ပိုင်ရှောင်ချန်းဆီသို့ ပစ်လွှတ်လိုက်သည်။
ထိုအနက်ရောက် ဆူးချွန်မှာ နတ်အဆင့်ကျင့်ကြံသူ တစ်ယောက်၏ အငွေ့အသက်များပါဝင်နေသဖြင့် ပိုင်ရှောင်ချန်းမှာ မှင်တက်သွားကာ သူ၏လိပ်ဒယ်အိုးကိုထုတ်ကာ သူ့ကိုယ်သူ ကာကွယ်လိုက်သည်။ ထို့နောက် အုန်းခနဲအသံတစ်သံ ထွက်လာပြီး ပိုင်ရှောင်ချန်းမှာ နောက်သို့ဒါဇင်များစွာ ဆုတ်ခွာသွားကာ သူ့ကိုရှောင်တိမ်းရန်မစွမ်းနိုင်သည့် အနီးအနားရှိ အခြားလက်ရွေးစင်တစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ ထာဝရထီးကို ထိုးစိုက်လိုက်ပြန်သည်။
ထိုလက်ရွေးစင်မှာ အော်ဟစ်ကာ ခြောက်ကပ်သွားသောအခါ အသက်ဓာတ်များမှာ ပိုင်ရှောင်ချန်း၏ ထာဝရအရိုးထဲသို့ စီးဝင်သွားသဖြင့် ေရာစပ်အရိုး၏ မဟာစက်ဝန်းအဆင့်ထိ ရောက်ရှိသွားတော့သည်။
ထိုအဖြစ်အပျက်များမှာ မြန်ဆန်လွန်းလှသဖြင့် ဘေးနားရှိ အခြားလက်ရွေးစင်များမှာ ပင့်သက်ရှိုက်ချိန်ပင်မရှိလိုက်ပေ။ ထို့အပြင်မည်သူမှ ပိုင်ရှောင်ချန်းအနားသို့ မကပ်ရဲကြတော့ပဲ နောက်သို့ ဆုတ်ခွာသွားကြတော့သည်။ ပိုင်ရှောင်ချန်း၏ ထူးခြားသော တိုက်ပွဲလှည့်ကွက်များကြောင့် သူတို့အားလုံးမှာ တုန်လှုပ်နေရပြီဖြစ်သည်။
" မင်းငါ့ကို တစ်ယောက်ချင်း ယှဥ်ချရဲလား ပိုင်ဟောက် "
ကျိုးဟုန်က ဒေါသတကြီးအော်ဟစ်ကာ သူ၏အနားသို့ ရောက်လာသည်။ လီထျန်ရှန်၏ မျက်နှာမှာမူ သွေးဆုတ်ဖြူရော်နေပြီး ပိုင်ရှောင်ချန်း၏ ထူးခြားဆန်းကြယ်သော ထီးကို ကြောက်ရွံ့နေသဖြင့် နောက်သို့တဖြည်းဖြည်းဆုတ်ခွာသွားတော့သည်။
" စိတ်အေးအေးထားစမ်းပါ။ ငါ့ရဲ့စွမ်းအားအကြီးဆုံး လက်သီးချက်ကို စမ်းမလို့ မင်းကို နောက်ဆုံးမှ တိုက်ခိုက်ဖို့ ချန်ထားတာ "
ပိုင်ရှောင်ချန်းမှာ ကျိုးဟုန်ကို လျစ်လျှူရှုလိုက်ပြီး ထွက်ပြေးနေသည့် လီထျန်ရှန်ကို အာရုံစိုက်လိုက်သည်။ သူက ပြုံးဖြီးဖြီးလုပ်လိုက်ပြီး လှုပ်ရှားရန် ပြင်လိုက်လေသည်။ ကျိုးဟုန် စောစောက ချေမွခဲ့သည့် ကျောက်စိမ်းပေလွှာကြောင့် သူ၏ ထာဝရပြုစားခြင်း အတတ်ကိုမသုံးနိုင်သော်လည်း သူ၏အပြင်ခန္ဓာကိုယ်တစ်ခုလုံးမှာ တည်နေရာရွှေ့ပြောင်းခြင်းနီးပါးမြန်ဆန်သည့် အမြန်နှုန်းကို ထုတ်လွှတ်ပေးနိုင်နေပြီဖြစ်သည်။ သူ၏ခြေထောက်မှာ အောက်သို့ကျသွားသည်နှင့် တပြိုင်နက် သူသည် လီထျန်းရှန်းဆီသို့ ရိပ်ခနဲ ဦးတည်သွားတော့သည်။
သူ၏ အပြုံးကြောင့် လီထျန်ရှန်မှာ ကြောက်ရွံ့တုန်လှုပ်သွားရသည်။ သူက ဂယောင်ခြောက်ခြားဖြင့် အရှိန်ထပ်တင်လိုက်ပြီး တပြိုက်နက်ထဲမှာပင် သူ၏လက်များကို လေထဲတွင်ဝှေ့ယမ်းကာ အဆိပ်ငွေ့များကို ထပ်၍ထုတ်လွှတ်လိုက်သည်။ ထိုအငွေ့များမှာ လျင်မြန်စွာပင် ခုနစ်ရောင်ခြယ် အရိုးခေါင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပိုင်ရှောင်ချန်းကိုဝါးမျိုတော့မည့်အလား သူ့ထံသို့ ပြေးသွားတော့သည်။
ပိုင်ရှောင်ချန်းမှာမူ ထိုခုနစ်ရောင်ခြယ် အရိုးခေါင်းကို လျစ်လျှူရှုကာ အဆင့်ဆယ့်လေးအထိ မြှင့်တင်ထားသည့် ပစ္စည်းများစွာကိုသုံး၍ ၎င်းကို ထိုးဖောက်သွားတော့သည်။ ထို့နောက် သူသည် လီထျန်ရှန်၏ ရှေ့တည့်တည့်သို့ ရောက်သွားတော့သည်။
" အဆိပ်နဲ့ကစားရတာ အဲဒီလောက်ပျော်ဖို့ကောင်းနေလား "
သူက ထိုသို့ဆိုကာ ထာဝရထီးကို လီထျန်ရှန်၏ ရင်ဘတ်သို့ ချိန်ကာ ထိုးစိုက်လိုက်သည်။ လီထျန်ရှန်မှာ အော်ဟစ်လိုက်သောအခါ သူ၏ခန္ဓာကိုယ်ထဲမှ အနီရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာတော့သည်။ ထို့အပြင် အကာအကွယ် မှော်ပစ္စည်းများစွာလည်း ထွက်ပေါ်လာသည်။ သို့သော် ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏ မျက်ဝန်းများထဲတွင် ရောင်စုံအလင်းတန်းတစ်ခု လင်းလက်သွားပြီး လီထျန်ရှန်၏ ကျင့်ကြံခြင်းအခြေခံမှာ ရှုတ်ယှက်ခတ်သွားရတော့သည်။ လီထျန်ရှန်မှာ ရုတ်တရက် နှေးကွေးသွားပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ထာဝရထီးမှာ စိုက်ဝင်သွားသည်ကို သိလိုက်ရသဖြင့် ထိတ်လန့်သွားတော့သည်။
လီထျန်ရှန်မှာ ခြောက်ကပ်စပြုလာပြီး သူ၏အသက်ဓာတ်များမှာ အပြင်သို့စီးထွက်ကာ ပိုင်ရှောင်ချန်းအတွင်းသို့ ဝင်သွားတော့သည်။ ၎င်းမှာ ပိုင်ရှောင်ချန်း၏ အရိုးများထဲသို့ ဝင်သွားသောအခါ သူက တုန်ရီသွားပြီး သူ၏ခန္ဓာကိုယ်အတွင်းထဲမှာ ထစ်ချုန်းသံများ ပေါ်ထွက်လာတော့သည်။ ထို့အပြင် သူ၏မျက်ဝန်းများအတွင်း ရွှေရောင် အလင်းတန်းတစ်ခုကို မြင်နိုင်ပေသည်။ သူ၏ထာဝရအရိုးများမှာ ရောစပ်အရိုး၏ တတိယအဆင့်သို့ ဖောက်ထွက်သွားပြီဖြစ်သည်။
သူ၏ ခန္ဓာကိုယ်အတွင်းတွင် နွေးထွေးသော ခံစားချက်တစ်ခု ပြည့်နှက်သွားပြီး သူ၏အပြင်ခန္ဓာကိုယ်၏ ခုခံစွမ်းအားများမှာ တိုးမြင့်သွားပြီဖြစ်ကြောင်း ချက်ချင်းပင် သိလိုက်လေသည်။ ပို၍စိတ်လှုပ်ရှားစရာ ကောင်းသည်မှာ ယခုတွင် သူသည် ထာဝရဧကရာဇ်လက်သီးကိုသုံးရန် အရည်အချင်း ပြည့်မီသွားပြီဖြစ်သည်။
ထိုစဥ် ကုန်းစွန်းရီ၊ ရွှီရှန်၊ ဒုတိယမင်းသား၊ ချင်းမေ့ယွန်တို့နှင့်အတူ အခြားလက်ရွေးစင်များ ရောက်ရှိလာသဖြင့် လေထဲတွင် ရွှီးခနဲ မြည်သွားတော့သည်။
" သူ့ကို တားလိုက် ကျိုးဟုန်ရေ "
" သူ မလွတ်သွားစေနဲ့ "
ကျိုးဟုန်မှာ လီထျန်ရှန် အဖမ်းခံလိုက်ရသည်ကိုကြည့်နေရင်း သူတို့ဆီသို့ချဥ်းကပ်လာနေသည့် ကျင့်ကြံသူများ၏ အော်ဟစ်သံများကို ကြားလိုက်ရသောအခါ သူ၏ဒေါသမီးများမှာ ပို၍တောက်လောင်လာတော့သည်။ သူ၏ခေါင်းကို နောက်သို့ပစ်ကာ အော်ဟစ်လိုက်ပြီး အနက်ရောင် အလင်းတန်းများကို သူ၏ဘေးပတ်ပတ်လည်တွင် ထပ်၍ထုတ်လွှတ်လိုက်တော့သည်။ ယခုတွင် သူသည်အလွန်ဒေါသထွက်နေပြီ ဖြစ်သဖြင့် သူ၏ဝှက်ဖဲတစ်ခုကို အသုံးပြုရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။
ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့တွင် တဂျုန်းဂျုန်း မြည်သံများ ပြည့်နှက်သွားပြီး အနက်ရောင်အလင်းတန်းများ အားလုံးမှာ ပိုင်ရှောင်ချန်းဆီသို့ ပြေးသွားကြတော့သည်။
ပိုင်ရှောင်ချန်းမှာ အသက်ပြင်းပြင်းရှူလိုက်ပြီး လက်သီးဆုပ်လိုက်သည်။ ထို့နောက် သူ၏ အငွေ့အသက်မှာ သူ၏ခန္ဓာကိုယ်အတွင်းသို့ ပြန်ဝင်စပြုလာပြီး သူ၏မျက်ဝန်းများမှာ လင်းလက်စွာတောက်ပလာသည်။ သူ၏ခန္ဓာကိုယ်ထဲရှိ အသက်ရှိနေသော လက္ခဏာရပ်အားလုံးမှာ ပျောက်ကွယ်စပြုနေသည့်အတိုင်းပင်။ တချိန်ထဲမှာပင် အနက်ရောင်လေပွေကြီးတစ်ခုမှာ သူ၏လက်သီးပတ်ပတ်လည်တွင် လည်ပတ်လာတော့သည်။
ထိုလေပွေထဲတွင် ဖော်ပြ၍မရနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းသည့် အငွေ့အသက်များပါဝင်နေပြီး ၎င်းတို့ကိုမြင်လိုက်ရသူတိုင်းမှာ ထိတ်လန့်ကာ သွေးဆုတ်သွားရမည်ဖြစ်သည်။
သူသည် ထာဝရဧကရာဇ်လက်သီးကို စတင်သုံးရန် ကိုယ်ဟန်အနေအထား ယူနေပေသည်။