← Chapters

နောက်တစ်ယောက်….လော့ထျန်

Vol. 3 Ch. 33

နောက်တစ်ယောက်….လော့ထျန်

Vol. 3 Ch. 33

ညနေခင်းရောက်လာသည်နှင့် ကျောက်စိမ်းတောင်မြို့ရှိ လော့မိသားစု၏ သိုင်းလေ့ကျင့်ရေးကွင်းပြင်သည် မီးရှူးတိုင်များဖြင့် လင်းထိန်နေသည်။

လော့မိသားစု တပည့်များသည် လက်ရှိတွင် သိုင်းလေ့ကျင့်ရေးကွင်းပြင်သို့ ဝင်လာကြသည်။ အချို့က ပျော်ရွှင်နေသကဲ့သို့ အချို့က စိတ်ဓာတ်ကျနေသည်။ အချို့မှာမူ သူတို့၏ မျှော်လင့်ချက်ပြည့် နှက်နေသောအနာဂတ်များကို မြင်ယောင်ကြည့်နေကြသည်။

“သခင်လေး လော့ဝေ ရောက်လာပြီ”

“တတိယခေါင်းဆောင်ရဲ့သား။ သူက ဒီနှစ် အမဲလိုက်ပြိုင်ပွဲရဲ့ ပထမနေရာအတွက် ပြိုင်ဘက်တွေထဲက တစ်ဦးပဲ။ နက်နဲတပည့် အဆင့် ၇ ဆိုတော့ သူ နတ်ဆိုးသားရဲ အများကြီး သတ်ထားနိုင်လောက်တယ်”

“လော့ချန် ပြန်လာပြီ”

“ဒုတိယခေါင်းဆောင်ရဲ့သား လော့ချန်က နက်နဲတပည့် အဆင့် ၇ ရဲ့ အထွတ်အထိပ်မှာ ရှိနေပြီး သခင်လေး လော့လင်နဲ့ အဆင့်တူပဲ”

“သခင်လေး လော့လင် ဘာလို့ မပြန်လာသေးတာလဲ”

“မပူပါနဲ့၊ သခင်လေး လော့လင်ကို ဘယ်သူလို့ မင်းထင်နေလဲ။ သူက နောက်ဆုံးမှ ပေါ်လာမှာ အသေအချာပဲ။ ဒီအမဲလိုက်ပြိုင်ပွဲရဲ့ ပထမနေရာက သူ့အတွက် သေချာပေါက်ပဲ”

“ဟုတ်တယ်။ လော့လင်က ဒီမှာ  အသန်မာဆုံးဖြစ်ပြီး မိသားစုရဲ့ သခင်လေးလည်း ဖြစ်တယ်။ သူ့လိုမျိုး အထင်ကရ ပုဂ္ဂိုလ်တွေက နောက်ဆုံးအချိန်ကျမှ ခမ်းခမ်းနားနား ဝင်ရောက်လာမှာ သေချာတယ်”

“သခင်လေး လော့လင်ကို တကယ်ပဲ တွေ့ချင်နေပြီ”

⸻

သိုင်းလေ့ကျင့်ရေးကွင်း၏ စင်မြင့်ပေါ်တွင်။

လော့ကျန့်ရှန်၏ မျက်နှာတွင် အပြုံးအယောင်တစ်ခု ရှိနေပြီး ရံဖန်ရံခါတွင် မာနကြီးသည့် ပုံစံကို ပြသနေသည်။

အမဲလိုက်ပြိုင်ပွဲသည် တစ်နှစ်တာ၏ အခမ်းနားဆုံးပွဲဖြစ်သည်။ သူ့၏သားက ပထမနေရာကို ရယူတော့မည်။ ဤသည်က သူခေါင်းဆောင်ဖြစ်လာမည့် အနေအထားကို သေချာပေါက် ခိုင်မာစေလိမ့်မည်။

ထို့အပြင်…

လော့လင်သည် လော့ထျန်ကို ဖယ်ရှားပြီးဖြစ်လိမ့်မည်။ လော့ထျန်၏ သေဆုံးမှုက သူ့ကိုခေါင်းဆောင်၏ ရာထူးတွင် အခိုင်အမာ ထိုင်နိုင်စေလိမ့်မည်။

ထိုသို့သော အတွေးများဖြင့် သူသည် အတွင်းစိတ်မှ ရယ်မောမိသည်။ အဘယ်ကြောင့်ဆိုသော် သူ့ရှေ့တွင် ကောင်းမွန်သော နေ့ရက်များ ရှိနေသောကြောင့်ပင်။

⸻

စက္ကန့်နှင့် မိနစ်များ ကုန်ဆုံးသွားသည်နှင့် လော့မိသားစု တပည့်များ ပို၍ ပို၍ ပေါ်လာကြသည်။

လော့ကျန့်ရှန်သည် သိုင်းလေ့ကျင့်ရေးကွင်း၏ ဝင်ပေါက်တွင် သူ့မျက်လုံးများကို စိုက်ကြည့်နေသည်။ သူ၏ မျက်လုံးများက အရင်ကလို တည်ငြိမ်တော့ခြင်း မရှိချေ။

သူ ဘာလို့ မပေါ်လာသေးတာလဲ။

“အစ်ကိုကြီး၊ တူလေး လော့လင် ဘာလို့ မပြန်လာသေးတာလဲ” လော့ရှောင်ရှန်းသည် အကူအညီမဲ့စွာ မေးလိုက်သည်။

ဘေးတွင် တတိယခေါင်းဆောင် လော့ကျုံးရှန်းက လှောင်ပြုံးဖြင့် “မတော်တဆတစ်ခုခု တစ်ခုခုများ ဖြစ်သွားတာလား။ မိုးကြိုးနွားသိုးက လော့မိသားစု တပည့်တစ်ဝက်ကျော်ကို သတ်လိုက်တယ်လို့ ကြားတယ်လေ။ လော့လင်များ…” ဟု ဆိုသည်။

“မင်း အမေရဲ့ ခွေးအူသံနဲ့ မပြောနေနဲ့”

လော့ရှောင်ရှန်းသည် “မင်းရဲ့သားက မသေသေးဘူး၊ ဒါဆို ငါ့တူလေးက ဘာဖြစ်နိုင်မှာလဲ။ သူက အကြီးအကျယ် ဝင်လာချင်လို့ ဖြစ်နိုင်တယ်။ မင်းသား ပထမနေရာ ရမယ်ဆိုပြီး အိပ်မက်မက်တာ ရပ်လိုက်တော့” ဟု ကျိန်ဆဲလိုက်သည်။

လော့ကျုံးရှန်း၏ မျက်နှာ အရောင်ပြောင်းလဲသွားပြီး လော့ရှောင်ရှန်းကို စိုက်ကြည့်ကာ “မင်း…” ဆိုသည်။

လော့ကျန့်ရှန်က ချောင်းဆိုးပြီး “ရှောင်ရှန်း၊ တတိယခေါင်းဆောင်ကို နည်းနည်းလေး နားလည်ပေးလိုက်ပါ” ဟု ဆိုသည်။

လော့ကျန့်ရှန်သည် ထိုသို့ပြောနေစဉ် သူ၏မျက်လုံးများမှ စိုးရိမ်ပူပန်မှုများကိုလည်း ဖုံးကွယ်ရန် ကြိုးစားနေသည်။ သူ့သား တစ်ခုခုဖြစ်ခဲ့ပါက သူ၏အစီအစဉ်များ လုံးဝ ရှုပ်ထွေးသွားလိမ့်မည်။

“မဖြစ်နိုင်ဘူး၊ လော့လင် ဘာမှ ဖြစ်သွားမှာ မဟုတ်ဘူး” လော့ကျန့်ရှန် စိုးရိမ်လာတော့သည်။

⸻

ရုတ်တရက်…

ဝင်ပေါက်တွင် ဆူညံသံတစ်ခု ပေါ်လာသည်။

“လော့… လော့… လော့ထျန် ပြန်လာပြီ”

ချက်ချင်းပင်…

သိုင်းလေ့ကျင့်ရေးကွင်း တစ်ခုလုံး ဆူညံသွားသည်။

“အဲဒီ အမှိုက်ကောင် ပြန်လာနိုင်ခဲ့တာလား”

“အဲဒီ ကောင်လေး လော့ထျန်က တကယ် ကံကောင်းတယ်၊ အသက်ရှင်လျက် ပြန်လာနိုင်တယ်။ သူက လှိုဏ်ဂူတစ်ခုထဲမှာ ၃ ရက် ၃ ည ပုန်းနေခဲ့တာ ဖြစ်နိုင်တယ်။ သူ့ရဲ့ အမှိုက်သိုင်းပညာနဲ့ဆိုရင် နတ်ဆိုးသားရဲတွေကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ”

“မင်းအမှိုက်ကောင် သခင်လေး လော့ထျန်ကို အမှိုက်လို့ ထပ်ပြောကြည့်ပါလား၊ ဒီအဖိုးကြီး မင်းကို အဆုံးသတ်လိုက်မယ်”

“ဘာတွေလဲ။ မင်း ရူးနေတာလား ချန်ချီ အမဲလိုက်ပြိုင်ပွဲမှာ ပါဝင်ပြီးနောက် မင်းရဲ့မျိုးရိုးနာမည်တောင် မေ့သွားပြီလား။ ငါ့ကို အဆုံးသတ်ချင်တာလား။ မင်းအရင်က လော့ထျန် အမှိုက်ဖြစ်ကြောင်း ဘယ်လောက် ပြောခဲ့လဲ မေ့နေပြီလား”

“ဘောင်း”

လက်သီးတစ်လုံး ထိုးလိုက်ပြီး မာနကြီးသည့် အေးစက်သော အသံက “မင်း အရိုက်ခံချင်နေတာပဲ” ဟု ပြောသည်။

⸻

သိုင်းလေ့ကျင့်ရေးကွင်းတွင် နောက်ထပ် ဆူညံသံတစ်ခု ပေါ်လာသည်။ ဝိညာဉ်တောင်တန်းမှ ပြန်လာခဲ့သော လော့မိသားစု သိုင်းပညာရှင် အချို့သည် ယခုအခါ လော့ထျန်အတွက် ရပ်တည်နေကြသည်။ ဤမြင်ကွင်းကြောင့် လော့ကျန့်ရှန်၏ မျက်လုံးများ ကျဉ်းသွားပြီး “ဘာတွေဖြစ်နေတာလဲ” ဟု သူ့ကိုယ်သူ ပြောလိုက်သည်။

လော့ထျန်သည် သိုင်းလေ့ကျင့်ရေးကွင်းထဲသို့ ဝင်လာသည်နှင့် စင်မြင့်၏ ဦးတည်ရာကို ကြည့်လိုက်သည်။ လော့ကျန့်ရှန်က ရွှေရောင် တောက်ပနေသည်ကို သူ မြင်လိုက်ရသည်။ သူသည် အကြိမ်အနည်းငယ် မျိုချလိုက်ပြီး “ဘော့စ်… နောက်ဆုံးဘော့စ်ပဲ” ဟု သူ့ကိုယ်သူ ပြောလိုက်သည်။

သူသည် လော့ကျန့်ရှန်ကို ချက်ချင်း သတ်ချင်သည်။

သို့သော်…

နက်နဲတပည့် အဆင့် ၉ သည် မလုံလောက်သေးပေ။ လော့ကျန့်ရှန်၏ တစ်ချက်လှုပ်ရှားမှုကိုပင် သူ ခုခံနိုင်မည် မဟုတ်ပေ။

လော့ထျန် လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ သည်းခံခြင်းပင်။

⸻

လော့ကျုံးရှန်းသည် ထရပ်လိုက်ပြီး ညင်သာစွာ “အစ်ကိုကြီး ကျန့်ရှန်၊ မိုးချုပ်နေပြီဆိုတော့ ကျန်တဲ့သူတွေကို စောင့်နေရင်းနဲ့ စာရင်းစလိုက်ရအောင်လား”

လော့ကျန့်ရှန်က ခေါင်းညိတ်လိုက်သည်။ “ဒါဆို စလိုက်ကြစို့”

လော့ရှောင်ရှန်း၏ မျက်လုံးများ ပြောင်းလဲသွားပြီး “အစ်ကိုကြီး၊ အဲဒီခွေးကောင် ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ” ဟု တိုးတိုးလေး ပြောသည်။

လော့ကျန့်ရှန်၏ မျက်နှာသည် မည်းမှောင်သွားသည်။ လော့ထျန်၏ ပြုံးနေသော မျက်နှာကို မြင်သောအခါ သူ၏နှလုံးသားသည် အလွန်အမင်း မသက်မသာ ခံစားရသည်။ သို့သော် လော့လင်ကို ပို၍ စိုးရိမ်နေသောကြောင့် အကြောင်းရင်းကို တွေးရန် အချိန်မရှိချေ။

လော့ထျန်က အသက်ရှင်နေသေးသည်ဆိုတော့ သူ့သားကို တစ်ခုခု ဖြစ်သွားစေတာလား။

မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး။ လော့လင်ဘေးမှာ နက်နဲတပည့် အဆင့် ၃ ဖြစ်တဲ့ လော့မင်လည်း ရှိနေတယ်ဆိုတော့ ဘာမှ ဖြစ်စရာ အကြောင်းမရှိဘူး။ လော့ကျန့်ရှန်က သူ့ကိုယ်သူ ထိုသို့ နှစ်သိမ့်နေခဲ့သည်။

⸻

“လော့ဖိန်၊ အဆင့် ၁ နတ်ဆိုးသားရဲခေါင်း တစ်ခု။ သူ အမှတ် ၁ ရခဲ့ပြီး လော့မိသားစုရဲ့ အဓိကတပည့် ဖြစ်ဖို့ အရည်အချင်းရှိတယ်”

“လော့ရှင်း၊ အဆင့် ၁ နတ်ဆိုးသားရဲခေါင်း တစ်ခု။ သူ အမှတ် ၁ ရခဲ့ပြီး လော့မိသားစုရဲ့ အဓိကသိုင်းတပည့် ဖြစ်ဖို့ အရည်အချင်းရှိတယ်”

“လော့ချင်း၊ အဆင့် ၁ နတ်ဆိုးသားရဲခေါင်း တစ်ခု။ သူ အမှတ် ၁ ရခဲ့ပြီး လော့မိသားစုရဲ့ အဓိကတပည့် ဖြစ်ဖို့ အရည်အချင်းရှိတယ်”

ဤသို့ ဆက်လက်လုပ်ဆောင်နေသည်နှင့် လူတိုင်းသည် နတ်ဆိုးသားရဲခေါင်း တစ်ခုကို ထုတ်ယူခဲ့ကြပြီး လူတိုင်းသည် အဓိကတပည့် ဖြစ်ရန် အရည်အချင်းပြည့်မီသွားသည်။ သူတို့၏ စိတ်ထဲတွင် သူတို့အားလုံးသည် လော့ထျန်ကို အလွန်ကျေးဇူးတင်နေကြသည်။

⸻

သိုင်းလေ့ကျင့်ရေးကွင်းတွင် ဆွေးနွေးမှုအချို့ ပေါ်လာသည်။

“သူတို့အားလုံး အမှတ် ၁ ဘယ်လိုရနိုင်တာလဲ။ ဒီသိုင်းပညာရှင်တွေထဲမှာနက်နဲတပည့် အဆင့် ၃ ပဲ ရှိသေးတဲ့သူတွေ ရှိတယ်။ သူတို့ အဆင့် ၁ နတ်ဆိုးသားရဲကို သတ်နိုင်ဖို့ မဖြစ်နိုင်ဘူး”

“ဘာလဲ၊ သူတို့ကံက နည်းနည်းလေး ကောင်းလွန်းနေတာ မဟုတ်ဘူးလား”

“အကြံအဖန်တစ်ခုခု ရှိနေတာ မဖြစ်နိုင်ဘူးလား။ အဆင့် ၁ နတ်ဆိုးသားရဲက အရမ်းသန်မာတယ်၊ တစ်ကောင်ကို သတ်ရတာ မလွယ်ဘူး မဟုတ်လား”

⸻

“နောက်တစ်ယောက်၊ လော့ဝေ”

ခန့်ညားသော လူငယ်တစ်ဦးသည် ပြုံးပြုံးရွှင်ရွှင်နှင့် ယုံကြည်မှုအပြည့်ဖြင့် လမ်းလျှောက်လာသည်။ သူသည် သူ၏နေရာပြားမှ နတ်ဆိုးသားရဲခေါင်းများကို အပြင်သို့ ထုတ်လိုက်ရာ နေရာကျယ်ကြီးကို ဖုံးလွှမ်းသွားသည်။

လော့ကျုံးရှန်းသည် ကျေနပ်သည့် အမူအရာဖြင့် ပြုံးလိုက်သည်။

စာရင်းတွက်ချက်နေသော ဝန်ထမ်းများသည် လော့ဝေကို ပြုံးပြလိုက်ပြီး ပေးလိုက်ပြီး စာရင်းများကို အလျင်အမြန် ပေါင်းလိုက်ကြသည်။

မိနစ်အနည်းငယ်ကြာပြီးနောက်…

“လော့ဝေ၊ အဆင့် ၁ နတ်ဆိုးသားရဲခေါင်း ၃၂ ခု။ သူ အမှတ် ၃၂ ရခဲ့ပြီး လော့မိသားစုရဲ့ အဓိကသိုင်းတပည့် ဖြစ်ဖို့ အရည်အချင်းရှိတယ်”

“နတ်ဆိုးသားရဲခေါင်း ၃၂ ခု ရနိုင်တာ၊ ဒါ အရမ်းအားကောင်းလွန်းတယ်။ သခင်လေး လော့ဝေက နက်နဲတပည့်အဆင့် ၇ ကျွမ်းကျင်သူဆိုတာ သံသယဖြစ်စရာ မလိုပါဘူး”

သူတို့၏မျက်နှာတွင် အံ့သြနေသည့် အမူအရာများစွာ ရှိနေသည်။

⸻

“နောက်တစ်ယောက်၊ လော့ချန်”

ဒုတိယခေါင်းဆောင် လော့ချန်းရှန်းသည် ပြုံးပြုံးရွှင်ရွှင်ဖြင့် ထရပ်လိုက်ပြီး လူတိုင်းသည် ရှေ့သို့ လှမ်းလာသည့် လူငယ်တစ်ဦးကို စိုက်ကြည့်နေကြသည်။

လော့ချန်သည် ယုံကြည်မှုအပြည့်ဖြင့် တက်လာပြီး လေ့ကျင့်ရေးကွင်း၏ အလယ်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် သူသည် နေရာပြား ၃ ခုကို ထုတ်ယူလိုက်ပြီး ယုံကြည်မှုအပြည့်ဖြင့် “ဒီနေရာပြား ၃ ခုလုံး ပြည့်နေပြီး နေရာပြားတစ်ခုစီမှာ နတ်ဆိုးသားရဲခေါင်း ၁၃၀ ရှိတယ်။ အဲဒီအထဲမှာ အဆင့် ၂ နတ်ဆိုးသားရဲခေါင်း ၃ ခုလည်း ပါဝင်ပါတယ်။ ဒါဆိုရင် စုစုပေါင်း အမှတ် ၄၀၅ ရလိမ့်မယ်” ဟု ဆိုသည်။

သူသည် ထိုသို့ပြောနေစဉ် စင်မြင့်ပေါ်သို့ မော့ကြည့်ပြီး သူ့ဖခင် လော့ချန်းရှန်းကို တစ်ချက်ကြည့်လိုက်သည်။

လော့ချန်းရှမ်း၏ အပြုံးသည် ပိုမို တောက်ပလာပြီး သူ့သား၏ စွမ်းဆောင်ရည်ကို ကျေနပ်နေသည်။ သူ၏မျက်လုံးထောင့်တွင် လော့ကျန့်ရှန်၏ ရုပ်ကို သတိထားမိသည်။ ထို့နောက် “မင်းသားရဲ့ ကျင့်ကြံမှုက ငါ့သားထက် နည်းနည်းလေး ပိုမြင့်တယ်။ ဒါပေမဲ့ မင့်သားတစ်ယောက်တည်းက ငါ့သားနဲ့ အခြားလူ ၂၀ ကို ယှဉ်နိုင်ပါ့မလား။ ငါ့သားက ဒီအမဲလိုက်ပြိုင်ပွဲရဲ့ ပထမနေရာကို ရယူလိမ့်မယ်၊ ဟားဟားဟား…” ဟု သူ့ကိုယ်သူ ပြောလိုက်သည်။

⸻

လော့မိသားစုအတွင်းတွင် လော့ချန်းရှန်း၏ ခွန်အားသည် လော့ကျန့်ရှန်ပြီးလျှင် ဒုတိယဖြစ်သည်။

ဤအမဲလိုက်ပြိုင်ပွဲအတွက် လော့ချန်းရှန်းသည် လော့မိသားစု၏ အထူးသိုင်းပညာရှင် ၂၀ ကို တိတ်တဆိတ် လာဘ်ထိုးခဲ့သည်။ သူတို့သည် နတ်ဆိုးသားရဲများကို သတ်ပြီး ခေါင်းများအားလုံးကို လော့ချန်ကို ပေးခဲ့ကြသည်။ သူ၏ ရည်ရွယ်ချက်မှာ သူ့သားအတွက် ပထမနေရာနှင့် ကျောက်နက်ကို ရယူရန်ပင်။ လော့ချန်သည် ကျောက်နက်ကို ရရှိသည်နှင့် သူသည် တစ်နှစ်အတွင်းနက်နဲတပည့် အဆင့် ၈ သို့ သေချာပေါက် တက်လှမ်းနိုင်ပြီး အစိမ်းရောင်မိုးတိမ်ဂိုဏ်း၏ ရွေးချယ်မှုတွင် ပါဝင်ရန် အရည်အချင်းများ ရရှိလိမ့်မည်။ သူ့သား ရွေးချယ်ခံရပါက သူသည် အစိမ်းရောင်မိုးတိမ်ဂိုဏ်းထောက်ခံမှုကို ရရှိမည်ဖြစ်ပြီး လော့မိသားစုကို ထိန်းချုပ်နိုင်လိမ့်မည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

“လော့ကျန့်ရှန်၊ မင်း ငါနဲ့ ပြိုင်ချင်တာလား။ ဟီးဟီး…” လော့ချန်းရှန်းသည် သူ၏စိတ်ထဲတွင် စတင်ရယ်မောတော့သည်။

⸻

နတ်ဆိုးသားရဲခေါင်းများသည် နေရာပြား ၃ ခုမှ လျင်မြန်စွာ ပန်းထွက်လာသည်။ စာရင်းတွက်ချက်ရန် တာဝန်ရှိသည့် ဝန်ထမ်း ၁၀ ဦး၏ မျက်နှာများတွင် တုန်လှုပ်မှုများ ပေါ်လာပြီး သူတို့သည် နံပါတ်များကို အလျင်အမြန် မှတ်သားလိုက်ကြသည်။

၁၀ မိနစ်ကြာပြီးနောက် ရလဒ်များ ထွက်လာသည်။

“လော့ချန်က အမဲလိုက်ရာမှာ နတ်ဆိုးသားရဲခေါင်း ၃၉၈ ခု ရခဲ့ပြီး စုစုပေါင်း အမှတ် ၄၀၅ ရခဲ့တယ်။ သူက လက်ရှိမှာ ပထမနေရာကို ရရှိထားပြီး သမိုင်းဝင် စံချိန်ကို ချိုးခဲ့တယ်”

“အရမ်း အစွမ်းထက်တာပဲ”

“မယုံနိုင်စရာပဲ၊ သူ ဘယ်လိုလုပ် နတ်ဆိုးသားရဲ ၄၀၀ နီးပါး သတ်နိုင်ခဲ့တာလဲ”

“လော့မိသားစုရဲ့ စံချိန်ကို ချိုးခဲ့တာ၊ သူ အရမ်းမိုက်တယ်”

လူအုပ်ထဲတွင် ဆူညံသံတစ်ခု ထွက်ပေါ်လာပြီး လူတိုင်းသည် မနာလိုသည့် အကြည့်များကို ထုတ်ဖော်နေကြသည်။ လူအုပ်ထဲမှ မိန်းကလေးအချို့သည် လော့ချန်အပေါ် သူတို့၏ အချစ်ကို စတင် ဖော်ပြနေကြသည်။

⸻

လော့ကျန့်ရှန်၏ မျက်နှာတွင် အလွန်ရုပ်ဆိုးသည့် အကြည့် ရှိနေသည်။

သူ စိုးရိမ်ခဲ့သည့်အရာ နောက်ဆုံးတွင် ပေါ်လာသည်။ သူသည် အတွင်းစိတ်မှ “ဒီခွေးအိုကြီးက တကယ်ကို ရက်စက်တာပဲ။ လော့လင်၊ မင်း ဘာလို့ မပြန်လာသေးတာလဲ” ဟု ကျိန်ဆဲတော့သည်။

⸻

“နောက်တစ်ယောက်က ဖုန်းလေ”

“ဟားဟားဟား၊ လော့မိသားစုရဲ့ ကျွန်က ပြိုင်ပွဲမှာ ပါဝင်တာလား”

“ဒါက ‘အမှိုက်ကောင်နှစ်ယောက်အဖွဲ့’ ပဲ”

ဖုန်းလေသည် လှောင်ပြောင်မှုများကို မကြားသကဲ့သို့ ပြုမူသည်။ သူသည် လေ့ကျင့်ရေးကွင်း၏ အလယ်သို့ လမ်းလျှောက်သွားပြီး “ဒီတစ်ယောက်မှာ တစ်ခုတောင် မရှိဘူး” ဟု မိုက်မဲသော အမူအရာဖြင့် ပြောသည်။

“ဟားဟားဟား…”

“ဒီအမှိုက်ကောင် ဘာမှ ရမှာ မဟုတ်ဘူးဆိုတာ ငါတို့ သိနှင့်ပြီးသား။ အမှိုက်ကောင်က နတ်ဆိုးသားရဲကို သတ်နိုင်စွမ်း ဘယ်လိုလုပ် ရှိမှာလဲ”

“…”

⸻

လော့ကျန့်ရှန်သည် မထီမဲ့မြင်ပြုသည့် မျက်လုံးများကို ပြသပြီး အတွင်းစိတ်မှ “အမှိုက်ပဲ၊ အမဲလိုက်ပြိုင်ပွဲမှာ ပါဝင်ပြီး ဘာပြောင်းလဲမှုတွေများ မျှော်လင့်နေတာလဲ။ လော့ထျန်ရဲ့ စွမ်းဆောင်ရည်က ပိုကောင်းလာမှာ မဟုတ်ဘူးနဲ့ တူတယ်။ လော့ချန်ကတော့ ကိုင်တွယ်ရ ခက်တဲ့သူ ဖြစ်လိမ့်မယ်။ လော့လင်သာ အချိန်မီ ပြန်လာနိုင်မယ်ဆိုရင် နောက်ကွယ်က လော့မင်ရဲ့ အကူအညီနဲ့ဆိုရင် လော့ချန်ကို အနိုင်ယူဖို့ မခက်ပါဘူး” ဟု ပြောလိုက်သည်။

ဖုန်းလေသည် ဒေါသမထွက်ဘဲ အလျင်စလို မလုပ်ချေ။ သူ့ကို လူအများက ဆဲဆိုကြသော်လည်း သူတို့သည် သူ့သခင်လေးကို မဆဲဆိုသရွေ့ သူ ဂရုစိုက်လိမ့်မည် မဟုတ်ပေ။ သူသည် ရယ်မောပြုံးရွှင်သည့် မျက်နှာဖြင့် လော့ထျန်ဆီသို့ ပြန်သွားသည်။

လော့ထျန်သည်  ပြုံးလိုက်သည်။

⸻

ဤအချိန်တွင်…

“နောက်တစ်ယောက်၊ လော့ထျန်”

All Chapters