← Chapters

အဆက်မပြတ်သည့် မိုးခြိမ်းသံများ

Vol. 3 Ch. 27

အဆက်မပြတ်သည့် မိုးခြိမ်းသံများ

Vol. 3 Ch. 27

အားလုံးက ပါးစပ်အဟောင်းသားနှင့် ထိတ်လန့်

စွာ ကြည့်နေကြသည်။

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ဒေါသထွက်နေသည့် မိုးကြိုးနွားသိုးက လော့ထျန်ကို လာတိုက်တော့မလို ဖြစ်နေပြီး နောက်ထပ်တစ်

စက္ကန့်ခန့်ဆိုလျှင် လော့ထျန် သေရတော့မည်။ သို့သော် ဒေါသထွက်နေသည့် မိုးကြိုးနွားသိုးက ရုတ်တရက် ရပ်သွားပြီး လော့ထျန်ဘေးမှာ ကစားနေလေသည်။

၎င်းက ပိုင်ရှင်ကို ဖျော်ဖြေပေးနေသော ခွေးပေါက်လေးတစ်ကောင်လိုပင်။

ဘာတွေ ဖြစ်နေတာလဲ။

ဒါက အမြင်မှားတာလား။ ဒါမှမဟုတ် မိုးကြိုးနွားသိုး က ရူးသွားတာလား။

မိုးကြိုးနွားသိုး၏ အပေါ်က နာမည်ကိုသာ သူတို့ မြင်ရမည်ဆိုလျှင် အားလုံး ရှင်းသွားလိမ့်မည်။

မိုးကြိုးနွားသိုး (လော့ထျန်)

ထိုနာမည်က မိုးကြိုးနွားသိုး၏ အပေါ်တွင် ပေါ်နေသည့် နာမည်ဖြစ်ပြီး ၎င်းသည် လော့ထျန်၏ လက်အောက်ခံဖြစ်သည်ကို ဆိုလိုသည်။

၎င်းသည် လော့ထျန် လိုချင်တာ မှန်သမျှ လုပ်ပေးသော တိုက်ပွဲအတွင်း အဖော်ကောင်းတစ်ကောင်ပင်။

နတ်ဆိုးသားရဲများကို သူတို့၏ အဖော်များအဖြစ် ခေါ်ယူနိုင်သည့် စွမ်းအားရှိသည့် “မှော်မန္တန်” နောက်ကွယ်က စွမ်းအားများ ဖြစ်သည်။

လော့ထျန် စဉ်းစားလိုက်သည်နှင့် မိုးကြိုးနွားသိုးက ထရပ်လိုက်ပြီး နတ်ဆိုးသားရဲ၏ ရက်စက်ကြမ်းကြုတ်သော စွမ်းအားများ ထွက်ပေါ်လာသည်။

ထို ရက်စက်ကြမ်းကြုတ်သည့် စွမ်းအားများရောနှောနေသော ၎င်း၏ သတ်ဖြတ်လိုသည့် စိတ်က ထိုနေရာတစ်ဝိုက်တွင်ပြိုင်ဘက်မရှိ ဖြစ်နေချေသည်။

လော့ထျန်က လူအုပ်ကို မထီမဲ့မြင် ကြည့်လိုက်ပြီး ဩရှသည့် အသံဖြင့် “မသေချင်ဘူးဆိုရင်တော့ အခုချက်ချင်း ထွက်သွားလိုက်ကြစမ်း” ပြောလိုက်သည်။

ဒါကို ကရုဏာစိတ်ထားသည် ယူဆနိုင်သည်။

လော့ထျန်က လော့မိသားစုအပေါ် ထားသည့် ကရုဏာစိတ် ဖြစ်သည်။

သူက သူတို့ကို လုံးဝ အရှင်း ဖျက်ဆီးပစ်ချင်ပုံ မရပေ။

သို့သော်…

လော့ထျန် ထိုသို့ ပြောလိုက်သည်နှင့် လော့မိသားစု တပည့်အားလုံး၏ မျက်လုံးများတွင် အထင်သေးသည့် အကြည့်များ ပေါ်လာသည်။

ထိုအထဲမှ များစွာသောသူတို့သည် ရှေ့သို့ ဖြည်းဖြည်းချင်း လှမ်းလာပြီး လှောင်ပြောင်သည့် လေသံဖြင့် “လော့ထျန်၊ မင်း သေရတော့မယ်၊ ဒါတောင် ပစ္စုပ္ပန်အခြေအနေကို မကြည့်ဘဲ လေလုံးထွားနေတုန်းပဲ။ ငါသာ မင်းနေရာဆို ကိုယ့်ကိုယ်ကိုယ် ဓားနဲ့ထိုးပြီး အမြန်ဆုံး အဆုံးသတ်လိုက်လိမ့်မယ်” ဆိုသည်။

“သူ သတ်သေသွားရင် ငါ ဘာလုပ်ရမှာလဲ။ သခင်လေး လော့လင်က လက်သီးနဲ့ဖြစ်ဖြစ်၊ ဓားနဲ့ဖြစ်ဖြစ် ထိုးလိုက်တာနဲ့ နတ်ဆိုးသားရဲတွေကို ဆုချပေးမယ်လို့ ပြောတယ်။ သူ သေရင်တောင် ငါတို့လက်နဲ့ပဲ သေသင့်တယ်”

“ဟုတ်တယ်၊ သတ်သေတာကတော့ လွယ်လွန်းတယ်။”

“သူ သတ်သေရင်တောင် ဒီအဖိုးကြီးက ဓားနဲ့ ပြန်ထိုးပေးဦးမှာပဲ။”

လော့ထျန်က နှုတ်ခမ်းကို ကွေးလိုက်ပြီး ထိုရလဒ်မျိုး ဖြစ်လာမည် သူ ထင်ထား၏။

ထို့နောက် သူက ညင်သာစွာ ပြုံးလိုက်ပြီး “မင်းတို့က သေခြင်းတရားရဲ့ အဓိပ္ပာယ်ကို မသိတဲ့ လူအုပ်ကြီး။ သေချင်တယ်ဆိုတော့ မင်းတို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့” ပြောလိုက်သည်။

အဝေးမှာ ရပ်နေသည့် လော့လင်က မာနကြီးစွာ ပြုံးလိုက်ပြီး “စကြပြီ” အော်လိုက်သည်။

“အစ်ကိုကြီး လော့ထျန်၊ အမြန်ပြေးပါ”

“ပြေးပါ သခင်လေး”

“တိတ်စမ်း နင်က တန်ဖိုးမရှိတဲ့ မိန်းမပဲ” လော့လင်က ဆဲဆိုရင်း လီရွှယ်အာ၏ ဆံပင်ကို ထပ်ပြီး ဆွဲလိုက်သည်။

ဖုန်းလေက ခေါင်းကို မော့ကာ အော်ဟစ်လိုက်ပြီးနောက် လူ လေးငါးယောက်က သူ့ကို ထပ်နင်းလိုက်သောကြောင့် ရွှံ့ထဲသို့ ပြန်ရောက်သွားသည်။

သူ့ခေါင်းကို ရွှံ့များ ဖုံးအုပ်နေချိန်တွင် သူ့နောက်ကျောရှိ ကြောက်စရာကောင်းသည့် အမှတ်အသားများက ထပ်ပြီး တောက်ပလာသည်။

လော့ထျန်၏ မျက်လုံးများ တင်းမာသွားသည်။

လီရွှယ်အာနှင့် ဖုန်းလေ၏ အခြေအနေများကို မြင်လိုက်ရသောအခါ သူ့နှလုံးသားထဲမှ မီးက ထပ်၍ တောက်လောင်လာသောကြောင့် နောက်ထပ် မခံနိုင်တော့ပေ။

မိုးကြိုးနွားသိုး ဘာဖြစ်သွားလဲဆိုတာကို ဆုန်းယန်ချွင်းက မသိသော်လည်း လော့မိသားစု တပည့်များစွာ ရှိနေသည့်အပြင် နက်နဲဆရာနယ်ပယ်မှ လော့မင်နှင့် ကျိုးဟန်ရန်တို့ နှစ်ဦးလုံး ပါလာသောကြောင့် သူ၏ ပြိုင်ဘက် မဟုတ်ကြောင်း သိလိုက်သည်။

ထို့ကြောင့် တစ်ခုတည်းသော ရွေးချယ်မှုက ထွက်ပြေးရန်ပင်။

ဆုန်းယန်ချွင်းက လော့ထျန်ကို ကြည့်လိုက်ပြီး ဘာမှ မပြောပေ။

လော့ထျန်က မျက်နှာတွင် လှောင်ပြောင်ဟန်ဖြင့် “ခေါင်းဆောင် ဆုန်း၊ ခင်ဗျား အရင်ဆုတ်လိုက်ပါတော့။ အခုက ကျွန်တော့်ရဲ့ အချိန်ပဲ” ဆိုသည်။

လော့ထျန်၏ အသံ တိတ်သွားသည်နှင့်…

လော့ထျန်က ရှေ့သို့ လှမ်းလိုက်ပြီး မိုးကြိုးနွားသိုးကလည်း နောက်ကနေ လိုက်လှမ်းလိုက်သည်။

“ဒုန်း” ခနဲ အသံက ကောင်းကင်ကို တုန်ခါသွားစေသည်။

“သေလိုက်စမ်း၊ ဒီအမှိုက်ကောင်”

လော့မိသားစု သိုင်းပညာရှင် နှစ်ဦးက အတင်းခုန်လိုက်ပြီး ရှေ့သို့ သွားလေသည်။

လော့ထျန်၏ နှုတ်ခမ်းတွင် ဖြူဖျော့သော အပြုံးတစ်ခု ပေါ်လာပြီး “သူတို့ကို သတ်လိုက်” ပြောလိုက်သည်။

သူ၏ စိတ်ထဲက ထိုအမိန့်ကြောင့် မိုးကြိုးနွားသိုးက ထိုနှစ်ယောက်ကို စိုက်ကြည့်သည်။

သူတို့ လော့ထျန်နား မကပ်ခင်မှာပင် ၎င်းက ရှေ့ခြေတစ်ဖက်ကို လှိုင်းပမာ ဝှေ့ယမ်းလိုက်သည်။

“ရှူး~ ရှူး~”

လေပြင်းနှစ်ချက် ပေါက်ကွဲထွက်လာသည်။

“ဗြုံး၊ ဗြုံး”

လော့မိသားစုတပည့် နှစ်ဦးသည် ထိုအားကောင်းသော လေပြင်းကြောင့် နှစ်ပိုင်းပြတ်သွားသည်။

လော့ထျန်၏ စိတ်ထဲတွင် ရင်းနှီးပြီးသား စနစ်သတိပေးချက် ထွက်ပေါ်လာသည်။

အားလုံးက ပါးစပ်အဟောင်းသားနှင့် ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေကြသည်။

မိုးကြိုးနွားသိုးက လော့ထျန်၏ အမိန့်ကို နားထောင်နေသည်လား။

ဒါ ဘယ်လို သိုင်းပညာလဲ။

ထိုအချိန်တွင် လူအုပ်ကြီးသည် ရှုပ်ထွေးသွားပြီး သူတို့၏ မျက်လုံးများတွင် ကြောက်ရွံ့မှုတို့ ရောထွေးနေသည်။

သူတို့ ဘယ်လောက်ပဲ သန်မာပါစေ၊ မိုးကြိုးနွားသိုး၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။

လော့လင်၏ မျက်နှာအမူအရာက တိတ်တိတ်ကလေး ပြောင်းလဲသွားပြီး “မိုးကြိုးနွားသိုးကို မတိုက်နဲ့၊ လော့ထျန်ကိုပဲ အာရုံစိုက်တိုက်ကြ။ သူက လူတစ်ယောက်တည်းပဲ ရှိတာ၊ သူ သေသွားတာနဲ့ မိုးကြိုးနွားသိုးကို ထိန်းချုပ်လို့ ရတော့မှာ မဟုတ်ဘူး” ဆိုပြီးအော်လိုက်သည်။

သူက မိုးကြိုးနွားသိုး၏ အခြေအနေကို သိမြင်နေပုံရသည်။

တကယ်တော့…

လော့လင် ပြောတာ မှန်သည်။

လော့ထျန် သေသည်နှင့် မိုးကြိုးနွားသိုးလည်း သေလိမ့်မည်။

လော့လင်က သေချာသိသည် မဟုတ်ဘဲ ဒါက သူ့ခန့်မှန်းချက်သာ ဖြစ်သည်။

သူက လက်ရှိအခြေအနေကို တည်ငြိမ်အောင် မလုပ်နိုင်ဘူးဆိုရင် လူတိုင်းက ပရမ်းပတာ ဖြစ်သွားလိမ့်မည်၊ ထိုအချိန်ကျလျှင် လော့လင်မှာ လော့ထျန်ကို ကိုင်တွယ်ရန် မလွယ်ကူတော့ပေ။

လော့လင်၏ အသံ တိတ်သွားသည်နှင့် လူအုပ်ထဲမှ အချို့က မီးမွှေးလာသည်။

“သခင်လေး လော့လင် ပြောတာ မှန်တယ်။ အမှိုက်ကောင် လော့ထျန်ကို တိုက်ဖို့ပဲ အာရုံစိုက်သင့်တယ်။ သူ သေတာနဲ့ မိုးကြိုးနွားသိုးလည်း ပြီးသွားလိမ့်မယ်”

“လော့ထျန်ကို တစ်ချက်လောက် ထိုးနိုင်ရင်တောင် အဓိကတပည့် ဖြစ်လာနိုင်တယ်၊ ဘာကို စောင့်နေကြတာလဲ”

“သတ်ကြ”

ခဏအကြာတွင် ထိုသူတို့သည် အဓိက တပည့်ဖြစ်လာမည့် အလားအလာကို တွေးမိသောအခါ သေရမှာကိုပင် မကြောက်ဘဲ ရှေ့သို့ အလုအယက် ပြေးလာကြသည်။

လော့ထျန်၏ မျက်လုံးများ မည်းမှောင်လာပြီး “မင်းတို့က သေချင်နေတာဆိုတော့ ငရဲကို ပို့ပေးလိုက်မယ်လေ” ဟိန်းဟောက်လိုက်သည်။

“မိုးကြိုးနွားသိုး၊ ငါ့အတွက် သူတို့ကို သတ်လိုက်စမ်း”

“မူး… မူး… မူး…”

မိုးကြိုးနွားသိုးက ကောင်းကင်ကို ဟိန်းဟောက်လိုက်ပြီး ၎င်း၏ နှာခေါင်းပေါက်များမှ မီးတောက်များ ထွက်လာသည်။

၎င်းက နောက်ခြေထောက်များဖြင့် မတ်တပ်ရပ်လိုက်ပြီး တောင်တစ်လုံးကဲ့သို့ အောက်သို့ ဆောင့်ချလိုက်သည်။

၎င်း၏ ပတ်ဝန်းကျင် ဒါဇင်နှင့်ချီသော မီတာအကွာအထိ အားကောင်းသည့် ဖိအားကြီးက ထောင်ချောက်တစ်ခုလို ပျံ့နှံ့သွားသည်။

နက်နဲဆရာနယ်ပယ် အဆင့် ၃ သိုင်းပညာရှင်များ၏ စိတ်ဝိဉာဉ်က အစိတ်စိတ်အမြွှာမြွှာ ပြန့်ကျဲသွားပြီး သူတို့၏ ကိုယ်ခန္ဓာမှ သွေးများ ထွက်လာသည်။

ထိုသို့ ဖြစ်နေသော်လည်း လူတိုင်းက လော့ထျန်ကို အသက်ရှင်လျက် စားတော့မလို ကြောက်မက်ဖွယ် မျက်နှာများဖြင့် ရှေ့သို့ ဆက်ပြေးလာကြသည်။

လော့ထျန်က ညင်သာစွာ ပြုံးလိုက်ပြီး “သေဖို့ ပြင်ဆင်ထားတဲ့ အဖွဲ့တဲ့လား” ဆိုသည်။

ဒါဇင်နှင့်ချီသော လူများက သူ့ဘက်သို့ ပြေးလာသည်ကို မြင်သောအခါ လော့ထျန်က ပခုံးတွန့်လိုက်ပြီး ကြောက်ရွံ့သော အမူအရာကို ပြလိုက်သည်။

“ငါ အရမ်းကြောက်တာပဲ”

“လော့ထျန်၊ မင်း ဘာပဲဖြစ်ဖြစ် ဒီနေ့ သေရမယ်” လော့လင်က မာနကြီးစွာ ဆိုသည်။

“ဟာ”

“ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်ပေးပါ ခေါင်းဆောင် လော့လင်၊ ကျွန်တော် တကယ် ကြောက်နေတယ်။ ကြောက်လွန်းလို့ သေတော့မယ်” လော့ထျန်က မလှုပ်မယှက် ရပ်နေသည်။

မိုးကြိုးနွားသိုးကလည်း ၎င်း၏ ရန်လိုသည့်ပုံစံကို ဆက်ပြသနေသည်။

လော့ထျန်က ၎င်းအား သူ၏ အတွေးများဖြင့် ထိန်းချုပ်နေသည်။

ဒါဇင်နှင့်ချီသော လူများ သူ့အနီးသို့ ရောက်လာသည်ကို မြင်သောအခါ သူ့နှုတ်ခမ်းက အေးစက်စွာ ပြုံးလိုက်ပြီး “အချိန်ရောက်ပြီ” ဆိုသည်။

“ဟားဟားဟား…”

“အမှိုက်ကောင် လော့ထျန် ဘယ်လောက် ကြောက်နေလဲဆိုတာ မင်းတို့ မြင်ရလား”

“ညီမလေး ရွှယ်အာ၊ နင့်ရဲ့ အစ်ကိုကြီး လော့ထျန်ကို မြင်ရလား။ သူက အမှိုက်ကောင်ပဲ” လော့လင်က မာနကြီးစွာ ရယ်မောလိုက်သည်။

လီရွှယ်အာ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်လာပြီး သူမက “အစ်ကိုကြီး လော့ထျန်၊ အမြန်ပြေးပါ” ထပ်ပြီး အော်သည်။

သူမ၏ အသံက ကွဲအက်နေသည်။

ထိုမြင်ကွင်းကို မြင်ရသူတိုင်း နှလုံးသားက နာကျင်လာပေမည်။

လော့လင်က ကောင်းကင်သို့ လှမ်းပြီး ရယ်မောသည်။

⸻

လီရွှယ်အာ၏ လှပသော မျက်နှာကို စိုက်ကြည့်လိုက်ပြီး “ညီမလေး ရွှယ်အာ၊ သူ အသက်ရှင်သည်

ဖြစ်စေ သေသည်ဖြစ်စေ နင့်ရဲ့ ခန္ဓာကိုယ်က ငါ့ရဲ့ အပိုင်ပဲ။ ဒီညတော့ ကောင်းကင်ကို ပျံတက်သွားရတဲ့ ခံစားချက်က ဘယ်လိုလဲဆိုတာကို နင့်ရဲ့ ခန္ဓာကိုယ်ကို သိစေရမယ်၊ ဟားဟားဟား…”  ဆိုသည်။

လော့ထျန်၏ မျက်လုံးများ နစ်မြုပ်သွားပြီး ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်များ ထွက်ပေါ်လာသည်။ သူ့လက်သီးကို ဆုပ်လိုက်ပြီး “မိုးကြိုးနွားသိုး”  ဟိန်းဟောက်လိုက်သည်။

“မူး…”

မိုးကြိုးနွားသိုးက ကောင်းကင်ကို ပြန်ပြီး ဟိန်းဟောက်လိုက်သည်။ ၎င်း ထုတ်လွှတ်သည့် ဖိအားက ပို၍ များလာသည်။

လော့ထျန်က သူ့ခြေထောက်ကို ရိုက်လိုက်ပြီး မိုးကြိုးနွားသိုး၏ နောက်ကျောပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက် “မိုးခြိမ်းသံ ၊ သတ်”  ဟိန်းဟောက်လိုက်သည်။

တိမ်တိုက်များက လှိုင်းထလာပြီး ကောင်းကင်နှင့် မြေကြီးက စတင် ပြောင်းလဲလာသည်။ ပတ်ဝန်းကျင်ရှိ လေထုဖိအားက မခံနိုင်လောက်အောင် ဖြစ်လာသည်။

မျက်စိတစ်မှတ်အတွင်း မိုးကြိုးနှင့် လျှပ်စီးများ ပြည့်နေသည့် တိမ်တိုက်ကြီးတစ်ခုက အမဲလိုက်သည့် မြေပြင်၏ ကောင်းကင်ပေါ်တွင် ပေါ်လာသည်။ လျှပ်စီးများက တိမ်တိုက်အလွှာများကြားတွင် ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ထိုမြင်ကွင်းက တရားစီရင်မည့်နေ့ ရောက်လာသလိုပင်။

ရုတ်တရက်…

မိုးကြိုးမြူခိုးများက မိုးကြိုးနွားသိုး၏ နှာခေါင်းပေါက်မှ ထွက်လာသည်။ ၎င်း၏ ရှေ့ခြေများက မြေပြင်ကို ပြင်းထန်စွာ နင်းချလိုက်ပြီး အားကောင်းသော လျှပ်စီးစွမ်းအင်က တိမ်များဆီသို့ အလျင်အမြန် ရောက်ရှိသွားသည်။ ထို့နောက်တွင်မူ ကောင်းကင်ကိုးထပ်က တုန်ခါလာပြီး အတုမရှိ စွမ်းအားများက ပေါက်ကွဲထွက်လာသည်။ ထောင်ပေါင်းများစွာသော သားရဲများက ကြောက်ရွံ့စွာ အော်ဟစ်နေကြပြီး ၎င်းတို့သည် ဝမ်းလျားမှောက် လဲလျောင်းနေကြသည်။

“မိုးခြိမ်းသံ…”

“မိုးခြိမ်းသံ…”

“မိုးခြိမ်းသံ…”

မြောက်မြားစွာသော မိုးခြိမ်းသံနှင့် လျှပ်စီးများက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။ လော့မိသားစု တပည့်တို့သည် ထိုမိုးကြိုးများကြောင့် ခဏအတွင်းတွင်ပင် အမှုန့်ဖြစ်သွားသည်။ သူတို့၏ သွေးများသာ မိုးရွာသလို ပက်ကျဲကျန်ခဲ့သည်။

ကြောက်စရာကောင်းသည်၊ အလွန်အမင်းကို ကြောက်စရာကောင်း၏။

လော့ထျန်၏ စိတ်ထဲတွင် စနစ်သတိပေးချက်များက

များပြားသော မီးရှူးမီးပန်းများကို တစ်ပြိုင်နက်တည်း ဖွင့်ထားသကဲ့သို့ ဆက်တိုက် ထွက်ပေါ်လာသည်။

“ဒင်၊ ဒင်၊ ဒင်…”

ထိုခံစားချက်က အရမ်းကောင်းလွန်းသည်။

ရုတ်တရက်…

သူ၏ ညာလက်ညိုးသည် ဘေးဘက်တွင် ရပ်နေသော လော့လင်ကို တည့်တည့်မတ်မတ် ညွှန်ပြနေသည်။ လေးနက်သော လေသံဖြင့် “မင်းက နောက်တစ်ယောက်ပဲ”  ကြွေးကြော်လိုက်လေ၏။

All Chapters