← Chapters

ထာဝရဧကရာဇ်လက်သီး

Vol. 7 Ch. 696

ထာဝရဧကရာဇ်လက်သီး

Vol. 7 Ch. 696

ထာဝရအပိုင်း၏ အဆင့်လေးဖြစ်သော ထာဝရအရိုးများတွင် ထာဝရဧကရာဇ်လက်သီးဟုခေါ်သော လျှို့ဝှက်မှော်သိုင်းတစ်ခု ရှိသည်။ ယခုက ပိုင်ရှောင်ချန်းအတွက် ထိုသိုင်းကွက်ကိုသုံးသည့် ပထမဆုံး အကြိမ်ဖြစ်သည်။ သူထိုသို့ ထုတ်သုံးလိုက်သောအခါ သူ၏အငွေ့အသက်၊ သူ၏အသွေးအသားများ၊ သူ၏ ဝိညာဥ်နှင့် အသက်ဓာတ်များပင်လျှင် ထိပ်ဆုံးအဆင့်ထိအောင် ဖိနှိပ်ခြင်းခံလိုက်ရသည့်အလား ဖြစ်သွားတော့သည်။

ကောင်းကင်ကိုတုန်ရီကာ မြေပြင်ကိုအက်ကွဲစေနိုင်သည့် လက်သီးချက်ကြီး၏ အခြေခံအုတ်မြစ်ကို ပြင်ဆင်နေသဖြင့် သူ၏အရိုးများထံမှ အက်ကွဲသံများထွက်လာတော့သည်။ တစ်ခဏလေးအတွင်း ပိုင်ရှောင်ချန်းထံမှ စွမ်းအားများစွာ ထွက်ပေါ်နေတော့သည်။

ထိုစွမ်းအားများမှာ လေပြင်းမုန်တိုင်းတစ်ခုအသွင် ပြောင်းလဲသွားသည်။ ထိုလေပြင်းမုန်တိုင်းမှာ သူ၏ခန္ဓာကိုယ်ထဲတွင် ပြင်းထန်စွာ လှုပ်ရှားနေသဖြင့် အကယ်၍ သူ၏အရိုးများတွင်သာ ယခုကဲ့သို့ မြင့်မားသော ခုခံနိုင်စွမ်းများ ရှိမနေပါက သူ အသက်ပျောက်သွားရမည်သာဖြစ်သည်။

သူ၏ အရိုးစုမှာ အရာအားလုံး၏ အခြေခံအုတ်မြစ်ဖြစ်သည်။ သူ၏ အသွေးအသားများ၏ စွမ်းအားမှာ အလွန်အမင်း ဖိနှိပ်ခံနေရသဖြင့် အဆုံးတွင် သူ၏ အရေပြားထဲမှ ပေါက်ထွက်လာသည်အထိပင်။

ယခုအချိန်သည် ထာဝရဧကရာဇ်လက်သီး၏ အရေးကြီးသောအချိန်နှင့် ထူးခြားသော အခြေအနေတစ်ခုဖြစ်သည်။ ပုံမှန်အခြေအနေဆိုလျှင် စွမ်းအားများမှာ သူ၏အရေပြားထဲမှ ပေါက်ကွဲထွက်လာပြီး အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားမည်ဖြစ်သည်။ သို့သော် ထိုစွမ်းအားများ ပုံမှန် ထွက်ခွာသွားမည့် နေရာများ၏ ကိုးဆယ့်ကိုးရာခိုင်နှုန်းခန့်မှာ ယခုတွင် ပိတ်ဆို့ခံလိုက်ရပြီဖြစ်သည်။ ထိုစွမ်းအားများထွက်သွားနိုင်မည့် တစ်ခုတည်းသော နေရာမှာ... သူ၏ညာဖက်လက်သီးမှသာဖြစ်သည်။

ရုတ်တရက် သူ၏ခန္ဓာကိုယ်အတွင်းတွင် ရှိရှိသမျှ အရာအားလုံးကို ချေမွပစ်နိုင်သည့် ကျဥ်းနက်ကြီးတစ်ကျဥ်း ပေါ်ထွက်လာသည်။ သူ၏ ညာဖက်လက်သီး၏ ပတ်ပတ်လည်တွင်မူ အနက်ရောင် လေပွေတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့ကို တုန်ရီသွားစေကာ ထိန်းချုပ်ရန် မဖြစ်နိုင်သည့် အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေတော့သည်။

ထိုအငွေ့အသက်မှာ စွမ်းအားကြီးမားလွန်းသဖြင့် ၎င်းကိုသာ အပြင်သို့ထုတ်လွှတ်လိုက်ပါက ပိုင်ရှောင်ချန်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ထာဝရဧကရာဇ်လက်သီး၏ တန်ပြန်အားမှ ရိုက်ခတ်ခြင်းကိုခံလိုက်ရမည်ဖြစ်ပြီး ပျက်စီးသွားမည်သာဖြစ်သည်။

ပိုင်ရှောင်ချန်း၏နောက်တွင် လူရိပ်ကြီးတစ်ခု ပေါ်ထွက်လာသည်။ ထိုလူမှာ တော်ဝင် ဝတ်ရုံများနှင့် တော်ဝင်သရဖူတစ်ခုကို ဆင်မြန်းထားသည်။ သူ၏ မျက်နှာသွင်ပြင်ကို ပုံဖော်ရန်မဖြစ်နိုင်သော်လည်း သူ၏ တော်ဝင်စိတ်ဆန္ဒမှာ သက်ရှိသက်မဲ့အရာရာတိုင်းထက် သာလွန်ထူးကဲနေသည့်အလား သူ၏အမူအရာမှာ အထက်စီးဆန်နေသည်။

ပိုင်ရှောင်ချန်း၏ ဘေးပတ်ပတ်လည်မှ အရာအားလုံးမှာ အက်ကွဲကာ ကွေးကောက်ကုန်ကြသည်။ ခပ်လှမ်းလှမ်းတွင်မူ ကုန်းစွန်းရီ၊ ရွှီရှန်၊ ဒုတိယမင်းသား၊ ချင်းမေ့ယွမ်နှင့် အခြားလူများအားလုံးမှာ တအံ့တသြဖြစ်ကာ မှင်တက်နေကြတော့သည်။

ကျိုးဟုန်မှာ ပိုင်ရှောင်ချန်းနှင့် အနီးဆုံးဖြစ်၍ တစ်ခုခုထူးဆန်းနေပြီဖြစ်ကြောင်း ခံစားမိလိုက်သည်နှင့် သူ၏ စိတ်နှလုံးထဲတွင် အန္တရာယ်ကြီးတစ်ခု နိုးထလာတော့သည်။

သို့သော် ကျိုးဟုန်မှာ မည်သို့မျှမလုပ်နိုင်ခင်မှာပင် ပိုင်ရှောင်ချန်းက ပြုံးဖြဲဖြဲလုပ်လိုက်ပြီး ကျိုးဟုန်နှင့် သူ၏ အနက်ရောင်အလင်းတန်းများကိုကြည့်ကာ လက်သီးချက်တစ်ချက်ကို ထုတ်လွှတ်လိုက်တော့သည်။

ပိုင်ရှောင်ချန်း၏ နောက်ဘက်ရှိ အရိပ်ဧကရာဇ်ကြီးမှာ သူ၏လက်သီးနှင့် ပေါင်းစည်းသွားကာ ၎င်းထံမှ အထက်စီးဆန်သည့်တော်ဝင်စိတ်ဆန္ဒများ ထွက်ပေါ်နေတော့သည်။

ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့တွင် အရောင်မျိုးစုံ တဖျတ်ဖျတ် လက်နေကြပြီး လေပြင်းကြီးတစ်ခု တိုက်ခတ်လာတော့သည်။ ဧရာမဘီလူးကြီးတစ်ကောင်က သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားအကုန်လုံးကို ထုတ်လွှတ်နေသည့်နှင့် တူနေတော့သည်။ တချိန်ထဲမှာပင် အဆုံးမဲ့သော ဆွဲငင်အားတစ်ခု ပေါ်ထွက်လာပြီး အနက်ရောင်လေပွေကြီး၏ အရွယ်အစားများ လျင်မြန်စွာကြီးမားလာပြီး မီတာသုံးဆယ်တိတိ ကျယ်ဝန်းသွားတော့သည်။ ထိုအခါ ၎င်းမှာ ကမ္ဘာထဲရှိ အရောင်အားလုံးကို စုပ်ယူကာ ထိုလက်သီးနှင့် လေပွေတို့မှာ ဤကမ္ဘာကြီးတွင်ရှိသည့် တစ်ခုတည်းသောအရာကဲ့သို့ ဖြစ်သွားပြီး လူတိုင်း၏ အာရုံစိုက်စရာ တစ်ခုဖြစ်သွားတော့သည်။

ထိုလက်သီးချက်မှာ လေကိုခွင်းလာသောအခါ ကျိုးဟုန်မှာ သနားစဖွယ် မြည်တမ်းလိုက်လေသည်။ သူ၏မျက်ဝန်းများထဲတွင် ထိတ်လန့်ကြောက်ရွံမှုများဖြင့် ပြည့်နှက်နေပြီး သူ့နှလုံးသားမှာလည်း တဆတ်ဆတ် နာကျင်နေသည်။ သူက သူ၏ခန္ဓာကိုယ်ထဲမှ အစိမ်းရောင်အလင်းတန်းများကို ထုတ်လွှတ်ကာ ဓားရှည်တစ်ချောင်းဖန်တီးလိုက်လေသည်။ ထို့နောက် ထိုဓားကို တင်းကြပ်စွာဆုပ်ကိုင်ပြီး သူ့ဆီပြေးလာနေသည့် လက်သီးအား ခုတ်ထစ်လိုက်တော့သည်။

" သောကကင်းဝေး ကိုးသွယ် ဓားချက် "

သူ၏ ရူးသွပ်ဖွယ်ကောင်းသည့် ဓားချက်ကြီးမှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကို တုန်ခါသွားစေတော့သည်။ အစိမ်းရောင် ဓားအလင်းတန်းများမှာ ဖိတ်စင်သွားပြီး လေကိုခွင်းသွားသည်။ ထို့နောက် အနက်ရောင် အလင်းတန်းများပါ ပေါ်ထွက်လာပြီး ပိုင်ရှောင်ချန်းထံသို့ ဓားမိုးများအဖြစ် ရွာကျလာတော့သည်။

ထိုမြင်ကွင်းကို မျက်စိနှင့် တပ်အပ်မြင်နေရသူများမှာ တအံ့တသြဖြစ်နေကြရတော့သည်။ သူတို့၏မျိုးဆက်ထဲမှ အဖွဲ့ဝင်နှစ်ယောက် ဤကဲ့သို့တိုက်ခိုက်ကြသည်ကို မည်သူမှ မမြင်ဖူးကြပေ။

သို့သော် ထိုတိုက်ပွဲမှာ တစ်ခဏသာ ကြာလိုက်သည်။ အစိမ်းရောင်ဓားအလင်းတန်းများက ပိုင်ရှောင်ချန်း၏လက်သီးချက်မှ အနက်ရောင်လေပွေနှင့် ထိသွားသောအခါ ထိုနေရာတစ်ဝိုက်တွင် ဘုန်းခနဲအသံကျယ်ကြီးတစ်သံ ဖုံးလွှမ်းသွားတော့သည်။

ဘုန်းးး

ထိုအသံကြီးထွက်လာသောအခါ ကျိုးဟုန်၏ အစိမ်းရောင်ဓားအလင်းတန်းများမှာ အက်ကွဲသွားပြီး အနက်ရောင်အလင်းတန်းများမှာလည်း လူးလွန့်ကာ ပျောက်ကွယ်သွားတော့သည်။ ကျိုးဟုန်၏ ခန္ဓာကိုယ်ထဲမှ အရိုးများအားလုံးနီးပါးမှာ ကျိုးသွားသဖြင့် သူ၏ပါးစပ်ထဲမှ သွေးများ အဆက်မပြတ်ပန်းထွက်လာတော့သည်။ သူ၏အရေပြားများမှာ ချက်ချင်းပင် ရှုပ်ပွနေသော သွေးစများအဖြစ် ဆုတ်ပြဲသွားပြီး သူ၏ ယင်ယန်ဝိညာဥ်မှာ အပြင်သို့ ထွက်လာတော့သည်။ သူသည် ချက်ချင်းပင် သတိမေ့သွားပြီး ကြိုးပြတ်သွားသည့် စွန်တစ်ခုအလား နောက်သို့ လွင့်စင်သွားတော့သည်။

ထာဝရဧကရာဇ်လက်သီး၏ ပထမဆုံး စတင်အသုံးပြုလိုက်မှုမှာ ကြည့်နေသမျှ လူတိုင်းကို အံ့အားသင့်သွားစေသည်။

ထို့အပြင် ပိုင်ရှောင်ချန်းမှာ လက်သီးချက်၏ စွမ်းအားအပြည့်ကိုပင် သုံးရသေးသည်မဟုတ်ပဲ သုံးဆယ်ရာခိုင်နှုန်းခန့်သာ သုံးရသေးသည်။ ထိုလက်သီးချက်၏ ဖျက်ဆီးနိုင်သည့်စွမ်းအားကို သူကသတိထားမိသဖြင့် ကျိုးဟုန်ကိုသတ်မိမည်စိုး၍ သူက စွမ်းအားကို လျှော့ပေါ့ထားခဲ့သည်။

သို့သော်လည်း ထိုသုံးဆယ်ရာခိုင်နှုန်းပင်လျှင် အလွန်အမင်း အံ့အားသင့်ဖွယ် ကောင်းနေသည်။

လက်သီးချက်၏ ဖော်ပြချက်တွင် ပါရှိသည့်အတိုင်း ၎င်းသည် ကောင်းကိုတုန်ရီစေကာ မြေပြင်ကိုရိုက်ခတ်စေနိုင်သည်။ ၎င်း၏ စွမ်းအားမှာ လည်မျိုးဖမ်းဆုပ်ကွက်နှင့် တောင်ဖြိုသိုင်းကွက်တို့ထက်ပင် များစွာသာလွန်နေသည်။ လူတိုင်းကို ကျောချမ်းသွားစေနိုင်သည့်အထိ တုန်လှုပ်သွားစေနိုင်သော အံ့မခန်း စွမ်းအားကြီးတစ်ခုပင် ဖြစ်သည်။

လူတိုင်းမှာ မိုးကြိုးပစ်ခံလိုက်သည့်အလား ခံစားနေရပြီး အံ့သြမှုကြောင့် အချိန်အတော်ကြာအောင် တိတ်ဆိတ်နေကြပြီးမှ ပင့်သက်ရှိုက်သံများ ထွက်လာတော့သည်။ ကုန်းစွန်းရီနှင့် ဒုတိယမင်းသားပင်လျှင် ဆွံ့အနေကြပြီး အကယ်၍ သူတို့သာ ထိုလက်သီးချက်၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရပါက မည်သို့ဖြစ်သွားနိုင်ကြောင်း တွက်ချက်နေတော့သည်။ တစ်ခဏအကြာတွင် သူတို့မှာ အဖြေထွက်သွားတော့သည်။ ကျိုးဟုန်ထက် များစွာပို၍ စွမ်းအားကြီးနေသည့်သူသာလျှင် ထိုအထက်စီးဆန်သည့် တော်ဝင်စိတ်ဆန္ဒကို တွန်းလှန်ခုခံနိုင်မည်ဖြစ်သည်။

ဝိညာဥ်ရေနွေးအိုးကြီးထဲရှိ မည်သူမှ ထိုလက်သီးချက်ကို တောင့်ခံနိုင်မည်မဟုတ်ပေ။

ပိုင်ရှောင်ချန်းမှာ ထိုသို့သောတိုက်ကွက်မျိုးကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မည်သည့်လက်ရွေးစင်မှ မထင်ထားမိပေ။ ထိုလက်သီးချက်မှာ စွမ်းအားကြီးမားလွန်းလှသဖြင့် ယင်ယန်ဝိညာဥ်အဆင့်တွင်ရှိသော တိုက်ကွက်တစ်ခုဟုပင် မထင်ရပေ။

ကျိုးဟုန် သတိလစ်သွားသည်ကို အခွင့်ကောင်းယူကာ ပိုင်ရှောင်ချန်းက ရှေ့သို့ပြေးသွားပြီး သူ၏အပြင်ခန္ဓာကိုယ်နှင့် ယင်ယန်ဝိညာဥ်တို့ကို ယူလိုက်ပြီး အလင်းတန်းတစ်ခုအသွင်ပြောင်းကာ လျှပ်စီးကဲ့သို့သော အမြန်နှုန်းဖြင့် အဝေးသို့ ပျံသန်းသွားတော့သည်။

ဘေးနားရှိ အံ့သြနေကြသော လက်ရွေးစင်များမှာ သူ့ကိုလိုက်ဖမ်းရန် ပြင်လိုက်ကြပါသော်လည်း သူတို့ ခြေလှမ်းတစ်လှမ်းပင် မလှမ်းရသေးချိန်တွင် ခက်ထန်မောက်မာမှုအပြည့်ပါသည့် စကားသံကြီးတစ်သံကို ကြားလိုက်ရတော့သည်။

" ငါ့ကိုရန်လာမစနဲ့နော် အရူးတွေ။ အဲဒီလက်သီးချက်ကို ငါသုံးချင်ရင် နောက်ထပ်အကြိမ်တစ်ရာလောက် ထပ်သုံးလို့ရသေးတယ် "

ထို မောက်မာကာ အထက်စီးဆန်လွန်းသည့် စကားသံကြီးကြောင့် တစ်ယောက်မကျန် လူတိုင်းမှာ ရပ်တန့်သွားကြတော့သည်။ တစ်ယောက်တစ်လေပင် လိုက်မဖမ်းရဲကြတော့ပေ။

ကုန်းစွန်းရီပင် တုန်တုန်ရီရီဖြစ်နေပြီး မျက်နှာပျက်နေတော့သည်။ သူက လေပေါ်တွင်ပျံဝဲကာ အသက်ရှူသံများမြန်လာပြီး အဝေးသို့ထွက်ပြေးသွားနေသည့် ပိုင်ရှောင်ချန်းကို လှမ်းကြည့်နေတော့သည်။

ယခုတွင် ကုန်းစွန်းရီ၏ မာနမှာ များစွာထိခိုက်သွားပြီဖြစ်သည်။

ထို့နောက် မိန်းမကြမ်း ရွှီရှန်မှာလည်း အများနည်းတူ ဆွံ့အကာ ထွက်ပြေးသွားနေသည့် ပိုင်ရှောင်ချန်းကို ကြည့်နေတော့သည်။ သူမ၏ မျက်ဝန်းထဲတွင်မူ မြင်ရခဲသည့် အကြည့်တစ်ခုပေါ်လာတော့သည်။ ၎င်းသည်ကား အလွန်အမင်း လေးစားကြည်ညိုနေသည့် အကြည့်များပင် ဖြစ်ပေသည်။

ဒုတိယမင်းသား၏ မျက်လုံးထဲတွင် အရောင်များစွာ တဖျတ်ဖျတ်လက်နေပြီး သူ၏စိတ်နှလုံးထဲတွင် ပဋိပက္ခဖြစ်နေသည့် ခံစားချက်များစွာ ပေါ်ပေါက်လာတော့သည်။ ချင်းမေ့ယွမ်ကမူ ဒုတိယမင်းသား၏ဘေးတွင်ရပ်နေပြီး သူမ၏ မျက်ဝန်းများထဲတွင် မသင်္ကါမှုများနှင့် အံ့အားသင့်မှုများ ရောယှက်နေတော့သည်။

အချိန်အတော်အတန် ကြာသွားသောအခါတွင်မူ သူတို့မှာ သတိပြန်လည်လာတော့သည်။

" အဲဒီလက်သီးချက်ကို သူ အကြိမ်အနည်းငယ်ထက်ပိုပြီး သုံးနိုင်စရာအကြောင်း မရှိပါဘူးကွာ "

" ဟုတ်တယ်။ သူသာ သုံးနိုင်မယ်ဆိုရင် ဘာလို့ထွက်ပြေးနေမှာတုံး။ သူသာ အငြိုးအတေး အသေးအဖွဲလေးကအစ လက်တုံ့ပြန်ရမှ ကျေနပ်တဲ့လူစားမျိုးဆိုရင် ငါတို့အားလုံး အံ့အားသင့်နေတဲ့အချက်ကို အခွင့်ကောင်းယူပြီး ဘာလို့မတိုက်ခိုက်ခဲ့တာတုံး "

ကုန်းစွန်းရီနှင့် အခြားထိပ်သီးလက်ရွေးစင်များမှာ မည်သို့မျှ ဝင်မပြောသော်လည်း သူတို့၏ အဆင့်အတန်းနှင့် အနေအထားကြောင့် ပိုင်ရှောင်ချန်း၏ လိမ်လည်လှည့်ဖျားမှုကို ရိပ်မိသည်။

သို့သော် သူ လိမ်လည်နေခဲ့သည်ဆိုလျှင်တောင် ယခုဖြစ်ပျက်သွားခဲ့သည့် မြင်ကွင်းပုံရိပ်များမှာ သူတို့၏ မှတ်ဉာဏ်ထဲတွင် ထင်ကျန်ရစ်နေပြီဖြစ်သဖြင့် သူတို့အားလုံးမှာ ကြောက်ရွံ့နေရပြီဖြစ်သည်။

တစ်ခဏမျှ ကုန်ဆုံးသွားသည်။ အဆုံးတွင် ရွှီရှန်က အသက်ပြင်းပြင်းရှူလိုက်ပြီး လိုက်ဖမ်းလိုက်တော့သည်။ ထို့နောက် ဒုတိယမင်းသားနှင့် ချင်းမေ့ယွမ်တို့လည်း သူ့နောက်သို့လိုက်သွားတော့သည်။ သို့သော် သူတို့သုံးယောက်စလုံးမှာ ပိုင်ရှောင်ချန်းကို တိုက်ခိုက်လိုစိတ်မရှိကြပေ။ သူတို့တွင် အခြားရည်ရွယ်ချက်များရှိနေကြသည်။ အခြားလက်ရွေးစင်အများစုမှာ ထိုအချက်ကိုမမြင်နိုင်သော်လည်း ကုန်းစွန်းရီမှာ သိပေသည်။

သူက တိတ်ဆိတ်စွာဖြင့် တစ်ခဏမျှ မတ်တတ်ရပ်နေလိုက်ပြီးနောက် သူ၏တိုက်ခိုက်လိုစိတ်များမှာ ဆူပွက်လာသဖြင့် သူ၏မျက်ဝန်းများမှာ နီမြန်းလာတော့သည်။

" ငါ့ကို ဘယ်သူမှ မကျော်တက်စေရဘူး။ အခုလောလောဆယ်တော့ ပိုင်ဟောက်ရေ... မင်းငါ့ရဲ့ အာရုံစိုက်မှုကို ရသွားပြီဟေ့ "

ထိုအချိန်တွင် သူ၏ကျင့်ကြံခြင်း အခြေခံ စွမ်းအားများထွက်ပေါ်လာပြီး သူသည် ပိုင်ရှောင်ချန်းထံသို့မဟုတ်ပဲ သရဲဘုရင် သစ်ခွပန်းဆီသို့ ဦးတည်သွားတော့သည်။

" နောက်ဆုံးတော့ အဲဒီနေရာကို မင်း ရောက်လာရမှာပဲ။ အဲဒီနေရာကနေပဲ ငါမင်းကိုတိုက်ခိုက်ဖို့....စောင့်နေမယ် "

ကုန်းစွန်းရီ၏ မျက်ဝန်းများထဲတွင် ပြတ်သားမှုများနှင့်အတူ တိုက်ခိုက်လိုစိတ်များ တောက်ပနေတော့သည်။

လူတိုင်းမှာ တစ်ယောက်ကိုတစ်ယောက် ကြောင်အန်းအန်း ကြည့်လိုက်ပြီး ယခုကဲ့သို့ လူမဆန်သည့် လူမျိုးအား ရန်စမိသည်ကို နောင်တရနေတော့သည်။ သို့သော် မည်သူမှ ယခုဖြစ်ပျက်သွားခဲ့သည့် ဖြစ်ရပ်များကို ကြိုတင် မခန့်မှန်းနိုင်ခဲ့ပေ။ သူတို့အားလုံး အလွယ်တကူ အနိုင်ယူနိုင်မည်ဟု တွက်ထားသူမှာ ရက်စက်ကြမ်းကြုတ်မှုအပြည့်ဖြင့် အန္တရာယ်ကြီးမားသော သားရဲကြီးတစ်ကောင် ဖြစ်နေလိမ့်မည်ဟု မည်သူမှ မထင်ထားမိခဲ့ပေ။

All Chapters