အင်ပါယာမျိုးနွယ်စု၏ လျှို့ဝှက်မှော်သိုင်း
Vol. 7 Ch. 698
ပိုင်ရှောင်ချန်းက ရွှီရှန်နှင့် အတော်ဝေးကွာသည်အထိ ပျံသန်းသွားကာ မကြာမီ မြူများအထဲ ပျောက်ကွယ်သွားတော့သည်။
နောက်ကျန်ခဲ့သော ရွှီရှန်မှာ ရပ်လိုက်ပြီး မြေကြီးပေါ်သို့ ဒေါသတကြီး ခြေဆောင့်လိုက်သည်။
" နင့်ကို နောက်ဆုံးကျရင် ရအောင် ဖမ်းမှာ ပိုင်ဟောက်။ နင်က ငါ့အပိုင်။ ငါ့အပိုင်လို့ "
ထိုစကားကြောင့် ပိုင်ရှောင်ချန်းက အရှိန်တင်လိုက်သည်။ ဝိညာဥ်ခရီးမြို့တော်မှ အနှီမင်းသမီးလေးက သူနှင့်မသေမချင်းတိုက်ခိုက်ချင်နေသည့်အဖြစ်က သူ့အတွက် ခေါင်းခဲစရာကြီးဖြစ်နေတော့သည်။
" ဒီကောင်မလေးမှာ ကျောက်စိမ်းဆွဲပြားရှိနေတော့ ငါက ဘယ်လိုလုပ်တိုက်ခိုက်နိုင်မှာတုန်း "
ထိုအကြောင်းတွေလေလေ သူမကို ပို၍ စိတ်ကုန်လာလေလေဖြစ်နေတော့သည်။ သို့သော်ငြား ထိုအခြေအနေနှင့် ပတ်သက်၍ သူ မည်သို့မျှ မလုပ်နိုင်ပေ။ သူမက သူ့ကို လိုက်နေဦးမည်ကို စိုးရိမ်သောကြောင့် မြေလိမ်မြွေကောက်သွားပြီးမှသာ သရဲဘုရင်သစ်ခွပန်းရှိရှာဘက်သို့ ဦးတည်လိုက်သည်။
သရဲဘုရင်သစ်ခွပန်း ရှိရာ ချိုင့်ဝှမ်းနှင့် မလှမ်းမကမ်းတွင် ကုန်းစွန်းရီသည် အသက်ရှူလေ့ကျင့်ခန်းလုပ်နေလျက် ခပ်နိမ့်နိမ့်တောင်ကုန်းတစ်ခုပေါ်တွင် ထိုင်နေ၏။ သူ၏ရည်ရွယ်ချက်မှာ သူပြင်းပြစွာ တိုက်ခိုက်ချင်နေသည့် လာမည့်တိုက်ပွဲအတွက် အကောင်းဆုံးအခြေအနေဖြစ်နေရန် ဖြစ်သည်။
မကြာမီ ပိုင်ဟောက်ပေါ်လာတော့မည်ဟု သူ လုံးဝယုံကြည်ချက်ရှိနေဆဲဖြစ်သည်။
ခပ်လှမ်းလှမ်းတွင် တော်ဝင်မျိုးနွယ်စုအမြောက်အမြားမှ လက်ရွေးစင်ဒါဇင်ကျော်ခြံရံလျက်ရှိသည့် ဒုတိယမင်းသားနှင့် ချင်းမေ့ယွမ်ရှိသည်။ ဝိညာဥ်ရေနွေးအိုးထဲတွင် ဖြစ်ပျက်ခဲ့သည်တို့ကြောင့် သူတို့အားလုံး၏ မျက်နှာများပေါ်တွင် မသက်မသာဖြစ်နေသော အမူအရာများ ထင်ဟပ်နေ၏။
မထင်မှတ်ထားသော အရာများ ဖြစ်လာနိုင်သည်ဟု မည်သူမျှ တွေးပင်မတွေးခဲ့ဖူးပေ။ ပထမက လူတိုင်းကို အသိစိတ်လွတ်သွားစေသော ယင်ယန်နတ်ဘုရားစွမ်းရည် ဟင်းလင်းပြင် အချုပ်အနှောင်မန္တန်ဖြစ်ပြီး ဒုတိယအချက်မှာ ပိုင်ရှောင်ချန်းက အံသြစရာကောင်းလောက်အောင် စွမ်းအားကြီးသွားခြင်း ဖြစ်သည်။ ရံဖန်ရံခါ ဧရာရေနွေးအိုးကြီး၏ ပါးစပ်ပေါက်နားရှိ နေရာတွင် ထိုင်နေလျက်ရှိသည့် အရှုံးပေးထားပြီးဖြစ်သော အဖွဲ့ကို မြင်နိုင်သည်။
သရဲဘုရင်သစ်ခွပန်းနားရှိ အဖွဲ့မှ လူများစွာသည်လည်း အရှုံးပေးရန် တွေးနေကြသော်လည်း ထိုသို့ အလွယ်တကူ မလုပ်နိုင်ကြပေ။ သူတို့က ပိုင်ရှောင်ချန်းသည် မယုံကြည်နိုင်ဖွယ် သန်မာကြောင်း သိသည့်တိုင် နောက်ထပ် အခွင့်အရေးတစ်ခုရှိသည်ဟု မျှော်လင့်နေသေးသည်။ ဒုတိယမင်းသားသည် ယင်ယန်ဝိညာဥ်အဆင့်၏ မဟာစက်ဝန်းတွင် ဖြစ်ပြီး သူတို့၌ ပြိုင်ဘက်ကင်း စစ်နိုင်ဘုရင်ငယ် ကုန်းစွန်းရီရှိသေးသည် မဟုတ်ပါလော။ ထို့အပြင် မဟာကောင်းကင်သခင်၏ တပည့် ချင်းမေ့ယွမ်လည်း ရှိသည်။ ထိုသုံးယောက်နှင့် သူတို့သည် ပိုင်ဟောက်ကို အနိုင်ယူနိုင်မည်ဟု မျှော်လင့်နေဆဲဖြစ်သည်။
စောင့်နေကြသောလက်ရွေးစင်များ၏ စိတ်များထဲ၌ အတွေးစများ ေယာက်ယက်ခတ်နေပြီး မည်သည်က အရှုံး၊ အနိုင်ဖြစ်မည်ကို တွက်ချက်နေတော့သည်။ တချိန်တည်းမှာပင် သူတို့သည် ဘေးပတ်လည်ကို သတိတကြီးကြည့်နေကြဆဲဖြစ်သည်။
ဒုတိယမင်းသားမှာမူ မျက်လုံးများ တဖျပ်ဖျပ်ဝင်းလက်နေလျက် အခြားသူများနှင့် အတော်လေးခြားနားသော အတွေးများကို တွေးနေသည်။ သူသည် ပိုင်ဟောက်ကို စိတ်ဝင်စားနေသည်။ သရဲကြီးဘုရင်က ပိုင်ဟောက်ကို ဝိညာဥ်ရေနွေးအိုးထဲတွင် ရက်ရက်စက်စက် စွန့်လွှတ်ခဲ့ကြောင်း သိသာသည် မဟုတ်ပါလော။
" အင်း ပိုင်ဟောက်ကို ငါ့ဘက်ဆွယ်လို့ရမယ်ထင်တယ်။ ဒါပေမဲ့ သူ့ ကျင့်ကြံခြင်းအဆင့် မြင့်မားတာ စဥ်းစားကြည့်ရရင် သူ့မှာ ရည်မှန်းချက်တွေ သေချာပေါက်ရှိမှာပဲ။ ငါသာ သူ့ကို နိုင်ချင်ရင် အဲဒီလိုလုပ်ဖို့ သူ့ကိုအကြောင်းပြချက်ကောင်းကောင်း ပေးဖို့လိုတယ် "
ဘေးတွင် ချင်းမေ့ယွမ်သည် မျက်မှောင်ကြုတ်လျက် ပိုင်ဟောက်အား မြင်ခဲ့သည့်အချိန်ကို ပြန်တွေးလိုက်သည်။ သူနှင့်ပတ်သက်၍ ရင်းနှီးနေသည်ဟု ခံစားနေမိသော်လည်း သူမမှာ ခိုင်လုံသော သဲလွန်စများတစ်ခုကိုမှ စဥ်းစားနိုင်ခြင်းမရှိသေးပေ။
လူတိုင်း အတွေးကိုယ်စီဖြင့် နစ်မြောနေကြစဥ် ကုန်းစွန်းရီက ရုတ်တရက် မော့ကြည့်လိုက်သည်။ ဒုတိယမင်းသားနှင့် ချင်းမေ့ယွမ်က ခေါင်းလှည့်ကြည့်လိုက်ကြပြီး ကျန်လူများသည်လည်း ရင်တဒိန်းဒိန်းခုန်လျက် တူညီသော ဘက်ကို ကြည့်လိုက်ကြသည်။
မလှမ်းမကမ်းတွင် အရိပ်တစ်ခုသည် အလွန်လျင်မြန်စွာ ရွေ့လျားလာသော မြားတစ်စင်းပမာ တဟုန်းထိုး လာနေသောကြောင့် မြူများ အလိပ်လိပ်ထသွား၏။ ထိုအရိပ်သည် သူတို့ထံ ဦးတည်လာနေသည်။
သူ၏ ဆံပင်ရှည်များသည် လွင့်ပျံနေပြီး သူ၏အဝတ်အစားများ လေထဲတွင် တလူလူလွင့်ပျံနေသည်။ သူ၏ မျက်လုံးများက စူးရှတောက်ပနေပြီး သူ့ခန္ဓာကိုယ်မှ အရှိန်အဝါကြီးမားကာ ခန့်ညားထည်ဝါသော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေသည်။
" ပိုင်ဟောက် "
" သူရောက်လာပြီ "
လူတိုင်း ချက်ချင်း တုန်လှုပ်သွားကြတော့သည်။ ကုန်းစွန်းရီ၏ ရင်ထဲရှိ တိုက်ခိုက်လိုစိတ်များ ပေါက်ကွဲထွက်လာသော်လည်း ခဏတာမျှ ဖိနှိပ်ထားလိုက်သည်။ သူက တင်ပျဥ်ခွေထိုင်လျက် မျက်လုံးများ ပိတ်လိုက်ပြီး တရားပြန်ထိုင်လိုက်သည်။ လက်ရှိအချိန်တွင် သူ၏အရှိန်အဝါများသည် လုံလုံလောက်လောက် မတည်ငြိမ်သေး၍ သူက လုံးဝစိတ်တည်ငြိမ်ချင်နေသည်။
" တိုက်ဖို့ အချိန်မကျသေးဘူး "
သူက ရေရွတ်လိုက်သည်။ သူသည် သူ၏ တိုက်ပွဲဝိညာဥ်က တဟုန်ထိုးစီးဆင်းနေသော ရေအဟုန်ကဲ့သို့ ဖြစ်သည်အထိ စောင့်ချင်နေသည်။
" ပိုင်ဟောက်၊ မင်းက ငါ့ကို အရင်ကထက် ပိုထက်မြက်လာအောင် လုပ်ပေးမယ့် ဓားသွေးကျောက်ဖြစ်လာလိမ့်မယ် "
သရဲဘုရင်သစ်ခွပန်းပတ်လည်ရှိ အဖွဲ့၏ လေထုသည် ပိုင်ရှောင်ချန်းပေါ်လာသည်နှင့် ချက်ချင်း မွန်းကြပ်သွားတော့သည်။ ဒုတိယမင်းသား၏ မျက်လုံးများသည် ဝင်းလက်သွားပြီး သူက ရှေ့တစ်လှမ်းတိုးလိုက်ကာ ပိုင်ရှောင်ချန်းထံသို့ တဟုန်ထိုး ဦးတည်သွားတော့သည်။
ထိုသည်က အခြားလက်ရွေးစင်များကို ချက်ချင်း စိတ်လှုပ်ရှားသွားစေ၏။ အများစုက ပျံတက်၍ ဒုတိယမင်းသားနှင့် ပူးပေါင်းလိုက်သည်။
ကုန်းစွန်းရီနှင့် ချင်းမေ့ယွမ်သာ တုပ်တုပ်မှ မလှုပ်ခြင်းဖြစ်သည်။ ကုန်းစွန်းရီနှင့်မတူ ၊ ချင်းမေ့ယွမ်က တောက်ပရွှန်းလဲ့နေသော မျက်လုံးကလေးများဖြင့် သူ၏ လှုပ်ရှားမှုတိုင်းကို သူမခေါင်းထဲတွင် မှတ်သားနေရင်း ပိုင်ရှောင်ချန်းကို ကြည့်နေလေသည်။
ဝိညာဥ်ရေနွေးအိုးအနားရှိ အဖွဲ့ငယ်ဒါဇင်ကျော်သည်လည်း သေချာစောင့်ကြည့်နေကြသည်။ သူတို့သည် အရှုံးပေးထားပြီးဖြစ်သည့်တိုင် မနာလိုသော အပြုအမူများဖြင့် မည်သို့ ဖြစ်မည်ကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြသည်။
လူတိုင်းသေချာစောင့်ကြည့်နေကြစဥ် ပိုင်ရှောင်ချန်းနှင့် ဒုတိယမင်းသားသည် တစ်ယောက်ထံတစ်ယောက် ပြေးဝင်သွားကြပြီးနောက် ထိပ်တိုက်တွေ့ဆုံသွားတော့သည်။
ဒုတိယမင်းသားက ယင်ယန်ဝိညာဥ်အဆင့်မဟာစက်ဝန်းရှိ စွမ်းအားအပြည့်ကို ဆင့်ခေါ်လိုက်ကာ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်ပြီး မီတာသုံးရာတိတိစီမြင့်သော အရိပ်ခုနစ်ခုကို ဆင့်ခေါ်လိုက်သည်။
အရိပ်တစ်ခုစီသည် တော်ဝင်ဝတ်ရုံများကို ဝတ်ဆင်ထားကာ တော်ဝင်သရဖူတစ်ခုစီရှိကြပြီး ရှေးဆန်သော အငွေ့အသက်များကို ထုတ်လွှတ်နေ၏။ အရိပ်များက နေရာတစ်ခုလုံးကို ပိတ်လှောင်လိုက်ဟန်တူကာ နယ်ပယ်တစ်ခုကို ဖန်တီးလိုက်ပြီး ဒုတိယမင်းသားက ထိုအထဲတွင် ဧကရာဇ်တစ်ပါး၏ အရှိန်အဝါများအား ထုတ်လွှတ်နေသည်။
ဤသည်မှာ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားမဟုတ်သော်လည်း အလွန်နီးစပ်နေသကဲ့သို့သောစွမ်းအင်မျိုးကို သူပထမဆုံးဆင့်ခေါ်ခြင်းဖြစ်ပြီး အမှန်တကယ်တွင် ၄င်းသည် ကောင်းကင်နှင့်မြေကြီးကို လှုံဆော်ပေးလိုက်ပုံရသည်။
ထို့နောက် ဂျိန်းခနဲထစ်ခြုန်းသံကို ကြားလိုက်ရပြီး ရွှေနဂါးကြီးတစ်ကောင်ပေါ်လာကာ ဟိန်းဟောက်ရင်း လေကို ခွင်း၍ ပိုင်ရှောင်ချန်းထံ ပြေးဝင်သွား၏။
ဒုတိယမင်းသား၏ အံမခန်းနတ်ဘုရားစွမ်းရည်၏ အံသြတုန်လှုပ်ဖွယ် မြင်ကွင်းကြောင့် ပိုင်ရှောင်ချန်း၏ အမူအရာ ပြောင်းလဲသွားသည်။ ၄င်းသည် တကယ်တမ်းဆိုရလျှင် သူ၏ထာဝရဧကရာဇ်လက်သီးနှင့် အလွန်တူသော်လည်း အခြေခံသဘောတရားက ရှင်းလင်းစွာပင် ကွဲပြားခြားနားသည်။ ထာဝရဧကရာဇ်လက်သီးက သူ့ကိုယ်ပိုင်ခန္ဓာကိုယ်ထဲရှိ စွမ်းအားကို ဆင့်ခေါ်ပြီးနောက် ပြင်းထန်သောအင်အားကြီးဖြင့် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဒုတိယမင်းသား၏ အတတ်မှာ အပြင်အားကိုသာ ဆင့်ခေါ်ထားမှန်း သိသာလှသည်။
ဒုတိယမင်းသားက ကောင်းကင်နှင့်မြေကြီးကို တုန်ခါစေသည့် ချီစီးကြောင်းတစ်ခုကို အမိန့်ပေးနိုင်သည့်အချက်က မြေရိုင်းသားတိုင်း ဒူးထောက်အရိုအသေပေးပြီး ကိုးကွယ်ဆည်းကပ်မည့်တစ်စုံတစ်ခုကို မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရသည့်အလား ပိုင်ရှောင်ချန်းကို ခံစားသွားရစေသည်။
သို့သော် အားလုံးအထဲ အံ့သြတုန်လှုပ်ဖွယ်အကောင်းဆုံးမှာ အရိပ်ခုနစ်ခုလုံးက စွမ်းအားများစွာဖြင့် ပြည့်နှက်နေခြင်းဖြစ်ရာ ယင်းက ပိုင်ရှောင်ချန်းကို ခေါင်းကျိန်းသွားစေတော့သည်။
မမျှော်လင့်ထားဘဲ ဒုတိယမင်းသားအသုံးပြုလိုက်သည့် တစ်ခုတည်းသော ထိုနတ်ဘုရားစွမ်းရည်က ပိုင်ရှောင်ချန်း၏ လက်သီးချက်ပေါင်းများစွာကို ခုခံကျော်လွှားနိုင်သည်။
" ဒါက ဘာ နတ်ဘုရားစွမ်းရည်လဲ "
သူက တုန်လှုပ်သွားရင်း တွေးလိုက်သည်။ စောင့်ကြည့်နေသော တခြားလူများအားလုံးသည်လည်း အလွန်စိတ်လှုပ်ရှားလာကြတော့သည်။
" ဒါက ဗဟိုဧကရာဇ် မှော်သိုင်းပဲ။ ဒါက အင်ပါယာမျိုးနွယ်စုရဲ့ လျှို့ဝှက်မှော်သိုင်း "
" အင်ပါယာမျိုးနွယ်စုရဲ့ လျှို့ဝှက်မှော်သိုင်းကို မမြင်ရတာတောင် တော်တော်ကြာပြီ။ ဒုတိယမင်းသားက သေချာပေါက် နာမည်ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ်။ မဟာမင်းသားကြီးပြီးရင် သူက တော်ဝင်ထီးနန်းကို ရမယ့်လူပဲ "
တိုက်ပွဲ၏ ထစ်ခြုန်းမြည်ဟည်းသံများသည် မကြာမီ စကားသံများကို လွှမ်းမိုးသွားတော့သည်။
" သူက ကျိုးဟုန်ထက် တော်တော်သန်မာတာပဲ"
ပိုင်ရှောင်ချန်းက တွေးလိုက်ပြီး သူ၏မျက်ဝန်းအိမ်များ ကျဥ်းမြောင်းသွား၏။ ထို့နောက် သူက ညာလက်ကို ဆန့်ထုတ်လိုက်ရာ ဆယ့်ခြောက်ဆစိတ်စွမ်းအင်အဆင့်မြှင့်တင်ထားသော အနက်ရောင်လှံကြီးပေါ်လာသည်။
ဒုတိယမင်းသား၏ မျက်နှာပေါ်တွင် မသက်မသာဖြစ်သွားသော အမူအရာတစ်ခုပေါ်လာပြီး နောက်သို့ ယိမ်းယိုင်သွား၏။။ အမှန်တွင် သူသည် အပေါ်ယံမြင်နေရသကဲ့သို့ အဆင်ပြေနေသည်မဟုတ်ပေ။ သူ၏ ကျင့်ကြံခြင်းအခြေခံသည် ဖိနှိပ်ခံထားရပြီး လှည့်ပတ်ရန် ခက်ခဲနေသည်။ သူက ယင်ယန်ဝိညာဥ်အဆင့်၏ မဟာစက်ဝန်းတွင် ရှိနေခြင်းနှင့် အင်ပါယာ မျိုးနွယ်စု၏ လျှို့ဝှက်မှော်သိုင်းကို အသုံးပြုခြင်းကြောင့်သာမဟုတ်လျှင် တိုက်ပွဲကြောင့် ဒဏ်ရာအပြင်းအထန်ရသွားမည်ဖြစ်သည်။ ဤအချိန်တွင် သူက ထပ်မံ မချုပ်တည်းနိုင်တော့ဘဲ သွေးတစ်လုပ်အန်လိုက်လေသည်။ ပိုင်ရှောင်ချန်းသည် လက်သီးတိုက်ကွက်ဖြစ်သည့် သူ၏ဝှက်ဖဲကိုပင် အသုံးမပြုရသေးသည်ကို သတိပြုမိလိုက်သဖြင့် သူ၏ မျက်လုံးများတွင် တုန်လှုပ်ကြောက်လန့်သော အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။
"ဒီကောင် ပိုင်ဟောက်က သိပ်သန်မာလွန်းတယ်။ ငါရဲ့ အင်ပါယာမျိုးနွယ်စု လျှို့ဝှက်မှော်သိုင်းနဲ့တောင် သူ့ကို ထိန်းချုပ်လို့မရဘူး "
ထို့နောက် သူက လက်များကို လေပေါ်မြှောက်လိုက်သည်တွင် အရိပ်ခုနစ်ခုထံမှ အဝါရောင်အလင်းများထွက်ပေါ်လာ၏။ ချက်ချင်းပင် တစ်နေရာလုံးသည် ရွှေများဖြင့်ပြည့်နေသည့်အလား တောက်ပဝင်းလက်သွားပြီးနောက် ရွှေနဂါးနှစ်ကောင်ပေါ်လာကာ ဟိန်းဟောက်မာန်ဖီရင်း ပိုင်ရှောင်ချန်းထံ ပြေးဝင်သွားသည်။
လက်ရွေးစင် ပရိသတ်များသည် မျက်စိရှေ့ရှိတိုက်ပွဲအား စူးရှတောက်ပသော မျက်လုံးများဖြင့် စောင့်ကြည့်နေကြသည်။ ကြည့်သရွေ့ ပြိုင်ဘက်နှစ်ဦးသည် အမှန်တကယ် လက်ရည်တူနေပုံရသည်။ နောက်ဆုံး၌ တချို့က ဝင်ရောက်တိုက်ခိုက်ရန် ပျံတက်သွားကြသည်။ များမကြာမီ နတ်ဘုရားစွမ်းရည်များနှင့် မှော်အတတ်များသည် ဟိုဟိုသည်သည် ပျံသန်းနေကြရာ နေရာအနှံ့တွင် အလင်းစူးစူးများ တောက်ပနေတော့သည်။
ထွက်ပေါက်နား၌ စုဝေးနေကြသည့်လူများပင်လျှင် ယခုတွင် ချီတုံချတုံဖြစ်နေကြ၏။ အကြည့်များဖလှယ်လိုက်ကြပြီးနောက် အများစုက ပျံထွက်လာကြကာ မျက်နှာပြောင်တိုက်စွာ သူတို့၏ စိတ်များကို ပြောင်းပြီး အခွင့်ကောင်းယူလိုက်ကြသည်။
ပိုင်ရှောင်ချန်းက ဖြစ်ပျက်နေသည်များအား ချက်ချင်း သတိပြုမိလိုက်ရာ သူ၏မျက်လုံးများတွင် အေးစက်သော အလင်းများ ဖြတ်ပြေးသွား၏။ ဒုတိယမင်းသားသည် မည်သည့်ပင်ဆိုစေ အားမနည်းသည့်အပြင် သူ၏ ရုပ်တုခုနစ်ခုသည် မယုံကြည်နိုင်ဖွယ် သန်မာကြောင်း သိလိုက်သည်တွင် သူက လာနေသည့် နတ်ဘုရားစွမ်းရည်များကို လျစ်လျူရှုရင်း ရုတ်တရက် လှံကို ဘေးသို့ပို့လိုက်ကာ မြေကြီးကို လက်ဖြင့် ရိုက်ချလိုက်သည်။
မြေပြင်သည် တုန်ခါသွားပြီးနောက် ပိုင်ရှောင်ချန်းက သူ၏ မျက်နှာဖုံးစွမ်းအားဖြင့် ဖုံးကွယ်ထားသည့် စကားလုံးတစ်လုံးကို ခပ်တိုးတိုးရေရွတ်လိုက်သည်။
" ရွှယ်ကျဲ "
နေရာတစ်ခုလုံးသည် ရေခိုးရေငွေ့များဖြင့် ပြည့်နှက်သွားကာ ရေအိုင်ကြီးတစ်ခုကို ဖန်တီးလိုက်သည်။ သို့သော် ပိုင်ရှောင်ချန်းမျက်နှာဖုံး၏ စွမ်းအားက ထိုအချက်ကို ဖုံးကွယ်ထားပြီး ပိုင်ရှောင်ချန်းနှင့် သူ့ထံက ထုတ်လွှတ်နေသော ရက်စက်ကြမ်းကြုတ်သည့်အရှိန်အဝါမှလွဲ၍ မည်သို့မျှ မမြင်ရအောင် ပြုလုပ်ပေးလိုက်သည်။
ထိုအချိန်တွင် ပိုင်ရှောင်ချန်းက နောက်ထပ်စကားတစ်လုံးအား ခပ်တိုးတိုးပြောလိုက်သည်။
" ကော်တု"