ဘယ်သူက ဓားသွေးကျောက်လဲ
Vol. 7 Ch. 699
ထိုစကားများကို ပြောပြီးနောက် ပိုင်ရှောင်ချန်းက မော့ကြည့်လိုက်သောအခါ အရပ်မျက်နှာအနှံ့သို့ စွမ်းအင်တစ်ခု ပျံ့နှံ့သွားပြီး သူ၏ ဆံပင်ရှည်များမှာ ယိမ်းခါသွားတော့သည်။ မည်သူမှ မမြင်နိုင်သော်လည်း သူတို့၏ ပတ်ပတ်လည် ကီလိုမီတာငါးရာတွင် ရေအိုင်ကြီးတစ်ခု ပေါ်ထွက်လာပြီဖြစ်သည်။ တပြိုက်နက်ထဲမှာပင် မရေမတွက်နိုင်သော ဆူးချွန်များစွာ မြင့်တက်လာပြီး ကွေးညွှတ်သွားကာ ဧရာမ သားရဲလက်သည်းကြီးတစ်ခု ပေါ်ထွက်လာတော့သည်။
ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ လဲပြိုကျလုမတတ် ဖြစ်နေပြီ ဖြစ်သည်။ ရွှေရောင်နဂါးနှစ်ကောင်မှာ လက်သည်းကြီးနှင့် ရိုက်မိလိုက်သောအခါ သနားစဖွယ် အော်ဟစ်လိုက်ကြတော့သည်။ လက်သည်းကြီးနှင့် ယှဥ်လိုက်ပါက သူတို့သည် ချက်ချင်းပင် အသက်ပျောက်သွားနိုင်သည့် အသေးစားပိုးကောင်လေးများကဲ့သို့ ဖြစ်နေသည်။ ဒုတိယမင်းသား၏ ပါးစပ်မှသွေးများပန်းထွက်လာပြီး နောက်ဘက်သို့ လွင့်စင်သွားတော့သည်။ တိုက်ပွဲထဲသို့ပြေးဝင်လာနေသည့် အခြားလက်ရွေးစင်များမှာမူ မျက်နှာပျက်သွားရပြီး သွေးများ အန်ကုန်ကြသည်။ သူတို့ကို တောင်တစ်လုံးက ဝင်တိုက်လိုက်သည့်အလား နောက်ဘက်သို့ လွင့်ထွက်သွားကြတော့သည်။
ခပ်လှမ်းလှမ်း တစ်နေရာတွင် ယခင်က လက်လျှော့အရှုံးပေးခဲ့သော်လည်း ဆုံးဖြတ်ချက်ပြန်ပြောင်းကာ တိုက်ပွဲဆီသို့ ပြန်၍ပျံသန်းလာနေသည့်လက်ရွေးစင်ဒါဇင်များစွာမှာလည်း ယခုတွင်မူ အသက်မဲ့ကာ တုန်လှုပ်နေသည့် အမူအရာများဖြင့် လေထဲတွင် ရပ်နေကြတော့သည်။
ထိုအမူအရာ ဖြစ်နေကြသည်မှာလည်း သဘာဝကျပေသည်။ မကြာသေးမီက ဒုတိယမင်းသားနှင့် ပိုင်ရှောင်ချန်းတို့မှာ လက်ရည်ချင်းတူနေသော်လည်း မျက်စိတစ်မှိတ်အတွင်း ဒုတိယမင်းသားမှာ အပြင်းအထန်ဒဏ်ရာရသွားပြီး အခြားလူတိုင်းမှာလည်း ဘေးဘက်သို့ လွင့်ထွက်သွားရသည်။ တစ်ခုထဲသော တိုက်ကွက်ကြောင့် လူတိုင်းမှာ တအံ့တသြ မှင်တက်ကုန်ကြရပြီဖြစ်သည်။
ဝိညာဥ်ရေနွေးအိုး၏ အဝမှ ပျံသန်းလာနေသည့် လက်ရွေးစင်များမှာ ပါးစပ်အဟောင်းသားဖြင့် လေထဲတွင် ရပ်နေကြရပြီး သူတို့၏စိတ်နှလုံးသားကို ကြီးမားသောနောင်တများစွာက ဖုံးလွှမ်းနေတော့သည်။ ယခုတွင်မူ သူတို့သည် ရှေ့တိုး၍မရသလို နောက်ဆုတ်၍လည်းမရတော့ပေ။ သူတို့မှာ တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်စွာကြည့်လိုက်ပြီး ရုတ်တရက် လူစုခွဲသွားကြတော့သည်။ သူတို့သည် သရဲဘုရင် သစ်ခွပန်းဆီသို့ မသွားသလို ဝိညာဥ်ရေနွေးအိုး၏ အဝသို့လည်း မသွားပေ။ သူတို့အားလုံးမှာ ကြောက်လန့်လွန်းလှသဖြင့် သူတို့၏ ဘေးပတ်ပတ်လည်ရှိ ကမ္ဘာကြီး၏ တစ်နေရာရာတွင် သွား၍ပုန်းအောင်းရန် တွေးနေကြသည်။ ထိုကမ္ဘာကြီးမှာ ကြီးမားလွန်းလှ၍ ပိုင်ရှောင်ချန်း မြေလှန်ရှာလျှင်တောင် သူတို့အားလုံးကို တွေ့နိုင်မည်တော့ မဟုတ်ပေ။
ပိုင်ရှောင်ချန်းကမူ သူတို့ကို လျစ်လျူရှုလိုက်လေသည်။ ယခုတွင်မူ သူနှလုံးသားမှာ စိတ်လှုပ်ရှားမှုများကြောင့် တဒိန်းဒိန်းခုန်နေ၏။ ယခုမှာ ယင်ယန်ဝိညာဥ်အဆင့်သို့ ဖောက်ထွက်ပြီးနောက် ရွှယ်ကျဲကော်တုကို သူသုံးခဲ့သည့် ပထမဆုံး အကြိမ်ဖြစ်သည်။ ယခုတွင် ပွင့်နေပြီဖြစ်သည့် ကီလိုမီတာငါးရာရှိသော နေရာကြီးကို ဖြတ်၍ အောက်ဘက်ရှိ သားရဲလက်သည်းကြီးတစ်ခုလုံး ထွက်လာနိုင်ပြီဖြစ်သည်။ ထိုမြင်ကွင်းကြီးမှာ အံ့သြဖွယ်ကောင်းလှပေသည်။
" စွမ်းအားကြီးလိုက်တာ။ ငါ့ရဲ့ ထာဝရဧကရာဇ်လက်သီးတောင် မယှဥ်နိုင်ပါလား "
သူက တံတွေးများမျိုချလိုက်ပြီး ဤသို့စွမ်းအားကြီးနေရခြင်းမှာ သူ၏ ကောင်းကင်တာအို ယင်ယန်ဝိညာဥ်နှင့် ဆက်နွှယ်နေရမည်ဟု သူကသုံးသပ်လိုက်သည်။ ထို့နောက် ကောင်းကင်တာအို ယင်ယန်ဝိညာဥ်အဆင့်သို့ ရောက်ရှိရန် သူကြိုးစားအားထုတ်ခဲ့ရသည်များမှာ ထိုက်တန်ကြောင်း ယုံကြည်သွားပြီး သက်ပြင်းချလိုက်တော့သည်။
ဤလက်သည်းကြီးမှာ လက်ဖဝါးတစ်ခုလုံး မဟုတ်သေးကြောင်း သူက တွေးမိနေသည်။ လက်တစ်ဖက်လုံး၏ တစ်ပိုင်းတစ်စမျှသာ ရှိနေဦးမည်ဟု သူက ယုံကြည်နေသည်။
" ငါ့ရဲ့ သက်စောင့်ဝိညာဥ် "
သူက အရောင်လက်နေသည့် မျက်ဝန်းများဖြင့် ရေရွတ်လိုက်သည်။ ထို့နောက် သူကလှစ်ခနဲ လှုပ်ရှားလိုက်ပြီး သူ၏ရွှယ်ကျဲကော်တုကြောင့် ဒဏ်ရာရရှိသွားသော လက်ရွေးစင်အားလုံးကို ဖမ်းဆီးကာ သူ၏အိတ်ထဲသို့ ပစ်ထည့်လိုက်တော့သည်။ ဒုတိယမင်းသားမှာမူ ကြားဖြတ်ကာ တစ်စုံတစ်ခုပြောရန် ပြင်လိုက်သော်လည်း ပိုင်ရှောင်ချန်းမှာ နားထောင်ရန်ဆန္ဒမရှိသဖြင့် သူ့ကိုလျင်မြန်စွာပင် ချုပ်နှောင်ကာ ဖမ်းဆီးလိုက်တော့သည်။
ထိုအရာများကို လုပ်ပြီးနောက် ပိုင်ရှောင်ချန်းသည် ထိုနေရာတစ်ဝိုက်တွင် ကျန်ရှိနေသည့် လူနှစ်ယောက်ကို ကြည့်လိုက်လေသည်။ တစ်ယောက်မှာ တင်ပျဥ်ခွေထိုင်ကာ တရားထိုင်နေသည့် ကုန်းစွန်းရီဖြစ်သည်။ သူသည် တချိန်လုံး မျက်လုံးမဖွင့်ပေ။ လက်ရွေးစင်အားလုံးကို အံ့သြဖွယ်ကောင်းသည့် တိုက်ကွက်ကြီးဖြင့် ပိုင်ရှောင်ချန်း တိုက်ခိုက်ခဲ့သည့် အချိန်မှာပင် သူ့မျက်လုံးများပွင့်မလာပေ။ ကုန်းစွန်းရီ၏ ခန္ဓာကိုယ်ထဲတွင် စွမ်းအင်များစုစည်းနေသည်။ ဤပုံစံအရဆိုလျှင် သူသာ မျက်လုံးများဖွင့်လိုက်ပါက သူ၏တစ်ဘဝလုံးတွင် ယခုချိန်အထိ မရောက်ဖူးသေးသည့် စွမ်းအားအဆင့်ထိ တိုးတက်သွားမည်ဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ သူ့ကို အကြမ်းဖျင်း အကဲခတ်လိုက်သောအခါ တစ်စုံတစ်ခုထူးဆန်းနေပြီဖြစ်ကြောင်း ရိပ်မိလိုက်သည်။ ထို့နောက် သူက အခြားဘက်သို့ လှည့်ကာ သူ၏နောက်တွင်ရှိနေသည့် ဒုတိယလူဖြစ်သော ချင်းမေ့ယွမ်ကို ကြည့်လိုက်လေသည်။
ချင်းမေ့ယွမ်မှာ မျက်မှောက်ကြုတ်ကာ သူ့ကိုပြန်ကြည့်လိုက်သည်။ သူမသည် သူ့ကို မှတ်မိသလား၊ မမှတ်မိသလား မသိသေးသော်လည်း ထိုသို့တွေးလိုက်မိသောအခါ သူ အလွန်စိုးထိတ်သွားရသည်။ သို့သော် သူက ထိုခံစားချက်များကို မျက်နှာပေါ်တွင် ထုတ်မပြပေ။ ယခင်အတိုင်း အေးစက်စက်ပုံစံဖမ်းကာ သူက တည်ကြည်စွာပြောလိုက်လေသည်။
" မင်းက ငါ့ကို တချိန်လုံး မတိုက်ခိုက်ဘူးပဲ။ အဲဒါကြောင့် ငါ မင်းကို ပြဿနာမရှာတော့ပါဘူး။ မင်းထွက်သွားတော့ "
သူ၏လေသံတွင် မာနကြီးေနဟန်များ အထင်းသား ပေါ်လွင်နေပြီး သူက ထိုသို့ပြောပြီးနောက် အခြားဘက်သို့ လှည့်ကာ ကုန်းစွန်းရီဆီသို့ ဦးတည်သွားတော့သည်။ သို့သော် သူသည် လျှို့ဝှက်စွာဖြင့် ချင်းမေ့ယွမ်၏ အပြုအမူကို အကဲခတ်နေဆဲပင်။
ကုန်းစွန်းရီ၏မျက်ခံများက တဆတ်ဆတ် တုန်ရီသွားတော့သည်။ သူသည် ပိုင်ရှောင်ချန်းထံမှ ထွက်ပေါ်နေသည့် ဖိအားကို အသုံးချကာ သူ၏တိုက်ခိုက်လိုစိတ်ကို ပို၍ပြင်းထန်အောင် လုပ်နေသည်။
ပိုင်ရှောင်ချန်းမှာ ကုန်းစွန်းရီနှင့် မီတာသုံးရာအကွာသို့ ရောက်ရှိသွားသောအခါ ချင်းမေ့ယွမ်၏ မျက်ဝန်းများမှာ အရောင်လက်သွားပြီး ရုတ်တရက် သူမ၏ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်လေသည်။ သူမ၏ ဘေးပတ်ပတ်လည်တွင် နှင်းပွင့်များ ပေါ်ပေါက်လာပြီး ဝဲဂယက်ထကာ အတူတကွပေါင်းစည်းသွားပြီး ရေခဲမှန်တစ်ချပ်အသွင်ပြောင်းသွားသောအခါ သူမသည် ၎င်းကို ပိုင်ရှောင်ချန်းဆီသို့ ချိန်လိုက်တော့သည်။
ပိုင်ရှောင်ချန်းမှာ အမူအရာပြောင်းလဲသွားပြီး ချက်ချင်းပင် နောက်သို့ဆုတ်လိုက်သည်။ သူထိုသို့ဆုတ်လိုက်သောအခါ ရေခဲမှန်မှ အလင်းရောင်များမှာ သူစောစောက ရှိနေခဲ့သည့် နေရာပေါ်သို့ ကျဆင်းသွားသည်။ ထိုအခါ အက်ကွဲသံများပေါ်ထွက်လာပြီး ထိုနေရာမှာ ရေခဲအသွင်ပြောင်းလဲသွားတော့သည်။
တချိန်ထဲမှာပင် အေးစိမ့်ချီများက နေရာအနှံ့တွင် ဝဲဂယက်ထနေတော့သည်။ ထိုအေးစိမ့်ချီများမှာ သူ၏အေးစိမ့်နယ်မြေကို သူထိန်းချုပ်၍ မရနိုင်သည့် အပြင်ဘက်သို့ ခုန်ထွက်လာအောင် လှုံ့ဆော်နေသည်ကို သိလိုက်သဖြင့် ပိုင်ရှောင်ချန်းမှာ တုန်လှုပ်သွားရသည်။ ကံကောင်းသည်မှာ သူတစ်ချက်တွေးလိုက်ရုံဖြင့် သူ၏ ကျင့်ကြံခြင်းအခြေခံမှာ လည်ပတ်သွားပြီး ထိုအေးစိမ့်နယ်မြေကို ချုပ်တည်းနိုင်လိုက်သည်။ ထို့နောက် သူက စိတ်နှလုံးထဲတွင် ခံစားချက်ပေါင်းစုံ ရောယှက်နေသော်လည်း ဒေါသများတောက်လောင်နေသည့် မျက်ဝန်းများဖြင့် ချင်းမေ့ယွမ်ကို ကြည့်လိုက်တော့သည်။
" မင်းကိုယ်မင်း ဘာလုပ်နေလဲဆိုတာကို သိလား "
သူက အော်ပြောလိုက်သည်။ ချင်းမေ့ယွမ်ကမူ သူ့ကိုလျစ်လျူရှုကာ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး လက်ညှိုးထိုးလိုက်သောအခါ ရေခဲများမှာ စောစောက အခြေအနေ၏ ပြောင်းပြန်သို့ရောက်သွားတော့သည်။ ယခုတွင် ၎င်းတို့မှာ မီးပင်လယ်တစ်ခု ဖြစ်သွားပြီဖြစ်သည်။ထိုမီးတောက်များမှာ ပိုင်ရှောင်ချန်းကိုဝါးမျိုတော့မည့်အလား ချက်ချင်းပင် သူ့အပေါ်သို့ ကျဆင်းလာတော့သည်။ သူ၏ အမြင်တွင်မူ ဤတိုက်ကွက်မှာ သူ့ထံတွင် အေးစိမ့်နယ်မြေတစ်ခု၏ စွမ်းအားရှိ၊မရှိကို စစ်ဆေးရန်သာ ဖြစ်ကြောင်း သိလိုက်သည်။
ထိုမီးတောက်များမှာ ကျင့်ကြံသူတစ်ယောက်၏ မသိစိတ်ကို အလိုအလျောက် တုံ့ပြန်လာစေရန် ဖန်တီးထားခြင်း ဖြစ်သည်။ အေးစိမ့်ချီကို အချိန်ကြာမြင့်စွာကျင့်ကြံထားသူတစ်ယောက်က မထင်မှတ်ပဲ မီးအမျိုးအစား စွမ်းအားတစ်ခုနှင့် ကြုံတွေ့လိုက်ရပါက အားနည်းချက်အချို့ ထွက်ပေါ်လာမည်မှာ ဧကန်ပင်။
ပိုင်ရှောင်ချန်း၏ နဖူးပေါ်တွင် ချွေးသီးများထွက်လာတော့သည်။ ဤတိုက်ကွက်၏ ရည်ရွယ်ချက်မှာ သိသာလွန်းနေပြီး အကယ်၍ ဤအတိုင်းသာ ဆက်ဖြစ်နေပါက သူက လျှို့ဝှက်ချက် တစ်စုံတစ်ရာကို ဖော်မိသွားမည်ဖြစ်ကြောင်း ရိပ်မိလိုက်သည်။ ဤကိစ္စအကြောင်းကို ယခုတွင် တွေးတောနေရန် အချိန်မရှိတော့သဖြင့် သူသည် လှစ်ခနဲ လှုပ်ရှားလိုက်ပြီး ချင်းမေ့ယွမ်၏ ရှေ့တည့်တည့်သို့ ရောက်သွားတော့သည်။
" မင်းသေချင်နေတာလား "
သူက ရက်စက်တင်းမာနေသည့် မျက်နှာထားဖြင့် အော်ဟစ်လိုက်သည်။ ထို့နောက် သူသည် လက်သီးချက်တစ်ခုကို ထုတ်လွှတ်လိုက်သဖြင့် ထစ်ချုန်းသံများ ထွက်ပေါ်လာတော့သည်။ သို့သော် သူမသည် မရှောင်တိမ်းပဲ နားလည်ရခက်သော မျက်နှာအမူအရာဖြင့် မလှုပ်မယှက်ရပ်ကာ ပိုင်ရှောင်ချန်း၏ မျက်ဝန်းထဲသို့ စိုက်ကြည့်လိုက်ပြီး သူ၏လက်သီးချက်ကိုခံရန် စောင့်ဆိုင်းနေလိုက်တော့သည်။
ပိုင်ရှောင်ချန်းမှာ မျက်လုံးပြူးသွားရသည်။ အကယ်၍ သူ၏လက်သီးချက်သာ သူမကိုထိသွားပြီး သူမသာ မခုခံပါက သူမ အသက်မသေလျှင်တောင် အပြင်းအထန် ဒဏ်ရာရသွားမည်မှာ ဧကန်ပင်။ သူက မည်သို့မျှ ဆက်မတွေးနိုင်တော့ပဲ လက်သီးချက်ကို ရပ်တန့်လိုက်တော့သည်။ ထိုအချိန်တွင်မူ ချင်းမေ့ယွမ်၏ မျက်ဝန်းထဲတွင် ခပ်ရေးရေး အပြုံးတစ်စကို မြင်လိုက်ရပြီး ပိုင်ရှောင်ချန်းမှာ သူအရူးလုပ်ခံလိုက်ရပြီဖြစ်ကြောင်း သိသွားတော့သည်။ ချင်းမေ့ယွမ်မှာ သူမကိုယ်သူမ ငါးစာတစ်ခုအဖြစ် အသုံးချကာ စွန့်စားခဲ့သည်။
" ဉာဏ်နီဉာဏ်နက် တော်တော်များလှပါလား "
သူက အော်ငိုပစ်လိုက်ချင်ပါသော်လည်း မျက်ရည်ကားထွက်ကျမလာပေ။ “ ကလေးကျမှ လှေကားထောင် “ ဆိုသည့် စကားပုံကဲ့သို့ဖြစ်နေပြီ မဟုတ်ပါလော။ သူက သူမကို လက်သီးဖြင့်မထိုးလိုက်သော်လည်း လက်ဝါးဖြင့်ရိုက်လိုက်ပြီး သူမကို ချုပ်နှောင်လိုက်လေသည်။ သူမမှာ စကားတစ်ခွန်းမှမပြောနိုင်ခင်တွင် သူက သူမကို ဖမ်းယူကာ သူ၏အိတ်ထဲသို့ ပစ်ထည့်လိုက်တော့သည်။ သူမ၏ မျက်နှာပေါ်ရှိ အမူအရာကို မမြင်ချင်၍ သူကအကြည့်လွှဲထားလိုက်တော့သည်။
" အဲဒါ ဘာအထာတုံး "
သူက တွေးနေတော့သည်။ ယခုတွင်မူ ချင်းမေ့ယွမ်မှာ သူ မည်သူဖြစ်ကြောင်း သိသွားပြီဟု ပိုင်ရှောင်ချန်းက တွေးလိုက်တော့သည်။ သို့သော် မည်သည့်နည်းနှင့် သူမစ၍ ရိပ်မိသွားခဲ့သည်ကို သူကလုံးဝမတွေးနိုင်လောက်အောင် ဖြစ်နေရတော့သည်။ သူ၏ရုပ်ဖျက်ထားမှုမှာ ပီပြင်လွန်းနေသည် မဟုတ်ပါလော။
သူက မျက်နှာချင်းဆိုင်၍ မေးလိုက်ချင်ပါသော်လည်း ယခုတွင်မူ အခြားလျှို့ဝှက်ချက်များ ထပ်ပေါ်သွားမည်စိုးဖြင့် သူမကို မျက်နှာချင်းမဆိုင်ရဲသေးပေ။
သူက သက်ပြင်းချကာ ခေါင်းခါလိုက်ပြီး နောက်ဆုံးကျန်ရှိနေသည့်လူဖြစ်သော ကုန်းစွန်းရီကို လှမ်းကြည့်လိုက်သည်။ ထိုအခါ ကုန်းစွန်းရီ၏ မျက်ခွံများမှာ ယခင်ကထက်ပင် ပို၍ကဗျာဆန်စွာ တုန်ရီသွားတော့သည်။
" ကဲ၊ ပျော်ဖို့ကောင်းမဲ့ပုံပဲ "
ပိုင်ရှောင်ချန်းက တွေးလိုက်သည်။
" သူက ငါ့ဆီက ဖိအားကို ဓားသွေးကျောက်တစ်တုံးလို အသုံးချပြီး သူ့ရဲ့ တိုက်ခိုက်လိုစိတ်ကို အသွားထက်အောင် လုပ်နေတာပဲ။ ဒါပေမဲ့ ဘာထူးမှာမလို့လဲကွာ "
သူက နှာမှုတ်ကာ ချင်းမေ့ယွမ်မှာ သူ၏သရုပ်မှန်ကို သိသွားလောက်ပြီဆိုသော အချင်းအရာကြောင့် စိတ်ရှုတ်ထွေးစွာနှင့် ကုန်းစွန်းရီထံသို့ ပြေးသွားတော့သည်။
စောစောက ကုန်းစွန်းရီ ပစ်လွှတ်ခဲ့သည့် အချုပ်အနှောင် ပိုက်ကွန်ကြီးတစ်ခုကြောင့် သူပိတ်မိခဲ့ရကာ များစွာသော လက်ရွေးစင်များက သူ့အား နတ်ဘုရားစွမ်းရည်များဖြင့် တိုက်ခိုက်ခဲ့သည်ကို သူက ကောင်းကောင်းကြီး မှတ်မိနေသည်။ ထိုအန္တရာယ်ကြီးမားလှသည့် အချိန်ကြီးကို ပြန်တွေးမိလိုက်တိုင်း ပိုင်ရှောင်ချန်းမှာ မခံမရပ်နိုင် ဖြစ်လာရသည်။
သူသည် မီတာသုံးဆယ်အကွာခန့် ရောက်လာသောအခါ ကုန်းစွန်းရီ၏ မျက်လုံးများမှာ ဖျတ်ခနဲ ပွင့်လာပြီး နေမင်းနှစ်စင်းကဲ့သို့ အလင်းရောင်များ ပေါ်ထွက်လာတော့သည်။ ယခုတွင် သူ၏တိုက်ခိုက်လိုစိတ်မှာ ထိပ်ဆုံးသို့ရောက်နေပြီဖြစ်ပြီး သူသည် လျင်မြန်စွာဖြင့် ရှေ့သို့ပြေးထွက်လာတော့သည်။
" ပိုင်ဟောက် "
သူက အော်ဟစ်ကာ ချက်ချင်းပင် မှော်သင်္ကေတ တစ်သိန်းတိတိ ဆင့်ခေါ်လိုက်ပြီး သူ၏ဘေးတွင် ပျံဝဲစေလိုက်လေသည်။ ၎င်းတို့ဆီမှ ရွှေရောင်အလင်းတန်းများက နေရာတိုင်းသို့ ဖြန့်ကြက်နေသဖြင့် သူက ရွှေရောင်လေဆင်နှာမောင်းတစ်ခု၏ ဝန်းရံခြင်းကို ခံထားရသည့်ပုံ ပေါ်နေတော့သည်။
လေထုထဲတွင် ထစ်ချုန်းသံများ ပေါ်ထွက်လာပြီး မျက်စိကျိန်းမတတ် အလင်းတန်းများမှာ အရပ်မျက်နှာအားလုံးသို့ ဖြာထွက်လာသည်။ ထိုရွှေရောင်အလင်းတန်းအောက်တွင် ပိုင်ရှောင်ချန်းမှာမူ အချိန်မရွေး ကြေမွသွားနိုင်သည့် အလေ့ကျပေါက်ပင်၏ ပန်းတစ်ပွင့်အလား တူနေတော့သည်။ ထိုမှော်သင်္ကေတများမှာ စူးရှချွန်ထက်နေသည့် ဓားသွားများအဖြစ် လျင်မြန်စွာပြောင်းလဲသွားပြီး လေကိုခွင်းကာ သူ့ထံသို့ ပျံသန်းလာတော့သည်။