လောဘတကြီး ယုတ်ညံ့အတွေးများ
Vol. 192 Ch. 2868
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်မှာ။
ဘုရင်အေးစက်မျက်လုံးက ဘာ့ကြောင့် ရုတ်တရက်အူမြူအားရစွာရယ်မောလာသလဲ သက်ရှိများက နားလည်သဘောပေါက်လာကြသည်။
ရှယင်က သေဆုံးသွားသော်လည်း သူသည် နောက်ထပ်နည်းလမ်းတစ်ခုဖြင့် ဓားကမ္ဘာမှ ဆူကျူးကိုပါ တမလွန်ဘုံသို့ အပါဆွဲခေါ်သွားခဲ့သည်။
ဤလုပ်ရပ်သည် သူ့အသက်ကို ရင်းပြီး ဆူဇီမို၏ အသက်နှင့် အလဲအထပ်လုပ်ခဲ့သည်နှင့် တူညီသလောက်နီးပါးပင်။
ဘုရင်အေးစက်မျက်လုံးက လုယွင်ကိုကြည့်ပြီး အံကိုကြိတ်ကာ မုန်းတီးစွာပြောလိုက်၏။
“လုယွင်… ငါတို့ရှယင်က တကယ်ပဲသေသွားပြီ… မင်းတို့ဓားကမ္ဘာကဆူကျူးကလည်း သိပ်သိပ်ကြာကြာတောင့်ခံနိုင်မှာ မဟုတ်ဘူး… ရှယင်က သူ့ကို အဝါရောင်စိမ့်စမ်းလမ်းကနေ စောင့်နေလိမ့်မယ်”
ဓားကမ္ဘာမှ လူတိုင်း၏ အမူအရာက ပျက်ယွင်းသွားကြသည်။
ရှယင်၏ ရွှေ့ကွက်က တကယ့်ကို မကောင်းဆိုးဝါးဆန်နေသည်။
အင်မော်တယ်ဘုရင်မယိုလန်က ခဏမျှစဉ်းစားတွေးတောပြီး ပြောလိုက်သည်။
“ငါတော့ အဲလိုမထင်ဘူး… တာအိုရောင်းရင်းဆူကျူးက အခုတင် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုရဲ့ ဆေးကြောသန့်စင်မှုကို ခံယူထားတာ သူက သူ့ရဲ့ အထွတ်အထိပ်အခြေအနေကို ပြန်ရောက်နေပြီ.. သူ့ရဲ့ အမြုတေစိတ်ဝိညာဉ်က နောက်ထပ် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားနှစ်ခု အင်မော်တယ်နှိမ်နင်းဓားနဲ့ အနန္တယင်ယန်ကို ထုတ်ဖော်ဖို့ ထောက်ပံ့ပေးနိုင်လောက်တယ်”
“ဒီလိုအခြေအနေမှာ ဘယ်သူက ရှေ့ကိုတက်လာရဲမှာလဲ”
“ဟားဟားဟားဟား…”
ဘုရင်အေးစက်မျက်လုံးက နော်တစ်ဖန်ရယ်မောပြီး သူ၏ လက်ညှိုးကို ဆန့်ထုတ်လိုက်၏။ သူက အင်မော်တယ်ဘုရင်မယိုလန်ကို အလွန်တရာ အထင်သေးစွာကြည့်ပြီး သူ၏ လက်ညှိုးကို ခါယမ်းလိုက်၏။
“အို… ကျွတ်..ကျွတ်… မင်းက တော်တော်ကို ရိုးအနေသေးတာပဲ”
“ဆူကျူးက အနှိုင်းမဲ့နတ်ဘုရားစွမ်းအားနှစ်ခုကို ထုတ်ဖော်နိုင်တယ်ဆိုတော့ရော ဘာဖြစ်သလဲ… သူက အန္တိမပကတိစိတ်ဝိညာဉ်ဘယ်လောက်များများကို ခုခံနိုင်မှာလဲ… တစ်ယောက်လား.. နှစ်ယောက်လား ဒါမှမဟုတ် သုံးယောက်လား”
ဘုရင်အေးစက်မျက်လုံး၏ အကဲဖြတ်မှုက မမှားယွင်းသည်ကို သိရှိသွားပြီး ဘုရင်များက ခေါင်းညိတ်လိုက်ကြ၏။
ဆူဇီမို၏ တိုက်ခိုက်ရည်ခွန်အားသည် ယခုအချိန်မှာ အန္တိမပကတိစိတ်ဝိညာဉ်များကြားတွင် နံပါတ်တစ်မှာရှိနေဆဲ ဖြစ်နိုင်သည်။ သို့သော်လည်း သူ၏ အန္တရာယ်သည် သူ၏ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားကို ဆုံးရှုံးသွားရခြင်းကနေလာပြီး သူသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကနေ ချက်ချင်းမဆုတ်ခွာနိုင်ပေ။
သူသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားနှစ်ခုကို ထုတ်ဖော်နိုင်သည်ဆိုလျှင်တောင် အန္တိမပကတိစိတ်ဝိညာဉ်ပညာရှင်နှစ်ဦး ရှေ့သို့ ထွက်လာသည်နှင့်အမျှ သူတို့က အဲဒါကို အလွယ်တကူ ခုခံနိုင်ပေလိမ့်မည်။
ဘုရင်အေးစက်မျက်လုံးက ဆက်ပြောလိုက်၏။
“ဆူကျူးက ပကတိဧကနယ်ပယ်မှာ အသန်မာဆုံးဆိုတာ ငါဝန်ခံတယ်… ဒါပေမဲ့ သူက အန္တိမပကတိစိတ်ဝိညာဉ်ဘယ်လောက်များများကို ခုခံနိုင်မှာလဲ”
“အဲဒီအန္တိမပကတိစိတ်ဝိညာဉ်တစ်ရာကျော်ကျော်ထဲက ဆယ်ယောက်လောက် ရှေ့ကိုထွက်လာတာနဲ့… အို အဲလောက်လည်း မလိုပါဘူး.. ငါးယောက်လောက်ရှေ့ကို ထွက်လာတာနဲ့တင် ဆူကျူးက သေချာပေါက် သေရလိမ့်မယ်”
လုယွင်က နှုတ်ဆိတ်နေသော်လည်း သူ၏ မျက်နှာက အနည်းငယ်ဖြူဖျော့နေ၏။
အခြေအနေက သူတွေးထင်ထားသည်ထက် ကျော်လွန်လာခဲ့သည်။
ဓားကမ္ဘာမှ ဧကရာဇ်များကို ဆင့်ခေါ်မည်ဆိုလျှင်တောင် သူတို့က ကူညီပေးနိုင်လိမ့်မည်မဟုတ်ပေ။ တောင်ထွတ်သခင်တချို့ကလည်း အကူအညီများစွာ မပေးနိုင်ပေ။
ထိုအခိုက်အတန့်မှာ မန်တောင်ထွတ်၏ ဘေးပတ်လည်တွင် စုဝေးရောက်ရှိနေသော အန္တိမပကတိစိတ်ဝိညာဉ်တစ်ရာကျော်နှင့် မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးက ငမ်းငမ်းတက်မျက်လုံးများဖြင့် စောင့်ကြည့်နေကြသည်။
ကြီးမားသည့်တိုက်ပွဲတစ်ခုဖြစ်ပွားလာသည်နှင့် ဆူဇီမိုကို တိုက်ခိုက်မည့် အန္တိမပကတိစိတ်ဝိညာဉ်ဆယ်ယောက်ကျော်က သေချာပေါက် ထွက်လာပေလိမ့်မည်။
ဆူဇီမို၏ တာအိုသစ်သီးမှာ လောကကို ကိုင်လှုပ်နိုင်သော ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်အပါအဝင် အနှိုင်းမဲ့ နတ်ဘုရားစွမ်းအားငါးခုပါဝင်နေသည်။ ဘယ်သူက အဲဒါကို လောဘမတက်ဘဲနေမှာလဲ။
သူက အင်မော်တယ်နှိမ်နင်းဓားနှင့် အနန္တယင်ယန်ကို ထုတ်ဖော်နိုင်သည်ဆိုတော့ရော ဘာဖြစ်သလဲ။
အန္တိမပကတိစိတ်ဝိညာဉ်ငါးဦး၊ ဆယ်ဦး သို့မဟုတ် ထိုထက်ပိုများသောသူများက တစ်ချိန်တည်းမှာ တိုက်ခိုက်လာသည်နှင့် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများက ဆယ်ခုကျော်ထိ ပေါ်ထွက်လာပေလိမ့်မည်။ ဆူဇီမိုမှာ ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်နှင့် အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာခန္ဓာရှိထားသည်ဆိုလျှင်တောင် သူသည် အလောင်းပင်မကျန်သည့်အထိ ရိုက်နှက်ခံရလိမ့်မည်ဖြစ်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကလည်း ဖျက်ဆီးခံရပေလိမ့်မည်။
အင်မော်တယ်ဘုရားများပင် ဤကဲ့သို့ ကြီးမားသည့် အင်အားအစုအဖွဲ့ကို ရှောင်လွှဲရပေလိမ့်မည်။
သို့သော်လည်း ဆူဇီမိုမှာ သူတို့အားလုံးကို ရှောင်လွှဲစရာနည်းလမ်းမရှိပေ။
“ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်က ရှယင်က တော်တော်ရွံစရာကောင်းတာပဲ”
ယုလန်က ကျိန်ဆဲလိုက်သည်။
“ရွံစရာကောင်းတယ်… ဟုတ်လား”
ဘုရင်အေးစက်မျက်လုံးက လှောင်ရယ်လိုက်၏။
“ငါအဲဒါကို အရင်က ပြောခဲ့သားပဲ… ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ရဲ့ ကလန်သားတစ်ယောက်ကို သတ်ဖြတ်တဲ့ဘယ်သူမဆို တန်ဖိုးတစ်ခု သေချာပေါက် ပေးဆပ်ရလိမ့်မယ်… ဒါက ဆူကျူးကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းပဲ… သူတို့တွေက ဘယ်သူပဲဖြစ်ဖြစ် နောက်ဆက်တွဲရလဒ်တွေကို ခံယူရလိမ့်မယ်”
ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ပကတိစိတ်ဝိညာဉ်ပညာရှင်များစွာကလည်း ဘုရင်များ တွေ့မြင်ခဲ့သည့်အရာကို ပြောနိုင်ကြလေသည်။
“ဆူကျူးက သူ့ရဲ့ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားကို ဆုံးရှုံးသွားပြီ”
“သူ့မှာ ထွက်လမ်းမရှိတော့ဘူး”
“အနှိုင်းမဲ့နတ်ဘုရားစွမ်းအားငါးခုပါတဲ့ တာအိုသစ်သီးတစ်လုံး… စိတ်ဝင်စားစရာပဲ”
လူအုပ်ကြားထဲမှာ တိုးတိုးတိတ်တိတ် ပြောဆိုသံများက ဆက်တိုက်ထွက်ပေါ်လာသည်။
စောစောက တိုက်ပွဲသည် မည်သို့ပင်ဆိုစေ တုန်လှုပ်စရာကောင်းလွန်းပြီး လက်ရှိ ပကတိစိတ်ဝိညာဉ်ပညာရှင်များစွာက ဆူဇီမိုကို စိုးရိမ်ပူပန်နေကြဆဲဖြစ်သည်။
ယက္ခတစ္ဆေစိတ်ဝိညာဉ်က သွေးဆာရက်စက်သောအကြည့်ဖြင့် ဆူဇီမိုကို ကြည့်ပြီး သူ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။
မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးကြားမှာ သူတစ်ယောက်တည်းသာလျှင်မဟုတ်ဘဲ သတ်ဖြတ်လိုစိတ်ထွက်ပေါ်လာသော ဆိုးယုတ်မိစ္ဆာတချို့လည်း ရှိနေသည်။
ဖျင်ကြမ်းအင်္ကျီဝတ်ဓားကျင့်ကြံသူ လောကျွင်းက ထိုမြင်ကွင်းကို အာရုံခံမိသောအခါ သူက ရင်တစ်ချက်ထိတ်သွားပြီး တည်တံ့သောအမူအရာဖြင့် ပြောလိုက်၏။
“အားလုံးပဲ… သူ့ကို ရန်မရှာကြဖို့ မင်းတို့တွေကို ငါအကြံပေးလိုက်မယ်”
“ဟားဟား”
နီရဲနေသော မျက်လုံးများနှင့် အမျိုးသားတစ်ဦးက ရယ်မောပြီး မေးလိုက်၏။
“မင်းက သူနဲ့ဘာများပတ်သက်နေလို့လဲ”
မန်တောင်ထွတ်အထက်မှာ ဆူဇီမိုက တည်ငြိမ်သောအမူအရာဖြင့် လေထဲမှာ မတ်တတ်ရပ်နေသည်။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားက ရှယင်၏ အငြိုးကြီးစိတ်ဝိညာဉ်နှင့်အတူ တမလွန်ဘုံသို့ ကျဆင်းသွားလောက်ပြီဖြစ်ပြီး အဲဒါကို ပြန်လည်မရယူနိုင်တော့ပေ။
သူက ဤကိစ္စကို သတိထားမိနေခဲ့ပြီးသားဖြစ်သည်။ သို့သော်လည်း သူက ဂရုစိုက်မနေပေ။
သူက တံဆိပ်ပြားကို ဆုံးရှုံးသွားမည်ဆိုလျှင် သူသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ ပြန်လည်ရောက်ရှိလာပြီးနောက် နောက်ထပ်တံဆိပ်ပြားတစ်ခုကို ပြန်လည်းရယူရုံသာဖြစ်သည်။ အဲဒါက သူ့အပေါ်မှာ သက်ရောက်မှုများစွာမရှိပေ။
သူသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကနေ ထွက်ခွာလိုသည်ဆိုလျှင် သူက အာကာသဆုံမှတ်တစ်ခုကို ရှာဖွေနိုင်သည်။
သို့သော်လည်း ဘေးပတ်ဝန်းကျင် လေထုက ရုတ်တရက်ထူးဆန်းလာခဲ့၏။
အစက စုဝေးရောက်ရှိသော အန္တိမပကတိစိတ်ဝိညာဉ်များစွာသည် အဆုံးမဲ့တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုတို့ဖြင့် သူ့ကို ကြည့်နေခဲ့ကြသည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ပကတိစိတ်ဝိညာဉ်များစွာ၏ သူ့အပေါ်ကြည့်ရှုပုံက တဖြည်းဖြည်းပြောင်းလဲသွားပြီး လောဘရမ္မက်နှင့် ရန်လိုစိတ်တို့က ထွက်ပေါ်လာသည်။
ဆူဇီမိုက သူတို့၏ အတွေးများကို ချက်ချင်းခန့်မှန်းမိလိုက်သည်။
ဤလူများသည် အသက်ရှင်ရတာကို တကယ်ပင် ငြီးငွေ့နေသည့်ပုံပင်။
ဆူဇီမို၏ အမူအရာက အေးစက်လာခဲ့သည်။
မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးထဲမှ တချို့မှာ မကောင်းသော အတွေးအကြံများရှိနေသော်လည်း သူတို့သည် အန္တိမပကတိစိတ်ဝိညာဉ်တစ်ရာကျော်လောက် မဆင်မခြင်မပြုမူရဲကြပေ။
ထိုအခိုက်အတန့်မှာ သူတို့က အရင်စတင်ချဉ်းကပ်လိုက်မည်ဆိုလျှင် သူတို့သည် လူတိုင်း၏ အလွယ်တကူပစ်မှတ်ထားခြင်းခံရပေလိမ့်မည်။
ရုန်းရင်းဆန်ခတ်အခြေအနေဖြစ်လာမည်ဆိုလျှင် အခွင့်အလမ်းတစ်ခု ပေါ်ထွက်လာနိုင်သည်။
နတ်ဘုရားသားတော်မင်ဟွေ့၊ ကျောက်တုံးကမ္ဘာ၏ ရှစ်ပိုနှင့် သွေးကမ္ဘာ၏ ရွှယ်ဝမ်တို့ကတော့ သူတို့သည် အကြည့်ချင်းဖလှယ်ပြီး တိုက်ခိုက်ဖို့ကို ပြင်နေကြပြီဖြစ်သည်။
သူတို့သုံးဦးသည် ဆူဇီမိုနှင့် ဓားကမ္ဘာနှင့် အနည်းနှင့်အများဆိုသလို ရန်ငြိုးရန်စရှိထားပြီး အတူပူးပေါင်းထားကြပြီးသားဖြစ်သည်။
ဆူဇီမိုသည် အလွန်ဆုံး အနှိုင်းမဲ့နတ်ဘုရားစွမ်းအားနှစ်ခု အနန္တယင်ယန်နှင့် အင်မော်တယ်နှိမ်နင်းဓားကိုသာ ထုတ်ဖော်နိုင်မည်ဖြစ်သည်။ ဤသည်မှာ သူတို့သုံးယောက်အတွက် အကောင်းဆုံး အခွင့်အလမ်းဖြစ်သည်။
ဘေးပတ်ဝန်းကျင်မှာရှိသော အန္တိမပကတိစိတ်ဝိညာဉ်များက တွေဝေတုံ့ဆိုင်း၍ စိုးရိမ်ပူပန်နေကြဆဲဖြစ်သည်။
အခြားသူတိုင်းက စိတ်ပိုင်းဖြတ်ပြီး တုံ့ပြန်လာလျှင် သူတို့သည် ရုန်းရင်းဆန်ခတ်အခြေအနေတစ်ခုမှာ ကျဆင်းသွားသည်နှင့် ဆူဇီမို၏ တာအိုသစ်သီးက ဘယ်သူ့လက်ထဲရောက်သွားမလဲ မသေချာပေ။
“သတ်”
ထိုအတွေးဖြင့် သူတို့သုံးယောက်သည် သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များဖြင့် ဆက်သွယ်ပြီး ဦးတည်ဘက်သုံးခု ခွဲထုတ်လိုက်ကြ၏။ သူတို့က မာန်သွင်းအော်ဟစ်ပြီး ဆူဇီမိုထံသို့ ရန်လိုခက်ထန်သော အော်ရာတစ်ခုနှင့်အတူ ပြေးဝင်သွားကြသည်။
သူတို့သုံးယောက်သည် စကားပြောဖို့ကို လုံးဝအရေးလုပ်မနေပေ။ သူတို့သည် ဆူဇီမိုကို မည်သည့်အသက်ရှူခွင့်မှ မပေးလိုပေ။
သူတို့သုံးယောက်သည် မည်သည့်ထိန်ချန်မှုမှ မရှိဘဲ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားသုံးခုကို ထုတ်ဖော်ပြီး သူ့ကို ဖိနှိမ်ဖို့ ပြင်လိုက်ကြသည်။
သူတို့သည် တာအိုသစ်သီးကို ရရှိနိုင်သည်နှင့် သူတို့သည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကနေ ချက်ချင်းထွက်ခွာကြပေလိမ့်မည်။
“ရှစ်ပို… နင်ဘယ်လိုတောင် အတင့်ရဲတာလဲ”
လင်းရွှင်ကျန်းက ကျောက်တုံးကမ္ဘာဘက်ကို အာရုံစိုက်နေခဲ့ပြီးသားဖြစ်သည်။ သူမက ရှစ်ပိုလှုပ်ရှားလာသည်ကို တွေ့မြင်သောအခါ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ တိုက်ခိုက်လိုက်၏။
အေးစက်၍ ထက်ရှသော ဓားအလင်းတစ်ခုက လေဟာနယ်ကို ဆုတ်ဖြဲပြီး ရှစ်ပို၏ လမ်းကြောင်းကို ပိတ်ဆို့တားဆီးကာ သူ၏ လမ်းကြောင်းကို ချက်ချင်းပင် ဖြတ်တောက်လိုက်လေသည်။
“ချီးပဲ… ခွေးမ”
ရှစ်ပိုက ဒေါသထွက်သွားပြီး ကျိန်ဆဲလိုက်သည်။
သူသည် လင်းရွှင်ကျန်းကို ကြောက်ရွံ့မနေပေ။
သို့သော်လည်း သူက ဤနေရာမှာ လင်းရွှင်ကျန်းနှင့်အတူ ကြန့်ကြာနေမည်ဆိုလျှင် သူသည် ဆူကျူး၏ တာအိုသစ်သီးကို ရရှိနိုင်တော့မည်မဟုတ်ပေ။
ရှစ်ပိုက သူ့လက်ထဲရှိ ဧရာမပုဆိန်ကို ကိုင်မြှောက်ပြီး သူ၏ သွေးချီကို လှည့်ပတ်ကာ သူ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်ရင်း ဟိန်းဟောက်လိုက်၏။
“ထွက်သွားစမ်း”
လင်းရွှင်ကျန်း၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေပြီး သူမ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်လိုက်၏။ သူမက လက်တစ်ဖက်ဖြင့် ဓားတစ်လက်ကို ကိုင်ထားပြီး အခြားလက်တစ်ဖက်ဖြင့် လက်ဟန်ချိပ်စည်းများကို ဆင့်ခေါ်ကာ သူမရှေ့မှာ သွေးသံရဲရဲဓားတစ်လက်ကို စုဖွဲ့လိုက်၏။
သူမ၏ သတ်ဖြတ်လိုစိတ်က ကောင်းကင်ထက်သို့ တလိပ်လိပ်ထိုးတက်သွားပြီး မိုးကောင်းကင်ကိုပင် ဟန့်တားနှောက်ယှက်လိုက်သည်။
အနှိုင်းမဲ့နတ်ဘုရား အင်မော်တယ်နှိမ်နင်းဓား။