← Chapters

ငါ မင်းကို ထပ်ပြီး ပို့ပေးမယ်

Vol. 192 Ch. 2871

ငါ မင်းကို ထပ်ပြီး ပို့ပေးမယ်

Vol. 192 Ch. 2871

နတ်ဘုရားသားတော် မင်ဟွေ့သည် ဒဏ်ရာအပြင်းအထန်စွာ ရရှိထားပြီး သွေးများစွာကို ထွေးထုတ်နေရသော်လည်း သူ့မှာ အူမြူးအားရသော အမူအရာတစ်ခု ရှိနေဆဲဖြစ်သည်။ သူက ထွက်ပြေးနေစဉ် လှမ်းပြီး ရန်စဖို့ကို မမေ့ခဲ့ပေ။

ဆူဇီမိုက လှောင်ရယ်လိုက်သည်။

နတ်ဘုရားသားတော် မင်ဟွေ့၏ လှုပ်ရှားမှုနည်းစနစ်က မြန်ဆန်သော်လည်း သူ၏ လိုက်လံဖမ်းဆီးမှုကနေ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

သူက ဖီးနစ်တောင်ပံများကို ထုတ်ဖော်လိုက်သည်နှင့် အသက်ရှူချိန်အနည်းငယ်အတွင်း လိုက်မီနိုင်သည်။

ဖျတ်ခနဲဆို ဆူဇီမိုက လျှို့ဝှက်အတတ်တစ်ခုကို လှည့်ပတ်ကာ ဖီးနစ်တောင်ပံများကို စုဖွဲ့တော့မည့်ဆဲဆဲမှာပင် သူက ရုတ်တရက် လူတစ်ယောက်ကို တွေ့မြင်လိုက်ရသည်။ သူက သူ၏ လျှို့ဝှက်အတတ်ကို အလိုလိုရပ်တန့်ပြီး ပုံမှန်အတိုင်းသာ နောက်ကနေ ပြေးလိုက်သွားသည်။

နတ်ဘုရားသားတော် မင်ဟွေ့သည်လည်း ပြေးလွှားနေစဉ် ဤလူကို တွေ့မြင်လိုက်သည်။

တာအိုပညာရှင်၊ သီလရှင်တစ်ဦးက သူ့ရှေ့ကနေ လျှောက်လှမ်းလာနေသည်။ သူမ၏ အင်္ကျီလက်စက တဖျပ်ဖျပ်လွင့်နေပြီး သူမက သာလွန်ထူးခြားသည့်ပုံပေါ်နေသည်။ သို့သော်လည်း သူမသည် ကျောထက်မှာ ဧရာမ စစ်တုရင်ခုံတစ်လုံးကို သယ်ပိုးထားပြီး အတော်လေး ထူးဆန်းသည့်ပုံပေါ်နေသည်။

နတ်ဘုရားသားတော် မင်ဟွေ့၏ မျက်လုံးများက ဝင်းလက်သွားသည်။

ကောင်းကင်ဘုံကမ္ဘာက စစ်တုရင်အင်မော်တယ် ကျွင်းယု…

သည့်ယခင်က သူသည် ဆူကျူးကို သတ်ဖြတ်ရန် စစ်တုရင်အင်မော်တယ်ကျွင်းယုကို အသုံးချလိုခဲ့သည်။ ထို့ကြောင့်ပင် သူသည် ဒုံမင်းအင်မော်တယ်နှင့် ဓားအင်မော်တယ်ယွဲ့ဟွားတို့က ဆူဇီမို၏ လက်ထဲမှာ သေခဲ့ရသည့်သတင်းကို ဖြန့်ပေးခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ရှယင်က ဤနေရာမှာ ဆူဇီမိုနှင့် တိုက်ခိုက်ဖို့ စိန်ခေါ်ခဲ့သည့်အခါ ထိုသူက သေချာပေါက် သေရတော့မည်ဟု သူတွေးပြီး သူက ထိုကိစ္စကို ဘေးဖယ်ထားခဲ့လေသည်။

ယခု သူသည် စစ်တုရင်အင်မော်တယ်ကျွင်းယု လျှောက်လှမ်းလာသည်ကို ရုတ်တရက်တွေ့မြင်လိုက်ရပြီး အငှားဓားနှင့် လူသတ်လိုသော သူ၏ အကြံအစည်က သူ့စိတ်ထဲမှာ တစ်ဖန်ပြန်လည်ပေါ်ထွက်လာသည်။

“ကြည့်ရတာ စစ်တုရင်အင်မော်တယ် ကျွင်းယုက ဒုံမင်းအင်မော်တယ်နဲ့ ဓားအင်မော်တယ်ယွဲ့ဟွားတို့ ဆူကျူးရဲ့ လက်ထဲမှာ သေခဲ့ရတာကို သိသွားတဲ့ပုံပဲ”

နတ်ဘုရားသားတော် မင်ဟွေ့က အဲဒါနှင့်ပတ်သက်၍ ထပ်မံတွေးတောလိုက်၏။

“စစ်တုရင်အင်မော်တယ် ကျွင်းယုက ဆူကျူးရဲ့ တာအိုသစ်သီးအတွက် ဒီကိုရောက်လာတာလည်း ဖြစ်နိုင်တယ်”

ဆူဇီမိုက နတ်ဘုရားသားတော် မင်ဟွေ့နောက်သို့ ပြေးလိုက်လာနေသည်။ နတ်ဘုရားသားတော် မင်ဟွေ့သည် စစ်တုရင်အင်မော်တယ်ကျွင်းယု လျှောက်လှမ်းလာသည်ကို တွေ့မြင်သောအခါ စစ်တုရင်အင်မော်တယ်ကျွင်းယုသည် ဆူဇီမိုကို ကိုင်တွယ်ဖို့အတွက် ရောက်ရှိလာသည်ဟု သူက အလိုလိုတွေးထင်လိုက်သည်။

“တာအိုရောင်းရင်း ကျွင်းယု… ကျုပ် ခင်ဗျားအကြောင်း အများကြီး ကြားဖူးတယ်”

သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် နီးကပ်လာစဉ် နတ်ဘုရားသားတော် မင်ဟွေ့က သူမကို အရင်စတင်နှုတ်ဆက်ပြီး သူ့နောက်ဘက်ကို လက်ညှိုးထိုးပြလိုက်၏။

“အဲဒါက ကောင်းကင်ဘုံကမ္ဘာက ဒုံမင်းအင်မော်တယ်နဲ့ ဓားအင်မော်တယ်ယွဲ့ဟွားကို သတ်ဖြတ်ခဲ့တဲ့ လူဆိုးကောင်ပဲ… ကောင်းကင်ဘုံကမ္ဘာက တာအိုရောင်းရင်းနှစ်ယောက်အတွက် ခင်ဗျား လက်စားချေမှာကို ကူညီဖို့ ကျုပ်က ဒီကိုရောက်လာတာပဲ”

စစ်တုရင်အင်မော်တယ် ကျွင်းယုက လေကုန်ခံမနေဘဲ မည်သည့်စကားမှ မဆိုပေ။ သူမ ရောက်ရှိလာသည့်ခဏမှာပင် သူမက လက်ဟန်ချိပ်စည်းများကို လှုပ်ရှားပြီး နတ်ဘုရားစွမ်းအားတစ်ခု ကြယ်တာရာအကျဉ်းထောင်ကို စုဖွဲ့လိုက်သည်။

“ဒါပဲလေ”

နတ်ဘုရားသားတော် မင်ဟွေ့က ကျေနပ်သဘောကျသွားပြီး အော်ပြောလိုက်၏။

စစ်တုရင်အင်မော်တယ် ကျွင်းယု၏ ပြတ်သားမှုက သူတွေးထင်ထားသည်ထက်ပင် တကယ်ကို ကျော်လွန်နေသည်။

စစ်တုရင်အင်မော်တယ် ကျွင်းယုသည် သူမ၏ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို ချက်ချင်းထုတ်ဖော်အသုံးပြုမည်ဆိုမှတော့ သူတို့သည် ဆူကျူးကို သတ်ဖြတ်ပြီးနောက် သူတို့နှစ်ယောက်ထဲ မည်သူကမှ အနှိုင်းမဲ့ နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်နိုင်တော့မည် မဟုတ်ပေ။

တာအိုသစ်သီးကို လုယူနိုင်မည့် သူ၏ အခွင့်အရေးကလည်း တိုးလာပေလိမ့်မည်။

“တာအိုရောင်းရင်း ကျွင်းယု… ခင်ဗျားက တကယ့်ကို သတ်ဖြတ်ရာမှာ ပြတ်သား… ဟမ်…”

နတ်ဘုရားသားတော် မင်ဟွေ့၏ ချီးကျူးစကား မဆုံးသေးခင်မှာပင် သူက ရုတ်တရက်ရပ်တန့်လိုက်ပြီး သူ၏ အမူအရာက ပြောင်းလဲသွားသည်။

စစ်တုရင်အင်မော်တယ် ကျွင်းယု၏ ကြယ်တာရာအကျဉ်းထောင်က စုဖွဲ့လာပြီးနောက် ၎င်းသည် သူ့နောက်ဘက်မှာရှိသော ဆူဇီမိုကို ပစ်မှတ်ထားခြင်းမဟုတ်ဘဲ သူ၏ ဦးခေါင်းထက်သို့ ဆင်းသက်လာနေသည်။

“ဘာလဲဟ”

နတ်ဘုရားသားတော် မင်ဟွေ့သည် ကြောက်အ,မှင်တက်သွားလေသည်။ သူက ကြယ်တာရာအကျဉ်းထောင်ဖြင့် လွှမ်းခြုံခံလိုက်ရစဉ်မှာတောင် သူက ဖြစ်ပျက်နေသည့်အရာကို ပုံမဖော်နိုင်ပေ။

စစ်တုရင်အင်မော်တယ် ကျွင်းယု၏ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားက လူမှားပြီး လာထိတာလား…

ထိုသို့မဖြစ်သင့်ပေ။

သူမ၏ ဤကျင့်ကြံမှုအဆင့်မှာ သူမက ဤကဲ့သို့သော အမှားတစ်ခုကို ဘယ်လိုလုပ် ပြုလုပ်နိုင်မှာလဲ…

စစ်တုရင်အင်မော်တယ် ကျွင်းယုသည် သူ့ကိုပါ သတ်ဖြတ်ပြီး ဆူဇီမို၏ တာအိုသစ်သီးကို တစ်ယောက်တည်း ရယူလိုတာလား…

ချောမောသော ဤတာအိုပညာရှင်၊ သီလရှင်က ဤမျှအထိ ရက်စက်ကြမ်းတမ်းနေသည်လား…

ထိုစဉ်မှာပင် စစ်တုရင်အင်မော်တယ် ကျွင်းယုက နတ်ဘုရားသားတော် မင်ဟွေ့၏ တွေဝေရှုပ်ထွေးမှုကို သတိထားမိသွားပုံရသည်။ သူမက မလှမ်းမကမ်းမှာရှိသော ဆူဇီမိုကို လက်ညှိုးထိုးပြီး မှင်သေသေဖြင့် ပြောလိုက်သည်။

“ငါ သူ့ကိုသိတယ်… တကယ်ဆို ငါ သူနဲ့ အရမ်းကိုသိတယ်”

ရုတ်တရက် နတ်ဘုရားသားတော် မင်ဟွေ့၏ မျက်လုံးများက ပြူးကျယ်လာပြီး သူ၏ မျက်နှာက ညိုမည်းလာခဲ့သည်။ သွေးများက တလိပ်လိပ်ထိုးတက်လာပြီး သူ၏ ပါးစပ်တစ်ခုလုံးမှာ ပြည့်နှက်လာကာ သူ၏ မျက်နှာက မို့မောက်တက်လာသည်။

သူသည် ကြယ်တာရာအကျဉ်းထောင်ဖြင့် ချည်နှောင်ခြင်းခံထားရသောကြောင့် မဟုတ်လျှင် သူက ထိုသွေးများကို ထွေးထုတ်ပစ်မိပေလိမ့်မည်။

စစ်တုရင်အင်မော်တယ် ကျွင်းယုက သူမ၏ ကျောထက်မှ စစ်တုရင်ခုံကို ဖြုတ်ယူပြီး နတ်ဘုရားသားတော် မင်ဟွေ့ကို တိုက်ခိုက်သတ်ဖြတ်တော့မည့်ဆဲဆဲမှာပင် ဆူဇီမို၏ အသံက ရုတ်တရက် အေးအေးဆေးဆေး ထွက်ပေါ်လာ၏။

“မင်ဟွေ့… မင်း ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး”

ဆူဇီမိုက ပြောလိုက်သည်။

“ငါ မင်းကို ထပ်ပြီး ပို့ပေးဦးမယ်။”

နတ်ဘုရားသားတော် မင်ဟွေ့သည် သူ့ကို လိုက်ပို့ပေးသည့်အတွက် ဆူဇီမိုကို ကျေးဇူးတင်သည်ဟုပြောပြီး သိပ်မကြာခင် ထိုသူ၏ ပြန်ဖြေစကားက ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ဖောက်…

အာဒိကပ္ပသမဂ္ဂ မြင်းမြီးကျာပွတ်၏ အဖြူရောင်ချည်မျှင်သုံးထောင်က ရုတ်တရက် သိပ်သည်းကျစ်လစ်လာခဲ့သည်။ သူတို့က မနှိုင်းယှဉ်သာအောင် ထက်ရှသော လှံတစ်လက်အဖြစ် ပြောင်းလဲသွားပုံရပြီး နတ်ဘုရားသားတော် မင်ဟွေ့၏ ဦးခေါင်းထဲသို့ ချက်ချင်းပင် ဝင်ရောက်လာခဲ့သည်။

အာဒိကပ္ပသမဂ္ဂ မြင်းမြီးကျာပွတ်သည် မာကျောမှုနှင့် နူးညံ့ပျော့ပျောင်းမှုကြား လိုသလိုပြောင်းလဲနိုင်သော ထူးဆန်းသည့် လက်နက်တစ်ခုဖြစ်သည်။

ဤတစ်ခေါက်မှာ နတ်ဘုရားမျိုးနွယ်၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးကပင် အဲဒါကို မခုခံနိုင်တော့ပေ။

နတ်ဘုရားသားတော် မင်ဟွေ့၏ အသိစိတ်က ချက်ချင်းပင် ထိုးဖောက်ခံလိုက်ရပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံရကာ နေရာမှာပင် သေဆုံးသွားသည်။

သည်ဘက်မျိုးဆက်၏ နတ်ဘုရားသားတော်သည် သူ၏ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားကို ဆင့်မခေါ်နိုင်ခင်မှာပင် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ သေခဲ့ရပြီဖြစ်သည်။

အာဒိကပ္ပသမဂ္ဂ မြင်းမြီးကျာပွတ်၏ အဖြူရောင်ချည်မျှင်များက နတ်ဘုရားသားတော် မင်ဟွေ့၏ ခါးပေါ်မှ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားကို ဖြုတ်ယူလိုက်လေသည်။

ဤအရာသည် နတ်ဘုရားသားတော် မင်ဟွေ့၏ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားဖြစ်ပြီး ဆူဇီမိုကို ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကနေ ထွက်ခွာနိုင်အောင် ကူညီပေးနိုင်မည် မဟုတ်ပေ။

သို့သော်လည်း ထိုတံဆိပ်ပြားထဲမှာ တိုက်ပွဲရမှတ်များစွာ ရှိနေသည်။

သူသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကနေ ထွက်ခွာပြီးနောက် နောက်ထပ် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားအသစ်ကို ရယူပြီးနောက် ဆူဇီမိုသည် မင်ဟွေ့၏ တံဆိပ်ပြားထဲမှ တိုက်ပွဲရမှတ်များအားလုံးကို သူ၏ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားထဲသို့ လွှဲပြောင်းနိုင်မည်ဖြစ်သည်။

တကယ်တော့ စစ်တုရင်အင်မော်တယ်ကျွင်းယုသည် စောစောက နတ်ဘုရားသားတော် မင်ဟွေ့ကို သတ်ဖြတ်နိုင်ခဲ့သည်။

သို့သော်လည်း ဆူဇီမိုက တမင်သက်သက် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်လေသည်။

လက်ရှိအခြေအနေအရ စစ်တုရင်အင်မော်တယ်ကျွင်းယုသည် သူ့ဘက်ကနေ ရပ်တည်ပေးပြီး နတ်ဘုရားသားတော်မင်ဟွေ့ကို ချုပ်နှောင်ပေးခဲ့ခြင်းဖြင့် သူမသည် နတ်ဘုရားမျိုးနွယ်ကို ဆန့်ကျင်ခဲ့မိပြီးသားဖြစ်သည်။

သူမက နတ်ဘုရားသားတော်မင်ဟွေ့ကို ကိုယ်တိုင်သတ်ဖြတ်လိုက်မည်ဆိုလျှင် နတ်ဘုရားမျိုးနွယ်သည် သူတို့၏ အမျက်ဒေါသနှင့် မုန်းတီးမှုများကို သူမအပေါ် သေချာပေါက် ပုံချလာပေလိမ့်မည်။

စစ်တုရင်အင်မော်တယ် ကျွင်းယုသည် လိုက်ပါပို့ဆောင်ပေးမည့် မည်သည့် အင်မော်တယ်ဘုရင်ပညာရှင်မှ မပါဘဲ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ ရောက်ရှိလာကြောင်း သူကြားထားသည်။

နတ်ဘုရားသားတော်မင်ဟွေ့က စစ်တုရင်အင်မော်တယ်ကျွင်းယု၏ လက်ထဲမှာ သေဆုံးသွားမည်ဆိုလျှင် သူမက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကနေ အသက်ရှင်လျက် ပြန်မထွက်နိုင်မှာကို ဆူဇီမိုက စိုးရိမ်နေသည်။

ထို့ကြောင့်ပင် သူက မင်ဟွေ့ကို အရင်ဦးစွာ သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။

နတ်ဘုရားသားတော် မင်ဟွေ့ထံမှ တန်ဖိုးရှိဆုံးအရာနှစ်ခုသည် သူ၏ တာအိုသစ်သီးနှင့် သိုလှောင်အိတ်ဖြစ်သည်။

ဆူဇီမိုက ထိုအရာများကို လုံးဝမထိဘဲ စစ်တုရင်အင်မော်တယ်ကျွင်းယုအတွက် ချန်ပေးထားလိုက်သည်။

ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် လူတိုင်း၏ ပစ်မှတ်ဖြစ်လာခဲ့လေပြီ။ အန္တိမပကတိစိတ်ဝိညာဉ် တစ်ရာကျော်ကျော်ထဲမှာ သူ့ကို သတ်ဖြတ်ချင်သူ အမြောက်အများ ရှိနေသည်။

စစ်တုရင်အင်မော်တယ် ကျွင်းယုအနေဖြင့် ဤအခိုက်အတန့်မှာ သူ့ဘက်ကနေ ရပ်တည်ပေးခြင်းဖြင့် သူမက အလွန်တရာ စွန့်စားရာကျနေပြီဖြစ်သည်။

ထိုတာအိုသစ်သီးနှင့် သိုလှောင်အိတ်က စစ်တုရင်အင်မော်တယ်ကျွင်းယုနှင့် ထိုက်တန်မှု ရှိလေသည်။

သူတို့နှစ်ယောက်က များစွာ ဆက်ဆံပြောဆိုခြင်းမရှိပေ။

ဆူဇီမိုက စစ်တုရင်အင်မော်တယ်ကို ညင်သာစွာ ခေါင်းညိတ်ပြပြီးနောက် အခြားသော တိုက်ပွဲနယ်မြေဘက်သို့ လှည့်ထွက်သွားသည်။

ထိုတိုက်ပွဲနယ်မြေမှာ…

ကျောက်တုံးကမ္ဘာမှ ရှစ်ပိုက လင်းရွှင်ကျန်းနှင့် လူချင်းပူးကပ်ကာ တိုက်ခိုက်နေသည်။

ရှစ်ပိုသည် ဆူဇီမိုပြေးဝင်လာသည်ကို သတိထားမိသွားသောအခါ သူ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး သူက ရင်တထိတ်ထိတ်ဖြစ်လာသည်။

သူသည် လင်းရွှင်ကျန်းနှင့် တိုက်ခိုက်မှုမှာ အသာစီးရရှိထားသော်လည်း သူ့အနေဖြင့် လောလောဆယ်မှာ အနိုင်ရဖို့ ခဲယဉ်းနေသည်။

ဆူဇီမိုက ဝင်ရောက်ပူးပေါင်းလာမည်ဆိုလျှင် သူက သေချာပေါက် ရှုံးနိမ့်ရပေတော့မည်။

“သွားစမ်း”

ရှစ်ပိုက သူ၏ ရင်သပ်ရှုမောပုဆိန်ကို ကိုင်မြှောက်ပြီး သူ၏ ခန္ဓာကိုယ်က ရွှေညိုရောင်အလင်းတစ်ခုဖြင့် တောက်ပလာခဲ့သည်။ သူသည် ကျောက်သားပုဆိန်နှင့် တစ်သားတည်းကျသွားသည့်အလား သူသည် လင်းရွှင်ကျန်းထံ စီးပိုးခြယ်လှယ်နိုင်သော တိုက်ခိုက်မှုတစ်ရပ်ကို ထုတ်လွှတ်လိုက်သည်။

ဝုန်း…

လင်းရွှင်ကျန်းသည် ဖြတ်တောက်ဓားနယ်ပယ်သို့ ဝင်ရောက်နေခဲ့ပြီဖြစ်သည်။ သူမ၏ မျက်လုံးများက အဓိပ္ပာယ်မဲ့နေပြီး သူမ၏ စိတ်ခံစားချက်ခုနစ်မျိုးနှင့် စိတ်အာရုံခြောက်ပါးကို ဖြတ်တောက်ထားပြီဖြစ်ကာ သူမမှာ မည်သည့်အကြောက်တရားမှ မရှိပေ။

ဤတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်မှာ လင်းရွှင်ကျန်းက ရှောင်တိမ်းခြင်းမရှိဘဲ ရှေ့သို့ အလျားလိုက် ပစ်ထိုးလိုက်သည်။

ဓားဖျားက တုန်ခါသွားပြီး ရှစ်ပို၏ နှာရောင်ရှိရာသို့ ဓားအလင်းတစ်ခုက ပစ်ဝင်လာခဲ့သည်။

ရှစ်ပို၏ ပုဆိန်က လင်းရွှင်ကျန်းကို တကယ်ပင် နှစ်ပိုင်းထိုးခွဲနိုင်သည်။

သို့သော်လည်း သူသည်လည်းပဲ လင်းရွှင်ကျန်း၏ သေစေနိုင်သော ဓားချက်ကနေ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ဓားအလင်းက သူ၏ အသိစိတ်ထဲသို့ ဝင်ရောက်သည့်အခါ သူက သေချာပေါက် သေရပေလိမ့်မည်။

သူမက သူနှင့် အသက်ချင်းအလဲအထပ် ပြုလုပ်လိုက်ခြင်းဖြစ်သည်။

“တကယ့် တဇောက်ကန်းပဲ”

ရှစ်ပိုက ကျိန်းဆဲပြီး သူ၏ ရင်သပ်ရှုမောပုဆိန်ကို ပြန်လည်ရုတ်သိမ်းကာ လင်းရွှင်ကျန်း၏ ဓားအလင်းကို ပိတ်ဆို့တားဆီးလိုက်ရသည်။

ထိုတိုက်ခိုက်ဖလှယ်မှုနှင့်အတူ သူသည် ထွက်ပြေးလွတ်မြောက်နိုင်မည့် သူ၏ နောက်ဆုံးအခွင့်အရေးကို ဆုံးရှုံးသွားရပြီဖြစ်သည်။

ဆူဇီမိုက လေထဲကနေ ဆင်းသက်ရောက်ရှိလာသည်။

All Chapters