စစ်ပွဲမီးတောက်များ
Vol. 192 Ch. 2875
“တာအိုရောင်းရင်းမူလျန်… ခင်ဗျားရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်”
ထိုစဉ်မှာပင် မူလျန်၏ အသိစိတ်ထဲသို့ စိတ်ဝိညာဉ်အသိစိတ် အသံပို့လွှတ်မှုတစ်ခုဝင်ရောက်လာ၏။ ထိုအသံသည် မလှမ်းမကမ်းရှိ ဓားကမ္ဘာ၏ ဆူကျူးထံမှ လာလေသည်။
“ခင်ဗျားက တိုက်ပွဲကို ဘေးကနေ စောင့်ကြည့်နေရုံပဲ.. ကျုပ်ကို ကူညီပေးစရာမလိုဘူး… အဲဒါကို ကိုင်တွယ်ဖို့ ကျုပ်နည်းကျုပ်ဟန်ရှိတယ်”
ထိုသို့ပြောပြီးနောက် ဓားကမ္ဘာမှ ဆူကျူးက သူမကို ခေါင်းညိတ်ပြလိုက်သည်။ မူလျန်က တွေဝေရှုပ်ထွေးစွာဖြင့် မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
ယခု အချိန်မှာ အန္တိမပကတိစိတ်ဝိညာဉ် ဆယ့်ရှစ်ဦးသည် အတူပူးပေါင်းကာ ဝိုင်းပတ်ပိတ်ဆို့ထားပြီဖြစ်သည်။ ဆူကျူးက အရှိန်ကုန်နေသော မြားတစ်စင်းကဲ့သို့ဖြစ်သည်။ သူက တခြားဘာများ လုပ်နိုင်မှာလဲ။
သူ့မှာ တိုက်ခိုက်ရည်ခွန်အားကျန်ရှိနေသေးပြီး သူက အခြားသော အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုခုကို ထုတ်ဖော်နိုင်မည်ဆိုလျှင်တောင် သူက အနှိုင်းမဲ့နတ်ဘုရားစွမ်းအားဆယ့်ရှစ်ခုကို ခုခံနိုင်မှာလား။
မူလျန်သည် တွေဝေရှုပ်ထွေးသော အမူအရာဖြင့် ဆူကျူးကိုကြည့်ပြီး ကြိတ်၍ သက်ပြင်းချလိုက်၏။
တာအိုရောင်းရင်းဆူကျူးသည် သူမကို ဒုက္ခမရောက်စေချင်သောကြောင့် တိုက်ပွဲကို ဘေးက စောင့်ကြည့်ဖို့ သူမကို ပြောခြင်းဖြစ်မည်ဟု သူမက တွေးလိုက်၏။
အန္တိမပကတိစိတ်ဝိညာဉ်ဆယ့်ရှစ်ဦးက ဦးဆောင်နေပြီး အဲဒီမှာ အချိန်မရွေးဝင်ရောက်တိုက်ခိုက်ဖို့ပြင်နေသော ပကတိစိတ်ဝိညာဉ်များစွာလည်းရှိနေသည်။
ဆူဇီမိုသည် စောစောကတင် ရှယင်၊ နတ်ဘုရားသားတော်မင်ဟွေ့နှင့် ရှစ်ပိုတို့ကို သတ်ဖြတ်ထားခဲ့သည်။ ထိုကမ္ဘာသုံးခုမှ အခြားသော ပကတိစိတ်ဝိညာဉ်ပညာရှင်များက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ရစ်ဝဲနေဆဲဖြစ်ပြီး ထွက်ခွာမသွားကြပေ။
သူတို့သည်လည်း ဤအခွင့်အရေးကို လက်လွှတ်ခံကြလိမ့်မည်မဟုတ်ပေ။
တစ်ခုသော အရပ်တစ်ဘက်မှ ဤနေရာမှာရှိသော အခြေအနေကို တစ်ချိန်လုံးအာရုံစိုက်ကြည့်နေသည့် ပကတိစိတ်ဝိညာဉ်ပညာရှင်တစ်အုပ်စုလည်းရှိနေသည်။ သူတို့သည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှ ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များဖြစ်ကြသည်။
တကယ်ဆို မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးထဲမှ တချို့က စိတ်ပါယိမ်းယိုင်နေကြပြီဖြစ်သည်။ သူတို့သည် အခြေအနေပေါ် အမြတ်ထုတ်ရန် ဝင်ရောက်တိုက်ခိုက်ဖို့ ပြင်ဆင်နေသည့်အလားပင်။
“ဟဲဟဲ”
ယက္ခတစ္ဆောစိတ်ဝိညာဉ်က ထူးဆန်းစွာရယ်မောလိုက်၏။
“နောက်ပြီးကျရင် တိုက်ပွဲမှာ ငါက ဝင်ရောက်တိုက်ခိုက်ပြီး ဝေစုတစ်ခုရယူဖို့ပြင်ထားတယ်… ဆူကျူးရဲ့ တာအိုသစ်သီးကို နောက်ဆုံးမှာ ဘယ်သူရမလဲ ဘယ်သူသိမှာလဲ”
လေဟာနယ်ယက္ခအနေဖြင့် ယက္ခတစ္ဆေစိတ်ဝိညာဉ်သည် အာကာသဓမ္မတာအိုများမှာ အတော်ဆုံးဖြစ်ပြီး ခြေရာလက်ရာမကျန်ဘဲ ဝင်ထွက်သွားလာနိုင်သည်။
ရှေ့တည့်တည့်မှာ အန္တိမပကတိစိတ်ဝိညာဉ်များစွာရှိနေသော်လည်း သူသည် ကစဉ်ကလျား အခြေအနေတစ်ရပ်ကို ဖန်တီးကာ စိမ့်ဝင်ထိုးဖောက်ရာမှာ အတော်ဆုံးဖြစ်သည်။
သူသည် သူ့မှာ အခြေအနေအပေါ် အမြတ်ထုတ်နိုင်သည့် အခွင့်အရေးတစ်ခု တကယ်ပင်ရှိနေသည်။
ရုတ်တရက် ဘေးမှာရှိသော အနက်ရောင်ဝတ်အမျိုးသမီးက အေးစက်စွာပြောလိုက်သည်။
“ဒီအရှုပ်ထုပ်မှာ ဝင်မပါဖို့ ငါနင့်ကို အကြံပေးလိုက်မယ်… ငါနင့်ကို အရင်က ပြောခဲ့တာမှတ်မိသေးလား.. နင့်ရဲ့ နဖူးထက်မှာ သံမှိုတစ်ချောင်းရစ်ဝဲနေတယ်… နင့်ရဲ့ အော်ရာက ထိုင်းမှိုင်းနေပြီ နင်က ကြီးမားတဲ့ ကပ်ဘေးတစ်ခုနဲ့ ကြုံတွေ့ရတော့မယ်”
ယက္ခတစ္ဆေစိတ်ဝိညာဉ်၏ အမူအရာက သုန်မှုန်သွားလေသည်။ သူ၏ ခေါင်းပေါ်ကို ရေခဲရေတစ်ဇလုံဖြင့် လောင်းချလိုက်သည့်အလားပင်။
အနက်ရောင်ဝတ်အမျိုးသမီးက ခပ်လှမ်းလှမ်းမှာရှိသော ဆူဇီမိုကို လက်ညှိုးထိုးပြီး ဆက်ပြောလိုက်၏။
“ဒီလူ့ကို သွားရှုပ်လို့မရဘူး… သူနဲ့ ဝေးဝေးနေဖို့ ငါအကြံပေးလိုက်မယ်… ဒီလိုမျိုးအခြေအနေမှာ သူက ဘာလို့အဲလောက်ထိ တည်ငြိမ်နေရတာလဲ… သူ့မှာ တခြားဝှက်ဖဲတွေမရှိဘူးလို့ နင်ထင်လား”
“သူက နောက်ထပ်အနှိုင်းမဲ့နတ်ဘုရားစွမ်းအား တစ်ခုနှစ်ခုလောက်ကို ထုတ်ဖော်မယ်ဆိုရင်တောင် ငါအံ့ဩမိမှာ မဟုတ်ဘူး”
ထိုစကားလုံးများသည် ယက္ခတစ္ဆေစိတ်ဝိညာဉ်ကို တကယ်ပင် တုန်လှုပ်သွားစေ၏။ သူက အလောတကြီးပြောလိုက်၏။
“ငါ..ငါ့ကို လာမခြောက်နဲ့ သူက အနှိုင်းမဲ့နတ်ဘုရားစွမ်းအားလေးခုကို ထုတ်ဖော်ပြီးသွားပြီ… ဒါတောင်သူက နောက်ထပ်တစ်ခုနှစ်ခုကို ထုတ်ဖော်နိုင်ဦးမှာလား”
“ဟဲဟဲ… နင်က သက်သက် ချဲ့ကားပြောဆိုနေတာပဲ”
အခြားတစ်ဘက်မှာ အနီရောင်မျက်လုံးတစ်စုံနှင့် မကောင်းဆိုးဝါးပုံစံရှိသော အမျိုးသားတစ်ယောက်က လှောင်ရယ်လိုက်၏။
“ဆူကျူးက နောက်ထပ် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုနှစ်ခုကို ထုတ်ဖော်နိုင်မယ်ဆိုတော့ရော ဘာဖြစ်လဲ”
“သူက နောက်ထပ်အနှိုင်းမဲ့နတ်ဘုရားစွမ်းအား လေးခု ငါးခုကို ထုတ်ဖော်နိုင်မယ်ဆိုရင်တောင် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားဆယ့်ရှစ်ခုကို သာမန်ကာလျှံကာ ပစ်ထုတ်လိုက်တာနဲ့ သူက တစ်ခါတည်း သေသွားရလိမ့်မယ်”
ထိုစကားကိုကြားသောအခါ ယက္ခတစ္ဆေစိတ်ဝိညာဉ်က ခေါင်းညိတ်ပြလိုက်သည်။
“သူပြောတာ အမှန်ပဲ”
သူသည် အနက်ရောင်ဝတ်အမျိုးသမီး၏ သတိပေးစကားကို စိတ်ထဲမှာ ထည့်မထားတော့ပေ။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်မှာ။
ဓားကမ္ဘာမှ လူတိုင်းသည် ထိုသည်ကိုတွေ့မြင်သောအခါ သူတို့၏ အမူအရာများက သုန်မှုန်တည်တံ့လာကြသည်။
ဤတစ်ခေါက်မှာ ပေမင်ရွှယ်ပင်လျှင် စိုးရိမ်ပူပန်လာခဲ့သည်။
အန္တိမပကတိစိတ်ဝိညာဉ်ဆယ့်ရှစ်ဦးက တစ်ချိန်တည်းမှာ တိုက်ခိုက်လာမည်ဆိုရင် အဲဒါက ကမ္ဘာတုန်လောက်ဖွယ်ရာဖြစ်လာပေလိမ့်မည်။ သူမဆရာက သန်မာသည်ဆိုသော်လည်း သူသည် သူတို့ကို ကိုင်တွယ်ဖို့ လုံလောက်လိမ့်မည်မဟုတ်ပေ။
တကယ်တော့ သူမဆရာနှင့်ပတ်သက်၍ တစ်ခုခုမူမမှန်မှုကို သူမက သတိထားမိနေဆဲဖြစ်သည်။
သူမဆရာ၏ စိတ်နေစရိုက်အရ သူ့မှာ ခွန်အားကျန်ရှိနေဦးမည်ဆိုလျှင် သူသည် ဝူရှင်းကို သတ်ဖြတ်ပြီးနေလောက်လေပြီ။
သို့သော်လည်း ထိုအခိုက်အတန့်မှာ သူမဆရာသည် ထိုသို့မပြုလုပ်ပေ။ ထိုအစား ဝူရှင်းက အခြားသူများကို သွေးထိုးလှုံ့ဆော်နေသည်ကို သူက ခွင့်ပြုပေထားသည်။
သူမဆရာက ဘာလုပ်ဖို့ကြိုးစားနေတာလဲ။
သူက သူ့ရဲ့ လမ်းဆုံးကို တကယ်ပဲ ရောက်ရှိနေပြီလား။
ဘုရင်အေးစက်မျက်လုံး၊ ဘုရင်ရှစ်ရှော၊ နတ်ဘုရားမျိုးနွယ်နှင့် အခြားသောကမ္ဘာများမှ ဘုရင်ပညာရှင်များက စိတ်လှုပ်ရှားတက်ကြွသော အမူအရာများနှင့်အတူ မျှော်လင့်စောင့်စားနေကြသည်။
“သူက ဒီအခြေအနေကနေ ဘယ်လိုရုန်းထွက်နိုင်တော့မှာလဲ”
ပန်းကမ္ဘာမှ အင်မော်တယ်ဘုရင်မယိုလန်က ညင်သာစွာသက်ပြင်းချပြီး သူမ၏ ခေါင်းကို ခါယမ်းလိုက်၏။
နဂါးဘုရင်မဦးချိုမဲ့က အတန်ကြာအောင် မျက်မှောင်ကြုတ်ထား၏။
သူ့နေရာမှာ သူမရောက်ရှိနေမည်ဆိုလျှင်တောင် သူမသည် မည်သည့်အရာကိုမှ ပြုလုပ်နိုင်တော့မည် မဟုတ်ပေ။
‘သေဖို့သေချာနေတဲ့ ဒီအခြေအနေကနေ ရုန်းထွက်စရာနည်းလမ်းမရှိတော့ဘူး။’
ထိုစကားလုံးများကသာ နဂါးဘုရင်မဦးချို့မဲ့၏ စိတ်ထဲမှာ ပေါ်ထွက်လာ၏။
တိုက်ပွဲနယ်မြေမှာ။
ဝူရှင်းနှင့် လုထန်က ဦးဆောင်ပြီး အန္တိမပကတိစိတ်ဝိညာဉ်ဆယ့်ရှစ်ဦးသည် စုဝေးရောက်ရှိနေကြပြီဖြစ်သည်။ သူတို့၏ နောက်ဘက်မှာ ပကတိစိတ်ဝိညာဉ်ပညာရှင်များစွာက ဝန်းရံပြီး တိုက်ခိုက်ဖို့အခွင်အရေးတစ်ရပ်ကို စောင့်ဆိုင်းနေကြသည်။
စစ်မီးတောက်များက ထွန်းညှိလာပြီး အနှိုင်းမဲ့နတ်ဘုရားစွမ်းအားဆယ့်ရှစ်ခု ဆင်းသက်လာသည်နှင့် အဲဒါက ကမ္ဘာဖျက်မြင်ကွင်းတစ်ခု သေချာပေါက် ဖြစ်လာမည်ကို လူတိုင်းက သိရှိထားကြသည်။
“အရင်ပြန်နှင့်တော့”
ဆူဇီမိုက သူ့ဘေးမှာ ရှိသော လင်းရွှင်ကျန်းကိုကြည့်ပြီး သူမ၏ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားကို ထုတ်ယူကာ ထွက်ခွာသွားရန် စေခိုင်းလိုက်၏။
လင်းရွှင်ကျန်းသည် တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ သူမ၏ ခေါင်းကိုသာ တည်ကြည်ခိုင်မာစွာ ခါပြလိုက်၏။
သူမသည် သေချာပေါက် သေရတော့မည်ဆိုတာကို သိထားသည်ဆိုလျှင်တောင် သူမသည် သူမ၏ ဂိုဏ်းသားရောင်းရင်းကို စွန့်ပယ်ထားခဲ့မည် မဟုတ်ပေ။
သူမသည် ဖြတ်တောက်ဓားတာအိုကို ကျင့်ကြံထားသော်လည်း သူမက တကယ်တမ်း နှလုံးသားမမဲ့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူမသည် အခြားသူများထက်ပင် ပို၍ သစ္စာရှိပြီး ပို၍သွေးဆူလွယ်လေသည်။
ဆူဇီမိုက ခဏမျှစဉ်းစားပြီး ထပ်မံ၍ ဖျောင်းဖျမနေတော့ပေ။
“ဒါဆိုရင် ကျွင်းယုဘက်ကို အရင်းဆုံးသွားနေ… မင်းတို့နှစ်ယောက်အတူပူးပေါင်းပြီး တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ပေးကြ”
ထိုသို့ပြောရင်း ဆူဇီမိုက ရုတ်တရက်လှုပ်ရှားလိုက်၏။ သူက သူ၏ လက်ချောင်းထိပ်ဖျားကနေ ဓားချီတချို့ကို ထုတ်ဖော်ပြီး လင်းရွှင်ကျန်း၏ အမြုတေစိတ်ဝိညာဉ်ကို ယာယီချိပ်ပိတ်ကာ သူမကို ကျွင်းယုဘက်သို့ ပို့ပေးလိုက်၏။
ထိုအခိုက်အတန့်မှာ ကျွင်းယုသည်လည်း တိုက်ပွဲနယ်မြေမှာ ရှိနေသော်လည်း သူကသာ အန္တိမပကတိစိတ်ဝိညာည်ဆယ့်ရှစ်ဦး၏ ပစ်မှတ်ဖြစ်သည်။
ကျွင်းယုသည် တိုက်ပွဲဖြစ်ပွားသည့်အခါ သက်ရောက်ခံရလိမ့်မည်ဖြစ်သော်လည်း သူမသည် အင်မော်တယ်ဘုရင်မလင်းလုံ၏ ဓမ္မတာအိုကို အမွေဆက်ခံရရှိထားပြီး သူမ၏ လှုပ်ရှားမှုနည်းစနစ်သည် လင်းရွှင်ကျန်းနှင့်အတူ တိုက်ပွဲနယ်မြေကနေ ထွက်ခွာဖို့ လုံလောက်အောင် ပေါ့ပါးဖျတ်လတ်မှုရှိပေလိမ့်မည်။
“သူ့ကို တိုက်ပွဲနယ်မြေကနေ ခေါ်ထုတ်သွားပေး”
ဆူဇီမိုက ကျွင်းယု၏ စိတ်ဝိညာဉ်အသိစိတ်ထံ အသံတစ်ခုကို ပို့လွှတ်လိုက်၏။ ခဏမျှရပ်တန့်ပြီးနောက် ဆက်ပြောလိုက်သည်။
“ငါ့ကို မပူနဲ့… ငါသေမှာမဟုတ်ဘူး”
ကျွင်းယုက အခြားတစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ ခေါင်းသာညိတ်ပြလိုက်၏။
ထိုအခိုက်အတန့်မှာ ဝူရှင်း၊ လုထန်နှင့် အခြားသော အန္တိမပကတိစိတ်ဝိညာဉ်မျာ၏ အကြည့်များက အေးစက်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒများနှင့်အတူ ဆူဇီမိုပေါ်သို့ ဆင်းသက်လာခဲ့ပြီဖြစ်သည်။
ဆူဇီမိုသည် ဖြည်းဖြည်းချင်းချဉ်းကပ်လာနေသော အန္တိမပကတိစိတ်ဝိညာဉ်ဆယ့်ရှစ်ဦးနှင့် သူ၏ နောက်ဘက်မှ ပကတိစိတ်ဝိညာဉ်ပညာရှင်များကို အေးစက်စွာစိုက်ကြည့်နေ၏။
တကယ်ဆို သူသည် ခပ်လှမ်းလှမ်း မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးထံမှ ရန်လိုစိတ်တချို့ကိုပင် အာရုံခံမိနိုင်သည်။
လောကတစ်ခုလုံးက ဧရာမ စစ်တုရင်ကစားပွဲတစ်ခုနှင့်တူသည်။ သူသည် စစ်တုရင်အရုပ်တစ်ရုပ်မဟုတ်ဘဲ အခြေအနေတစ်ရပ်လုံးကို အပေါ်စီးကနေကြည့်နေသည့် စစ်တုရင်ကစားသမားတစ်ယောက်ဖြစ်သည်။
အရာရာတိုင်းသည် သူ၏ ထိန်းချုပ်မှုအောက်မှာရှိနေသည်။
လောက၏ လေထုကပင် အေးခဲသွားပုံရသည်။
“သတ်”
လူတစ်ယောက်က ရုတ်တရက်အော်ပြောလိုက်သည်။
စစ်မီးတောက်များက ချက်ချင်းပင်ထွန်းညှိလာခဲ့သည်။
“အဆုံးမဲ့ည”
“နေလအရောင်အဝါ”
“ကြယ်တာရာအကျဉ်းထောင်”
“ပကတိဖျက်ဆီးခြင်း”
“စိတ်ကျေနပ်မှု ကောင်းကင်ဘုံချိပ်စည်း”
“ဟင်္သပဒါးငှက်ကောင်းကင်ဘုံမီး”
“ပဉ္စဂမ္ဘီရအလင်း”
“…..”
ချက်ချင်းပင် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားဆယ့်ရှစ်ခုက လျင်မြန်စွာစုဖွဲ့ပြီး အန္တိမပကတိစိတ်ဝိညာဉ်ဆယ့်ရှစ်ဦး၏ လက်များကနေ ပစ်လွင့်ကာ ကောင်းကင်တစ်ခွင်အုပ်မိုး၍ ဆူဇီမိုကို ဖိနှိမ်လာခဲ့သည်။
ထိုအနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို နှစ်ပေါင်းများစွာ အမွေဆက်ခံလာခဲ့ကြသည်။
သူတို့ထဲမှ မည်သည့်တစ်ခုမဆို ကြောက်စရာကောင်းလောက်အောင် စွမ်းအားကြီးမားသည်။
ဥပမာအားဖြင့် ပကတိဖျက်ဆီးခြင်းသည် ကျင့်ကြံသူ၏ ဘေးမှာ ကြယ်ပေါင်းများစွာကို ဖြစ်ပေါ်လာစေပြီး ပကတိဖျက်ဆီးခြင်း၏ စွမ်းပကားကို ဖန်တီးရန် သူတို့က တစ်ချိန်တည်းမှာ ပေါက်ကွဲထွက်သွားပေလိမ့်မည်။
ပဉ္စဂမ္ဘီရအလင်းကတော့ ၎င်းသည် သတ္တု၊ သစ်သား၊ မြေ၊ မီးနှင့် ရေဟူသော စွမ်းအားငါးမျိုး၏ ဓမ္မတာအိုကို ကိုယ်စားပြုလေသည်။ သူတို့အတူတကွ စုစည်းမိသည့်အခါ အဲဒါသည် မည့်သည့်အရာကိုမဆို တိုက်စားပြီးချေဖျက်နိုင်လေသည်။