ဓားသင်္ချိုင်း
Vol. 192 Ch. 2878
လူတစ်ယောက်၏ ကျင့်ကြံမှုနယ်ပယ်က မြင့်တက်လာသည်နှင့်အမျှ နတ်ဘုရားစွမ်းအားနှင့် လျှို့ဝှက်အတတ်တချို့ကို စွန့်ပယ်ရပေလိမ့်မည်။ သို့သော်လည်း တချို့ကိုတော့ ထိန်းသိမ်းထားရသည်။
ဥပမာအားဖြင့် လှုပ်ရှားမှုနည်းစနစ်များကဲ့သို့ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များစွာသည် အမျိုးမျိုးသောနယ်ပယ်များမှ မတူညီသောခန္ဓာများကနေ အားဖြည့်ထောက်ပံ့ပေးနိုင်သည်။
ခေါင်းသုံးလုံးလက်ခြောက်ဖက်ကဲ့သို့ နတ်ဘုရားစွမ်းအားများကတော့ ကောင်းကင်လိုဏ်ဂူနယ်ပယ် သို့မဟုတ် ဧကရာဇ်နယ်ပယ်များမှာပင်လျှင် သူတို့သည် အလွန်တရာအင်အားကြီးမားသော စွမ်းပကားကို ထုတ်ဖော်နိုင်ဆဲဖြစ်ပြီး ကျင့်ကြံသူ၏ ခွန်အားကို မြှင့်တင်ပေးနိုင်သည်။
လက်ရှိဘုရင်များစွာကြားမှာ ခေါင်းသုံးလုံးလက်ခြောက်ဖက်ကို တတ်ကျွမ်းထားသည့်သူတချို့ရှိလေသည်။ သို့သော်လည်း လူတိုင်းသည် နှစ်ပေါင်းသိန်းချီကျင့်ကြံလာခဲ့ပြီးသော်လည်း သူတို့သည် ခေါင်းလေးလုံးလက်ရှစ်ဖက်ကို ဘယ်တုန်းကမှ မတွေ့မြင်ဖူးခဲ့ပေ။ တကယ်ဆို ရှေးဟောင်းစာအုပ်များထဲမှာပင် အဲဒါနှင့်ပတ်သက်သည့် မှတ်တမ်းများမရှိပေ။
“အဲဒါက နောက်ထပ်အပိုခေါင်းတစ်လုံးနဲ့ လက်နှစ်ဖက်ပဲ ဆိုပေမဲ့ အသွင်ပြောင်းလဲမှုက တကယ့်ကိုကြီးမားတယ်… အဲဒါက မကြုံစဖူးထူးခြားအံ့မခန်းပဲ.. အဲဒါက အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုရဲ့ အဆင့်ကို ရောက်နေလောက်ပြီ”
“အင်မော်တယ်နှိမ်နင်းဓား.. အစွယ်ရှစ်ချောင်းနတ်ဆင်ခွန်အား.. ဟင်္သပဒါးငှက်ကောင်းကင်ဘုံမီး.. ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်နဲ့ အနန္တယင်ယန်… ပြီးရင် အခုသူထုတ်ဖော်လိုက်တဲ့ ခေါင်းလေးလုံးလက်ရှစ်ဖက်နဲ့ဆို ဓားကမ္ဘာက ဆူကျူးက အနှိုင်းမဲ့နတ်ဘုရားစွမ်းအား ခြောက်ခုကို နားလည်ဆင်ခြင်ပြီးသွားပြီလို့ ဆိုလိုတာပဲ”
“အဲဒါကတော့ တော်တော်ကြောက်စရာကောင်းသွားပြီ”
“သူ့ခန္ဓာကိုယ်နဲ့ မျိုးဆက်သွေးကို အနှိုင်းမဲ့နတ်ဘုရားစွမ်းအားခြောက်ခုရဲ့ ဆေးကြောသန့်စင်ပေးမှုက သူ့ရဲ့ သေမျိုးခန္ဓာကို စွန့်ခွာပြီး ပကတိပြန်လည်မွေးဖွားလာစေဖို့ လုံလောက်တာထက်ပိုနေပြီ.. တကယ်ဆို သူက နတ်ဘုရားမျိုးနွယ်… နဂါးမျိုးနွယ်တို့နဲ့တောင်မှ ယှဉ်နိုင်နေပြီ”
“သူက ဗလာနယ်ဝိညာဉ်နယ်ပယ်မှာပဲ ရှိသေးတယ်… သူ့ရဲ့ အလားအလာက တကယ့်ကိုပဲ…”
စုန်းကမ္ဘာ၊ ကောင်းကင်ဘုံမျက်လုံးကမ္ဘာ၊ ကျောက်တုံးကမ္ဘာနှင့် အခြားသောကမ္ဘာများမှ ဘုရင်များ၏ အမူအရာများက အလွန်တရာရုပ်ဆိုး အကျည်းတန်သွားကြသည်။
ဓားကမ္ဘာမှာ ဤကဲ့သို့သော ပြန်ဝင်စားမွန်းစတားတစ်ဦး မွေးဖွားပေါ်ထွက်လာသည်ကို တွေ့မြင်သောအခါ စောစောက သူတို့သည် အနည်းငယ် မနာလိုအားကျနေခဲ့ရုံသာဖြစ်သည်။
ထိုအခိုက်အတန့်မှာ ထိုမနာလိုအားကျမှုသည် နက်ရှိုင်းသောအကြောက်တရားနှင့် စိုးရိမ်ပူပန်မှုတို့အဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ သူတို့နှလုံးသားများ၏ အနက်ပိုင်းထဲမှာ သူတို့လက်မခံလိုသော အကြောက်တရားကပင် ပေါ်ထွက်လာခဲ့လေသည်။
ဗလာနယ်ဝိညာဉ်နယ်ပယ်မှာ သူသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားခြောက်ခုကို နားလည်ဆင်ခြင်ထားပြီး ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်နှင့် ခေါင်းလေးလုံး လက်ရှစ်ဖက်ကဲ့သို့ စွမ်းအားကြီးမားသော နည်းလမ်းများပါ ပါဝင်နေသည်။
သူ့ကို ဆက်လက်၍ ကြီးထွားခွင့်ပေးလိုက်မည်ဆိုလျှင် အဲဒါက စဉ်းစား၍မရနိုင်အောင် ဖြစ်လာပေလိမ့်မည်။
သမိုင်းတစ်လျှောက်မှာ ဤမျှအတိုင်းအတာအထိ ကျင့်ကြံနိုင်ခဲ့သော ဤကဲ့သို့သော ပြန်ဝင်စားမွန်းစတားတစ်ဦးက ဘယ်တုန်းကမှ မရှိခဲ့ဖူးပေ။
ထို့ကြောင့် မည်သူကမှ သူ၏ အနာဂတ်ကို မခန့်မှန်းနိုင်ပေ။
မည်သူကမှ အဲဒါကို စဉ်းစားကြည့်ရဲပေ။
သူတို့က သူ့ကိုသတ်ဖြတ်ရပေမည်။ ဤအတွေးက ဘုရင်အေးစက်မျက်လုံးနှင့် အခြားသူများ၏ စိတ်များထဲမှာ တစ်ချိန်တည်း ဖျတ်ခနဲပေါ်ထွက်လာ၏။
သူတို့သည် ထိပ်တန်းကမ္ဘာကြီများကြား အလိုအလျောက်နားလည်မှုနှင့် မျှခြေကို ချိုးဖျက်ရမည်ဆိုလျှင်တောင် သူတို့သည် ဤကောင်လေးကို ရှိသမျှအစွမ်းကုန်ဖြင့် သတ်ဖြတ်ရပေမည်။
ဤလုပ်ရပ်သည် သူတို့သက်ဆိုင်ရာကမ္ဘာများ၏ အန္တိမပကတိစိတ်ဝိညာဉ်များအတွက် လက်စားချေရုံသာမဟုတ်ဘဲ သူတို့ကမ္ဘာများ၏ ကြီးမားသည့် အနာဂတ်ခြိမ်းခြောက်မှုကို ဖြေရှင်းလိုက်ခြင်းလည်းဖြစ်သည်။
သို့သော်လည်း သူတို့က အခွင့်အလမ်းတစ်ခုကို စောင့်ဆိုင်ရပေဦးမည်။
ဤနေရာသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာဖြစ်ပြီး တိုက်ခိုက်ဖို့ အခွင့်အရေးမရှိပေ။
ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ။
ဆူဇီမိုသည် သူ၏ ခေါင်းလေးလုံး လက်ရှစ်ဖက်ကို ထုတ်ဖော်ပြီး သူ၏ မျက်လုံးလေးစုံက ဂမ္ဘီရအလင်းဖြင့်တောက်ပနေ၏။ သူ့ကိုဝိုင်းပတ်ထားသည့် အန္တိမပကတိစိတ်ဝိညာဉ်ဆယ့်ရှစ်ဦးနှင့် ရင်ဆိုင်ရချိန်မှာ သူက ကြောက်လန့်ခြင်းမရှိဘဲ ရုတ်တရက် သူ၏ ပါးစပ်ကို ဖွင့်ဟလိုက်၏။
“ဂါး..”
ရုတ်တရက် အလွန်တရာကျယ်လောင်သော ဟိန်းဟောက်သံက ဆူဇီမို၏ လည်ချောင်းအနက်ပိုင်းထဲကနေ ပေါက်ကွဲထွက်ပေါ်လာသည်။ အဲဒါက ကမ္ဘာတုန်လောက်ဖွယ်ရာဖြစ်ပြီး အရာရာတိုင်းက တိတ်ဆိတ်ငြိမ်သက်သွားသည်။
နဂါးဟိန်းသံလျှို့ဝှက်အတတ်။
ဒါ့အပြင် ထိုအသံသည် မိုးပြာနဂါးဟိန်းသံကဲ့သို့ အသံပိုင်းလျှို့ဝှက်အတတ်များကနေ ပေါင်းစည်ထားသည့် နဂါးဟိန်းသံလျှို့ဝှက်အတတ်တစ်ခုဖြစ်သည်။
တကယ်ဆို ထိုနဂါးဟိန်းသံမှာ မိုးကြိုးသံပင် ရောနှောပါဝင်နေသည်။ ထိုအသံက သိပ်သည်းလေးလံပြီး ခံ့ညားထည်ဝါကာ ရပ်တန့်တားဆီး၍မရနိုင်ပေ။
နဂါးမျိုးနွယ်သည် အစကတည်းက မျိုးနွယ်စုတစ်သောင်းကြားတွင် ထိပ်ဆုံးမှာရပ်တည်ပြီး သူတို့၏ ပင်ကိုယ်မျိုးဆက်သွေးများနှင့်အတူ သက်ရှိများအားလုံးကို ဖိနှိမ်နိုင်ကြသည်။
ထိုနဂါးဟိန်းသံသည် သူတို့နှလုံးသားများ၏ အနက်ပိုင်းထဲရှိ အကြောက်တရားကို နှိုးဆွပေးပေလိမ့်မည်။
ယခု ဆူဇီမို၏ နဂါးဟိန်းသံလျှို့ဝှက်အတတ်က ထွက်ပေါ်လာပြီး မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံးက နှုတ်ဆိတ်သွားကြသည်။
ခပ်လှမ်းလှမ်းမှာရှိသော လုံလီပင်လျှင် ထိုနဂါးဟိန်းသံလျှို့ဝှက်အတတ်ကို အာရုံခံမိသောအခါ ဆတ်ခနဲတုန်ခါသွားသည်။
သူမပင်လျှင် အဲဒါကို အနိုင်နိုင်ခုခံရသည်။
ဘေးပတ်ဝန်းကျင်မှာရှိသော အန္တိမပကတိစိတ်ဝိညာဉ်ဆယ့်ရှစ်ဦးသည် နဂါးဟိန်းသံလျှို့ဝှက်အတတ်၏ ထိတွေ့ရိုက်ခတ်မှုမျာ တစ်ယောက်ပြီးတစ်ယောက် ရပ်တန့်သွားပြီး သူတို့၏ တိုက်ခိုက်မှုများလည်း ရပ်တန့်သွားလေသည်။
ဖောက်…
ရုတ်တရက်ဆိုသလို။
လူတိုင်း၏ ရှေ့မှောက်မှာပင် အမြုတေယန်ကမ္ဘာမှ အန္တိမပကတိစိတ်ဝိညာဉ်၏ ခန္ဓာကိုယ်က သွေးမြူတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဤလူသည် အဆင့်နိမ့်ကမ္ဘာတစ်ခုမှ လာခဲ့လေသည်။ သူက အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးဖြစ်သည်အထိ ကျင့်ကြံထားသော်လည်း သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးက အတော်လေးအားနည်းသည်။ ယခုသူသည် ဆူဇီမိုနှင့် အနီးဆုံးမှာရှိနေပြီး သူက နဂါးဟိန်းသံလျှို့ဝှက်အတတ်ကြောင့် သေသည့်တိုင်အောင် တုန်ခါသွားခဲ့သည်။
သူ၏ အမြုတေစိတ်ဝိညာဉ်ကပင် မလွတ်မြောက်နိုင်ဘဲ သူက လုံးလုံးလျားလျားချေမှုန်းဖျက်ဆီးခံလိုက်ရသည်။ တကယ်တော့ သူတစ်ယောက်တည်းသာ မဟုတ်ပေ။
အခြားသော အန္တိမပကတိစိတ်ဝိညာဉ်ဆယ့်ခုနှစ်ဦးကလည်း အတော်အတန်ကြီးမားသည့် ရိုက်ချက်ကို တွေ့ကြုံခံစားခဲ့ရသည်။ လူတချို့က အသံပိုင်းလျှို့ဝှက်အတတ်များကို ထုတ်ဖော်လိုက်သော်လည်း သူတို့သည် နဂါးဟိန်းသံလျို့ဝှက်အတတ်ကို မခုခံနိုင်ဘဲ ချက်ချင်းပင်အရေးနိမ့်သွာသည်။ ကိုယ်ကာယနှင့် မျိုးဆက်သွေးများ လုံလောက်အောင် မသန်မာသည့် အန္တိမပကတိစိတ်ဝိညာဉ်အချို့သည် ဆတ်ခနဲတုန်ယင်သွားပြီး သူတို့၏ ဒွာရခုနှစ်ပေါက်ကနေ သွေးများက စတင်စီးကျလာသည်။
သူတို့၏ အရိုးစုတချို့ကပင် တကျွိကျွိမြည်လာပြီး သူတို့၏ ကိုယ်တွင်းအင်္ဂါများက ရွေ့လျားကာ သွေးများစွာကို ထွေးထုတ်နေရသည်။
ခြေသုံးချောင်း ရွှေကျီးကန်းမျိုးနွယ်မှ လုထျန်၊ ဘီလူးမျိုးနွယ်နှင့် အခြားအန္တိမပကတိစိတ်ဝိညာဉ်တချို့ကသာ စွမ်းအားကြီးမားသော ကိုယ်ကာယများရှိပြီး သိသာထင်ရှားသော ထိခိုက်ဒဏ်ရာများကို မရရှိကြပေ။
တကယ်တော့ နဂါးဟိန်းသံလျှို့ဝှက်အတတ်တစ်ခုက ဤကဲ့သို့သောစွမ်းအားကို ထုတ်ဖော်ဖို့ ခဲယဉ်းပေလိမ့်မည်။
သို့သော်လည်း ခေါင်းလေးလုံး လက်ရှစ်ဖက်အခြေအနေမှာ ဆူဇီမို၏ ပါးစပ်လေးပေါက်က တစ်ချိန်တည်းမှာ ပွင့်ဟလာပြီး နဂါးဟိန်းသံလျှို့ဝှက်အတတ်ကို ထုတ်ဖော်ခဲ့သည်။
ဤသည်မှာ နဂါးဟိန်းသံလျှို့ဝှက်အတတ်လေးခုကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်ခြင်းနှင့်တူပြီး ထွက်ပေါ်လာသော သေစေနိုင်စွမ်းအားက မနှိုင်းယှဉ်သာအောင် ကြောက်စရာကောင်းနေသည်။
ဤသည်က ခေါင်းလေးလုံးရှိထားခြင်း၏ အစစ်အမှန်အဓိပ္ပါယ်ဖြစ်သည်။
အန္တိမပကတိစိတ်ဝိညာဉ်များပင် ထိုသို့ဆိုပါက သူတို့နောက်ကနေ ပြေးလိုက်လာသော ပကတိစိတ်ဝိညာဉ်ပညာရှင်များစွာ၏ အခြေအနေက ပို၍ပင် ဆိုးဝါးလေသည်။
တိုက်ပွဲနယ်မြေမှာ နဂါးဟိန်းသံလျှို့ဝှက်အတတ်သည် လေဟာနယ်ကို လှုပ်ခါသွားစေပြီး မျက်စိဖြင့် မြင်နိုင်သော ဝဲဂယက်များက အဘက်ဘက်ကို ဖြာထွက်သွားသည်။
ဖောက်… ဖောက်… ဖောက်…
ပကတိစိတ်ဝိညာဉ်ပညာရှင်များ၏ ခန္ဓာကိုယ်များက ထိုဝဲဂယက်မျာဖြင့် တွန့်လိမ်စွာကြေမွသွားခြင်း သို့မဟုတ် သွေးမြူများအဖြစ် ချက်ချင်းပြောင်းလဲသွားခြင်းဖြင့် သေဆုံးကုန်ကြသည်။
ချက်ချင်းပင် မရေမတွက်နိုင်သော ပကတိစိတ်ဝိညာဉ်ပညာရှင်များက ဆူဇီမိုနားသို့ မချဉ်းကပ်နိုင်ခင် နေရာမှာပင် သေဆုံးသွားကြသည်။
တိုက်ပွဲနယ်မြေပတ်လည်မှာရှိသောလေဟာနယ်က သွေးများဖြင့်နီစွေးလာခဲ့သည်။
ရလဒ်အနေဖြင့် သွေးမိုးများက ကောင်းကင်ထက်ကနေ စတင်ကျဆင်းလာ၏။
ဤသည်က တကယ့်ကို ချောက်ချားစရာကောင်းလွန်းသည်။
ဟိန်းဟောက်သံတစ်သံ၏ စွမ်းပကားက ဤမျှအထိ အမှန်တကယ်ကြောက်စရာကောင်းနေသည်။
အသံပိုင်းလျှို့ဝှက်အတတ်တစ်ခုကပင် အန္တိမပကတိစိတ်ဝိညာဉ်ဆယ့်ရှစ်ဦး၏ ယုံကြည်မှုကို လုံးလုံးလျားလျားခြေမွှဖျက်ဆီးပစ်လိုက်သည်။
သူတို့သည် ဆူဇီမို၏ ဟိန်းဟောက်သံမှာ သေဆုံးသွားသော အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးနှင့် ကျန်ရှိနေသော လူဆယ့်ခုနှစ်ဦးက အတော်အတန်ထိခိုက်မှုခံစားလိုက်ရသည်ကို တွေ့မြင်သောအခါ မည်သူက ရှေ့ကို တက်ရဲဦးမည်လဲ။
ဝူရှင်းပင်လျှင် အခြားသူများကို သွေးထိုးလှုံ့ဆော်ဖို့ ဆက်လက်၍ စိတ်ကူးမရှိတော့ဘဲ သူက ဤနေရာကနေ ထွက်ခွာချင်နေပြီဖြစ်သည်။
အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကသာ ခေါင်းလေးလုံးလက်ရှစ်ဖက်အခြေအနေမှာရှိသော ဆူကျူးကို ဖိနှိမ်နိုင်မည့် တစ်ခုတည်းသော အရာဖြစ်ပေလိမ့်မည်။
ဝူရှင်း၊ လုချန်နှင့် အခြားသူများသည် ဆုတ်ခွာဖို့ စီစဉ်ထားခဲ့ကြသည်။ သူတို့သည် လောလောဆယ်မှာ အန္တရာယ်ကို ရှောင်လွှဲပြီး တိုက်ပွဲနယ်မြေကနေ ဆုတ်ခွာဖို့ပြင်လိုက်ကြ၏။
သို့သော်လည်း ဆူဇီမိုသည် သူတို့ကို အလွယ်တကူထွက်ခွာခွင့်ပေးလိမ့်မည် မဟုတ်ပေ။
နဂါးဟိန်းသံလျှို့ဝှက်အတတ်အပြီးမှာ ဆူဇီမိုက ချင်းဖျင်ဓားကို ကိုင်ဆွဲပြီး ခုတ်ပိုင်းချလိုက်၏။
ရွှစ်…
မရေမတွက်နိုင်သော အစိမ်းရောင်ဓားအရိပ်များက ပေါက်ကွဲထွက်ပေါ်လာပြီး ကောင်းကင်ထက်ကနေ ဆင်းသက်လာ၏။
လေဟာနယ်သည် ကြီးမားသော ထိတွေ့ရိုက်ခတ်မှုကို တွေ့ကြုံခံစားလိုက်ရသည့်အလား တိုက်ပွဲနယ်မြေ၏ အလယ်မှာရှိသော လေဟာနယ်က ရုတ်တရက်တွန့်လိမ်ကာ ပြိုကျသွားပြီး ဧရာမတွင်းချိုင့်တစ်ခုကို ပေါ်ထွက်လာစေသည်။
ထိုတွင်းချိုင့်သည် စွမ်းအားကြီးမားသော စုပ်ယူအားတစ်ခုကို ထုတ်ဖော်ပြီး ဘေးပတ်လည်မှာရှိသော အန္တိမပကတိစိတ်ဝိညာဉ်ဆယ့်ခုနှစ်ဦးကို ဝါးမျိုချင်နေ၏။
ထိုတွင်းချိုင့်အတွင်းမှာ အသက်ဓာတ်ကင်းမဲ့နေသော ဘဝနေဝင်ချိန်အော်ရာတစ်ခုရှိနေပြီး အဲဒါက ဧရာမ ဂူသင်္ချိုင်းတစ်ခုနှင့် တူနေသည်။
မရေမတွက်နိုင်သော ဓားအရိပ်များက ရောထွေးယှက်ဖြာသွားပြီး ဧရာမဂူသင်္ချိုင်းထဲသို့ ဆင်းသက်လာကာ အသက်ဓာတ်အားကို ဖြတ်တောက်ပြီး သူတို့၏ ထွက်လမ်းများအားလုံးကို ပိတ်ဆို့လိုက်သည်။
ဓားသင်္ချိုင်း…
နှစ်တစ်ထောင်ကြာပြီးနောက် ဓားသင်္ချိုင်းဓမ္မတာအိုက ပို၍ပင် ကြောက်စရာကောင်းလာခဲ့ပြီဖြစ်သည်။
၎င်းမှာ ဓားတာအို၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသာမက ကောင်းကင်သင်္ချိုင်း၏ မရဏစိတ်ဆန္ဒပါ ပါဝင်နေသည်။ သူတို့နှစ်ခုက ပြီးပြည့်စုံလုနီးပါး ပေါင်းစည်းသွားပြီး ဤဓားတာအိုကို ဖြစ်ပေါ်လာစေသည်။
ဖောက်…
အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးသည် အစိမ်းရောင်ဓားအရိပ်များစွာဖြင့် ထိုးဖောက်ခံလိုက်ရသည်။ ချက်ချင်းပင် သူ့ခန္ဓာကိုယ်က စကာပေါက်ဖြစ်သွားပြီး သူ၏ သွေးချီကို ဆုံးရှုံးသွားရသည်။
ထိုလူ၏ မျက်လုံးများက ပြူးကျယ်နေပြီး သူ၏ လက်နှစ်ဖက်ကို လွှဲယမ်းနေ၏။ သူသည် ဤနေရာကနေ ထွက်ပြေးလွတ်မြောက်နိုင်ဖို့ ကြိုးစားရုန်းကန်နေသည်။ သို့သော်လည်း သူသည် ဓားသင်္ချိုင်းစိတ်ဆန္ဒကို မခုခံနိုင်ဘဲ ဂူသင်္ချိုင်းထဲသို့ ဆွဲယူသွင်းခံရကာ သူ၏ အသက်ဓာတ်က ဖြတ်တောက်ခံလိုက်ရသည်။