ကြောက်လန့်သွားကြခြင်း
Vol. 192 Ch. 2880
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ အရွယ်အစားအမျိုးမျိုး ကျောက်စရစ်ခဲများစွာက လွင့်မျောနေ၏။
ကျောက်စရစ်ခဲများထဲမှာ အစက်ပြောက်တစ်ခုက ပုန်းကွယ်နေလေသည်။ လူတစ်ယောက်၏ စိတ်ဝိညာဉ်အသိစိတ်က ထိုအထဲသို့ ဝင်ရောက်သွားမည်ဆိုလျှင် အဲဒါသည် အတွင်းမှာ သူ့ကိုယ်ပိုင်လောကငယ်တစ်ခုနှင့် အာကာသဆုံမှတ်တစ်ခုဖြစ်သည်ကို ရှာဖွေတွေ့ရှိရပေလိမ့်မည်။
ဤသည်မှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ လျှို့ဝှက်ကုန်းမြေတစ်ခုဖြစ်သည်။
ပင်မအုပ်ချုပ်သူများနှင့် ဤနေရာမှာ မှီတင်းနေထိုင်သူများအပါအဝင် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ ကျင့်ကြံသူများနှင့် သက်ရှိပေါင်းများစွာရှိပြီး မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ တစ်ထောင့်တစ်နေရာမကျန် စောင့်ကြည့်နေကြသည်။
“ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ အတော်လေး ရုတ်ရုတ်သဲသဲဖြစ်နေတာပဲ”
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ လျှို့ဝှက်ကုန်းမြေထဲမှာ လေထဲတွင် လွင့်မျောနေသော ဧရာမနန်းတော်တစ်ခုကနေ အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာ၏။ သို့သော်လည်း မည်သူ့ကိုမှ မတွေ့မြင်နိုင်ပေ။
“အဲဒါကို ငါတွေ့တယ်… အနှိုင်းမဲ့နတ်ဘုရားစွမ်းအားခြောက်ခုကို နားလည်ဆင်ခြင်ထားတဲ့ ပြန်ဝင်စားမွန်းစတားတစ်ယောက်က ဓားကမ္ဘာမှာ ပေါ်ထွက်လာတယ်… အဲဒါက တကယ့်ကို ရှားရှားပါးပါးပဲ”
ဗလာကျင်းနေသော နန်းတော်ထဲကနေ နောက်ထပ်အသံတစ်သံ ထွက်ပေါ်လာသည်။
“အဲဒါက အနှိုင်းမဲ့နတ်ဘုရားစွမ်းအားခြောက်ခုတင် မဟုတ်ဘူး… စောစောက ဒီကောင်လေးထုတ်ဖော်လိုက်တဲ့ ဓမ္မအစီအရင်မှာ တဗူးဂမ္ဘီရကျင့်စဉ်နှစ်ခုရဲ့ လေးနက်သိမ်မွေ့မှုတွေ ပါဝင်နေတယ်… တစ်ခုက အထွတ်အထိပ်ကောင်းကင်ဘုံဓားကျင့်စဉ်ပဲ… နောက်တစ်ခုက ကောင်းကင်သင်္ချိုင်းသုဿန်ပဲ”
တတိယအသံက ထွက်ပေါ်လာ၏။
ကောင်းကင်သင်္ချိုင်းသုဿန်ဟူသော စကားသံထွက်ပေါ်လာပြီးနောက် နန်းတော်က ရုတ်တရက်တိတ်ဆိတ်ငြိမ်သက်သွားပြီး လေထုက အနည်းငယ်တင်းကျပ်လေးလံလာခဲ့သည်။
ခဏနေပြီးနောက် နန်းတော်ထဲကနေ သက်ပြင်းချသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာသည်။
“သူ ပြန်လာပြီပဲ”
“အရင်တုန်းက တမလွန်ကိုးဘုံအပြစ်သားကုန်းမြေ ဖျက်ဆီးခံလိုက်ရတာက သူ့ရဲ့လုပ်ရပ်များလား”
“ငါတော့ အဲ့လိုမထင်ဘူး… ငါ အဲဒီကို တစ်ချက်သွားကြည့်ခဲ့သေးတယ်… အဲဒါက ငရဲအရှင်ရဲ့စွမ်းအားနဲ့ ပိုတူတယ်”
“ငရဲအရှင်လား… ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… သူက အနန္တရဲ့ ဖိနှိမ်ခံခဲ့ရတာ ကြာခဲ့ပြီ မဟုတ်လား”
“ငါလည်း မပြောတတ်ဘူး”
“ဓားကမ္ဘာက ဆူကျူးက ကောင်းကင်သင်္ချိုင်းသုဿန်ကို သိထားတယ်… သူက အဲဒီလူရဲ့ အရိုက်အရာဆက်ခံသူလား”
“မဟုတ်လောက်ဘူး… အဲဒါက သူရွေးချယ်ထားတဲ့သူဆိုရင် သူက ဘယ်လိုလုပ် အလွယ်တကူ ပေါ်ထွက်လာမှာလဲ… သူ့ရဲ့ရွှေ့ကွက်က ဓားကမ္ဘာမှာ မဟုတ်လောက်ဘူး… ကောင်းကင်ဘုံကမ္ဘာမှာ ဖြစ်လိမ့်မယ်”
“ဒီကောင်လေးက သူ့ရဲ့အရိုက်အရာဆက်ခံသူ မဟုတ်ဘူးဆိုရင်တောင် သူက ဘာပဲပြောပြော သူ့အမွေအနှစ်ကို ရရှိထားတာပဲ… သူတို့ကြားမှာ ပတ်သက်ဆက်နွယ်မှုတချို့ ရှိနေနိုင်တယ်… ငါတို့ သူ့ကို သတ်သင့်လား”
“ပကတိစိတ်ဝိညာဉ်တစ်ဦးဆိုတာ ငါတို့အတွက် ပုရွက်ဆိတ်တစ်ကောင်ပဲ… ဘာခြိမ်းခြောက်မှုမှ မရှိဘူး… ငါတို့က ဘာကိုဂရုစိုက်နေရမှာလဲ”
“ဆူကျူးက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ သတ်ဖြတ်စက်တစ်လုံးဖြစ်နေပြီ… သူက ကမ္ဘာအတော်တော်များကို ဆန့်ကျင်ထားတယ်… သူ့ကိုရှင်းထုတ်ပစ်ချင်တဲ့သူတွေ အများကြီးရှိနေပြီ… အဲဒါကို ဒီတိုင်းလွှတ်ထားလိုက်… ငါတို့တွေက မီးထဲကို လောင်စာထပ်ထည့်ပေးရုံပဲ”
“အမှန်ပဲ… ဆူကျူးကို သူ့ဝမ်းသူကျောင်းခိုင်းလိုက်တာက ဓားကမ္ဘာကို တူညီတဲ့အမှားမျိုး ထပ်မလုပ်ဖို့ သတိပေးလိုက်သလိုလည်းဖြစ်မယ်… ဓားကမ္ဘာက အဲဒီအဘိုးကြီးတွေက အဲဒါကို နားလည်သဘောပေါက်သွားလိမ့်မယ်”
“ပကတိစိတ်ဝိညာဉ်တစ်ဦးကို ဂရုစိုက်နေစရာမလိုဘူး… ငါတို့က ကောင်းကင်ဘုံကမ္ဘာဘက်ခြမ်းကိုပဲ ဆက်ပြီးအာရုံစိုက်ထားရမယ်”
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်မှာ….
မကြာမကြာဆိုသလို လူအုပ်ကြားထဲမှာ အံ့အားတသင့်ရေရွတ်သံများနှင့် ပင့်သက်ရှိုက်သံများက ထွက်ပေါ်လာတတ်သည်။
ဆက်တိုက်တိုက်ခိုက်ပြီးနောက် ဓားကမ္ဘာမှ ဆူကျူးသည် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ ရှယင်၊ ကျောက်တုံးမျိုးနွယ်၏ ရှစ်ပိုနှင့် နတ်ဘုရားမျိုးနွယ်၏ နတ်ဘုရားသားတော်မင်ဟွေ့တို့ကို သတ်ဖြတ်ခဲ့သည်။ သွေးနွယ်ပင်မျိုးနွယ်မှ ရွှယ်ဝမ်ကို ဒဏ်ရာအပြင်းအထန်ရရှိစေပြီး အန္တိမပကတိစိတ်ဝိညာဉ် ၁၈ဦးဖြင့် ဝိုင်းပတ်ပိတ်ဆို့ခံရပြီးနောက် သူသည် ဤကဲ့သို့ ကြောက်စရာကောင်းသော တန်ပြန်တိုက်ခိုက်မှုတစ်ရပ်ကို ထုတ်ဖော်နိုင်ဆဲဖြစ်သည်။
ဝူရှင်းနှင့် လုထန်အပါအဝင် အန္တိမပကတိစိတ်ဝိညာဉ် ၁၈ဦးက အကုန်ရှင်းလင်းသုတ်သင်ခံလိုက်ရသည်။
“ဒီကောင်လေးက တော်တော့်ကို သန်မာတာပဲ”
“သူက သူ့ရဲ့အမြုတေစိတ်ဝိညာဉ်ကို ဒီလောက်အထိ သိပ်သည်းကျစ်လျစ်အောင် ဘယ်လိုများကျင့်ကြံထားလဲမသိဘူး… ဒီလောက်များတဲ့ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတွေကို ထုတ်ဖော်ပြီးတာတောင် သူ့မှာ ခွန်အားကျန်ရှိနေတုန်းပဲ”
“သူကပြိုင်ဘက်ကင်းနေပြီ… သူက သမိုင်းတစ်လျှောက် နံပါတ်တစ် ပကတိစိတ်ဝိညာဉ်ပဲ”
ကမ္ဘာအများစုသည် အစက တိုက်ပွဲကို စောင့်ကြည့်နေရုံသာဖြစ်ပြီး မည်သည့်ဘက်မှာမှ မရပ်တည်ခဲ့ကြပေ။
ဤကဲ့သို့ ရလဒ်တစ်ခုကို တွေ့မြင်သောအခါ သူတို့ထံမှာ အံ့အားတသင့် ရေရွတ်ပြောဆိုသံများ ထွက်ပေါ်လာကြသည်။
သို့သော်လည်း စုန်းကမ္ဘာ၊ ရွှေကျီးကန်းကမ္ဘာ၊ ကောင်းကင်ဘုံမျက်လုံးကမ္ဘာနှင့် အခြားသောကမ္ဘာများမှ ဘုရင်များသည် သူတို့၏ အန္တိမပကတိစိတ်ဝိညာဉ်များကို ဆုံးရှုံးထားခါစဖြစ်ပြီး သူတို့၏ အမူအရာများက ပျက်ယွင်းနေကာ မုန်းတီးစွာဖြင့် အံကိုကြိတ်ထားကြသည်။
သူတို့၏ ဘေးပတ်လည်မှ ပြောဆိုသံများကို နားထောင်ရင်း သူတို့သည် အော်ဟစ်အားပေးနေသည့် ဓားကမ္ဘာမှ လူများကိုကြည့်ကာ ဘုရင်အေးစက်မျက်လုံး၊ ဘုရင်စုန်းသွေးနှင့် အခြားသူများက ပို၍ပင် ဒေါသချောင်းချောင်းထွက်လာကာ သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ကြတော့ပေ။
“လုယွင်… သိပ်ပြီး အူမြူးအားရမနေနဲ့”
ဘုရင်စုန်းသွေးက အံကိုကြိတ်ပြီး တစ်ခုခုကိုပြောတော့မည့်ဆဲဆဲဖြစ်သည်။
ဘေးကနေ နဂါးဘုရင်မ ဦးချိုမဲ့က ရုတ်တရက်ဝင်ပြောလိုက်၏။
“နင်တို့မျိုးနွယ်က ရှယင်က အထဲမှာသေသွားရမယ်ဆိုရင် စေဒကမတက်ဘူး… မကျေမချမ်းမဖြစ်ဘူး…. ဘယ်သူ့ကိုမှ အပြစ်မတင်ဘူးလို့ပြောခဲ့တာ ဘယ်သူတွေပါလိမ့်”
ဘုရင်စုန်းသွေး၏ မျက်နှာက ဒေါသချောင်းချောင်းထွက်လာပြီး သူက သူ့ပါးသူ ပြန်ရိုက်ပစ်ချင်နေမိသည်။
နဂါးဘုရင်မ ဦးချိုမဲ့က လှောင်ရယ်လိုက်၏။
“ဘုရင်စုန်းသွေး… ငါသာ နင့်နေရာမှာဆိုရင် ဒီထက်ပိုပြီး အရှက်မကွဲအောင် အသာတကြည်နှုတ်ပိတ်နေမိပေလိမ့်မယ်”
ထိုစကားကို ကြားသောအခါ ဘုရင်စုန်းသွေးသည် မွန်းကျပ်ဖွယ်ရာ ခံစားလာရပြီး သွေးများစွာကို အန်ထုတ်တော့မည့်မတတ်ပင်။
အင်မော်တယ်ဘုရင်မယိုလန်က ရုတ်တရက်ပြုံးလိုက်၏။
“ပြောရမယ်ဆိုရင်…. ဝူရှင်း၊ လုထန်နဲ့ တခြားမိတ်ဆွေတွေက ဆူကျူးနဲ့ ရန်ငြိုးရန်စရှိခဲ့တာမဟုတ်ဘူး… သူတို့တွေက ဒီနေရာမှာ ဒီလိုကပ်ဘေးနဲ့ မကြုံတွေ့သင့်ဘူး”
“အကြောင်းကတော့ မိတ်ဆွေလေးရှယင်က ဆူဇီမိုရဲ့ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားကို သူမသေခင် လုယူပြီး ဝူရှင်း၊ လုထန်နဲ့ တခြားသူတွေကို လောဘတက်စေခဲ့လို့ပဲ… အဲဒါကြောင့် သူတို့က ဒီလိုအခြေအနေနဲ့ အဆုံးသတ်သွားရတာ”
အစကတော့ ဘုရင်အေးစက်မျက်လုံးသည် ထိုစကားကိုကြားသောအခါ စိတ်ထဲမှာထည့်မထားပေ။
သို့သော်လည်း အင်မော်တယ်ဘုရင်မယိုလန်၏ စကား ပြီးဆုံးသွားပြီးနောက် ဘုရင်များစွာက သူရှိရာဘက်သို့ စိုက်ကြည့်လာသည်ကို သူက ရုတ်တရက်နားလည်သဘောပေါက်လိုက်သည်။ ဘုရင်စုန်းသွေး၊ ဘုရင်လုဝူနှင့် အခြားသူများကပင် သူ့ကို မကျေမချမ်းအငွေ့အသက်များနှင့် ကြည့်လာကြပြီဖြစ်သည်။
ဘုရင်အေးစက်မျက်လုံးက ဖြစ်ပျက်နေသည့်အရာကို နားလည်သဘောပေါက်သွားသောအခါ သူက ချက်ချင်းပင် ပျာပျာသလဲဖြစ်သွားပြီး ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်၏။
“ယိုလန်.. နင့်စကားက ဘာအဓိပ္ပါယ်လဲ”
“ဝူရှင်း၊ လုထန်နဲ့ တခြားသူတွေက ဆူကျူးရဲ့လက်ထဲမှာ သေခဲ့ရတာပဲ… နင်က အဲဒီသွေးကြွေးကို ငါတို့ ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်အပေါ် ပုံချချင်လို့လား”
အင်မော်တယ်ဘုရင်မယိုလန်က ပြုံး၍ ခေါင်းခါပြလိုက်၏။
“ဘုရင်အေးစက်မျက်လုံး… အဲ့စကားကို ငါပြောခဲ့တာမဟုတ်ဘူး”
“ဝူရှင်း၊ လုထန်နဲ့ တခြားသူတွေက ဆူဇီမိုရဲ့သတ်ဖြတ်ခံခဲ့ရတာဆိုတာ တကယ်ပဲ… ဒါပေမဲ့ သူတို့တွေက အဲဒီလမ်းကို သူတို့ကိုယ်တိုင်ရွေးချယ်ခဲ့တာပဲ… ဘာပဲပြောပြော တစ်ဖက်သူ အားနည်းနေတဲ့အချိန်မှာ မြေနိမ့်ရာလှံစိုက်ချင်ခဲ့တဲ့သူတွေက သူတို့တွေပဲ… နောက်ပြီး အဲဒါအတွက် အဓိကအကြောင်းအရင်းက ရှယင်က သူတို့ကို အပါဆွဲခေါ်သွားခဲ့တာမို့လို့ပဲ”
“အဲဒါ တကယ်ပဲ... ရှယင်ရဲ့ ရွှေ့ကွက်ကြောင့်သာမဟုတ်ရင် ဆူကျူးက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကနေ တိုက်ရိုက်ထွက်ခွာလာမှာ… နတ်ဘုရားသားတော်မင်ဟွေ့၊ ရှစ်ပို၊ ဝူရှင်းနဲ့ တခြားသူတွေကလည်း အခုလိုသေခဲ့ရမှာ မဟုတ်လောက်ဘူး”
“ရှယင်က တော်တော်လွန်တာပဲ”
“အမှန်ပဲ… သူက သေခြင်းတရားကနေ မလွတ်မြောက်နိုင်တော့ဘူးဆိုတာ သိပေမဲ့ သူက သူနဲ့အတူ အန္တိမပကတိစိတ်ဝိညာဉ်တစ်အုပ်စုကိုပါ အပါဆွဲခေါ်သွားချင်ခဲ့တာပဲ… ဘယ်လောက်တောင် မကောင်းဆိုးဝါးဆန်လိုက်လဲ”
ဘုရင်အေးစက်မျက်လုံးသည် သူ၏ ဘေးပတ်လည်မှ ဆွေးနွေးပြောဆိုသံများကို ကြားသောအခါ သူ၏ ခေါင်းထဲမှာ တစီစီမြည်လာပြီး သူ၏ မျက်လုံးများက နီရဲလာခဲ့သည်။
ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ လူတိုင်းကလည်း ကြက်သေသေနေကြ၏။
သူတို့သည် ရှယင်၏ သေဆုံးမှုမှ ပူဆွေးဝမ်းနည်းမှုကနေ မသက်သာနိုင်ခင် ကြီးမားသော စွပ်စွဲချက်တစ်ခုက သူတို့အပေါ်ကျဆင်းလာပြီး သူတို့၏ အခြေအနေက အတော်လေးပင် ဆိုးဝါးလာသည်ကို သူတို့က ရုတ်တရက်နားလည်သဘောပေါက်လိုက်သည်။
ထပ်တလဲလဲ ထိုးနှက်ချက်များအပြီးမှာ ဘုရင်အေးစက်မျက်လုံးက သူ၏ စိတ်ခံစားချက်များကို ဆက်လက်၍ မထိန်းချုပ်နိုင်တော့ပေ။ သူက မလှမ်းမကမ်းရှိ ဧရာမပိတ်ကားပြင်ကို လက်ညှိုးထိုးပြီး မုန်းတီးစွာ ပြောလိုက်၏။
“သူက ခေါင်းလေးလုံး လက်ရှစ်ဖက်ကို ပိုင်ဆိုင်ထားတယ်ဆိုတော့ရော ဘာဖြစ်သလဲ”
“သူက အနှိုင်းမဲ့နတ်ဘုရားစွမ်းအား အတော်တော်များကို ထုတ်ဖော်ထားခဲ့တယ်… ဒီလောက်များတဲ့ ဝှက်ဖဲတွေကို ထုတ်ဖော်ပြီးတဲ့နောက် သူ့မှာ ခွန်အားဘယ်လောက်များများ ကျန်တော့မှာလဲ”
“ဘယ်အန္တိမပကတိစိတ်ဝိညာဉ်မဆို ရှေ့သို့ထွက်ရဲတာနဲ့ သူ့ကိုသတ်ဖြတ်ဖို့ လုံလောက်တယ်”
တကယ်တော့ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှ အန္တိမပကတိစိတ်ဝိညာဉ်များက ရှေ့သို့ထွက်ကာ ဆူဇီမိုကို တိုက်ခိုက်လိုသည်ဆိုလျှင် သူတို့က အဲဒါကို လုပ်ပြီးနေလောက်ပေပြီ။
ယခုအချိန်မှာ ကျန်ရှိနေသော အန္တိမပကတိစိတ်ဝိညာဉ်များအားလုံးနီးပါးသည် စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေရုံမျှသာ ဖြစ်ကြသည်။
တကယ်တော့ စောင့်ကြည့်နေသော ပကတိစိတ်ဝိညာဉ်များစွာရှိပြီး လောဘတက်လာသော လူများကလည်း သေချာပေါက်ရှိနေသည်။
ခွန်ကမ္ဘာနှင့် ဖန်းကမ္ဘာမှ လူနှစ်ယောက်က စမ်းကြည့်ဖို့ကို စိတ်အားထက်သန်နေကြသည်။
တိုက်ပွဲရမှတ်ကျောက်စိမ်းကျောက်စာတိုင်ပေါ်မှာ ထိပ်ဆုံး ဆယ်ယောက်သည် ထိခိုက်ဒဏ်ရာရသူရ၊ သေသူသေ ဖြစ်ကုန်ကြလေပြီ။
သူတို့နှစ်ယောက်က ကျန်ရှိနေသော အန္တိမပကတိစိတ်ဝိညာဉ်များကြားမှာ အသန်မာဆုံးဖြစ်သည်။ သို့သော်လည်း သူတို့နှစ်ယောက်က ရှေ့သို့ထွက်လာပြီး အစိမ်းရောင်ဝတ်လူထံ လျှောက်လှမ်းမသွားခင်မှာပင် ထိုသူက ရုတ်တရက် သူတို့ဘက်သို့ မှင်သေသေဖြင့် လှည့်ကြည့်လာခဲ့သည်။
ထိုသူ၏ မျက်လုံးများက ဘယ်ဘက်မျက်လုံးက ပိန်းပိတ်အောင် နက်မှောင်နေပြီး ညာဘက်မျက်လုံးက ပကတိဖြူစွတ်နေ၏။
ခွန်ကမ္ဘာမှ ပေမင်ယွမ်နှင့် ဖန်းကမ္ဘာမှ နဝမမင်းသားသည် သူတို့၏ နှလုံးသားအနက်ပိုင်းထဲမှ အကြောက်တရားကို နောက်တစ်ဖန်ခံစားလိုက်ရပြီး ရှယင်၏ ဆိုးဆိုးဝါးဝါးသေဆုံးမှုကို ပြန်လည်မြင်ယောင်လာကာ ချွေးစေးများ ထွက်လာကြလေသည်။
အန္တိမပကတိစိတ်ဝိညာဉ်နှစ်ဦးသည် ယခုတင် ခြေလှမ်းဝက် ရှေ့တိုးခါစဖြစ်ပြီး ဆူဇီမို၏ အကြည့်မှာ ကြောက်ရွံ့စွာဖြင့် နောက်ပြန်ဆုတ်သွားကြလေသည်။