မီးလျှံသစ်သီး ... ။
Vol. 7 Ch. 81
“ သဘာဝရတနာတွေကို … ငါတကယ် ဂရုမစိုက်ဘူး ဒါပေမယ့် အခွင့်အရေးရရင်တော့ ယူလိုက်မယ် ... မရရင် မယူဘူး ...
... အန္တရာယ်များရင် အမြန်ဆုံး ထွက်သွားမယ် ... အခွင့်အရေးနဲ့ ရတနာတွေက အရေးမကြီးဘူး ... ငါ့ရည်ရွယ်ချက်က ရှင်သန်ကျန်ရစ်ဖို့ပဲ။ ”
အဆုံးတွင် ကျေနပ်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။ ဤကမ္ဘာကြီးသည် အလွန်ကြီးမားပြီး အန္တရာယ်များလှ၏။
သတိမထားဘဲ နေ၍မရချေ။ အတွေးများစွာဖြင့် ချင်ယွင်စျေးမြို့လယ်ရှိ ချင်ယွမ်ခန်းမသို့ မျှော်ကြည့်လိုက်သည်။
သူ့တွင် ထိုရေကန်အကြောင်း အချက်အလက်များ ရှိသော်လည်း နယ်မြေ ကျွမ်းကျင်မှု အားနည်းနေသည်။
ထို့ကြောင့် တစ်ယောက်တည်း မသွားလိုသဖြင့် ချင်းယွမ်ခန်းမဆီသို့ ဦးတည် လိုက်၏။ ခန်းမအတွင်း ဝင်လိုက်သည်နှင့် များပြားလှသော လူအုပ်ကြီးသည် ဥဒဟို သွားလာနေသည်ကို မြင်လာရသည်။
ထိုလူအုပ်အတွင်းမှ တစ်ဝက်သည် ယွမ်ဖူနယ်ပယ် ကျင့်ကြံသူများဖြစ်ပြီး ကျန် လူအများမှာ ရှန်ရှင်းနယ်ပယ် ဖြစ်သည်။
ဤလူများအနက် မည်သူမဆို ဖူစုနိုင်ငံသို့သွားရောက်သော် တုန်လှုပ်ဖွယ် တည်ရှိမှုများအဖြစ် ယူဆကြပေမည်။
သို့သော် လူအနည်းငယ်သည်သာ ထိုသို့ဝိညာဉ်စွမ်းအင်နည်းပါးသည့် ဒေသများထံ သွားရောက်ရန် စိတ်ကူးရှိနိုင်၏။ အများစုမှာ သာလွန်သောအရပ်များသို့သာ ခြေချလိုသည်။
ရွှမ်လင်ကုန်းမြေနှင့် နှင်းပန်းဓားကျောင်း တည်ရှိရာ ကုန်းမြေကြီးတို့သည် လူသားမျိုးနွယ် အတွက် ဗဟိုနယ်မြေများဖြစ်သည်။
ထိုဒေသများတွင် လူသားများအတွက် ကောင်းကင်နှင့် မြေကြီးကြား ဝိညာဉ်စွမ်းအင် များစွာ ပြည့်နှက်နေသည်။
ကျောက်စိမ်းနံရံရှိ မစ်ရှင်များအပေါ် ဝေ့ကြည့်လိုက်၏။ စုပေါင်းမစ်ရှင်တစ်ခုထံ အရောက်တွင် ရပ်တန့်သွားကာ၊
“ ဒါပဲ ... ။ ”
-ဟု ရေရွတ်လိုက်တော့၏။
***
နှစ်ရက်ကုန်လွန်ပြီးနောက် လေပြေညှင်းစားသောက်ဆိုင် အပေါ်ထပ်တွင် ကူချန်ထိုင်နေ၏။
လွန်ခဲ့သော နှစ်အနည်းငယ်က တာအိုချင်းရှနှင့်အတူ ဤဆိုင်တွင် စားသောက် ခဲ့ဖူးသည်။
ဆိုင်ရှင်သည် အမျိုးသမီးဟွိုက်ရှန်း ဖြစ်၏။ ခရမ်းရောင် နေမင်းနယ်ပယ် ကျင့်ကြံသူပေပင်။ ယခုတစ်ကြိမ်တွင် အခြားသော လူအချို့နှင့် ကူချန်ထိုင်နေခြင်းဖြစ်သည်။
ထိုစဉ် ပြုံးရွှင်သောအမူအရာဖြင့် အဖြူဝတ်လူငယ်တစ်ဦး သူတို့ထံလျှောက်လှမ်း လာနေ၏။
“ မီးလျှံသစ်သီး စုပေါင်းမစ်ရှင်အတွက် မင်းတို့ဒီမှာလား။ ”
ကူချန်မှ မော့ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ လူငယ်က ထိုင်ခုံတွင် ဝင်ထိုင်လိုက်၏။
ခါးတွင် ကျောက်စိမ်းဘူးသီးခြောက် တစ်လုံးချိတ်ဆွဲထားပြီး မျက်နှာ၌ အပြုံးတစ်ပွင့် ရှိနေသည်။ ထို့နောက် လူငယ်က လူတိုင်းထံ ဝေ့ကြည့်လျက်၊
“ ငါ အချိန်ကောင်း ရောက်လာတာပဲ ကျန်တဲ့တာအိုမိတ်ဆွေတွေလည်း ရောက်နေ ကြပြီကိုး ... ။ ”
-ဟု ဆိုကာ ဦးညွှတ်နှုတ်ဆက်၏။
“ ငါ့နာမည် ဖုန်မန်လျိုပဲ ... တာအိုမိတ်ဆွေအားလုံးကို နှုတ်ဆက်ပါတယ် ငါက ဒီစုပေါင်းမစ်ရှင်ကို ဦးဆောင်သူပါ ...
... ငါ့မှာ ပြောစရာအများကြီး မရှိပါဘူး ဒီတခေါက် မီးလျှံသစ်သီးကို ရယူနိုင်မယ်ဆိုရင် မင်းတို့ရဲ့ ဆုလာဘ်ကနေ ငွေတစ်စတောင် ...
... မလျော့စေရဘူး ... မင်းတို့ မအောင်မြင်ရင်တောင် ကျန်းချီဆေးပြား နှစ်ထောင် ငါပေးမယ်။ ”
ဖုန်မန်လျိုက လေးနက်သောအကြည့်ဖြင့် ပြောကြားလာသည်။ ထို့နောက် လူတိုင်းအပေါ် ဝေ့ကြည့်ပြီး၊
“ မင်းတို့နာမည်ကို ငါ မသိရသေးဘူး။ ”
-ဟု ဆိုလိုက်၏။
“ ငါ့နာမည် တာအိုချန်ရှန်ပါ ... တာအိုမိတ်ဆွေတွေနဲ့ တွေ့ခွင့်ရတာ ဝမ်းသာရပါတယ်။ ”
ကူချန်မှ လူတိုင်းကို လက်ချောင်းများ အချင်းချင်းယှက်ကိုင်ပြကာ နှုတ်ဆက်လိုက် လေသည်။
ဤသည်မှာ ငယ်ရွယ်သော တာအိုဘုန်းကြီးတစ်ပါးဖြစ်၏။ ကျောပေါ်တွင် ဓားတစ်လက်လွယ်လျက် တာအိုဝတ်ရုံမှာ သန့်ရှင်းတောက်ပြောင်လွန်းနေသည်။
ကျန်သုံးဦးအနက် မုတ်ဆိတ်မွှေးတိုတို အနက်ရောင် အဝတ်အစား ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးမှ လူတိုင်းထံ ဝေ့ကြည့်သည်။
မျက်နှာထားသည် အေးစက်လျက် ကျောပြင်တွင် ဓားတစ်လက် လွယ်ထားသည်။ သံချေးတက်နေသော ဓားလက်ကိုင်ရိုးကို ပခုံးမှကျော်ကာ မြင်နေရ၏။
“ ငါ့နာမည်က မိုကျိ ... ။ ”
လူတိုင်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် အဝါရောင်ဝတ်စုံ ဝတ်ထားသည့် သက်လတ်ပိုင်း အရွယ် အမျိုးသမီးအလှည့်ဖြစ်၏။
“ ကွမ်ရှင်း ... ။ ”
အမျိုးသမီး အသံအဆုံးတွင် အဖိုးအိုက ခေါင်းညိတ်ပြီး၊
“ ငါ့နာမည် ချမ်ရှန်။ ”
-ဟု မိတ်ဆက်လာ၏။
ဖုန်မန်လျိုမှ ခေါင်းညိတ်ကာ၊
“ ကောင်းပြီ ... မင်းတို့အကူအညီနဲ့ သေချာပေါက် ငါတို့ အောင်မြင်မှုရပါလိမ့်မယ် ကျေးဇူးပြုပြီး ... ။ ”
ဖုန်မန်လျိုက ဝိုင်တစ်ခွက်ငှဲ့ကာ မြှောက်ကိုင်လိုက်၏။ ကူချန်သည်လည်း အလားတူ လုပ်ဆောင်လိုက်သည်။
ဤသည်မှာ လေပြေညှင်း စားသောက်ဆိုင်၏ အထူးသီးသန့်ဝိုင်ဖြစ်၏။ လူအနည်းငယ်အတွက်သာ ရရှိနိုင်မည်။
မိုကျိနှင့် ကွမ်ရှင်းက မလှုပ်ချေ။ ချမ်ရှန်ဟုခေါ်သော အဖိုးအိုတစ်ဦးတည်းသာ ဝိုင်ခွက်ကိုမြှောက်လျက် ပြုံးလိုက်သည်။
ဖုန်မန်လျိုက လျစ်လျူရှုလျက် သောက်ချလိုက်သည်။ ထို့နောက် မိုကျိက သူ့ထံ စိုက်ကြည့်ကာ၊
“ သခင်လေး ကျေးဇူးပြုပြီး မစ်ရှင်အကြောင်း ပြောပြနိုင်မလား။ ”
-ဟု မေးမြန်းလာ၏။
ကွမ်ရှင်းသည်လည်း စိုက်ကြည့်လာ၏။ သူတို့နှစ်ဦးလုံးသည် စားဖွယ်များနှင့် ဝိုင်အပေါ် စိတ်မဝင်စားကြချေ။
ဖုန်မန်လျိုက ခေါင်းညိတ်ကာ ကျောက်စိမ်းပြားတစ်ပြားကို ပေးလိုက်၏။
“ ဒီအထဲမှာ မစ်ရှင်နဲ့ ပတ်သတ်တာတွေပါတယ် လူတိုင်းကြည့်လို့ ရတယ် ... ။ ”
မိုကျိမှ ဦးစွာကောက်ကိုင် ဖတ်ရှု၏။ ထို့နောက် ကွမ်ရှင်းနှင့် ချမ်ရှန်၊ နောက်ဆုံးတွင် ကူချန်ဖြစ်သည်။
မီးလျှံသစ်သီးသည် သတ္တမတန်း ဝိညာဉ်စွမ်းအင်သစ်သီးဖြစ်ပြီး စိတ်ဝိညာဉ်ကို သန့်စင်ပေးနိုင်၏။ ဆေးဝါးအဖြစ် သန့်စင်သော် သတ္တမတန်း ဝိညာဉ်ငြိမ်အေးခြင်းဆေးပြားကို ရရှိပေမည်။
လူတစ်ဦး၏ ဝိညာဉ်အပေါ် ငြိမ်အေးစေပြီး ပျက်ပြယ်ခြင်းမှ ဟန့်တားပေး၏။ အာနိသင်မှာ ဆယ်ရက်ခန့် ကြာရှည်၏။ သေဆုံးသူများကို အချိန်ကြာမြင့်စွာ ထိန်းသိမ်းနိုင်သည်။
အတွင်းနတ်ဆိုးများကို ပိတ်ဆို့နိုင်ကာ အောင်မြင်မှုရယူရန် အချိန်များတွင် စိတ်ဝိညာဉ် တုန်လှုပ်မှုအပေါ် အေးချမ်းစေ၏။
၎င်းသစ်သီး၏ တည်နေရာသည် အိမ်မက်တစ္ဆေရေကန် အတွင်းပိုင်း ဧရိယာ၌ ဖြစ်သည်။
အိမ်မက်တစ္ဆေရေကန်၏ အကျယ်အဝန်းဧရိယာကို မိုင်ရှစ်ထောင်အဖြစ် ဖော်ပြထားသည်မှာ ယေဘုယျဖြစ်သည်။
၎င်းသည် သာမန်ရေကန်မဟုတ်ဘဲ ကြီးမားသော ရွံ့နွံတောကြီး ဖြစ်သည်။ ပြင်ပ ဧရိယာသည် မိုင်(၃၀၀၀)ဖြစ်ကာ အတွင်းပိုင်း ဧရိယာသည် မိုင်(၂၀၀၀)ကျယ်၏။
ဗဟိုဒေသည် မိုင် (၃၀၀၀) ပေပင်။ ထိုဗဟိုဧရိယာတွင် နတ်ဝိညာဉ်နန်းတော်သခင် နယ်ပယ် သားရဲများရှိကြောင်း ကောလဟာလများ ရှိ၏။
ယင်းကို မည်သူမျှ အတည်မပြုနိုင်ချေ။ ရွှမ်လင်ကုန်မြေကြီးသည် လူသားမျိုးနွယ်တို့၏ ဗဟိုနယ်မြေဖြစ်ပြီး ဤအဆင့်သားရဲများ ရှင်သန်နေထိုင်နိုင်သည်မှာ အဓိပ္ပါယ်မဲ့၏။
ဆိုလိုသည်မှာ နောက်ကွယ်တွင် လျှို့ဝှက်ချက်တစ်စုံတစ်ရာ ရှိနိုင်မည်။ မိုကျိမှ မျက်မှောင်ကြုတ်ပြီး ဖုန်မန်လျိုထံကြည့်၏။
“ ဒီလိုနေရာမျိုးက ယွမ်ဖူနယ်ပယ် ကျင့်ကြံသူအတွက် အရမ်းအန္တရာယ်များတယ် မင်းမှာ မြေပုံအတိအကျရှိလား။ ”
အိမ်မက်တစ္ဆေရေကန်သည် နက်ရှိုင်းစွာဝင်ရောက်လေ အန္တရာယ်များလေ ဖြစ်သည်။ ထို့ကြောင့် တိကျသောမြေပုံတစ်ချပ် မရှိသော်လည်း ခက်ချေမည်။
အတွင်းပိုင်းဧရိယာသည် ယွမ်ဖူနယ်ပယ် သားရဲမျိုးစုံနှင့် ပြည့်နှက်နေနိုင်၏။ ခရမ်းရောင် နေမင်း နယ်ပယ် သားရဲများပင် ရှိနိုင်မည်။
“ အတွင်းဧရိယာ မိုင်နှစ်ရာ ပတ်လည်အတွင်း တွေ့နိုင်ပါတယ်။ ”
ဖုန်မန်လျိုမှ ပြန်ဖြေသည်။
“ အတွင်းပိုင်း မိုင်နှစ်ရာလား ... ။ ”
သို့မှသာ လူတိုင်းခေါင်းညိတ်ကုန်၏။ အတွင်းဧရိယာ မိုင်နှစ်ရာအကွာအဝေးအတွင်း ရှာဖွေခြင်းသည် ပြဿနာမဖြစ်သင့်ချေ။
“ ဒါဆို သွားရအောင် လူတိုင်းအတွက် အချိန်က တန်ဖိုးရှိတယ်။ ”
ကျင့်ကြံသူတိုင်းအတွက် ရှည်လျားသော ဘဝသက်တမ်းရှိသော်လည်း အချိန်ယန္တရားမှာ အမြဲတမ်း ချောင်းမြောင်းတိုက်ခိုက်သည်။ အထူးသဖြင့် သက်တမ်း ကုန်လွန်ခါနီး လူများတွင် မြင်သာ၏။
“ ကောင်းပြီ ... သွားရအောင်။ ”
***