Anaconda ... ။
Vol. 7 Ch. 84
အရိုးစားငါးကြင်း။ ဤသည်မှာ အိမ်မက်တစ္ဆေရေကန်တွင် နေထိုင်သော သားရဲဖြစ်သည်။
ယေဘူယျအားဖြင့် ဤသားရဲသည် အရွယ်အစား ကြီးမားခြင်း မရှိသကဲ့သို့ ခွန်အား အရာတွင်လည်း ရှန်ရှင်းနယ်ပယ်ဖြစ်၏။
၎င်းသည် တိရစ္ဆာန်များ၊ လူများနှင့် သားရဲများ၏အရိုးများကို စားသည်။ ယင်းက ရေကန်အနှံ့တွင် ရှင်သန်နေထိုင်ကြသဖြင့် အန္တရာယ်များချေပြီ။
သတိမထားမိသော် မျဉ်းကြောင်း တစ်ကြောင်းအလား ထင်မှားပေမည်။ အမှန်မှာ အုပ်စုလိုက် လှုပ်ရှားကြခြင်းဖြစ်၏။
ယွမ်ဖူနယ်ပယ်ကျင့်ကြံသူများ၏ အသားနှင့်အသွေးတွင် ဝိညာဉ်စွမ်းအင်များ ကြွယ်ဝကာ အရိုးများသည် ဖန်သားကဲ့သို့ ကြည်လင်သန့်ရှင်းသည်။
ထို့ကြောင့် သားရဲများသည် လူသားများအပေါ် အစာအဖြစ် သတ်မှတ်၏။ လူ့အသွေးအသားသည် ကြီးစွာသော အာဟာရပေပင်။
ရုတ်တရက် ငြိမ်သက်နေသော ရေမျက်နှာပြင်ပေါ်တွင် လှိုင်းဂယက်များ ရုတ်တရက် ထွက်ပေါ်လာ၏။ နေရာအနှံ့ ရေပွက်များ ပြန့်ကျဲလာသည်။
ထိုအသံသည် တိတ်ဆိတ်သော ပတ်ဝန်းကျင်၌ အနည်းငယ် စိတ်မသက်မသာ ဖြစ်စရာပေပင်။ ကူချန်သာလျှင် အဝေးရှိ အရိုးစားငါးများကို လှမ်းကြည့်ပြီး မည်သို့ အရသာရှိမည်ကို တွေးတောနေ၏။
“ တစ်ယောက်ယောက် အကြံဉာဏ်ရှိလား။ ”
ဖုန်မန်လျိုက လူတိုင်းကို ဝေ့ကြည့်ကာ မေးလိုက်သည်။ ဤမျှ အရိုးစားငါးများသည်သာ လှေကို တိုက်ခိုက်သော် ခက်ပေမည်။
ထို့ပြင် ဆူညံသံများသည်လည်း အခြားသောသားရဲများကို ဆွဲဆောင်ပေမည်။ ဝေဟင်မှ ကျီးနက်သားရဲများ၏ အန္တရာယ် သည်လည်း ရှိနေသေးသည်။
အဝါရောင်ဝတ် အမျိုးသမီးက၊
“ ငါ ... ကြိုးစားပါရစေ။ ”
-ဟုဆိုသည်။
“ ဝှစ် ... ။ ”
သူမခေါင်းမှ ဆံပင်ပိုက်ကွန်ကိုချွတ်ပြီး စွမ်းအင်များလောင်းထည့်ကာ လှေအောက်သို့ ပစ်ချလိုက်သည်။
ဆံပင်သိမ်းပိုက်ကွန်သည် ရေထဲသို့ ကျဆင်းသွားပြီး တရွေ့ရွေ့ကြီးမားလာကာ လှေဝမ်းဗိုက်အောက်ကို ဖြန့်ကြက်သွား၏။
ဤသည်မှာ ဝိညာဉ်လက်နက်တစ်ခုပေပင်။ ကူချန်က ရေထဲရှိ ရွှေရောင်တောက်ပနေသော ပိုက်ကွန်ထံကြည့်လိုက်၏။
၎င်းတွင် တံဆိပ်တစ်ခုရှိပြီး အရိုးစားငါးများကို ကောင်းစွာ ထိန်းထားနိုင် ပေမည်။ ကျင့်ကြံသူများသည်ပင် ထိုပိုက်ကွန်၌ ဖမ်းမိသော် ရုန်းထွက်နိုင်မည် မဟုတ်ချေ။
“ ဖရူး ... ။ ”
အရိုးစားငါးများသည် ဝရုန်းသုံးကား ဖြစ်ကုန်ကာ လွတ်မြောက်ရန် ရုန်းကန်ကြ တော့၏။ ကန်ရေသည် အလွန်ကြည်လင် သော်ငြားလည်း နက်ရှိုင်းလှသည်။
ထို့ကြောင့် ရေအောက်နက်ရှိုင်းသော အရပ်တွင် ရုန်းကန်နေသော အရိပ်များကိုသာ မြင်နိုင်ချေပြီ။
ပိုက်ကွန်အတွင်း ပိတ်မိနေသော ငါးကြင်းများသည် အချင်းချင်း ကိုက်ကုန်ကြပြီး ခဏချင်းမှာပင် အရိုးဖြူဖြူများ ပျောက်ကွယ်ကုန်သည်။
“ အရမ်းမြန်တယ်။ ”
ကူချန်မှ အံ့ဩသွားသည်။ ဤအရိုးစားငါးများသည် (Piranha) ပီရန်ဟာငါး မျိုးခွဲများဖြစ်သည်။
တစ်ခုတည်းသော ခြားနားချက်မှာ ပီရန်ဟာငါးသည် အရိုးများမစားဘဲ အသားသာ စားသည်။ လူတစ်ဦး၏ ဝိညာဉ်အနှစ်သာရသည် အရိုးထဲတွင်ရှိသည်။ ထို့ကြောင့် အရိုးများသည် အသားထက် အသုံးပိုဝင်၏။
ဆံပင်သိမ်းပိုက်ကွန်သည် ထိရောက်မှု ရှိသည်ကိုမြင်သောအခါ လူတိုင်းမှ သက်ပြင်းချ ကုန်တော့သည်။
ဤလှေငယ်သည် အိပ်မက်တစ္ဆေ ရေကန်ကြီးတွင် ခရီးဆက်ရန် အရေးအကြီးဆုံး ကဏ္ဍအတွင်း ရှိနေ၏။ လူတိုင်း စိတ်လက် ပေါ့ပါးလာစဉ် ကူချန်မှ၊
“ ဒါနဲ့ ... ဒီရေကန်ကြီးကို ဘာလို့ အိပ်မက်တစ္ဆေရေကန်လို့ ခေါ်ကြတာလဲ။ ”
-ဟု မေးမြန်းလိုက်သည်။
ဖုန်မန်လျိုက ခေါင်းယမ်းပြီး၊
“ မသိဘူး၊ ဘယ်သူသိလဲ။ ”
-ဟု ကျန်လူများထံ လှည့်မေးသည်။
ကွမ်ရှင်းနှင့် မိုကျိက ခေါင်းယမ်းသည်။ အဘိုးကြီးချမ်မှ ပြုံးလျက်၊
“ ငါသိတယ်။ ”
-ဟု တုန့်ပြန်၏။
“ ယွမ်ဖူနယ်ပယ် ကျင့်ကြံသူတွေက သေမျိုးခန္ဓာကနေ လွတ်မြောက်လာတဲ့အခါ တိမ်နဲ့လေကို စားသုံးကြတယ် ... အိပ်စက်ဖို့ မလိုအပ်ဘဲ ... ကောင်းကင်နဲ့မြေကြီးကြား ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူနိုင်တယ် ...
... ဒါပေမယ့် သေမျိုးတွေက ဒါတွေကို မလုပ်နိုင်ဘူး တစ်ချိန်က ဒီရေကန်ထဲ သေမျိုး တစ်ယောက် ဝင်ရောက်လာပြီး အိပ်ပျော်သွားတယ် ...
... သူက ထူးဆန်းတဲ့ အိပ်မက်တစ်ခု မက်ခဲ့ပြီး ... သူ့အိပ်မက်ထဲမှာ ပျက်စီးနေတဲ့ နန်းတော်တွေနဲ့ အဆောက်အဦးတွေကိုပဲ ထပ်တလဲလဲမြင်တယ် ...
... နောက်တစ်နေ့ နိုးတော့ အံ့ဩပြီး ဒီအကြောင်းအရာကို မေ့သွားတယ် ဒါပေမယ့် ညရောက်တော့ ဒီနန်းတော်တွေကိုပဲ ထပ်လဲလဲ မက်ပြန်တယ် ...
... အဲဒီနောက်တော့ သူက အိမ်ပြန်ရောက်သွားတဲ့အထိကို ဒီလိုအိမ်မက် မျိုးတွေ ညတိုင်းမက်ခဲ့တယ် ...
... သူတင်မဟုတ်ဘူး ဒီရေကန်အနားမှာ အိပ်ပျော်ဖူးတဲ့ သာမန်သေမျိုးတွေ အားလုံးက ဒီလိုတူညီတဲ့မြင်ကွင်းကို အိပ်မက်မက်ကြပြီး သူတို့အိပ်မက်ထဲမှာ နားမလည်နိုင်တဲ့ အသံခပ်တိုးတိုးကို ကြားခဲ့ကြတယ် ...
... နောက်ဆုံးတော့ ဒီရေကန်ကို အိပ်မက်တစ္ဆေရေကန်အဖြစ် သူတို့တွေကပဲ အမည်ပေးလိုက်ကြတယ်။ ”
အဘိုးကြီးချမ်က အာခေါင်ခြောက်သွေ့ သွားသဖြင့် ဘူးသီးခြောက်တစ်လုံးထုတ်ယူကာ ဝိုင်တစ်ငုံသောက်ချလိုက်သည်။ ဖုန်မန်လျိုက ခေါက်ယပ်တောင်တစ်လက် ထုတ်ယူကာ ညင်သာစွာခပ်လျက်၊
“ ငါတို့ရော မက်နိုင်လား ... ။ ”
-ဟု မေးမြန်းလိုက်သည်။
“ မမက်နိုင်ဘူး ... ကျင့်ကြံသူတွေက ဒီအိပ်မက်မျိုးကို လုံးဝ မမက်ဘူး။ ”
အဘိုးအိုချမ်မှ ခေါင်းခါပြသည်။ ကွမ်ရှင်းက၊
“ ဒီအိမ်မက်ထဲမှာ လျှို့ဝှက်ချက်များရှိနေမလား။ ”
-ဟု မေးမြန်းလာ၏။
“ မှန်တယ် လျှို့ဝှက်ချက်တစ်ခုရှိမယ် မဟုတ်ရင် ဒီလိုထူးဆန်းတဲ့ဖြစ်စဉ်မျိုး ဖြစ်မှာ မဟုတ်ဘူး။ ”
မိုကျိမှလည်း မှတ်ချက်ပေးသည်။
“ ဒါပေမယ့် အဓိကပြဿနာက ကျင့်ကြံသူတွေဝင်ရောက်လို့ မရတာပဲ မဟာ တန်ခိုးရှင်နယ်ပယ်နဲ့ ... စိတ်ဝိညာဉ်သခင် တွေတောင်မှ စုံစမ်းလို့မရဘူး လျှို့ဝှက်ချက်ကို ရှာနိုင်ဖို့နည်းလမ်းမရှိဘူး။ ”
အဘိုးအိုချမ် စကားကြောင့် လူတိုင်းက တိတ်ဆိတ်သွားသည်။ ထိုစည် ကွမ်ရှင်းသည် မျက်မှောင်ကြုတ်လျက် ရေအောက်ကို ငုံ့ကြည့်တော့၏။
“ ဘာမှားလို့လဲ ... ။ ”
ဖုန်မန်လျိုမှ မေးသည်။ ကွမ်ရှင်းက မသေချာမရေသော အသွင်ဖြင့်၊
“ ရေအောက်မှာ ကြီးမားတဲ့ တစ်စုံတစ်ရာလိုက်လာတယ် အရိုးစားငါးကြင်းနဲ့ မတူဘူး။ ”
-ဟု ပြန်ဖြေ၏။ ကူချန်က ရေအောက်ကို ငုံ့ကြည့်လိုက်ပြီး၊
“ ဟမ့် ... ဒီမှာ အရိုးစားငါးတွေလည်း မရှိတော့ဘူး သူတို့တွေ ကြောက်လန့်ထွက်ပြေး သွားပုံရတယ်။ ”
-ဟု ပြောကြားလိုက်၏။
လူတိုင်း လှေနံဘေးမှ ရေအောက်ကြမ်းပြင်ထံ ငုံ့ကြည့်လိုက်ကြသည်။ ရွှေပိုက်ကွန်အနားတွင် လှည့်လည်နေသော အရိုးစားငါးများ အမှန်ပင်ပျောက်ကွယ်နေ၏။
သို့သော် ရေအောက်နက်ရှိုင်းသော အရပ်တွင် ရေလှိုင်းများ ပွက်ပွက်ထနေသည်ကို ဝိုးတဝါးမြင်နိုင်သည်။
ထိုအရိုးစားငါးများသည် ရေအောက်ကြမ်းပြင်နက်ရှိုင်းရာသို့ ထွက်ပြေး ကုန်ပုံရ၏။ ရေကန်ကြမ်းပြင်သည် နက်နဲပြီး မည်းမှောင်နေသဖြင့် မမြင်နိုင်ချေ။
“ ဟမ့် ... ။ ”
ရုတ်တရက် ကြီးမားလှသော အရိပ်ကြီးတစ်ခု လှေအောက်သို့ ရွေ့လျားလာ သည်ကို မြင်လိုက်ရသည်။
“ ကြီးကြီးမားမား တစ်ခုခုလာနေပြီ။ ”
“ ဝှစ် ... ။ ”
ကူချန်က မျက်ဝန်းများ မှေးစင်းလျက် လှေပေါ်မှ ချက်ချင်းခုန်ထွက်လိုက်၏။ လူတိုင်း တုန့်ဆိုင်းခြင်းမရှိ လေထဲပျံတက်လာသည်။
“ ဝုန်း ... ။ ”
ကျယ်လောင်သော ပေါက်ကွဲမှုနှင့်အတူ ရေပွက်ကြီးလေထဲပျံတက်ပြီး သွေးသံရဲရဲဖြင့် ပါးစပ်ကြီးတစ်ခု ထွက်ပေါ်လာ၏။
“ ဗွမ်း ... ။ ”
ထိုနောက် ဝိညာဉ်လှေငယ်သည် ၎င်းခန္ဓာကိုယ်ကြီးဖြင့် တွန်းမှောက်ခံလိုက်ရကာ ရေထဲ ပြန်၍ပြုတ်ကျသွားတော့သည်။
ယင်းသည် ထူထဲလှသော အနက်ရောင်အကြေးခွံများဖြင့် ပြည့်နေသည့် ဧရာမစပါးအုံးမြွေကြီး ဖြစ်ချေပြီ။
“ Anaconda ... ။ ”
***