တိုက်ပွဲ ... ။
Vol. 7 Ch. 85
လူတိုင်း တုန်လှုပ်သွားကြသည်။ စပါးအုံးမြွေ၏ ခန္ဓာကိုယ်လုံးပတ်သည် ဆယ်ပေ ပတ်လည်ရှိ၏။ ခန္ဓာကိုယ်ကို ရေအောက်တွင် မည်မျှ နေထိုင်ခဲ့သည်မသိချေ။ အေးစက်သော ရောင်ဝါပင် ပေးစွမ်းနေသည်။
လေထုအလယ် ရပ်လျက် လူတိုင်း ရေအောက်သို့ ငုံ့ကြည့်လိုက်၏။ အနက်ရှိုင်းဆုံး နေရာတွင် အနက်ရောင်အရိပ်တစ်ခု ကူးခတ် နေသည်ကို မြင်နိုင်သည်။
မိုကျိက အသက်ပြင်းပြင်းရှူပြီး၊
“ ဒီကောင်ကြီးက ပေသုံးဆယ်ကျော်လောက်ရှိမယ်။ ”
-ဟု မှတ်ချက်ပေးသည်။
အခြားသူများသည်လည်း ရုတ်တရက် တိတ်ဆိတ်သွား၏။ ကူချန်က ရေကန်အောက် စိုက်ကြည့်ပြီး၊
“ ဒီကောင်က အရွယ်မရောက်သေးဘူး သူသာအရွယ်ရောက်ရင် ခရမ်းရောင် နေမင်း နယ်ပယ်မှာ ရှိနေလိမ့်မယ်။ ”
-ဟု မှတ်ချက်ပေးသည်။
“ ခရမ်းရောင် နေမင်းနယ်ပယ်လား ... ။”
လူတိုင်းထိတ်လန့်သွားပြီး သတိပိုရှိလာသည်။ ကူချန်သာလျှင် ထိုသားရဲထံ ကြည့်ပြီး သတ္တမတန်းစွမ်းအင်ဆေးပြားကို သတိရလာ၏။
ရေနှင့်မီးစွမ်းအင်။ ရေစွမ်းအင်သားရဲများနှင့် မီးစွမ်းအင်သားရဲများအတွင်း၌ အဂ္ဂိရဆေးကဲ့သို့ စွမ်းအင်တစ်မျိုးရှိသည်။
ယင်းသည် နတ်ဆိုးဆေးပြားဖြစ်ကာ လူတစ်ဦးကို ယွမ်ဖူနယ်ပယ် ဖြတ်ကျော်ကာ ခရမ်းရောင်နေမင်းနယ်ပယ် ရောက်အောင် ကူညီပေးနိုင်၏။
ယွမ်ဖူနယ်ပယ်ဟူသည် စွမ်းအင်များ သိမ်းဆည်းရန် ခရမ်းရောင်နန်းတော်ဖန်တီးရန် ဖြစ်သည်။
ခရမ်းရောင် နေမင်းနယ်ပယ်သို့ ရောက်သောအခါ ‘ယန်စွမ်းအင် ခရမ်းရောင် နေမင်း’- ကို ပေါင်းစည်းရန် လိုအပ်၏။
ယန်စွမ်းအင် ခရမ်းရောင်နေမင်းသည် ကောင်းကင်နှင့်မြေကြီးကြား ဝိညာဉ်စွမ်းအင် များထက် အဆတစ်ရာ ပိုသန့်စင်သည်။
ယွမ်ဖူနယ်ပယ်၌ နည်းစနစ်များ အသုံးပြုနိုင်သည့် စွမ်းအင်မှာ အကန့်အသတ် ရှိ၏။
ခရမ်းရောင်နေမင်းနယ်ပယ်၌မူ စွမ်းအင်ပြတ်လပ်မှုမရှိဘဲ နည်းစနစ်များကို စိတ်တိုင်းကျ ဖော်ဆောင်နိုင်ပေမည်။
“ ဝူး ... ။ ”
အနက်ရောင် စပါးအုံးမြွေကြီးသည် ရုတ်တရက်လေထဲခုန်ထွက်ပြီး ပါးစပ်ဖွင့်ကာ အကျိအချွဲများဖြင့် လှမ်းပစ်လေသည်။
“ မြန်မြန် ... ။ ”
“ ဘောင်း ... ။ ”
လူတိုင်း အမြန်ရှောင်တိမ်းလိုက်၏။ အနက်ရောင် အကျိအချွဲများမှာ ဆယ်ပေခန့် ရှည်လျားကာ ပစ်မှတ်ကိုလွဲချော်ပြီးနောက် ပေါက်ကွဲကုန်သည်။
များပြားလှသော အနက်ရောက် ရေမှုန်ရေမွှားများ အရပ်ရပ်သို့ လွင့်ထွက်လာ တော့၏။ ထိုရေမှုန်ရေမွှားများသည် သံမဏိကဲ့သို့ လေးလံနေသည်။
“ ရွှပ် ... ။ ”
ကျင့်ကျိဓားက ဓားအိမ်ထဲက ထွက်လာ၏။ ကူချန်အနားလွင့်စင်လာသော ရေမှုန်ရေမွှားများ အားလုံး ထက်ခြမ်းကွဲကုန်သည်။
“ ဒီရေစက်တွေက သာမန်ရေထက် ဆယ်ဆပိုလေးတယ် ... လူတိုင်း ဂရုစိုက်ကြပါ။ ”
ကူချန်မှ သတိပေးလိုက်၏။ ရေသိပ်သည်းဆသည် ပမာဏတစ်ခုသို့ ရောက်ရှိလာသော် အန္တရာယ်ရှိချေမည်။
လူတိုင်းထိတ်လန့်သွားပြီး အနက်ရောင်ရေမှုန်ရေမွှားများကို ဖျက်ဆီးရန် နည်းလမ်းအမျိုးမျိုး အသုံးပြုလိုက်ကြ၏။
“ ငါတို့ ဘာလုပ်သင့်လဲ ... ပြန်လှည့်ကြမလား။ ”
ဖုန်မန်လျိုတစ်ယောက် အနည်းငယ် စိတ်ရှုပ်ထွေးလာသည်။ ကွမ်ရှင်းက၊
“ ရေထဲမှာ နောက်ထပ် ဒီလို သားရဲတွေရှိနေဦးမှာ ငါကြောက်တယ်။ ”
-ဟု ထောက်ခံလိုက်၏။
မိုကျိမှ ရေပြင်ပေါ် စိုက်ကြည့်လျက် တိတ်ဆိတ်နေ၏။ ဤသည်မှာ အိမ်မက်တစ္ဆေ ရေကန်ဖြစ်သည်။
ဂရုတစိုက်ဖြင့် ဖြည်းညှင်းစွာ ဖြတ်သန်းကြရ၏။ သို့မှသာ ရေအောက်မှ အန္တရာယ်များကို ရှောင်နိုင်ပေမည်။
ပျံသန်းခြင်းအတွက်မူ ဝိညာဉ်စွမ်းအင် လှိုင်းထမှုများကြောင့် ဝေဟင်သားရဲများစွာ၏ ပစ်မှတ်ဖြစ်လာနိုင်၏။
လက်ရှိအချိန်၌ ကောင်းကင်သည် တိမ်မြူကင်းစင်ပြီး မည်သည့်သားရဲမျှ မရှိချေ။ သို့သော် တိုက်ပွဲမှု လေဟာနယ်လှိုင်းများသည် ဝေဟင်သားရဲများကို စွဲဆောင်နေပြီဖြစ်၏။
ယေဘူယျအားဖြင့် ၎င်းတို့သည် သတိပြုမိသော်မှ တိုက်ခိုက်ဦးမည် မဟုတ်ချေ။ အခွင့်အရေးကို စိတ်ရှည်စွာ ချောင်းမြောင်း နေပေလိမ့်မည်။
အဆုံးတွင် အံကြိတ်လျက်၊
“ ငါတို့ သတ်ကြရအောင်။ ”
-ဟု မိုကျိမှ ပြောလိုက်သည်။
“ မင်းတို့ရော ဘယ်လိုထင်လဲ။ ”
ဖုန်မန်လျိုက ကျန်သူများထံ အကြံဉာဏ် တောင်းခံလိုက်သည်။ ဤခရီးအတွက် သူ့တွင် လူအနည်းငယ်သာ ငှားရမ်းနိုင်ခဲ့၏။ အန္တရာယ် များလွန်းသောကြောင့် လူအများစုသည် မစ်ရှင်ကို စိတ်မဝင်စားကြချေ။
“ ငါ့အတွက်တော့ ကန့်ကွက်စရာ မရှိပါဘူး။ ”
အဘိုးကြီးချမ်က ဆေးတံရှည်ကြီးကို ကိုက်လျက်ဖြင့် တုန့်ပြန်၏။ ကူချန်သည်လည်း ရေမျက်နှာပြင်ကို ငုံ့ကြည့်ပြီး၊
“ ငါလည်း ကန့်ကွက်စရာ မရှိဘူး။ ”
-ဟု တုန့်ပြန်လိုက်သည်။
ဤအနက်ရောင် စပါးအုံးမြွေသည် ယွမ်ဖူနယ်ပယ် နှောင်းပိုင်း ခွန်အားသာရှိ၏။ ထို့ကြောင့် သူ့ပြိုင်ဘက်ဖြစ်ရန် အရည်အချင်း မပြည့်မီသေးချေ။
အမျိုးသမီးကွမ်ရှင်းတစ်ယောက် ဆုတ်ခွာလိုသော်လည်း သက်ပြင်းချလိုက်ရ၏။ သူမ တစ်ယောက်တည်း ဆုတ်ခွာခြင်းသည် ပို၍အန္တရာယ်များပေမည်။
လက်ရှိတွင် သူတို့သည် ယွမ်ဖူနယ်ပယ် ကျင့်ကြံသူငါးဦး ဖြစ်၏။ အန္တရာယ်ရှိသော်လည်း ပူးပေါင်းခြင်းဖြင့် အနိုင်ရရန် မခက်ချေ။
မိုကျိက ရောင်ဝါများထုတ်ဖော်လျက် စပါးအုံးမြွေထံ စိုက်ကြည့်ကာ၊
“ သူ့ကို ငါ့တာဝန်ထား ... မိတ်ဆွေတို့က ကျေးဇူးပြုပြီး ဝေဟင်သားရဲတွေနဲ့ နောက်ထပ် လာမယ့် သားရဲတွေကို စောင့်ကြည့်ပေးပါ။ ”
-ဟု ပြောကြားလာ၏။
အဘိုးကြီးချမ်က ကူချန်ထံ လှည့်ကြည့်လိုက်ပြီးနောက်၊
“ တာအိုချန် ... မင်းမှာ ထက်ရှလွန်းတဲ့ ဝိညာဉ်အသိရှိတယ် ဒီတာဝန်ကို ယူလိုက်ပါ။ ”
-ဟု တောင်းဆိုသည်။
ကူချန်က ခေါင်းညိတ်လျက်၊
“ ကောင်းပြီ ... ။ ”
-ဟု တုန့်ပြန်သည်။
ထို့နောက်တွင် လူတိုင်း အနက်ရောင် စပါးအုံးမြွေကြီးဆီသို့ လျင်မြန်စွာ ပျံသန်းသွား လိုက်ကြသည်။ စပါးအုံးမြွေကြီးက သူတို့၏ လှုပ်ရှားမှုများကို အာရုံခံနိုင်၏။
“ ဗွမ်း ... ။ ”
တိုက်ခိုက်ရန် ပြင်ဆင်နေသည်ကို မြင်သောအခါ လေထဲလှမ်းတက်လာပြီး ၎င်း၏ ခန္ဓာကိုယ်ကြီးဖြင့် ရေပြင်ပေါ် ထောက်ချလိုက်သည်။
“ ဟမ့် ... ။ ”
လှိုင်းလုံးများ ပြန့်ကားကုန်၏။ မိုကျိမှဦးဆောင်ပြီး ဓားဖြင့် ခုတ်ပိုင်းပစ်သည်။ အမျိုးသမီးကွမ်ရှင်းက ရွှေပိုက်ကွန်ဖြင့် ပစ်ကာ ချုပ်နှောင်ရန် ကြိုးစားတော့၏။
“ ဘုန်း ... ။ ”
အဘိုးကြီးချမ်သည်လည်း သူ့ဆေးတံရှည်ဖြင့် စပါးအုံးမြွေနက်ကြီး၏ ခန္ဓာကိုယ်ကို လှမ်းရိုက်လိုက်သည်။
အနက်ရောင် အကြေးခွံများသည် ဖွာခနဲပျံတက်လာပြီး အသားများထွက်ပေါ် လာ၏။ ထိုအချိန်တွင် ဖုန်မန်လျိုသည်လည်း လှုပ်ရှားနေပြီဖြစ်သည်။
“ ရွှပ် ... ။ ”
ခေါက်ယပ်တောင်ကို ဓားကဲ့သို့ ထိုအသားဖြူဖြူများအပေါ် ပိုင်းချပစ်လိုက်၏။ ချက်ချင်း သွေးစွန်းလာချေပြီ။
“ ဝူး ... ။ ”
နာကျင်မှုကြောင့် လေပြင်းများ၊ မီးတောက်များ၊ ရေခဲအပိုင်းအစများ အန်လျက် စပါးအုံးမြွေနက်ကြီးက ရေထဲပြန်၍ ထိုးဆင်းသွားလေသည်။
“ ဗွမ်း ... ။ ”
ကူချန်သည်သာ မလှုပ်ရှားဘဲ လေထုအလယ် တစ်ယောက်တည်း ရပ်ကျန်ရစ် လေသည်။ အကြည့်များသည် စူးရှလျက် တိုက်ပွဲမြင်ကွင်းကို စီးမိုးထား၏။
( စိတ်ဝင်စားစရာကောင်းတယ်။)
ဘိုးအိုကြီးချမ်နှင့် ဖုန်မန်လျိုထံ ကြည့်ပြီးနောက် ပြုံးရယ်ကာ ကောင်းကင်ပေါ် မော့ကြည့်လိုက်သည်။ အဝေးတွင် ကျီးနက်များ ပျံသန်းလာသည်ကို မြင်လိုက်ရ၏။
“ အ ... အ ... ။ ”
၎င်းတို့သည် ကောင်းကင်အထက်တွင် ပျံဝဲလျက် အခွင့်အရေးကို စောင့်ဆိုင်းနေသည်။ ဤကျီးနက်များသည် အိမ်မက်တစ္ဆေရေကန်ရှိ အန္တရာယ်များအနက်မှ တစ်ပါးဖြစ်သည်။ အရိုးစားငါးများနှင့် အတူတူပေပင်။
အချိန်တိုင်း ကောင်းကင်ယံ၌ လှည့်ပတ်နေကြပြီး အခွင့်အရေးရသော်လည်း တစ်ချက်တည်းဖြင့် တိုက်ခိုက်မည်ဖြစ်၏။
“ အ ... အ ... ။ ”
“ ရွှပ် ... ။ ”
အဆုံးတွင် ကျီးနက်များသည် သည်းမခံနိုင်တော့ဘဲ ကူချန်ထံ ထိုးဆင်းလာ တော့သည်။ သို့သော် အေးစက်နေသော ဓားအလင်း တစ်လက်က သူ့ကို ပိုင်းချသွား၏။
“ ဗွမ်း ... ။ ”
ရေထဲ ပြုတ်ကျသံသည် အခြားသော ကျီးနက်များကို တွန့်ဆုတ်သွားစေ၏။ သို့သော် ရမ္မက်သည် သူတို့ကို လှုံ့ဆော်နေသည်။
စက်ဝိုင်းပုံသဏ္ဍန်ပျံဝဲလျက် ရေပြင်ပေါ်ရှိ တိုက်ပွဲကို စောင့်ကြည့်နေ၏။ လူသားနှင့်သားရဲ မည်သူသေသေ သူတို့အတွက် အစာဖြစ်သည်။
ကူချန်က တိုက်ပွဲအခြေအနေကို ဆက်၍စောင့်ကြည့်နေခဲ့သည်။ စပါးအုံးမြွေ၏ ခွန်အားသည် ယွမ်ဖူနယ်ပယ် နှောင်းပိုင်းဖြစ်၏။
အကောင် အရွယ်အစားသည် ကြီးမားလွန်းပြီး အမြီးဖြင့် အရိုက်ခံရသော် ယွမ်ဖူနယ်ပယ် ကျင့်ကြံသူပင်လျှင် ဘဝတစ်ဝက် သေဆုံးနိုင်မည်။
သူတို့ထဲတွင် အဘိုးအိုချမ်သည် အသန်မာဆုံးဖြစ်၏။ သူ့ ဆေးဆံရှည်ကြီးဖြင့် ရိုက်ချလိုက်ချိန်တိုင်း အနက်ရောင်အကြေးများ ဖွာလန်ကျဲကုန်တတ်သည်။
ဤနည်းဖြင့် ဖုန်မန်လျိုမှ ပြတ်ရှရာများ ပေးနိုင်ချေ၏။ သူတို့နှစ်ယောက် ခွန်အားသည် သားရဲကြီးကို သတ်ရန်လုံလောက်သည်။
မိုကျိအတွက်မူ ယွမ်ဖူနယ်ပယ် အလယ်အလတ်အဆင့်တွင်ရှိပြီး ကွမ်ရှင်းမှာ ယွမ်ဖူနယ်ပယ် အစောပိုင်းအဆင့်သာဖြစ်၏။
ဖုန်မန်လျိုသည် ယွမ်ဖူနှောင်းပိုင်းပေပင်။ သို့သော်ရောင်ဝါသည် အနည်းငယ်အားနည်းပြီး သူ့လှုပ်ရှားမှုပညာရပ်သည် အစွမ်းထက်သော်မှ သက်ရောက်မှု အားနည်းနေ၏။
“ ဘုန်း ... ။ ”
ဤတစ်ကြိမ်တွင်လည်း အဘိုးကြီးချမ်က စပါးအုံးမြွေနက်ကြီးကို ရိုက်ချလိုက်ပြန်သည်။ တစ်ဆက်တည်းမှာပင် အမူအရာ အနည်းငယ် ပြောင်းသွားပြီး၊
“ သတိထား ... ။ ”
-ဟု အော်ဟစ်လိုက်၏။
“ ဗွမ်း ... ။ ”
“ ဝှစ် ... ။ ”
“ ဘန်း ... ။ ”
စပါးအုံးမြွေနက်ကြီးသည် နာကျင်လွန်းသဖြင့် တွန့်လိမ်သွားကာ ချက်ချင်း လှည့်ပြေးသည်။ ထိုအရပ်တွင် ဖုန်မန်လျို ရှိနေ၏။
“ ဟမ့် ... ထွက်ပြေးချင်တာလား။ ”
ဖုန်မန်လျိုက ရွှေမှုန်တစ်ဆုပ်ကို ဖြန့်ကျဲလိုက်၏။ ရွှေအမှုန်အမွှားများသည် အလွှာတစ်စလို ဖြစ်ပေါ်လာသည်။
၎င်းအလွှာသည် ကျောက်တောင်ကြီး တစ်လုံးကဲ့သို့ ခိုင်မာ၏။ စပါးအုံးမြွေနက်ကြီးက ထိုရွှေမှုန်များထံ တည့်တည့်တိုးဝင်လာသည်။
“ ဝုန်း ... ။ ”
၎င်း၏ ပြင်းပြသော အဟုန်သည် ထိုရွှေမှုန်များကို ချက်ချင်းချိုးဖျက်လိုက်ကာ ဖုန်မန်လျိုထံ ဝင်တိုက်သွားတော့၏။
ကူချန်လှည့်ကြည့်လိုက်ချိန်တွင် ဖုန်မန်လျိုတစ်ယောက် အရုပ်ကြိုးပြတ် လွင့်စဉ် သွားချေပြီ။
***