သုတ်သင်ခြင်း ... ။
Vol. 7 Ch. 86
အခန်း ၈၆ -
သုတ်သင်ခြင်း ... ။
ပူပေါင်းတစ်လုံး ချက်ချင်း လေလျော့သွားသကဲ့သို့ လွင့်ထွက်သွားသော ဖုန်မန်လျိုခန္ဓာကိုယ်မှ ရောင်ဝါခပ်ဖျော့ဖျော့ လင်းလာသည်ကို သတိထားမိလိုက်၏။
( စိတ်ဝင်စားစရာပဲ။)
ကူချန်က ကံကြမ္မာမျက်လုံးမှတဆင့် ထိုအချင်အရာကို ဖမ်းမိသည်။ အဘိုးကြီးချမ်က၊
“ ငါ သူ့ကို တိုက်ခိုက်လိုက်တဲ့နေရာက သူ့ရဲ့အားနည်းချက်နေရာပဲ။ ”
မြွေနှင့် စပါးအုံးများကဲ့သို့ သားရဲများ၌ ခုနစ်လက်မဟူသော ဆိုရိုးစကားရှိ၏။ ၎င်းသည် ဦးခေါင်းကို ရည်ညွှန်းခြင်း မဟုတ်ဘဲ နှလုံးသားထံ ရည်ရွယ်သည်။
သားရဲများအတွက်မူ သားရဲအမြုတေ တည်ရာအရပ်ဖြစ်၏။ စပါးအုံးမြွေနက်ကြီးသည် သူ့အားနည်းချက်ကို ရန်သူမှတွေ့ရှိခဲ့သဖြင့် ထွက်ပြေးရန်မှတပါး အခြားမရှိချေ။
ရန်သူသည် အရေအတွက် သာလွန်၏။ ထို့ကြောင့် ရေအောက်အတွင်းသို့ ငုပ်လျိုးလျက် နဂါးတစ်ကောင်လို လွတ်မြောက်နိုင်မည်။
‘ ဝူး ... ။ ’
သို့သော် ဤသည်မှာ သူ့ မျှော်လင့်ချက်ဖြစ်သည်။ ဖုန်မန်လျိုနှင့်အဖွဲ့မှာ သူ ဆန္ဒရှိသကဲ့သို့ ခွင့်မပြုချေ။
သူတို့အမြင်၌ စပါးအုံးမြွေနက်ကြီးသည် ရတနာသိုက်ဖြစ်၏။ ခန္ဓာကိုယ်အစိတ်အပိုင်း၊ ရေခွံ၊ အသား၊ အရိုး၊ နတ်ဆိုးဆေးပြား မည်သို့ပင်ဖြစ်စေ အသုံးဝင်သည်။
လက်ရှိအချိန်တွင် သူတို့တာဝန်သည် မီးလျှံသစ်သီးကို ရှာဖွေရန် ဖြစ်သော်ငြားလည်း သားရဲများအမဲလိုက်ခြင်းဖြင့် အပိုဝင်ငွေ ရှာကြသည်မှာ သဘာဝပေပင်။
ဤရေကန်တွင် အခွင့်အရေးများစွာရှိ၏။ အချို့သည် ဆေးဘက်ဝင်အပင်များ ရှာဖွေရန် လာခြင်းဖြစ်သည်။ အများစုသည် သဘာဝ ရတနာနှင့် သားရဲများ အမဲလိုက်ရန်ပေပင်။
“ ဟမ့် ... မင်းပြေးလို့လွတ်မလား။ ”
မိုကျိက စပါးအုံးမြွေ၏ ပြေးလမ်းသို့ ချက်ချင်းရောက်သွားကာ ငုပ်လျိုးတော့မည့် စပါးအုံးမြွေနက်ကြီးထံ ဦးတည်ပြီး ဓားဖြင့် ပိုင်းချလိုက်၏။
“ ရွှပ် ... ။ ”
ဓားအလင်းများ တဖျပ်ဖျပ် လက်သွားလေသည်။ စပါးအုံးမြွေနက်ကြီးသည် တိုက်ခိုက်ရန် ရည်ရွယ်ချက်မျိုး မရှိတော့သဖြင့် ထိုအရာကိုမြင်သော်မှ ဆက်၍ငုပ်လျိုးသည်။
လက်ရှိတွင် သူတို့တိုက်ပွဲသည် လေထုအလယ်ဖြစ်သောကြောင့် သူခန္ဓာကိုယ် တစ်ခုလုံး ထွက်ပေါ်နေပြီဖြစ်၏။ ထို့ကြောင့် ချက်ချင်း ငုပ်လျိုးရန် အလျင်လိုနေသည်။
“ ကွမ်ရှင်း ... မင်းရဲ့ရွှေပိုက်ကွန်ကိုသုံးပါ။ ”
မိုကျိက အမျိုးသမီး ကွမ်ရှင်းကို အော်ဟစ်လိုက်သည်။ ကွမ်ရှင်းတစ်ယောက် တုန့်ဆိုင်းခြင်းမရှိ ဆံပင်သိမ်းပိုက်ကွန်ဖြင့် ပစ်ဖမ်းတော့၏။
“ ဝုန်း ... ။ ”
ရွှေပိုက်ကွန်သည် စပါးအုံးမြွေနက် ငုပ်လျိုးဝင်မရအောင် ရေကန်မျက်နှာပြင်ပေါ်၌ ချက်ချင်း ကြီးထွားပြန့်ကားလာသည်။
တစ်ချိန်တည်းမှာပင် ဖုန်မန်လျိုနှင့် အဘိုးအိုချမ်တို့ အပြေးလိုက်ပါလာပြီး စပါးအုံး မြွေနက်ကြီးကို ဟန့်တားတိုက်ခိုက်တော့၏။
စပါးအုံးမြွေနက်ကြီးခမျာ အစွမ်းကုန် ခုခံနေသော်လည်း ဒဏ်ရာများပြည့်နှက်လာ၏။ အနက်ရောင် အကြေးခွံများ ဖွာလန်လျက် အသားဖြူဖြူများပေါ်လာနေသည်။
သွေးစက်များက ရေမျက်နှာပြင်ပေါ် ပြုတ်ကျကာ သွေးကွက်ကြီးအဖြစ် ပြန့်ကား လာချေ၏။ ထို့ကြောင့် အရိုးစားငါးများသည် လှုပ်လှုပ်ရှားရှား ဖြစ်လာကုန်သည်။
သို့သော် စပါးအုံးမြွေနက်ကြီးသည် သွေးရူးသွေးတန်းဖြစ်နေသောကြောင့် အနားသို့ ကပ်မလာဝံ့သေးချေ။
ခန္ဓာကိုယ်အနှံ့တွင် မိုကျိ၏ ဓားဒဏ်ရာများရှိနေပြီး အပြာရောင်အရိုးများပင် မြင်နေရ၏။ ကွမ်ရှင်းက ရွှေပိုက်ကွန်ကို သိမ်းလိုက်သည်။
“ ဗွမ်း ... ။ ”
တိုက်ပွဲမှာ အဆုံးတွင် ပြီးဆုံးသွား၏။ စပါးအုံးမြွေနက်ကြီးမှ အော်သံပြုလျက် ရေထဲ ပြုတ်ကျသွားသည်။
တစ်ကိုယ်လုံး ရေထဲကျသွားပြီး နေရာအနှံ့တွင် သွေးရေပွက်များထလာ၏။ မိုကျိက လုံးလုံးမနစ်မြုပ်ခင် နတ်ဆိုးဆေးပြား အမြန်ထုတ်ယူသည်။
အဘယ်ကြောင့်ဆိုသော် အရိုးစားငါး ရာဂဏန်းခန့် အုပ်စုဖွဲ့ ကူးခတ်လာနေတော့၏။ များမကြာခင် မရေမတွက်နိုင်သော အရိုးစား ငါးများက စပါးအုံးမြွေနက်ကြီး၏ အလောင်းကို စားသောက်လာကြသည်။
နေရာအနှံ့တွင် အသားနှင့်သွေးများ လျှံထလာနေ၏။ ဖုန်မန်လျိုမှ အသက်ပြင်းပြင်း ရှူလိုက်ပြီး၊
“ ဒီအရိုးစားငါးတွေ အလုပ်ရှုပ်နေချိန်မှာ ငါတို့မြန်မြန်ထွက်သွားရအောင်။ ”
-ဟု လေးနက်စွာအကြံပြုသည်။
စပါးအုံးမြွေနက်ကြီး၏ အလောင်းမှ တန်ဖိုးရှိသော ရတနာများစွာ ရှိနေသော်လည်း ယူ၍မရတော့ချေ။
“ အ ... အ ... ။ ”
လူတိုင်းက ကောင်းကင်ပေါ် မော့ကြည့်မိသည်။ ကျီးနက်များသည်လည်း စပါးအုံးမြွေနက်ခန္ဓာကိုယ်ပေါ် ခုန်ဆင်းကာ အရိုးစားငါးများနှင့် အပြိုင်လုစားလာ၏။
လူတိုင်း အသက်ရှူ ကြပ်လာသည်။ တိုက်ပွဲသည် ကြာရှည်လှခြင်း မရှိသော်လည်း စွမ်းအင်များစွာကုန်ဆုံးသည်။
ယွမ်ဖူနယ်ပယ်၌ စစ်မှန်သောစွမ်းအင်ကို သိုလှောင်နိုင်သည့် ယွမ်စံအိမ်ရှိသည်။ သို့သော် ခရမ်းရောင်နေမင်းနယ်ပယ်ရှိ ကျင့်ကြံသူများ ကဲ့သို့ တာရှည်ခံမည်မဟုတ်ချေ။
တိုက်ပွဲဝင်စွမ်းအားကို ပေါက်ကွဲစေပြီးနောက် စစ်မှန်သောစွမ်းအင်များ ကုန်ဆုံးသွားပေမည်။ ထို့နောက် ဝိညာဉ်လှေကို ပြန်ယူလျက် ခရီးဆက်လာခဲ့သည်။
ခန္ဓာကိုယ်ထဲရှိ ချီနင့်သွေးများ ငြိမ်သက်သွား၏။ လူတိုင်း စစ်မှန်သောစွမ်းအင် ပြန်လည်ဖြည့်တင်းရန်အတွက် တင်ပျဉ်ခွေထိုင် ကျင့်ကြံနေကြသည်။
ကူချန်သာလျှင် လှေငယ်၏ ပဲ့ဦးတွင် တရားထိုင်ခြင်းမရှိဘဲ ထိုင်နေ၏။ ဘေးမှနေ၍ ရပ်ကြည့်နေသူ တစ်ယောက်ကဲ့သို့ လှေငယ်ကို ဆက်၍ရွေ့လျားစေခဲ့သည်။
“ အ ... အ ... ။ ”
လှေငယ်သည် အနည်းငယ် ပျက်စီးနေသော်လည်း ခရီးဆက်နိုင်သေး၏။ ကူချန်မှ လေဟာနယ်အတွင်း ဓားများပျံဝဲလျက် ကျီးနက်များထံ ချိန်ရွယ်ထားသဖြင့် လုံးဝ ဆင်းလာမဝံ့တော့ချေ။
နတ်ဆိုးဝိညာဉ်များနှင့် သားရဲများသည် ကောင်းမွန်သော အကျိုးတရားကို ရှာဖွေရန်နှင့် အန္တရာယ်ရှောင်ရှားရန် သဘာဝအသိရှိ၏။
“ အ ... အ ... ။”
ထို့ကြောင့် ၎င်းတို့သည် အလွန် ကြောက်လန့်နေကာ ဆင်းမလာရဲတော့ဘဲ လေထဲတွင် အော်ဟစ်နေကြသည်။ များမကြာမီ လူတိုင်း ပြန်လည်ထိန်းညှိလာနိုင်၏။
တစ်ဆက်တည်းမှာပင် လှေငယ်လေး သည်လည်း အဝေးတစ်နေရာရှိ ကမ်းစပ်ကို မြင်နိုင်နေပြီဖြစ်သည်။
“ ဒီတိုက်ပွဲမှာ ... ငါအများဆုံး အားစိုက်ခဲ့ရတယ် ဒါကြောင့် ငါ(၃၀)ရာခိုင်းနူန်း ယူလိုက်မယ် ... ကျန်တဲ့ (၇၀)ရာခိုင်နူန်းကနေ ...
... တာအိုဖုန်၊ တာအိုကွမ်ရှင်း၊ တာအိုချမ်တို့က (၂၀)ရာခိုင်နှုန်းစီယူကြ ... တာအိုချန်က (၁၀)ရာခိုင်းနှုန်း ... ။ ”
မိုကျိက နတ်ဆိုးဆေးပြားကို ခွဲဝေပေးရန်ပြောကြားလာသည်။ ထို့နောက် ကူချန်ထံ လှည့်ကြည့်ကာ၊
“ တာအိုချန်ရှန် ... မင်းဝေစုအတွက် ဆန္ဒတစ်ခုခုရှိလား။ ”
-ဟု မေးမြန်းလာ၏။
ကူချန်မှ ပြုံးလျက် ခေါင်းယမ်းပြသည်။ ဤတိုက်ပွဲတွင် မပါဝင်ခဲ့သဖြင့် သဘာဝအတိုင်း သူ့ဝေစု (၁၀)ရာခိုင်နှုန်းသည်ပင် အံ့ဩစရာ ကောင်းနေဆဲဖြစ်သည်။
“ ကောင်းပြီ ... ဒီနတ်ဆိုးဆေးပြားကို သိမ်းထားလိုက်မယ် ပြန်ရောက်တာနဲ့ ရောင်းပြီး လူတိုင်းအတွက် သဘောတူထားတဲ့ ရာခိုင်နှုန်းအတိုင်း ငါဝေမျှပေးမယ်။ ”
ထိုစကားကြောင့် ကွမ်ရှင်းသည် အနည်းငယ်မျက်မှောင်ကြုတ်ကာ တစ်စုံတစ်ခု ပြောချင်နေသော်လည်း အဆုံးတွင် အသံထွက်မလာတော့ချေ။
အထက်ပါအချင်းအရာကို မြင်လိုက်သော မိုကျိတစ်ယောက် သူမထံ တစ်ချက်ကြည့်ကာ၊
“ မင်းငါ့ဆီမှာ ထားဖို့ စိတ်မချရင် ... အခြားယုံကြည်ရတဲ့သူဆီမှာ ထားနိုင်တယ် ဒါပေမယ့် မင်းတော့မရဘူး။”
-ဟု ပြတ်သားစွာပြော၏။
ဤကမ္ဘာကြီးတွင် လူသတ်မှုများ၊ လုယက်မှုများ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသည်။ သို့သော် မိုကျိစကားကို မည်သူမျှကန့်ကွက်ခြင်း မပြုကြသဖြင့် ကွမ်ရှင်းမှ နောက်ဆုတ်သွား၏။
“ ဒါမဟုတ် ... တစ်ယောက်ယောက် ဒီနတ်ဆိုးဆေးပြားကို ဝယ်ချင်လား တန်ဖိုးက ကျန်းချီဆေးပြား (၂၀၀၀၀) ... ။ ”
နတ်ဆိုးဆေးပြားများ၏ တန်ဖိုးသည် ကျန်းချီဆေးပြား (၄၀၀၀)မှ (၂၀၀၀၀)အထိ အသီးသီး ရှိ၏။
အနိမ့်ဆုံး စျေးနှုန်းသည် ယွမ်ဖူနယ်ပယ် သာမန်သားရဲဖြစ်ပြီး စျေးအကြီးဆုံးသားရဲမှာ စပါးအုံးမြွေနက်များဖြစ်သည်။
ကျင့်ကြံမှုသည် ယွမ်ဖူနယ်ပယ် ကန့်သတ်ချက်ကိုကျော်လွန်ပြီး ရှားပါးသော မျိုးဆက်သွေးကို ပိုင်ဆိုင်သည်။
ကူချန်တစ်ယောက် မျက်ခုံးပင့် လိုက်လေသည်။ သို့သော် သူ့တွင်ပိုက်ဆံမရှိမှန်း သတိရလာပြီး ပြုံးလိုက်တော့၏။
***