လှေပေါ်တွင် နေထိုင်ခြင်း ( ၃ )
Vol. 6 Ch. 83
လှေမရှိသော ဂိုဏ်းသားများက ဆိပ်ကမ်းတွင် ဆိုးဝါးသောအလုပ်များကိုသာ လုပ်ရသည်။ နေ့စဉ်နေ့တိုင်း စွမ်းဆောင်မှုရမှတ်များကို ခက်ခက်ခဲခဲ စုဆောင်းရှာဖွေကြရပြီး ပင်ပန်းဆင်းရဲစွာ ကျင့်ကြံကြရသည်။
ထို့ပြင် တခြားတောင်ထိပ်များနှင့် နန်းဟွမ်ဒေသကြီးတစ်ခုလုံးသည်ပင် ပင်လယ်ပြင်ဘက်သို့ သွားချင်သည့်အခါ ဤနေရာကို ဖြတ်သွားရသည်။ ထိုအခါ သတ္တမမြောက်တောင်ထိပ်မှ ဂိုဏ်းသားများ၏ လှေကလေးများကို ငှားရမ်းကြသည်။ ယင်းသည်လည်း စွမ်းဆောင်မှုရမှတ်များ ရရှိနိုင်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။
သတ္တမမြောက်တောင်ထိပ်ရှိ ဂိုဏ်းသားအများစုက ထိုသို့သာ ဆောင်ရွက်ကြရသည်။ အခြေတည်အဆင့်ကို ရောက်ပြီး ဂိုဏ်းမှအကျိုးအမြတ်များကို ခံစားခွင့်ရနိုင်ရန် လူအားလုံး ပင်ပန်းဆင်းရဲစွာ ရုန်းကန်ကြရသည်။
“ ဒါကြောင့် မှော်လှေနဲ့ ကျင့်ကြံခြင်းအခြေခံက အခြေတည်အဆင့်မရောက်ခင် အသက်ရှင်ရပ်တည်နိုင်မယ့် သော့ချက်တွေပဲ ”
“ ငါ မှော်လှေတစ်စီး မြန်မြန်ယူထားရမယ် ”
ရွှီချင်း၏မျက်လုံးများ တဖိတ်ဖိတ်လက်နေပြီး သူ အဆောတလျင် ဖြစ်နေသည်။
ထိုသို့ဖြင့် သက်လတ်ပိုင်းကျင့်ကြံသူ၏ မိတ်ဆက်စကားများကို နားထောင်ရင်း ထိုလူ၏နောက်မှနေ၍ ရွှီချင်းနှင့်တခြားလူများက တောင်၏အလယ်ကို လိုက်ပါလာကြသည်။ ထိုနေရာသည် ဂိုဏ်းသားအသစ်များအတွက် ဂိုဏ်းတံဆိပ်ပြား၏ လုပ်ဆောင်ပုံများကို အသက်သွင်းပေးသည့်နေရာ ဖြစ်သည်။ တချိန်တည်းမှာပင် ကျင့်ကြံခြင်းပညာရပ်များနှင့် တာအိုဝတ်ရုံများ ယူဆောင်နိုင်သည့်နေရာလည်း ဖြစ်သည်။
ထိုနေရာ၌ တာအိုဝတ်ရုံတစ်မျိုးတည်းသာရှိပြီး ၎င်းက မီးခိုးရောင်တာအိုဝတ်ရုံ ဖြစ်သည်။
မီးခိုးရောင်တာအိုဝတ်ရုံက ချီရွှဲ့ထုံဂိုဏ်းသားများအားလုံး၏ အခြေခံအဝတ်အစားဖြစ်သည်။ ဂိုဏ်းသားတစ်ယောက်က သူ၏ကိုယ်ပိုင်ဂိုဏ်းတံဆိပ်ပြားကို အသက်သွင်းပြီးသည့်အခါ ထိုတာအိုဝတ်ရုံကို အခမဲ့ယူနိုင်သည်။
သို့သော်လည်း ဂိုဏ်းတံဆိပ်ပြားကို အသက်သွင်းရန် စွမ်းဆောင်မှုရမှတ်တစ်ထောင်လိုအပ်သည်။ ဂိုဏ်းတံဆိပ်ပြားကို အသက်သွင်းပြီးနောက် တံဆိပ်ပြားက လူအားလုံး၏ အခြေခံသတင်းအချက်အလက်နှင့် စွမ်းဆောင်မှုရမှတ်များကို မှတ်သားထားသည်။ ၎င်းကို ဆက်သွယ်ရေးအတွက်လည်း အသုံးချနိုင်သည်။
လူအားလုံးက ကျင့်ကြံခြင်းပညာရပ်များကို ယူလိုက်ကြပြီး သူတို့၏ဂိုဏ်းတံဆိပ်ပြားများကို တစ်ယောက်ပြီးတစ်ယောက် အသက်သွင်းပြီးနောက် မီးခိုးရောင်ဝတ်ရုံတစ်ထည်စီ ယူလိုက်ကြသည်။ ရွှီချင်းသည် မီးခိုးရောင်ဝတ်ရုံကို ကိုင်ထားပြီး ၎င်းထံမှ ထွက်ပေါ်နေသော အားပျော့သည့် ဝိညာဉ်စွမ်းအားအငွေ့အသက်များကို အာရုံခံမိလိုက်သည်။ ထိုတာအိုဝတ်ရုံကို ရက်လုပ်သည့်ပစ္စည်းက အထူးကောင်းမွန်နေမည်ကို သူ သိလိုက်သည်။
တာအိုဝတ်ရုံအသားက လွန်စွာနူးညံ့ပြီး အလွယ်တကူ တွန့်ကြေမသွားပေ။ အပြင်ဘက်လောကသို့သာ ရောက်သွားပါက ထိုတာအိုဝတ်ရုံ၏တန်ဖိုးသည် အတော်လေး ခေါင်ခိုက်နေပေလိမ့်မည်။
ဘေးတွင် လီကျစ်မေ့သည်လည်း ရွှီချင်းကဲ့သို့ ခံစားနေရပြီး တာအိုဝတ်ရုံကို ပွတ်သပ်ကာ သူမ၏မျက်လုံးများထဲတွင် ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် ပြည့်နှက်နေတော့သည်။ လီကျစ်မေ့၏ဘေးရှိ ရွှီရှောင်ဟွေ့က ကျိုးချင်ဖုန်းကို ကြည့်နေ၏။
ကျိုးချင်ဖုန်းသည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး သက်လတ်ပိုင်းကျင့်ကြံသူနှင့် ပစ္စည်းများ ဖြန့်ဝေပေးနေသည့် အကြီးအကဲကို ကြည့်၍ ရုတ်တရက် ချိုသာစွာ ပြောလိုက်သည်။
“ အကြီးအကဲ၊ ကျနော် မှော်လှေတစ်စီး ဝယ်ချင်တယ် ”
ထိုစကားကိုကြားသောအခါ သက်လတ်ပိုင်းကျင့်ကြံသူက ပြုံးလိုက်သည်။ ပစ္စည်းများ ဖြန့်ပေးနေသော လူက ပိန်ပိန်ပါးပါး အဘိုးအိုတစ်ယောက်ဖြစ်သည်။ သူက ကျိုးချင်ဖုန်းကို စေ့စေ့စပ်စပ် ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ စွမ်းဆောင်မှုရမှတ်တစ်သိန်း ဒါမှမဟုတ် ဝိညာဉ်ကျောက်တုံးတစ်ရာ ”
ပိန်ပိန်ပါးပါးအဘိုးအို၏စကားကြောင့် လီကျစ်မေ့နှင့် ရွှီရှောင်ဟွေ့တို့နှစ်ယောက်လုံး သက်ပြင်းကိုယ်စီ ရှိုက်မိလိုက်ကြသည်။ သူတို့နှစ်ယောက်အတွက် ဝိညာဉ်ကျောက်တုံးတစ်ရာဆိုသော ပမာဏမှာ စိတ်ကူးနိုင်သည်ထက်ကျော်လွန်နေသော ငွေကြေးဖြစ်သည်။
ထိုအချိန်၌ ကျိုးချင်ဖုန်းက ရှေ့ကို ခပ်သွက်သွက်လျှောက်သွားပြီး ရွှေရောင်လက်မှတ်တစ်စောင်ကို ထုတ်၍ ရိုရိုသေသေ ကမ်းပေးလိုက်သည်။
“ ဒုတိယမြောက်တောင်ထိပ်ရဲ့ ဝိညာဉ်လက်မှတ်ပါလား၊ ရတာပေါ့ ”
အဘိုးအိုက လက်မှတ်ကို ယူ၍ ကြည့်လိုက်သည်။ ထို့နောက် သူက ခရမ်းရောင်သေတ္တာလေးတစ်လုံးကို ထုတ်၍ ပေးလိုက်သည်။ ပြီးသည်နှင့် သူက ခေါင်းမော့ကာ တခြားလူများကို ကြည့်လိုက်သည်။
“ မင်းတို့ထဲမှာ ယူချင်တဲ့လူရှိသေးလား ”
လီကျစ်မေ့နှင့် ရွှီရှောင်ဟွေ့တို့နှစ်ယောက်လုံး ခေါင်းများ ငုံ့သွားကြသည်။ ရွှီချင်းသည် အတန်ငယ်တွေးတောပြီးနောက် ကြိတ်မှိတ်၍ ရှေ့လျှောက်သွားပြီး သူ၏သားရေအိတ်ရှုံ့ထဲမှ ဝိညာဉ်ကျောက်တုံးတစ်ရာကို ထုတ်ကာ ပိန်ပိန်ပါးပါး အဘိုးအိုရှေ့တွင် ချထားလိုက်သည်။
အဘိုးအိုက စကားတစ်ခွန်းမှ မပြောပေ။ လီကျစ်မေ့၊ ရွှီရှောင်ဟွေ့တို့၏ အားကျမနာလိုသောအကြည့်များနှင့် ကျိုးချင်ဖုန်း၏ စောင်းငဲ့့အကြည့်အောက်တွင် ရွှီချင်းကိုလည်း သေတ္တာလေးတစ်လုံး ပေးလိုက်သည်။
ရွှီချင်းက ၎င်းကို ယူ၍ ဖွင့်ကြည့်လိုက်သည်။ အထဲတွင် ကျောက်စိမ်းပေလွှာကလေးတစ်ခုနှင့် ဖောက်ထွင်းမြင်ရသော ပုလင်းလေးတစ်လုံးသာ ပါသည်။
ပုလင်းလေးက လွန်စွာ ထူးဆန်းသည်။ လက်တစ်ဝါးစာအရွယ်သာ ရှိပြီး ပင်လယ်ရေပမာ အရည်တစ်မျိုးဖြင့် ပြည့်နေသည်။ ထိုအရည်အထက်တွင် အနက်ရောင်အမိုးအကာနှင့် လှေကလေးတစ်စီး ရှိနေသည်။
ထိုလှေကလေးသည် မည်းနက်နေပြီး ရိုးရှင်းဟန်တူသည်။ သို့သော်လည်း အနီးကပ်စစ်ဆေးကြည့်မည်ဆိုပါက လှေကလေး၏ ပျဉ်ပြားတိုင်းပေါ်တွင် ကမ္ပည်းစာလုံးများ နေရာလပ်မကျန် ရှိနေသည်ကို မြင်နိုင်မည်ဖြစ်သည်။ လှေကလေးက ပုလင်းထဲတွင် ရှိနေသည့်တိုင်အောင် လှေကလေးထံမှ ထွက်ပေါ်နေသည့် ထူးဆန်းသောဖိအားကို ခံစားနိုင်ပေသည်။
လှေကလေးဖြစ်စေ၊ ပုလင်းဖြစ်စေ ဝိညာဉ်ကျောက်တုံးတစ်ရာထက် ပို၍ တန်ကြေးရှိသည်ကို ပြောနိုင်သည်။ ကျောက်စိမ်းပေလွှာမှာမူ လှေကလေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို မှတ်တမ်းတင်ထားသည်။
“ ကောင်းပြီ။ မင်းတို့ကောင်တွေ အခုတောင်အောက်ဆင်းလို့ရပြီ။ ကျင့်ကြံခြင်းပညာရပ်တွေနဲ့ မှော်လှေတွေကို အပြင်လူတွေ ဖြန့်မပေးဖို့ မှတ်ထားနော်။ မဟုတ်ရင် မင်းတို့ အင်မတန် ဆိုးဝါးတဲ့အခြေအနေကို ရောက်သွားမယ် ”
သက်လတ်ပိုင်းလူ၏အသံက လေ့လာကြည့်ရှုနေသော ရွှီချင်းကို ဖြတ်၍ ထွက်ပေါ်လာသည်။
“ ရွှီရှောင်ဟွေ့နဲ့ လီကျစ်မေ့၊ မင်းတို့နှစ်ယောက်စလုံး ပြင်းပြင်းထန်ထန် ကြိုးစားရမယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး မြန်မြန် မှော်လှေတစ်စီး ပိုင်ဆိုင်နိုင်အောင် အားသွန်ခွန်စိုက်လုပ်ရမယ်။ ရွှီချင်းနဲ့ ကျိုးချင်ဖုန်း … မင်းတို့ရဲ့ ဂိုဏ်းတံဆိပ်ပြားတွေမှာ မင်းတို့လုပ်ရမယ့်အချက်အလက်တွေ မှတ်တမ်းတင်ထားလိုက်ပြီဆိုတော့ မင်းတို့ဘာသာ ဆက်လုပ်လို့ရပြီ ”
သူတို့လေးယောက်သည် သက်လတ်ပိုင်းလူကို ချက်ချင်းပင် လက်နှစ်ဖက်ဆုပ်၍ အရိုအသေပေးလိုက်သည်။ ရွှီချင်းက ထွက်ခွာမည်ပြုစဉ် သက်လတ်ပိုင်းလူက သူ့ကို ဟန့်တားလိုက်၏။
“ ရွှီချင်း ”
ရွှီချင်းက သက်လတ်ပိုင်းလူကို လေးစားစွာ လှည့်ကြည့်လိုက်သည်။
“ အဆင့်နိမ့်ကျင့်ကြံသူတွေထဲမှာ မင်းက အင်မတန် ခွန်အားကြီးတယ်ကွ။ မင်းက အပြင်ခန္ဓာအဆင့်ခုနစ်ပဲ ရှိနေပေမဲ့ မင်းရဲ့သွေးချီအရိပ်က အပြင်ခန္ဓာရဲ့ အထွတ်အထိပ်ကို ရောက်နေတယ်။ ဒါ မင်းရဲ့ ပါရမီက မဆိုးဘူးဆိုတာ ပြနေတာပဲ။ အဆင့်နိမ့်ကျင့်ကြံသူတွေထဲမှာတော့ မင်းက ထူးချွန်တဲ့လူတစ်ယောက်ဖြစ်နေပြီ။ သာမန်ကျင့်ကြံသူတွေနဲ့ ချီစုစည်းခြင်းအဆင့်ကိုး ဒါမှမဟုတ် အဆင့်တစ်ဆယ်က ကျင့်ကြံသူတွေကို သတ်ဖြတ်ရတာ လွယ်ကူနေလိမ့်မယ် ”
“ ဒါပေမဲ့ အပြင်ခန္ဓာကျင့်ကြံတာက အတော်လေး ရိုးရှင်းတယ်။ အဲဒါက အမြန်နှုန်း၊ ခွန်အားနဲ့ ဒဏ်ရာသက်သာနိုင်စွမ်းတွေကို တိုးတက်လာစေတာလောက်ပဲ ရှိမယ်။ မဟာတာအို မဟုတ်သေးဘူး ”
“ ငါတို့ကျင့်ကြံသူတွေရဲ့ မဟာတာအိုဆိုတာ နိယာမတွေကို ကျင့်ကြံတာပဲ။ နောက်ကျရင် နိယာမတွေကို မင်း ကျင့်ကြံကြည့်ဖို့ ငါ အကြံပေးချင်တယ်။ မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်စွမ်းအားက နည်းပါးလွန်းတယ်။ သာမန်ကျင့်ကြံသူတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရရင် ကိစ္စမရှိပေမဲ့ ဂိုဏ်းကြီးတစ်ဂိုဏ်းက ဂိုဏ်းသားတစ်ယောက်ကို ရင်ဆိုင်ရရင် မင်း အရေးနိမ့်သွားနိုင်တယ် ”
ထိုစကားများကို ရွှီချင်း ကြားသောအခါ တုန်လှုပ်သွားရသည်။
“ ပြီးတော့ အရင်က မင်း ဘယ်မှာနေလဲ ငါ မသိဘူး။ ဒါပေမဲ့ အန္တရာယ်တွေပြည့်နှက်နေတဲ့နေရာဖြစ်မယ်လို့တော့ ငါ ယုံတယ်။ ဒါကြောင့် မင်းမှာ အလေ့အကျင့်လေးတွေ အလိုလို ရှိလာလိမ့်မယ် ”
“ အလေ့အကျင့်လား ”
ရွှီချင်း မှင်သက်သွားရသည်။
“ ဒါက ငါ မင်းကို သတိပေးတာလို့ပဲ မြင်ထားလိုက်။ ဥပမာ မင်း လမ်းလျှောက်ရင် မင်းညာလက်က လှုပ်ရှားဖို့ ခက်နေတယ်။ မင်းလက်ညှိုးနဲ့ လက်ခလယ်က အမြဲ သတိထားနေတယ်။ ငါ ခန့်မှန်းကြည့်ရသလောက် မင်း ညာဘက်က သားရေအိတ်ရှုံ့ထဲမှာ အပ်ချောင်းလိုမျိုး ဒါမှမဟုတ် ဓားမြှောင်လိုမျိုး လက်ချောင်းနှစ်ချောင်းကြား ညှပ်ထားနိုင်တဲ့ လက်နက်တစ်လက် ရှိလိမ့်မယ်။ အဲဒီလို လုပ်ထားတာက မင်းအတွက် အဲဒီလက်နက်ကို အချိန်မရွေး ထုတ်ဖို့ လွယ်နေလိမ့်မယ် ”
ရွှီချင်း၏မျက်နှာထား တောင့်တင်းသွားရသည်။ တစ်ဖက်သားက သူ့ကို ဖောင်ထွင်းမြင်နေရသည့် ပထမဆုံးအကြိမ်ဖြစ်သည်။
“ ဒါပေမဲ့ ငါ မင်းကို အကြံပေးချင်တာက အလေ့အကျင့်တွေကို လုပ်ရိုးလုပ်စဉ်တစ်ခုလို သဘောမထားစေချင်ဘူး။ ဒါဆိုရင် တခြားလူတွေက မင်းကို ကြည့်လိုက်တာနဲ့ လွယ်လွယ်လေး အကဲခတ်နိုင်သွားပြီး မင်း အရေးနိမ့်သွားမယ်။ သဲလွန်စချန်မထားဖို့ မင်း သိထားရမယ်။ အပ်ဆိုရင် ဝါဂွမ်းထဲမှာ ဝှက်ထားတာက ငါတို့မျိုးဆက်ရဲ့ အကောင်းဆုံး နည်းလမ်းတစ်ခုပဲ ”
သက်လတ်ပိုင်းကျင့်ကြံသူက ပြုံး၍ ပြောလိုက်သည်။ သူက တင်းမာပြတ်သားနေဟန် မရှိတော့ပေ။ ဤတစ်ကြိမ်တွင် သူ၏ရှေ့ရှိ ဂိုဏ်းသားကို သူက သတိပေးစကားဆိုနေသည် မဟုတ်ပါလား။ သူ့အတွက် ယင်းသည်လည်း အသေးစား ရင်းနှီးမြှုပ်နှံမှုတစ်ခုသာ ဖြစ်သည်။
သို့သော်လည်း ရွှီချင်းသည် ကျောရိုးအထိ စိမ့်တက်သွားရ၏။ သူက ရပ်နေလျက် အသက်ဝဝရှူသွင်းကာ သက်လတ်ပိုင်းလူကို လေးစားစွာ အရိုအသေပေးလိုက်သည်။
သူ အဝေးသို့ မရောက်သေးသည့်တိုင်အောင် သူ၏ရင်ထဲတွင် ထိုလူ၏စကားသံများက ပဲ့တင်ထပ်နေဆဲပင်။ သူက ခေါင်းငုံ့၍ ညာလက်ကို ကြည့်ကာ သဘာဝကျကျ ဖြစ်စေရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။
သူ၏ ကြိုးစားအားထုတ်မှုအောက်တွင် ညာလက်အနေအထားက အနည်းငယ် ပြောင်းလဲသွားသည်။ ယခင်ကလို တောင့်တင်းနေခြင်းမရှိတော့ဘဲ အနည်းငယ် သဘာဝကျလာသည်။ သို့သော်လည်း အနီးကပ်ကြည့်ရှုမည်ဆိုပါက ထိုလက်ဟန်အနေအထားမှာလည်း အထဲတွင် စူးရှသော ပစ္စည်းတစ်မျိုး ဝှက်ထားကြောင်း သိသွားမည်ဖြစ်သည်။
တောင်အောက်ကို ဆင်းသည့်လမ်းတစ်လျှောက် သူ အမျိုးမျိုး ကြိုးစားကြည့်သည်။
ထိုစဉ် ချီရွှဲ့ထုံဂိုဏ်းမှ အလွန်ဝေးကွာသော မြေရိုင်းဒေသထဲရှိ ရတနာမုဆိုးစခန်းတစ်ခန်း၌ အမှတ်ခုနစ်သခင်ကြီးသည် အိမ်ခေါင်မိုးပေါ်တွင် ဆောင့်ကြောင့်ထိုင်နေ၏။ သူက မလှမ်းမကမ်းတွင် ခွေးရိုင်းတစ်ကောင်နှင့် တိုက်ခိုက်နေသော လူငယ်လေးတစ်ယောက်ကို စိတ်ပါဝင်စားစွာ ကြည့်နေ၏။ လူငယ်လေး၏ပါးစပ်တွင် ခွေးရိုင်း၏အသွေးအသားများ ရှိနေပြီး သူ့ကိုကြည့်ရသည်မှာ သွေးဆာနေဟန်တူသည်။
ထိုမြင်ကွင်းကို မြင်သောအခါ အမှတ်ခုနစ်သခင်ကြီး၏ မျက်လုံးများထဲတွင် လေးစားသည့်အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
သူ၏ဘေး၌လည်း အစေခံက ဆောင့်ကြောင့်ထိုင်နေသည်။ ထိုစဉ် သူသည် ကျောက်စိမ်းပေလွှာကို ထုတ်၍ စစ်ဆေးကြည့်လိုက်ပြီး ခပ်တိုးတိုးဖြင့် ပြောလိုက်သည်။
“ အမှတ်ခုနစ်သခင်ကြီး၊ ဂိုဏ်းကို အဲဒီကလေး ရောက်နေပြီ ”
“ ဘယ်ကလေးတုံး ”
အမှတ်ခုနစ်သခင်ကြီးက သူ၏ရှေ့ရှိ လူငယ်ကိုကြည့်၍ အမှုမဲ့အမှတ်မဲ့ မေးမြန်းလိုက်သည်။
အစေခံက ခါးသက်သက်ပြုံး၍ လေသံတိုးတိုးဖြင့် ရှင်းပြလိုက်သည်။
“ လူ မသတ်ခင် အဝတ်အစားသစ်တွေကို ချွတ်လဲပြီးမှ သတ်တဲ့ကလေးလေ။ သခင်ကြီးတောင် သမားတော်ကြီးပိုင်ကို အဲဒီကလေးကို ဆေးပညာသင်ပေးဖို့ ပြောခဲ့သေးတယ်။ ပြီးတော့ အဖြူရောင်ဝင်ခွင့်တံဆိပ်ပြားလည်း သခင်ကြီး ပေးခဲ့သေးတယ်လေ ”
အမှတ်ခုနစ်သခင်ကြီးက ကြောင်ကြည့်နေပြီးနောက် ခေါင်းညိတ်လိုက်သည်။ ရွှီချင်းကို သူ မှတ်မိသွားပြီး သူ၏မျက်လုံးများထဲတွင် လေးစားသည့်အရိပ်အယောင်များ ပြန်ပေါ်လာသည်။
“ ငါ မှတ်မိပြီ။ သိပ်တော်ပြီး သစ္စာရှိတဲ့ကလေးပဲ ”
“ အဲဒီကလေးကို သေချာစောင့်ရှောင်ပေးရမလား ”
အစေခံက မေးမြန်းလိုက်ရာ အမှတ်ခုနစ်သခင်ကြီးက လက်ကိုဝှေ့ယမ်းပြလိုက်သည်။
“ မလိုဘူး။ ဒီလောကပျက်ကြီးထဲမှာ အသက်ရှင်ချင်ရင် ကိုယ့်အားကိုယ်ကိုးပြီး ရုန်းကန်ရမှာပဲ။ သူက သူ့ကိုယ်သူ အားကိုးပြီး ငါ့ဆီရောက်အောင်လာနိုင်ရင် ငါ သူ့ကို ကံကြမ္မာကောင်း ပေးလိုက်မှာပဲ ”
အမှတ်ခုနစ်သခင်ကြီးက စကားပြောနေရင်း မလှမ်းမကမ်းရှိ ခွေးရိုင်းများနှင့် တိုက်ခိုက်နေသော လူငယ်လေးကို ညွှန်ပြလိုက်သည်။
“ ဒီလူငယ်နဲ့ အဲဒီကလေး ဘယ်သူက ဝံပုလွေပေါက်လေးတစ်ကောင်နဲ့ တူတယ်လို့ မင်းထင်လဲ ”
အစေခံက အမှတ်ခုနစ်သခင်ကြီး ပြောဆိုနေသော လူငယ်လေးကို ကြည့်၍ ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။ တူညီသောမေးခွန်းများကို သူ ကြိမ်ဖန်များစွာ ဖြေခဲ့ရပြီးပြီဖြစ်သည်။ ယင်းသည် အမှတ်ခုနစ်သခင်ကြီး သဘောကျနေသည့် ကိုးယောက်မြောက်ကလေးဖြစ်သည်။
“ သူတို့အားလုံး အတူတူပါပဲ ”
ထိုအဖြေကို ကြားသောအခါ အမှတ်ခုနစ်သခင်ကြီးက အစေခံကို စောင်းငဲ့ကြည့်လိုက်ပြီး ရုတ်တရက် တဟားဟား ရယ်မောလိုက်သည်။
“ အဲဒီကလေးအတွက် သမားတော်ကြီးပိုင်ကို ငါ ကူပြောခဲ့ပြီးပြီ။ သူ့ကိုလည်း အဖြူရောင်ဝင်ခွင့်တံဆိပ်ပြား ပေးခဲ့ပြီးပြီ။ ဒါက ငါ့ဘက်က သဘောကျတယ်ဆိုတာ ပြတာပဲ။ ဒါပေမဲ့ အဲဒါက ငါ သူ့ကို တပည့်အဖြစ် လက်ခံမယ်လို့ မဆိုနိုင်ဘူး။ ငါ သူ့ကို ဘာမှလုပ်ပေးတာမဟုတ်ဘူး။ အခွင့်အရေးတစ်ခုပဲ ပေးလိုက်တာ ”
“ စတုတ္ထမြောက်တပည့်ကို ငါ တကယ်လိုချင်ပေမဲ့ တတိယမြောက်တပည့်ရှာတုန်းက ငါ အဖြူရောင်ဝင်ခွင့်တံဆိပ်ပြား ငါးဆယ်ကျော် သုံးခဲ့ရတယ်။ မင်းက ငါနဲ့ ကြာကြာမနေဖူးတော့ ငါ့အကြောင်း မသိသေးတာ ”
“ ဒီတစ်ခေါက် စတုတ္ထမြောက်တပည့်ပေါ်လာဖို့ ဝင်ခွင့်တံဆိပ်ပြား ငါးဆယ်နဲ့ မလုံလောက်ဘူး။ တစ်ရာလောက်မှ ရမယ် ”
“ အဲဒီကောင်လေးဆီသွားပြီး ဝင်ခွင့်တံဆိပ်ပြား ပေးလိုက်။ မင်း ဘာမှ ပြောစရာမလိုသေးဘူး ”
အမှတ်ခုနစ်သခင်ကြီးက ပြောပြီးနောက် အဝေးကို လျှောက်သွားသည်။