နတ်ရေစင်ဂိုဏ်းနှင့် တွေ့ဆုံခြင်း
Vol. 4 Ch. 50
ရှန်မိုတစ်ယောက် ခမ်းနားသော မြို့ကြီးကို အံ့ဩတကြီး မော့ကြည့်လိုက်မိသည်။
နတ်ဓားမြို့ရိုးမှာ (၁၀) ပေမျှမြင့်ပြီး မီးသင့်ကျောက်များဖြင့် တည်ဆောက်ကာ အလွန်ကြီးကျယ်လှသည်။
အဝင်ဂိတ်သည် ကောင်းကင်အထိပင် ထိုးဖောက်နေဟန် ထင်ရပြီး နတ်ဓားဂိုဏ်းမှ မွေးမြူထားသော နတ်ဆိုးသားကောင်များလည်း ရှိသည်။
မြို့ကို တိုက်ခိုက်ခံရသည်နှင့် ဂိတ်အဝင်အား ပိတ်လိုက်လျှင် ထိခိုက်မှု အလွန်နည်းသွား၏။
နတ်ဓားမြို့ဘေးတွင် ရွှမ်ကျင်းမြစ် စီးဆင်းနေပြီး ထိုမြစ်မှာ ရွှမ်ကျန်းဒေသတစ်ခုလုံးကို ဖြတ်သန်းသွားသောကြောင့် ကုန်သည်သင်္ဘောများစွာ ရောက်ရှိပြီး ကုန်အမျိုးမျိုး ရောင်းဝယ်ကြသည်။
ပုံမှန်အားဖြင့် နတ်ဓားမြို့မှာ ရွှမ်ကျန်းဒေသ၏ အစည်ကားဆုံးမြို့ဖြစ်ပြီး ယခုလည်း ဂိုဏ်းတစ်ရာ စုဝေးပွဲအတွက် လူများစွာ ရောက်လာကြသည်။
ထိုအခြေအနေကို အခွင့်ကောင်းယူကာ ကုန်သည်များကလည်း စီးပွါးရေးအတွက် ရောက်နေ၏။
ထိုအခါ နတ်ဓားမြို့ကြီးသည် အရင်ထက် (၅) ဆမျှ ပိုရှုပ်ထွေးနေတော့သည်။
အင်အားကြီးကို ပြသလိုသူများအတွက်လည်း အကောင်းဆုံး စင်မြင့်ဖြစ်၏။
ရှောင်ဖန်တစ်ယောက် ရှန်မို့ဘေးတွင် ရပ်၍ အံ့ဩတကြီး ရေရွတ်မိသည်။
“ရွှမ်ကျန်းဒေသရဲ့ အဆင့် (၁) မြို့တော်လို့ခေါ်ကြတာ မဆန်းပါဘူး”
လောင်ရှန်နန် နှာခေါင်းရှုံ့ကာ
“ဘာကိုပြောချင်တာလဲ။ တခြားလူကို ချီးကျူးပြီး ငါတို့ဂိုဏ်းကို နှိမ်ချင်တာလား”
“ကျွန်တော်တို့ ချင်းရွှမ်ဂိုဏ်းက တစ်ချိန်က ရွှမ်ကျန်းဒေသရဲ့ ထိပ်တန်းဂိုဏ်း (၅) ခုထဲ ပါခဲ့တယ်လေ။ နတ်ဓားဂိုဏ်းနဲ့တောင် ယှဉ်နိုင်သားပဲ”
ရှောင်ဖန် နေရခက်စွာ ပြုံး၍ ပြန်လျှောချသည်။
လျှိုယွမ်ဖုန် တည်ငြိမ်စွာဖြင့်
“လက်တွေ့ကို ထည့်မတွေးဘဲ ချင်းရွှမ်ဂိုဏ်းရဲ့ အရင်က ဂုဏ်တွေထဲမှာပဲ မျောနေလို့ မရတော့ဘူးလေ”
လောင်ရှန်နန်ကတော့ လျှိုယွမ်ဖုန်စကားအား မသိချင်ယောင်ဆောင်နေသည်။
“သွားရအောင်။ မြို့ထဲ လိုက်ခဲ့ကြ”
မူယုံးယွဲ့မှ ပြောလိုက်သည်။
ထို့နောက် ဂိတ်တံခါးပွင့်လာပြီး အားလုံး လိုက်သွားကြလေသည်။
ငွေရောင်သံချပ်ကာ ဝတ်ဆင်ထားသော စစ်သည်များမှာ ဂိတ်တစ်ဖက်ခြမ်း၌ ခိုင်မာစွာ တပ်စွဲထား၏။
ငှက်ပြာကြီးမှာတော့ သူတို့အတွက် မျက်လုံးထဲ ထင်းနေလောက်သည်။
ရှန်မိုတို့ကို တွေ့သောအခါ ခေါင်းဆောင်တစ်ဦးမှ
“ဘယ်ဂိုဏ်းကလဲခင်ဗျာ”
မူယုံးယွဲ့မှ
“ချင်းရွှမ်ဂိုဏ်းကပါ။ ကျွန်မက ဂိုဏ်းခေါင်းဆောင် မူယုံးယွဲ့ပါ”
ငွေရောင်သံချပ်ကာဖြင့် စစ်သည်မှာ ပို၍ ရိုကျိုးစွာဖြင့် နှုတ်ဆက်ပြီးနောက် အနီးရှိ တပ်သားလေးကို စာရင်းမှတ်ရန် အမူအရာပြလိုက်သည်။
“ဂိုဏ်းခေါင်းဆောင် မူယုံးယွဲ့အတွက် ဝင်ခွင့်လက်မှတ်ပါ”
ထို့နောက် နောက်ထပ်တပ်သားတစ်ဦးကို ခေါ်၍
“မင်းက ချင်းရွှမ်ဂိုဏ်းသားတွေကို နေရာလိုက်ပြလိုက်ပါဦး”
“ဟုတ်ကဲ့”
တပ်သားလေး ခေါင်းငြိမ့်ပြ၍ ရှေ့မှ ဦးဆောင်ထွက်သွားသည်။
လမ်းတစ်လျှောက် တွေ့သမျှလူတိုင်း ရှန်မိုတို့အုပ်စုကို စိတ်ဝင်တစား လှမ်းကြည့်ကြလေသည်။
အထူးသဖြင့် ရှေ့ဆုံးမှ မူယုံးယွဲ့၏အလှကို ဖြစ်၏။
သို့သော် ကြည့်ရုံသာဖြစ်ပြီး ထူးဆန်းသော စိတ်ကူးပင် မယဉ်ရဲကြပေ။
မကြာမီ ကြီးမားသော အဆောက်အအုံကြီးတစ်ခုဆီသို့ ရောက်လာ၏။
အရှေ့တွင် လျှို့ဝှက်နဂါးဆောင်ဟု ရေးထားသည်။
မူယုံးယွဲ့မှ အရှေ့တွင် စောင့်ကြပ်နေသော တပ်သားအား တိုကင်ပြား ပြလိုက်သည့်အခါ အလွယ်တကူ ဝင်ခွင့်ပေးလေသည်။
အဆောင်ပတ်ဝန်းကျင်မှာလည်း ကျယ်ဝန်းလှပြီး အလွန်လည်း ခမ်းနား၏။
လမ်းလိုက်ပြသည့်အစောင့်လေး ပြန်သွား၍ မူယုံးယွဲ့မှ ဦးဆောင်ကာ ဆက်သွားသည်။
ကျောက်ရူမှ နားမလည်နိုင်စွာဖြင့်
“ခေါင်းဆောင် ကျွန်မတို့ ဒီနား ရောက်ဖူးသလိုပဲနော်”
“ဟင်… ဟုတ်လို့လား”
ရှန်မိုလည်း အံ့ဩစွာ ကြည့်နေသည်။
သူတို့ လမ်းပျောက်နေပြီ ဖြစ်၏။
မူယုံးယွဲ့ နေရခက်ကာ ပါးလေးများ ရဲနေသည်။
ထိုစဉ် အရှေ့မှ လူအချို့ ရောက်လာကြသည်။
အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားကြပြီး တောင်တန်းနှင့်ရေပုံ အဆင်များ ပါသည်။
ရှန်မို မျက်မှောင်ကြုတ်ကြည့်ရင်း ခန့်မှန်း။
နတ်ရေစင်ဂိုဏ်းမှ ဖြစ်လောက်သည်။
ချင်းရွှမ်ဂိုဏ်း ထိပ်တန်း (၅) ခုထဲမှ ကျချိန်တွင် နတ်ရေစင်ဂိုဏ်း တက်လာ၍ အချင်းချင်း ရန်ညှိုးများ ရှိကြသည်။
ယခုလို မျက်နှာချင်းဆိုင် တွေ့ကြသောအခါ ပိုသိသာလေသည်။
နတ်ရေစင်ဂိုဏ်းကို ဦးဆောင်လာသူမှာ အရပ်မြင့်မြင့်၊ ခပ်ချောချောအမျိုးသမီးဖြစ်ပြီး မူယုံးယွဲ့နှင့် ဆင်တူသလို ရှိသည်။
သို့သော် မူယုံးယွဲ့မှာ အေးစက်၍ မာနကြီးရုံ ဖြစ်သော်လည်း ထိုအမျိုးသမီးမှာ ပိုရက်စက်တတ်မည့်ပုံ ပေါ်သည်။
“ဪ ဪ ဒါ ခေါင်းဆောင် မူယုံးယွဲ့မလား။ တို့ဂိုဏ်း (၂) ခု အတူနေရမယ်လို့ မထင်ထားခဲ့ဘူး”
တစ်ဖက်အမျိုးသမီးမှ လှောင်ပြုံးပြုံး၍ ပြောလေသည်။
မူယုံးယွဲ့မှာ တည်ငြိမ်စွာဖြင့်
“သွားကြစို့”
သို့သော် နတ်ရေစင်ဂိုဏ်းခေါင်းဆောင်မှာ သူ့လမ်းကို ပိတ်လိုက်ပြီး
“ရှင်တို့ ချင်းရွှမ်ဂိုဏ်းမှာ ကောင်းကင်ခန္ဓာကိုယ်နဲ့ တပည့်တစ်ယောက် ပေါ်လာတယ်ကြားတယ်။ ဘယ်သူလဲ။ ကျွန်မတို့ကိုလည်း ပြပါဦး”
နတ်ရေစင်ဂိုဏ်းသားများမှာ တစ်ဖက်အုပ်စုကို စူးစမ်းသလို ကြည့်နေကြသည်။
အားလုံး သတင်းကြားထားပြီး ဖြစ်၏။
သို့သော် ချင်းရွှမ်ဂိုဏ်းမှ တရားဝင် အတည်မပြုသေးချေ။
မူယုံးယွဲ့မှ
“ကျွန်မတို့ဆီမှာ ဘယ်လိုတပည့်ရှိရှိ ရှင်တို့နဲ့ မဆိုင်ပါဘူး”
ထိုအခါ နတ်ရေစင်ဂိုဏ်းခေါင်းဆောင် ပြုံးလျက်
“မြေဓာတ်ခန္ဓာကိုယ်နဲ့တပည့်ဆိုတာရော။ အဲ့တာလည်း ကြားတယ်။ ရှောင်ဖန်ဆိုလားပဲ။ ရှောင်ဖန်က ဘယ်သူလဲ”
ထိုအမေးကြောင့် ရှောင်ဖန် ရင်ကော့ကာ ဂုဏ်ယူမိလေသည်။
သူ့နာမည်အထိ သိနေကြမည်ဟု မထင်ထားချေ။
သူ့အမူအရာကြောင့် သတိထားမိသွားပြီး နတ်ရေစင်ဂိုဏ်းခေါင်းဆောင်မှ ရယ်မောလျက်
“မင်းက ရှောင်ဖန်ထင်တယ်။ မဆိုးပါဘူး။ ချင်းရွှမ်ဂိုဏ်းမှာ အဆင်မပြေရင် အချိန်မရွေး ငါတို့ဆီ လာခဲ့နော်။ အမြဲတမ်း တံခါးဖွင့်ထားတယ်”
ရှောင်ဖန် ဘာမှသိပ်မပြောရဲပေ။
မူယုံးယွဲ့သာ မျက်မှောင်ကြုတ်လျက်
“ငါ့ရှေ့မှာ ငါ့တပည့်ကို မြှူဆွယ်ရဲတယ်လား။ ရွှယ်ချင်းရန် နင် ဂိုဏ်းခေါင်းဆောင်တစ်ယောက် ဖြစ်နေပြီး မရှက်တတ်ပါလား”
နတ်ရေစင်ဂိုဏ်းခေါင်းဆောင်မှာ အားရပါးရ ရယ်မောလျက် ကျော်သွားလေ၏။
ခပ်လှမ်းလှမ်းရောက်မှ ရွှယ်ချင်းရန် နှာခေါင်းရှုံ့လျက်
“မူယုံးယွဲ့ နောက်ဆုံးတစ်ခေါက် ဂိုဏ်းတစ်ရာ စုဝေးပွဲကို ငါ ကောင်းကောင်း မှတ်မိသေးတယ်။ နင်တို့ချင်းရွှမ်က အဆင့် (၂၆) လေ။ ဒီတစ်ခါ ဘယ်လောက် ထပ်ကျမှာလဲ။ (၃၀) လား။ (၄၀) လား”
“ဟားဟားဟား”
မူယုံးယွဲ့လည်း မကျေမနပ် ပြန်လှမ်းအော်လိုက်သည်။
“ဒီတစ်ခါ ချင်းရွှမ်ဂိုဏ်းက ထပ်ပြီး အမှားလုပ်မှာ မဟုတ်ဘူး”
ရွှယ်ချင်းရန် နှာခေါင်းရှုံ့လျက် ဆက်မပြောဘဲ ထွက်သွားတော့သည်။