← Chapters

သားကောင်ဘုရင်မ မိုယုဟုန်

Vol. 4 Ch. 51

သားကောင်ဘုရင်မ မိုယုဟုန်

Vol. 4 Ch. 51

ခဏအကြာတွင် ချင်းရွှမ်ဂိုဏ်းသားများ လမ်းမှန်ကိုတွေ့၍ ကြိုတင်ပြင်ဆင်ပေးထားသော အဆောင်ထဲ ရောက်လာကြ၏။

ထိုနေရာမှာ ချန်းလုံအဆောက်အအုံ၏ အရှေ့တောင်ဘက်ထောင့်တွင် ထီးထီးကြီး တည်ရှိနေသည်။ ဘေးပတ်ဝန်းကျင်၌ ကျောက်တုံး၊ ကျောက်ခဲများနှင့် ရေကန်ရှိပြီး လေမှာ အေးမြလတ်ဆတ်နေလေသည်။

“ကြိုက်တဲ့အခန်း ကိုယ့်ဘာသာ ရွေးလိုက်ကြနော်”

မူယုံးယွဲ့မှ လက်ယမ်းပြကာ ဆက်ပြော၏။

“ငါ အပြင်ခဏသွားကြည့်လိုက်ဦးမယ်”

“ကြိုက်တဲ့အခန်းလား”

ရှန်မို ချက်ချင်း ရှောင်ဖန်နှင့် လျှိုယွန်းရွှမ်တို့၏ ကံကြမ္မာကို လှမ်းကြည့်လိုက်သည်။

ရှောင်ဖန့်ကံတွင် အခွင့်အရေးအသစ် ရှိနေလေ၏။

[လတ်တလောအခွင့်အရေး: ယနေ့ နဂါးအဆောက်အအုံ၏ အရှေ့တောင်ဘက်ရှိ အဆောင်ကိုရောက်ကာ အခန်းနံပါတ် (၄) တွင် ညဘက် ကျင့်ကြံရင်း မြေအောက်ရှိ နေကြာပန်းအစေ့များကို နိုးထစေမည်။ ပန်းများ ညတွင်းချင်းပွင့်လန်းကာ ခန္ဓာကိုယ်အတွက် အကျိုးရှိမည်]

ရှန်မို ရင်ခုန်သံမြန်လာ၏။

သူ ထိုနေကြာပန်းအကြောင်း ကြားဖူးပါသည်။

အဆင့်နိမ့် မြေဓာတ်ရတနာဖြစ်ပြီး ခန္ဓာကိုယ် တည်ဆောက်ပုံအတွက် အရေးပါလှသည်။

“ကောင်းကင်အဆင့် ခန္ဓာကိုယ်အတွက်တော့ အဆင်ပြေပါ့မလား မသိပေမဲ့ သုံးလိုက်ရင် တစ်ခုခုတော့ ထူးမှာသေချာတယ်”

ရှန်မို ခေါင်းတငြိမ့်ငြိမ့်ဖြင့် ကျေနပ်နေသည်။

ထို့နောက် အခြားသူများကို စောင့်မနေဘဲ ဦးဆောင်၍ အခန်း (၄) ဆီ တန်းသွားလေ၏။

ရှောင်ဖန် မျက်မှောင်ကြုတ်မိသွားသည်။

သူ ထိုအခန်းကို မျက်စိကျနေသော်လည်း ရှန်မို အရင်ဦးသွား၍ ဘာမှမပြောနိုင်တော့ပေ။

အခန်းများမှာ ပုံစံအားဖြင့်လည်း အတူတူပင် ဖြစ်၏။

ရှောင်ဖန်လည်း အခန်း (၆) ကိုသာ ရွေးလိုက်လေသည်။

အခန်းတိုင်းမှာ အပြင်အဆင် တူညီပြီး အားလုံးကို အဆင့်နိမ့်သော်လည်း ခမ်းနားအောင် ပြုလုပ်ထားသည်။

ထို့အပြင် အဆင့်မြင့် အဝါအဆင့် အသံလုံစနစ်လည်း တပ်ပေးထား၏။

“ရွှမ်ကျန်းဒေသရဲ့ ထိပ်တန်းခေါင်းဆောင်ဂိုဏ်းလို့ မပြောရဘူး။ တကယ် ချမ်းသာတာပဲ။ ဒါနဲ့တင် ချင်းရွှမ်ဂိုဏ်းက အများကြီး နောက်ကျကျန်ခဲ့ပြီ”

ရှန်မို စိတ်ထဲမှ တွေးမိ၏။

သူ အပြင်လည်း မထွက်ချင်သောကြောင့် တံခါးပိတ်၍သာ ကျင့်ကြံနေသည်။

ညမိုးချုပ်သောအခါ။

အစေခံ (၃) ဦးမှ ညစာယူလာကာ အခန်းတိုင်းကို လိုက်ပို့လေသည်။

ဤသို့ဖြင့် ညဉ့်ပိုနက်လာသောအခါ ရှန်မို့ကျင့်ကြံမှုလည်း ပိုပြင်းထန်လာ၏။

နတ်ဓားမြို့မှာ ရတနာမြေဖြစ်သောကြောင့် ပတ်ဝန်းကျင်တွင် စိတ်ဝိညာဉ်စွမ်းအင်များ ပြည့်ကာ အသက်ရှူတိုင်း စုပ်ယူနိုင်လေသည်။

တစ်ဝက်ကြိုးစားရုံဖြင့် နှစ်ဆ အောင်မြင်နိုင်၏။

ထိုစဉ် မြေပြင်ရှိ ကျောက်သားတစ်ချပ်မှာ တုန်ခါ၍ လျော့လာသည်။ အထဲမှ တစ်ခုခု တိုးထွက်လာမလို ထင်ရ၏။

မကြာမီ ကျောက်သားထုကြီး အက်ကွဲကာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတော့သည်။

ထိုအခါမှ ရွှေရောင်အပင်ငယ်တစ်ပင် ဖြည်းဖြည်းချင်း ကြီးထွားလာပြီး အခက်အလက်၊ ပင်စည်နှင့် အရွက်များ ဝေလာ၏။

အရွက် (၂) ရွက်သာ ရှိသေးသော်လည်း နေမင်းငယ်ကဲ့သို့ ဖြစ်နေ၍ ရှန်မို့တစ်ခန်းလုံး လင်းထိန်သွားလေသည်။

သို့သော် အခြားအခန်းများလည်း မီးအိမ်ထွန်းထားကြ၍ ထူးခြားမှုကို သတိမထားမိကြပေ။

ရွှေရောင်အပင်၏ထိပ်ဆုံး၌ ပန်းငယ်လေးတစ်ပွင့်ကို တွေ့ရသည်။

အဖူးထဲတွင်မူ နေကြာအဆီအနှစ်ရှိနေပြီး မြေဓာတ်ရတနာအစစ်ဖြစ်၏။

ပန်းအဖြစ်တော့ လုံးဝ မပွင့်လာသေးချေ။

ထိုစဉ် ရှန်မို ရင်တုန်သွားပြီး ပြတင်းပေါက်ကို လှမ်းကြည့်လိုက်သောအခါ ဖြူဖွေးနေသော မြွေပေါက်လေးတစ်ကောင်ကို တွေ့ရသည်။

သူ့မျက်လုံးများမှာ သွေးကဲ့သို့ နီရဲ၍ နီလာကျောက်လုံးများ ကပ်နေသလို ထင်ရလေ၏။

မြွေပေါက်လေးမှာ နီရဲသောလျှာနှစ်ခွကို ထုတ်ကာ ထုတ်ကာဖြင့် ရှန်မိုအား စိတ်ဝင်တစား ကြည့်နေသည်။

“ဟင် စိတ်ဝိညာဉ်သားကောင်လား။ ခုနက အခွင့်အရေးထဲမှာတော့ မတွေ့မိပါဘူး”

ရှန်မို သူ့ကိုကြည့်၍

“ကောင်လေး ဒီနားလာခဲ့”

မြွေပေါက်လေးမှာ ခေါင်းလေးစောင်းလျက် သူ့ကို စိတ်ဝင်စားနေသည်။

သူ ချက်ချင်း မလှုပ်ရှားသေးဘဲ ခဏအကြာမှ မြေပြင်သို့ ဆင်းလာပြီး နေကြာပန်းဖူးကို တစ်ချက်ကြည့်ကာ ဂရုမစိုက်ဘဲ ရှန်မို့အနား ကပ်လာသည်။

ထို့နောက် ခေါင်းလေးတိုးတိုး၍ တစ်ခုခု တောင်းနေသလို ပြုမူလေသည်။

ရှန်မို နားမလည်နိုင်စွာဖြင့်

“ဗိုက်ဆာလို့လားကွ”

သူ သိုလှောင်လက်စွပ်ထဲမှ ဆေးအချို့နှင့် စိတ်ဝိညာဉ်ကျောက်တုံးများ ထုတ်လိုက်သည်။

သို့သော် မြွေပေါက်မှာ အနည်းငယ် နမ်းရှုံ့ပြီးနောက် ဂရုမစိုက်ပုံဖြင့် လှည့်သွားသည်။

ထို့နောက် ရုတ်တရက် ပါးစပ်ဟလာကာ အပူချိန်မြင့်သော စိတ်ဝိညာဉ် မီးစွမ်းအင်ကို မှုတ်ထုတ်လိုက်၏။

ထိုအခါမှ ရှန်မို သဘောပေါက်သွားတော့သည်။

သူသည် ထိပ်တန်းကောင်းကင်ခန္ဓာကိုယ်၊ နေမီးတောက် ခန္ဓာကိုယ်တို့ ပိုင်ဆိုင်ထားသောကြောင့် မီးစိတ်ဝိညာဉ်စွမ်းအင်ကို ဆွဲဆောင်နိုင်လေသည်။

ထို့အပြင် လက်ရှိတွင် ကောင်းကင်အဆင့် ငရဲမီးတောက်ကျင့်စဉ်ကို ကျင့်ကြံနေသောကြောင့် ပိုသန့်စင်၏။

“ဟုတ်ပါပြီ။ ငါပေးမယ်နော်”

ရှန်မို ချက်ချင်း ဆက်၍ ကျင့်ကြံပြီး မီးစိတ်ဝိညာဉ် စွမ်းအင်များသည် ချည်ကြိုးမျှင်များကဲ့သို့ အရပ်မျက်နှာအားလုံးကို ပျံ့သွားသည်။

ထိုအခါမှ မြွေပေါက်လေးသည် ရှန်မိုလက်ထဲတွင် သက်တောင့်သက်သာ ခွေနေလေသည်။

ပတ်ဝန်းကျင်မှ မီးစွမ်းအင် ၃၀ ရာခိုင်နှုန်းခန့်ကို ထိုမြွေပေါက်မှ စုပ်ယူထား၏။

ရှန်မိုပြုံး၍ မောင်းမထုတ်ဘဲ ကြည့်နေသည်။

ဉာဏ်ရည်အရတော့ တစ်ယောက်ယောက် ပျိုးထောင်ထားပုံ ရ၏။

ဘယ်သူလဲ။ ဂိုဏ်းတစ်ခုခုက တပည့်လား။ ဒါမှမဟုတ် အကြီးအကဲတစ်ယောက်ယောက်လား။

မြွေပေါက်လေးမှာ အလွန်ယဉ်၍ သူ့ကျင့်ကြံမှုကို အေးချမ်းစွာ ဆက်လက်လုပ်ဆောင်နိုင်လေသည်။

သို့သော် မကြာမီ ခြေသံအချို့ကို ကြားရ၏။

သူ ပြတင်းပေါက်ဘက် လှမ်းကြည့်လိုက်သောအခါ ခပ်ချောချော မိန်းကလေးတစ်ဦးကို တွေ့လေသည်။

မည်းနက်နေသော ဆံနွယ်များမှာ ဖြူဖွေးသော ပုခုံးထက်၌ ဖြန့်ဝဲကျနေ၏။

အဝတ်အစားမှာ ပါးလွှာလွန်းပြီး ခန္ဓာကိုယ်အလှအား ထင်ရှားစေ၍ ဆွဲဆောင်မှုရှိလှသည်။

ရှန်မိုလည်း အသက် (၁၈) နှစ်အရွယ် ကျန်းမာသောအမျိုးသားဖြစ်၍ ရင်ခုန်မိလေသည်။ သို့သော် အန္တရာယ်ကိုလည်း တွဲ၍ ခံစားမိ၏။

မူယုံးယွဲ့သည် ရေခဲကဲ့သို့အလှဆိုလျှင် ယခုမိန်းကလေးမှာ မြွေကဲ့သို့အလှ ဖြစ်သည်။

သူ့အလှတွင် ကျရှုံးမိသူတိုင်း အသက်တန်ကြေး ပေးဆပ်ရလိမ့်မည်။

ရှန်မို မွန်းကြပ်လာပြီး သူ့ကံကြမ္မာကို ချက်ချင်း စစ်ကြည့်လိုက်သည်။

[အမည်: မိုယုဟုန်]

[အဆင့်: ခြေတည်အဆင့် ထိပ်ဆုံး]

[ကံကြမ္မာ: ဂိုဏ်းတပည့်၊ အချိန်ကိုက် ကံကောင်းတတ်၊ ဆေးနှင့်အဆိပ်ပညာ ကျွမ်းကျင်သူ၊ ထူးဆန်းသောအနုပညာ အမွေဆက်ခံသူ၊ ရှေးသားကောင် စိတ်ဝိညာဉ်ခန္ဓာကိုယ်]

[အနာဂတ်: ခြေတည်ဝိညာဉ်အဆင့် အစပိုင်းအထိ ကျင့်ကြံနိုင်မည်။ (၆၁) နှစ်တွင် အဆင့်တက်ရန် ကြိုးစားရင်း သားကောင်တစ်သောင်း၏ တိုက်ခိုက်မှု ခံရမည်]

[လတ်တလော အခွင့်အရေး: မရှိ]

ရှန်မို ဆက်ကြည့်၏။

[ဂိုဏ်းတပည့်: အပြာရောင် ကြမ္မာ၊ ချင်းထုန်ဂိုဏ်း၏ တပည့်တစ်ဦးဖြစ်ပြီး ရွှမ်ကျန်းဒေသကြီး၏ ထိပ်တန်းဂိုဏ်း (၅) ခုထဲ ပါဝင်သည်။ ကျင့်ကြံမှုအရှိန်မှာ အခြားသူများထက် မြန်ဆန်သည်]

[ဆေးနှင့်အဆိပ် ကျွမ်းကျင်သူ: အနီရောင် ကြမ္မာ။]

[ထူးခြားသော အတတ်ပညာအမွေဆက်ခံသူ: အပြာရောင် ကြမ္မာ။ ကြာပွတ်နှင့် ကြိမ်ကဲ့သို့ လက်နက်များကို သုံးနိုင်မည်]

[ရှေးသားကောင် စိတ်ဝိညာဉ်ခန္ဓာကိုယ်: လိမ္မော်ရောင် ကြမ္မာ။ သားကောင်များနှင့် အတားအဆီးမရှိ ဆက်သွယ်နိုင်ပြီး ချစ်နှစ်သက်ခြင်းခံရမည်]

ရှန်မို သူ့နာမည်ကို ကြားဖူးထားပြီး အမျိုးသားတစ်ဦးဟု ထင်ထား၏။ သို့သော် အလွန်လှပ၍ အန္တရာယ်များသော မိန်းမငယ်လေး ဖြစ်နေလေသည်။

All Chapters