ဂိုဏ်းခေါင်းဆောင်များ အစည်းအဝေး
Vol. 4 Ch. 52
မိုယုဟုန် ရှန်မို့ကို လှမ်းကြည့်ကာ
“ရှင်က ခြေတည်အဆင့်ထိပ်ဆုံးလား”
သူ ပြုံး၍ မေး၏။ အသံလေးမှာလည်း ကြည်လင်သော စမ်းရေကဲ့သို့ အေးချမ်းလှသည်။
ရှန်မို ပြန်မဖြေပေ။
မိုယုဟုန် ဒေါသထွက်ရမည့်အစား လေချွန်သံ ငြိမ့်ငြိမ့်လေး ပေးလိုက်သည်။
ထိုအခါ ရှန်မို့လက်ပေါ်မှ မြွေပေါက်လေးသည် ချက်ချင်းနိုးလာပြီး မိုယုဟုန်အား လှမ်းကြည့်၏။
မိုယုဟုန် ပြုံးပြ၍ လက်ယမ်းလိုက်သောအခါ မြွေပေါက်လေးသည် ရှန်မို့လက်ထဲမှ ချက်ချင်းပျောက်၍ မိုယုဟုန်ပုခုံးပေါ် ရောက်လာသည်။
ထို့နောက် ညအမှောင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကြတော့၏။
ထိုအချိန်တွင် လျှိုယွန်းရွှမ်တစ်ယောက် အိပ်မပျော်သေး၍ ခြံထဲတွင် လသာနေသည်ကို ကြည့်နေသည်။
ထိုစဉ် မထင်မှတ်စွာဖြင့် ရှန်မို့ပြတင်းပေါက်နားမှ အရပ်ရှည်ရှည်၊ ခပ်ချောချောအမျိုးသမီးတစ်ဦး ထွက်သွားသည်ကို တွေ့လိုက်ရသည်။
ရှည်လျားသွယ်လျသော ခြေတံဖြူဖြူလေးများမှာ စကတ်အနက်ခပ်ပါးပါးအောက်တွင် ထင်းနေသည်။
လျှိုယွန်းရွှမ်မှာ ဆွဲဆောင်မှုရှိသော ထိုမြင်ကွင်းအား အကြည့်မလွှဲနိုင်ဘဲ ရှိနေသည်။
မိန်းမငယ်လေးမှာ သူ့ဘက်သို့ တစ်ချက်လှည့်ကြည့်၍ လှစ်ခနဲ ပြုံးပြလိုက်သည်။
ထို့နောက် ညအမှောင်ထုထဲ ဝင်ရောက်သွားတော့သည်။
မိန်းကလေး၏ နောက်ကျောအလှပင် အတော်လေး စိတ်လှုပ်ရှားစရာ ကောင်း၏။
လျှိုယွန်းရွှမ် အချိန်အတော်ကြာအောင် ငေးကြည့်နေမိသည်။
သူ့ကို မိုယုဟုန်မှန်း သေချာသိပါသည်။
မိန်းကလေး၏ အလှဂုဏ်မှာ နာမည်ကြီးပြီး ပုရိသတိုင်း မိုယုဟုန်ခြေရင်း ဝပ်ဆင်းကြရသည် ဟူ၏။
မိုယုဟုန်ကိုယ်တိုင်မှာလည်း ထိုကဲ့သို့ အထူးအခြေအနေမျိုးကို သဘောကျကာ အီစီကလီ လုပ်တတ်သော်လည်း မည်သူ့ကိုမျှ မရွေးချယ်ပေ။
“မိုယုဟုန်က ရှန်မို့ပြတင်းပေါက်နား ဘာလို့ ရောက်နေတာလဲ”
“သူ ရှန်မို့ကို စိတ်ဝင်စားနေတာလား။ မဖြစ်နိုင်တာ”
“ဒါမှမဟုတ် အဆိပ်နွယ်ဂိုဏ်းက ခေါင်းဆောင်က ရှန်မို့ကို မျှားတာလား။ အဲ့တာလည်း မဟုတ်သေးပါဘူး။ သူ့ကောင်းကင်အဆင့် ခန္ဓာကိုယ်အကြောင်း ဘယ်သူမှ သိပ်မသိသေးဘူးလေ”
လျှိုယွန်းရွှမ် အတွေးပေါင်းစုံ ဝန်းရံလျက် ရှုပ်ထွေးနေသည်။
ထိုအခြေအနေကို လုံးဝ နားမလည်နိုင်အောင် ဖြစ်၏။
ရှန်မို့အခန်းထဲ၌။
မိုယုဟုန် ရုတ်တရက်ပေါ်လာခြင်းမှာ သူ့အတွက် အတော်လေး အံ့ဩစရာ ဖြစ်ပါသည်။ သို့သော် သာမာန်အရန်ကိစ္စသာဖြစ်ပြီး ကျင့်ကြံမှုကို ချက်ချင်း အာရုံပြန်စိုက်လိုက်၏။
မြေပြင်မှ နေကြာပန်းမှာ ပို၍ လှပစွာ ဖူးလျက် (၃) နာရီဝန်းကျင်အကြာတွင် လုံးဝ ပွင့်လန်းလာတော့သည်။
တစ်ခန်းလုံးလည်း အမွှေးရနံ့များ ကြိုင်လှိုင်နေ၏။
ရှန်မို ပန်းပွင့်အနား ကပ်ကြည့်လိုက်သည်။ ပြီးမှ ပန်းပွင့်ကို ခူးဆွတ်လိုက်သောအခါ အပင်သည် ချက်ချင်း မြေအောက်ထဲ ပြန်ဝင်သွားလေ၏။
“နောက် ပန်းထပ်ပွင့်ဖို့ အနည်းဆုံး နှစ် (၅၀) လောက် ကြာမှာပဲ”
ရှန်မို သက်ပြင်းချမိ၏။
ထို့နောက် ကုတင်ပေါ်ပြန်သွားကာ ပန်း၏ဝတ်ရည်များအားလုံးကို တစ်ကျိုက်တည်း သောက်ချလိုက်လေသည်။
ဝမ်းဗိုက်ထဲ၌ နွေးခနဲဖြစ်သွားပြီး ခန္ဓာကိုယ်တွင် အားပြည့်သွားသလို ခံစားရသည်။
အရုဏ်တက်ချိန်မျှတွင် ရှန်မိုတစ်ယောက် ဆေးစွမ်းအင်ကို အပြည့်အဝ စုပ်ယူပြီးလေပြီ။
ကျင့်ကြံမှုလည်း အနည်းငယ် တိုးတက်သွား၏။ သို့သော် အဆင့်အထိတော့ မတက်နိုင်သေးချေ။
ခန္ဓာကိုယ်လည်း ပိုကြံ့ခိုင်လာသကဲ့သို့ ခံစားရသည်။
“အရင်က ထိုက်ရိဝိညာဉ်အားဖြည့်ဆေးနဲ့ ခန္ဓာကိုယ်အင်အားတိုးအောင် လုပ်ခဲ့ရတာ”
“ဝတ်ရည် (၆) ခေါက်လောက် ထပ်သောက်မှ နေမီးတောက်ခန္ဓာကိုယ်က အဆင့်မြင့်လာမယ် ထင်တယ်။ သွားရမယ့်လမ်းက ရှည်လိုက်တာ”
ရှန်မို စိတ်ဓာတ်တော့ မကျပေ။ နောက်ထပ် အခွင့်အရေးများကိုသာ မျှော်လင့်မိပါသည်။
…
နောက်ထပ် (၂) ရက် ကြာပြီးနောက်။
ရွှမ်ကျန်းဒေသထဲမှ ဂိုဏ်းအသီးသီးလည်း အားလုံး ရောက်ရှိနေကြလေပြီ။
ဂိုဏ်းတစ်ရာစုဝေးပွဲဟု ဆိုသော်လည်း အချို့ဂိုဏ်းများမှာ အရင်းအမြစ် မလုံလောက်၍ မပါဝင်နိုင်သောကြောင့် လွန်ခဲ့သောနှစ်များကထက် ပိုနည်းကာ (၄၉) ဂိုဏ်းသာ ရှိလေသည်။
ထိုညတွင် ဂိုဏ်းများမှ ခေါင်းဆောင်များသည် နတ်ဓားမြို့ ဓားမျှော်စင်တွင် အစည်းအဝေးပြုလုပ်ကြ၏။
ဤသည်မှာ ဂိုဏ်းတစ်ရာစုဝေးပွဲ၏ အရေးအကြီးဆုံး အပိုင်း ဖြစ်လေသည်။
ခေါင်းဆောင် (၄၉) ဦးမှာ ရွှမ်ကျန်းဒေသ၏ အရေးများကို သုံးသပ်ဆွေးနွေးကြပြီး ဂိုဏ်းများ၏ တိုးတက်ရေးကိုလည်း တိုင်ပင်ကြသည်။
အထူးသဖြင့် လင်ယွန်းဒေသ၌ ဖြစ်ပျက်ခဲ့သော အခြေအနေကဲ့သို့ ဖြစ်လာလျှင် ပြန်တိုက်ခိုက်မည်လား။ စွန့်လွှတ်မည်လားဟူ၍ ဖြစ်သည်။
ထို့နောက် ပွဲတွင်ပါဝင်မည့် တပည့်များစာရင်းကိုလည်း ထုတ်ပြန်လေသည်။
ထိုစာရင်းမှာ တပည့်များ၏ ကျင့်ကြံမှုအဆင့်လိုက် စီိထား၏။
ထိပ်ဆုံးတွင် သခင်လေး (၅) ဦးတို့ရှိပြီး တဖြည်းဖြည်း ခြေတည်အဆင့် ထိပ်ဆုံးတပည့်များကို တန်းစီထားသည်။
ထိုထဲတွင် ရှန်မိုမှာ အောက်ဆုံးမှ ပါဝင်၏။
“ချင်းရွှမ်ဂိုဏ်းဆိုတာ ဘယ်ကလဲ။ အဲ့လိုဂိုဏ်းငယ်လေးကနေ ခြေတည်အဆင့် ထိပ်ဆုံးတပည့်မျိုး မွေးထုတ်နိုင်တယ်လား”
“ချင်းရွှမ်ဂိုဏ်းဆိုတာ အရင် နှစ် (၃၀) လောက်က ထိပ်တန်း (၅) ဂိုဏ်းထဲ ပါခဲ့တယ်လေ။ နောက်ပိုင်း မြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေ အသတ်ခံရပြီး ပြုတ်သွားတဲ့အချိန် နတ်ရေစင်ဂိုဏ်းက ဝင်လာတာ”
“ဪ ခင်ဗျားပြောမှ ပြန်မှတ်မိလာပြီ။ သူ့မှာ သမိုင်းကောင်း ရှိသားပဲ။ ဆင်ပိန်ကျွဲလောက် ဆိုသလိုပေါ့”
“ရှန်မိုဆိုတာ ချင်းရွှမ်ဂိုဏ်းခေတ်သစ်မှာ အင်အားအကြီးဆုံးဖြစ်မယ်နော်။ ဒါပေမဲ့ သခင်လေး (၅) ယောက်ကို ယှဉ်ဖို့တော့ မလွယ်ဘူး”
အချင်းချင်း နောက်ခံအကြောင်းအရာများ သိထားမှ ကြိုတင်ပြင်ဆင်နိုင်လိမ့်မည်။
နောက်တစ်ရက် ကုန်ဆုံးပြီးနောက်။
ခေါင်းဆောင်များ၏ ဆွေးနွေးမှုများ အားလုံး ပြီးဆုံးသွားသည်။
သို့သော် ရလဒ်မှာတော့ ကျေနပ်ဖွယ်ရာ မဟုတ်ပေ။
မျက်နှာမသာမယာဖြင့် ထွက်လာသော ခေါင်းဆောင် များ၏။
ရှန်မို၊ ကျောက်ထင်နှင့် လောင်ရှန်နန်တို့ ခြံထဲတွင် ထိုင်ရင်း စကားအေးဆေး ပြောနေကြသည်။
ဂိုဏ်းအသီးသီးမှ ထိပ်တန်းတပည့်များအကြောင်း ဖြစ်၏။
ထိုစဉ် ခြံထဲသို့ အလင်းတန်းတစ်ခု ကျရောက်လာပြီး ရှန်မိုတို့ ချက်ချင်း ထနှုတ်ဆက်ကြသည်။
“မင်္ဂလာပါ ခေါင်းဆောင်”
သူ့အမူအရာမှာ ညှိုးငယ်နေမှန်း သိသာလှသည်။
“ခေါင်းဆောင် အစည်းအဝေးက အဆင်မပြေခဲ့ဘူးလား။ ကျွန်တော့်ကို ပြောပြလို့ ရပါတယ်”
ရှန်မိုမှ ပြောသည်။
မူယုံးယွဲ့ သက်ပြင်းချကာ
“မပြေတာထက်ကို ဆိုးတယ်”
“ရွှမ်ကျန်းဒေသ ထိပ်တန်း (၅) ဂိုဏ်းက ခုခံဖို့ စီစဉ်နေကြတယ်။ အဲ့တာကိုတော့ သဘောတူပေမဲ့ ကျန်တဲ့ဂိုဏ်းငယ်တွေ အားလုံးကို သူတို့ ဂိုဏ်း (၅) ခုအောက် ဝင်စေချင်နေတာ။ အင်အားအကြီးဆုံး နတ်ဓားဂိုဏ်းက ဆုံးဖြတ်တာပေါ့”