← Chapters

ဂိုဏ်းတစ်ရာစုဝေးပွဲ တရားဝင် စတင်ခြင်း

Vol. 4 Ch. 53

ဂိုဏ်းတစ်ရာစုဝေးပွဲ တရားဝင် စတင်ခြင်း

Vol. 4 Ch. 53

ရှန်မို မျက်မှောင်ကြုတ်၍

“သူတို့လက်အောက်ဝင်ဆိုတာက… ပူးပေါင်းခိုင်းတာလား”

“ပူးပေါင်းတာထက် ရောလိုက်တာပေါ့”

မူယုံးယွဲ့ သက်ပြင်းချလျက်

“ရောလိုက်တယ်ဆိုတာ တရားမျှတမှု မရှိဘူး”

“ငါတို့သာ နတ်ဓားဂိုဏ်းနဲ့ ရောလိုက်ရရင် မင်းလည်း အခု တပည့်အစစ်လိုမျိုး ဆက်ဆံခံရတော့မှာ မဟုတ်ဘူး”

“နောက်ပြီး အပြင်လူတွေအနေနဲ့ သူတို့ဆီက အငြိုငြင်ခံရဦးမယ်”

ရှန်မို တွေးရင်း ငြိမ်နေသည်။

မူယုံးယွဲ့မှ ဆက်၍

“ထိပ်တန်း (၅) ဂိုဏ်းကလွဲပြီး ဂိုဏ်း (၄၄) ခုမှာ (၂၀) က ဆန့်ကျင်ကြတယ်”

ရှန်မို ခေါင်းငြိမ့်ကာ နားထောင်နေလေ၏။

မူယုံးယွဲ့ကံကြမ္မာကို ကြည့်လိုက်သောအခါ အရင်အတိုင်း မပြောင်းလဲသေးချေ။

ချင်းရွှမ်ဂိုဏ်းမှာ နတ်ဓားဂိုဏ်း၏ သိမ်းပိုက်ခြင်း ခံရမည်။

အကြီးအကဲနှင့် တပည့်များစွာတို့ သေဆုံး၍ မူယုံးယွဲ့လည်း ချင်ကန်တောင်တွင် အဆုံးသတ်မည်။

ရှန်မိုလည်း ချွင်းချက်မရှိ ဒုက္ခတောထဲ ပါဝင်လိမ့်မည်။

မူယုံးယွဲ့ သက်ပြင်းချ၍

“ငါ မင်းကို မပြောပြလိုက်သင့်ဘူးကွယ်။ အလကားနေရင်း စိတ်ညစ်သွားရပြီ”

“ငါမှားတာပါ”

ရှန်မို ခေါင်းယမ်းမိသည်။

“ဆရာမရယ် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ ကျွန်တော်လည်း ချင်းရွှမ်နဲ့ ပတ်သက်တဲ့သူပဲလေ။ စောစောသိရတော့ ကောင်းတာပေါ့”

ရှန်မို နှစ်သိမ့်ကာ ပြော၏။

“အင်းပါ”

မူယုံးယွဲ့ သူ့ကို ငေးကြည့်ရင်း

“မင်း ပြန်ပြီးကျင့်ကြံတော့လေ။ ဂိုဏ်းတစ်ရာ စုဝေးပွဲက နောက် (၂) ရက်နေရင် စတော့မယ်။ မင်း အောင်မြင်ရင် မင်းအတွက်ရော၊ ဂိုဏ်းအတွက်ရော အကျိုးရှိလိမ့်မယ်”

“နားလည်ပါပြီ ဆရာမ”

ရှန်မို ဦးညွှတ်နှုတ်ဆက်ကာ ပြန်သွားလေသည်။

…

(၂) ရက်အကြာတွင်။

ဂိုဏ်းတစ်ရာစုဝေးပွဲမှာ စီစဉ်ထားသည့်အတိုင်း စတင်ကျင်းပ၏။

နေရာမှာ နတ်ဓားမြို့၏ ဗဟိုသိုင်းပြိုင်ကွင်းကြီးထဲ၌ ဖြစ်သည်။

ထိုကွင်းသည် ချင်းရွှမ်ဂိုဏ်းထက်ပင် (၄) ဆမျှ ပိုကြီး၏။

ဘေးပတ်လည်တွင် ပွဲကြည့်စင် (၄) ခုရှိပြီး နိမ့်ရာမှ မြင့်သွားသည့်ပုံ ဆောက်ထားသည်။

ဒုန်း ဒုန်း ဒုန်း!

ဂိုဏ်း (၄၉) ခုတို့ ကွင်းထဲဝင်လာသောအခါ ခေါင်းလောင်းသံကြီး မြည်ဟီးလာ၏။

ဂိုဏ်းတစ်ခုလျှင် တပည့် (၁၀) ဦး စေလွှတ်လိုက်ပြီး ကြည့်ရှုနေသူများမှာ အလွန်စိတ်လှုပ်ရှားနေကြသည်။

“ကြည့်ပါဦး။ ဟိုအရပ်ရှည်ရှည်၊ ရုပ်ချောချောနဲ့ တစ်ယောက်က ချင်းရွှမ်ဂိုဏ်းက ရှန်မိုတဲ့”

“သူ့ကြည့်ရတာ အရှိန်အဝါတစ်ခု ရှိနေတယ်နော်”

“ကျောက်ချင်းကန် ဟိုမှာကြည့်။ သူက နတ်ဓားဂိုဏ်းရဲ့ ထိပ်တန်းတပည့်လေ”

“ဟိုဘက် ကြည့်လိုက်ဦး။ အဆိပ်နွယ်ဂိုဏ်းက မိုယုဟုန်လည်း ပါတယ်။ ဘယ်လောက် လှလဲ ကြည့်ပါဦး။ သူ့ကိုသာ မိန်းမအဖြစ်ရရင် ငါ့အသက် အနှစ် (၂၀) လောက် ပေးရဲတယ်”

“ဟေ့ ပြိုင်ပွဲရဲ့စည်းမျဉ်းကိုရော သိပြီးပြီလား”

လူငယ်လေးတစ်ဦးမှ စကားစ၏။

“မသိသေးရင် ငါပြောပြမယ်”

“ပြောပါဦးဗျာ”

သခင်လေးလျှိုဆိုသူမှ ယုံကြည်ချက်အပြည့်ဖြင့် ယပ်တောင်ကို ဖြတ်ခနဲခတ်ကာ

“ဒီပြိုင်ပွဲမှာ (၃) ကျော့ ပြိုင်ရမှာ”

“ပထမဆုံးက တပည့် အယောက် (၄၉၀) တို့အားလုံး ပတ်လည်တိုက်ခိုက်ပြီး အယောက် (၁၀၀) ပဲ ကျန်တဲ့အထိပေါ့”

“ဟယ် ဒါဆို ပထမအကျော့မှာတင် အများကြီး ဖြုတ်ချမှာပေါ့”

“ဟုတ်တယ်။ ဒီမှာ အနိုင်ရတဲ့သူက အတော်ဆုံးထဲက အတော်ဆုံးပဲ”

သခင်လေးလျှိုမှ ဆက်၍

“ဒုတိယအကျော့က မနက်ဖြန်မှ။ တပည့် (၁၀၀) က အတွဲလိုက်ပြိုင်ပြီး (၅၀) ဖြစ်မယ်။ အဲ့ကနေ နောက်ထပ် အတွဲလိုက်ပြိုင်ပြီး (၂၅) ယောက်ပဲ ရွေးမှာ”

“အဲ့လိုနဲ့ သန်ဘက်ခါ တတိယအကျော့မှာ (၂၅) ယောက် ဆက်ပြိုင်ပြီး တစ်ယောက်ချင်း ထွက်သွားရမှာ”

“ထိပ်ဆုံး (၁၀) ယောက်ပဲ ဆုလာဘ် ခံစားခွင့် ရှိမှာပေါ့လေ”

“သူတို့ကို သေချာကြည့်ပြီး လေ့လာထားကြ။ ငါတို့အတွက် အရမ်းအကျိုးရှိလိမ့်မယ်”

သခင်လေးလျှိုမှ ဆရာလုပ်ကာ ပြောသည်။

ပွဲကြည့်စင်တွင် အားလုံး စိတ်လှုပ်ရှား ဆူညံနေကြ၏။

ချင်းရွှမ်ဂိုဏ်းအဖွဲ့၌ လျှိုယွန်းရွှမ်မှ

“ဒီနှစ် ဂိုဏ်းတွေရဲ့ အဖွဲ့တိုင်းက အင်အားကြီးလွန်းတယ်။ ကြိုပြီး စိတ်ကိုပြင်ထား။ နောက်မဆုတ်ကြနဲ့”

လောင်ရှန်နန် သူ့ကိုလှမ်းကြည့်၍

“အဲ့တာ နင်ပြောနေစရာ မလိုပါဘူး။ အမိန့်ပေးချင်းပေး အင်အားအကြီးဆုံး ရှန်မိုက ပေးရမှာပေါ့”

လျှိုယွန်းရွှမ် ဒေါသကြောင့် မျက်နှာကြီး နီရဲသွားသည်။

သူသည် တပည့်အစစ်များထဲတွင် အင်အားအကြီးဆုံး မဟုတ်တော့မှန်း မေ့သွား၏။

ရှန်မို ခေါင်းငြိမ့်ပြ၍

“ပထမဆုံးအကျော့က ဘာမှကြိုမှန်းလို့ မရဘူး။ လျှိုယွန်းရွှမ် ပြောတာမှန်ပါတယ်။ ငါတို့အားလုံး စည်းစည်းလုံးလုံးနဲ့ ကြိုးစားရမယ်”

“အထူးသဖြင့် နတ်ရေစင်ဂိုဏ်းက ငါတို့ကို ပစ်မှတ်ထားမှာမို့လို့ ပိုသတိထားရမယ်”

ရှန်မို စိုးရိမ်စွာ ပြော၏။

ထိုအချိန်တွင် မိုယုဟုန်တစ်ယောက် မြွေပေါက်လေးအား သပ်ပေးရင်း ရှန်မို့ကို လှမ်းကြည့်နေကြောင်း ဖျတ်ခနဲ တွေ့ရလေသည်။

လျှိုယွမ်ဖုန်မှ ထိုအခြေအနေကို သတိထားမိကာ

“သွားပြန်မကြည့်နဲ့။ အဆိပ်နွယ်ဂိုဏ်းကိုပါ ရန်သွားစလို့ ပထမအကျော့နဲ့တင် ရန်သူ များနေမယ်”

ရှန်မို အကြည့်လွှဲကာ

“သူက မိုယုဟုန်ဆိုတာလား”

ကျောက်ထင် ခေါင်းငြိမ့်ပြ၍

“ဟုတ်တယ်။ အဆိပ်နွယ်ဂိုဏ်းခေါင်းဆောင်ရဲ့ သမီးလည်း ဟုတ်တယ်။ အဆိပ်သုံးတာ သိပ်ကျွမ်းတယ်လေ။ သူ့ ကောင်းကင်အဆင့် ခန္ဓာကိုယ်က သားကောင်တွေနဲ့ အလွယ်တကူ ဆက်သွယ်ပြောဆိုနိုင်တယ်”

ရှန်မို ခေါင်းငြိမ့်ပြ၍ အခြားဂိုဏ်းများကိုလည်း လေ့လာမိသည်။

မိုယုဟုန်မှာမူ သူ့ကို ဆက်၍ စိုက်ကြည့်နေဆဲပင်။

ထို့ကြောင့် ပွဲကြည့်စင်မှ ပရိသတ်များပါ သတိထားမိလာကြ၏။

ဘာဖြစ်နေတာလဲ။

ချင်းရွှမ်ဂိုဏ်းက အဆိပ်နွယ်ဂိုဏ်းကို ရန်စထားမိတာလား။

All Chapters