← Chapters

အရင်စတိုက်ခိုက်မယ်

Vol. 4 Ch. 54

အရင်စတိုက်ခိုက်မယ်

Vol. 4 Ch. 54

နတ်ရေစင်ဂိုဏ်းမှ ခေါင်းဆောင်ကျန်းမိုသည် အခြေအနေကိုကြည့်၍ ရယ်မောကာ

“စိတ်ဝင်စားစရာပဲ။ ချင်းရွှမ်ဂိုဏ်းတော့ ခက်ခဲပြီ”

“ရွှယ်ကျဲ၊ ကျီယွဲ့နဲ့ ကျန်တဲ့သူတွေအားလုံး သေချာ နားထောင်ကြ။ ပွဲစတာနဲ့ ချင်းရွှမ်ဂိုဏ်းကို အရင်ဆုံး ဖြုတ်ချဖို့လုပ်”

သူ့အနောက်တွင် နတ်ရေစင်ဂိုဏ်းမှ အကြီးအကဲနှင့် လက်ထောက်ဂိုဏ်းခေါင်းဆောင်တို့ ရှိလေသည်။

ထိုထဲမှ ယင်ရွှယ်ကျဲနှင့် ပိုင်ကျီယွဲ့တို့မှာတော့ ခြေတည်အဆင့် ထိပ်ဆုံးဖြစ်ပြီး သူ့အတွက် အယုံကြည်ရဆုံးပင်။

ခြေတည်အဆင့် ထိပ်ဆုံးချင်း တူကြလျှင်ပင် အခုမှ ရောက်သူနှင့် လွန်ခဲ့သော (၅) နှစ်က ရောက်သူ၏ အင်အားမှာ မတူနိုင်ချေ။

အခြားဂိုဏ်းများမှလည်း ထိုပုံစံကို သတိထားမိကာ ပျော်နေကြသည်။

ချင်းရွှမ်ဂိုဏ်းမှာ အဆိပ်နွယ်ဂိုဏ်း၏ အမြင်ကပ်ခြင်း ခံရလေပြီ။ နတ်ရေစင်ဂိုဏ်းနှင့် ရှေးရန်ညှိုး ရှိထားမှန်း သိကြ၏။

မူယုံးယွဲ့နှင့် လျှိုယွမ်ဖုန်တို့မှာတော့ နားမလည်နိုင် ဖြစ်နေကြသည်။

သူတို့ဂိုဏ်းနှင့် အဆိပ်နွယ်ဂိုဏ်းမှာ အလှမ်းဝေး၍ ဆက်စပ်မှု မရှိဖူးပေ။

ရုတ်တရက် အဘယ်ကြောင့် အာရုံစိုက်လာသနည်း။

ထိုအချိန်တွင် မိုယုဟုန်ပုခုံးပေါ်မှာ မြွေဖြူလေး ရုတ်တရက် ပျောက်သွားလေသည်။

လူအုပ်ကြား၌ လျှပ်စီးကဲ့သို့ ဖြတ်ခနဲဝင်သွားပြီး ချင်းရွှမ်ဂိုဏ်းထဲ၌ ပြန်ပေါ်ကာ ရှန်မို့ကိုယ်ပေါ် တက်သွားသည်။

မြွေပေါက်လေးမှာ လျှာကို တစ်လစ်ထုတ်၍ ရှန်မိုအား အလွန်သဘောကျနေပုံ ပေါက်သည်။

ရှန်မို လက်ညှိုးလေးဖြင့် သူ့ခေါင်းကို ပုတ်ပေးလိုက်သည်။

သို့သော် မြွေဖြူလေးမှာ မီးစိတ်ဝိညာဉ်စွမ်းအင်ကိုသာ လိုချင်နေပုံ ပေါ်သည်။

ရှန်မို နေရခက်စွာ ပြုံးမိ၏။

သူ ကျင့်ကြံရန် သင့်တော်သည့်နေရာ မဟုတ်ပေ။

“ဟင် အစ်မ ဘာဖြစ်တာလဲ”

အဆိပ်နွယ်ဂိုဏ်းမှ တပည့်များမှာ လုံးဝ နားမလည်နိုင် ဖြစ်နေကြသည်။

မိုယုဟုန် ထိုမြွေလေးကို ပျိုးထောင်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်ပြီး မည်သူမျှ အထိမခံပေ။

သို့သော် ရှန်မို့ကိုတော့ သဘောကျလွန်းနေသည်။

အခြားဂိုဏ်းများလည်း အလွန် အံ့ဩနေကြ၏။

ပုံမှန်အားဖြင့် ထိုကဲ့သို့ သားကောင်များမှာ သခင်ဖြစ်သူကိုသာ တွယ်ကပ်၍ မိုယုဟုန်ကိုယ်တိုင်မှာလည်း တော်ရုံလူ မရင်းနှီးသည့် နတ်မိမယ်လေး ဖြစ်သည်

မိုယုဟုန် လှမ်းကြည့်ရင်း လေချွန်ကာ လှမ်းခေါ်၏။

သို့သော် မြွေပေါက်သည် သူ့ကို လှည့်မကြည့်ဘဲ ရှန်မို့ပေါ်တွင်နေ၍ မီးစွမ်းအင်အား တောင့်တနေသည်။

ထို့ကြောင့် တပည့်များ ပိုအံ့ဩလာ၏။

“ယုဟုန် ချင်းရွှမ်ဂိုဏ်းက အဲ့ကောင်လေးကို သိလို့လား”

အဆိပ်နွယ်ဂိုဏ်းမှ အဝတ်အစိမ်းဖြင့် ဗလတောင့်တောင့်လူမှ ခပ်တိုးတိုး မေးလိုက်သည်။

မိုယုဟုန် ခေါင်းယမ်းကာ

“တစ်ခေါက်ပဲ တွေ့ဖူးတာပါ”

မုတ်ဆိတ်မွေးဖြင့်လူက ခေါင်းကုတ်ကာ

“ထူးဆန်းလိုက်တာ။ ဒီမြွေက ငါ့ကိုတောင် ဂရုစိုက်တာ မဟုတ်ဘူး။ အခု သူစိမ်းတစ်ယောက်ဆီကို သွားတယ်လား”

မိုယုဟုန်မှ အသံကိုနှိမ့်၍

“ခဏထားလိုက်ပါ အဖေရယ်။ နတ်ဓားဂိုဏ်း ခေါင်းဆောင်က ပွဲစဖို့ပြောနေပြီ။ ပြဿနာ မတက်ချင်ဘူး”

ထိုမုတ်ဆိတ်မွေးလူမှ ခေါင်းငြိမ့်ပြ၍

“သခင်လောင် ကြေညာလို့ ရပါပြီ”

ထိုအခါ နတ်ဓားဂိုဏ်းခေါင်းဆောင် လောင်ချောင်ထျန်း ခေါင်းငြိမ့်ပြလျက်

“ဂိုဏ်းတစ်ရာစုဝေးပွဲရဲ့ ပထမအကျော့ပြိုင်ပွဲကြီး စတင်ပါတော့မယ်။ အဖွဲ့တွေအားလုံး နေရာယူကြပါ”

သူ့အသံမှာ ကွင်းတစ်ခုလုံးသို့ လွှမ်းသွားသည်။

နောက်ဆုံးတော့ စတင်လေပြီ။

ဝှစ် ဝှစ် ဝှစ်!

တပည့်များ တစ်ယောက်ပြီးတစ်ယောက် ကွင်းထဲ ဝင်လာ၏။

ရှန်မိုမှာ မြွေပေါက်လေးကို ထားခဲ့ရန် ကြိုးစားသော်လည်း အတင်းတွယ်ကပ်နေသည်။

“တိုက်ခိုက်ရင်း ထိခိုက်မိရင်တော့ ငါ့အဆိုးမဆိုနဲ့နော်”

သူတို့မသွားမီ မူယုံးယွဲ့ ခပ်တိုးတိုး မှာ၏။

“အားလုံးပဲ ရှန်မို့စကား နားထောင်ကြနော်”

“ဟုတ်ကဲ့ပါ”

ကျောက်ထင်၊ လောင်ရှန်နန်နှင့် ကျောက်ရူတို့ ချက်ချင်း ခေါင်းငြိမ့်ပြ၏။

လျှိုယွန်းရွှမ်နှင့် ကျောက်ထင်သာ မကျေမနပ် ဖြစ်နေကြသည်။

“ပထမအကျော့ ပြိုင်ပွဲ စတင်ပါပြီ”

လောင်ချောင်ထျန်းမှ အော်လိုက်၏။

သူ့အသံကြောင့် အားလုံးငြိမ်သက်သွား၏။

ခဏအကြာမှ အားပေးသံများ ဆူညံလာလေသည်။

ဓားသံများလည်း တချွင်ချွင် မြည်နေ၏။

ချင်းရွှမ်ဂိုဏ်းမှ တပည့်များလည်း အခြေအနေကို ကြိုးကြိုးစားစား ရင်ဆိုင်နေရသည်။

လျှိုယွန်းရွှမ်မှ

“ငါတို့ ထောင့်တစ်နေရာကို ရှောင်နေတာ ကောင်းမယ်နော်”

ရှောင်ဖန်လည်း ခေါင်းငြိမ့်၍

“စီနီယာလျှိုကို ထောက်ခံပါတယ်”

ကျောက်ထင်နှင့် လောင်ရှန်နန်တို့လည်း တွေးမိ၏။

ပွဲတွင် ရေရှည်ခံနိုင်ရည်ရှိရန် အရေးကြီးသည်။

သို့သော် ရှန်မို ပြုံးလျက်

“ရှောင်လို့ မရဘူး။ ရင်ဆိုင်ရမယ်။ အသေအကျေ တိုက်ခိုက်ရမယ်”

“ငါတို့သာ အပြည့်အဝ ရက်စက်နိုင်ရင် ဘယ်သူမှ ရန်မစရဲတော့ဘူး”

လျှိုယွန်းရွှမ် မျက်မှောင်ကြုတ်၍

“မင်းရူးနေလား။ ဒီလိုပုံနဲ့ ပထမအကျော့တောင် အောင်မြင်တော့မှာ မဟုတ်ဘူး”

ရှောင်ဖန်မှလည်း

“ရှန်မို မင်းက ချင်းရွှမ်ဂိုဏ်းကို သိက္ခာကျအောင် လုပ်နေတာပဲ။ ငါ လက်မခံဘူး”

ရှန်မိုမှ အေးစက်စက်ဖြင့်

“ဒီထဲမဝင်ခင် ဂိုဏ်းခေါင်းဆောင်မှာလိုက်တာ မမှတ်မိဘူးလား”

ရှောင်ဖန် ဒေါသကြောင့် မျက်နှာကြီး နီရဲသွားသည်။

လျှိုယွန်းရွှမ် သူ့ကိုလှမ်းဆွဲ၍

“ကောင်းပြီလေ။ လက်ခံလိုက်မယ်။ နောက်မှ နောင်တမရနဲ့နော်”

ရှန်မို့ပစ်မှတ်မှာ သာမာန်ဂိုဏ်းငယ်များ မဟုတ်။ နတ်ရေစင်ဂိုဏ်းကို ဖြစ်၏။

နတ်ရေစင်ဂိုဏ်းမှ တပည့်များ ရုတ်တရက် အံ့ဩနေကြသည်။

ရှန်မို့ဦးဆောင်မှုအောက်မှ တပည့်များ သူတို့ထံ တန်းလာမည်ဟု မထင်ထားချေ။

“ရူးလိုက်တာ။ ငါတို့ကို ယှဉ်နိုင်မယ် ထင်နေတာလား”

“သူတို့ကို ပြန်တိုက်ခိုက်ဟေ့”

နတ်ရေစင်ဂိုဏ်းတပည့် ဦးဆောင်သူ ယင်ရွှယ်ကျဲမှ အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ပါ”

ထိုအခါ ကျန်တပည့် (၉) ယောက်တို့ ခက်ထန်သော အပြုံးများဖြင့် ပြေးလာကြ၏။

All Chapters