တောက်ပနေသော သူရဲကောင်း
Vol. 4 Ch. 56
“အဲ့ဒီရှန်မိုကို ဘယ်လိုထင်လဲ”
ဟုန်ချီလုံမှ ထပ်မေးသည်။
“သာမာန်ပါပဲ။ အစ်ကိုနဲ့ ယှဉ်ဖို့မပြောနဲ့။ ဒုတိယအစ်ကိုနဲ့တောင် အများကြီးကွာတယ်”
တပည့်များက ဖားယား၍ ပြောကြ၏။
“မှားတယ်”
ဟုန်ချီလုံစကားကြောင့် တပည့်များ မှင်တက်သွားကြသည်။
ဘာလို့ မှားတာလဲ။
ဟုန်ချီလုံမှ တည်ငြိမ်စွာဖြင့်
“သူ ခုနက ယင်ရွှယ်ကျဲနဲ့ တိုက်ခိုက်တော့ သူ့အင်အားကို အကုန်မသုံးရသေးဘူး”
“သူ့ကို အားနည်းတယ် ထင်နေတာလား။ ရူးလိုက်တာ”
တပည့်များမှာ မျက်နှာများ နီရဲ၍ ရှက်သွားပြီး ဘာမှပြန်မပြောနိုင်ပေ။
“စီနီယာအစ်ကို ကျွန်တော် သူ့အင်အားကို စမ်းကြည့်ရမလား”
တပည့်တစ်ဦးမှ ထပြော၏။
သူသည်လည်း ခြေတည်အဆင့်ထိပ်ဆုံး ရောက်နေပြီဖြစ်ပြီး ဟုန်ချီလုံပြီးလျှင် ဒုတိယအတော်ဆုံး ဖြစ်သည်။
“ရပါတယ်။ အေးဆေးပေါ့”
ဟုန်ချီလုံ ပြုံးကာ
“သူ နတ်ရေစင်ဂိုဏ်းကို အပြတ်ရှင်းတာပဲ အရင်ကြည့်ချင်သေးတယ်”
“ဒါပေမဲ့ အစ်ကို… ဟိုမှာကြည့်ဦး။ နတ်ရေစင်ဂိုဏ်းရဲ့ မိတ်ဖက်အဖွဲ့တွေ လူစုနေကြပြီ”
တပည့်လေးမှ ကွင်းထဲကို လက်ညှိုးထိုးပြ၍ ပြော၏။
ဟုန်ချီလုံ ရယ်မောကာ
“ဒီလောက်နဲ့တော့ကွာ”
နတ်ဓားဂိုဏ်းနှင့် မိုးကြိုးမီးတောက်ဂိုဏ်းတို့၌လည်း ထိုသို့ ဆွေးနွေးမှုများ ရှိနေသည်။
ချင်းရွှမ်ဂိုဏ်းနှင့် နတ်ရေစင်ဂိုဏ်းတို့ကြား တိုက်ခိုက်မှုမှာ သူတို့အတွက် ဖျော်ဖြေရေးသဖွယ် ဖြစ်နေ၏။
အဆိပ်နွယ်ဂိုဏ်းတွင်။
“အစ်မ ကျွန်မတို့ရော ဝင်တိုက်ခိုက်မလား။ အဲ့လူကို အစ်မ ကြည့်မရဘူးမလား”
တပည့်တစ်ဦးမှ ဆို၏။
မိုယုဟုန် လှမ်းကြည့်၍
“သူ့ကို ကြည့်မရတာတော့ မဟုတ်ပါဘူး။ ဒီအတိုင်း သူ့အကြောင်း သိချင်ရုံပဲ”
“နောက်ပြီး ငါ့မြွေလေးကလည်း သူ့ဆီမှာ ရှိနေတယ်လေ”
အဆိပ်နွယ်ဂိုဏ်းမှ တပည့်များ နားမလည်နိုင်စွာ ခေါင်းကုတ်၍
“အဲ့တာဆို ဒီအတိုင်း ရပ်ကြည့်နေမှာပေါ့”
“ဟုတ်တယ်။ ကြည့်နေရမှာ။ ဝင်မပါနဲ့ဦး”
မိုယုဟုန် လက်ယမ်းပြသည်။
သူ့မျက်လုံးရွဲကြီးများမှာ နတ်ရေစင်ဂိုဏ်းအား အပြင်းအထန်တိုက်ခိုက်နေသော ရှန်မို့ထံ၌သာ စွဲနေသည်။
ထို့နောက် စိတ်ထဲမှ တွေးမိလေသည်။
“ငါ့မြွေကို ဆွဲဆောင်ပြီး ငါ့စကားနားမထောင်အောင် လုပ်နိုင်တယ်ပေါ့လေ။ ဘယ်လိုအစွမ်း ရှိနေလို့လဲ”
“ငါ့ထက်တောင် သာနေတာလား”
တစ်ဖက်တွင်။
ရှန်မိုသည် ချင်းရွှမ်ဂိုဏ်းသားများကို ဦးဆောင်ကာ ကြိုးစားတိုက်ခိုက်နေဆဲ ဖြစ်သည်။
နတ်ရေစင်ဂိုဏ်းမှ တပည့် (၃) ဦးတို့ ထပ်ထွက်သွားရလေပြီ။
ပိုင်ကျီယွဲ့သည် ယင်ရွှယ်ကျဲအား တွဲခေါ်၍ အနောက်သို့ ကြောက်လန့်တကြား လှည့်ကြည့် လှည့်ကြည့် လုပ်ရင်း ပြေးနေသည်။
ထိုစဉ် ကျောက်ထင်မှ လှမ်းအော်၏။
“ဘယ်ဘက်မှာ ဂိုဏ်းတစ်ခု ဝင်လာပြီ။ ပိုင်ဟီဂိုဏ်းပဲ”
လောင်ရှန်နန်မှ
“ရွှမ်ဟီဂိုဏ်းလည်း ညာဘက်က လာနေပြီ”
လျှိုယွန်းရွှမ်နှင့် ရှောင်ဖန်တို့ ပတ်ဝန်းကျင်ကို လှည့်ကြည့်၍
“လင်းရှီဂိုဏ်းက အနောက်မှာ ရောက်လာပြီ”
ပိုင်ကျီယွဲ့ နှာခေါင်းရှုံ့လျက်
“ငါတို့ကို လိုက်ဦးမလား။ လိုက်လေ။ အခု ဂိုဏ်း (၄) ခုတောင် ဝိုင်းထားပြီ။ ချင်းရွှမ်ဂိုဏ်းတော့ မြေမြှုပ်ပြီးသားလို့ မှတ်လိုက်တော့”
ရှန်မို ခပ်ပြုံးပြုံးဖြင့်
“ဒီလောက်လေးနဲ့များ ဝိုင်းတယ်တဲ့လား”
ရှန်မို ဘေးဘီကိုကြည့်ကာ ပြောလိုက်၏။
သူ ခန့်မှန်းကြည့်ရသလောက် သူတို့ထဲတွင် အင်အားအကြီးဆုံးမှာ တည်မြဲအဆင့် ပြီးပြည့်စုံခြင်းမျှသာ ရှိလေသည်။
ဦးဆောင်သူတပည့်များကို သူကိုယ်တိုင် ရှင်းနိုင်လျှင် အခြားနောက်လိုက်များအား ကျောက်ထင်တို့အဖွဲ့ ကောင်းကောင်း ကိုင်တွယ်နိုင်၏။
“ဘဝင်ရူးကောင် မင်း ဘာလုပ်နိုင်မှာမို့လို့လဲ”
ပိုင်ကျီယွဲ့ နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
ထိုစဉ် ရုတ်တရက် အမြင်များ ဝေဝါး၍ ရှန်မို့နေရာတွင် မုန်တိုင်းတစ်ခု ဖြစ်လာသည်။
ဘုံး ဘုံး ဘုံး!
အင်အားအကြီးဆုံးတပည့်များပင် မတုံ့ပြန်လိုက်နိုင်ဘဲ ကြိုးပြတ်သည့် စွန်ငယ်လေးများသဖွယ် လွင့်ကုန်တော့သည်။
အနီးအနားမှ တပည့်များပြေး၍ ကူညီကယ်တင်ကြရ၏။
သူတို့သည် နတ်ရေစင်ဂိုဏ်း၏ လက်အောက်ခံများ ဖြစ်သော်လည်း ထိခိုက်မှုကိုတော့ လက်မခံနိုင်ပေ။ ချက်ချင်း ကယ်တင်ရှောင်ဖယ်ကြလေသည်။
လင်းရှီဂိုဏ်းမှာတော့ ခုခံရေးတွင် နာမည်ကြီးပြီး ဆက်တောင့်ခံထားသည်။
သို့သော် ရှန်မို၏ နောက်ထပ်လက်သီးချက်တွင်တော့ ကျရှုံးရတော့သည်။
ဘုံး!
အခြားတပည့်များကဲ့သို့ သူတို့လည်း လွင့်ထွက်သွားသည်။
ယခုအခါ ပြိုင်ဘက်မှာ နတ်ရေစင်ဂိုဏ်းသားများသာ ကျန်တော့သည်။
ပိုင်ကျီယွဲ့ အမူအရာမှာ နှာခေါင်းရှုံ့ရာမှ ထိတ်လန့်၍ နေရခက်နေသည်။
“ပြေးကြတော့လေ”
သူ ဒေါသတကြီး အော်လိုက်ရသည်။
“ပြေးမလို့လား။ အပိုတွေ ပြောမနေပါနဲ့”
ရှန်မိုပြုံး၍ တားလိုက်သည်။
သတိလည်ခါစ ယင်ရွှယ်ကျဲသည် ထိုအသံကြောင့် သွေးများအန်ကာ ချက်ချင်း သတိလစ်သွားပြန်သည်။
“ဝါး တကယ် အံ့ဩစရာပဲ။ တည်မြဲအဆင့် ပြီးပြည့်စုံခြင်းတပည့် (၃) ယောက်ကို တစ်ချက်စီပဲ တန်းတိုက်ခိုက်တာ”
“အဝိုင်းခံရတဲ့ အခြေအနေကနေ မုန်တိုင်းပုံစံ ပြောင်းလိုက်တာ မိုက်လိုက်တာ”
“တော်လိုက်တာ။ ချင်းရွှမ်ဂိုဏ်းမှာ အတော်ဆုံး သူရဲကောင်း ရှိနေတာပဲ”
ဘုံး!
ကျန်းမို စားပွဲကိုထု၍ မျက်နှာအတော် ပျက်နေသည်။
မူယုံးယွဲ့မှာတော့ ကျန်းမိုနှင့်ပြောင်းပြန် ပျော်မြူးနေ၏။
“ငါ လူရွေးမမှားမှန်း သိသားပဲ”
သူ ကျေနပ်စွာ တွေးလိုက်မိလေသည်။