ပြိုင်ကွင်းတစ်ခုလုံးမှ အာရုံစိုက်ခြင်း
Vol. 4 Ch. 57
နတ်ရေစင်ဂိုဏ်းမှာ ပြေးနေပြီး ချင်းရွှမ်ဂိုဏ်းမှ လိုက်နေ၏။
ထိုသို့ ကြောင်နှင့်ကြွက် ပြေးတမ်းလိုက်တမ်းအခြေအနေကို တပည့်များအားလုံး စိတ်ဝင်တစား ကြည့်နေမိသည်။
ဂိုဏ်းငယ်များမှာတော့ လုံးဝ ရန်မစရဲကြတော့ပေ။
အထူးသဖြင့် ရှန်မို၏ အရည်အသွေးမြင့်သော ထိုးချက်များနောက်၌ ဖြစ်သည်။
တပည့်များအမြင်တွင် ယခုအခါ ချင်းရွှမ်ဂိုဏ်းသည် ရွှမ်ကျန်းဒေသ၏ ထိပ်တန်း (၅) ဂိုဏ်းကိုပင် ယှဉ်နိုင်သည်ဟု ထင်မိသည်။
တက်နေဝန်းဂိုဏ်းတွင်။
ဟုန်ချီလုံသည် သူ့ဓားကြီးကို ပြောင်လက်နေအောင် သုတ်ရင်း ရှန်မို့တိုက်ခိုက်မှုများကို လှမ်းကြည့်သည်။
ထို့နောက် အခြားဂိုဏ်းများကို ပြန်လိုက်နိုင်သူ ဖြစ်လာသည့် အခြေအနေကိုကြည့်ကာ ရုတ်တရက် ပြုံးလိုက်မိလေသည်။
“စိတ်ဝင်စားစရာပဲ။ ချင်းရွှမ်ဂိုဏ်းက အရည်အချင်းမြင့်တဲ့သူတစ်ယောက် မွေးထုတ်ပေးလိုက်ပြီ”
“ယင်ရွှယ်ကျဲရဲ့ သခင်လေးဆိုတဲ့ ဂုဏ်ပုဒ်က ရှန်မို့ကို ပေးရတော့မှာပဲ”
တက်နေဝန်းဂိုဏ်းမှ တပည့်များ အချင်းချင်း ပြောဆိုရင်း အားရပါးရ ရယ်မောနေကြသည်။
ထိုယင်ရွှယ်ကျဲမှာ ရွှမ်ကျန်းဒေသ သခင်လေး (၅) ဦးတွင် အားအနည်းဆုံးဖြစ်ပြီး မိုးကြိုးမီးတောက်ဂိုဏ်းမှ တပည့် ဝမ်ရန်ကျီကိုသာ သရေကျဖူး၏။
သို့သော် ဝမ်ရန်ကျီနှင့် ယင်ရွှယ်ကျဲတို့မှာ အလွန် ရင်းနှီးသော မိတ်ဆွေများအဖြစ် လူသိများသောကြောင့် အချို့မှာ ဝမ်ရန်ကျီ တမင် အလျှော့ပေး သရေကျလိုက်သည်ဟု ပြောကြသည်။
ထို့ကြောင့် ယင်ရွှယ်ကျဲအား နောက်ကွယ်တွင် အားနည်းတဲ့ သခင်လေးဟု နောက်ပြောင်ခေါ်ကြသည်။
မိုးကြိုးမီးတောက်ဂိုဏ်းတွင်။
တပည့် (၉) ယောက်တို့ ဝမ်ရန်ကျီအား ဝန်းရံလျက် ရှန်မိုအား စိုက်ကြည့်နေ၏။
အရပ်ရှည်ရှည် ဝမ်ရန်ကျီမှာ ဒေါသထွက်နေပုံ ပေါ်လေသည်။
ယင်ရွှယ်ကျဲ၏ သနားစရာအခြေအနေကြောင့် အလွန် စိတ်မကောင်း ဖြစ်မိ၏။
“သွား သူတို့အဖွဲ့ကို သွားတား”
ဝမ်ရန်ကျီမှ ပြောသည်။
အဆိပ်နွယ်ဂိုဏ်း၌။
မိုယုဟုန် ရှန်မို့ကို ကြည့်နေရင်း ပိုစိတ်ဝင်စားလာသည်။
အဆိပ်နွယ်ဂိုဏ်းတပည့်များမှ မိုးကြိုးမီးတောက်ဂိုဏ်း၏ လှုပ်ရှားမှုကို တွေ့ကာ
“အစ်မ မိုးကြိုးမီးတောက်ဂိုဏ်းက စလှုပ်ရှားတော့မယ် ထင်တယ်”
“ရာရာစစ”
မိုယုဟုန် ရယ်မောလျက်
“ပွဲကကြည့်ရတာ ပိုပိုကောင်းလာတာပဲ။ ဘာလို့ လွှတ်ထားရမှာလဲ”
“အစ်မ ပြောချင်တာက…”
အဆိပ်နွယ်ဂိုဏ်းတပည့်များ အံ့ဩကာ ပြန်မေးလိုက်သည်။
“သူတို့ကို တားလိုက်။ ဝင်မပါစေနဲ့”
မိုယုဟုန် ခပ်ရယ်ရယ်မောမောဖြင့် ပြောလေသည်။
“ဟုတ်ကဲ့ပါ”
တပည့်များ ချက်ချင်း စလှုပ်ရှားကာ မျက်စိတစ်မှိတ်အတွင်း မိုးကြိုးမီးတောက်ဂိုဏ်းသားများရှေ့ ရောက်သွားသည်။
ဝမ်ရန်ကျီ မျက်မှောင်ကြုတ်ကာ
“မိုယုဟုန် မင်း ဘာတွေလုပ်နေတာလဲ”
မိုယုဟုန် ရယ်မောလျက်
“ဒီက အခြေအနေက သဘောကျစရာပဲလေ။ ဒီအတိုင်း နေစမ်းပါ”
ဝမ်ရန်ကျီမှာ ဒေါသကို ချုပ်ထိန်း၍
“ကောင်းပြီလေ။ ဒီဘက်က မင်းနေရာဆိုတော့ ငါ တစ်ဖက်က သွားရတာပေါ့”
ထို့နောက် သူ့ဂိုဏ်းသားများအား အခြားတစ်ဖက်မှ ထိုးဖောက်ရန် အမိန့်ပေးလိုက်သည်။
သို့သော် မိုယုဟုန် ရှေ့မှ လာပိတ်ထားပြန်၏။
ဝမ်ရန်ကျီ သွေးကြောများ ပေါက်ထွက်လုမတတ် ဒေါသထွက်လျက်
“မင်းက ဘာလိုချင်နေတာလဲ”
မိုယုဟုန် စနောက်သလိုလေး ပြုံး၍
“ဘယ်လို ထင်လို့လဲ”
“ဖယ်ဆို ဖယ်လိုက်နော်။ မဟုတ်ရင် ငါ မင်းကိုပါ ချရလိမ့်မယ်”
“စမ်းကြည့်လိုက်လေ။ နိုင်မလားလို့”
ဝမ်ရန်ကျီ အံကြိတ်ကာ ဘာမှမတတ်နိုင် ဖြစ်နေသည်။
မိုယုဟုန်၏ အင်အားမှာ ရွှမ်ကျန်းသခင်လေး (၅) ယောက်တွင် ဒုတိယမြောက်မျှ ရှိ၏။
မိုယုဟုန်မှ ဆက်၍
“မင်းတပည့်တွေအားလုံးကို ငါ့တိုက်ခိုက်မှုကနေ ကာကွယ်နိုင်မယ် ထင်လို့လား။ အဆိပ်နွယ်ဂိုဏ်းရဲ့ အားသာချက်ကို မေ့နေပြီလား”
သူ ဆံနွယ်များကို သပ်ခါ၍ ပြောလိုက်သည်။
ဝမ်ရန်ကျီ အနည်းငယ် တွန့်ကာ နောက်ဆုတ်သွား၏။
မိုယုဟုန် ရယ်မောကာ
“အေးဆေးပေါ့။ ဘာအဆိပ်မှတောင် မသုံးရသေးဘူးလေ”
ဝမ်ရန်ကျီမှာ ဒေါသနှင့် စိတ်ရှုပ်ထွေးမှုများ ရောထွေးနေ၏။
အဆိပ်နွယ်ဂိုဏ်း၏ အားသာချက်မှာ အဆိပ်ဖြစ်သည်။
အဆိပ်ကို အရည်၊ အမှုန့်၊ အစိုင်အခဲ များစွာရှိ၏။
ဝမ်ရန်ကျီမှာ ကိုယ်တိုင်ကြုံတွေ့ခံစားရဖူးပြီး ကြွက်သားပျက်စီးမလိုအထိ ဖြစ်ခဲ့သည်။
“အစ်ကို ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ”
မိုးကြိုးမီးတောက်ဂိုဏ်းတပည့်တစ်ဦးမှ မေးလိုက်သည်။
ဝမ်ရန်ကျီ အပြန်ပြန်အလှန်လှန် အမြန် စဉ်းစားပြီးနောက်
“ပြေးတော့။ ယင်ရွှယ်ကျဲကို… သူ့ဟာသူ ရှင်းခိုင်းလိုက်”
“နားလည်ပါပြီ”
မိုးကြိုးမီးတောက်ဂိုဏ်းသားများ ရွေးချယ်စရာမရှိတော့ဘဲ ထွက်ပြေးရတော့၏။
ထိုမြင်ကွင်းကြောင့် ကြည့်ရှုနေသူများ အတော် အံ့ဩမှင်တက်နေရသည်။
မာနကြီးသည့် ဘဝင်မင်းသမီး မိုယုဟုန်မှာ ယောက်ျားများကို မတူမတန်သလို အမြဲ မြင်ခဲ့သည်။ ယခု ရှန်မို့အလှည့်မှ အဘယ်ကြောင့် ကူညီပေးသနည်း။
ချင်းရွှမ်ဂိုဏ်းနှင့် နတ်ရေစင်ဂိုဏ်းတို့၏ ပြေးတမ်း လိုက်တမ်းမှာတော့ မပြီးဆုံးသေးချေ။
သို့သော် နတ်ရေစင်ဂိုဏ်းမှ တပည့်များ အားလုံးနီးပါး ထွက်သွားရပြီး ယင်ရွှယ်ကျဲနှင့် ပိုင်ကျီယွဲ့တို့သာ ကျန်တော့၏။
ပိုင်ကျီယွဲ့မှာ ယင်ရွှယ်ကျဲအား ချီလျက် လူအုပ်ကြားမှ အတင်းတိုးကာ ထွက်ပြေးနေသည်။
ယခုအချိန်တွင် ပြေးခြင်းက အကောင်းဆုံး အဖြေပင်။
ပြိုင်ပွဲကွင်းထဲ၌ တပည့် အမြောက်အများ လျော့ကျ၍ (၂၀၀) မျှသာ ကျန်တော့သည်။
ယခုပွဲတွင် အနည်းငယ် ခံနိုင်ရည်ပိုရှိသူက ဒုတိယအကျော့ တက်နိုင်မည် ဖြစ်သည်။
ပြိုင်ပွဲမှာ ပိုပြင်းထန်လာသော်လည်း နတ်ဓားဂိုဏ်း၊ တက်နေဝန်းဂိုဏ်း၊ အဆိပ်နွယ်ဂိုဏ်းနှင့် မိုးကြိုးမီးတောက်ဂိုဏ်းများကိုတော့ မည်သူမျှ စိန်မခေါ်ရဲချေ။
အစအဆုံး ထို (၄) ဂိုဏ်းသာ တည်ငြိမ်အေးဆေးစွာ ရှိသည်။
ရှန်မို့တိုက်ကွက်များမှာတော့ အားလုံး၏ စိတ်ဝင်စားဖွယ် ဖြစ်လေ၏။
ရှန်မို ယင်ရွှယ်ကျဲကို ပြိုင်ကွင်းထဲမှ မည်သို့ တိုက်ထုတ်မည်ကို တွေ့ချင်နေကြသည်။
သူတို့ကြား အကွာအဝေးမှာ ပိုပိုနီးလာသည်။
ပိုင်ကျီယွဲ့ ရုတ်တရက် ကျောမလုံသလို ခံစားရပြီး မသိစိတ်ဖြင့် ရှောင်လိုက်သည်။
သို့သော် ရှန်မိုမှာ ပိုမြန်၏။
“အခုမှ ရှောင်မလို့လား။ နောက်ကျသွားပြီကွ”
ရှန်မို၏ တည်ငြိမ်သောအသံ ထွက်ပေါ်လာသည်။
ထို့နောက် သူ့အင်အားကြီးမားသော လက်သီးဖြင့် ပိုင်ကျီယွဲ့ နောက်ကျောကို ထိုးချလိုက်တော့၏။
ပိုင်ကျီယွဲ့တစ်ယောက် ကိုယ်တွင်းကလီစာများ ပေါက်ထွက်သွားသလို ခံစားရပြီး အင်အားကုန် သုံး၍ ယင်ရွှယ်ကျဲအား ပစ်လိုက်သည်။ သူကိုယ်တိုင်လည်း ရှန်မို့အင်အားအရှိန်ဖြင့် ပြိုင်ကွင်းအပြင်ဘက် လွင့်သွား၏။
ယင်ရွှယ်ကျဲ သွေးများအန်ရင်း ဖြည်းဖြည်းချင်း ထလာသည်။
ရှန်မို၊ ကျောက်ထင်၊ လောင်ရှန်နန်တို့ သူ့အနား ဝိုင်းသွားသည်။
သို့သော် သူ ကြောက်ရွံ့ပုံမပြဘဲ ရှန်မို့ကိုသာ စိုက်ကြည့်နေသည်။
“ငါ့ကို တိုက်ခိုက်ပြီး နတ်ရေစင်ဂိုဏ်းကို ထိပ်တန်း (၅) ဂိုဏ်းထဲက ထုတ်နိုင်မယ် ထင်နေလား”
ယင်ရွှယ်ကျဲ ဆက်၍ ခြိမ်းခြောက်၏။
“ငါ ထွက်ရရင် ခေါင်းဆောင် ပိုစိတ်တိုပြီး တခြားဂိုဏ်းတွေ အချိတ်အဆက်နဲ့ ချင်းရွှမ်ဂိုဏ်းကို အလဲဖျက်ဆီးလိမ့်မယ်”
ထိုစကားကြောင့် ကျောက်ထင်တို့ အနည်းငယ် ဖြုံသွားသည်။
ယင်ရွှယ်ကျဲပြောတာ မှန်နေ၏။
သူထွက်သွားလျှင် နောက်ပွဲများ၌ ချင်းရွှမ်ကို ပိုပစ်မှတ်ထားကြလိမ့်မည်။
ရှောင်ဖန်မှ
“ရှန်မို သူ့ကိုတော့ လွှတ်ပေးလိုက်သင့်တယ်။ အလကားနေရင်း မျက်မုန်းကျိုးခံရစရာမှ မလိုတာ”
လျှိုယွန်းရွှမ်လည်း ခေါင်းငြိမ့်ပြကာ
“ရွှမ်ကျန်းဒေသက အချင်းချင်းပဲကို။ ပြဿနာမရှာတာ ကောင်းတာပေါ့။ သူ့ကို ဒီတစ်ခါ မျက်နှာသာပေးလိုက်ရင် နောက်ပိုင်း နတ်ရေစင်ဂိုဏ်းဆီက အကူအညီယူရတာမျိုးလည်း ရှိလာနိုင်တာပဲ”
လောင်ရှန်နန် ဒေါသတကြီးဖြင့်
“သောက်ပေါက်ကရတွေ။ ဒီငကြောက်တွေကတော့”