← Chapters

ကျန်းမို၏ ဒေါသ

Vol. 4 Ch. 58

ကျန်းမို၏ ဒေါသ

Vol. 4 Ch. 58

ရှောင်ဖန်မျက်နှာကြီး နီရဲသွား၏။

လျှိုယွန်းရွှမ်လည်း အနည်းငယ် နင်သွားလေသည်။

ရှန်မို တည်ငြိမ်စွာဖြင့်

“ငါ့ကို စီနီယာအစ်ကိုလို့ခေါ်”

ရှောင်ဖန် သူ့စကားကြောင့် မှင်တက်နေသည်။

ရှန်မို သူ့ကို အေးစက်စက် စိုက်ကြည့်၍

“ရှောင်ဖန် အဆင့်အလိုက် လေးစားရမယ်ဆိုတာ နားမလည်ဘူးလား”

ရှောင်ဖန် ခေါင်းငုံ့ကာ အံကြိတ်လျက်

“ဟုတ်ကဲ့ပါ စီနီယာရှန်”

ရှန်မိုမှ ဆက်၍

“အခုချိန် ယင်ရွှယ်ကျဲကို လွှတ်ပေးလည်း နတ်ရေစင်ဂိုဏ်းက ငါတို့ကို နောက်ပိုင်း ပြန်ကူညီမယ် ထင်နေလား။ လုံးဝပဲ”

“နတ်ရေစင်ဂိုဏ်းခေါင်းဆောင်က ဘယ်လိုလူမျိုးလဲ ဆိုတာ စတွေ့တည်းက မသိဘူးလား”

ရှန်မို လျှိုယွန်းရွှမ်မျက်လုံးအား စိုက်ကြည့်၍

“သူတို့ဆီက အကူအညီရဖို့များ မျှော်လင့်နေသေးတယ်”

“ချင်းရွှမ် ထိပ်တန်း (၅) ဂိုဏ်းထဲက အထုတ်ခံရတုန်းက သူတို့ ဘာတွေများ ပြန်ကြည့်ပေးလို့လဲ။ ချင်းရွှမ်ဂိုဏ်းကို တစ်ချိန်မှာ အကူအညီ တောင်းလာရနိုင်တယ်လို့ ဘာလို့ မတွေးခဲ့တာလဲ”

လျှိုယွန်းရွှမ် ချက်ချင်း ငြိမ်ကျသွား၏။

ရှန်မိုပြောတာလည်း မှန်နေသည်။

ကျောက်ထင်တို့အဖွဲ့မှာတော့ ရှန်မို့ဘက်က အပြည့်အဝ ထောက်ခံကြ၏။

ရှန်မို ယင်ရွှယ်ကျဲဘက် လှည့်သွားပြီး တစ်ချက် ကြည့်လိုက်သည်။

သူ့စကားကြောင့် ယင်ရွှယ်ကျဲလည်း လန့်သွား၏။

သူ ခြိမ်းခြောက်သည်မှာ မထူးခြားပေ။

“မင်းက တော်တော် တစ်ကိုယ်ကောင်းဆန်တာပဲ။ ချင်းရွှမ်ဂိုဏ်းသားတွေကို ထည့်မတွက်တော့ဘူးလား”

ယင်ရွှယ်ကျဲ ဆက်၍ ခြိမ်းခြောက်ရန် ကြိုးစားပြန်သည်။

ရှန်မို့မျက်နှာမှာတော့ တည်ငြိမ်နေဆဲပင်။

“ကျန်တဲ့ သခင်လေး (၄) ယောက်က အရမ်းတော်မယ့်ပုံပဲကို။ မင်းက ဘာလို့ အဲ့လောက် ညံ့နေတာလဲ”

ရှန်မို ခေါင်းယမ်းလျက် ရုတ်တရက် ရိုက်ချလိုက်သည်။

ဘုံး!

ယင်ရွှယ်ကျဲ ချက်ချင်း လွင့်ထွက်သွား၏။

ပြိုင်ကွင်းထဲမှလည်း ထွက်ပြီးဖြစ်ကာ သွေးများအန်၍ သတိလစ်နေသည်။

ထိုအခြေအနေကြောင့် ပွဲကြည့်စင်ဘက်မှ အံ့ဩထိတ်လန့်သည့်အသံများ ပေါ်ထွက်လာသည်။

သခင်လေး (၅) ဦးထဲ ပါဝင်သူကို ထုတ်ပယ်ရဲသည့် သတ္တိကိုလည်း အံ့ဩနေ၏။

ရှန်မိုက တကယ်ရဲတာပဲ။

“ကောင်းတယ်။ ကောင်းတယ်။ ကောင်းတယ်”

နတ်ရေစင်ဂိုဏ်းခေါင်းဆောင် ကျန်းမို မတ်တပ်ထရပ်၍ အလွန်တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ သူ့အသံမှာ ကွင်းတစ်ခုလုံးသို့ပင် လွှမ်းသွား၏။

ထို့နောက် အင်္ကျီလက်ကိုခါကာ ဒေါသတကြီး ထွက်သွားလေသည်။

“ဟားဟား ဒီရှန်မိုကတော့ တကယ် စိတ်ဝင်စားစရာ ကောင်းတာပဲ”

မိုယုဟုန် တောက်ပစွာ ရယ်မောရင်း ပြော၏။

“တကယ်ပဲ။ ဒုတိယအကျော့မှာ ချင်းရွှမ်ဂိုဏ်းက တပည့်တွေနဲ့တွေ့ရင် လုံးဝ အလျှော့မပေးနဲ့”

“ဟုတ်ကဲ့ပါ”

တပည့်များ ခပ်တိုးတိုး ပြန်ဖြေလေသည်။

တက်နေဝန်းဂိုဏ်း၌ ဟုန်ချီလုံမှာ အားရပါးရ ရယ်မော၍

“ကောင်းတယ်ကွာ။ ယင်ရွှယ်ကျဲ ဒီလူက သခင်လေး (၅) ယောက်ထဲ မပါသင့်ဘူး”

နတ်ဓားဂိုဏ်းမှ တစ်ချိန်လုံး တိတ်ဆိတ် ငြိမ်သက်စွာဖြင့် ဓားကိုသာ တိုက်ချွတ်နေခဲ့သော ကျောက်ချင်းကန်သည် နောက်ဆုံးတော့ မတ်တပ်ထရပ်လာပြီး ရှန်မို့ကို ငေးကြည့်၏။

“အစ်ကို သူ့ကို ဘယ်လိုမြင်လဲ”

နတ်ဓားဂိုဏ်းတပည့်တစ်ဦးမှ မေး၏။

ကျောက်ချင်းကန် ခဏစဉ်းစား၍

“အရမ်း အင်အားကြီးပြီး ထက်မြက်တယ်”

နတ်ဓားဂိုဏ်းတပည့်များ မှင်တက်သွားကြသည်။

ကျောက်ချင်းကန်မှာ ထိုသို့ ချီးကျူးပြောဆိုသည်မျိုး မရှိခဲ့ဖူးပေ။

တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သော နတ်ဓားဂိုဏ်းခေါင်းဆောင် လောင်ချောင်ထျန်းမှ အင်အားအပြည့်ဖြင့် အော်လိုက်သည်။

“အားလုံး တိုက်ခိုက်တာရပ်ကြ”

သူ့အသံကြားသည်နှင့် ချက်ချင်း ငြိမ်သက်သွားကြသည်။

“ပထမအကျော့ကို အောင်မြင်သွားတဲ့ တပည့် အယောက် (၁၀၀) ကို ဂုဏ်ယူပါတယ်”

“ဒုတိယအကျော့ကိုတော့ မနက်ဖြန်မှာ ဆက်ပြီး ကျင်းပပါမယ်”

“ဒီနေ့ နားလိုက်ကြဦးနော်။ မနက်ဖြန် ဆုပေးဖို့ ကြေညာပါ့မယ်”

“ဟုတ်ကဲ့ပါ”

ပွဲပြီးသွားသည်နှင့် မူယုံးယွဲ့နှင့် လျှိုယွမ်ဖုန်တို့ ချင်းရွှမ်ဂိုဏ်းတပည့်များထံ ပြေးသွားကြသည်။

မူယုံးယွဲ့ တောက်ပစွာ ပြုံးလျက်

“ရှန်မို တော်လိုက်တာ။ အဲ့လိုပဲ ဖြစ်ရမှာပေါ့”

ရှန်မို ဦးညွှတ်၍

“ကျွန်တော် စိတ်မပျက်စေရဘူးမလား”

လျှိုယွမ်ဖုန်မှ

“ခေါင်းဆောင် ဒုတိယအကျော့နဲ့ တတိယအကျော့မှာ ကျန်းမိုရဲ့ ဒေါသကို ဘယ်လိုထိန်းမလဲ သေချာ စဉ်းစားဦးနော်”

တက်ကြွနေသော မူယုံးယွဲ့မှာ သူ့ကို တစ်ချက် အေးစက်စက် လှမ်းကြည့်၍

“ကျွန်မ သိပါတယ်။ လက်ထောက်ခေါင်းဆောင်လျှို သတိပေးစရာ မလိုပါဘူး”

ထိုအချိန်တွင် အဆိပ်နွယ်ဂိုဏ်းအဖွဲ့ ရောက်လာကြ၏။

ထိုအခါ ချင်းရွှမ်မှ တပည့်များလည်း အမူအရာထိန်း၍ နေလိုက်သည်။

ကျောက်ရူမှာတော့ ပါလာသော မိန်းမလှလေးကိုကြည့်ရင်း မှင်တက်နေမိ၏။

မိုယုဟုန်နှင့်ယှဉ်လျှင် သူသည် အရာရာနိမ့်ကျနေလေသည်။

မိုယုဟုန်မှ ရယ်ရယ်မောမောဖြင့်

“ကျွန်မရဲ့မြွေလေး ပြန်ပေးလို့ရမလား”

ရှန်မို သူ့လက်မောင်းပေါ်မှ မြွေကို လှမ်းပေးကာ

“သူ့ဟာသူ ရောက်လာတာပါ”

မြွေပေါက်လေးမှာ မဆင်းခင် တရှီးရှီးအသံပေးလျက် ရှန်မို့လက်ညှိုးကို ခပ်ဖွဖွ စနောက်သလို ကိုက်သွားသေးသည်။

သခင်ကိုချစ်၍ ပြုမူသောပုံစံ ဖြစ်၏။

မိုယုဟုန် ပြုံး၍ မြွေပေါက်လေး ခေါင်းကိုပုတ်ကာ

“မင်းသခင်က ဘယ်သူတုန်းကွ”

မြွေလေးသည် သူ့ရင်ခွင်ထဲတိုးဝင်သွား၏။

“ဒါဆို သွားလိုက်ဦးမယ်နော်။ ဒုတိယအကျော့မှာလည်း အောင်မြင်ဖို့ မျှော်လင့်ပါတယ်”

မိုယုဟုန် သူ့လက်ကို နမ်း၍ တာ့တာပြန်ပြရင်း ထွက်သွားလေသည်။

ထိုအပြုအမူကြောင့် ယောက်ျားထုကြီးအားလုံး ကြောင်အမ်းနေကြသည်။

ရှန်မိုကိုယ်တိုင်လည်း ရင်တဒိတ်ဒိတ်ခုန်လျက် ပုံမှန် အခြေအနေကို အတော်နှင့် ပြန်မရောက်ချေ။

မူယုံးယွဲ့မှာ မျက်မှောင်ကြုတ်လျက် ရှန်မို့အရှေ့ ဝင်ရပ်၏။

ငါ့တပည့်ကို ဒီလို လွယ်လွယ်ဆွဲဆောင် မခံနိုင်ပါဘူး။

“ခေါင်းဆောင်မို ရှင့်သမီးကို သေချာလေး စောင့်ကြည့်ပေးပါဦး”

သူ မိုယုဟုန်အနောက်မှ ဝတ်ရုံအစိမ်းဖြင့်လူကို လှမ်းပြောလိုက်သည်။

ထိုလူမှာ ချောင်းဟန့်၍

“ကျွန်တော့်သမီးက အရွယ်ရောက်နေပြီဆိုတော့ အရမ်း တင်းကြပ်လို့ မရဘူးလေ။ ဒါနဲ့ ခေါင်းဆောင် မူယုံးယွဲ့လည်း ဂရုစိုက်ဦးနော်။ ခေါင်းဆောင်ကျန်းက ဒီအတိုင်း ကျော်သွားလိုက်မှာ မဟုတ်ဘူး”

မူယုံးယွဲ့ ခေါင်းငြိမ့်ပြကာ သူတို့ထွက်သွားသည်ကို ကြည့်နေမိသည်။

All Chapters