နတ်ဆိုးသံချပ်ကာ
Vol. 4 Ch. 59
ဂိုဏ်းတစ်ရာစုဝေးပွဲ၏ ပထမအကျော့မှာ ဤကဲ့သို့ ပြီးဆုံးသွားလေသည်။
ဂိုဏ်းများအားလုံး သူ့နေရာသူ ပြန်သွားကြ၏။
ပွဲကြည့်စင်မှလူများလည်း တဖြည်းဖြည်း လျော့သွားသည်။
သို့သော် ထွက်သွားသည့်တိုင်အောင် ချင်းရွှမ်ဂိုဏ်းနှင့် နတ်ရေစင်ဂိုဏ်းတို့၏ အဖြစ်အပျက်ကို ပြောစမှတ် ဖြစ်နေဆဲပင်။
ထိုအခြေအနေမှာ အလွန် စိတ်လှုပ်ရှား၍ မျက်စိကျစရာ ဖြစ်ခဲ့၏။
အထူးသဖြင့် ယင်ရွှယ်ကျဲမှ ရှန်မိုကို ခြိမ်းခြောက်နေစဉ် ကွင်းထဲမှ လွင့်ထွက်သွားချိန်သည် ကြည့်အကောင်းဆုံးပင်။
ရှန်မို။
ထိုနာမည်မှာ နတ်ဓားမြို့ထဲ၌ သခင်လေး (၅) ဦးကဲ့သို့ ပျံ့နှံ့သွားလေသည်။
…
ဘုံး!
“အသုံးမကျတဲ့ အမှိုက်”
ကျန်းမို ရုတ်တရက် လက်ဖက်ရည်ခွက်ကို ပစ်ပေါက်ကာ အော်လိုက်သည်။
လက်ဖက်ရည်များ မှောက်၍ ညစ်ပတ်သွားသော်လည်း သူ ဂရုမစိုက်နိုင်ပေ။
ပိုင်ကျီယွဲ့မှ ချက်ချင်း လက်ဖက်ရည်အသစ် ငှဲ့ပေး၍ ဘေးတွင် ချလိုက်၏။
“ခေါင်းဆောင်ရယ် စိတ်လျှော့ပါနော်”
ကျန်းမို အနည်းငယ် စိတ်လျှော့၍ သက်ပြင်းချကာ
“ရွှယ်ကျဲရဲ့ ဒဏ်ရာက ဘယ်လိုလဲ”
ပိုင်ကျီယွဲ့မှ
“စီနီယာရဲ့ ဒဏ်ရာတွေက အရမ်းမဆိုးပါဘူး။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာလောက်ပါပဲ”
ကျန်းမို ချက်ချင်း ယင်ရွှယ်ကျဲအခန်းဆီ ထွက်လာခဲ့တော့သည်။
အခန်းထဲတွင် ယင်ရွှယ်ကျဲမှာ မျက်နှာကျက်ကိုသာ စိတ်ပျက်လက်ပျက် ငေးနေ၏။
သခင်လေး (၅) ဦးအဖွဲ့ဝင်ဖြစ်စဉ်ကလို စိတ်မျိုး မဟုတ်တော့ချေ။
ပြေးပွဲတွင် ရှုံးလာသော ခွေးလေးနှင့် တူနေသည်။
ကျန်းမို သူ့ဘေးတွင် ဝင်ထိုင်ကာ လက်ကို ဆုပ်ကိုင်လျက်
“ရွှယ်ကျဲ အရမ်းကြီး စိတ်ထဲမထားပါနဲ့ကွယ်။ အတွေ့အကြုံပဲပေါ့”
“မင်းက အမြဲ ဘဝင်မြင့်နေတတ်လို့ စိတ်ပူနေတာ။ ဒီလို ရှုံးဖူးတာကလည်း ကောင်းတာပဲလေ”
ယင်ရွှယ်ကျဲ အသက်မဲ့စွာဖြင့် ငြိမ်နေသည်။
ကျန်းမို ရုတ်တရက် မတ်တပ်ထရပ်၍ သူ့ပါးတစ်ဖက်ကို ခပ်ပြင်းပြင်း ရိုက်ချလိုက်သည်။
ယင်ရွှယ်ကျဲ၏ပါးမှာ ချက်ချင်း လက်ရာအတိုင်းနီ၍ ယောင်ကိုင်းသွား၏။
ထိုရိုက်သံကြောင့် ပိုင်ကျီယွဲ့ပင် တုန်သွား၏။
ယင်ရွှယ်ကျဲလည်း ပြန်၍ သတိဝင်လာသည်။
ကျန်းမိုမှ အေးစက်စွာဖြင့်
“ဒီရှုံးနိမ့်မှုမှာပဲ နစ်မျောနေမယ်ဆိုရင် မင်းကို ငါတို့ဂိုဏ်းရဲ့ တပည့်အစစ်ရာထူးကနေ ထုတ်ရလိမ့်မယ်။ မင်းမိဘအိမ်သာ ပြန်တော့။ နတ်ရေစင်ဂိုဏ်းကိုလည်း ဘယ်တော့မှ ပြန်မလာနဲ့။ အစတည်းက မင်းကို တပည့်အဖြစ် လက်ခံခဲ့မိတဲ့ ငါ့အပြစ်လို့ပဲ ထားလိုက်တော့”
ယင်ရွှယ်ကျဲ ကျန်းမိုအား ငေးကြည့်ရင်း
“ခေါင်းဆောင်”
“ကျွန်တော်လည်း ဒီလောက် ဆိုးဆိုးဝါးဝါး ရှုံးမယ်လို့ မထင်ထားလို့ပါ”
“သူက ဒုတိယအဆင့်ဂိုဏ်းက တပည့်လေးလေ”
ကျန်းမို တည်ငြိမ်စွာကြည့်၍
“ရှန်မိုက ကောင်းကင်အဆင့်မြင့် ခန္ဓာကိုယ်ပိုင်ရှင်လေ။ သူ့ကိုရှုံးတာ ရှက်စရာမရှိပါဘူးကွယ်”
သူ့စကားကြောင့် ယင်ရွှယ်ကျဲနှင့် ပိုင်ကျီယွဲ့တို့ မျက်လုံးပြူးသွားကြ၏။
ကောင်းကင်အဆင့်မြင့်လား။
သခင်လေး (၅) ဦးထဲမှ အတော်ဆုံးဖြစ်သော ဟုန်ချီလုံပင် ကောင်းကင် အလယ်အဆင့် ဖြစ်သည်။
“ခေါင်းဆောင် အဲ့တာကို ဘယ်လို သိလာတာလဲ”
ယင်ရွှယ်ကျဲ မျက်လုံးအရောင်များတောက်လျက် ပြန်မေး၏။
“ချင်းရွှမ်ဂိုဏ်း လက်ထောက်ခေါင်းဆောင် လျှိုယွမ်ဖုန်ဆီကလေ”
ကျန်းမို နှာခေါင်းရှုံ့ကာ ဆိုသည်။
“ဒါက…”
ယင်ရွှယ်ကျဲ အခြေအနေကို ချက်ချင်း သဘောပေါက်သွားသည်။
“ချင်းရွှမ်ဂိုဏ်းမှာ အဖွဲ့ကွဲနေတာပေါ့။ ကောင်းကင်အဆင့်မြင့်တပည့်ကို မကာကွယ်ပေးဘဲ ဒီလိုထုတ်ပြောတယ်ဆိုတာ”
ကျန်းမိုမှ
“ချင်းရွှမ်က ပျက်နေပါပြီ။ လျှိုယွမ်ဖုန်က နတ်ဓားဂိုဏ်းနဲ့ အရမ်းပေါင်းတာ။ အရင် အကြီးအကဲချုပ် စုန်းချောင်ဖုန်ဆိုတာကလည်း အဆိပ်နွယ်ဂိုဏ်းနဲ့ ပတ်သက်မှုရှိတယ်”
“ရှန်မို ဘာကိုပဲပိုင်ဆိုင်ပါစေ မင်းသာ ယုံကြည်ချက်ရှိရှိ ကြိုးစားရင် သူ့ကို မရှုံးနိုင်တော့ပါဘူး”
“နောက်ပြီး…”
ကျန်းမို လေးနက်စွာကြည့်၍
“နတ်ဓားဂိုဏ်းက ရွှမ်ကျန်းဒေသကို တဖြည်းဖြည်း ချုပ်ကိုင်မှာ။ ဒါပေမဲ့ ချင်းရွှမ်ဂိုဏ်းက သဘောမတူချင်ဘူးဆိုတော့ မင်း လက်စားချေနိုင်မယ့်အခွင့်အရေး ရောက်လာဦးမှာပါ”
“မင်းသူ့အသက်အထိ ရနိုင်လိမ့်မယ်”
ကျန်းမို ယင်ရွှယ်ကျဲပုခုံးအား ဆုပ်ကိုင်ကာ ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ”
ယင်ရွှယ်ကျဲ ဆုံးဖြတ်ချက်ခိုင်မာစွာ ပြန်ဖြေလိုက်သည်။
…
နတ်ဓားမြို့၊ အရှေ့ဈေး။
ရှန်မို၊ ကျောက်ထင်၊ လောင်ရှန်နန်နှင့် ကျောက်ရူတို့ ဈေးထဲတွင် လှည့်ပတ်ကြည့်နေကြသည်။
...
နတ်ဓားမြို့မှာ အလွန်ကြီး၍ ဈေးကြီး (၄) ခု ခွဲထားသည်။
အရှေ့ဈေးမှာ အသေးဆုံးဖြစ်ပြီး သူတို့အဆောင်နှင့် အနီးဆုံးပင်။
ရှန်မို ဈေးထဲလိုက်ရသည့် ရည်ရွယ်ချက်ရှိပါသည်။
ပြိုင်ပွဲအတွင်း သူ ယင်ရွှယ်ကျဲ၏ အခွင့်အရေးကို ကြည့်ထား၍ ဖြစ်၏။
[အမည်: ယင်ရွှယ်ကျဲ]
[အဆင့်: ခြေတညအဆင့် ထိပ်ဆုံး]
[ကံကြမ္မာ: ချမ်းသာသောအိမ်မှသား၊ ကံကောင်းသူ၊ ဓားပါရမီရှင်၊ ယင် (၉) သွယ် ခန္ဓာကိုယ်]
[အနာဂတ်: ရွှေအချက်အချာအဆင့် ထိပ်ဆုံးတွင် ရပ်တန့်ကာ နတ်ဓားဂိုဏ်း၏ အတွင်းအကြီးအကဲ ဖြစ်လာမည်။ (၆၂) နှစ်အရွယ်တွင် နတ်ဓားဂိုဏ်းတွင်း ဆူပူမှုများကြား အသတ်ခံရမည်။]
[လတ်တလော အခွင့်အရေး (၁): ယနေ့ နတ်ရေစင်ဂိုဏ်းခေါင်းဆောင် ကျန်းမို၏ အားပေးမှုဖြင့် စိတ်ပြန်တက်ကြွလာမည်။ နေ့လယ်ခင်းတွင် အရှေ့ဈေးသို့ လည်ပတ်ရင်း အဆင့်မြင့် မြေအဆင့်ရတနာ နတ်ဆိုးသံချပ်ကာကို နဖူးပြောင်ပြောင် အဘိုးအိုထံတွင် တွေ့ရှိမည်။
လတ်တလောအခွင့်အရေး (၂): မနက်ဖြန် နဂါးအဆောင်၏ အရှေ့တောင်ကွင်းတွင် ဓားရေး လေ့ကျင့်စဉ် တောင်တုအောက်၌ သက်တမ်းရှိမြက်ကို ရရှိမည်]
“ဒီလိုမြက်က ရွှေအချက်အချာအဆင့် အခြေခံအတွက် သုံးနိုင်တာပဲ”
“အဆင့်မြင့် မြေအဆင့် နတ်ဆိုးသံချပ်ကာဆိုတာ ဘယ်လိုပါလိမ့်။ အင်အားတော့ ကြီးမယ့်ပုံပဲ”
ရှန်မို တွေးရင်း ပျော်နေမိသည်။
အဆင့်မြင့် မြေအဆင့် ဖြစ်သောကြောင့် မည်သည့်ပစ္စည်းဖြစ်ပါစေ အဖိုးတန်လိမ့်မည်။
ရောင်းချရာတွင် အတုအစစ်များလည်း ရောနေတတ်၏။
ရှန်မို သက်ပြင်းချမိလေသည်။
ထို့နောက် ဈေးထဲ လျှောက်ပတ်ရင်း ကျောက်ထင်တို့မှာ ဟိုဟိုဒီဒီ အစုံဝယ်ကြသည်။
သူတို့၏ ကျင့်ကြံမှုအမြင်ဖြင့် အတုအများစုကိုတော့ ရှောင်နိုင်ပါသည်။
ဥပမာ ကျောက်ရူမှာ ယွမ်စိတ်ဝိညာဉ်သွေးပုလင်းကို ရလိုက်ပြီး အလွန်ကံကောင်း၏။
“ရှန်မို ရှင်က ဘာမှလည်း မဝယ်ပါလား။ ခေါင်းဆောင်က ငွေမပေးထားဘူးလား”
လောင်ရှန်နန် သူ့ပုခုံးကို လှမ်းဖက်၍ မေးလေသည်။
ရှန်မို ရယ်မောမိ၏။
ထိုစဉ် အရှေ့ဘယ်ဘက်ခြမ်းတွင် ထိပ်ပြောင်ပြောင် အဘိုးအိုကို သတိထားလိုက်မိသည်။
အဘိုးအိုမှာ ကျင့်ကြံသူကဲ့သို့ အရှိန်အဝါမျိုး မဟုတ်သည့်အပြင် ဆိုင်တွင်ခင်းကျင်းထားသော ပစ္စည်းများမှာလည်း အထင်ကြီးစရာ မရှိလှချေ။
အများစုမှာ ဖုန်များဖြင့် ညစ်ပတ်နေသေး၏။
ရှန်မိုတို့ သူ့ဆိုင်ရှေ့ ရောက်လာသည့်တိုင် အဘိုးအိုမှာ သူ့ခြေထောက်ကိုကိုင်ရင်း အာရုံစိုက်နေသည်။
ရှန်မိုမှာလည်း ပစ္စည်းများကို အာရုံစိုက်ကြည့်ရင်း ခရမ်းရင့်ရောင် သတ္ထုဝတ်စုံကို သတိထားမိသွားကာ မျက်လုံးအရောင်လက်သွား၏။