ခြေတည်အဆင့် ထိပ်ဆုံး
Vol. 4 Ch. 49
“အဲ့တာဆို အခု ဝိညာဉ်ပေါင်းစည်းအားဖြည့်ဆေးနဲ့ အထူးဆေးတွေကို အရင် သောက်လိုက်မယ်”
“ခန္ဓာကိုယ်က ထိပ်တန်းအဆင့်ဆိုပေမဲ့ ဝိညာဉ်ပေါင်းစည်းအားဖြည့်ဆေးလောက်နဲ့ ကောင်းကင်အဆင့်အထိ ရောက်နိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ ဘာမှမရှိတာထက်တော့ တော်သေးတာပေါ့”
“ဒီနေရာက စိတ်ဝိညာဉ်စွမ်းအင် ကြွယ်ဝတော့ ခြေတည်အဆင့် ထိပ်ဆုံးလောက် ရောက်အောင်တော့ ကြိုးစားကြည့်လို့ ရပါတယ်”
ရှန်မို ချက်ချင်း သိုလှောင်လက်စွပ်ထဲမှ ဆေးကိုထုတ်၍ သောက်လိုက်သည်။
ပုံမှန်အားဖြင့် ခြေတည်အဆင့် ကျင့်ကြံသူမှာ ထိုဆေးတစ်မျိုးတည်းဖြင့် အစအဆင့်မှ နောက်ဆုံးအဆင့်အထိ ရောက်ရှိနိုင်၏။
သို့သော် ကြာနီမီးတောက်မှ စိတ်ဝိညာဉ်စွမ်းအင်များစွာ စုပ်ယူသောကြောင့် ဆေး၏စွမ်းအင်တစ်ဝက်မျှသာ တာအိုအခြေခံသို့ ရောက်နိုင်ပါသည်။
“တစ်ဝက်လောက်ဆိုရင်တောင် ရပါပြီ။ ဂိုဏ်းတစ်ရာ စုဝေးပွဲမတိုင်ခင် ခြေတည်အဆင့်ထိပ်ဆုံး ရောက်နေမှ ဖြစ်မယ်”
ထို့နောက် ဆေးသောက်ကာ စတင်ကျင့်ကြံလေသည်။
…
လဝက်မျှအချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။
ချင်းရွှမ်ဂိုဏ်း၊ သိုင်းပြိုင်ကွင်း။
လျှိုယွန်းရွှမ်၊ ကျောက်ထင် စသဖြင့် တပည့် (၉) ယောက်တို့အားလုံး ခရီးစရန် အသင့်ဖြစ်နေသည်။
သို့သော် လူတစ်ယောက် ပျောက်နေ၏။
စိမ်းပြာရောင်ဝတ်ရုံဖြင့် မူယုံးယွဲ့တစ်ယောက် အရှေ့လျှောက်လိုက်၊ အနောက်လျှောက်လိုက်ဖြင့် ရှိနေသည်။
လျှိုယွမ်ဖုန် မျက်မှောင်ကြုတ်ကာ
“ရှန်မို ဘယ်မှာလဲ။ သူ လာမှာလား မလာဘူးလား။ ငါတို့ အကုန်လုံး စောင့်နေတာကို”
မူယုံးယွဲ့မှ တည်ငြိမ်စွာဖြင့်
“သူ ချင်ကန်တောင်မှာ ခဏသွားကျင့်ကြံမယ်လို့ ကျွန်မကို ပြောသွားပါတယ်။ အခု ပြန်လာနေလောက်ပါပြီ”
လူအုပ်ထဲမှ ရှောင်ဖန်မှာ နှာခေါင်းရှုံ့လျက်
“အပြင်မှာ သွားကျင့်ကြံတာလား။ ဘယ်လိုလုပ် အောင်မြင်မှာလဲ”
ကျောက်ထင်နှင့် လောင်ရှန်နန်တို့ ဘာမှဝင်မပြောသော်လည်း အမူအရာ မကောင်းကြပေ။
ကျင့်ကြံခြင်းမှာ တစ်ဦးတည်းလုပ်ဆောင်၍ မရချေ။ အချင်းချင်း နည်းလမ်းများ၊ ကျင့်စဉ်များ မျှဝေကြရသည်။
လူတိုင်း ပါရမီရှိနေကြသည် မဟုတ်ပါ။
“ခဏ စောင့်ကြည့်တာပေါ့”
မူယုံးယွဲ့မှ ပြော၏။
သို့သော် သူ့စကားမဆုံးမီပင် ရှန်မို ရောက်လာတော့သည်။
သူ့တပည့် ဘေးကင်းစွာ ပြန်လာသည်ကို တွေ့သောအခါ မူယုံးယွဲ့ စိတ်အေး၍ သက်ပြင်းချလိုက်မိသည်။
ရှန်မို အသက်ရှင်မည်ဟုတော့ သေချာသိသော်လည်း တစ်ခုခုထိခိုက်မည်ကို စိုးရိမ်ခြင်းဖြစ်သည်။
လျှိုယွမ်ဖုန် မျက်မှောင်ကြုတ်ကာ လှမ်းဟောက်၏။
“ဘယ်တွေ လျှောက်သွားနေတာလဲကွ။ ငါတို့ မင်းကို (၂) နာရီလောက် စောင့်လိုက်ရတယ် သိရဲ့လား”
ရှန်မို ဦးညွှတ်ကာ တောင်းပန်သည့် အမူအရာဖြင့်
“တောင်းပန်ပါတယ်ဗျာ။ ကျွန်တော် မနေ့ညကမှ အဆင့်တက်နေလို့ မနက်အထိ မိုးလင်းသွားတယ်။ အဲ့တာကြောင့် နောက်ကျသွားတာပါ”
“ဘာ ဘာဖြစ်တယ်”
လျှိုယွမ်ဖုန် မျက်လုံးပြူးသွား၏
သူ မှတ်မိသလောက် ပြိုင်ပွဲကာလတွင် ခြေတည်အဆင့် ပြီးပြည့်စုံခြင်းတွင် ရှိခဲ့သည်။
ယခု အဆင့်တက်သည်ဟုဆိုခြင်းမှာ ထိပ်ဆုံး ရောက်သွားသည်လား။
ရှန်မိုစကားကြောင့် အားလုံး လန့်ဖျပ်ကာ လှမ်းကြည့်ကြသည်။
မူယုံးယွဲ့လည်း သူ့အနားရောက်လာပြီး
“မင်း အောင်မြင်သွားပြီလား”
“ဟုတ်ပါတယ်။ အခု ခြေတည်အဆင့် ထိပ်ဆုံးပါ”
ရှန်မိုပြုံး၍ ဖြေလိုက်သည်။
သူ့အင်အားကို ဖုံးကွယ်နေရန် မလိုအပ်ပါ။
“တော်တယ်။ မင်းလုပ်နိုင်မှာ သိသားပဲ။ တစ်ခါမှ စိတ်မပျက်ရဖူးဘူး”
မူယုံးယွဲ့ ကျေနပ်စွာ ဆို၏။
ကျောက်ထင်၊ လောင်ရှန်နန်နှင့် အခြားတပည့်များလည်း အနားရောက်လာပြီး ဂုဏ်ပြုကြလေသည်။
မကြာသေးမီကမှ စကျင့်ကြံနိုင်ခဲ့သူ ရှန်မိုမှာ ယခုတော့ အားလုံးကို ကျော်တက်သွားလေပြီ။
တစ်ဖက်မှ လျှိုသားအဖမှာတော့ ပန်းသီးပုပ် ကိုက်မိသကဲ့သို့ ရှုံ့မဲ့နေကြ၏။
“ခေါင်းဆောင် အခုလူလည်းစုံပြီဆိုတော့ အချိန်ဖြုန်းမနေပါနဲ့တော့။ သွားရအောင်”
လျှိုယွမ်ဖုန် မျက်နှာပျက်လျက် ဂုဏ်ပြုပွဲအခြေအနေကို နှောင့်ယှက်လိုက်သည်။
မူယုံးယွဲ့မှာ ခပ်ပြုံးပြုံးဖြင့် ခေါင်းသာ ငြိမ့်ပြ၏။
ထို့နောက် လေချွန်သံပေးလိုက်သောအခါ ချင်ကန်တောင်မှ ငှက်ကြီးတစ်ကောင် ရောက်လာသည်။ ငှက်ကြီးမှာ (၁၀) ပေကျော် တောင်ပံများ ပိုင်ဆိုင်ပြီး အစိမ်းရောင်ခန္ဓာကိုယ်ဖြင့် အမွေးများမှာ ချွန်ထက်နေသည်။
မျက်ဝန်းအကြည့်များမှာ စူးရှလွန်းသောကြောင့် စိုက်ကြည့်ခံရလျှင် ပေါက်ထွက်မလို ခံစားရလေသည်။
တပည့်များအားလုံး ဤမျှကြီးမားသည့် သားကောင်ကို မတွေ့ဖူးသောကြောင့် အလွန် အံ့ဩနေကြသည်။
မူယုံးယွဲ့ ပြုံးလျက်
“ဒါက ငါ့ဆရာမွေးခဲ့တဲ့ မွေးပြာသိမ်းငှက်လေ။ ချင်ကန်တောင်မှာပဲ ထားတာ။ အခုတော့ နတ်ဓားမြို့ကို လိုက်ပို့ပေးလိမ့်မယ်”
ငှက်ကြီးမှာ သူ့စကားကို နားလည်နေသည့်နှယ် တောင်ပံများအား လှေကားသဏ္ဍာန် ပြုလုပ်ပေး၏။
“စီးရင် သူ့ငှက်မွေးတွေကို သေချာကိုင်ထားနော်။ လေပြင်းတာတွေအတွက်တော့ လက်ထောက်ခေါင်းဆောင်လျှိုနဲ့ ငါက လိုက်ထိန်းပေးမယ်”
“ဟုတ်ကဲ့ပါ”
“အကြီးအကဲတို့ ကျွန်မတို့ ခရီးသွားနေတုန်း ဂိုဏ်းကိစ္စတွေ အပ်ပါတယ်နော်”
မူယုံးယွဲ့မှ ကျန်အကြီးအကဲများအား မှာနေသည်။
“တာဝန်ကျေအောင် ကြိုးစားပါမယ်”
“သွားမယ်”
မူယုံးယွဲ့မှ ငှက်ကြီးကို ပုတ်လိုက်သည်နှင့် ချက်ချင်း စထွက်ကာ မကြာမီ တိမ်ယံများကြား ပျောက်ကွယ်သွားတော့၏။
တပည့်များမှာ ထူးခြားသော ခံစားချက်ကြောင့် စိတ်လှုပ်ရှားမှင်တက်နေကြ၏။
“ဆရာမ မြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတွေက လူကိုသယ်ပြီး ပျံနိုင်တယ်ဆို။ ဘာလို့ အခု နတ်ဆိုးသားကောင်ကို သုံးရတာလဲ”
ရှန်မိုမှ စိတ်ဝင်တစား မေး၏။
အခြားတပည့်များလည်း လှမ်းကြည့်ကာ အဖြေကို စောင့်နေသည်။
မူယုံးယွဲ့ ရယ်မောကာ
“နတ်ဓားမြို့က ရွှမ်ကျန်းဒေသရဲ့ မြောက်ဘက်အစွန်းပိုင်းမှာ ရှိတာလေ။ ချင်းရွှမ်ဂိုဏ်းကကျတော့ တောင်ဘက်အစွန်းမှာ။ မိုင်ပေါင်း (၈၀၀) လောက် ကွာနေတာကို မြုတေဖွဲ့စည်းခြင်းအဆင့်က ပျံနိုင်ပေမဲ့ စွမ်းအင် အရမ်းလိုမှာလေ။ အဲ့တော့ ဘေးလည်းကင်းအောင် နတ်ဆိုးသားကောင်နဲ့သွားတာ ကောင်းတာပေါ့”
ရှန်မို ထိုအခါမှ ခေါင်းတငြိမ့်ငြိမ့်ဖြင့် သဘောပေါက်သွား၏။
ဤသို့ဖြင့် (၄) ရက်မျှအကြာတွင် နတ်ဓားမြို့ကို လှမ်းမြင်နေရလေပြီ။
“ဒါ နတ်ဓားမြို့ဖြစ်မယ်”
ကျောက်ရူမှ စိတ်လှုပ်ရှားစွာ ဆို၏။
“ဟုတ်တယ်။ ရောက်တော့မယ်”
မူယုံးယွဲ့ ပြန်ဖြေလိုက်သည်။
သူတို့၏ ခရီး (၄) ရက်မှာ အားလုံး ချောမွေ့ခဲ့သည်တော့ မဟုတ်ချေ။
အဆင့် (၄) သားကောင်ကြီးများ၏ (၂) ကြိမ် တိုက်ခိုက်ခံရပြီး မူယုံးယွဲ့နှင့် လျှိုယွမ်ဖုန်တို့ပါလာ၍ တော်သေး၏။
ယခုလို မြို့ကြီးကိုတွေ့မှ အားလုံး စိတ်အေးရလေသည်။