အဂ္ဂိရက်ပညာရှင်၏ နေရာ
Vol. 4 Ch. 47
“တော်တယ်ကွာ”
မူယုံးယွဲ့ ပြုံးရွှင်၍ ခပ်ကျယ်ကျယ် ထပြော၏။
“မိုက်တယ်ကွာ”
“စီနီယာရှန်က အရမ်းတော်တယ်”
“စီနီယာရှန်က အံ့ဩစရာပဲ”
တပည့်များ ရုတ်တရက် ပျော်ရွှင်စွာ အားပေးလာကြသည်။
အချို့မှာ အားရပါးရ လက်ခုပ်တီးရလွန်း၍ လက်များပင် နီရဲလာသည်။
လူအုပ်ထဲတွင် ရှောင်ဖန်မှာ အတော်လေး မျက်နှာပျက်နေပြီး လျှိုဖေးသည် သူ့အစ်ကို ဒဏ်ရာများ ကြည့်ရှုပေးရန် ပြေးသွား၏။
ကျောက်ရူမှာ ချစ်ရည်ရွှန်းလဲ့စွာဖြင့် လှမ်းကြည့်နေသည်။
ကျောက်ထင်ကတော့ သူ့ညီမကို လှမ်းကြည့်ကာ ခေါင်းယမ်းမိသည်။
သူ့ရင်ထဲတွင် ရှန်မို့အပေါ် လေးစားယုံကြည်မှုများ ပိုကြီးလာလောက်မည်ဟု တွေးနေမိ၏။
“အကြီးအကဲ ရလဒ်ကို ကြေညာရတော့မယ်လေ”
ရှန်မိုမှ လှမ်းသတိပေး၏။
ထိုအခါမှ စင်ပေါ်တွင် မှင်တက်နေသော အကြီးအကဲသည် သတိပြန်ဝင်လာကာ ခေါင်းငြိမ့်ပြ၍
“ရှန်မိုနဲ့ လျှိုယွန်းရွှမ်တို့တိုက်ပွဲမှာ ရှန်မို အနိုင်ရရှိသွားပါပြီ”
ရှန်မို စင်ပေါ်မှ ဆင်းလာသောအခါ တပည့်များ တရိုတသေ လမ်းဖယ်ပေးလေသည်။
“လုပ်စရာရှိတာ ဆက်လုပ်ကြပါ။ ဘာလို့ ဝိုင်းကြည့်နေတာလဲ”
ရှန်မို ပြုံး၍ ပြော၏။
အကြီးအကဲလည်း ချောင်းဟန့်၍
“ကောင်းပြီ။ ကောင်းပြီ။ နံပါတ် (၃) ကျောက်ထင်နဲ့ နံပါတ် (၄) လျှိုယုံးတို့အလှည့်ပါ”
သူတို့တိုက်ပွဲမှာ တစ်ဖက်သတ်ဆန်၍ စိတ်လှုပ်ရှားစရာ မကောင်းလှပေ။
ကျောက်ထင်သာ သေချာပေါက် နိုင်သွား၏။
ထို့နောက် နံပါတ် (၅) လောင်ရှန်နန်နှင့် နံပါတ် (၆) ရှောင်ဖန်တို့ ဖြစ်၏။
ဗလတောင့်တောင့် ခပ်ကြမ်းကြမ်း အမျိုးသမီးကို ကြည့်ကာ ရှောင်ဖန် မျက်နှာပျက်နေသည်။
လောင်ရှန်နန်မှာတော့ လှောင်ပြောင်သလို ရယ်မော၍ လက်ဆစ်များ ချိုးနေတော့သည်။
ထို့နောက် ခပ်တိုးတိုး ကပ်ပြောသေး၏။
“ကောင်လေး မင်း ညီမလေးရူကို ဘာလုပ်ခဲ့လဲ ငါ သိထားတယ်နော်။ ဒီနေ့ သင်ခန်းစာ ပေးရသေးတာပေါ့”
ရှောင်ဖန် မျက်ခုံးတွန့်သွားပြီး ချက်ချင်း ထပြောသည်။
“အကြီးအကဲ ကျွန်တော် အရှုံးပေးပါတယ်”
အကြီးအကဲမှာ မှင်တက်၍
“အဲ့လောက်တောင် မြန်လား”
လောင်ရှန်နန်လည်း ပိုဒေါသထွက်သွား၏။
“မင်း…”
ရှောင်ဖန် ထို့နောက် စင်ပေါ်မှ မြန်မြန် ဆင်းသွားတော့သည်။
သူ မည်မျှကြိုးစားပါစေ လောင်ရှန်နန်ကို မယှဉ်နိုင်ကြောင်း သိပါသည်။
ဤသို့ဖြင့် ပြိုင်ပွဲများ ဆက်လက်ပြိုင်ကြသော်လည်း ရှန်မိုနှင့် လျှိုယွန်းရွှမ်တို့ပွဲလောက် စိတ်လှုပ်ရှားစရာ မကောင်းတော့ပေ။
ဤသို့ဖြင့် ဒုတိယအကျော့ ရောက်လာပြီး နံပါတ် (၅) ခုသာ ပါ၏။
နံပါတ်တူများ ယှဉ်ပြိုင်ရပြီး ရှန်မိုမှာ (၅) ဖြစ်၍ ကျန်နံပါတ်များ အလွန်ပျော်သွားကြသည်။
နောက်ဆုံးတော့ ရှန်မို၊ ကျောက်ထင်၊ လောင်ရှန်နန်တို့မှာ အလွယ်တကူ တတိယအဆင့် ရောက်သွားကြတော့၏။
တတိယအဆင့်တွင် ရှန်မို နံပါတ် (၃) ကျပြီး ထိုပြိုင်ဘက်မှာ နှုတ်ဆက်ထွက်ခွါရပြန်သည်။
နောက်ဆုံးအဆင့်တွင်တော့ ကျောက်ထင်နှင့် ရှန်မိုတို့ စင်ပေါ်ရောက်လာကြသည်။
သို့သော် တပည့်များမှာ လျှိုယွန်းရွှမ်နှင့်ကမှ နောက်ဆုံးတိုက်ပွဲအစစ်ဟု သတ်မှတ်ကြ၏။
“တကယ်တော့ အရှုံးပေးမလို့ပဲ။ ဒါပေမဲ့ အဲ့တာကြီးက ကြည့်ရဆိုးမှာဆိုတော့ စမ်းကြည့်တာပေါ့”
ကျောက်ထင် ချောင်းဟန့်၍ ဆက်ပြောသည်။
“နည်းနည်းတော့ ညှာပေးနော်။ ငါ့ညီမရှေ့မှာ ဂုဏ်သိက္ခာတော့ ထိန်းချင်သေးတယ်”
ရှန်မို ရယ်မောလျက် ပြန်ပြောလိုက်၏။
“ဟုတ်ပါပြီဗျာ”
နှစ်ယောက်သား အပေးအယူမျှမျှဖြင့် (၁၀) ပွဲထက်မနည်း တိုက်ခဲ့ကြသည်။
(၁၆) ပွဲမြောက်တွင်တော့ ရှန်မို အခွင့်ကောင်းယူ၍ ကျောက်ထင်ရင်ဘက်ကို အားသုံးလိုက်ပြီး စင်ပေါ်မှ ပြုတ်ကျသွားတော့သည်။
ထိုအခါ အကြီးအကဲမှ
“ရှန်မိုနဲ့ ကျောက်ထင်ကြားက တိုက်ပွဲမှာတော့ ရှန်မို အနိုင်ရရှိသွားပြီ ဖြစ်ပါတယ်”
မူယုံးယွဲ့လည်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် အလွန်ကျေနပ်နေသည်။
ထို့နောက် လက်ဖျောက်တစ်ချက်တီးလိုက်သောအခါ အလင်းဓာတ်လုံးများ ရှန်မို့လက်ထဲ ဝင်သွားကြသည်။
ရှန်မို ဆုများအားလုံး သိမ်းပိုက်၍ အလွန် ပျော်ရွှင်နေကြသည်။
“ဒါနဲ့ လျှိုယွန်းရွှမ်မှာ တခြားအခွင့်အရေး ရှိနေပုံပဲ”
ရှန်မို ခဏစဉ်းစား၍ သူ့ကံကြမ္မာကို လှမ်းကြည့်လိုက်သည်။
[လတ်တလောအခွင့်အရေး: တစ်လအကြာတွင် ချင်ရှန်မြို့၊ ရေအေးကန်တွင် အဂ္ဂိရက်ဆရာ၏ ဂူကို ရှာတွေ့ပြီး ဆေးများဖြင့် ခြေတည်အဆင့် ထိပ်ဆုံးအထိ ရောက်ရှိသွားမည်။]
ရှန်မို စိတ်လှုပ်ရှားသွားသည်။
အဂ္ဂိရက်ဆရာရဲ့ နေရာလား။
“ဒါနဲ့ အဂ္ဂိရက်ဆရာကြီးက ဘယ်သူလဲ။ ဆရာမကို မေးဦးမှ”
ထိုည။
ရှန်မို တောင်ထိပ်ရှိခြံလေးထဲ ရောက်လာသည်။
သူ တံခါးမခေါက်မီပင် သစ်သားတံခါးလေး အလိုလို ပွင့်လာလေ၏။
“ဘာကိစ္စရှိလို့လဲ”
မူယုံးယွဲ့မှ ပန်းပင်များ ရေလောင်းရင်း မေးလိုက်သည်။
သူ ရောက်လာသည်ကို အာရုံဖြင့် သိလိုက်၍ ဖြစ်သည်။
ရှန်မို ပုံမှန်အတိုင်း ဦးညွှတ်နှုတ်ဆက်၍
“ဆရာမ ကျွန်တော် မေးစရာရှိလို့ပါ”
“မေးလေ”
“ဟိုလေ။ အဂ္ဂိရက်ဆရာကြီးဆိုတာ ကြားဖူးလား။ တာဝန်တစ်ခုနဲ့သွားရင်း သူနေတဲ့နေရာကို ကြားလိုက်လို့”
မူယုံးယွဲ့ လန့်သွားကာ ရင်ခုန်သံမြန်လာ၏။
“မင်း အဲ့တာကို ဘယ်က သိတာလဲ”
ရှန်မို အကြောင်းပြချက်ကို ကြိုတွေးထားပြီး ဖြစ်ပါသည်။
“လူမိုက်အဖွဲ့တစ်ခုကို ရှင်းပြီးတော့ သူတို့စခန်းမှာကျန်တဲ့ အချက်အလက်ထဲကနေ သိတာပါ”
“ငါတောင် နေရာအတိအကျ မသိဘူး။ စာအုပ်ထဲက မှတ်တမ်းပဲ ရှိတယ်”
မူယုံးယွဲ့ အနည်းငယ် စိတ်ပျက်သွားသော်လည်း ချက်ချင်း အမူအရာထိန်းလိုက်သည်။
“မင်းကို ပြောပြလည်း ကိစ္စတော့ မရှိပါဘူး”
ထို့နောက် လက်ယမ်းလိုက်သောအခါ ရေနွေးအိုးနှင့် ခွက်များ ကျလာပြီး ရှန်မို့ကိုလည်း ထိုင်ရန် နေရာပြလိုက်သည်။
“အဂ္ဂိရက်ဆရာကြီးဆိုတာ ကုဆန်ချိုးပေါ့။ မြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ၊ အဂ္ဂိရက်ပညာမှာ အရမ်းကျွမ်းကျင်တယ်လေ”
“သူ့အရည်အချင်းကြောင့် ရွှမ်ကျန်းရဲ့ ထိပ်တန်း (၅) ဂိုဏ်းကတောင် အထူးဧည့်သည်အဖြစ် အလေးပေးကြတယ်။ ဒါပေမဲ့ ဂိုဏ်းတိုင်းကို ငြင်းပြီး ပုံမှန်ကျင့်ကြံသူအဖြစ်ပဲ နေခဲ့တာ”
“လွန်ခဲ့တဲ့ (၁၀) နှစ်လောက်ကတော့ သူ ပျောက်သွားပြီး မတော်တဆ တစ်ခုခုကြောင့် သေသွားတယ်လို့ ထင်ကြတာပဲ”
“သိပ်မကြာဘူး။ သူ့တပည့်တွေဆီက သတင်းပျံ့လာတာ။ သူနေတဲ့ဂူထဲမှာ ဆေးတွေ၊ ရတနာတွေ အများကြီး ရှိတယ်တဲ့”
ရှန်မို မှင်တက်နေ၏။
“ကျွန်တော် ကြားဖူးတာလည်း အဲ့လိုပဲ”
“လွန်ခဲ့တဲ့ (၃) နှစ်လောက်က နတ်ဓားဂိုဏ်းက တစ်ယောက် ရောက်ဖူးတယ်လို့ ကြားတယ်”
“တကယ်ကြီးလား”
“ဟုတ်တယ်။ အဲ့တာကြောင့် အဲ့တပည့်လည်း ထိပ်တန်းအဆင့်အထိ ရောက်သွားတာတဲ့။ သူက ကျောက်ချင်းကန်လေ။ ဓားသိုင်းပညာရှင်လို့လည်း သိကြတယ်”
ရှန်မိုမျက်လုံးအရောင်များ လက်သွား၏။
ထိုနေရာကို သူတစ်ယောက်တည်း သိထားလေသည်။