← Chapters

အခန်း (၂၅၉၉-၂၆၀၁)

Vol. 110 Ch. 2599-2601

အခန်း (၂၅၉၉-၂၆၀၁)

Vol. 110 Ch. 2599-2601

အပိုင်း (၂၅၉၉) ဒူးထောက်စမ်း

ဘာသာပြန်သူ_တိမ်တိုက်

နတ်သားရဲများနှင့် ရင်ဆိုင်ရသည့် အခါမျိုးတွင် ကောင်းကင်အမိန့်တော်သည် မဟာဧကရာဇ်တစ်ပါးထက်ပင် ပို၍ အားကောင်းသည်ဟု ပြော၍ရသည်။

ဖီးနစ်နှင့် နဂါးများသည်ပင်လျှင် ချွင်းချက်မဟုတ်ကြ။

ရှေးဟောင်းကုန်းမြေကြီးထဲတွင် ရှိနေသော နတ်အရှင်လေးပါးသည် နတ်သားရဲများ ဖြစ်ကြပါသော်ငြား နဂါးများနှင့် ယှဉ်လိုက်သော်ငြား အများကြီး အားနည်းသည်ဟု ပြော၍ရသည်။ သို့ရာတွင် နဂါးများပင် ကောင်းကင်အမိန့်တော်၏ ပြိုင်ဘက် မဖြစ်နိုင်လေရာ သူတို့ဆိုလျှင်တော့ ဆိုဖွယ်ရာမရှိတော့။ ထို့ကြောင့်ပင် ကျန်းရို့ရှီသည် ကောင်းကင်အမိန့်တော်၏ မျိုးဆက်တစ်ဦးဖြစ်နေမှန်း သိပြီးနောက်တွင် နတ်အရှင်အားလုံး အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားရခြင်းပင်။

“ဖန်းဝူ မဟုတ်တရုတ်တွေ လျှောက်ပြောမနေနဲ့...” ချန်းကွော့သည် လူသစ် တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသည့် ကျန်းရို့ရှီအား မမှိတ်မသုံ စိုက်ကြည့်နေရင်းမှ တံတွေးတစ်လုတ် မျိုချလျက် ကတုန်ကရင်ဖြင့် ပြောလိုက်လေသည် “သူက ကောင်းကင်အမိန့်တော်ရဲ့ မျိုးဆက်ဆိုတာ သေချာလို့လား”

ဖန်းဝူက မဲ့ပြုံးပြုံးလျက် ခါးသက်သက် လေသံဖြင့် ပြန်ပြောလိုက်၏ “မင်းမှာလည်း မင်းဘိုးဘေးတွေရဲ့ မှတ်ဥာဏ်တွေ ရှိနေတာပဲ... အဲ့ဓါးကို မမှတ်မိစရာလိုလို့လား”

ချန်းကွော့ ဘာမှပြန်မပြောနိုင်တော့ချေ။ သူတို့ ဆက်ခံရရှိထားသည့် မှတ်ဥာဏ်များအရ ကောင်းကင်အမိန့်တော် ကိုင်ဆောင်ခဲ့သည့် ကောင်းကင်အပြစ်ပေးဓါးသည် သွေးတံခါး၏နောက်တွင် ရှိနေသည်ဟူ၍ပင်။ မည်သူ့ကိုမှ ဤသွေးတံခါးနားသို့ ကပ်မလာခိုင်းရခြင်းမှာ မွန်းစတားမျိုးနွယ်စုဝင်များ ၎င်းတို့ ဘိုးဘေးများ၏ အမြူတေကို ဆက်ခံရရှိပြီး နတ်သားရဲများ ဖြစ်လာမည်ကို စိုးရိမ်သည့် အတွက်ကြောင့်မဟုတ်၊ ကောင်းကင်အပြစ်ပေးဓါး ပြန်လည် ထွက်ပေါ်လာမည်ကို ကြောက်ရွံ့သည့် အတွက်ကြောင့်သာ ဖြစ်သည်။ ယခုမူ သူတို့၏ ဆန္ဒများ မပြည့်ဝနိုင်တော့ပေ။ ကောင်းကင်အပြစ်ပေးဓါးသည် လောကကြီးထဲ၌ တစ်ဖန်ပြန်လည် ထွက်ပေါ်လာခဲ့လေပြီ။

အသက်နှစ်ဆယ်လောက်သာ ရှိသေးသော ကောင်မလေးတစ်ဦးက ဆင့်ခေါ်လိုက်သည့် အတွက်ကြောင့် ကောင်းကင်အပြစ်ပေးဓါးသည် မည်သူမှ သွားယူစရာ မလိုဘဲ သွေးတံခါးထဲမှ အလိုလို ထွက်လာခဲ့သည်။ ကောင်းကင်အမိန့်တော်၏ မျိုးဆက်များသည်သာ ကောင်းကင်အပြစ်ပေးဓါးအား လွှဲရမ်းနိုင်သည့် အတွက်ကြောင့် ကျန်းရို့ရှီ မည်သူမည်ဝါ ဖြစ်သလဲဆိုသည်မှာ လယ်ပြင်ထဲ ဆင် ပြေးသည့်နှယ် အထင်းသား ပေါ်နေလေပြီ။

“သွားပြီ...” ချန်းကွော့ ရေရွတ်လိုက်၏။ သူတို့ အစိုးရိမ်ရရဆုံးကိစ္စမှာ ဖြစ်လာခဲ့လေပြီ။ ကောင်းကင်အပြစ်ပေးဓါး ပြန်ပေါ်လာခဲ့သလို ကောင်းကင်အမိန့်တော်၏ မျိုးဆက်လည်း ထွက်ပေါ်လာခဲ့သည်။ ယခုအချိန်မှစ၍ နတ်သားရဲများကို ခက်ခဲကြမ်းတမ်းသော အချိန်များမှ စောင့်ကြိုနေပေတော့မည်။ ထို့အပြင် ကောင်းကင်အမိန့်တော်၏ စွမ်းအားကို ပထမဆုံး ပြန်ခံစားကြရမည့် လူများမှာ နတ်အရှင်လေးပါးသာ ဖြစ်ကြပေသည်။

“ကောင်းကင်အမိန့်တော်ရဲ့ မျိုးဆက်...” ရန်ကိုင် ကြောင်တောင်တောင် ဖြစ်နေခဲ့သည်။ ကျန်းရို့ရှီသည် နတ်သားရဲအားလုံး၏ အိမ်မက်ဆိုးဖြစ်သော ကောင်းကင်အမိန့်တော်၏ မျိုးဆက်တစ်ဦး ဖြစ်နေလိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့ပေ။

ကျန်းရို့ရှီ မည်သူမည်ဝါမှန်း သိလိုက်ရပြီးနောက် ရန်ကိုင်မှာ ကြက်သေသေသွားခဲ့ရာ အချိန်အတော်ကြာသည်အထိတိုင် အသိပြန်မဝင်လာနိုင်ခဲ့ပေ။ ထို့နောက် တစ်ခုခုအား ပြန်စဉ်းစားမိသွားလေသည်။ ဥတုလေးမျိုး နယ်မြေထဲရှိ အချိန်မြစ်ကျော်းတော်ထဲတွင် ရှိစဉ်က ကျန်းရို့ရှီသည် ရုတ်တရက်ကြီး အကြောင်းအရင်းမရှိ ပျောက်ကွယ်သွားခဲ့သည်။ သူမ ပြန်ပေါ်လာသည့်အချိန်တွင် သူမနှင့်အတူ ဧကရာဇ်အဆင့် အကာအကွယ်မှော်ရတနာ တစ်ခုဖြစ်သော ပန်းရောင်တိမ်တိုက် ဖီးနစ်ဝတ်ရုံပါ ပါလာခဲ့လေ၏။

ထိုမှော်ရတနာကို ချုန်းချီဟုခေါ်သော သားရဲကြီးမှ သူမအား ပေးခဲ့ခြင်း ဖြစ်သည်ဟု ကျန်းရို့ရှီ ပြန်ပြောသဖြင့် ရန်ကိုင် သိခဲ့ရသည်။ ချုန်းချီကဲ့သို့သော အလွန်ကိုမှ ရက်စက်ကြမ်းကြုတ်လှသည့် သားရဲကြီးသည် ကျန်းရို့ရှီအား ဘာကြောင့် ထိုကဲ့သို့ လက်ဆောင်မျိုး ပေးခဲ့သလဲဆိုသည်ကို ယနေ့မတိုင်ခင်အထိ ရန်ကိုင် လုံးဝ နားမလည်နိုင်ခဲ့ချေ။ သူသိထားသည်မှာတော့ ထိုကိစ္စသည် ကျန်းရို့ရှီ၏ သွေးမျိုးဆက်နှင့် ပက်သက်နေရမည် ဟူ၍ပင်။ ကျန်းရို့ရှီသာ ပြေးပေါက်ပိတ်သွားသည်အထိ ချောင်းပိတ်ခံရမည်ဆိုပါက သူမ၏ သွေးမျိုးဆက် နိုးထလာနိုင်မည်မှန်း ချုန်းချီ သိနေသည့်ပုံပင်။ ထိုသို့သာ ဖြစ်ပါက သူကိုယ်တိုင်သည်လည်း ဒုက္ခလှလှ တွေ့ရပေလိမ့်မည်။

တွမ်ဟုန်ချန်သည်လည်း ထိုအချက်ကို သိထားခဲ့လောက်သော်ငြား ထုတ်တော့ မပြောရဲခဲ့ပေ။ ထိုအချက်များကို ချင့်ချိန်စဉ်းစားကြည့်လိုက်မည်ဆိုပါက ကျန်းရို့ရှီသည် ကောင်းကင်အမိန့်တော်၏ မျိုးဆက်တစ်ဦးမှန်း ကောက်ချက်ချနိုင်ပေသည်။

“ငါနားလည်သွားပြီ...” ရန်ကိုင် ခါးသက်စွာ ပြုံးလိုက်သည်။ ကျန်းရို့ရှီ၏ သွေးမျိုးဆက်သည် ဤကဲ့သို့ အခြေအနေမျိုးတွင် ဤကဲ့သို့သော ပုံစံမျိုးဖြင့် နိုးထလာလိမ့်မည်ဟု ရန်ကိုင် လုံးဝ မထင်ထားခဲ့ချေ။

“ကျောက်တုံးကောင်” ကျန်းရို့ရှီသည် ရှီဟွော့ကိုကြည့်၍ အေးစက်စက် လေသံဖြင့် ပြောလိုက်လေ၏ “အခု ငါ့ကိုပြောပေတော့၊ နင်ဘယ်လိုသေချင်လဲဆိုတာကို”

ရှီဟွော့ တစ်ကိုယ်လုံး တုန်တုန်ရီရီ ဖြစ်သွားပြီး သူ့မျက်နှာထက် ကြောက်ရွံ့မှုတို့ အထင်းသား ထွက်ပေါ်လာခဲ့သည်။ သူ့မျက်လုံးများတဲ လေတိုက်သည့်နှယ် တဖျတ်ဖျတ် လှုပ်ခါနေသော မီးတောက်များသည် သူမည်မျှ စိုးရိမ်နေကြောင်းကို ဖော်ပြနေခဲ့သည်။ မကြာသေးခင်က ရှီဟွော့သည် ကျန်းရို့ရှီအား သတ်မည်တကဲကဲ လုပ်ခဲ့သည်။ တာအိုသခင်တတိယအဆင့်သာ ရှိသေးသော လူသားတစ်ဦးသည် သူ့အတွက် စာဖွဲ့စရာမဟုတ်ဟုလည်း ထင်ခဲ့သည်။ သို့သော်ငြား ထိုအားနည်းလှသည့် မိန်းကလေးသည် မျက်စိတစ်မှိတ်အတွင်း သူ့အား တုန်လှုပ်ချောက်ခြားသွားအောင် လုပ်နိုင်သည့် လူတစ်ဦးအဖြစ်သို့ မှော်ဆန်ဆန် ပြောင်းလဲသွားခဲ့လေသည်။

သူသည် ကျန်းရို့ရှီကို သတ်ရန် လုပ်ခဲ့သလို ရန်ကိုင်ကိုလည်း ဇိမ်ပြေနပြေဖြင့် ထိုင်နှိပ်စက်ခဲ့သည်။ ထို့အတွက်ကြောင့် ကျန်းရို့ရှီ သူ့အား အလွန်ကိုမှ မုန်းတီးနေလောက်၏။ ယနေ့တွင် အခြားသော နတ်အရှင်များ အသက်ရှင်ကောင်း ရှင်နိုင်ပါသော်ငြား သူ၊ ရှီဟွော့မှာမူ လုံးဝ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။

ထိုအချက်ကို နားလည်လိုက်သော် ရှီဟွော့သည် ကြောက်ရွံ့မနေတော့ဘဲ လျှောက်လက်စလမ်းအား ဆုံးအောင် ဆက်လျှောက်ရန်သာ ဆုံးဖြတ်လိုက်လေသည် “ကောင်းကင်အမိန့်တော်ရဲ့ မျိုးဆက်ဖြစ်တော့ရော ဘာဖြစ်လဲ။ ငါက နတ်သားရဲ တစ်ကောင်ရဲ့ မျိုးဆက်ပဲကွ။ အရွယ်မရောက်သေးတဲ့ နင့်လိုလူတစ်ယောက်က ငါ့ကို သတ်နိုင်မှာလား”

ထို့သို့ အော်ပြောလိုက်ပြီးသည့်နောက်တွင် ရှီဟွော့သည် အခြားသူများဘက်သို့ လှည့်၍ “မင်းတို့အားလုံး ဒီအတိုင်းပဲ ရပ်ကြည့်နေကြတော့မှာလား။ ကောင်းကင် အမိန့်တော်က ငါတို့အားလုံးရဲ့ ရန်သူနော်။ မင်းတို့ ဒီအတိုင်း ဆက်ကြည့်နေရင်း မင်းတို့ တစ်ဘဝလုံးကို အေးအေးဆေးဆေး နေသွားရတော့မှာ မဟုတ်ဘူး။ အခု သူအားမကောင်းတုန်း ဘာလို့ ငါနဲ့လာပူးပေါင်းပြီး သူ့ကို မတိုက်ခိုက်တာလဲ”

ထိုစကားကို ကြားသည့်အခါ ရန်ကိုင်မျက်နှာ ပျက်သွားပြီး နတ်အရှင်သုံးပါးအား စိုးရိမ်တကြီးဖြင့် လှမ်း၍ ကြည့်လိုက်ကြသည်။

ရှီဟွော့ ပြောသကဲ့သို့ပင် ကျန်းရို့ရှီ၏ သွေးမျိုးဆက်သည် ယခုမှ နိုးထရုံသာ ရှိသေးသည့်အတွက်ကြောင့် သူမ မည်မျှ အားကောင်းသလဲ ဆိုသည်မှာ ပြောရခက်၏။ သို့ရာတွင် နတ်အရှင်သုံးပါး၏ ခွန်အားမှာတော့ မေးခွန်းထုတ်စရာ မလိုချေ။ သူတို့သာ အတူပူးပေါင်း တိုက်ခိုက်မည်ဆိုပါက ကျန်းရို့ရှီပင် ရှုံးနိမ့်သွားရလောက်သည်။

ချန်ကွော့က ရှီဟွော့ပြောသည်ကို စိတ်ဝင်စားမိသွားသော်ငြား ဖန်းဝူနှင့် လွမ်ဖုန်းတို့မှာတော့ မျက်နှာသေဖြင့်သာ ရှိနေကြလေရာ သူတို့စိတ်ထဲ ဘာတွေးနေလဲ ဆိုသည်ကို ပြောရခက်လှ၏။ ဖန်းဝူနှင့် လွမ်ဖုန်းတို့ နှစ်ဦးစလုံး ငြိမ်နေသည်ကို မြင်သော် ချန်ကွော့ မျက်မှောင်ကြုတ်သွားခဲ့ပြီး ခေါင်းတခါခါနှင့် ရှီဟွော့ ပြောသည့်အတိုင်း လုပ်ချင်စိတ်ကို ပြန်လည် ချုပ်တည်းထားလိုက်လေ၏။

ထိုအချင်းအရာကိုမြင်သော် ရှီဟွော့ မျက်နှာပျက်သွားပြီး ပြန်၍ ပြောလိုက်လေ၏ “မင်းတို့ သူအားကောင်းလာမယ့် အချိန်ထိ ထိုင်စောင့်ချင်နေကြတာလား။ သူအားကောင်းလာနဲ့ ငါတို့ နတ်သားရဲတွေအကုန်လုံး ငရဲတွင်းထဲ ရောက်သွားမှာကို မင်းတို့ မသိကြတာလား”

ဖန်းဝူနှင့် အခြားသူအားလုံး ထိုအချက်ကို နားလည်ကြပေသည်။ ကောင်းကင်အမိန့်တော် အသက်ရှင်နေစဉ် ခေတ်ကာလ၌ သူလာပြီဆိုသည့်အကြောင်း ကြားလိုက်သည်နှင့် နတ်သားရဲအားလုံး ကြောက်ကြောက်လန့်လန့်ဖြင့် ပြေးပုန်းကြရသည်။

ကောင်းကင်အမိန့်တော် ရုတ်တရက် ပျောက်ကွယ်သွားသည့် အခါမှသာလျှင် နတ်သားရဲများ ဤလောကကြီးထဲ တစ်ဖန်ပြန်လည် ထွက်ပေါ်လာကြခြင်း ဖြစ်သည်။ ရှီဟွော့ ပြောသည်မှာ မှန်ပါသော်ငြား ဖန်းဝူနှင့် လွမ်ဖုန်းတို့မှာ ကျန်းရို့ရှီအား သွား၍ ရန်မစရဲကြချေ။

ကောင်းကင်အမိန့်တော်၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည်သော အချက်နှင့် သူတို့အားလုံး ကြောက်လန့်နေကြလေပြီ။ သူတို့စိတ်ထဲ ကျန်းရို့ရှီကို ရှင်းပစ်ချင်သည့်တိုင် သူမနှင့် တိုက်ခိုက်ရဲသည့် သတ္တိတော့ သူတို့တွင် ရှိမနေခဲ့ပေ။

ဖန်းဝူသည် မျက်စိပိတ်၍ မသိချင်ယောင်သာ ဆောင်နေခဲ့သည်။

သူစဉ်းစားနေသည်မှာ ရှီဟွော့အား ကျန်းရို့ရှီ၏ ခွန်အားကို ဦးစွာ သွားစမ်းသပ်စေရန် ဖြစ်ပေသည်။ ကျန်းရို့ရှီသည် ကောင်းကင်အမိန့်တော်၏ မျိုးဆက်တစ်ဦး ဖြစ်ပါသော်ငြား ထင်ထားသလောက် အားကောင်းမနေသည့် အခါမှ သူတို့ လှုပ်ရှားလျှင်လည်း နောက်မကျသေးချေ။ ကျန်းရို့ရှီသည်သာ ကောင်းကင်အမိန့်တော်၏ စွမ်းရည်အားလုံးကို ပိုင်ဆိုင်ထားမည်ဆိုလျှင်တော့ ရှီဟွော့သည် ကျားရှေ့မှောက်လျက်လဲသည့် ယုန်သူငယ်နှယ် ဖြစ်ရလိမ့်မည်မှာတော့ ဧကန်မုချပင်။

“ကောင်းပြီလေ” ရှီဟွော့သည် ဖန်းဝူနှင့် အခြားသူများအား လှောင်ပြောင်လိုဟန်ဖြင့် ဝေ့ကြည့်လိုက်ပြီးနောက် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏ “အဲ့လိုဆိုမှတော့ ဒီကောင်းကင်အမိန်တော်ရဲ့ မျိုးဆက်ကို ငါကိုယ်တိုင်ပဲ အမြစ်ဖြတ်ပေးရတာပေါ့။ ဒီကိစ္စပြီးသွားရင် မင်းတို့ငါ့ကို ကျေးဇူးလာတင်စရာ မလိုဘူး”

ထိုသို့ ပြောပြီးသည့်နောက် ရှီဟွော့၏ ခန္ဓာကိုယ်ကြီးမှာ ထပ်မံ၍ ကြီးမားလာခဲ့ရာ မူလ အရွယ်အစား၏ နှစ်ဆခန့်မျှ ဖြစ်သွားခဲ့လေသည်။ သူ့ကိုယ်ထက်တွင် လောင်မြိုက်နေသော မီးတောက်များမှာလည်း သူ့ဒေါသအလျောက် ပို၍ ပြင်းထန်စွာ တောက်လာခဲ့သည်။ မီးတောက်များ၏ အပူချိန်ကြောင့် သူရပ်နေသည့် မြေပြင်သည်ပင်လျှင် အရည်ပျော်ကျကုန်ကြရလေသည်။

ဒုန်း... ဒုန်း... ဒုန်း...

အသွင်ပြောင်းပြီးနောက်တွင် ရှီဟွော့သည် ကျန်းရို့ရှီဆီသို့ ပြေးဝင်သွားလိုက်ရာ ခြေသုံးလှမ်းအတွင်း ကျန်းရို့ရှီ ရှေ့သို့ ရောက်သွားခဲ့လေသည်။

“ဒီနေ့ကစပြီး ကောင်းကင်အမိန့်တော်ရဲ့ မျိုးဆက်ဆိုတာ မရှိတော့ဘူး” ထိုသို့ ပြောပြီးသည့်နောက် သူ့လက်ဖြင့် ကျန်းရို့ရှီအား ထုချလိုက်လေသည်။ ရှီဟွော့သည် ကြင်နာတတ်သူတစ်ဦး မဟုတ်။ ပင်ကိုယ်ကကို ရက်စက်ကြမ်းကြုတ်သည့်သားရဲ တစ်ကောင် ဖြစ်သည်။ ထို့ကြောင့်သာ မဟုတ်ပါက လွန်ခဲ့သော နှစ်နှစ်သောင်းခန့်တွင် လိပ်နက်ဂိုဏ်းတစ်ဂိုဏ်းလုံးကို ရှင်းပစ်ခဲ့လိမ့်မည် မဟုတ်ချေ။ ထိုစဉ်က လိပ်နက်ဂိုဏ်းမှ တပည့်တစ်ဦးသည် လောကကြီးထဲ ခြေဆန့်နေစဉ် ရှီဟွော့နှင့် ပြဿနာ တက်ခဲ့သည်။ ရှီဟွော့မှာ ထိုတပည့်မည်သူမှ မသိပါသော်ငြား ထိုတပည့်သည် လိပ်နက်ဂိုဏ်းမှ လာသည့်အတွက်ကြောင့် ဒေါသထွက်ထွက်နှင့် ထိုလူငယ်လေးကိုသာမက၊ လိပ်နက်ဂိုဏ်း တစ်ဂိုဏ်းလုံးကိုပါ သတ်ဖြတ်ပစ်ခဲ့သည်။

ယနေ့ ရန်ကိုင်ကို နှိပ်စက်သွားသည့် ပုံစံကို ကြည့်လျှင်လည်း ရှီဟွော့သည် နာမည်ဆိုးဖြင့် ကျော်ကြားသော ချုန်းချီထက်ပင်လျှင် ပိုရက်စက်သည့် သားရဲမှန်း သိသာလှသည်။

ဖန်းဝူသည် ထိုမြင်ကွင်းကို မျက်လုံးပြူးလျက် စိုက်ကြည့်နေခဲ့သည်။ ကောင်းကင်အမိန့်တော်၏ မျိုးဆက် မည်မျှ အားကောင်းမလဲဆိုသည်ကို သူတကယ် သိချင်နေမိသည်။ လွမ်ဖုန်းနှင့် ချန်းကွော့မှာလည်း အသက်မရှူနိုင် ဖြစ်နေကြ၏။

တတိယတပည့်သည် အလန့်တကြား ထ အော်ရင်း သူမ၏ မျက်လုံးများကို လက်ဖြင့် ကောက်ကာလိုက်လေသည်။ တစ်ချိန်တည်းတွင် ရန်ကိုင်ကလည်း လှမ်း၍ အော်ဟစ်သတိပေးလိုက်လေ၏ “ရို့ရှီ၊ သတိထား”

ကျန်းရို့ရှီကမူ မလှုပ်မယှတ်သာ ရပ်နေလေ၏။ ရှောင်မည့်အရိပ်အယောင် မပြသလို ခုခံမည့် အရိပ်အယောင်လည်း မပြချေ။ လောကတစ်ခုလုံးကို ကွဲကြေသွားစေနိုင်သည့် လက်သီးချက်နှင့် ရင်ဆိုင်နေရသည့်တိုင် မျက်နှာသေဖြင့်သာ ရှိနေခဲ့၏။ ရှီဟွော့၏ ခန္ဓာကိုယ်ကြီးနှင့် ယှဉ်လိုက်သော် ကျန်းရို့ရှီ၏ ခန္ဓာကိုယ်လေးမှာ အလွန်ကိုမှ သေးငယ်နေခဲ့သည်။

ကျန်းရို့ရှီ မလှုပ်မယှတ် ဖြစ်နေသည်ကိုမြင်သော် ရှီဟွော့ ဝမ်းသာအားရ ဖြစ်သွားလေ၏။

“ဒူးထောက်လိုက်စမ်း” ရှီဟွော့၏ လက်သီးချက် ကျန်းရို့ရှီအား ထိခါနီးတွင်၊ ကျန်းရို့ရှီသည် လေသံတိုးတိုးဖြင့် ရေရွတ်လိုက်လေ၏။

“ဘာ” ဖန်းဝူ ကြောင်သွားလေသည်။ လွမ်ဖုန်းနှင့် ချန်းကွော့တို့မှာလည်း ကြက်သေသေနေကြလေ၏။ (ငါနားကြားမှာသွားတာလား။ သူတကယ်ကြီး ရှီဟွော့ကို ဒူးထောက်ဖို့ ပြောလိုက်တာလား။ သူကိုယ်တိုင်က ကောင်းကင်အမိန့်တော်ရဲ့ မျိုးဆက် ဆိုရင်တောင် ရှီဟွော့လိုလူကို သူဘာမှတ်နေတာလဲ)

ဝုန်း...

ထိုစဉ် သွေးတံခါးသည် တဝီဝီ မြည်လာပြီး ဆန်းကြယ်သည့် စွမ်အားတစ်ရပ် ၎င်းဆီမှ ဖြာထွက်လာခဲ့လေသည်။ ထိုစွမ်းအားကို ခံစားမိလိုက်သည်အလိုက် ဖန်းဝူ၊ လွမ်ဖုန်းနှင့် ချန်းကွော့တို့၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ကြလေ၏။ ထိုစွမ်းအားကို ပျံ့ထွက်လာသည်နှင့် တစ်ပြိုင်နက် သူ့ကိုယ်ထဲတွင် ရှိနေသော နတ်သားရဲအမြူတေများ ပြင်းပြင်ထန်ထန် တုန်ရီလာပြီး သူတို့စိတ်ထဲ၌လည်း ဘာကြောင့်မှန်းမသိ ကြောက်စိတ်တို့ အလိုလို ထွက်ပေါ်လာခဲ့ရသည်။ ကိုယ့်ခန္ဓာကိုယ် အလေးချိန်ကို မထိန်းနိုင်တော့သည့်အလား မြေပြင်ပေါ်သို့ ဒူးထောက်ကျလုမတတ်ပင် ဖြစ်သွားခဲ့ကြသည်။

ကံကောင်းစွာဖြင့် အချိန်မှီ သူတို့ကိုယ်သူတို့ ပြန်ထိန်းလိုက်နိုင်သွားခဲ့သည်။ သို့သော်ငြား ထိုစွမ်းအား၏ ပစ်မှတ်ဖြစ်သော ရှီဟွော့မှာမူ သူတို့ကဲ့သို့ ကံမကောင်းခဲ့ပေ။ ရှီဟွော့၏ ဧရာမလက်သီးသည် ကျန်းရို့ရှီနှင့် လက်ဝါးစာ အကွာ၌ ရပ်တန့်သွားခဲ့သည်။ သူ့လက်တွင် လောင်မြိုက်နေသော မီးတောက်များသည် ကျန်းရို့ရှီ၏ ဆံပင်အား ထိခါနီးပင်။ သို့သော်ငြား သူမည်သို့ပင် ကြိုးစားနေစေကာမူ သူ့လက်သီးအား တစ်ချက်ကလေးပင် ရွေ့အောင် မလုပ်နိုင်တော့ချေ။

ရှီဟွော့၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး ကျန်းရို့ရှီအား အထိတ်တလန့်ဖြင့် ကြည့်ရင်း မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားခဲ့လေ၏။

“ဟူး...” ဖန်းဝူနှင့် အခြားသူအားလုံး သက်ပြင်းရှိုက်မိသွားကြသည်။

ရှီဟွော့အား ဖိနှိပ်လိုက်သည့် စွမ်းအားသည် ကျန်းရို့ရှီဆီမှလာခြင်း မဟုတ်ဘဲ သွေးတံခါးဆီမှ လာခြင်းသာဖြစ်ကာ ကျန်းရို့ရှီသည် ထိုစွမ်းအားကို ထိန်းချုပ်၍ အသုံးပြုနေခြင်းသာရှိသည်။

ကျန်းရို့ရှီသည် ထိုစွမ်းအား အကူအညီဖြင့် ရှီဟွော့ ကဲ့သို့သော နတ်သားရဲ တစ်ကောင်အား မြေပြင်ပေါ်တွင် ဒူးထောက်ကျသွားအောင် အလွယ်လေး လုပ်နိုင်ခဲ့သည်။ ရှီဟွော့ကိုပင်လျှင် ထိုကဲ့သို့ဖြစ်သွားအောင် လုပ်နိုင်လေရာ ကျန်းနတ်သားရဲ သုံးကောင်ကိုလည်း ကျန်းရို့ရှီ အလွယ်လေး ဖိနှိပ်နိုင်လောက်၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၆၀၀) အမြူတေကိုသိမ်းယူခြင်း

ဘာသာပြန်သူ_တိမ်တိုက်

ထိုအခိုက်အတန့်၌ ဖန်းဝူနှင့်တကွ၊ အခြားသော နတ်အရှင်အားလုံး သွေးပျက်တုန်လှုပ်သွားကုန်ကြလေသည်။ ချန်းကွော့မှာလည်း ရှီဟွော့၏ ကမ်းလှမ်းချက်ကို သဘောမတူမိလိုက်သည့်အပေါ် ဝမ်းမြောက်နေခဲ့သည်။ သဘောသာ တူလိုက်ပါက သူသည်လည်း ရှီဟွော့နည်းတူ ကျန်းရို့ရှီရှေ့ ဒူးထောက်ကျကာ အရှက်ဗြန်းဗြန်း ကွဲရပေလိမ့်မည်။

“ဆရာရှီဟွော့ တကယ်ကြီး ဒူးထောက်လိုက်တာလား...” မွန်းစတားဘုရင်များ မျက်လုံးပြူးနေကုန်ကြသည်။ သူတို့၏ ဖိနှိပ်ထားခြင်းခံရသည့် ကျောက်ဘီလူးများမှာတော့ ထိုမြင်ကွင်းကိုမြင်ပြီးနောက် ဝမ်းသာအားရ ဖြစ်ကုန်ကြလေသည်။

ကျောက်တုံးကိုယ်ပွားက ပြုံးဖြီးလျက် ပြောလိုက်လေ၏ “မင်းတို့ ငါတို့ကို လွှတ်ပေးလိုက်ရင် ကောင်းလိမ့်မယ်နော်။ မဟုတ်ရင် မင်းတို့အကုန်လုံး ဒုက္ခလှလှနဲ့ တွေ့သွားရလိမ့်မယ်”

ထိုစကားကိုကြားသော် မွန်းစတားဘုရင်များနှင့် ဘုရင်ချုပ်ရှစ်ပါးသည် အကြည့်ချင်း ဖလှယ်လျက် ကျောက်တုံးဝိဥာဉ်များကို လွှတ်ပေးလိုက်ကြလေ၏။

ရှီဟွော့ကဲ့သို့သော အားကောင်းလှသည့်လူသည်ပင်လျှင် ကျန်းရို့ရှီရှေ့၌ ဒူးထောက်ခဲ့ရလေရာ သူတို့ကဲ့သို့သော မွန်းစတားဘုရင်များသာ ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။

ချုပ်နှောင်ထားမခံရတော့သည့်နောက်တွင် ကျောက်တုံးဝိဥာဉ်ကလန်နှင့် ကျောက်တုံးကိုယ်ပွားသည် လက်ဆစ်များကိုချိုးလျက် ထရပ်ကာ ဆယ်မိုင်ခန့်အကွာ၌ ရှိနေသော အဖြစ်အပျက်ကို လှမ်း၍ ကြည့်လိုက်လေသည်။

ရှီဟွော့သည် လက်ရှိအဖြစ်အပျက်ကို မယုံကြည်နိုင်သည့် မျက်နှာထားနှင့် ဒူးထောက်နေခဲ့သည်။ သူ့မျက်လုံးထဲရှိ အနက်ရောင်မီးတောက်များဆိုလျှင် ငြိမ်းခါနီးပင် ဖြစ်နေသည်။

သူသည် ရှေးဟောင်းကုန်းမြေ၏ နတ်အရှင်လေးပါးအနက် တစ်ပါးအပါအဝင် ဖြစ်ကာ နတ်သားရဲတစ်ကောင်လည်း ဖြစ်သော်ငြား ယနေ့တွင်မူ နို့နှံ့ပင် မစင်သေးသည့် မိန်းမငယ်လေးတစ်ဦး‌ အမိန့်ပေးသည့်အတိုင်း ဒူးထောက်ခဲ့ရသည်။ ဤသည်မှာ သူသည်းမခံနိုင်သည့် အရှက်ကွဲမှုမျိုး ဖြစ်ပေသည်။

ချက်ချင်း ပြန်ထရပ်ရန် သွေးရူးသွေးတန်း အော်ဟစ်၍ ကြိုးစားရုန်းကန်လိုက်၏။ သို့ရာတွင် အနီရောင်အလင်းလွှာတစ်လွှာ ပေါ်လာပြီး သူ့ခန္ဓာကိုယ် တစ်ခုလုံးအား လွှမ်းခြုံကာ သူ့အား ထမရပ်နိုင်အောင် ဖိနှိပ်ထားလိုက်လေသည်။

ရွှစ်...

ကျန်းရို့ရှီသည် ရှီဟွော့၏ ရင်ဘတ်ကို ကောင်းကင်အပြစ်ပေးဓါးဖြင့် ချိန်ရွှယ်လိုက်သည်။ သူမ လှုပ်ရှားလိုက်သည်နှင့် သူမ၏ နောက်ဘက်၌ ရှိနေသော ပုံရိပ်ယောင်ကြီးသည်လည်း လိုက်ပါ လှုပ်ရှားလိုက်ရာ ကောင်းကင်တစ်ခုလုံးဟာလည်း တိမ်တိုက်တိမ်တိုက်များဖြင့် ပြည့်နှက်လာခဲ့ရလေသည်။

ပုံရိပ်ယောင်ကြီးသည် ဓါးအိမ်မှဓါးကိုချွတ်၍ ရှီဟွော့တည့်တည့်သို့ ချိန်ရွယ်လိုက်၏။

“လောကစွမ်းအား” ကောင်းကင်ထက်ရှိ ဖြစ်ရပ်ကိုကြည့်ရင်း ဖန်းဝူ၏ရင်ထဲ ခါးသက်သက် ခံစားလိုက်ရသည်။ ကျန်းရို့ရှီမှ ကောင်းကင်အမိန့်တော်၏ စွမ်းအား မည်မျှကို ဆက်ခံရရှိထားသလဲ၊ သူမ မည်မျှ အားကောင်းသလဲ ဆိုသည်ကို သိချင်ခဲ့ပါသော်ငြား ယခု ကောင်းကင်ထက်ရှိ ဖြစ်ရပ်ကို မြင်ပြီးနောက် သူ့ခေါင်းထဲရှိ အတွေးအားလုံး ပျောက်ကွယ်သွားခဲ့ရပြီး ကျန်းရို့ရှီလက်မှ မည်ကဲ့သို့ အသက်ရှင်အောင် နေရမလဲဆိုသည်ကို တွေးရင်းဖြင့်သာ စိတ်ပူရတော့လေသည်။

ဓါးအိမ် ကျွတ်သွားသည့်အချိန် လောကစွမ်းအား လှုပ်ခတ်သွားသည်ကို ကြည့်ရုံဖြင့်ပင် ကျန်းရို့ရှီ၏ ကောင်းကင်အမိန့်တော် သွေးမျိုးဆက်မှာ အပြည့်အဝ နိုးထသွားပြီးမှန်း သိနိုင်ပေသည်။ အချိန်အလုံအလောက်သာ ရပါက ကျန်းရို့ရှီသည် ကောင်းကင်အမိန့်တော် အသစ်တစ်ပါး ဖြစ်လာကာ နတ်သားရဲများ၏ အဆိုးရွားဆုံး အိမ်မက်ဆိုး ဖြစ်လာပေလိမ့်မည်။

“နင်… နင်ဘာလုပ်ချင်နေတာလဲ” ရှီဟွော့၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ သူတို့ကြားရှိ ခွန်အားကွာခြားချက်ကို သတိပြုမိလိုက်သော် ရှီဟွော့ တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ချေ။ ကြောက်ကြောက်လန့်လန့်ဖြင့် သွေးရူးသွေးတန်း ထအော်တော့လေ၏ “ငါက နတ်သားရဲရှီဟွော့ပဲ၊ နင်ငါ့ကို သတ်ရဲလား”

“နတ်သားရဲရှီဟွော့၊ ရှင်အားကောင်းတာမှန်တယ်။ ဒါပေမယ့် ရှင်က ရက်စက်ပြီး သက်ရှိတွေရဲ့ အသက်ကို သတ်ဖြတ်ချင်တိုင်း သတ်ဖြတ်နေတဲ့အတွက် ဒီနေ့ ကောင်းကင်အမိန့်တော်ရဲ့ မျိုးဆက်တစ်ယောက်အနေနဲ့ ကောင်းကင်ကိုယ်စား ကျွန်မက ရှင့်ရဲ့ သားရဲအမြူတေကိုယူပြီး ရှင့်ရဲ့ နတ်စွမ်းအားတွေ အကုန်လုံးကို ပြန်ရုတ်သိမ်းပစ်မယ်။ ဒီလောကကြီးမှာ ဆိုးချင်တိုင်းဆိုးနေတဲ့ နတ်သားရဲတွေအတွက် ရှင်က ပထမဆုံး နမူနာ ဖြစ်လာရမယ်” ကျန်းရို့ရှီသည် ခံစားချက်မဲ့သည့် မျက်နှာဖြင့် ပြောလိုက်သည်။

“ဘာ” ရှီဟွော့၏ မျက်လုံးများ ပြူးကျယ်သွားခဲ့လေသည် “ငါ့နတ်သားရဲ အမြူတေကို ယူဖို့၊ ဟုတ်လား”

ကျန်းရို့ရှီကမူ ရှီဟွော့၏အမေးကို ပြန်ဖြေမနေခဲ့ဘဲ ကောင်းကင်အပြစ်ပေးဓါးကိုသာ ရှေ့သို့ ထိုးသွင်းလိုက်၏။ ကျန်းရို့ရှီ လှုပ်ရှားလိုက်သည်နှင့် သူမနောက်တွင် ရှိနေသော ပုံရိပ်ယောင်ကြီးသည်လည်း သူမ၏ ပုံရိပ်ယောင်ဓါးကြီးကို ရှီဟွော့ကိုယ်ထဲသို့ ထိုးသွင်းလိုက်လေသည်။

ရှီဟွော့၏ ခန္ဓာကိုယ်မှာ အလွန်ကိုမှ မာကျောပေသည်။ ထို့ကြောင့် အခြားသော နတ်သားရဲများ ဖြစ်ကြသည့် ဖန်းဝူနှင့် လွမ်ဖုန်းတို့သည်ပင်လျှင် သူ့အား အလွယ်တကူ ထိခိုက်သွားအောင် မလုပ်နိုင်ကြပေ။ ရှင်းရှင်းပြောရလျှင် ရှီဟွော့၏ ခန္ဓာကိုယ်သည် ကျောက်တုံးဝိဥာဉ်ကလန်သားများ၏ ခန္ဓာကိုယ်ထက်ပင် ပို၍ မာကျောသည်။

ထိုသို့ပင် ဖြစ်လင့်ကစား ရှီဟွော့၏ ခန္ဓာကိုယ်ကြီးသည် ကောင်းကင်အပြစ်ပေးဓါးနှင့် အတွေ့တွင် တိုဖူးတုံးတစ်တုံးနှယ် ပျောဖတ်နေခဲ့၏။ ကျန်းရို့ရှီသည် အားများများ မစိုက်ခဲ့သော်ငြား ဓါးမှာတော့ ရှီဟွော့ ခန္ဓာကိုယ်ထဲ အလွယ်တကူ စိုက်ဝင်သွားခဲ့လေသည်။

“မဟုတ်ဘူး” ရှီဟွော့သည် မျက်လုံးအပြူးသားဖြင့် သူ့ရင်ဘတ်ကို စိုက်ကြည့်ရင်း ထအော်လေသည် “မရဘူး၊ နင်ငါ့အမြူတေကို ယူလို့ရမဘူး။ ငါက နတ်သားရဲရှီဟွော့ပဲ။ နင့်လုပ်ရပ်ကို ငါလက်မခံနိုင်ဘူး”

ကောင်းကင်အပြစ်ပေးဓါး ရှီဟွော့၏ ခန္ဓာကိုယ်ထဲသို့ အသာအယာ ဖောက်ဝင်သွားသည်ကို မြင်သည့်အခါ ဖန်းဝူနှင့် အခြားသူအားလုံး၏ မျက်နှာ စက္ကူဖြူ တစ်ရွက်နှယ် ဖြူလျော်သွားကြလေသည်။ လွမ်ဖုန်းမှာလည်း တုန်တုန်ရီရီ ဖြစ်သွားကာ သူမကျောပြင်တစ်ခုလုံး ချွေးများဖြင့် စိုရွှဲသွားခဲ့လေ၏။

“မလုပ်ပါနဲ့ သခင်မ၊ ကျေးဇူးပြုပြီး မလုပ်ပါနဲ့ သခင်မ၊ ကျုပ်အမှားကျုပ် သိပါပြီ။ ကျေးဇူးပြုပြီး ကျုပ်အမှားတွေကို တစ်ကြိမ်လောက် ပြန်ပြင်ဆင်ခွင့်ပေးပါနော်။ ကျုပ်တကယ်ကို တောင်းပန်ပါတယ်” အမြူတေစွမ်းအား သူ့ခန္ဓာကိုယ်ထဲမှ စိမ့်ထွက်နေသည်ကို မြင်သော် ရှီဟွော့ အသည်းအသန် တောင်းပန်လေ၏။ ရှီဟွော့ကဲ့သို့ အလွန်ကိုမှ မာနကြီးသည့်နတ်သားရဲတစ်ကောင် ဒူးထောက် တောင်းပန်နေရသည်ကို ကြည့်ရင်း ဖန်းဝူတို့ မျက်နှာပျက်သွားကုန်ကြလေသည်။

သို့ပင်ဖြစ်လင့်ကစား ကျန်းရို့ရှီကမူ သူမ အလုပ်ကိုသာ ဆက်လုပ်နေကာ ကောင်းကင်အပြစ်ပေးဓါးအား ရှီဟွော့၏ ခန္ဓာကိုယ်ထဲသို့ တစ်ဆုံး ထိုးချလိုက်သည်။

“အခုမှ နောင်တရနေလို့လည်း အပိုပဲ။ အစကတည်းက မလုပ်သင့်ခဲ့တာကို ရှင်မလုပ်ခဲ့သင့်တာ” ကျန်းရို့ရှီ၏ မျက်လုံးထဲ ရက်စက်ကြမ်းကြုတ်သည့် အရိပ်ယောင်တို့ ဖြတ်ပြေးသွားပြီး ဓါးရိုးကို တင်းတင်း ဆွဲကိုင်လိုက်သည်။

ဘုန်း...

ပေါက်ကွဲသံကြီးနှင့်အတူ ရှီဟွော့၏ ရင်ဘတ် ပေါက်ကွဲထွက်သွားခဲ့လေသည်။

ကျန်းရို့ရှီမှ သူမ၏ဓါးကို ပြန်ဆွဲယူလိုက်ချိန် နှလုံးနှင့် ဆင်တူသည့် အရာ တစ်ခု ပါလာခဲ့သည်။ ထိုနှလုံးသည် အပြင်သို့ရောက်သည်အထိ တဒုတ်ဒုတ် ခုန်နေသေး၏။

“ရှီဟွော့ရဲ့ အမြူတေပဲ” ဖန်းဝူမျက်နှာ ဖြူလျော်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ယိမ်းထိုးသွားလေ၏။ မြင်လိုက်သည်နှင့် ကျန်းရို့ရှီ လက်ထဲတွင် ရှိနေသည့် အရာသည် ရှီဟွော့၏ အမြူတေမှန်း သူသိသည်။ ထိုအမြူတေ မရှိတော့သည့်နောက် ရှီဟွော့သည် နတ်သားရဲအဆင့်မှ လျှော့ကျကာ သာမန်မွန်းစတားသားရဲ တစ်ကောင်သာ ဖြစ်သွားပေတော့မည်။

သူတို့ ဘိုးဘေးများ၏ မှတ်ဥာဏ်များမှတစ်ဆင့် ကောင်းကင်အမိန့်တော်သည် နတ်သားရဲများ၏ အမြူတေကို ထုတ်ယူနိုင်မှန်း သိထားကြပေသည်။ သို့ရာတွင် မှတ်ဥာဏ်များမှတစ်ဆင့် သိရခြင်းနှင့် လက်တွေ့မြင်ရခြင်းသည် လုံးဝ ကွဲပြားသည့် ကိစ္စနှစ်ခု ဖြစ်ပေသည်။

ရှီဟွော့၏ ဘဝမှာ ဆုံးခန်းတိုင်သွားခဲ့လေပြီ။ အမြူတေ မရှိတော့သည့်နောက်ပိုင်း အသက်ရှင်နိုင်ခဲ့မည် ဆိုလျှင်ပင် သူ့ဘဝသည် ကျင့်ကြံခြင်း ပျက်စီးသွားသည့် လူတစ်ဦးနှယ် ဖြစ်နေပေလိမ့်မည်။

အမြူတေကို ထုတ်ယူပြီးသည့်နောက်တွင် ကျန်းရို့ရှီသည် သူမ၏ဓါးကို လွှဲရမ်း၍ ခုတ်ချလိုက်ရာ ရှီဟွော့၏ ဧရာမကျောက်ခန္ဓာကိုယ်ကြီး တစ်ခုလုံး တစ်စစီ ပျက်စီးသွားပြီး ကျောက်စကျောက်နများအဖြစ်သို့ ပြောင်းလဲသွားခဲ့လေ၏။ ယနေ့မှစ၍ ရှီဟွော့ ဆိုသည်မှာ မရှိတော့ချေပြီ။

ရှီဟွော့ပင်လျှင် ဘာမှပြန်မလုပ်နိုင်ဘဲ သေသွားခဲ့ရလေရာ ကျန်းရို့ရှီသာ ဆန္ဒရှိပါက ကျန်သည့် နတ်သားရဲသုံးကောင်စလုံးလည်း လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။ သွေးတံခါးဆီမှ ဖြာထွက်လာသည့် တားမြစ်စွမ်းအားသည် အလွန်ကိုမှ ပြင်းထန်လွန်းလှသဖြင့် နတ်သားရဲများအလုံး မည်သို့မှ မခုခံနိုင်ကြချေ။

ကံကောင်းစွာဖြင့် ကျန်းရို့ရှီသည် နတ်သားရဲသုံးပါးအား တစ်ချက်သာ ကြည့်လိုက်ပြီး ဓါးအား ဓါးအိမ်ထဲသို့ ပြန်ထည့်သိမ်းလိုက်လေ၏။ တစ်ချိန်တည်းတွင် သူမနောက်၌ ရှိနေသော ပုံရိပ်ယောင်ကြီးသည်လည်း ပြန်လည် ပျောက်ကွယ်သွားခဲ့လေသည်။

ကျန်းရို့ရှီ သူတို့အား မသတ်ချင်သေးမှန်း သိလိုက်သည့်အခါမှပဲ ဖန်းဝူနှင့် အခြားသူများ သက်ပြင်းအမောကြီး ချနိုင်ကြတော့သည်။

ထို့နောက်တွင် ကျန်းရို့ရှီသည် ရန်ကိုင်ဘက်သို့ လှည့်ကြည့်လိုက်၏။ ရန်ကိုင် တစ်ကိုယ်လုံးမှာ လူရုပ်ပင် မပေါ်တော့ချေ။ သူ့အဝတ်အစားများမှာ စုတ်ပြဲနေပြီး ခန္ဓာကိုယ်မှာလည်း သွေးသံတရဲရဲ ဖြစ်နေခဲ့ကာ မျက်နှာတစ်ခုလုံးမှာလည်း ဖူးရောင်ကိုင်းနေခဲ့ရာ မျက်လုံးများကိုပင် ကျယ်ကျယ် မဖွင့်နိုင် ဖြစ်နေခဲ့သည်။ ရွှေရောင်သွေးများသည် သူ့ခေါင်းမှ စီးကျနေခဲ့၍ သူ့ခြေထောက်အရိုးများမှာ ကျိုးကြေနေခဲ့သည်။ ထမရပ်နိုင်သည့်အတွက်ကြောင့် ရန်ကိုင်သည် မြေပြင်ပေါ်တွင် မလှုပ်မယှတ် ထိုင်နေရုံသာ တတ်နိုင်ခဲ့၏။

ကျန်းရို့ရှီနှင့် အကြည့်ချင်း ဆုံသွားသည့်အခိုက် ရန်ကိုင် ခါးသက်စွာ ပြုံးလိုက်လေ၏။ ကျန်းရို့ရှီ ပြောင်းလဲသွားခြင်းသည် အဆိုးလေလော၊ အကောင်းလေလော သူမပြောတတ်။ သူကမူ ကြင်နာသိမ်မွေ့သည့် ကျန်းရို့ရှီကို ပိုနှစ်သက်ပေသည်။ လက်ရှိ ကောင်းကင်အမိန့်တော်၏ မျိုးဆက်ပုံစံသည် ခံစားချက်ကင်းမဲ့သလို ဖြစ်နေလျက် ရန်ကိုင်အတွက်လည်း သူစိမ်းတစ်ဦးနှယ် ဖြစ်နေခဲ့သည်။

တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက်တွင် ကျန်းရို့ရှီမှ သူမ၏လက်ကို ဆန့်ထုတ်လိုက်လေရာ သွေးတံခါးထဲမှ အလင်းတန်းတစ်ခု ပျံသန်းထွက်လာလေ၏။ အလင်းတန်းတစ်ခု ထွက်လာသည်ကိုမြင်သော် ဖန်းဝူနှင့် ကျန်နတ်အရှင်နှစ်ပါး၏ မျက်နှာ သွေးဆုတ်ဖြူလျော်သွားကြလေသည်။

ယခင်တစ်ကြိမ် ကျန်းရို့ရှီ ထိုကဲ့သို့ လုပ်လိုက်စဉ်က ကောင်းကင်အပြစ်ပေးဓါး ထွက်လာခဲ့သည်။ ယခုတစ်ကြိမ်တွင်ကော မည်သို့သော ပစ္စည်းမျိုး ထွက်လာဦးမည်နည်း။

ကံကောင်းထောက်မစွာဖြင့် ယခုတစ်ကြိမ်တွင် မည်သည့် လက်နက်မှ ဖြစ်မနေခဲ့ဘဲ မွှေးရနံ့သင်းပျံ့လှသည့် အသီးတစ်လုံးသာ ဖြစ်နေခဲ့သည်။

ထို့နောက်တွင် ကျန်းရို့ရှီသည် ရန်ကိုင်ဆီသို့ လျှောက်လာပြီး သူ့ရှေ့တွင် ဆောင့်ကြောင့်ထိုင်လျက် အသီးကို ပေးလိုက်လေ၏။

ရန်ကိုင်သည် အသီးကို မယူသေးဘဲ ကျန်းရို့ရှီကိုသာ ကြည့်လျက် မေးလိုက်လေသည် “နင်က ရို့ရှီလား”

ကျန်းရို့ရှီက အသာအယာ ခေါင်းညိတ်လျက် ပြန်ပြောလိုက်လေ၏ “ကျွန်မပါပဲ ဆရာ။ အသီးကို အရင်စားလိုက်နော်။ အဲ့ဒါဆို ဆရာ့ဒဏ်ရာတွေ မြန်မြန် ပြန်ကောင်းသွားလိမ့်မယ်”

“နင်...” ရန်ကိုင် အံ့အားသင့်သွားလေ၏။

“ဆရာ၊ ကျွန်မက ရို့ရှီပါပဲ။ အဲ့အချက်က ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး” ရန်ကိုင်နှင့် စကားပြောနေစဉ် အတောအတွင်း သူမ မျက်လုံးထဲရှိ အေးစက်မှုတို့မှာ အရည်ပျော်ပျောက်ကွယ်သွားခဲ့ပြီး နွေးထွေးသိမ်မွေ့မှုတို့က ပြန်လည် အစားထိုး ဝင်ရောက်လာခဲ့လေသည်။

“ဟားဟားဟား” ထိုအခါမှသာ ရန်ကိုင် စိတ်အေးသွားနိုင်ခဲ့ပြီး နှစ်ထောင်းအားရစွာ ရယ်မောလိုက်လေ၏။ ထို့နောက် ကျန်းရို့ရှီပေးသည့် အသီးကိုယူကာ စစ်ဆေးကြည့်လိုက်ပြီးနောက် အထိတ်တလန့်ဖြင့် ပြန်ပြောလိုက်လေ၏ “နှစ်တစ်သောင်း ဖီးနစ်သွေးအသီးလား”

ကျန်းရို့ရှီ သွေးတံခါးထဲမှ လှမ်းယူလိုက်သည့် အသီးသည် နှစ်တစ်သောင်း ဖီးနစ်သွေး အသီး ဖြစ်နေခဲ့သည်။ ဤအသီး စိုက်ပျိုးရန်အတွက် နတ်သားရဲဖြစ်သော ဖီးနစ်တစ်ကောင်၏ သွေးစက်ကို လိုအပ်သည့် အတွက်ကြောင့် ဤအသီးသည် ဤလောကကြီးထဲရှိ အရှားပါးဆုံးသော အသီးများအနက် တစ်လုံး အပါအဝင် ဖြစ်သည်ဟု ပြော၍ရပေသည်။ ဖီးနစ်ကလန်မှာ အလွန်တရာကိုမှ အားကောင်းလေရာ သူတို့အားသတ်၍ သွေးကို ယူရန်မဆိုထားနှင့်၊ သူတို့နှင့် ပြဿနာဖြစ်ဖို့ရာသည်ပင်လျှင် မည်သူမှ မလုပ်ချင်သော အရာတစ်ခု ဖြစ်သည်။

ဖီးနစ်တစ်ကောင်၏ သွေးအဆီအနှစ်ကိုသုံးလျက် ဖီးနစ်သွေးအသီးပင်ကို စိုက်ပျိုးပြီးပါက နှစ်တစ်သောင်းခန့် ကြာပြီးသည့်နောက် အပွင့်ပွင့်လာပေလိမ့်မည်။ နောက်ထပ် နှစ်တစ်သောင်းခန့် ကြာသည့်အခါမှသာ အသီးသီးနိုင်လေ၏။ ရှားပါးမှုတွင် ဤဖီးနစ်အသီးသည် ရန်ကိုင် ကြုံခဲ့ရသည့် အဆုံးမဲ့ရတနာကြာပန်းထက်ပင် ပို၍ ရှားပါးသေးသည်။

သို့သော်ငြား ထိုကဲ့သို့သော အသီးတစ်လုံးကို ကျန်းရို့ရှီသည် သွေးတံခါးထဲမှယူ၍ ထုတ်ပေးလာခဲ့သည်။ ကြည့်ရသလောက် သွေးတံခါးထဲတွင် ကောင်းကင်အမိန့်တော်မှ ဖီးနစ်များကို သတ်ဖြတ်ပြီးနောက် ယင်းတို့၏ သွေးဖြင့် စိုက်ပျိုးထားသည့် ဖီးနစ်သွေးအသီးပင် ရှိနေသည့်ပုံပင်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၆၀၁) နတ်သားရဲအသစ်

ဘာသာပြန်သူ_တိမ်တိုက်

ဖီးနစ်သွေးအသီးသည် ကုသသည့်နေရာမှလွဲ၍ အခြား မည်သည့်နေရာတွင်မှ အသုံးမဝင်ပေ။ သို့သော်ငြား ၎င်း၏ ကုသနိုင်စွမ်းမှာ အံ့မခန်းပင်။ လူတစ်ဦးသည် နောက်ဆုံးထွက်သက်အား မရှူရှိုက်ရသေးသရွေ့ ဖီးနစ်သွေးအသီးကိုသာ စားသုံးလိုက်မည်ဆိုပါက သေမင်းခံတွင်းမှ ပြန်လည်လွတ်မြောက်လာနိုင်ပေလိမ့်မည်။ တစ်နည်းဆိုရသော် ဖီးနစ်သွေးအသီးသည် အင်မော်တယ်ရေစင်နှင့် အတော်ကိုမှ ဆင်တူပေသည်။

ဖန်းဝူနှင့် အခြားသော နတ်အရှင်များမှာ ထိုဖီးနစ်သွေးအသီးအား မျက်လုံးအပြူးသားဖြင့် ကြည့်နေကြလေသည်။ သူတို့သည် နတ်အရှင်များ ဖြစ်ကြပါသော်ငြား သူတို့ဘဝတွင် ဖီးနစ်သွေးအသီးကဲ့သို့ အလွန်တရာကိုမှ အဖိုးတန်လှသည့် အသီးမျိုး တစ်ကြိမ်တစ်ခါမှပင် မမြင်ဖူးပေ။

သို့ရာတွင် မကြာမီ၌ နတ်အရှင်သုံးပါးစလုံး မျက်နှာပျက်သွားကြသည်။ လွမ်ဖုန်း၏ မျက်နှာလှလှလေးမှာမူ နောင်တတရား၊ စိုးရိမ်မှုတို့ဖြင့် ပြည့်နေတော့သည်။

လက်ရှိအခြေအနေကို ကြည့်ရသလောက် ကောင်းကင်အမိန့်တော်၏မျိုးဆက်သည် သူမ၏ သွေးမျိုးဆက်အား အပြည့်အဝ နိုးထသွားခဲ့ပါသော်ငြား သူမ၏ပင်ကိုယ်စရိုက်မှာတော့ ပြောင်းလဲသွားခြင်းမရှိ။ ထို့ကြောင့်သာမဟုတ်ပါက ရန်ကိုင်၏ဒဏ်ရာများကို ကုသပေးရန်အတွက် သွေးတံခါးထဲမှ ဖီးနစ်သွေးအသီးအား ထုတ်ယူခဲ့လိမ့်မည် မဟုတ်ချေ။

အစောပိုင်းက ရန်ကိုင်အား ရှီဟွော့မှ ထိုင်နှိပ်စက်နေစဉ် သူတို့သုံးဦးမှာ လက်ပိုက်၍ ရပ်ကြည့်နေခဲ့လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင် ဤမျှ ခံစားခဲ့ရခြင်း ဖြစ်ပေသည်။ ရန်ကိုင်အား မကူညီဘဲ ရပ်ကြည့်နေခဲ့သည့်အတွက် ကောင်းကင်အမိန့်တော်၏ မျိုးဆက်သည် သူတို့အား ပြဿနာလာရှာလေမလား ဆိုသည်ကို တွေးရင်း နတ်အရှင်သုံးပါးစလုံးမှာ စိတ်ပူနေကြရတော့သည်။

လွမ်ဖုန်းမှ အထူးတလည် စိတ်ပူနေရခြင်းမှာ ကျန်းရို့ရှီသည် သူမပါး သူမရိုက်၍ ရန်ကိုင်အား ကယ်ဆယ်ပေးရန် တောင်းဆိုခဲ့သည့်တိုင် သူမကမူ တုတ်တုတ်မျှမလှုပ်ခဲ့သည့် အတွက်ကြောင့်ပင်။ ကျန်းရို့ရှီ သူမပါး သူမဘာသာ ရိုက်နေသည်ကိုလည်း သွားမတားခဲ့။ ထို့အတွက်ကြောင့် ကျန်းရို့ရှီ၏ မျက်နှာနှစ်ခြမ်းစလုံး ဖူးယောင်သွားခဲ့သည်။ လက်ရှိအချိန်ထိ ကျန်းရို့ရှီ၏ ပါးစပ်ထောင့်စွန်းမှ စီးကျနေသော သွေးများသည်ပင်လျှင် မခြောက်သေးပေ။

ယခုကဲ့သို့ဖြစ်မည်မှန်းသာ ကြိုသိခဲ့မည်ဆိုလျှင်တော့ လွမ်ဖုန်းသည် ရန်ကိုင်အား ကယ်ဆယ်ပေးခဲ့လိုက်ပေသည်။ ထိုသို့သာဆိုလျှင် ဤကောင်မလေးသည် သူမအပေါ် အကြွေးတင်သွားလိမ့်မည်ဖြစ်၏။ သို့သော်ငြား ရှီဟွော့အား ရန်မစလိုသည့်အတွက်ကြောင့် ရန်ကိုင်အား သွားမကူညီခဲ့ပေ။ ယခုမူ သူမစိတ်ထဲ တွေးပူနေရုံသာ တတ်နိုင်တော့သည်။

ရှီဟွော့မှာ သေသွားခဲ့ပြီဖြစ်သလို သူ့အမြုတေစွမ်းအားမှာလည်း ထုတ်ယူခံလိုက်ရလေပြီ။ လွမ်ဖုန်း စိတ်ပူနေခဲ့ရသည့် အရာအားလုံးမှာ အမှန်တကယ် ရယ်စရာများသာ ဖြစ်နေတော့လေသည်။ သူမကိုယ်တိုင်သည်လည်း မှားယွင်းသည့်ရွေးချယ်မှုကို လုပ်ဆောင်ခဲ့သည့် အတွက်ကြောင့် ဘေးကျပ်နံကျပ် ဖြစ်နေရတော့သည်။ ပထမဦးဆုံးအကြိမ်အဖြစ် သူမဘဝတွင် နောင်တရဖူးခြင်း ဖြစ်လေသည်။ သူမကိုသာ ဒုတိယအကြိမ် အခွင့်အရေးတစ်ခု ထပ်ပေးလာမည်ဆိုပါက ကျိန်းသေ ရှီဟွော့အား ဆန့်ကျင်၍ ရန်ကိုင်အား ကယ်ဆယ်ခဲ့ပေမည်။

“ဆရာ… ဒီအသီးကိုစားပြီး ဒဏ်ရာတွေကို အရင်ကုသလိုက်လေ…” ရန်ကိုင်သည် အသီးကိုသာ ထိုင်ကြည့်နေသည်ကိုမြင်သော် ကျန်းရို့ရှီမှာ အစောတလျှင် တိုက်တွန်းလိုက်လေ၏။ ရန်ကိုင်နှင့်သူမ အတူရှိနေစဉ်အတောအတွင်း ရန်ကိုင် တစ်ခါမှ ဤမျှ ဆိုးဆိုးရွားရွား ဒဏ်ရာမရခဲ့ဖူးပေ။ ယခုအကြိမ်သည် ပထမဦးဆုံးအကြိမ် ဖြစ်ပေသည်။ သူမစိတ်ထဲ ရန်ကိုင်ခံစားခဲ့ရသည့်အပေါ် ဝမ်းနည်းမိပါသော်ငြား နာကျည်းမှုတို့ဖြင့် ပြည့်နေခဲ့လေသည်။ အထူးသဖြင့် လက်သည်တရားခံဖြစ်သော ရှီဟွော့ပင်။ ရှီဟွော့သာလျှင်မဟုတ် ရန်ကိုင်ဒုက္ခရောက်နေသည်ကို မကူညီဘဲ ရပ်ကြည့်နေသည့် နတ်အရှင်သုံးပါးကိုလည်း သူမ မကျေနပ်ချေ။

ရန်ကိုင်လည်း ခေါင်းညိတ်လိုက်ပြီး ဖီးနစ်သွေးအသီးအား ကိုက်စားလိုက်တော့လေသည်။ ဖီးနစ်သွေးအသီးမှာ ရှားပါးပြီး အဖိုးတန်ပါသော်ငြား ကျန်းရို့ရှီ၏ စေတနာကို မငြင်းပယ်ချင်ပေ။ အသီးအား စားလိုက်ပြီးသည့်နောက် ချိုမြမြ အရသာသည် သူ့ပါးစပ်တစ်ခုလုံးအနှံ့ ပြန့်နှံ့သွားခဲ့သည်။ ထို့နောက် နွေးထွေးသည့် စီးကြောင်းတစ်ခုသည် ဝမ်းဗိုက်ထဲသို့ စီးဝင်လာပြီးသည့်နောက် ခန္ဓာကိုယ်အနှံ့ ပြန့်နှံ့သွားခဲ့လေ၏။ ထိုနွေးထွေးသည့်စီးကြောင်းနှင့်အတူ သူရထားသည့် ဒဏ်ရာများအားလုံး လျင်မြန်စွာ ပြန်လည်ပျောက်ကင်းလာတော့လေသည်။

ကုသရာတွင် တစ်ဖက်ကမ်းခတ် ကောင်းမွန်လွန်းလှသည့် အသီးဆိုသည့်အတိုင်း ဖီးနစ်သွေးအသီးကို စားသုံးလိုက်ပြီးသည့်နောက် ရန်ကိုင်၏ဒဏ်ရာများမှာ အလွန်တရာကိုမှ လျင်မြန်သည့်နှုန်းဖြင့် ပြန်လည်ပျောက်ကင်းလာရတော့သည်။ ကောလဟာလများမှာ ချဲ့ကားပြောဆိုထားခြင်းမဟုတ်။ ဖီးနစ်သွေးအသီးသည် အင်မော်တယ်ရေစင်ကဲ့သို့ပင် အမှန်တကယ်ကိုမှ အစွမ်းထက်လှပေသည်။

“ဆရာ… ရို့ရှီ သူတို့ကို ဘယ်လိုလုပ်လိုက်ရမလဲ…” ကျန်းရို့ရှီသည် ဖန်းဝူနှင့် အခြားသူများကို ကြည့်ရင်းမှ ရန်ကိုင်အား ကောင်းကင်စိတ်အာရုံဖြင့် လှမ်းမေးလိုက်လေသည်။

ကျန်းရို့ရှီမှ သူတို့အား စိုက်ကြည့်လာသည်ကိုမြင်သော် ဖန်းဝူနှင့် အခြားသူများအားလုံး ရင်တဒုန်းဒုန်း ခုန်သွားခဲ့ကြပြီး အလိုလို တံတွေးတစ်လုတ်ဆီ မျိုချမိလိုက်ကြလေသည်။ သူမ၏ အေးစက်စက်အကြည့်သည် သူတို့အား ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေခဲ့လေသည်။ ကောင်းကင်အမိန့်တော်၏မျိုးဆက် ဘာတွေများ တွေးနေသလဲဆိုသည်ကို စဉ်းစားရင်း အကုန်လုံးမှာ စိုးရိမ်သောက ရောက်နေကြရသည်။

“နင် သူတို့ကို ဘယ်လိုလုပ်ချင်လဲ…” ရန်ကိုင်က တူညီသောမေးခွန်းကို ပြန်မေးလိုက်လေသည်။

“သူတို့အကုန်လုံးကို သတ်ပစ်ချင်တယ်…” ကျန်းရို့ရှီ၏အကြည့် ရုတ်ချည်း အေးစက်သွားခဲ့လေသည်။

ကျန်းရို့ရှီသည် ထိုသုံးယောက်အား အမှန်တကယ်ကို နာကျည်းမုန်းတီးနေမှန်း သတိပြုမိလိုက်သော် ရန်ကိုင် ခါးသက်စွာ ပြုံးလိုက်လေ၏။ သူမဘာသာဆိုလျှင်တော့ ထိုသုံးယောက်အား ကျိန်းသေ အလွတ်ပေးလိမ့်မည်မဟုတ်။

“ဒါပေမယ့် ဆရာကိုပြောတာကို ရို့ရှီနားထောင်မယ်လေ…” ကျန်းရို့ရှီက ပြန်ပြောလိုက်သည်။ “ဆရာ သူတို့ကို သတ်ချင်တယ်ဆိုလို့ရှိရင် ရို့ရှီ ဆရာ့အစား သတ်ပေးမယ်…”

ခဏမျှစဉ်းစားပြီးသည့်နောက် ရန်ကိုင်က ပြန်၍ပြောလိုက်လေ၏။ “ရှီဟွော့ကိုသတ်ဖို့ သုံးလိုက်တဲ့စွမ်းအားကို နင်မပိုင်ဘူးမလား…”

ကျန်းရို့ရှီက အသာအယာ ခေါင်းညိတ်လျက် ပြန်ပြောလိုက်သည်။ “ဟုတ်တယ်… ရို့ရှီက သွေးတံခါးထဲမှာ ဘိုးဘေးတွေ ချန်ရစ်ခဲ့တဲ့စွမ်းအားကို ငှားပြီး သုံးခဲ့တာ… ရို့ရှီရဲ့အစွမ်းက သူတို့ကိုရင်ဆိုင်ဖို့ မလုံလောက်သေးဘူး…”

“အဲ့စွမ်းအားကိုသုံးလို့ နင့်အတွက် ဘာဘေးထွက်ဆိုးကျိုးရှိလဲ…” ရန်ကိုင်က ထပ်မေးလိုက်သည်။ ဘိုးဘေးများ၏စွမ်းအားကို ငှားယူရသည်မှာ လွယ်ကူသည့် ကိစ္စရပ်တစ်ခုမဟုတ်မှန်း ရန်ကိုင်သိပေသည်။ ကျန်းရို့ရှီသည် တာအိုသခင်တတိယအဆင့်သာ ရှိသေးသည့်အတွက်ကြောင့် နတ်သားရဲတစ်ကောင်အား သတ်ဖြတ်ပစ်နိုင်သည့် စွမ်းအားကို ငှားယူအသုံးချဖို့ရာ ဘေးထွက်ဆိုးကျိုးတစ်ခုခုနှင့် ကျိန်းသေကြုံရပေလိမ့်မည်။

တစ်ခဏကြာမျှ တိတ်ဆိတ်နေပြီးသည့်နောက် ကျန်းရို့ရှီက ပြန်ပြောလိုက်လေ၏။ “ရို့ရှီရဲ့ ခန္ဓာကိုယ်ကိုတော့ နည်းနည်း ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်…”

“အဲ့ဒါဆိုရင်မေ့လိုက်ပေတော့…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်လေသည်။

“ဒါပေမယ့် ဆရာ…” ကျန်းရို့ရှီကမူ နတ်အရှင်သုံးပါးအား အလွတ်မပေးချင်သေးသည့်ပုံပင်။

ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “သူတို့ ငါတို့ကို မကူညီပေးခဲ့လို့ သူတို့အသတ်ခံရသင့်တယ်ဆိုတာ မဟုတ်ဘူးလေ… ဒါက ငါတို့ဆိုရင်လည်း သူတို့လိုပဲ လုပ်မှာပဲ မဟုတ်ဘူးလား… ပြီးတော့ သူတို့က ငါတို့ကို ထိခိုက်အောင် လုပ်ခဲ့တာမှမဟုတ်ဘူးလေ… တကယ်ထိခိုက်အောင်လုပ်ခဲ့တဲ့ ရှီဟွော့က သေသွားပြီဆိုတော့ လုံလောက်သွားပြီ… ပြီးတော့ လွမ်ဖုန်းကလည်း နင့်ကိုယ်နင် သတ်မသေအောင် တားပေးခဲ့တာပဲလေ… ရှင်းရှင်းပြောရရင် ငါ သူ့အပေါ်တောင် အကြွေးတစ်ခု တင်ထားသေးတယ်…”

ကျန်းရို့ရှီ သူမ၏နှုတ်ခမ်းလေးများကို ကိုက်လိုက်လေ၏။ “ဆရာက အဲ့လိုပြောတယ်ဆိုမှတော့လည်း ရို့ရှီ သူတို့ကို မသတ်တော့ပါဘူး… ဒါပေမယ့် သူတို့ကို သင်ခန်းစာတော့ပေးရဦးမယ်… မဟုတ်ရင် ကျွန်မတို့ကို အချိုအချောင်ကောင်တွေလို့ ထင်နေမှာ…” ထိုသို့ပြောပြီးသည့်နောက်တွင် ကျန်းရို့ရှီသည် မတ်တပ်ရပ်၍ ဖန်းဝူနှင့် အခြားသောနတ်အရှင်များအား အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်မှာမူ ကူကယ်ရာမဲ့စွာဖြင့်သာ ခေါင်းတခါခါလုပ်လိုက်လေသည်။ သွေးမျိုးဆက်နိုးထလာပြီးသည့်နောက် ကျန်းရို့ရှီ၏စရိုက်မှာ အပြောင်းလဲကြီး ပြောင်းလဲသွားတော့သည်။ သူမ၏ ဤကဲ့သို့ အထက်စီးဆန်လှသည့် ပုံစံကို ရန်ကိုင် အသားမကျသေးချေ။ ပြောသာပြောရပါသော်ငြား သူမ ဤကဲ့သို့ ပြောင်းလဲသွားသည်မှာ ကျန်းရို့ရှီအတွက် ကောင်းသည်ဟုပင် ရန်ကိုင်ထင်မြင်မိပေသည်။ တကယ်တော့ ဤကဲ့သို့သော လောကကြီးအတွင်း ကြောက်ရွံ့နာခံတတ်သည့် လူအများစုမှာ အနိုင်ကျင့်ခံရတတ်သည် မဟုတ်ပေလော။

ဤသည်မှာ ဖန်းဝူ၊ လွမ်ဖုန်းနှင့် ချန်ကွော့တို့ ကြီးစွာသော အကြောက်တရားကို ပထမဦးဆုံးအကြိမ် ခံစားဖူးကြခြင်း ဖြစ်ပေသည်။ ကျန်းရို့ရှီနှင့် ရန်ကိုင် တိုးတိုးတိတ်တိတ်ဖြင့် ဆွေးနွေးတိုင်ပင်ကြသည်ကို ကြည့်ရင်း သူတို့ခမျာ ပင်အပ်များပေါ် ဖင်ခုထိုင်နေရသည့်အလား ခံစားကြရသည်။ ကျန်းရို့ရှီ မတ်တပ်ရပ်လာပြီး သူတို့အား အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်နေသည်ကို မြင်သော် အကုန်လုံး ဦးရေပြားများ ထုံတက်သွားကြလေသည်။ သူတို့စိတ်ထဲ ထွက်ပြေးချင်နေမိသည်။ သို့သော်ငြား ရှီဟွော့၏ သေဆုံးမှုသည် သူတို့အား သင်ခန်းစာကောင်းကောင်း ပေးသွားခဲ့သဖြင့် တစ်ခါတည်း တန်းအသတ်မခံရစေရန်အတွက် မည်သူမျှ မဆင်မခြင် မလှုပ်ရှားခဲ့ကြပေ။

“သခင်မ… ကျုပ်တို့ ဘာများ လုပ်ပေးရမလဲ…” ဖန်းဝူသည် အံကိုတင်းတင်းကြိတ်၍ လက်သီးဆုပ်ကာ မေးလိုက်လေသည်။ လွမ်ဖုန်းနှင့် ချန်ကွော့တို့မှာလည်း ကျန်းရို့ရှီအား ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်လာကြလေသည်။

ကျန်းရို့ရှီက အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်သည်။ “သေချာနားထောင်… နင်တို့တွေအကုန်လုံး ရှီဟွော့ စိတ်ရှိတိုင်းသောင်းကျန်းနိုင်အောင်လို့ လိုက်ကူညီပေးခဲ့တယ်… ပြီးတော့ ကျွန်မရဲ့ဆရာကိုလည်း ကျဉ်းထဲကျပ်ထဲ မရောက်ရောက်အောင် တွန်းပို့ခဲ့တယ်… ရှင်တို့အကုန်လုံးကို သတ်ပစ်ရမယ်ဆိုရင်တောင် ကျွန်မဒေါသက ပြေသွားမှာမဟုတ်ဘူး…”

ထိုစကားကိုကြားပြီးသည့်နောက် ဖန်းဝူနှင့် အခြားသူများ၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ကြကာ ချက်ချင်း ထွက်ပြေးချင်စိတ်များပင် ထွက်ပေါ်လာတော့လေသည်။ သို့သော်ငြား ကျန်းရို့ရှီအား အလွန်ကိုမှ ကြောက်ရွံ့နေသည့် အတွက်ကြောင့် စိတ်ထဲ ထွက်ပြေးချင်နေသည့်တိုင် ထွက်မပြေးရဲခဲ့ပေ။

“ဒါပေမယ့်…” ကျန်းရို့ရှီသည် ရုတ်တရက် သူမ၏လေသံကို ပြောင်းလဲလိုက်လေ၏။ “ဆရာက ကြင်နာတတ်တော့ ရှင်တို့အကုန်လုံးကို မလိုအပ်ပဲနဲ့ မသတ်ချင်ဘူး… တကယ့်တရားခံက သေသွားပြီမလို့ သူက ဒီကိစ္စကို ဒီမှာတင်ရပ်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်…”

ချက်ချင်းဆိုသလို ဖန်းဝူ၊ လွမ်ဖုန်းနှင့် ချန်ကွော့တို့အားလုံး ဝမ်းသာအားရ ဖြစ်သွားကြကာ ရန်ကိုင်အား ကျေးဇူးတင်တကြီး လှမ်း၍ ကြည့်လာကြလေသည်။

“ကျွန်မ ရှင်တို့ကို မသတ်ပေမယ့် အပြစ်မပေးဘဲ နေမှာတော့ မဟုတ်ဘူး… ဒီတစ်ကြိမ်ကို သင်ခန်းစာယူပြီး ကိုယ့်အမှားကိုယ်သိအောင်လုပ်ကြ… နောက်တစ်ကြိမ် ရှင်တို့ခွန်အားကိုသုံးပြီးတော့ အားနည်းသူတွေကို လိုက်အနိုင်ကျင့်ရဲမယ်ဆိုရင်တော့ ရှင်တို့အဆုံးသတ်က ရှီဟွော့လိုဖြစ်သွားလိမ့်မယ်…” ထိုသို့ပြောပြီးသည်နှင့် ကျန်းရို့ရှီမှာ သူမ၏လက်ဝါးချက်အား ရိုက်ထုတ်လိုက်လေရာ သွေးတံခါးမှာ တဝီဝီမြည်ဟီးလာပြီး သွေးနီရောင်အလင်းတန်းနှစ်ခု ထွက်ပေါ်လာလျက် ဖန်းဝူနှင့် ချန်ကွော့တို့အား ထိမှန်သွားခဲ့လေသည်။

နတ်အရှင်နှစ်ပါးမှာ ထိုတိုက်ကွက်အား မည်သို့မှ မခုခံနိုင်ခဲ့ဘဲ သွေးအပွက်ပွက် အန်ထွတ်ရင်း လွင့်စင်ထွက်သွားကြလေသည်။

လွမ်ဖုန်းမှာမူ ထိုမြင်ကွင်းအား ကြက်သေသေလျက် ကြောင်ကြည့်နေမိသည်။ နောက်ဆုံးကြမှသာ သူမ အတိုက်ခိုက်မခံရမှန်း သတိထားမိလိုက်လေသည်။ ပါးနပ်သူတစ်ဦးပီပီ ဖန်းဝူနှင့် ချန်ကွော့တို့ တိုက်ခိုက်ခံရနေချိန် သူမ ဘာကြောင့် တိုက်ခိုက်မခံရသလဲ ဆိုသည်ကို လွမ်ဖုန်း နားလည်ထားပေသည်။ အကြောင်းမှာ သူမသည် ကောင်းကင်အမိန့်တော်၏မျိုးဆက်အား ကိုယ့်ကိုယ်ကို သတ်မသေနိုင်အောင် ကူညီပေးခဲ့သည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။ ဖန်းဝူနှင့် ချန်ကွော့တို့မှာတော့ တိုက်ခိုက်ခံရပြီးသည့်နောက် မြေပြင်ပေါ်သို့ ခြေကားယား လက်ကားယား ပြုတ်ကျသွားခဲ့သည်။ သူတို့ပုံစံမှာ အတော်လေးကိုမှ ဆိုးဆိုးရွားရွား ဖြစ်သွားပါသော်ငြား တစ်ချက်ကလေးမျှပင် အထွန့်မတက်ရဲခဲ့ပဲ လက်သီးဆုပ်၍ပင် ပြန်၍ ကျေးဇူးတင်စကား ဆိုလိုက်လေ၏။ “ကျုပ်တို့အသက်ကို ချမ်းသာပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် သခင်မ…”

ကျန်းရို့ရှီသာ တကယ်သတ်ချင်ပါက သူတို့အနေဖြင့် မည်သို့ပင် ထွက်ပြေးနေစေကာမူ သူမလက်မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်မှန်း သိနေကြသည်။

ကျန်းရို့ရှီက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ သူမ၏မျက်နှာလေးမှာတော့ အနည်းငယ် နီမြန်းနေခဲ့လေသည်။ သွေးတံခါးမှစွမ်းအားကို ငှားယူရသည်မှာ သူမခန္ဓာကိုယ်အတွက် အမှန်တကယ်ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည့်ပုံပင်။ ထို့နောက်တွင် ကျန်းရို့ရှီသည် အဝေးတစ်နေရာသို့ လှမ်းကြည့်၍ လက်ယပ်ခေါ်လိုက်လေ၏။ “ဦးလေးကျောက်တုံးနဲ့ရှောင်ရှောင် ဒီကိုလာဦး…”

သူမပြောနေသည့် ဦးလေးကျောက်တုံးဆိုသည်မှာ ကျောက်တုံးကိုယ်ပွားသာဖြစ်လေသည်။ ကမ္ဘာငယ်လေးထဲတွင် နေနေစဉ်အတောအတွင်း ရှောင်ရှောင်သည် ကျောက်တုံးကိုယ်ပွားအား ဦးလေးကျောက်တုံးဟုသာ ခေါ်ဝေါ်ခဲ့သည်။

ကျန်းရို့ရှီမှ လှမ်းခေါ်နေသည်ကိုမြင်သော် ဆယ်မိုင်ခန့်အကွာတွင် ရှိနေသော ကျောက်တုံးကိုယ်ပွားနှင့် ရှောင်ရှောင်သည် အလျင်စလို ပြေးလာကြလေသည်။

ကျန်းရို့ရှီသည် ဖန်းဝူအား စကားတစ်ခွန်းမှပင်မပြောဘဲ လှမ်းကြည့်လိုက်လေ၏။ သူမဘာပြောချင်နေသလဲ ဆိုသည်ကို နားလည်သည့်အလား ဖန်းဝူသည် ကျောက်တုံးကိုယ်ပွားနှင့် ရှောင်ရှောင်ကိုယ်ပေါ်တွင် တင်ထားသော သူ၏ချိတ်စည်းများကို ချက်ချင်း ဖယ်ရှားပေးလိုက်လေသည်။

“ဦးလေးကျောက်တုံး… ဒါ ရှင့်အတွက်ပဲ…” ကျန်းရို့ရှီသည် သူမလက်ထဲတွင် တစ်ချိန်လုံး ကုန်ထားသည့် ရှီဟွော့၏ အမြုတေကို ကျောက်တုံးကိုယ်ပွားဆီသို့ ပစ်ပေးလိုက်လေသည်။ နှလုံးသားပုံစံအမြုတေကြီးသည် ကျောက်တုံးကိုယ်ပွား၏ ရင်ဘတ်အနားတွင် ဝဲနေခဲ့လေ၏။

“ငါ့အတွက်…” ကျောက်တုံးကိုယ်ပွား၏အကြည့် တောက်ပသွားခဲ့သည်။ ဤအရာမှာ ရှီဟွော့၏အမြုတေမှန်း သူသိပေသည်။ ကျန်းရို့ရှီ ရှီဟွော့အား သတ်လိုက်သည်ကို သူကိုယ်တိုင်မြင်တွေ့ခဲ့ရသည် မဟုတ်ပေလော။ သင့်တော်သည့်လူတစ်ဦးသည်သာ ဤအမြုတေကို ရသွား၍ အမြုတေစွမ်းအားကို ဆက်ခံနိုင်မည်ဆိုပါက ရှီဟွော့အသစ် ဖြစ်လာနိုင်ပေလိမ့်မည်။

ခေါင်းညိတ်လိုက်ပြီးသည့်နောက်တွင် ကျန်းရို့ရှီသည် သူမ၏ ကောင်းကင်အပြစ်ပေးဓါးကို ထုတ်လျက် ကျောက်တုံးကိုယ်ပွားအား ဓါးဖြင့်ချိန်ကာ ရေရွတ်လိုက်လေ၏။ “ကျောက်တုံးဝိဉာဉ်ကလန်နဲ့ ရှီဟွော့က အချင်းချင်း ပတ်သက်နေကြတာဆိုတော့ ဦးလေးကျောက်တုံးရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ သဘာဝက ရှီဟွော့နဲ့တူတယ်လို့ ပြောလို့ရတယ်… ဒါကြောင့် ဦးလေးလို ကျောက်တုံးဝိဉာဉ်ကလန်သားတစ်ယောက်က ရှီဟွော့ရဲ့အစွမ်းကို ဆက်ခံနိုင်လိမ့်မယ်လို့ ကျွန်မယုံကြည်တယ်…”

ကျောက်တုံးကိုယ်ပွားအား ချိန်ထားသော ကောင်းကင်အပြစ်ပေးဓါး၏ ထိပ်သည် ရုတ်တရက် တလက်လက်တောက်ပလာခဲ့ပြီး ကျောက်တုံးကိုယ်ပွား၏ ရင်ဘတ်တွင် ထူးဆန်းသော အင်းကွက်တစ်ခုကို ထိုးထွင်းလိုက်လေသည်။ အင်းကွက်သည် ဆွဲအားတစ်ခုကို ပိုင်ဆိုင်ထားသည့်အလား ရှီဟွော့၏ အမြုတေကို တမုဟုတ်ချည်း ဆွဲယူလိုက်လေရာ ရှီဟွော့၏အမြုတေမှာလည်း ကျောက်တုံးကိုယ်ပွား၏ ကိုယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။

နာကျင်မှုကြောင့် ကျောက်တုံးကိုယ်ပွား ငြီးတွားလိုက်ရသည်။ ရှီဟွော့၏အမြုတေကို စုပ်ယူလိုက်သည့်နောက် သူ့ခန္ဓာကိုယ်မှာ အနက်ရောင်မီးတောက်များဖြင့် လောင်မြိုက်လာတော့သည်။

ကျန်းရို့ရှီသည် ဓါးအား အောက်သို့ချလျက် လက်ကွက်များကို အလျင်အမြန် ဖန်တီးကာ ကျောက်တုံးကိုယ်ပွားဆီ ပစ်လွှတ်လိုက်လေသည်။ သူမ ပစ်လွှတ်လိုက်သည့် ချိတ်စည်းတစ်ခုစီနှင့်အတူ ကျောက်တုံးကိုယ်ပွားထက်တွင် လောင်မြိုက်နေသော အနက်ရောင်မီးတောက်များမှာ ဖိနှိပ်ခြင်းခံလိုက်ရလေသည်။ ဆယ့်ငါးမိနစ်ခန့် ကြာပြီးသည့်နောက်တွင် မီးတောက်များအားလုံး ပျောက်ကွယ်သွားခဲ့ကြလေသည်။

တစ်ချိန်တည်းတွင် ကျောက်တုံးကိုယ်ပွားမှာလည်း ဉာဏ်အလင်းပွင့်သွားသည့်အလား ရုတ်ချည်း တင်ပလင်ခွေ ထိုင်ချလိုက်လေသည်။

“ဒီကျောက်တုံးဝိဉာဉ်က အခု လောကကြီးထဲက အားအကောင်းဆုံး သက်ရှိတွေထဲကတစ်ယောက် ဖြစ်လာခဲ့ပြီ…” ဖန်းဝူသည် ကျောက်တုံးကိုယ်ပွားကိုကြည့်ရင်း ရေရွတ်လိုက်လေ၏။

လွမ်ဖုန်းက ခါးသက်စွာပြုံးလျက် “ငါကြားထားတဲ့ ကောင်းကင်အမိန့်တော်က နတ်သားရဲတွေရဲ့ အမြုတေကို ထုတ်ယူနိုင်ရုံတင်မဟုတ်ဘူး အခြားသူတွေကိုလည်း နတ်သားရဲဖြစ်လာအောင် လုပ်ပေးနိုင်တယ်ဆိုတာ တကယ်အမှန်ပါပဲလား…”

ချန်ကွော့က အားကျနေသည့်အမူအယာဖြင့် ပြောလိုက်လေ၏။ “ဒီကျောက်တုံးဝိဉာဉ်သာ ရှီဟွော့ရဲ့အမြုတေစွမ်းအားကို သူ့ဘာသာသူ စုပ်ယူဖို့ကြိုးစားမယ်ဆိုရင်တော့ အောင်မြင်နိုင်ချေက ဆယ်ရာခိုင်နှုန်းပဲရှိတယ်… ဒါပေမယ့် ကောင်းကင်အမိန့်တော်မျိုးဆက်ရဲ့ အကူအညီကို ရသွားတယ်ဆိုမှတော့ ဘာအန္တရာယ်မှ ကြုံရတော့မှာမဟုတ်ဘူး… ရှီဟွော့ရဲ့အမြုတေစွမ်းအားကို စုပ်ယူပြီးတာနဲ့ သူနတ်သားရဲတစ်ကောင် ဖြစ်လာနိုင်ပြီ…”

All Chapters