← Chapters

အခန်း (၂၆၀၂-၂၆၀၄)

Vol. 110 Ch. 2602-2604

အခန်း (၂၆၀၂-၂၆၀၄)

Vol. 110 Ch. 2602-2604

အပိုင်း (၂၆၀၂) ကျန်းရို့ရှီထွက်ခွာသွားခြင်း

ဘာသာပြန်သူ_တိမ်တိုက်

ရှီဟွော့၏အမြုတေအား ကျောက်တုံးကိုယ်ပွား၏ ကိုယ်ထဲသို့ ထည့်ပေးလိုက်ပြီးသည့်နောက် ကျန်းရို့ရှီ၏မျက်နှာ ရုတ်ချည်း ဖြူလျော်သွားခဲ့သည်။

ကျန်းရို့ရှီသည် တည်ငြိမ်ချင်ယောင် ဆောင်နေပါသော်ငြား တကယ့်တကယ်တွင်တော့ ထိုကဲ့သို့ လုပ်ဖို့ရာ သူမ၏ခွန်အား အတော်များများကို သုံးစွဲလိုက်ရပေသည်။ ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်ပြီးသည့်နောက် သားရဲတစ်သောင်းတံဆိပ်တုံးကို ရှာတွေ့သွားပြီး သူမဆီသို့ လှမ်းဆွဲယူလိုက်လေ၏။

“ဆရာ… ဆရာပေးထားတဲ့ဒီလက်ဆောင်ကို ရို့ရှီပဲ သိမ်းထားလိုက်တော့မယ်နော်…” ကျန်းရို့ရှီသည် သားရဲတစ်သောင်းတံဆိပ်တုံးကိုကိုင်လျက် ဝမ်းနည်းစွာဖြင့် ပြောလိုက်လေ၏။

“နင် ဘယ်ကိုသွားမလို့လဲ…” ကျန်းရို့ရှီ၏ စကားများနောက်ကွယ်ရှိ အဓိပ္ပာယ်ကို ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့သည်။

ကျန်းရို့ရှီက နှုတ်ခမ်းကို တင်းတင်းစေ့ရင်းမှ ပြန်၍ပြောလိုက်လေ၏။ “ရို့ရှီရဲ့သွေးမျိုးဆက်က နိုးထလာပြီဆိုတော့ အခု ရို့ရှီ ဘိုးဘေးတွေရဲ့စွမ်းအားကို သွားပြီး ဆက်ခံရတော့မယ်…”

ထိုစကားကိုကြားသည့်အခါ ရန်ကိုင်သည် သွေးတံခါးဆီသို့ လှမ်း၍ ကြည့်လိုက်လေသည်။

ကျန်းရို့ရှီက နွေးထွေးစွာပြုံးလျက် သိမ်မွေ့သည့်လေသံဖြင့် ပြောလိုက်လေ၏။ “ရို့ရှီသာ သွေးတံခါးထဲကနေ ထွက်လာနိုင်ပြီဆိုရင် ဆရာ့ကို ကူညီပေးလို့ရတော့မှာ… ဆရာ့အတွက် ရို့ရှီက ဝန်ထုပ်ဝန်ပိုး ဖြစ်စေတော့မှာမဟုတ်ဘူး… ဒီနေ့လိုအဖြစ်အပျက်မျိုးလည်း နောက်တစ်ခါ ထပ်ဖြစ်ရတော့မှာမဟုတ်ဘူး…”

ရန်ကိုင်မှာ တစ်ခုခု ပြောချင်ပါသော်ငြား မပြောနိုင်ခဲ့ဘဲ သက်ပြင်းသာချ၍ ပြန်ပြောလိုက်လေသည်။ “တကယ်ဆိုရင် ဒီကိစ္စက နင့်အပြစ်မဟုတ်ပါဘူး… နင့်ကို မကာကွယ်နိုင်ခဲ့တဲ့ ငါ့အပြစ်ပဲ…”

ကျန်းရို့ရှီက ခေါင်းခါလျက် “ဆရာ့အပြစ်မဟုတ်ဘူး… ရို့ရှီကိုယ်တိုင်ကကို အရမ်းအားနည်းလွန်းခဲ့တာ…”

ရန်ကိုင်သည် ထိုအကြောင်းကို စကားဆက်မနေတော့ဘဲ ကျန်းရို့ရှီကို စိုက်ကြည့်၍ မေးလိုက်လေသည်။ “နင် တကယ်သွားရမှ ဖြစ်မှာလား…”

ကျန်းရို့ရှီက ခေါင်းညိတ်ပြလိုက်သည်။

ထိုအခါ ရန်ကိုင်က ပြန်၍ပြောလိုက်လေသည်။ “အဲ့ဒါဆိုရင် သွားလေ… နင့်ဘိုးဘေးရဲ့စွမ်းအားဆိုမှတော့ နင် ဒီအတိုင်း မသိချင်ယောင်ဆောင်ထားလို့ မဖြစ်ဘူး… ဒါပေမယ့် သတိလည်းထားဦးနော်…”

“ရို့ရှီ သတိထားပါ့မယ်…” ကျန်းရို့ရှီက မျက်ရည်ရွဲလဲဖြင့် ပြောလိုက်လေသည်။ ထို့နောက်တွင် ရှောင်ရှောင်အားကြည့်၍ ပြောလိုက်လေသည်။ “ဆရာ… ရို့ရှီ ရှောင်ရှောင်ကိုပါ ခေါ်သွားလိုက်မယ်နော်… ရို့ရှီနဲ့ဆိုလို့ရှိရင် သူ ထိုင်းယွဲ့ရဲ့စွမ်းအားကို ကျိန်းသေ ဆက်ခံနိုင်လိမ့်မယ်… ကျောက်တုံးဝိဉာဉ်ကလန်သားတွေကိုလည်း အဲ့အကြောင်းလေး ကျေးဇူးပြုပြီး တစ်ချက်လောက်ပြောပေးပါဦး…”

“ငါပြောလိုက်မယ်…” ရန်ကိုင်က ခေါင်းညိတ်လိုက်၏။

ယခုတစ်ကြိမ် ကျောက်တုံးဝိဉာဉ်ကလန်သားများ အင်ပြည့်အားပြည့်ဖြင့် ထွက်လာရခြင်းမှာ ရှောင်ရှောင်အား သွေးတံခါးထဲသို့ပို့ကာ နတ်သားရဲထိုင်းယွဲ့၏စွမ်းအားကို ဆက်ခံစေလိုသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။ သို့သော်ငြား အခြေအနေမှာ ထင်ထားသလို ဖြစ်မလာခဲ့ဘဲ ပြဿနာအကြီးကြီးနှင့် ကြုံခဲ့ရလေသည်။ ယခု ကျန်းရို့ရှီမှာ ရှောင်ရှောင်အား သူမနှင့်အတူ ခေါ်သွားပေးတော့မည် ဖြစ်သည့်အတွက်ကြောင့် မည်သည့်ပြဿနာနှင့်မှ ရင်ဆိုင်ရတော့လိမ့်မည် မဟုတ်ပေ။

“ရှောင်ရှောင်… မင်း သွေးတံခါးထဲ ဝင်သွားပြီးလို့ရှိရင် ရို့ရှီပြောတာကို နားထောင်နော်… သူ့ကို ပြဿနာတက်အောင် မလုပ်နဲ့နော်…” ရန်ကိုင်က ရှောင်ရှောင်ကို သတိပေးလိုက်လေသည်။

ရှောင်ရှောင်သည် ရန်ကိုင်ပြောသည့်အတိုင်း လုပ်ပါမည်ဟု ပြန်ပြောနေသည့်အလား ခေါင်းတဆတ်ဆတ်ညိတ်ပြရင်း သူ့ရင်ဘတ်ကို ထုပြလိုက်သည်။

“စိတ်မပူနဲ့ဆရာ… ဦးလေးကျောက်တုံးတောင် ရှီဟွော့ရဲ့အမြုတေကို ဆက်ခံနိုင်မှတော့ ရှောင်ရှောင်လည်း ထိုင်းယွဲ့ရဲ့အမြုတေကို ကျိန်းသေ ဆက်ခံနိုင်လိမ့်မယ်…” ကျန်းရို့ရှီက နှစ်သိမ့်ပေးလိုက်သည်။

ထို့နောက်တွင် ဖန်းဝူနှင့် အခြားသူများဘက်သို့ လှည့်ကြည့်လိုက်လေသည်။ ယဉ်ကျေးသိမ်မွေ့သည့် သူမ၏ အမူအယာမှာ ရုတ်ချည်းဆိုသလို ရေခဲတမျှ အေးစက်သွားခဲ့ပြီး ခက်ထန်သည့် လေသံဖြင့် ပြောလိုက်လေ၏။ “ဆရာသာ ရှေးဟောင်းကုန်းမြေထဲမှာ တစ်ခုခုဖြစ်သွားခဲ့ရင် ကျွန်မပြန်ထွက်လာတာနဲ့ ရှင်တို့အကုန်လုံး သေပြီသာမှတ်…”

ကျန်းရို့ရှီသည် အနည်းငယ်လေးမျှပင် ယဉ်ကျေးမနေခဲ့ပေ။ အခြားသူတစ်ဦးဦးသာ ဖန်းဝူနှင့် အခြားသောနတ်အရှင်များအား ဤကဲ့သို့ပုံစံမျိုးဖြင့် စကားလာပြောပါက ထိုလူသည် နေရာတွင်ပင် ပွဲချင်းပြီး သေသွားရပေလိမ့်မည်။ သို့သော်ငြား ကျန်းရို့ရှီဖြစ်နေသည့်အတွက်ကြောင့် အကုန်လုံးမှာ ဆိတ်ဆိတ်သာ နေရဲခဲ့ကြသည်။

ဖန်းဝူသည် စိုးရိမ်တကြီးဖြင့် လက်သီးဆုပ်လျက် ပြန်ပြောလိုက်လေသည်။ “စိတ်မပူပါနဲ့ သခင်မ… ကျုပ်အသက်ရှင်နေသေးသရွေ့ သခင်မရဲ့ဆရာ ဘာမှမဖြစ်စေရပါဘူး…”

လွမ်ဖုန်းနှင့် ချန်ကွော့တို့မှာလည်း အသီးသီး ခေါင်းညိတ်ပြလိုက်ကြသည်။ လက်ရှိအခြေအနေအရ သူတို့ဘဝကြီးကိုသာ ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ဖြတ်သန်းလိုပါက ရန်ကိုင်နှင့် ဆက်ဆံရေးကောင်းတစ်ခု ထူထောင်ထားရပေလိမ့်မည်။ ရန်ကိုင်နှင့်သာ အဆင်ပြေပြေ ရှိနေမည်ဆိုပါက ကောင်းကင်အမိန့်တော်၏မျိုးဆက်သည် သူတို့အား လိုက်လံ၍ ပြဿနာရှာနေလိမ့်မည် မဟုတ်ချေ။

ရုတ်ချည်းဆိုသလို ရန်ကိုင်သည် နတ်အရှင်များ၏ မျက်လုံးထဲဝယ် ရတနာသိုက်ကြီးတစ်ခု ဖြစ်လာတော့လေသည်။

“ဆရာ…” ကျန်းရို့ရှီသည် ဝမ်းနည်းပူဆွေးနေသည့် အမူအယာဖြင့် ရန်ကိုင်ဘက်သို့ လှည့်ကြည့်လာခဲ့သည်။ နှုတ်ခမ်းလေးအား တင်းတင်းကြပ်ကြပ်စေ့လျက် ရန်ကိုင်အား မမှိတ်မသုန် စိုက်ကြည့်နေပြီးသည့်နောက် ပြောလိုက်လေ၏။ “ရို့ရှီ အခု သွားတော့မယ်နော်…”

ရန်ကိုင်ကမူ စိတ်ပျက်နေသည့် အမူအယာဖြင့်သာ မြေပြင်ပေါ်တွင် ထိုင်နေခဲ့သည်။ သို့သော်ငြား အားတင်း၍ ပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ငါတို့ အပြီးတိုင် မတွေ့ရတော့မှာမဟုတ်တာ… နင်သွေးတံခါးထဲကနေ ထွက်လာတဲ့တစ်နေ့ကြရင် ပြန်တွေ့ရဦးမှာပဲဟာကို… နင် သွေးတံခါးထဲကနေ ထွက်လာမှာကို စောင့်နေမယ်နော်…”

ကျန်းရို့ရှီ ရှက်သွေးဖြာသွားခဲ့ပြီး ခေါင်းလေးငုံ့သွားခဲ့လေ၏။ ထို့နောက် အနည်းငယ် စိုးရိမ်နေသည့်လေသံဖြင့် ရေရွတ်လိုက်လေသည်။ “ဆရာ… ရို့ရှီမသွားခင် ဆရာ ရို့ရှီရဲ့ဆန္ဒတစ်ခုလောက်ကို ဖြည့်ဆည်းပေးလို့ရမလား…”

ထိုသို့ပြောပြီးသည့်နောက်တွင် ကျန်းရို့ရှီမှာ ရှက်ရှက်ဖြင့် ရန်ကိုင်အား မသိမသာလေး တစ်ချက် ခိုးကြည့်လိုက်လေသည်။

ရန်ကိုင်ကပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ဆန္ဒတစ်ခုတည်းပဲလား… ဆန္ဒအခုတစ်ရာရှိရင်တောင် ဖြည့်ဆည်းပေးမှာ… ငါနင့်အတွက် ဘာလုပ်ပေးရမှာလဲ…”

“ဆရာ မျက်လုံးလေးပိတ်ထားလို့ရမလား…” ရို့ရှီသည် လက်သီးကိုတင်းတင်းဆုပ် အံကိုတင်းတင်းကြိတ်၍ ပြောလိုက်လေသည်။ ထိုသို့ပြောပြီးသည့်နောက် သူမမျက်နှာတစ်ပြင်လုံး ရုတ်ချည်း ရဲတက်သွားခဲ့လေသည်။

ဖန်းဝူနှင့် အခြားသူများသည် ကျန်းရို့ရှီအား အဓိပ္ပာယ်ပါပါ အကြည့်များဖြင့် လှမ်းကြည့်နေကြသည်။ ရန်ကိုင်နှင့် ဤကောင်းကင်အမိန့်တော်မျိုးဆက်ကြားရှိ ဆက်ဆံရေးကို သူတို့ အထင်သေးမိသွားပြီမှန်း ယခုမှ နားလည်လိုက်လေသည်။ ထိုနှစ်ဦးမှာ ဆရာတပည့်များ ဖြစ်ကြသည်ဟုသာ ထင်ခဲ့ကြသည်။ သို့သော်ငြား ကျန်းရို့ရှီသည် သူမ၏ဆရာအပေါ် အခြားသောခံစားချက်များလည်း ရှိနေသည့်ပုံပင်။

ထိုသို့သာဆိုလျှင်တော့ သူတို့အနေဖြင့် ရန်ကိုင်နှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားရန် ပို၍ပင် လိုအပ်လာခဲ့လေသည်။ ရန်ကိုင်ပြောခဲ့သည့်စကားမှာ တကယ်ကို အမှန်ဖြစ်နေခဲ့သည်။ ဤဘဝကြီးတွင် ထာဝရတည်မြဲသည့် အရာဆို၍ မရှိချေ။ တစ်နေ့နေ့တစ်ချိန်ချိန်တွင် သူတို့အနေဖြင့် ရန်ကိုင်၏အကူအညီကိုပင်လျှင် လိုအပ်ကောင်း လိုအပ်လာနိုင်ပေသည်။

ဖန်းဝူတို့အား ထိုစကားကိုပြောစဉ်က ရန်ကိုင်သည် ကျောက်တုံးဝိဉာဉ်ကလန်ကို ရည်ညွှန်းနေခြင်း ဖြစ်ပါသော်ငြား ဖန်းဝူကမူ သူ့ကဲ့သို့သော အားကောင်းလှသည့်လူသည် မည်ကဲ့သို့သော အန္တရာယ်မျိုးနှင့် ကြုံရမလဲဟု ပြန်၍ ခွန်းတုံ့ပြန်ခဲ့သည်။ ယခုမူ ရန်ကိုင်ပြောသည်မှာ အမှန်ဖြစ်နေကြောင်း သူသိသွားခဲ့ရလေသည်။

ကျန်းရို့ရှီ၏တောင်းဆိုချက်ကို ကြားပြီးသည့်နောက် ရန်ကိုင်လည်း ကြောင်သွားခဲ့သည်။ သူကိုယ်တိုင်သည် အတွေ့အကြုံမရှိသည့် လူငယ်လေးတစ်ဦး မဟုတ်တော့သည့်အတွက်ကြောင့် ကျန်းရို့ရှီ၏ လေသံနှင့် ပုံစံအရ သူမဘာလုပ်ချင်နေသလဲ ဆိုသည်ကို သူသိပေသည်။ ထို့နောက် ကြိတ်၍ သက်ပြင်းချကာ ကြယ်တာရာအစုအဝေးထဲသို့ ရောက်ပြီးချိန်မှစ၍ မည်သည့်အမျိုးသမီးနှင့်မှ တရင်းတနှီး ဆက်ဆံရေးမျိုး မရှိခဲ့သည့်အကြောင်းကို ပြန်စဉ်းစားမိလိုက်သည်။ တကယ်တော့ ဤနေရာသည် သူ၏မွေးရပ်မြေမှ မဟုတ်လေပဲ။ အရေးကြီးဆုံးအချက်မှာ စုရန်၊ ရှနင်းချန်၊ ရှန်ချင်းလော့နှင့် ရွှယ့်ယွယ်တို့အားလုံး သူ့ကိုစောင့်နေကြခြင်းပင်။

ရန်ကိုင် ကြယ်တာရာအစုအဝေးထဲသို့ ရောက်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်ပါသော်ငြား သူ၏ နေ့ရက်တိုင်းကို သတိရှိရှိဖြင့် ကုန်ဆုံးခဲ့လေသည်။ တစ်ခဏမျှ စဉ်းစားပြီးသည့်နောက် ရန်ကိုင်လည်း ကျန်းရို့ရှီပြောသည့်အတိုင်း မျက်လုံးပိတ်ပေးလိုက်လေသည်။

ကျန်းရို့ရှီသည် သူမ၏နှုတ်ခမ်းကို ကိုက်လိုက်လေ၏။ လက်ရှိအချိန် သူမရင်ဘတ်သည် စစ်ပွဲတူကြီးများကို ထုနှက်နေသည့်နှယ် တဒုန်းဒုန်းခုန်နေခဲ့သည်။ သူမ၏မျက်နှာလေးမှာလည်း မီးသွေးတုံးအလား ရဲတက်လာလေ၏။

ရန်ကိုင်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်ပြီး သူ့ရှေ့တွင် ဆောင့်ကြောင့်ထိုင်လျက် ရန်ကိုင်၏မျက်နှာကို ကတုန်ကယင်ဖြစ်နေသော သူမ၏လက်ဖြင့် လှမ်းကိုင်လိုက်လေသည်။ ထို့နောက် မျက်လုံးလေးများကို မပိတ်တပိတ် မှိတ်လျက် ရန်ကိုင်၏နဖူးပေါ် အနမ်းခြွေပေးလိုက်လေသည်။ ထိုသို့လုပ်ပြီးသည်နှင့်တစ်ပြိုင်နက် ကျန်းရို့ရှီသည် ကြောက်လန့်သွားသည့် ယုန်ပေါက်လေးတစ်ကောင်အလား နောက်သို့ခုန်ဆုတ်သွားခဲ့လေသည်။ သူမမျက်ဝန်းတစ်ခုလုံးမှာလည်း ဝေဝါးလာခဲ့ရသည်။ နားရွက်များမှာလည်း မီးထိုးထားခံရသည့်အလား ရဲတက်လာခဲ့ပြီး ပျာယာခတ်နေသည့် လေသံဖြင့် ပြောလိုက်လေသည်။ “ဆရာ… ရို့ရှီ အခုသွားတော့မယ်နော်… ဆရာ့ကိုယ်ဆရာ ဂရုစိုက်ဦးနော်…”

ထိုသို့ပြောပြီးသည်နှင့် တစ်ပြိုက်နက် သွေးတံခါးဆီသို့ အပြေးထွက်သွားလေ၏။ ခြေမကိုင်လက်မကိုင်မိ ဖြစ်နေသည့်အတွက်ကြောင့် ခလုတ်တိုက်ကာ ချော်လဲလုမတတ်ပင် ဖြစ်သွားခဲ့လေသည်။

“ဟ ဟ…” ချန်ကွော့မှာ ရယ်ချင်စိတ်ကို မအောင့်အည်းနိုင်တော့သည့်အဆုံး ထအော်ရယ်မိလေ၏။

ကျန်းရို့ရှီမှာ ရှက်သွားခဲ့ပြီး ချက်ချင်းပဲ ချန်းကွော့အား စူးရဲစွာ စိုက်ကြည့်လိုက်လေရာ ချန်းကွော့၏အပြုံး တောင့်တင်းသွားခဲ့ရပြီး သူ့နဖူးတစ်ခုလုံး ချွေးသီးများဖြင့် ဝေ့သီလာခဲ့ရလေသည်။

“ကျွန်မဆရာကို ဂရုစိုက်ထားနော်… မဟုတ်ရင်တော့ ရှင်တို့အားလုံး အကျိုးဆက်ကို သိလိမ့်မယ်…” ထိုသို့ပြောပြီးသည့်နောက်တွင် ကျန်းရို့ရှီသည် သွေးတံခါးထဲသို့ ပြေးဝင်သွားပြီး အားလုံး၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။

ရှောင်ရှောင်သည် ရန်ကိုင်ရှေ့တွင် ရပ်လျက် သူ့အား နှုတ်ဆက်နေသည့်အလား ဘာမှန်းမသိသောစကားများကို ပူညံပူညံဖြင့် ပြောနေလေ၏။ ထို့နောက်တွင် အဝေးတစ်နေရာ၌ ရပ်နေသော ကျောက်တုံးဝိဉာဉ်ကလန်သားများအား လက်ဝှေ့ယမ်းပြကာ သွေးတံခါးထဲသို့ ပြေးဝင်သွားလေသည်။

မကြာမီတွင် ကျွီ ဟူသော မြည်သံနှင့်အတူ သွေးတံခါးကြီး တဖြည်းဖြည်း ပြန်ပိတ်သွားခဲ့လေသည်။ ထို့နောက်တွင် ရှေးဟောင်းကုန်းမြေထဲ၌ နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိလာခဲ့သော သွေးတံခါးကြီးမှာ သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့လေသည်။

သွေးတံခါး ပျောက်ကွယ်သွားပြီးသည့်နောက်တွင် ပတ်ဝန်းကျင်အနှံ့ ပြည့်နှက်နေသော တားမြစ်စွမ်းအားမှာလည်း အလားတူ ပျောက်ကွယ်သွားခဲ့ရလေသည်။

နောက်ဆုံး သေဘေးမှ အသက်ရှင်လျက် လွတ်မြောက်လာနိုင်သည့် အခါမှသာလျှင် ဖန်းဝူနှင့် အခြားသူများအားလုံး သက်ပြင်းချနိုင်ကြတော့သည်။ ကျန်းရို့ရှီထွက်သွားသည့်အပေါ် သူတို့ အမှန်တကယ်ကိုမှ ဝမ်းသာနေမိခဲ့လေသည်။ ကျန်းရို့ရှီသာ ဆက်နေနေဦးမည်ဆိုပါက သူတို့အနေဖြင့် အသက်ပင် ကောင်းကောင်း ရှူနိုင်တော့လိမ့်မည် မဟုတ်ချေ။

အကြည့်ချင်းဖလှယ်ပြီးသည့်နောက်တွင် အကုန်လုံးသည် ရန်ကိုင်ဆီသို့ ပြေးသွားလျက် လက်သီးဆုပ်ကာ ပြောလိုက်လေ၏။ “ဂုဏ်ယူပါတယ်ဆရာရန်….”

လက်ရှိအချိန်တွင် နတ်အရှင်သုံးပါးစလုံးသည် ရန်ကိုင်ရှေ့၌ ယခင်ကကဲ့သို့ ဆရာကြီးပုံစံမျိုး မလုပ်ရဲတော့ချေ။ အကုန်လုံးမှာ မိမိကိုယ်မိမိ အတတ်နိုင်ဆုံး နှိမ့်ချထားကြသည်။ သူတို့စိတ်ထဲ ရန်ကိုင်သည် သူတို့၏ပြုမူပုံအပေါ် မကျေနပ်၍ ကောင်းကင်အမိန့်တော်၏ မျိုးဆက် ပြန်ထွက်လာသည့်အခါ သွားရောက်တိုင်တန်းမည်ကို စိုးရိမ်နေကြခြင်းပင် ဖြစ်လေသည်။

ရန်ကိုင်ကမူ သူ့နဖူးထက် တင်ကျန်ရစ်ခဲ့သော ကျန်းရို့ရှီ၏ အနမ်းအကြောင်းကို ပြန်စဉ်းစားမိနေဆဲ။ ရုတ်တရက် နတ်အရှင်များ သူ့ရှေ့သို့ ရောက်လာပြီး စကားပြောလိုက်သည်ကိုကြားသော် ခေါင်းမော့ကြည့်လျက် ပြန်ပြောလိုက်လေသည်။ “ဘာဂုဏ်ယူစရာရှိလို့လဲ…”

နတ်အရှင်များ ဘာကြောင့် သူ့အား ဂုဏ်ပြုစကား လာပြောမှန်း ရန်ကိုင်သိပေသည်။ ကောင်းကင်အမိန့်တော်မျိုးဆက်၏ မျက်နှာသာပေးခြင်း ခံရသူ မည်သူမဆို ကြယ်တာရာအစုအဝေးထဲ ခေါင်းမော့ရင်ကော့၍ သွားနိုင်ပေသည်။ မဟာဧကရာဇ်များသည်ပင်လျှင် ထိုလူအား တလေးတစားဖြင့် ဆက်ဆံရပေလိမ့်မည်။

“အားကိုးစရာတစ်ခု ရလိုက်လို့ဆိုပြီး ကျုပ်ကို လာဂုဏ်ပြုပေးနေကြတာလား…” ရန်ကိုင်က မျက်နှာကြီးမဲ့လျက် ပြန်ပြောလိုက်လေသည်။ “ခင်ဗျားတို့ ကျုပ်ကို ဘာမှတ်နေတာလဲ…”

ရန်ကိုင်၏ တုံ့ပြန်ပုံကိုမြင်သော် ဖန်းဝူနှင့် အခြားသူများအားလုံး ဘာပြန်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားကုန်ကြလေသည်။

“ခင်ဗျားတို့ ထွက်သွားလိုက်ပေတော့… ကျုပ် တစ်ခုခု လုပ်စရာရှိသေးတယ်…” ရန်ကိုင်က လက်ဝှေ့ယမ်းလျက် ပြောလိုက်လေသည်။ ထို့နောက် တစ်ခုခုအား စဉ်းစားမိသွားသည့်အလား ထပ်ပြောလိုက်လေ၏။ “ကျောက်တုံးဝိဉာဉ်ကလန်သားတွေကိုတော့ နေခိုင်းခဲ့ဦး…”

“ဟုတ်ကဲ့…”

ဖန်းဝူနှင့် အခြားသူများအားလုံးသည် အလျင်စလို လက်သီးဆုပ်နှုတ်ဆက်၍ ထိုနေရာမှ တလေးတစား ထွက်လာခဲ့ကြလေသည်။

နတ်အရှင်များ ထွက်သွားပြီးသည့်နောက် ရန်ကိုင် ခေါင်းမော့၍ လှမ်းကြည့်လိုက်ရာ ပင်းယွင်၏ တတိယတပည့်သည် တိမ်စိုက်တိမ်တိုက်များပေါ်တွင် ရပ်လျက် သွေးတံခါးပျောက်ကွယ်သွားသည့် ဘက်ဆီသို့ နှုတ်ခမ်းလေးစူ မျက်မှောင်လေးကြုတ်ကာ မကျေမနပ်ဖြင့် လှမ်းကြည့်နေကြောင်း တွေ့လိုက်ရလေသည်။

သူမသည် ဤနေရာသို့ ကျန်းရို့ရှီနှင့် ရောက်လာခဲ့ခြင်းဖြစ်ပေသည်။ ယခု သူမ၏မိတ်ဆွေမှာ ထွက်သွားပြီဖြစ်ကာ သူမတစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။ ကျန်းရို့ရှီမရှိတော့သည့်နောက် တတိယတပည့်မှာ ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေတော့လေသည်။

“တတိယတပည့်…” ရန်ကိုင်က လှမ်းအော်ခေါ်လိုက်သည်။ ရန်ကိုင်၏အသံကို ကြားပြီးသည့်နောက် တတိယတပည့်သည် ရန်ကိုင်ဘက်သို့ ချက်ချင်း လှည့်ကြည့်လာခဲ့လေသည်။ ရန်ကိုင်၏မျက်နှာကို မြင်ပြီးသည့်နောက် ဝမ်းသာအားရဖြင့် ရေရွတ်လိုက်လေသည်။ “ငါ့ကိုလာဖမ်း… ငါ့ကိုလာဖမ်း…”

ထိုကဲ့သို့ ပြောပြီးသည့်နောက် ရန်ကိုင်နှင့် တူတူပုန်းတမ်း ကစားရန်အတွက် ဤနေရာမှ ထွက်ပြေးရန် ပြင်လိုက်လေသည်။

“တတိယတပည့်… အရူးလုပ်မနေတော့နဲ့… နင့်ဆရာ၊ ဆရာတူညီအစ်မတွေနဲ့ ပြန်မတွေ့ချင်တော့ဘူးလား…” ရို့ရှီကိစ္စကြောင့် ရန်ကိုင်သည် တတိယတပည့်နှင့် တူတူပုန်းတမ်းကစားရန် စိတ်ပါမနေခဲ့ချေ။ ထို့အတွက်ကြောင့် လိုရင်းကိုသာ တန်းပြောချလိုက်လေသည်။

သူထင်ထားသည့်အတိုင်းပင် တတိယတပည့်မှာ ထိုအကြောင်းကိုကြားပြီးသည့်နောက် ပြေးရန် ပြင်နေသည်ကို ရပ်တန့်လိုက်သည်။ ထို့နောက် ရန်ကိုင်ဆီသို့ ကတုန်ကယင်မျက်ဝန်းများဖြင့် ပြန်၍ လှည့်ကြည့်လာခဲ့လေသည်။

ရန်ကိုင်မှာ တတိယတပည့် တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်နေခြင်း ဖြစ်ပေသည်။ သို့သော်ငြား သူထင်ထားသလို ဖြစ်မလာခဲ့။ အံ့အားသင့်ဖွယ်ကောင်းစွာပင် ခဏအကြာ၌ တတိယတပည့်၏ မျက်လုံးများမှာ တစ်ဖန်ပြန်လည်ကြည်လင်လာခဲ့ပြီး အံကြိတ်၍ မေးလိုက်လေသည်။ “နင် ငါ့ဆရာကို သိတာလား…”

လက်ရှိ တတိယတပည့် စကားပြောနေသည့်ပုံမှာ စိတ်မနှံ့သည့် လူတစ်ဦးနှင့် မတူဘဲ လုံးဝကို ကျန်းကျန်းမာမာနှင့် ရှိနေသည့် လူတစ်ဦးပုံစံအတိုင်းပင်။

“သိတယ်…” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

“သူ…” တတိယတပည့်မှာ ရုတ်တရက်ဆိုသလို စိုးရိမ်ပူပန်လာသည့်အလား ရန်ကိုင်အား ရင်တထိတ်ထိတ်ဖြင့် ကြည့်ရင်း မေးလိုက်လေ၏။ “သူ အသက်ရှင်နေသေးလား…”

ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်လေ၏။ “စီနီယာပင်းယွင် ရေခဲနှလုံးသားတောင်ကြားကို ပြန်ရောက်လာပြီ… နင့်စီနီယာအစ်မတွေနဲ့ ဂျူနီယာညီမတွေက နင့်ကို စိတ်ပူပြီး လိုက်ရှာနေကြတယ်…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၆၀၃) ရူးသွပ်နေသာတတိယတပည့်

ဘာသာပြန်သူ_တိမ်တိုက်

“ဆရာ အသက်ရှင်နေသေးတာလား…” တတိယတပည့် ဒယီးဒယိုင် ဖြစ်သွားခဲ့လေသည်။ ထို့နောက် စိတ်သက်သာရာရသွားဟန်ဖြင့် ပြုံးလျက် အကျယ်ကြီး အော်ရယ်မောတော့လေ၏။ “ဆရာ… ဆရာ… ဆရာဘယ်ရောက်နေတာလဲ…”

ထိုသို့ပြောနေရင်းဖြင့် တတိယတပည့်သည် လမ်းပျောက်သွား၍ အိမ်ပြန်လမ်းကို ရှာမတွေ့တော့သည့် ကလေးငယ်တစ်ဦးပမာ ရှိုက်ကြီးတငင် ငိုကြွေးတော့လေသည်။

ရန်ကိုင်၏အမူအယာ သုန်မှုန်သွားခဲ့လေသည်။ တတိယတပည့်သည် အလွန်ကိုမှ စိတ်ခံစားလွယ်ကာ အလွန်တရာ စိတ်လှုပ်ရှားပါက သူမ၏စိတ်အခြေအနေအား ထိန်းထားနိုင်ခြင်း မရှိတော့မှန်းကိုလည်း နားလည်သွားခဲ့လေ၏။

“ဝှစ်…” တတိယတပည့်သည် ရုတ်တရက် ပျောက်ကွယ်သွားပြီး ရန်ကိုင်နောက်တွင် ပြန်ပေါ်လာခဲ့လေသည်။ ထို့နောက် မျက်ရည်ရွဲလဲဖြင့် ရုတ်တရက် အော်ရယ်မောလျက် ပြောလိုက်လေ၏။ “ဆရာက ဒီမှာကိုး… တပည့် ဆရာ့ဆံပင်ကို ဖြီးပေးမယ်နော်…”

ထိုသို့ပြောပြီးသည့်နောက်တွင် ဖွာကြဲလန်နေသည့် ရန်ကိုင်၏ဆံပင်များကို သူမလက်ဖြင့် ကိုင်ကာ သေသေချာချာ စတင် ဖြီးလိမ်းပေးတော့လေ၏။

“ဘာတွေဖြစ်နေတာလဲ…” ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ တတိယတပည့်အား စစ်ဆေးကြည့်လိုက်ရာ သူမ၏စိတ်အခြေအနေမှာ လုံးဝကို ကသောင်းကနင်း ဖြစ်နေပါသော်ငြား သူ့ဆံပင်ကို ဖြီးလိမ်းပေးနေစဉ်အတောအတွင်း သူမ၏အမူအယာသည် လုံးဝကို တည်ငြိမ်နေကြောင်း တွေ့ရှိလိုက်ရလေသည်။ တတိယတပည့်သည် အလေးအနက်အမူအယာဖြင့် သူ၏ဆံပင်ကို အသေအချာ ဖြီးပေးနေခြင်း ဖြစ်လေသည်။

တတိယတပည့်သည် သူ့အား စီနီယာပင်းယွင်နှင့် အထင်မှားသွားခြင်းပေလော။

သို့သော်ငြား သူ့ပုံစံသည် စီနီယာပင်းယွင်နှင့် တစ်စက်ကလေးမျှပင် မတူညီပေ။ လိင်အမျိုးအစားလည်း မတူညီလေရာ သာမန်လူတစ်ဦးသာဆိုပါက သူ့အား ပင်းယွင်နှင့် အထင်မှားစရာအကြောင်း မရှိချေ။ ကြည့်ရသလောက် တတိယတပည့်မှာ အတော်လေးကိုမှ ဆိုးဆိုးရွားရွား စိတ်ထိခိုက်ထားရသည့်ပုံပင်။

ရန်ကိုင်သည် အကြံတစ်ခုကို စဉ်းစားမိသွားခဲ့ပြီး မျက်မှောင်ကြုတ်လျက် အလျင်အမြန်ပြောလိုက်လေ၏။ “တပည့်မိုက်… နင့်အမှားနင်သိပြီလား…”

ရန်ကိုင်မှ ထိုကဲ့သို့ပြောလိုက်သည်နှင့် တစ်ပြိုင်နက် သူ့ဆံပင်ကို ဖြီးလိမ်းပေးနေသော တတိယတပည့် တုန်တုန်ရီရီ ဖြစ်သွားခဲ့လေသည်။ ထို့နောက်တွင် တတိယတပည့်သည် ရန်ကိုင်ရှေ့သို့ ကြောက်ကြောက်လန့်လန့်ဖြင့် ထွက်လာလျက် ဒူးထောက်ကာ ဦးညွှတ်၍ တုန်တုန်ရီရီဖြင့် ပြောလိုက်လေသည်။ “ဆရာ… ကျေးဇူးပြုပြီး တပည့်ကို ဆုံးမပေးပါဦး…”

တတိယတပည့်သည် ရန်ကိုင်အား စီနီယာပင်းယွင်ဟု အမှန်တကယ် မှတ်ယူနေခဲ့လေသည်။

ထိုအချင်းအရာကိုမြင်သော် ရန်ကိုင် ဝမ်းသာသွားခဲ့သည်။ သို့သော်ငြား ခက်ထန်သည့်အမူအယာဖြင့် ဆူပူကြိမ်းမောင်းလိုက်သေး၏။ “နင့်ဆရာက ရေခဲနှလုံးသားတောင်ကြားကို ပြန်ရောက်နေတာတောင် နင်က ဘာဖြစ်လို့ အပြင်မှာ လျှောက်သွားနေသေးတာလဲ… ဘာလဲ အပြင်ဘဝကြီးမှာ ပျော်သွားလို့ ရေခဲနှလုံးသားတောင်ကြားကို ပြန်လာဖို့တောင် မေ့နေတာလား…”

တတိယတပည့်က ကတုန်ကယင်လေသံဖြင့် ပြန်ဖြေလိုက်လေ၏။ “မဟုတ်ပါဘူး ဆရာ… တပည့် ပြန်မလာရသေးတာက… တပည့် ပြန်မလာရသေးတာက…”

တတိယတပည့်သည် အတန်ကြာအောင် စဉ်းစားနေသည့်တိုင် သူမ ဘာကြောင့် အပြင်သို့ ရောက်နေသလဲ ဆိုသည်ကိုပင် မရှင်းပြနိုင်ခဲ့ပေ။ ကြည့်ရသလောက် ရေခဲနှလုံးသားတောင်ကြားမှ ဘာကြောင့် ထွက်လာခဲ့ရသလဲ ဆိုသည်ကို လုံးဝ မေ့လျော့သွားသည့်ပုံပင်။

အခြေအနေမှာ ပိုဆိုးလာပြီဟု ရန်ကိုင် တွေးမိသွားလေသည်။ သူမကိုသာ ထိုအကြောင်းအား ဆက်စဉ်းစားခိုင်းပါက သူမစိတ်အခြေအနေမှာ ပိုမိုဆိုးရွားလာနိုင်ပေသည်။ ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်နောက်တွင် ရန်ကိုင်က ချက်ချင်း အော်ပြောလိုက်လေ၏။ “မဟုတ်ဘူးဆိုလို့ရှိရင် အခုချက်ချင်း နင့်ဆရာနဲ့ ရေခဲနှလုံးသားတောင်ကြားဆီ ပြန်လိုက်ခဲ့ပေတော့… ငါ့အမိန့်မရပဲနဲ့ နောက်တစ်ကြိမ် အပြင်ထွက်ဖို့ကို လုံးဝ မစဉ်းစားနဲ့…”

တတိယတပည့် မျက်နှာထက်ရှိ တွေဝေနေသည့် အမူအယာမှာ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့ပြီး တလေးတစားဖြင့် ပြန်ပြောလိုက်လေသည်။ “တပည့် နားလည်ပါပြီ ဆရာ…”

ရန်ကိုင်က ခေါင်းညိတ်လျက် ပြောလိုက်လေ၏။ “ကောင်းပြီ… ထပေတော့…”

“ကျေးဇူးအများကြီး တင်ပါတယ်ဆရာ…”

“ဟိုမှာ သွားရပ်နေ… နင့်ဆရာ ဒဏ်ရာတွေကို ပြန်ကုရဦးမယ်… ဒီအချိန်အတောအတွင်း ဘယ်သူ့ကိုမှ အနားကပ်လာမခံနဲ့…” ရန်ကိုင်က အမိန့်ပေးလိုက်လေသည်။

တတိယတပည့်သည် ရန်ကိုင်ပြောသည့်အတိုင်း သူပြောသည့်နေရာတွင် သွားရပ်နေလျက် ဘေးပတ်ဝန်းကျင်အား ကျီးကန်းတောင်းမှောက်လှည့်ပတ်ကာ စစ်ဆေးကြည့်နေလေသည်။

သူမ၏ ထိုပုံစံကို မြင်သည့်အခါမှသာ ရန်ကိုင်လည်း သက်ပြင်းချလိုက်နိုင်လေ၏။ ရန်ကိုင်သည် တတိယတပည့် စိတ်မနှံ့သည်ကို အခွင့်ကောင်းယူရန် ကြိုးစားနေခြင်းမဟုတ်ချေ။ တတိယတပည့်ကိုသာ ဤအတိုင်း ထားလိုက်မည်ဆိုပါက သူမဘာသာ လာချင်တိုင်းလာ သွားချင်တိုင်းသွားနေတော့ပေမည်။ တတိယတပည့်အား မျက်ခြေပြတ်သွားပါက မည်သည့်အချိန်မှ နောက်တစ်ကြိမ် ပြန်တွေ့ရမလဲ ဆိုသည်ကို မည်သူမှ မပြောနိုင်ပေ။ ထို့အတွက်ကြောင့် ဤနည်းလမ်းကိုသုံး၍ သူ့အနားတွင် ခေါ်ထားခြင်း ဖြစ်လေသည်။

ရန်ကိုင်သည် တတိယတပည့်အား တိတ်တဆိတ် ကြိတ်၍ စောင့်ကြည့်နေခဲ့လေသည်။ သူမ ရူးနှမ်းသွားသည့် အရိပ်အယောင်မျိုး ထပ်မပြသည့် အခါမှသာ သူ့ကိုယ်ထဲတွင် ရှိနေသော ဖီးနစ်သွေးအသီး၏ ဆေးအာနိသင်များကို စုပ်ယူ၍ ဒဏ်ရာများကို ကုသရန် ကြိုးစားတော့လေသည်။

ယခုတစ်ကြိမ် ရန်ကိုင် အတော်လေးကိုမှ ဒဏ်ရာရသွားခဲ့ရပေသည်။ သူ့အသွေးအသားများသာလျှင် ပျက်စီးသွားခြင်းမဟုတ် အရိုးများလည်း ကျိုးသွားခဲ့ရသည်။ ရှီဟွော့၏တိုက်ခိုက်မှုများကြောင့် သူ့ခြေထောက်နှစ်ဖက်စလုံး သွင်သွင်ကျိုးသွားခဲ့ရကာ ကိုယ်တွင်းအင်္ဂါများမှာလည်း ဆိုးဆိုးရွားရွားကို ထိခိုက်သွားခဲ့ရလေသည်။

ကံကောင်းစွာဖြင့် ရန်ကိုင်သည် အားကောင်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခဲ့သလို သူ၏ ရွှေရောင်သွေးစက်မှာလည်း မြင့်မားလှသော ပြန်လည်ကုသနိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။ သူ့နေရာတွင်သာ အခြားလူတစ်ဦးဆိုပါက ထိုဒဏ်ရာများကြောင့် သေလျှင်သေ မသေလျှင် သေခါနီး ဖြစ်နေပေလိမ့်မည်။

သူ့ခန္ဓာကိုယ်တစ်လျှောက် ဧကရာဇ်ချီများ စီးဆင်းလာခဲ့ပြီး ဖီးနစ်သွေးအသီး၏ ဆေးအာနိသင်ကို တဖြည်းဖြည်းနှင့် စုပ်ယူတော့လေသည်။ ကျိုးကြေပျက်စီးသွားသော ရန်ကိုင်၏အရိုးများမှာ တဖြည်းဖြည်း ပြန်ဆက်သွားကာ ဖူးယောင်ကိုင်းနေသည့် သူ့မျက်နှာတစ်ခုလုံးမှာလည်း တစ်စ တစ်စနှင့် ပုံမှန်ပြန်ဖြစ်လာခဲ့သည်။

ကုသသည့်နေရာတွင် အလွန်ကိုမှ အစွမ်းထက်လှသည့် ဖီးနစ်သွေးအသီး ဆိုသည့်အတိုင်းပင်။ ဒဏ်ရာများမှာ အတော်လေးကိုမှ ပြန်လည်သက်သွားပြီဖြစ်သလို အရိုးများမှာလည်း ပြန်ဆက်သွားပါသော်ငြား ပုံမှန်အတိုင်း လှုပ်ရှားဖို့ရာ ရန်ကိုင်အနေဖြင့် ရက်အတော်ကြာခန့် အနားယူရန် လိုပေဦးမည်။

တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင် မျက်လုံးပြန်ဖွင့်လာကာ တတိယတပည့်ဆီသို့ လှမ်းကြည့်လိုက်လေသည်။ တတိယတပည့်သည် သူရပ်ခိုင်းသည့်နေရာတွင် ရပ်လျက် သူပြောသည့်အတိုင်း ဘေးပတ်ဝန်းကျင်အား စောင့်ကြည့်နေကြောင်း တွေ့ရှိလိုက်ရသည်။

နတ်အရှင်သုံးပါးနှင့်တကွ မွန်းစတားဘုရင်ပေါင်းများစွာနှင့် ကျောက်တုံးဝိဉာဉ်ကလန်သားများသည် ဆယ်မိုင်အကွာခန့်မှနေ၍ ရန်ကိုင်ရှိရာဘက်သို့ လှမ်းကြည့်နေကြလေသည်။ လက်ရှိအချိန်တွင် အကုန်လုံး၏စိတ်ထဲ အမျိုးမျိုး‌ ခံစားနေကြရလေသည်။

ရှဲ့ဝူဝေမှာလည်း ဒွိဟဖြစ်သော စိတ်ခံစားချက်များကို ခံစားနေခဲ့ရလေသည်။ ပထမဦးစွာ ရန်ကိုင်၏ အစေခံဖြစ်သွားရစဉ်က သူ့စိတ်ထဲ အလွန်ကိုမှ မပျော်မရွှင် ဖြစ်ခဲ့ရသည်။ ရန်ကိုင်သည် အလွန်ကိုမှ အရှက်မဲ့ကာ အောက်တန်းကျသည်ဟု ခံစားခဲ့ရသည်။ ရန်ကိုင်ကြောင့်သာ မဟုတ်ပါက သူ့အနေဖြင့် သူ့ထက်အဆင့်နိမ့်သည့် လူတစ်ဦး၏ ကျွန်တစ်ယောက် ဖြစ်လာရလိမ့်မည် မဟုတ်ချေ‌။

သို့ရာတွင်မူ ရှဲ့ဝူဝေမှာ ယခု ထိုကဲ့သို့ လုံးဝ မတွေးတော့ချေ။

နတ်အရှင်သုံးပါးသည်ပင်လျှင် ရန်ကိုင်အား တလေးတစား ဆက်ဆံနေခဲ့ရသည်။ သူ့ဒဏ်ရာများအား ပြန်လည်ကုသနေသည်ကိုပင် နတ်အရှင်များမှ သွားရောက် မနှောင့်ယှက်ရဲခဲ့ပေ။ ထို့အပြင် မွန်းစတားဘုရင်နှင့် ဘုရင်ချုပ်များအား ရန်ကိုင်၏ရုပ်ရည်ကို သေသေချာချာမှတ်ထား၍ နောက်နောင် ရန်ကိုင်အား မြင်ပါက နတ်အရှင်တစ်ပါးအား မြင်သည့်ပမာ ဆက်ဆံရမည်ဟု အမိန့်ပေးထားခဲ့သေးသည်။

နတ်အရှင်များပင်လျှင် ရန်ကိုင်အပေါ် ဤမျှ လေးစားကြောက်ရွံ့နေရသည်ဆိုပါက သူ့ကဲ့သို့သော မွန်းစတားဘုရင်တစ်ဦး ရန်ကိုင်၏လက်အောက်ငယ်သားဖြစ်သည်မှာ ဘာမှ အထူးအဆန်းမဟုတ်တော့ချေ။

ရှဲ့ဝူဝေစိတ်ထဲ နောင်တရနေသည့် တစ်ချက်တော့ ရှိပေသည်။ ရန်ကိုင်ဘေးနားတွင် ရှိနေသည့် ကောင်မလေးသည်သာ ကောင်းကင်အမိန့်တော်၏မျိုးဆက်တစ်ဦးမှန်း သိနေခဲ့မည်ဆိုပါက အစောကြီးကတည်းက ရန်ကိုင်နှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားခဲ့ပေမည်။

သူသာ ရန်ကိုင်ဘက်မှ အပြည့်အဝ ထောက်ခံပေးခဲ့သလို ရန်ကိုင်နှင့်လည်း အတော်လေးကိုမှ ရင်းနှီးသည်ဆိုပါက ကောင်းကင်အမိန့်တော်၏မျိုးဆက် သွေးတံခါးထဲသို့ ဝင်သွားစဉ် သူ့ကိုပါ အတူ ခေါ်သွားလောက်ပေသည်။ သို့သော်ငြား ယခုတွင်မူ ကောင်းကင်အမိန့်တော်၏ မျိုးဆက်သည် သူမနှင့်အတူ ကျောက်တုံးဝိဉာဉ်တစ်ကောင်ကိုသာ ထိုင်းယွဲ့၏စွမ်းအားကို ဆက်ခံစေရန်အတွက် ခေါ်သွားခဲ့ပေသည်။ ထိုအချင်းအရာကိုကြည့်ရင်း ရှဲ့ဝူဝေမှာ အလွန်ကိုမှ မနာလို အားကျနေရလေ၏။

“တတိယတပည့်… နတ်အရှင်သုံးပါးနဲ့ ကျောက်တုံးဝိဉာဉ်အကြီးအကဲကို လှမ်းခေါ်လိုက်…” ရန်ကိုင်က အမိန့်ပေးလိုက်လေသည်။

တတိယတပည့်သည် ဦးညွှတ်၍ ဆယ်မိုင်ခန့်အကွာသို့ ပျံသန်းသွားလေသည်။ ရန်ကိုင်သည် မြေပြင်ပေါ်တွင် ကျကျန်နေခဲ့သော တောင်နဲ့မြစ်ခေါင်းလောင်းဆီသို့ သွားလျက် စစ်ဆေးကြည့်လိုက်သည်။

တောင်နဲ့မြစ်ခေါင်းလောင်းဆီမှ သူ့ဝိဉာဉ်အမှတ်အသားကို အတင်းအကြပ် ဖယ်ထုတ်ခဲ့ရသည့် အတွက်ကြောင့် လက်ရှိ တောင်နဲ့မြစ်ခေါင်းလောင်းမှာ ပိုင်ရှင်မဲ့ပစ္စည်းတစ်ခု ဖြစ်နေခဲ့လေသည်။ တောင်နဲ့မြစ်ခေါင်းလောင်း ပိုင်ရှင်မရှိတော့သည့် အချိန်မှစ၍ မည်သူမျှ ဤမှော်ရတနာအား လာထိခဲ့ခြင်းမရှိ။

ပျံသန်းလာပြီးသည့်နောက် တစ်ခဏအတွင်း တတိယတပည့်သည် ဆယ်မိုင်ခန့်အကွာဆီသို့ ရောက်လာခဲ့လေသည်။ ညစ်ပတ်ပေရေနေသော မျက်နှာနှင့် စုတ်ပြဲနေသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် တတိယတပည့်ကို ကြည့်ရင်း မွန်းစတားမျိုးနွယ်စုဝင်များမှာ နားမလည်နိုင် ဖြစ်နေခဲ့ကြသည်။ သူမ မည်သူ ဖြစ်လို့ဖြစ်မှန်း မည်သူမျှ သေချာမသိကြချေ။

ရန်ကိုင်သည် တတိယတပည့်အား လိုက်ရှာနေခဲ့ခြင်းမှန်း ရှဲ့ဝူဝေသိပေသည်။ သူသည်လည်း တတိယတပည့်၏ ရုပ်ရည်ကို မြင်ခဲ့ဖူးသည်။ သို့သော်ငြား လက်ရှိအချိန်သည် ထိုအကြောင်းကို ပြောနေရမည့် အချိန်မဟုတ်ချေ။

“ကျွန်မဆရာက နတ်အရှင်သုံးပါးနဲ့ ကျောက်တုံးဝိဉာဉ်အကြီးအကဲကို တွေ့ဖို့ ခေါ်ခိုင်းလိုက်ပါတယ်…” တတိယတပည့်သည် ဖန်းဝူနှင့် အခြားသူများကိုကြည့်၍ ပြောလိုက်သည်။

“ဆရာ…” ထိုစကားကိုကြားသည့်အခါ ဖန်းဝူနှင့် အခြားသူများ၏ အမူအယာ အံ့အားသင့်သွားကုန်ကြလေသည်။ ဘာတွေဖြစ်လို့ဖြစ်သွားမှန်း သူတို့လုံးဝမသိချေ။

ရန်ကိုင်၏ကျင့်ကြံခြင်းမှာ ဧကရာဇ်ပထမအဆင့်သာ ရှိသေးပြီး ဤညစ်ပတ်ပေရေနေသည့် အမျိုးသမီးမှာတော့ ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေခဲ့လေသည်။ ဘာကြောင့်များ သူမသည် ရန်ကိုင်အား ဆရာဟု ခေါ်နေလေသနည်း။

ထို့အပြင် ဤအမျိုးသမီး၏ လေသံနှင့် သဘောထားကို ကြည့်ရသလောက် သူမနောက်နေသည့်ပုံမပေါ်။ ဖန်းဝူစိတ်ထဲ သံသယရိပ်တို့ တလှိမ့်လှိမ့် တက်လာခဲ့လေသည်။ သို့သော်ငြား သွားမမေးရဲခဲ့ပဲ ပြုံး၍သာ ခေါင်းညိတ်လျက် ပြန်ပြောလိုက်လေသည်။ “ကျေးဇူးပြုပြီး ရှေ့ကနေ ဦးဆောင်သွားပါနော်…”

ထိုသို့ပြောပြီးသည့်နောက် တတိယတပည့်နောက်မှ လိုက်သွားတော့မည်အပြု တစ်ခုခုအား သတိရသွားပြီး ကျောက်တုံးဝိဉာဉ်အကြီးအကဲဘက်သို့လှည့်၍ လက်ဆန့်ထုတ်ကာ ပြောလိုက်လေ၏။ “အကြီးအကဲ… ကျေးဇူးပြုပြီး အရှေ့ကနေသွားပါ…”

ဖန်းဝူ မည်သည်အား စိတ်ပူနေမှန်း အကြီးအကဲ သိပေသည်။ ထို့ကြောင့် တစ်ချက်မျှ ရယ်သွမ်းသွေးလျက် ဖန်းဝူပြောသည့်အတိုင်း ရှေ့မှ ထွက်သွားလေ၏။

မကြာမီတွင် နတ်အရှင်သုံးဦးနှင့်တကွ ကျောက်တုံးဝိဉာဉ်အကြီးအကဲသည် တတိယတပည့်၏ ဦးဆောင်မှုဖြင့် ရန်ကိုင်ဆီသို့ ရောက်လာခဲ့လေသည်။

“ဆရာ…” တတိယတပည့်သည် ရန်ကိုင်ကို လှမ်းခေါ်လိုက်ပြီးသည့်နောက် ဘေးဘက်တွင် တလေးတစားဖြင့် သွားရပ်နေလေသည်။

ရန်ကိုင်လည်း ခေါင်းညိတ်လိုက်ပြီး သူတို့ဆီသို့ လျှောက်လာခဲ့လေ၏။

“ဆရာရန်…” ဖန်းဝူ၊ လွမ်ဖုန်းနှင့် ချန်ကွော့တို့သည် ချက်ချင်း လက်သီးဆုပ်၍ ရန်ကိုင်အား အားတင်းပြုံးပြကာ နှုတ်ဆက်လိုက်ကြလေသည်။

သို့ရာတွင် ရန်ကိုင်ကမူ နတ်အရှင်သုံးပါးအား တစ်ချက်ကလေးပင် ကြည့်မနေခဲ့ပဲ ကျောက်တုံးဝိဉာဉ်အကြီးအကဲဆီသို့ တိုက်ရိုက်လျှောက်သွားလျက် ပြုံးကာ နှုတ်ဆက်လိုက်လေ၏။ “အကြီးအကဲ…”

ဖုန်းဝူနှင့် အခြားသူများမှာ အတော်လေးကိုမှ ကသိကအောက်ဖြစ်သလို ခံစားနေကြရသည်။ သို့သော်ငြား ဘာကိုမှ မပြောနိုင်ဘဲ ရှက်ရှက်ဖြင့် မတ်တပ်ရပ်နေရုံသာ တတ်နိုင်ခဲ့လေသည်။

“ဆရာရန်…” အကြီးအကဲမှာ ရန်ကိုင်အား မရိုင်းပျရဲပေ။ ရန်ကိုင်နှင့် ကောင်းကင်အမိန့်တော်၏မျိုးဆက်ကြားမှ ရင်းနှီးသည့် ဆက်ဆံရေးသက်သက်ကို ထည့်စဉ်းစားမည်ဆိုလျှင်ပင် ရှေးဟောင်းကုန်းမြေထဲရှိ မည်သူမှ ရန်ကိုင်ရှေ့တွင် မာနတစ်ခွဲသားဖြင့် မပြုမူရဲကြပေ။

ရန်ကိုင်သည် အကြီးအကဲ၏လက်ကို အောက်သို့ဖိချလျက် သက်ပြင်းချကာ ပြောလိုက်လေ၏။ “ဒီနေ့အဖြစ်အပျက်တွေက ထင်ထားသလို ဖြစ်မလာခဲ့ပေမယ့် နောက်ဆုံးမှာတော့ ကျုပ်တာဝန်ကို အောင်မြင်ခဲ့တယ်လို့ ပြောရမယ်… အခု ရှောင်ရှောင် သွေးတံခါးထဲကို ဝင်သွားခဲ့ပြီ… ရို့ရှီရဲ့အကူအညီ ရှိနေတယ်ဆိုမှတော့ သူ့အနေနဲ့ ကျိန်းသေ ထိုင်းယွဲ့ရဲ့ စွမ်းအားကို ဆက်ခံနိုင်မှာသေချာတယ်…”

အကြီးအကဲမှာ ထိုအကြောင်းကို ဖန်းဝူနှင့် အခြားသူများဆီမှ ကြားပြီးသွားပြီ ဖြစ်ပါသော်ငြား ရန်ကိုင်ကိုယ်တိုင် ပြောလာသည်ကို ကြားသည့်အခါ စိတ်မလှုပ်ရှားဘဲ မနေနိုင်ခဲ့ပေ။ သူ၏ခန္ဓာကိုယ်ကြီးမှာ မသိမသာလေး တုန်ရီသွားခဲ့ပြီး ပြန်၍ပြောလိုက်လေ၏။ “ဆရာရန်ရဲ့ကျေးဇူးကို ကျုပ်တို့ကျောက်တုံးဝိဉာဉ်ကလန်တစ်ခုလုံး ကျိန်းသေ အမှတ်ရနေပါ့မယ်..”

“မလိုပါဘူး အကြီးအကဲ…” ရန်ကိုင်က ပြုံးလျက် “ရှောင်ရှောင်က ကျောက်တုံးဝိဉာဉ်ကလန်သားတစ်ယောက်ဆိုပေမဲ့ သူ့ကို ကျုပ်ကိုယ်တိုင် ပျိုးထောင်ပေးခဲ့တာလေ… ဒီတော့ သူအဆင်ပြေတာကိုပဲ ကျုပ်မြင်ချင်တာပေါ့… ရှင်းရှင်းပြောရရင် ကျုပ်တို့အားလုံးက တစ်မိသားစုတည်းလို့တောင် ပြောလို့ရတယ်… ဒီတော့ အခုလိုမျိုးတွေ လုပ်မနေပါနဲ့ အကြီးအကဲ…”

အကြီးအကဲ၏မျက်လုံးများ တောက်ပသွားခဲ့လေသည်။ “ဆရာရန်ရဲ့ နောက်လိုက်တစ်ယောက် ဖြစ်ခွင့်ရတာ ရှီကျို့ရဲ့ အကြီးမားဆုံး ကံကောင်းမှုပဲ… ကျုပ်တို့ကျောက်တုံးဝိဉာဉ်ကလန်အတွက်လည်း အတူတူပဲ…”

ရန်ကိုင်က ပြန်၍ပြောလိုက်လေ၏။ “အကြီးအကဲ စိတ်ပူမနေတော့နဲ့… အခုကနေစပြီး အကြီးအကဲတို့နေတဲ့နေရာ မိုင်တစ်သိန်းဝန်းကျင်က အကြီးအကဲတို့ရဲ့ ပိုင်နက်ပဲ။ ကျောက်တုံးဝိဉာဉ်ကလန် နောက်တစ်ကြိမ် ထပ်ပြီးတော့ နှောင့်ယှက်ခံရတော့မှာမဟုတ်ဘူး… ရှေးဟောင်းကုန်းမြေထဲမှာ ရှိတဲ့ ဘယ်သူမှ အကြီးအကဲတို့ မလုပ်ချင်တဲ့အရာကို တွန်းအားပေးလို့မရတော့ဘူး…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ဖန်းဝူနှင့် အခြားသောနတ်အရှင်နှစ်ပါးအား လှမ်းကြည့်လျက် ရယ်သွမ်းသွေးကာ ပြောလိုက်လေ၏။ “နတ်အရှင်တို့ရော ဘယ်လိုထင်လဲ…”

ဖန်းဝူက အလျင်စလို ပြန်ပြောလိုက်လေသည်။ “ဆရာရန်ပြောတဲ့အတိုင်းပါပဲ… ကျောက်တုံးဝိဉာဉ်ကလန်ကို ဘယ်သူမှ နှောင့်ယှက်တော့မှာမဟုတ်ပါဘူး… ကျုပ်တို့ရဲ့ လက်အောက်ငယ်သားတွေကိုလည်း ကျောက်တုံးဝိဉာဉ်ကလန်ရဲ့ ပိုင်နက်အနားကို ကပ်မသွားဖို့ သတိပေးထားလိုက်ပါမယ်… ကျောက်တုံးဝိဉာဉ်ကလန်ရဲ့ပိုင်နက်ထဲကို ခွင့်ပြုချက်မရဘဲ ဝင်သွားတဲ့လူတွေအကုန်လုံးကိုလည်း ချွင်းချက်မရှိ သတ်ပစ်ဖို့ အမိန့်ထုတ်ထားလိုက်ပါမယ်…”

လွမ်ဖုန်းနှင့် ချန်ကွော့တို့ကလည်း ခေါင်းအသီးသီး ညိတ်ပြလိုက်ကြသည်။

ရန်ကိုင်သည် နတ်အရှင်သုံးပါးအား မည်သည့်အပိုစကားမှ ပြောမနေတော့ဘဲ အကြီးအကဲဘက်သို့ ပြန်လှည့်၍ “အကြီးအကဲ… ဒီလောက်ဆိုကျေနပ်လား…. မကျေနပ်သေးရင် ထပ်ပြောလို့ရတယ်နော်… နတ်အရှင်သုံးပါးက ပြောရဆိုရလွယ်ပါတယ်… ဒီတော့ တစ်ခုခု တောင်းဆိုချင်တာရှိရင် ပြောသာပြော…”

ဖန်းဝူက အလျင်စလို ဝင်ပြောလိုက်လေ၏။ “ဟုတ်တယ် ဟုတ်တယ် အကြီးအကဲ… ခင်ဗျားတောင်းဆိုချင်တာ ရှိသေးရင် ပြောလိုက်နော်… ကျုပ်တို့တတ်နိုင်တယ်ဆိုရင် ခင်ဗျားတောင်းဆိုတာကို ကျိန်းသေ ဖြည့်ဆည်းပေးမယ်…”

အကြီးအကဲက ရယ်သွမ်းသွေးလျက် “မလိုပါဘူး… ဒီလောက်ဆိုလုံလောက်ပါပြီ… ငါတို့ကျောက်တုံးဝိဉာဉ်ကလန်က လူအရေအတွက်နည်းတော့ မိုင်တစ်သိန်းဆိုတာ ငါတို့နေဖို့အတွက် လုံလောက်တာထက်တောင် ပိုသွားပြီ…”

လက်ရှိရလဒ်နှင့် ပတ်သက်၍ အကြီးအကဲမှာ အတော်လေးကိုမှ ဝမ်းသာနေခဲ့လေသည်။ ဖန်းဝူနှင့် အခြားသူများအားလုံး ဤမျှ ရက်ရောနေရခြင်းမှာ ရန်ကိုင်ကြောင့်မှန်း သူသိထားသည်။ ထို့ကြောင့်သာမဟုတ်ပါက မိုင်တစ်သိန်းမဆိုထားနှင့် မိုင်တစ်သောင်းဟူသော နယ်မြေကိုပင်လျှင် သူတို့ဆီမှ တောင်းလို့ရလိမ့်မည် မဟုတ်ချေ။

အကြီးအကဲစိတ်ထဲတွင်လည်း ကြိတ်၍တွေးနေခဲ့လေသည်။ ယနေ့ ဤနေရာသို့ မလာစဉ်က အစီအစဉ်သာ မအောင်မြင်ခဲ့လျှင် သူ့ကိုယ်သူ စတေးပစ်ရန်ပင် ဆုံးဖြတ်ထားခဲ့သည်။ သို့သော်ငြား ယခုကဲ့သို့ ပျော်ရွှင်စရာ အဆုံးသတ်နှင့် ကြုံရလိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။

ယခုဆိုလျှင် ကျောက်တုံးဝိဉာဉ်ကလန်သည် အလွန်တရာကိုမှ အားကောင်းသည့် အားကိုးရာတစ်ခုကို ရရှိသွားသည်သာမဟုတ် ရှီကျို့သည်လည်း အနှေးနှင့်အမြန်ဆိုသလို နတ်သားရဲတစ်ကောင် ဖြစ်လာပေတော့မည်။

အမှီသဟဲပြုကာ နေထိုင်ကြသော သစ်သားဝိဉာဉ်ကလန်သားများသည်လည်း အကျိုးအမြတ်အသီးသီး ရရှိသွားခဲ့ကြလေသည်။ မည်သည်ကိုမှ တွေးပူစရာမလိုဘဲ လွတ်လွတ်လပ်လပ်နှင့် နေထိုင်နိုင်ရန်မှာ အကြီးအကဲ၏ အိပ်မက် ဖြစ်ပေသည်။ ယခုမူ ရန်ကိုင်ကြောင့် သူ့အိပ်မက်မှာ ပြည့်ဝလာရပေတော့မည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၆၀၄)

ဘာသာပြန်သူ_တိမ်တိုက်

ဖန်းဝူက ပြုံးလျက် “ဒီဘုရင်ရဲ့ နန်းတော်က အကြီးအကဲနေတဲ့နေရာနဲ့ သိပ်မဝေးဘူးရယ်… နောက်ပိုင်း အကြီးအကဲ အားလို့ရှိရင် လာလည်ချင်ရင် လာလည်လေ…”

အကြီးအကဲက ယဉ်ယဉ်ကျေးကျေးဖြင့် ပြန်၍ပြောလေ၏။ “နတ်အရှင်က အခုလိုမျိုး ဖိတ်ခေါ်တယ်ဆိုမှတော့လည်း ဒီအကြီးအကဲက လာလည်ရမှာပေါ့… အဲ့အခါကြ နတ်အရှင် စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်…”

ရန်ကိုင်သည် ဖန်းဝူအား ဂရုစိုက်နေစရာ မလိုပါသော်ငြား အကြီးအကဲကမူ ဖန်းဝူရှေ့ မာနတစ်ခွဲသားဖြင့် မပြုမူရဲသေးချေ။ ကျောက်တုံးဝိဉာဉ်ကလန်၏ ခွန်အားသည် ရှောင်ရှောင် ထိုင်းယွဲ့ဖြစ်မလာသေးသရွေ့ ဖန်းဝူထက် နိမ့်ကျနေပေသေးသည်။ ထို့အပြင် ရန်ကိုင်အနေဖြင့်လည်း ရှေးဟောင်းကုန်းမြေထဲတွင် တစ်သက်လုံးနေ၍ သူတို့အား ကာကွယ်ပေးရန်မှာ မဖြစ်နိုင်ပေ။

ဖန်းဝူနှင့် အလွန်ကိုမှ ရင်းနှီးကျွမ်းဝင်ရန် မလိုအပ်ပါသော်ငြား ရန်ဘက်များ ဖြစ်နေ၍လည်း မဖြစ်ပေ။ ဖန်းဝူကဲ့သို့သော လူမျိုးနှင့် ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေးတစ်ခု ပိုင်ဆိုင်ထားရသည်မှာ ကျောက်တုံးဝိဉာဉ်ကလန်အတွက် ကောင်းမွန်သည့် အရာတစ်ခုဖြစ်သည်။

ဖန်းဝူက အော်ရယ်မောလျက် ပြန်ပြောလိုက်လေ၏။ “စိတ်မပူနဲ့ အကြီးအကဲ… အားရင် လာသာလာလည်… ဒီဘုရင်ရဲ့နန်းတော်တံခါးကို အကြီးအကဲအတွက် အမြဲတမ်းဖွင့်ပေးထားတယ်…”

လွမ်ဖုန်းသည် သူမ၏ပါးစပ်ကို အုပ်လျက် ပြုံးရင်းမှ ပြောလိုက်သည်။ “ဒီဘုရင်မရဲ့ နန်းတော်ဆီကိုလည်း အကြီးအကဲ လာလည်လို့ရတယ်နော်…”

ချန်ကွော့သည် ထိုနှစ်ဦးအား တစ်ချက်စောင်းကြည့်လိုက်ပြီးသည့်နောက် နှာခေါင်းရှုံ့လျက် ပြောလိုက်လေ၏။ “မင်းတို့ပြောနေတဲ့ပုံက ဒီဘုရင်က ဧည့်သည်တွေကို လက်မခံတဲ့ပုံစံကြီးနဲ့…”

ထို့နောက် အကြီးအကဲဘက်သို့ လှည့်၍ ပြုံးကာ ပြောလိုက်လေ၏။ “အကြီးအကဲ… ကျုပ်နေတဲ့နေရာကတော့ ခင်ဗျားတို့ကျောက်တုံးဝိဉာဉ်ကလန် နေတဲ့နေရာနဲ့ တော်တော်လေးဝေးတယ်ဗျ… ဒါပေမယ့် သစ်သားဝိဉာဉ်ကလန်ရဲ့ဝိုင်က တော်တော်လေး အရသာရှိတယ်လို့တော့ ကျုပ်ကြားဖူးတယ်… နောက်ပိုင်း ကျုပ်လာလည်ဖြစ်လို့ရှိရင် အကြီးအကဲ နှင်မထုတ်ဖို့ မျှော်လင့်ပါတယ်…”

“ဘယ်ကသာ… နတ်အရှင်သာ လာလည်မယ်ဆိုလို့ရှိရင် ကျုပ်တို့ကလန်က ကျိန်းသေကို ဖော်ဖော်ရွေရွေနဲ့ ကြိုဆိုပေးမှာပါ…” အကြီးအကဲ ပြုံးလိုက်လေသည်။ မည်သည့်အချိန်ကများ သူ ဤမျှ ဆွဲဆောင်မှု ရှိသွားရလေသနည်း။ ရှေးဟောင်းကုန်းမြေ၏ နတ်အရှင်သုံးပါးသည် သူနှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ရန် ကြိုးစားနေကြသည်။ ထိုသို့ဖြစ်ရခြင်းမှာ ရန်ကိုင်ကြောင့်သာ ဖြစ်ပေသည်။ အကြီးအကဲသည် ကြောင်သူတော်ကြွက်သူခိုး လုပ်ရသည်ကိုမကြိုက်။ ထို့ကြောင့် ပွင့်ပွင့်လင်းလင်းဖြင့်သာ ပြန်၍ပြောလိုက်လေ၏။ နတ်အရှင်သုံးပါးနှင့် စကားပြောပြီးသော် အကြီးအကဲသည် ရန်ကိုင်ဘက်သို့လှည့်၍ ပြောလိုက်လေ၏။ “ဆရာရန်… ဒီကကိစ္စတွေလည်း ပြီးသွားပြီဆိုတော့ ဒီအကြီးအကဲ ကလန်သားတွေကိုခေါ်ပြီး ပြန်လိုက်ပါဦးမယ်… ဆရာရန်ကရော…”

ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ကျုပ် အကြီးအကဲနဲ့ မလိုက်တော့ဘူး… ကျုပ် အခုတစ်ကြိမ် ရှေးဟောင်းကုန်းမြေကိုလာတာ ရှောင်ရှောင်ကို ရှာချင်လို့ပဲ… အခု ရှောင်ရှောင်ကိုလည်း ရှာတွေ့ပြီ… သူလည်း သွေးတံခါးထဲရောက်သွားပြီဆိုမှတော့ ဒီမှာဆက်နေစရာအကြောင်း မရှိတော့ဘူး… ကျုပ် မကြာခင် ရှေးဟောင်းကုန်းမြေထဲက ပြန်ထွက်သွားတော့မှာ…”

ထိုစကားကိုကြားသည့်အခါ အကြီးအကဲက ဝမ်းနည်းသွားသည့်အမူအယာဖြင့် ခေါင်းညိတ်လျက် ပြန်ပြောလိုက်လေသည်။ “အဲ့လိုဆိုလို့ရှိရင် ဆရာရန်ရဲ့ခရီး အဆင်ပြေပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတော့မယ်… ဆရာရန် နောက်ပိုင်း ရှေးဟောင်းကုန်းမြေကို လာလည်ဖြစ်ရင်လည်း ကျုပ်တို့ကျောက်တုံးဝိဉာဉ်ကလန်ကို လာခဲ့ပါဦး… ဒီအကြီးအကဲ ဆရာရန်ကို ကျိန်းသေ စားသောက်ပွဲတွေနဲ့ ကြိုဆိုပေးပါမယ်…”

“အကြီးအကဲရဲ့ ခရီးလည်း ဘေးကင်းပါစေဗျာ… ဒီတစ်ကြိမ်တော့ ကျုပ်လိုက်မပို့နိုင်တာကို ခွင့်လွှတ်ပေးပါ…” ရန်ကိုင်က လက်သီးဆုပ်၍ ပြောလိုက်သည်။

အကြီးအကဲလည်း လက်သီးဆုပ်၍ ပြန်နှုတ်ဆက်လိုက်ပြီး ဖန်းဝူနှင့် အခြားသူများကို နှုတ်ဆက်စကားပြောကာ လှည့်ထွက်လာခဲ့လေသည်။

မကြာမီတွင် ကျောက်တုံးဝိဉာဉ်ကလန်သားများသည် သူတို့၏ အကြီးအကဲနှင့်အတူ အားလုံး၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေ၏။

ဖန်းဝူနှင့် အခြားသူများသည် ရန်ကိုင်နောက်တွင်ရပ်လျက် စိုးရိမ်တကြီးဖြင့် အကြည့်ချင်းဖလှယ်နေခဲ့ကြသည်။ နောက်ဆုံးတွင် ဖန်းဝူက အသာအယာချောင်းဟန့်လျက် မေးလိုက်လေ၏။ “ဆရာရန်… နောက် ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ…”

ရန်ကိုင်သည် ဖန်းဝူဘက်သို့လှည့်၍ ရယ်သွမ်းသွေးလျက် ပြောလိုက်လေသည်။ “ဘာဖြစ်လို့လဲ ဆရာဖန်း… ဆရာဖန်းက ကျုပ်ကို ရှေးဟောင်းကုန်းမြေထဲမှာ ဆက်မနေစေချင်တော့လို့လား….”

ဖန်းဝူက ကြောက်ကြောက်လန့်လန့်ဖြင့် အလျင်အမြန် ပြန်ပြောလိုက်လေသည်။ “ဘယ်လိုလုပ်ပြီး အဲ့လိုမျိုးဖြစ်ရမှာလဲ… ဆရာရန်ရှိနေတာ ကျုပ်တို့ရှေးဟောင်းကုန်းမြေအတွက် ဂုဏ်တက်စရာတောင် ဖြစ်သေးတယ်… ဆရာရန်ကို ဘယ်လိုလုပ်ပြီး ဒီမှာ မနေစေချင်တာဖြစ်ရမှာလဲ…”

“စိတ်ထဲရှိတာသာ ပြောလိုက်စမ်းပါဗျာ… ဝေ့လည်ကြောင်ပတ်တွေ လုပ်မနေစမ်းပါနဲ့… ကျုပ်လို ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ယောက်က ခင်ဗျားလိုလူတစ်ယောက်ကို ဘာလုပ်နိုင်မှာမို့လို့လဲ…” ရန်ကိုင်က အေးစက်စက်လေသံဖြင့် ရယ်သွမ်းသွေးလျက် ပြန်ပြောလိုက်လေသည်။

(မင်းဘက်က ဘာမှမလုပ်နိုင်ပေမယ့် ဟိုကောင်းကင်အမိန့်တော်မျိုးဆက် ဘာမှမလုပ်နိုင်တာ မဟုတ်ဘူးလေ…) ဖန်းဝူစိတ်ထဲ ထိုကဲ့သို့တွေးလိုက်သည်။ ထို့နောက် အားတင်းပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ဆရာရန် အတွေးလွန်နေတာပဲ… အခုချိန်ကစပြီးတော့ ဆရာရန်က ကျုပ်တို့ရှေးဟောင်းကုန်းမြေရဲ့ အထူးဧည့်သည်တော်တစ်ယောက်ပဲ… ဆရာရန် ဒီမှာနေချင်တယ်ဆိုလို့ရှိရင် ကျုပ်တို့က ဝမ်းပန်းတသာနဲ့ ကြိုဆိုပေးနေမှာ…”

ရန်ကိုင်သည် ဖန်းဝူ၏ပုခုံးကို ပုတ်လျက် ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်လေ၏။ “ဆရာဖန်းဝူ ဒီလောက်ထိ ဖော်ရွေတတ်တဲ့လူတစ်ယောက်ဖြစ်မယ်လို့ ကျုပ် တကယ်ကို မထင်ထားခဲ့ဘူးဗျာ… ဆရာဖန်းဝူက ဖိတ်ခေါ်နေတယ်ဆိုမှတော့လည်း ဒီသခင်လေးဘက်က ငြင်းလိုက်ရင် ရိုင်းရာကျသွားမှာ ဆိုတော့လည်း ဒီသခင်လေးလည်း ဒီမှာ ရက်နည်းနည်းလောက်ကြာအောင် နေသွားရတာပေါ့…”

ထိုစကားကိုကြားသော် ဖန်းဝူ၏မျက်နှာ သုန်မှုန်သွားခဲ့ပြီး သူ့ပါးစပ်သူ ပြန်ဖြတ်ရိုက်ချင်စိတ်များပင် ထွက်ပေါ်လာခဲ့လေသည်။

လွမ်ဖုန်းနှင့် ချန်ကွော့မှာလည်း ဖန်းဝူအား အပြစ်တင်လိုသည့် အကြည့်များဖြင့် လှမ်း၍ကြည့်လိုက်ကြသည်။ (သောက်လေကြောရှည်လိုက်တဲ့ကောင်ကွာ… အခုတော့ ငါတို့ပါ အမှုပတ်တော့မယ်…)

ရန်ကိုင်က တစ်နေရာဆီသို့ ညွှန်ပြရင်း မေးလိုက်လေ၏။ “ခင်ဗျားတို့သုံးယောက် ဒါကို လိုချင်သေးလား…”

ဖန်းဝူနှင့် အခြားနှစ်ဦး ရန်ကိုင်ညွှန်ပြနေသည့်ဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ တောင်နဲ့မြစ်ခေါင်းလောင်း ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ သုံးဦးစလုံး ရင်တဒုန်းဒုန်းခုန်သွားခဲ့ပြီး ကြောက်လန့်တကြားဖြင့် ပြန်၍ပြောလိုက်လေသည်။ “ဒါက ဆရာရန်ရဲ့ဟာပဲကို… ကျုပ်တို့က ဘယ်လိုလုပ်ပြီး လိုချင်ရဲမှာလဲ… ကျုပ်တို့မယူပါဘူး… ဆရာရန်ပဲ ယူထားပါ…”

ရန်ကိုင်က နှာခေါင်းရှုံ့လျက် “ခင်ဗျားတို့ပြောတော့ ဒီခေါင်းလောင်းကို ရှေးဟောင်းကုန်းမြေက ပိုင်တာဆို…”

ချန်ကွော့ကပြုံးလျက် “ရတနာတွေဆိုတာ ရတဲ့လူက အပိုင်ပဲလေ… ဒီခေါင်းလောင်းက ရှေးဟောင်းကုန်းမြေထဲမှာ ရှိနေတာ ကြာပြီဆိုပေမယ့် ဘယ်သူကမှ ရအောင်ယူနိုင်ခဲ့တာမှ မဟုတ်တာ… ဆရာရန်က ရအောင်ယူနိုင်တယ်ဆိုမှတော့ ဒီခေါင်းလောင်းက ဆရာရန်နဲ့ ရေစက်ပါလို့ပဲပေါ့… အဲ့တော့ ဆရာရန်ရဲ့အပိုင်ပဲပေါ့…”

အစောပိုင်းက ခေါင်းလောင်းသည် ရှေးဟောင်းကုန်းမြေ၏ အပိုင်ဖြစ်သည်ဟူသော ချန်ကွော့မှ ပြောခဲ့ခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှ ထိုစကားအား ပြန်အစဖော်လာနေသည်ကိုမြင်သော် ချန်ကွော့သည် ရန်ကိုင်မှ သူ့အား ပြဿနာဆက်ရှာနေမည်ကို စိုးရိမ်သည့် အတွက်ကြောင့် အလျင်စလို ပြန်လည်၍ ငြင်းဆိုလိုက်လေ၏။

“ဆရာချန်က အခြားသူတွေနဲ့ ခပ်တန်းတန်းနေတတ်တဲ့ လူတစ်ယောက်ပုံ ပေါက်နေပေမယ့် အခုလိုမျိုး စကားပြောကောင်းလိမ့်မယ်လို့ ကျုပ်တကယ်ကို မထင်ထားခဲ့ဘူး…” ရန်ကိုင်သည် ပြောင်ချော်ချော်အမူအယာဖြင့် ချန်ကွော့အား လှမ်း၍ ကြည့်လိုက်လေသည်။

ချန်ကွော့၏မျက်နှာ နီမြန်းသွားခဲ့ပြီး ချက်ချင်း တွင်းတစ်တွင်းတူး၍သာ ပြေးပုန်းချင်စိတ်များ ထွက်ပေါ်လာခဲ့သည်။ ယနေ့တွင် သူ အကြီးအကျယ် မျက်နှာပျက်ခဲ့ရလေသည်။ သို့ရာတွင် ကံကောင်းစွာဖြင့် ဤအနီးအနား၌ ဖန်းဝူနှင့်လွမ်ဖုန်းမှလွဲ၍ အခြား မည်သူမှ ရှိမနေခဲ့ပေ။ မွန်းစတားဘုရင်များနှင့် ဘုရင်ချုပ်များသည် ဆယ်မိုင်ခန့်အကွာတွင် ရှိနေခြင်းဖြစ်သည့်အတွက် ဖြစ်ပေသည်။ ထိုသို့သာမဟုတ်ပါက ယနေ့ဖြစ်ပျက်သွားသည့် အကြောင်းအရာများသာ သတင်းပြန့်သွားခဲ့မည်ဆိုလျှင် ထိုမွန်းစတားမျိုးနွယ်စုဝင်များအ‌ပေါ် သူ၏အာဏာမှာ သိသိသာသာကို ကျဆင်းသွားရပေလိမ့်မည်။

“ခင်ဗျား မလိုချင်တာ တကယ်သေချာလား…” ရန်ကိုင်က အလေးအနက်အမူအယာဖြင့် “ပြီးတော့မှ ဒီသခင်လေး ခင်ဗျားတို့ကို မပေးဘူးလို့ လာမပြောနဲ့နော်… ဒီခေါင်းလောင်းက တောင်နဲ့မြစ်တွေကိုတောင် ဖိနှိပ်ပစ်နိုင်တဲ့ ရှေးဟောင်းမှော်ရတနာတစ်ခုပဲ… ဒီခေါင်းလောင်း ခင်ဗျားလက်ထဲမှာ ရှိနေပြီဆိုတာနဲ့ ရန်သူနဲ့ရင်ဆိုင်ရပြီဆိုရင်တောင် သတ္တိက အလိုလိုရှိနေမှာ… ဒါနဲ့သာဆိုရင် ခင်ဗျားတို့ နဂါးကလန်ကိုတောင် ကြောက်နေစရာမလိုဘူး… မင်းဘာကောင်လဲမေးပြီးတော့ ပါးဖြတ်ရိုက်ပစ်လို့တောင်ရတယ်… အဲ့ဒါကြောင့် ကျုပ် ခင်ဗျားတို့ကို သေသေချာချာ မေးနေတာ… ခင်ဗျားတို့ ဒီခေါင်းလောင်းကို မလိုချင်တော့တာ တကယ် သေချာလားဆိုတာ… မဟုတ်ရင် အခွင့်အရေးဆိုတာ နောက်တစ်ကြိမ် ထပ်ရတော့မှာမဟုတ်ဘူးနော်…”

ဖန်းဝူက ခါးသက်စွာပြုံးလျက် “ဆရာရန် လာနောက်နေတာပဲ…”

ဖန်းဝူ၏ပုံစံသည် ရန်ကိုင်ပြောနေသည်ကို သည်းမခံနိုင်တော့သည့်အတွက်ကြောင့် ‘ဒီခေါင်းလောင်းကို ကျေးဇူးပြုပြီး မြန်မြန်ယူသွားပါတော့ ဆရာရန်ရာ…’ ဟု တောင်းဆိုနေသယောင်ယောင်...။

လွမ်ဖုန်းကလည်း ဝင်၍ပြောလိုက်လေသည်။ “ဆရာရန်… ဒီနေ့ ကျွန်မတို့ မှားသွားခဲ့ပါတယ်… ဒါပေမယ့် ရှီဟွော့လည်း သေသွားပြီဆိုတော့ ဆရာရန် စိတ်ပြေဖို့ မျှော်လင့်ပါတယ်…”

ရန်ကိုင်သည် လွမ်ဖုန်းကိုကြည့်၍ ပြောလိုက်လေသည်။ “အမျိုးသမီးဖုန်းက အခုလိုမျိုး ဝင်ပြောလာတယ်ဆိုမှတော့လည်း ဒီသခင်လေးကလည်း ခင်ဗျားကို မျက်နှာသာပေးရသေးတာပေါ့…”

လွမ်ဖုန်းသည် လက်ပိုက်၍ ရပ်ကြည့်နေခဲ့ပါသော်ငြား အနည်းဆုံးတော့ ကျန်းရို့ရှီအား ကိုယ့်ကိုယ်ကို သတ်မသေနိုင်အောင် တားထားပေးခဲ့ပေသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ရန်ကိုင်မှာ လွမ်ဖုန်းအား ကျေးဇူးတင်နေမိလေ၏။

ထိုစကားကိုကြားသော် လွမ်ဖုန်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ဖန်းဝူနှင့် ချန်းကွော့တို့မှာလည်း တစ်ခုခုအား နားလည်သွားဟန်ဖြင့် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။

ရန်ကိုင်သည် တောင်နဲ့မြစ်ခေါင်းလောင်းဆီသို့ လျှောက်သွားလိုက်ပြီး ခေါင်းလောင်းပေါ် လက်တင်၍ ဧကရာဇ်ချီနှင့် စိတ်စွမ်းအင်တို့ကို ရင်တမမဖြင့် ထည့်သွင်းလိုက်လေသည်။

ကြယ်ပျက်ပင်လယ်ထဲတွင် ရှိစဉ်က တောင်နဲ့မြစ်ခေါင်းလောင်း၏ အသိအမှတ်ပြုမှုကို ရရှိရန်အတွက် တစ်နှစ်ခန့် အချိန်ယူခဲ့ရသည်။ သို့ရာတွင် ယနေ့၌ ခေါင်းလောင်းပေါ်မှ သူ့ဝိဉာဉ်အမှတ်အသားကို အတင်းအကြပ် ဖယ်ရှားပစ်ခဲ့ရလေသည်။ ထို့အတွက်ကြောင့် ယခု နောက်တစ်ကြိမ် ထပ်ကြိုးစားကြည့်ရာတွင် တောင်နဲ့မြစ်ခေါင်းလောင်းမှ သူ့အား သခင်အဖြစ် အသိအမှတ်ပြုဦးမလား ဆိုသည်ကို ရန်ကိုင် မပြောတတ်တော့ချေ။ ကြယ်ပျက်ပင်လယ်ထဲတွင်ကကဲ့သို့ တောင်နဲ့မြစ်ခေါင်းလောင်း၏သခင် ပြန်ဖြစ်လာနိုင်ရန်အတွက် တစ်နှစ်ခန့် အချိန်ယူရမည်ဆိုလျှင်တော့ ရန်ကိုင် အမှန်တကယ်ကို စိတ်ပျက်မိပေလိမ့်မည်။

ကံကောင်းစွာဖြင့် သူ့စိတ်စွမ်းအင်နှင့် ဧကရာဇ်ချီတို့မှာ တောင်နဲ့မြစ်ခေါင်းလောင်းထဲသို့ ချောချောချူချူ ဝင်သွားသည့်အတွက်ကြောင့် ရန်ကိုင်မျက်နှာထက် အပြုံးတစ်ပွင့် ပွင့်လန်းလာခဲ့ရလေသည်။ တောင်နဲ့မြစ်ခေါင်းလောင်းသည် သူ့အား ငြင်းဆန်မနေခဲ့ပေ။ ထို့နောက်တွင် ရန်ကိုင်သည် ခေါင်းလောင်းပေါ်၌ သူ့ဝိဉာဉ်အမှတ်အသားအား ချန်ထားနိုင်ရန်အတွက် အာရုံစိုက်လိုက်လေ၏။

ရုတ်တရက်ဆိုသလို တောင်နဲ့မြစ်ခေါင်းလောင်း၏ အရွယ်အစားမှာ တဖြည်းဖြည်း ကျုံ့ဝင်သွားခဲ့လေသည်။ ရန်ကိုင်သည် ခေါင်းလောင်းကိုကောက်ယူလျက် လေထဲပစ်မြှောက်ရင်း ဆော့ကစားလိုက်၏။

“ဒါက…” ဖန်းဝူ အံ့အားသင့်နေခဲ့လေသည်။

ဖန်းဝူကိုယ်တိုင်သည်လည်း တောင်နဲ့မြစ်ခေါင်းလောင်းအား ယူရန် ကြိုးစားကြည့်ပါသော်ငြား သူ့ကျင့်ကြံခြင်းဖြင့်ပင်လျှင် တောင်နဲ့မြစ်ခေါင်းလောင်းအား မမနိုင်ခဲ့ပေ။ ထို့အတွက်ကြောင့် တောင်နဲ့မြစ်ခေါင်းလောင်းကို မြေပြင်ပေါ်တွင်သာ ချန်ထားရစ်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ရန်ကိုင်ကမူ တောင်နဲ့မြစ်ခေါင်းလောင်း၏ အသိအမှတ်ပြုမှုကို လွယ်လင့်တကူပင် ရရှိသွားခဲ့လေသည်။

“မြန်လိုက်တာ…” ချန်ကွော့လည်း အလန့်တကြား ဆိုလိုက်လေ၏။

လွမ်ဖုန်း၏မျက်လုံးများထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့ပြီး ရန်ကိုင်၏ခန္ဓာကိုယ်အား အစုံအဆန် စစ်ဆေးကြည့်လိုက်လေသည်။ ရန်ကိုင်၏ကိုယ်ထဲ၌ မည်ကဲ့သို့သော လျှို့ဝှက်ချက်မျိုး ရှိနေမလဲဆိုသည်ကို သူမ သိချင်နေမိသည်။ သူတို့သုံးဦးစလုံးသည် တောင်နဲ့မြစ်ခေါင်းလောင်းထဲသို့ ဧကရာဇ်ချီနှင့် စိတ်စွမ်းအင်ကိုထည့်သွင်းရန် တစ်ကြိမ်မက ကြိုးစားခဲ့ပါသော်ငြား အကြိမ်တိုင်း ကျရှုံးခဲ့ရသည်။ သို့ရာတွင် ရန်ကိုင်မှာမူ တောင်နဲ့မြစ်ခေါင်းလောင်း၏ ပိုင်ရှင် ဖြစ်လာနိုင်ရန်အတွက် ထမင်းစားရေသောက်သည့်နှယ် လွယ်ကူနေခဲ့လေသည်။

“ကံကောင်းသွားတာပါ…” ရန်ကိုင်က အဓိပ္ပာယ်ပါပါ ပြုံးလျက် “ဒီရတနာက ကျုပ်ကို သူ့သခင်အဖြစ် အသိအမှတ်ပြုနေချင်တုန်းပဲနဲ့ တူတယ်…”

ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် တောင်နဲ့မြစ်ခေါင်းလောင်းအား သိမ်းလျက် တင်ပလင်ခွေထိုင်ချကာ မြေပြင်ပေါ်တွင်ထိုင်နေသော ကျောက်တုံးကိုယ်ပွားအား လှမ်း၍ ကြည့်လိုက်လေသည်။

ကျန်းရို့ရှီမှ ရှီဟွော့၏ အမြုတေကို ကျောက်တုံးကိုယ်ပွား၏ကိုယ်ထဲတွင် ချိတ်ပိတ်လိုက်သည့် အချိန်မှစ၍ ကျောက်တုံးကိုယ်ပွားသည် ထူးထူးဆန်းဆန်းကို အိပ်မောကျသွားခဲ့သည်။ ကျောက်တုံးကိုယ်ပွားထဲတွင်ရှိနေသော ရန်ကိုင်၏ ဝိဉာဉ်ကိုယ်ပွားသည်ပင်လျှင် ထူးဆန်းစွာ တိတ်ဆိတ်နေခဲ့သည်။

သို့ရာတွင် ကျောက်တုံးကိုယ်ပွားမှာ အိပ်မောကျနေခြင်းသာ ဖြစ်သည့်အတွက်ကြောင့် မည်သည့်အန္တရာယ်မှ မရှိပေ။ ရှီဟွော့၏အမြုတေကိုသာ အောင်မြင်စွာ သန့်စင်လိုက်နိုင်မည်ဆိုသည်နှင့် ကျောက်တုံးကိုယ်ပွားသည် ရှီဟွော့အသစ် ဖြစ်လာပေလိမ့်မည်။

“ဆရာရန်… ဒီကျောက်တုံးဝိဉာဉ်ကို ကျုပ်တို့ ဘယ်လိုလုပ်ရမလဲ… မွန်းစတားဘုရင်တွေကိုခေါ်ပြီး ဒီနားမှာ စောင့်ကြပ်ထားခိုင်းရမလား…” ရန်ကိုင်၏မျက်လုံးထဲရှိ စိုးရိမ်ပူပန်နေသည့် အရိပ်အယောင်အချို့ကိုမြင်လိုက်သော် လွမ်ဖုန်းက အလျင်စလို မေးလိုက်လေသည်။

ယနေ့အဖြစ်အပျက်မှ မည်သူ အကျိုးအမြတ် အများဆုံး ရသွားသလဲဟု မေးလာပါက ကျောက်တုံးဝိဉာဉ်ကလန် ဖြစ်သည်ဟုသာ ဖြေရပေလိမ့်မည်။

ကျောက်တုံးဝိဉာဉ်ကလန်သားတစ်ဦးကို ကောင်းကင်အမိန့်တော်၏မျိုးဆက်မှ သွေးတံခါးထဲသို့ ခေါ်ဆောင်သွားခဲ့ပြီး ကျန်ကျောက်တုံးဝိဉာဉ်တစ်ဦးမှာတော့ ရှီဟွော့၏ အမြုတေကို ဆက်ခံရရှိသွားခဲ့လေသည်။

ကျောက်တုံးဝိဉာဉ်ကလန်တစ်ခုထဲမှ နတ်သားရဲနှစ်ကောင် ထွက်လာပေတော့မည်။

ကျောက်တုံးဝိဉာဉ်ကလန်တစ်ခုလုံးတွင် ကလန်သားများများစားစား မရှိပေ။

နတ်အရှင်နှစ်ပါး ရှိနေသည်ဟူသော အချက်နှင့်ပင် ကျောက်တုံးဝိဉာဉ်ကလန်သည် နောက်နောင်၌ အထင်သေး၍မရသည့် ကလန်တစ်ခု ဖြစ်လာခဲ့ရလေပြီ။

လွမ်ဖုန်း၏အမေးကိုကြားသော် ရန်ကိုင်ကခေါင်းခါလျက် ပြန်ပြောလိုက်လေသည်။ “မလိုပါဘူး…”

(မလိုဘူး…) လွမ်ဖုန်း အံ့အားသင့်သွားခဲ့ပြီး စိုးရိမ်စိတ်ဝင်မိသွား၏။ သူမ၏ လက်အောက်ငယ်သားများဖြစ်ကြသော မွန်းစတားဘုရင်များနှင့် ဘုရင်ချုပ်များသည် ယနေ့ဖြစ်ပျက်သွားသည့် အကြောင်းစုံကို သိထားခဲ့သလို မကြာမီတွင် နတ်သားရဲရှီဟွော့အသစ် ဖြစ်လာတော့မည့် ကျောက်တုံးဝိဉာဉ်အား လာရောက် မနှောင့်ယှက်ရဲကြပါသော်ငြား တစ်ခါတစ်ရံ ထထဖောက်တတ်သည့် လက်အောက်ငယ်သားများလည်း ရှိကြပါသေးသည်။ အချို့သော အားနည်းသည့် မွန်းစတားသားရဲမျိုးနွယ်စုဝင်များမှာ ဘာဖြစ်လို့ဖြစ်နေသည်ကို မသိဘဲ ကျောက်တုံးဝိဉာဉ်ကိုသာ မတော်တဆ လာရောက်နှောင့်ယှက်မိခဲ့ပါက မည်သူတာဝန်ခံပါမည်နည်း။

လွမ်ဖုန်းမှာ ထိုကိစ္စနှင့်ပတ်သက်၍ စိတ်ပူနေရလေကာ ရန်ကိုင်အား ထပ်၍ ပြောတော့မည့်အပြု ရန်ကိုင်မှ လက်ကွက်များ ဖန်တီးနေသည်ကို တွေ့လိုက်ရလေသည်။ ထို့နောက်တွင် ရန်ကိုင်သည် လက်ကွက်တစ်ခုဖန်တီးလျက် ဤနေရာတွင် ရပ်နေလိုက် ထို့နောက် အခြားတစ်နေရာသို့သွား၍ နောက်ထပ်လက်ကွက်တစ်ခုဖန်တီးလိုက် လုပ်နေခဲ့သည်။ နတ်အရှင်သုံးပါးသည် ထိုမြင်ကွင်းအား ကြောင်တောင်တောင်ဖြင့် ရပ်ကြည့်နေကြလေသည်။ ရန်ကိုင် ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်းကို သူတို့နားမလည်ကြ။

ကြည့်နေရင်းမှ ရန်ကိုင်သည် ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး ကျောက်တုံးကိုယ်ပွားဆီသို့ သွားကာ သူ့လက်ဖြင့် ကျောက်တုံးကိုယ်ပွားကို ပုတ်လိုက်လေ၏။ ချက်ချင်းဆိုသလို ကျောက်တုံးကိုယ်ပွားမှာ အားလုံး၏မြင်ကွင်းမှ ဆန်းကျယ်စွာ‌ ပျောက်ကွယ်သွားခဲ့လေသည်။

ထိုအချင်းအရာကိုမြင်လိုက်သည့်နောက် နတ်အရှင်သုံးပါး၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ကြလေ၏။

ဖန်းဝူက လေသံတိုးတိုးဖြင့် ရေရွတ်လိုက်လေသည်။ “ဘာဖြစ်သွားတာလဲ… အဲ့ကောင်ကြီး ဘယ်ရောက်သွားတာလဲ…”

လွမ်ဖုန်းနှင့်ချန်းကွော့တို့မှာလည်း နားမလည်နိုင်ဟန်ဖြင့် ခေါင်းအသီးသီး ခါပြလိုက်ကြလေသည်။

နတ်အရှင်သုံးပါးမှာ ဤနေရာတွင် အားအကောင်းဆုံးဖြစ်ကြသလို အတွေ့အကြုံအများဆုံးနှင့် အမြင်အစူးရှဆုံး လူများလည်း ဖြစ်ကြသည်။ သို့သော်ငြား လက်ရှိ သူတို့ရှေ့၌ ဖြစ်ပျက်သွားသော အဖြစ်အပျက်သည် သူတို့ပင်လျှင် လိုက်မမီနိုင်သည့် အရာတစ်ခု ဖြစ်နေခဲ့လေသည်။

“ဘာမှအံ့အားသင့်နေစရာမလိုဘူး…” ရန်ကိုင်သည် ကိစ္စတစ်ခုပြီးမြောက်သွား၍ သူ့လက်အား ဖုန်ခါနေသည့်အလား လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ရင်းမှ နတ်အရှင်သုံးပါးကို စောင်းငဲ့ကြည့်လျက် ပြောလိုက်လေ၏။ “ဒီသခင်လေးရဲ့ ကမ္ဘာပြောင်းပညာရပ်နဲ့ သူ့ကို လုံခြုံတဲ့နေရာတစ်ခုဆီ ပို့ပေးလိုက်တာ…”

“ကမ္ဘာပြောင်းပညာရပ်…” ဖန်းဝူ၏မျက်နှာကြီး မဲ့သွားခဲ့လေသည်။

သို့သော်ငြား မကြာမီတွင် တစ်ခုခုအား နားလည်သွားခဲ့လေသည်။ ရန်ကိုင်သည် လေဟာနယ်တာအိုအပေါ် သူ၏ကျွမ်းကျင်မှုကိုသုံးလျက် ကျောက်တုံးကိုယ်ပွားအား တည်နေရာပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု ဖန်းဝူထင်သွားခဲ့သည်။ ရန်ကိုင်ကိုယ်တိုင်ပင်လျှင် တစ်နေရာမှ တစ်နေရာသို့ တည်နေရာကူးပြောင်းနိုင်လေရာ ကျောက်တုံးကိုယ်ပွားကိုလည်း ထိုကဲ့သို့လုပ်နိုင်သည်မှာတော့ အရမ်းကြီး ထူးဆန်းမနေခဲ့ပါချေ။

သို့သော်ငြား ရန်ကိုင် မဟုတ်တရုတ် လျှောက်ပြောနေခြင်း ဖြစ်သည်ဟူသောအချက်ကိုတော့ ဖန်းဝူတို့ မသိခဲ့ချေ။ တကယ့်တကယ်တွင် ရန်ကိုင်သည် ကျောက်တုံးကိုယ်ပွားအား ကမ္ဘာငယ်လေးထဲသို့ ထည့်လိုက်ခြင်းသာ ဖြစ်ပေသည်။ မည်သည့်ကမ္ဘာပြောင်းပညာရပ်ကိုမှ ထုတ်သုံး၍ ကျောက်တုံးကိုယ်ပွားအား အခြား လုံခြုံသည့် နေရာတစ်ခုဆီသို့ ပို့ပေးလိုက်ခြင်းမဟုတ်။

All Chapters