အခန်း (၂၆၀၅-၂၆၀၈)
Vol. 110 Ch. 2605-2609
အပိုင်း (၂၆၀၅) ညစ်ထုတ်ခြင်း
“ဆရာရန်ရဲ့စွမ်းရည်က တကယ်ကို အံ့ဩစရာကောင်းတာပဲ… ကျုပ် ဒီနေ့ တကယ်ကို မျက်စိပွင့်နားပွင့် ဖြစ်သွားခဲ့ရပြီ…” ဖန်းဝူသည် ဖားဖားယားယားပြုံးလျက် ချီးကျူးပြောဆိုလိုက်လေသည်။
ဤမျှကြီးမားလှသော ကျောက်ဘီလူးကြီးတစ်ကောင်ကို အားစိုက်ထုတ်ရခြင်းမရှိဘဲ အလွယ်တကူ တည်နေရာကူးပြောင်းပေးသွားသည့် ရန်ကိုင်၏စွမ်းရည်အပေါ် သူ အမှန်တကယ်ကို အထင်ကြီးမိပေသည်။
လွမ်ဖုန်းနှင့် ချန်ကွော့တို့မှာလည်း ဖန်းဝူကဲ့သို့ပင် အလားတူ ရန်ကိုင်၏စွမ်းရည်အပေါ် အံ့ဩမိနေကြသည်။
ရန်ကိုင်သည် အသက်ငယ်ငယ်လေးဖြင့် ဧကရာဇ်အဆင့်သို့ ရောက်နေသည့်အပြင်ကိုမှ ဤမျှ ကြီးကျယ်လှသော စွမ်းရည်များကိုပါ ပိုင်ဆိုင်ထားသည့် အတွက်ကြောင့် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သူသည် မဟာဧကရာဇ်တစ်ပါးပင် ဖြစ်လာနိုင်သည်ဟု နတ်အရှင်သုံးပါး တွေးမိသွားကြလေသည်။ မဟာဧကရာဇ်တစ်ပါး ဖြစ်မလာနိုင်လျှင်ပင် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်လာဖို့ရာတော့ ပြဿနာမရှိပေ။ လေဟာနယ်တာအိုအား ကျွမ်းကျင်ထားသည့် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးသည် မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်လေသနည်း။ ထိုလူသည် မဟာဧကရာဇ်တစ်ပါးနှင့် မယှဉ်နိုင်သည့်အတိုင် ဧကရာဇ်အဆင့်ပညာရှင်ထဲတွင်တော့ နံပတ်တစ်ပညာရှင်တစ်ဦး ဖြစ်နေပေလိမ့်မည်။ ထို့အပြင် ရန်ကိုင်၌ တောင်နဲ့မြစ်ခေါင်းလောင်း ရှိနေသည့်အပြင်ကိုမှ ကောင်းကင်အမိန့်တော်၏ မျိုးဆက်သည်လည်း သူ့အား အလွန်ကိုမှ ဖက်တွယ်နေခဲ့သည်။
ထိုအကြောင်းများကို စဉ်းစားမိလိုက်သော် သူတို့ရှေ့တွင် ရှိနေသည့် လူငယ်လေးသည် အလွန်ကိုမှ ကောင်းမွန်လှသော အလားအလာကို ပိုင်ဆိုင်ထားကြောင်း နတ်အရှင်သုံးပါး တွေ့ရှိသွားခဲ့ရသည်။
ဖန်းဝူက လက်သီးဆုပ်လျက် “ဆရာရန်… ဒီကကိစ္စတွေ ပြီးသွားပြီဆိုတော့ အခု ကျုပ်နန်းတော်ဆီ လိုက်ပြီး နားမလား…”
ရန်ကိုင်၏အလားအလာအား နားလည်သွားပြီးသည့်နောက်တွင် ဖန်းဝူသည် ရန်ကိုင်မှ ရှေးဟောင်းကုန်းမြေထဲတွင်နေမည့် အကြံအပေါ် မနှစ်သက်ခြင်း မရှိတော့ဘဲ တက်တက်ကြွကြွပင် ရန်ကိုင်အား သူနေသည့်နေရာဆီသို့ ဖိတ်ခေါ်လိုက်လေသည်။
ချန်ကွော့နှင့် လွမ်ဖုန်းတို့မှာလည်း ထိုအချက်အား ကျိန်းသေ သတိထားမိကြပေသည်။ ထို့အတွက်ကြောင့် ဖန်းဝူမှ ပြောလိုက်ပြီးသည့်နှင့်တစ်ပြိုင်နက် ချန်ကွော့က ပြောလိုက်လေ၏။ “ဆရာရန်စိတ်မရှိဘူးဆိုရင် ကျုပ်နန်းတော်မှာလည်း လိုက်နားလို့ရပါတယ်…”
လွမ်ဖုန်းကလည်း ချက်ချင်း ဖြတ်ပြောလိုက်လေ၏။ “ကျွန်မလည်း ဆရာရန်ကို ကျွန်မနေတဲ့နန်းတော်ဆီ ဖိတ်ခေါ်ချင်ပါတယ်… ဆရာရန် သဘောမတူမှာကိုပဲ ကြောက်နေမိတာပါ…”
ရန်ကိုင်သည် ယဲ့ယဲ့လေးပြုံးလျက် ထိုသုံးဦးအား ကြည့်လိုက်သည်။ နတ်အရှင်သုံးပါး ဘာတွေးနေသလဲဆိုသည်ကို သူမသိဘဲ နေမည်လော။ ရန်ကိုင်သည် စိတ်ထဲ ကြိတ်ရယ်နေရင်းမှ တွေးလိုက်လေသည်။ (ငါ ဘာလုပ်ချင်နေလဲဆိုတာကို သိသွားရင် သူတို့တွေ ငါ့အပေါ် ဒီလောက်တောင် ဖော်ရွေနေပါဦးမလား…)
တစ်ချက်မျှစဉ်းစားပြီးသည့်နောက် ရန်ကိုင်က ပြန်၍ပြောလိုက်လေသည်။ “ခင်ဗျားတို့သုံးဦးက ဒီလောက် အားတက်သရောနဲ့ ဖိတ်ခေါ်နေတယ်ဆိုမှတော့လည်း ကျုပ်ဘက်ကငြင်းလိုက်ရင် ရိုင်းရာကျသွားမှာပေါ့… အခု ဒီနေရာနဲ့အနီးဆုံးက ဘယ်သူ့နန်းတော်လဲ…”
ရန်ကိုင်သည် ထိုနတ်အရှင်သုံးပါးနှင့် ရင်းနှီးသူတစ်ဦး မဟုတ်ချေ။ ဤနတ်အရှင်သုံးပါးအနက် ရန်ကိုင် အနည်းငယ်ကြည့်ရသည့် လူဆို၍ လွမ်ဖုန်းသာ ရှိပေသည်။ သူမသည် တကယ်တော့ အချိုးအစား ကျနလှပသည့် ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားသော အမျိုးသမီးတစ်ဦး မဟုတ်ပေလော။ အမျိုးသားတစ်ဦးဖြစ်သည့်အလျောက် ထိုကဲ့သို့သော အမျိုးသမီးတစ်ဦးအပေါ် မျက်စိပဒဿ ဖြစ်မိသည်မှာ သဘာဝသာဖြစ်ပေသည်။ ထို့အပြင် လွမ်ဖုန်းသည် အခြားသောနတ်အရှင်နှစ်ပါးကဲ့သို့မဟုတ်ဘဲ ကျန်းရို့ရှီကိုလည်း ဝင်ရောက်ကူညီဖူးထားသေး၏။
သို့သော်ငြား လက်ရှိအချိန်တွင် မည်သူ့နန်းတော်ဆီသွားသွား အရေးမကြီးပေ။ တကယ်အရေးကြီးသည်မှာ ထိုနန်းတော်ဆီရောက်ပြီးသည့်နောက် သူဆက်လုပ်မည့် ကိစ္စသာဖြစ်လေသည်။
လွမ်ဖုန်း၏မျက်လုံးလေး တဖျတ်ဖျတ်တောက်ပသွားခဲ့သည်။ “အနီးဆုံးနေရာကတော့ ကျွန်မရဲ့ နန်းတော်ပါပဲ…”
ချန်ကွော့က စူပုပ်ပုပ်မျက်နှာဖြင့် ပြန်ပြောလိုက်လေ၏။ “ငါရဲ့ နန်းတော်နဲ့ယှဉ်လိုက်ရင် မိုင်တစ်သိန်းလောက်ပဲ ပိုနီးတာကို နီးတယ်လို့ ပြောချင်နေတာလား…”
ရန်ကိုင်က လက်ဝှေ့ယမ်းလျက် “အနီးဆုံးက အမျိုးသမီးဖုန်းရဲ့ နန်းတော်ဆိုမှတော့ အဲ့ကိုပဲသွားကြတာပေါ့… အဟွတ် အဟွတ်… ကျုပ်ဒဏ်ရာတွေက အရှင်းမပျောက်သေးတော့ အဲ့လောက်အဝေးကြီးသွားဖို့က သိပ်အဆင်ပြေမနေဘူး…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် ချောင်းတဟွတ်ဟွတ်ဆိုးလျက် ရွှေရောင်သွေးများကို နေရာအနှံ့ ထွေးထုတ်တော့လေသည်။
ထိုအဖြစ်အပျက်ကြောင့် နတ်အရှင်သုံးပါး အံ့အားသင့်သွားခဲ့ကြပြီး လွမ်ဖုန်းက အလန့်တကြားဆိုလိုက်လေ၏။ “ဆရာရန်… ဘာတွေဖြစ်တာလဲ…”
တတိယတပည့်၏အမူအယာမှာလည်း အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်အား ချက်ချင်း ပြေးထူမလျက် စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။ “ဆရာ…”
ရန်ကိုင်သည် သူ့ရင်ဘတ်ကိုလက်ဖြင့်ဖိရင်း စကားပြောရခက်နေသည့်ပုံစံမျိုး လုပ်ပြလျက် ပြောလိုက်လေ၏။ “ရှီဟွော့ကြောင့် ရသွားတဲ့ ဒဏ်ရာတွေက တော်တော်ဆိုးဆိုးရွားရွားပဲ… ကြည့်ရတာ အချိန်တိုအတွင်းတော့ ဒဏ်ရာတွေအကုန်လုံး ပျောက်မယ့်ပုံမပေါ်ဘူး…”
ရန်ကိုင်ပြောသည်ကို ကြားပြီးသည့်နောက် ဖန်းဝူနှင့် အခြားသူနှစ်ဦးလုံး အံ့အားသင့်သွားခဲ့ကြပြီး တစ်ပြိုင်တည်း တွေးမိလိုက်ကြလေသည်။ (အခုလေးတင်ပဲ ကောင်းကင်အမိန့်တော်ရဲ့မျိုးဆက် မင်းကို နှစ်တစ်သောင်းဖီးနစ်သွေးအသီးကို ပေးခဲ့တာမဟုတ်ဘူးလား… အဲ့အသီးနဲ့ဆိုရင် ရှိသမျှဒဏ်ရာအကုန်လုံး ပျောက်သွားသင့်ပြီလေ… ပြီးတော့ အခုလေးတင် မင်း အကောင်းကြီး ရှိနေသေးတာကို ဘယ်လိုလုပ်ပြီး သွေးတွေ ရုတ်တရက်ကြီး ထအန်နေရတာလဲ…) ရန်ကိုင် ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်း မသိသည့်အတွက်ကြောင့် သုံးယောက်စလုံး၏အမူအယာမှာ ကြောင်တိကြောင်တောင် ဖြစ်နေကြလေသည်။
“အဟွတ်… အဟွတ်…” ရန်ကိုင်က ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် အမောတကော အသက်ရှူရင်းမှ ပြောလိုက်လေ၏။ “ရှေးဟောင်းကုန်းမြေထဲမှာ သက်တမ်းရင့်တဲ့ ဆေးပင်တွေ အများကြီးပဲ ရှိတယ်လို့ ကျုပ်ကြားဖူးတယ်… ကျုပ်သာ အဲ့ဆေးပင်တွေနည်းနည်းပါးပါး စားလိုက်မယ်ဆိုလို့ရှိရင်တော့ ဒဏ်ရာက အတော်ပြန်ကောင်းသွားလောက်မှာ… ဒါပေမယ့် အခုလောလောဆယ်ပုံစံနဲ့ အဲ့ဆေးပင်တွေကို ကျုပ် သွားရှာလို့ အဆင်မပြေဘူးဖြစ်နေတယ်…”
ထိုစကားကိုကြားလိုက်သော် ရန်ကိုင် ဘာလိုချင်နေမှန်း ဖန်းဝူ ချက်ချင်းနားလည်သွားခဲ့ရာ သူ့မျက်နှာမှာလည်း သုန်မှုန်သွားခဲ့လေသည်။ သို့သော်ငြား ဒေါသမထွက်ရဲခဲ့ဘဲ ပြန်၍သာ ပြောလိုက်ရသည် “စိတ်မပူပါနဲ့ ဆရာရန်… ဒီဘုရင်ရဲ့လက်အောက်ငယ်သားတွေကို ဆရာရန်လိုအပ်လောက်မယ့် ဆေးပင်တွေ လိုက်ရှာခိုင်းလိုက်ပါမယ်… ဆရာရန် အဲ့လောက်ထိတော့ ထိန်းထားနိုင်ဖို့ မျှော်လင့်ပါတယ်…”
ထိုသို့ပြောပြီးသည့်နောက်တွင် ဖန်းဝူသည် ချန်ကွော့အား လှမ်းကြည့်၍ ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ဆက်သွယ်ပြောဆိုလိုက်လေသည်။
ချန်ကော့သည်လည်း ဘာတွေဖြစ်နေသလဲ ဆိုသည်ကို ချက်ချင်းနားလည်သွားခဲ့ပြီး ကပျာကယာပင် ပြောလိုက်လေ၏။ “ဆရာရန်အတွက် ဆေးပင်တွေကို ဒီဘုရင် ကျိန်းသေ ကြိုးစားပြီး ရှာထားလိုက်ပါမယ်…”
“ကောင်းတယ် ကောင်းတယ်…” ရန်ကိုင်သည် သူ့နှုတ်ခမ်းထောင့်တွင်ရှိနေသော သွေးများကို လက်ဖြင့်သုတ်ပစ်ရင်းမှ ပြောလိုက်သည်။ ထို့နောက် တတိယတပည့်အား အနည်းငယ်မီလျက် ပြောလိုက်လေ၏။ “အဲ့ဆေးပင်တွေနဲ့ အသီးတွေအပြင် အခြား အဆင့်မြင့်အရင်းအမြစ်ကျောက်နဲ့ ရှားပါးရတနာတွေသာ ရဦးမယ်ဆိုရင်တော့ ဒီသခင်လေးရဲ့ ဒဏ်ရာတွေက ပိုပြီး မြန်မြန် ပျောက်ကင်းသွားလောက်တယ်…”
(အရင်းအမြစ်ကျောက်နဲ့ ရှားပါးရတနာတွေက ဒဏ်ရာတွေနဲ့ ဘာဆိုင်လို့လဲ…) ဖန်းဝူနှင့် ကျန်နှစ်ဦးမှာ ရန်ကိုင်အား အသံကုန်ဟစ်၍ အော်မေးလိုက်ချင်ပေသည်။ ရန်ကိုင်သည် သူတို့ဆီမှ တမင်သက်သက် အမြတ်ထုတ်နေခြင်းသာ ဖြစ်သည်။
“ခင်ဗျားတို့စိတ်မပူနဲ့… ကျုပ်ဒဏ်ရာသာ ပျောက်သွားပြီဆိုတာနဲ့ ရှေးဟောင်းကုန်းမြေထဲကနေ ချက်ချင်းထွက်သွားမှာ… ခင်ဗျားတို့ကို အကြာကြီး ဒုက္ခပေးနေမှာမဟုတ်ဘူး…” ရန်ကိုင်က အားတင်းပြုံးလျက် လူမမာတစ်ဦးပုံစံမျိုးဖြင့် ပြန်ပြောလိုက်လေသည်။
ထိုစကားကိုကြားသော် ဖန်းဝူက မျက်နှာကြီးမဲ့လျက် ပြန်ပြောလိုက်လေ၏။ “အခုလိုမျိုးတွေ ပြောနေစရာမလိုပါဘူး ဆရာရန်ရယ်… ဆရာရန်ရဲ့အဆင့်အတန်းနဲ့ဆိုရင် ရှေးဟောင်းကုန်းမြေမှာ ဘယ်လောက်ပဲကြာအောင်နေနေ ဘယ်သူက လာပြောရဲမှာမို့လို့လဲ…”
“အား… ဟုတ်သားပဲ…” ရန်ကိုင်သည် ရုတ်တရက် တစ်ခုခုအား မှတ်မိသွားချင်ယောင်ဆောင်လျက် ပြောလိုက်လေ၏။ “ရှီဟွော့သေသွားပြီဆိုမှတော့ သူစုဆောင်းထားတဲ့ ရတနာတွေအကုန်လုံးက အသုံးမဝင်တော့ဘူးပေါ့ ဟုတ်တယ်မလား… ခင်ဗျားတို့သုံးယောက် ရှီဟွော့နေတဲ့နေရာဆီ သွားပြီးတော့ သူ့ဆီကရတနာတွေကို ကျုပ်ဆီသယ်လာပေးလို့ရလား… ရှင်းရှင်းပြောရရင်တော့ ဒီရတနာတွေအကုန်လုံးက ရို့ရှီအပိုင်ဖြစ်ရမှာ… ဒါပေမယ့် အခုလောလောဆယ် ရို့ရှီက သွေးတံခါးရောက်နေတာဆိုတော့ ဒီရတနာတွေကို သူ့ကိုယ်စား ကျုပ်ပဲ သိမ်းထားပေးလိုက်ရတာပေါ့…”
ထိုစကားကိုကြားပြီးသည့်နောက်တွင် ဖန်းဝူနှင့် ကျန်နှစ်ဦးမှာ အော်ငိုချင်စိတ်များပင် ပေါက်လာရတော့သည်။ သို့သော်ငြား ရန်ကိုင်သည် သူ့စကားထဲတွင် ကောင်းကင်အမိန့်တော်၏မျိုးဆက်အား ထည့်ပြောလာသည့်အတွက်ကြောင့် ဖန်းဝူနှင့် ကျန်နှစ်ဦးမှာ မည်သို့မှ အထွန့်မတက်ရဲ ဖြစ်နေခဲ့သည်။
ဖန်းဝူက ပြန်၍ပြောလိုက်လေ၏။ “စိတ်မပူပါနဲ့ဆရာရန်… ရှီဟွော့ အသက်ရှင်နေတုန်းက သူဓါးပြတိုက်ထားတဲ့ ပစ္စည်းတွေ အများကြီးရှိပါတယ်… ဒီဘုရင် ကျုပ်လက်အောက်ငယ်သားတွေကို စေလွှတ်ပြီးတော့ ရှီဟွော့နန်းတော်မှာ ရှိနေတဲ့ ရတနာတွေအကုန်လုံး ဆရာရန်ဆီ သယ်လာခိုင်းလိုက်ပါမယ်…” ထိုသို့ပြောပြီးသည့်နောက်တွင် လွမ်ဖုန်းအားကြည့်လျက် ပြောလိုက်လေ၏။ “အမျိုးသမီးဖုန်း… ကျေးဇူးပြုပြီး ဆရာရန်ကို စောင့်ရှောက်ပေးထားပါဦး…”
လွမ်ဖုန်းက ခေါင်းညိတ်လိုက်၏။ “အင်း…” ထို့နောက် ရန်ကိုင်ဘက်သို့လှည့်၍ “ဆရာရန်… အခု ကျွန်မနန်းတော်ဆီ သွားကြတော့မလား…”
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်လေ၏။
လွမ်ဖုန်းသည် သူမ၏ချီကို လှည့်ပတ်လျက် ရန်ကိုင်နှင့် တတိယတပည့်အား ရစ်ပတ်ကာ တစ်ခုသောဘက်ဆီသို့ ပျံသန်းထွက်သွားလေသည်။
ထွက်မသွားခင် ရန်ကိုင်သည် ဖန်းဝူနှင့် ချန်ကွော့တို့အား လက်ဝှေ့ယမ်းပြလျက် ပြောလိုက်လေ၏။ “ဒီသခင်လေး ခင်ဗျားတို့နှစ်ယောက်ဆီက သတင်းကောင်းကို စောင့်နေမယ်နော်…”
ဖန်းဝူထက် ချန်ကွော့တို့မှာ ငိုနေသည်ထက်ပင်လျှင် ပို၍ အရုပ်ဆိုးသည့် အပြုံးများကို ဆင်မြန်းလျက်မှ လက်သီးဆုပ်နှုတ်ဆက်၍ နှုတ်ဆက်စကား အသီးသီးပြောလိုက်ကြလေ၏။
ရန်ကိုင်နှင့် လွမ်ဖုန်းတို့ သူတို့မြင်ကွင်းမှ အပြီးတိုင်ပျောက်ကွယ်သွားပြီးသည့်နောက် ဖန်းဝူက ခါးသက်စွာပြုံးလျက် ခေါင်းတခါခါဖြင့် ပြောလိုက်လေ၏။ “နတ်တစ်ပါးကို ပင့်ဖိတ်ရတာကလွယ်တယ်… ပြန်ထွက်သွားအောင်လုပ်ဖို့က ခက်တယ်ဆိုတဲ့ အတိုင်းပါပဲလား…”
ချန်ကွော့သည် ဖန်းဝူကိုကြည့်လျက် မှတ်ချက်ပေးလိုက်လေသည်။ “ရှီဟွော့ပိုင်ဆိုင်တာတွေအကုန်လုံးကို ဒီအတိုင်းကြီး ပေးပစ်လိုက်တော့မှာလား… သူစုထားတာတွေက နည်းတာတွေမဟုတ်ဘူးနော်…”
ဖန်းဝူသည် ချန်ကွော့ကိုကြည့်၍ ပြန်၍မေးလိုက်လေသည်။ “ရတနာတွေက ပိုအရေးကြီးလား… မင်းအသက်က ပိုအရေးကြီးလား…”
ချန်ကွော့က ပြန်၍ပြောလိုက်လေသည်။ “ရှီဟွော့မှာ အဖိုးတန်ရတနာတွေ ဘယ်လောက်ရှိလဲဆိုတာကို သူမှမသိတာ… သူ့လိုဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ယောက်ကို နည်းနည်းလောက်ပေးလိုက်ရင်တောင် ပါးစပ် နားရွက်ချိတ်မတတ် ပြုံးနေမှာ… အကုန်လုံး မပေးလိုက်လည်း ဘာမှမဖြစ်ပါဘူး”
ဖန်းဝူက အေးစက်စက်အမူအယာဖြင့် ပြုံးလျက် “သူမသိပေမယ့် အမျိုးသမီးဖုန်းက မသိတာမဟုတ်ဘူးလေ… ဟိုရောက်တာနဲ့ အမျိုးသမီးဖုန်းကို ထိုင်မေးတော့မှာ… အမျိုးသမီးဖုန်းပြောတာနဲ့ ငါတို့ပို့ပေးလိုက်တာနဲ့သာ ကွာနေမယ်ဆိုလို့ရှိရင် မင်းနဲ့ငါ အဲ့ကိစ္စကို ဘယ်လို သွားရှင်းပြရမှာလဲ…”
ချန်ကွော့ မျက်မှောင်ကျုံ့သွားခဲ့လေ၏။ “အမျိုးသမီးဖုန်းက ပြောချင်တိုင်းပြောတဲ့သူတော့ မဟုတ်ပါဘူး… ဟုတ်တယ်မလား…”
ဖန်းဝူက သက်ပြင်းချလျက် “ဟိုက ကောင်းကင်အမိန့်တော်မျိုးဆက်ရဲ့ နာမည်ကို သုံးပြီးတော့ ငါတို့ကို တောက်လျှောက် ဖိအားပေးနေတာ… အခု ရှီဟွော့ပိုင်ဆိုင်ထားတဲ့ ရတနာတွေကိုတောင် ကောင်းကင်အမိန့်တော်ရဲ့မျိုးဆက် နာမည်သုံးပြီးတော့ တောင်းထားတာ… အမျိုးသမီးဖုန်း သူ့ကို လိမ်ရဲလောက်မှာမဟုတ်ဘူး…”
ထိုစကားကိုကြားသော် ချန်ကွော့သည် နာကျင်နေသည့်အမူအယာဖြင့် သက်ပြင်းအမောကြီး ချလိုက်လေသည်။
ရှေးဟောင်းကုန်းမြေထဲရှိ တစ်နေရာ…
မိုးထိမတတ် မြင့်မားလှသော တောင်စဉ်တောင်တန်းများ နေရာအနှံ့ တည်ရှိနေကြလေသည်။ အလွန်တရာကိုမှ လှပသက်ဝင်လှသော ရှုခင်းအဖုံဖုံနှင့် ရင်သပ်ရှုမောဖွယ်ကောင်းလှသည့် နေရာကြီးတွင် တစ်ခုသော တောင်တစ်တောင်ပေါ်၌ ကြီးကျယ်ခမ်းနားလှသည့် နန်းတော်တစ်ခု ရှိနေခဲ့လေသည်။ ဤနေရာမှာ လွမ်ဖုန်းနေသည့် နန်းတော်သာ ဖြစ်လေသည်။
နတ်အရှင်လေးပါးထဲမှ တစ်ပါး နေထိုင်သည့် နန်းတော်ဆိုသည့်အတိုင်း နန်းတော်အောက်တွင် အလွန်တရာကိုမှ သိပ်သည်းလှသည့် မိုးမြေစွမ်းအားကို ထုတ်လွှတ်ပေးနေသော အထွဋ်အထိပ်အဆင့် မြေကမ္ဘာချီကြောမကြီးတစ်ခု ရှိနေခဲ့လေသည်။
ထိုနန်းတော်သို့ ရောက်လာပြီးသည့်နောက် ပတ်ဝန်းကျင်ရှုခင်းများကိုကြည့်ရင်း ရန်ကိုင် အံ့အားသင့်နေခဲ့ရလေသည်။
ထိုနေရာသို့ ရောက်လာပြီးသည့်နောက်တွင် လှပချောမောလှသည့် မိန်းကလေးငယ်လေးများမှာ သူတို့အား ချက်ချင်းကို လာရောက်ကြိုဆိုကြလေသည်။ သူတို့သွားမည့် လမ်း၏ ဘေးတစ်ဖက်တစ်ချက်စီတွင် အဆင့်ဆယ့်နှစ် အဆင့်နိမ့်ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသော အစေခံမလေးရှစ်ဦးသည် လေးယောက်စီလူစုခွဲလျက် ရပ်နေကြလေသည်။
လွမ်ဖုန်းရောက်လာသည်ကိုမြင်သော် အစေခံမလေးများမှာ ဦးညွှတ်၍ ပြိုင်တူနှုတ်ဆက်လိုက်ကြလေ၏။ “သခင်မကို နှုတ်ဆက်ပါတယ်…”
လွမ်ဖုန်းသည် သူမလက်ကိုဝှေ့ယမ်းလျက် အစေခံမလေးများကို ခေါင်းပြန်မော့ရန် ပြောလိုက်လေသည်။ ထို့နောက် ရန်ကိုင်ကိုညွှန်ပြလျက် ပြောလိုက်လေ၏။ “ဒါက ဒီဘုရင်မရဲ့ဧည့်သည်တော် ဆရာရန်ပဲ… ဆရာရန်က အခုလောလောဆယ် ငါ့ဖီးနစ်အသိုက်နန်းတော်မှာ ခဏကြာအောင် နေဦးမှာ… ဆရာရန်ကိုတွေ့လို့ရှိရင် ဒီဘုရင်မကိုတွေ့သလိုပဲ ဆက်ဆံဖို့ အခြားသူတွေကို ပြောထားလိုက်ဦး… ဘယ်သူမှ ဆရာရန်ကို မလေးမစားလုပ်လို့ မရဘူးနော်…”
ထိုစကားကိုကြားသည့်အခါ အစေခံမလေးရှစ်ဦးစလုံး အံ့အားသင့်သွားခဲ့ကြသည်။ သို့သော်ငြား မည်သည့်မေးခွန်းမှ ပြန်မေးမနေခဲ့ပဲ သံပြိုင် ပြိုင်တူပြန်ဖြေလိုက်ကြလေ၏။ တစ်ချိန်တည်းတွင် ရန်ကိုင်အား တိုးတိုးတိတ်တိတ်ဖြင့် စတင်၍ စစ်ဆေးကြတော့လေသည်။
ရန်ကိုင်သည် လူသားတစ်ဦးဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည့်အခါ အစေခံမလေးများအားလုံး အလွန်ကိုမှ ထိတ်လန့်သွားခဲ့ကြရသည်။ ထိုကဲ့သို့သော လူသားတစ်ဦးကို သူတို့၏နတ်အရှင်သည် ဘာကြောင့်များ ဤမျှ တလေးတစား ဆက်ဆံနေရသလဲဆိုသည်ကို အကုန်လုံး နားမလည်နိုင် ဖြစ်နေကြလေသည်။
ရန်ကိုင်အားမြင်ခြင်းသည် နတ်အရှင်တစ်ပါးအား မြင်ခြင်းနှင့် တူပေသည်။ ဤသည်မှာ ရန်ကိုင်အား အလွန်တရာကိုမှ မြှောက်စားထားခြင်းဖြစ်ပေသည်။
သူတို့စကားပြောနေစဉ်အတောအတွင်း အသက် ခုနှစ်နှစ် ရှစ်နှစ်ခန့် ရှိမည့် မိန်းမငယ်လေးတစ်ဦးသည် ထိုအမျိုးသမီးများ၏ နောက်တွင် ရုတ်တရက် ပေါ်လာခဲ့လေသည်။ ထိုကောင်မလေးမှာ နှင်းဆီရောင်အသားအရေကို ပိုင်ဆိုင်ထားခဲ့ပြီး လွမ်ဖုန်းနှင့် မျက်နှာချင်းဆင်ပေသည်။ ထိုကောင်မလေးမှာ သူမ၏ဆံပင်များကို ကျစ်ဆံမြီးသဖွယ် ထုံးနှောင်ထားလေသည်။ လွမ်ဖုန်းရောက်လာသည်ကိုမြင်သော် ဝမ်းသာအားရဖြင့် လွမ်ဖုန်း၏ရင်ခွင်ထဲသို့ ပြေးခုန်ဝင်သွားလေ၏။ ထို့နောက် သူမ၏ ဦးခေါင်းဖြင့် လွမ်ဖုန်း၏ရင်ဘတ်ကို တိုးဝှေ့နေလေရာ မို့မို့မောက်မောက်ရင်အစုံမှာ ကျုံ့ဝင်သွားလိုက် ဖောင်းထွက်လာလိုက် ဖြစ်နေခဲ့လေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် တံတွေးတစ်လုပ် မျိုချမိလိုက်သည်။
သူမ၏ရင်ဘတ်တစ်ခုလုံး ဗြောင်းဆန်အောင် ဆော့ကစားခံနေရသည့်အချိန်တွင် ရန်ကိုင်မှ စိုက်ကြည့်နေသည်ကိုမြင်သော် လွမ်ဖုန်း၏မျက်နှာကြီး ရဲတက်သွားခဲ့လေသည်။ ချက်ချင်းပဲ သူမရင်ခွင်ထဲကို ခုန်ဝင်လာခဲ့သော ကောင်မလေးကို ကိုင်လျက် ဒေါမာန်တကြီးဖြင့် ဆူပူလိုက်လေ၏။ “လင်းအာ… ဆော့မနေတော့နဲ့… ငါတို့ဆီကို ဒီနေ့ ဧည့်သည်ရောက်နေတယ်… ပြီးမှ နင်နဲ့လာဆော့ပေးမယ်…”
ထို့နောက် ရန်ကိုင်ဘက်သို့လှည့်၍ တောင်းတောင်းပန်ပန်ဖြင့် ပြောလိုက်လေသည်။ “ကျွန်မသမီးက နည်းနည်း အလိုလိုက်ခံထားရတာဆိုတော့ ဆရာရန် စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်…”
“မထားပါဘူး… မထားပါဘူး…” ရန်ကိုင်သည် လင်းအာဟူသော ကောင်မလေးအား ဝေ့ကြည့်လိုက်၍ နားလည်သဘောပေါက်သွားဟန်ဖြင့် “အမျိုးသမီးဖုန်း… ဒါ ကျုပ် ကြည်လင်ကျောက်စိမ်းတောင်မှာတွေ့ခဲ့တဲ့ ခင်ဗျားရဲ့သမီးလား…”
“ဟုတ်ပါတယ်…” လွမ်ဖုန်းသည် လင်းအာကို အောက်သို့ပြန်ချလိုက်ပြီး သူမ၏ခေါင်းအား ချစ်မြတ်နိုးစွာ ပုတ်ပေးလိုက်လေသည်။
ရန်ကိုင်သည် ကြည်လင်ကျောက်စိမ်းတောင်၌ ဤလင်းအာဟူသော ကောင်မလေးကို တွေ့ခဲ့ဖူးပေသည်။ ထိုစဉ်က လွမ်ဖုန်းကိုယ်တိုင်ရောက်လာပြီး သူမအား ကျင့်ကြံသူပေါင်းများစွာဆီမှ ကယ်ဆယ်သွားခဲ့ခြင်းဖြစ်သည်။ နှစ်အနည်းငယ်ခန့် ကြာပြီးသည့်နောက်တွင် ထိုကောင်မလေးသည် လူအသွင်သို့ပင် ယူနိုင်နေပြီး သူမ၏ကျင့်ကြံခြင်းမှာလည်း အဆင့်ဆယ့်တစ် အလယ်အလတ်သို့ပင် ရောက်နေလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။
သို့ရာတွင် လင်းအာဆိုသည့်ကောင်မလေးမှာ နတ်သားရဲတစ်ပါး၏ မျိုးဆက်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူမ၏တိုးတက်နှုန်း ဤမျှ မြန်ဆန်နေသည်မှာ အထူးအဆန်းတော့မဟုတ်ပေ။
လင်းအာဟူသည့် ကောင်မလေးကိုကြည့်ရင်း ရန်ကိုင် ရုတ်တရက် စိတ်ဝင်စားလာခဲ့သည်။ (ကလေးမွေးဖို့ဆိုလို့ရှိရင် ယောက်ကျားတစ်ဦးနဲ့ မိန်းမတစ်ဦး ရှိမှရတာ… ဒါဆိုရင် လွမ်ဖုန်းက ဘယ်လိုလုပ်ပြီး သူ့သမီးကို မွေးထားတာလဲ… ဒီလောကကြီးမှာ အထီးလွမ်ဖုန်းတော့ မရှိလောက်ပါဘူး ဟုတ်တယ်မလား…)
(ဒါမှမဟုတ် သူ့လက်အောက်ငယ်သား မွန်းစတားဘုရင်တစ်ယောက်ယောက်နဲ့များ ဟိုဟာ လုပ်ခဲ့တာလား…) ထိုကဲ့သို့ စဉ်းစားမိလိုက်သော် ရန်ကိုင်၏အမူအယာ ထူးထူးဆန်းဆန်း ဖြစ်သွားလေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၆၀၆) ကျိယောင်၏ပြဿနာ
လင်းအာဟူသော ကောင်မလေးသည် ရန်ကိုင်ဘက်သို့လှည့်၍ စိတ်ဝင်တစားဖြင့် ကြည့်လာခဲ့သည်။
သို့သော်ငြား သူမသည် ရန်ကိုင်အား မမှတ်မိတော့သည်မှာ အထင်းသားပင်။ လွန်ခဲ့သော ဆယ်နှစ်ကျော်က ရန်ကိုင်နှင့် ကြည်လင်ကျောက်စိမ်းတောင်တွင် တွေ့စဉ်က လင်းအာမှာ မွေးကင်းစကလေးအရွယ်သာ ရှိသေးသည့်အတွက်ကြောင့် ထိုအချိန်က ကိစ္စရပ်များအား သေချာ မမှတ်မိနိုင်တော့ပေ။ လက်ရှိ သူမရှေ့တွင် ရှိနေသည့် ရန်ကိုင်အား ရင်းနှီးနေသလို ဖြစ်နေသည်ဟုသာ ခံစားနေရလေသည်။
ရန်ကိုင်က ပြုံးပြလိုက်လေ၏။
လင်းအာ ရင်တဒုန်းဒုန်း ခုန်သွားခဲ့လေသည်။ ရန်ကိုင် သူမသမီးအား ဆွဲဆောင်ဖျားယောင်းကာ သူမဆီမှ ခိုးယူသွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့် လွမ်ဖုန်းသည် အနီးအနားတွင်ရှိနေသော အစေခံမလေးတစ်ဦးအား အလျင်စလို လှမ်းပြောလိုက်လေ၏။ “သူ့ကိုခေါ်သွားပေတော့… ဆရာရန်ကို လာမနှောင့်ယှက်စေနဲ့…”
အစေခံမလေးက အလျင်စလို ပြန်၍ပြောလိုက်လေသည်။ “ဟုတ်ကဲ့ပါ…”
ထို့နောက် လင်းအာကိုခေါ်၍ ဖြည်းဖြည်းချင်း ထွက်သွားလေ၏။
လင်းအာ သူမ၏မြင်ကွင်းမှ ပျောက်ကွယ်သွားသည့်အခါမှသာ လွမ်ဖုန်း သက်ပြင်းချလိုက်နိုင်ပေသည်။ ရန်ကိုင် သူမနန်းတော်ထဲ နေနေစဉ်အတောအတွင်း ရန်ကိုင်အား လင်းအာနှင့် လုံးဝ တွေ့စေ၍ မဖြစ်ဟု သူမစိတ်ထဲ သံဓိဌာန်ချထားလိုက်လေသည်။
နတ်သားရဲတစ်ကောင်၏မျိုးဆက်သည် မည်သည့်လူသားကျင့်ကြံသူများအတွက်မဆို စွဲမက်စရာတစ်ခုဖြစ်ပေသည်။ ထိုမျိုးဆက်မှာ မည်သည့်အကူအညီမျှပင် မပေးနိုင်စေကာမူ နတ်သားရဲတစ်ကောင်၏မျိုးဆက်ဟူသော ဂုဏ်အဆင့်အတန်းမှာ လူပေါင်းများစွာအား အံ့အားသင့်သွားအောင်လုပ်ရန် လုံလောက်ပေသည်။
ရန်ကိုင်သာ လင်းအာအား ခေါ်သွားခဲ့မည်ဆိုပါက လွမ်ဖုန်းအနေဖြင့် အမှန်တကယ်ကို ရင်ကွဲနာကျရပေလိမ့်မည်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ လင်းအာသည် အမှန်တကယ်ကို အဆော့မက်ကာ သူမအား မျက်စိဒေါက်ထောက်ကြည့်နေဖို့ရာလည်း သိပ်၍ မဖြစ်နိုင်လှပေ။
“ဆရာရန်…. ကျေးဇူးပြုပြီး ဒီလမ်းအတိုင်း လိုက်ခဲ့ပါနော်…” လွမ်ဖုန်းက အချက်ပြလိုက်သည်။
ရန်ကိုင်လည်း ခေါင်းညိတ်၍ တတိယတပည့်နှင့်အတူ လွမ်ဖုန်းခေါ်ဆောင်ရာနောက်သို့ လိုက်သွားလေ၏။
နန်းတော်တစ်ခုလုံးကို ခမ်းနားကြီးကျယ်စွာ တည်ဆောက်ထားခဲ့ပြီး အတွင်းပိုင်းအား အဖိုးတန်ရတနာများဖြင့် တန်ဆာဆင်ထားခဲ့လေသည်။ လွမ်ဖုန်းသည် အမှန်တကယ်ကို ဇိမ်ရှိရှိဖြင့် နေတတ်သူတစ်ဦး ဖြစ်လေသည်။
အတွင်းပိုင်းသို့ ဆက်ဝင်လာလိုက်သည်နှင့် နဂါးရုပ်ထုနှင့် ဖီးနစ်ရုပ်ထု စိုက်ထူထားသော စံအိမ်တစ်လုံးကိုလည်း မြင်တွေ့နိုင်ပေသည်။
ရန်ကိုင်အား နန်းတော်အတွင်းပိုင်းထဲတွင် ရှိနေသော ခြံဝန်းတစ်ခုဆီသို့ ခေါ်ဆောင်လာပြီးသည့်နောက် လွမ်ဖုန်းက ပြောလိုက်လေ၏။ “ဆရာရန်…. ဒီနေရာကိုကြိုက်လားမသိဘူး.. မကြိုက်ရင် နေရာထပ်ပြောင်းပေးမယ်လေ…”
ရန်ကိုင်သည် ခြံဝန်းတစ်ခုလုံးအား လှည့်ပတ်စစ်ဆေးကြည့်လိုက်လေသည်။ ထို့နောက် ခေါင်းညိတ်၍ ပြန်ပြောလိုက်လေ၏။ “မလိုပါဘူး အဆင်ပြေပါတယ်…”
ထိုအခါမှသာ လွမ်ဖုန်း သက်ပြင်းချလိုက်နိုင်လေသည်။ ထို့နောက် သူမနောက်သို့ လိုက်လာသော အစေခံမလေးများကိုကြည့်၍ အမိန့်ပေးလိုက်လေ၏။ “နင်တို့ ဒီမှာနေပြီး ဆရာရန်ရဲ့ ဝေယျာဝစ္စကိစ္စတွေကို လုပ်ပေးလိုက်… ဆရာရန် ဘာတောင်းဆိုဆို ဖြည့်ဆည်းပေးလိုက်နော်… ဆရာရန် တစ်ခုခု မကျေနပ်ဘူးဆိုတဲ့ အကြောင်း သတင်းကြားရရင်တော့ ဒီဘုရင်မ နင်တို့ကို လုံးဝ ခွင့်လွှတ်မှာမဟုတ်ဘူးမှတ်…”
အစေခံမလေးများက အလျင်စလို ပြန်ဖြေလိုက်လေသည်။ “နားလည်ပါပြီ သခင်မ…”
သူတို့စိတ်ထဲ ကြိတ်၍ စိတ်ပူနေမိကြသည်။ နတ်အရှင်သည် ရန်ကိုင်၏ မည်သည့်ဆန္ဒကိုမဆို ဖြည့်ဆည်းပေးရန် ပြောခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်သည်သာ တဏှာထ၍ သူတို့အား တစ်ခုခုလုပ်ချင်သည်ဆိုပါက သူတို့အနေဖြင့် ဘာလုပ်ရမည်နည်း။ ယောက်ျားများအားလုံးသည် မွန်းစတားမျိုးနွယ်စုဝင်ဖြစ်ပါစေ လူသားဖြစ်ပါစေ အတူတူကြီးသာ။
သို့သော်ငြား နတ်အရှင်ကိုယ်တိုင်က ဤကဲ့သို့ အမိန့်ပေးထားသည့်အတွက်ကြောင့် သူတို့မှာ လွမ်ဖုန်း၏အမိန့်အား မနာခံဘဲ မနေရဲခဲ့ပေ။
“ဆရာရန်… ဘာမှထပ်မရှိတော့ရင် ကျွန်မ သွားလိုက်ပါဦးမယ်… တစ်ခုခုလိုတာရှိရင် သူတို့ကို ခိုင်းလို့ရတယ်နော်…” လွမ်ဖုန်းက ရန်ကိုင်အား ပြုံးရင်းမှ ပြောလိုက်လေသည်။
ရန်ကိုင်က ခေါင်းညိတ်၍ “အမျိုးသမီးဖုန်း အဆင်ပြေတာ သွားလုပ်လို့ရပါပြီ… ဒါပေမယ့် ဟို ကျုပ်ပြောထားတဲ့ ဆေးပင်တွေကိစ္စကိုတော့ တစ်ချက်လောက် ဂရုစိုက်ထားပေးဦးနော် အမျိုးသမီးဖုန်း…”
သူမကိုယ်တိုင်သည်လည်း ထိုပြဿနာမှ မလွတ်မြောက်နိုင်သေးမှန်း သဘောပေါက်လိုက်သော် လွမ်ဖုန်း ခါးသက်စွာ ပြုံးလိုက်လေသည်။ သို့သော်ငြား ပေါ်ပေါ်ထင်ထင် မပြုံးရဲခဲ့ဘဲ စိတ်ထဲတွင်သာ ကြိတ်၍ ပြုံးလိုက်ခြင်း ဖြစ်သည်။ ထို့နောက် ခေါင်းညိတ်၍ ပြန်ပြောလိုက်လေ၏။ “ဆရာရန် စိတ်ချထားလိုက်ပါ… ကျွန်မ အဲ့ကိစ္စကို သေချာ ဂရုစိုက်ထားလိုက်ပါမယ်…”
ထိုသို့ပြောပြီးသည့်နောက် ပြန်လည်ထွက်ခွာလာခဲ့လေ၏။
ရန်ကိုင်သည် ခြံဝန်းထဲသို့ဝင်၍ လှည့်ပတ်ကြည့်လိုက်သည်။ ထို့နောက် ဘယ်ဘက်တွင်ရှိနေသော အဆောက်အဦးတစ်လုံးအား ညွှန်ပြလျက် ပြောလိုက်လေ၏။ “တတိယတပည့်… နင် အခုလောလောဆယ် အဲ့မှာနေလို့ အဆင်ပြေလား…”
တတိယတပည့်သည် ထိုအဆောက်အဦးကိုကြည့်၍ ပြန်မေးလိုက်လေသည်။ “ဆရာလည်း ဒီမှာပဲနေမှာလား…”
ရန်ကိုင်ကပြုံးလျက် ပြန်ပြောလိုက်သည်။ “ငါက အဲ့မှာနေမှာ…” ရန်ကိုင်သည် အနားတွင်ရှိနေသော အဆောက်အဦးတစ်လုံးကို ညွှန်ပြလိုက်လေသည်။
တတိယတပည့် ဝေခွဲရခက်သွားခဲ့လေသည်။ “တပည့် ဆရာ့အနားမှာနေပြီး ဆရာ့ကို အလုပ်အကျွေးပြုချင်တာ…”
“ငါတို့နေတဲ့နေရာက သိပ်ဝေးတာမှမဟုတ်တာ… ကိစ္စမရှိပါဘူး…” ရန်ကိုင်က လက်ဝှေ့ယမ်းပြလိုက်သည်။ တတိယတပည့် ပြန်ပြောမည်ကိုပင် စောင့်နေတော့ဘဲ အစေခံမလေးတစ်ဦးဘက်သို့လှည့်၍ မေးလိုက်လေ၏။ “နင့်နာမည် ဘယ်လိုခေါ်လဲ…”
အစေခံမလေးက ဦးညွှတ်လျက် ပြန်ပြောလိုက်သည်။ “ဒီအစေခံမလေးရဲ့နာမည်က ထျန်းလုံပါဆရာ…”
ရန်ကိုင်က ခေါင်းညိတ်လိုက်၏။ “သူ့ကို အဲ့နေရာဆီခေါ်သွားပြီးတော့ ရေချိုးပေးလိုက်… ပြီးရင် အဝတ်အစားတွေပါ တစ်ခါတည်း လဲပေးလိုက်…”
လက်ရှိတတိယတပည့်၏ပုံစံမှာ အခြားသူတွေများနှင့်တွေ့ရန် အဆင်ပြေမနေခဲ့ပေ။ သူမဝတ်ထားသည့် ရေခဲနှလုံးသားတောင်ကြားဝတ်စုံကို မလဲထားသည်မှာ အချိန်မည်မျှ ကြာလို့ကြာမှန်းပင်မသိ။ ဆံပင်များမှာလည်း ဖွာကြဲလန်နေကာ မျက်နှာတစ်ခုလုံးမှာလည်း ပေရေညစ်ပတ်နေခဲ့သည်။ ထို့အပြင် သူမခန္ဓာကိုယ်ဆီမှ အန်ချင်စရာ အောက်သိုးသိုးအနံ့လည်း ထွက်နေလေ၏။
ယခု အချိန်ရတုန်းလေး ရန်ကိုင်အနေဖြင့် သူမအား သေသေချာချာ ရေချိုးဆေးကြောသန့်စင်စေချင်ပေသည်။ ထိုသို့သာမဟုတ်ပါက ဤပုံစံကြီးဖြင့်သူမအနားတွင် နေရသည်မှာ သိပ်၍ အဆင်မပြေလှပေ။
“ဟုတ်ကဲ့ပါ…” ထျန်းလုံဟူသော အစေခံမလေးသည် တတိယတပည့်၏ လက်ကို ဆွဲကာ သူမနေမည့် အဆောက်အဦးဆီသို့ ခေါ်သွားပေလေသည်။
တတိယတပည့်မှာ ရုတ်တရက် အထိတ်ထိတ်အလန့်လန့် ဖြစ်လာသောကြောင့် ရန်ကိုင်က အလျင်စလို နှစ်သိမ့်ပေးလိုက်လေ၏။ “ရေချိုးပြီးသွားလို့ရှိရင် ငါနဲ့လာတွေ့လှည့်…”
ရန်ကိုင်၏စကားလုံးများမှာ အတော်လေးကိုမှ အကျိုးသက်ရောက်မှုရှိလှသည်။ ရန်ကိုင်ပြောသည်ကို ကြားပြီးသည့်နောက် တတိယတပည့် ရုတ်ချည်း တည်ငြိမ်သွားခဲ့လေ၏။
ထျန်းလုံဟုခေါ်သော အစေခံမလေးမှ တတိယတပည့်အား ခေါ်သွားပြီးသည့်နောက်တွင် ရန်ကိုင်သည် ကျန်သည့် အစေခံမလေးခြောက်ဦးဘက်သို့ လှည့်၍ ပြောလိုက်လေ၏။ “နင်တို့ဟိုမှာ သွားကူပေးလို့ရတယ်။ ငါ့ဝေယျာဝေစ္စကိစ္စတွေ လာလုပ်ပေးနေစရာမလိုဘူး…”
ထိုစကားကိုကြားသည့်အခါ အစေခံမလေးခြောက်ဦးစလုံး ဝမ်းသာသွားခဲ့ကြလေသည်။ မည်သည့်အပိုစကားမှ ပြန်ပြောမနေခဲ့ပဲ ဦးညွှတ်၍ အသီးသီး ထွက်ခွာလာခဲ့ကြသည်။
ရန်ကိုင် မဟုတ်တရုတ် တောင်းဆိုလာမည်ကို သူတို့ အမှန်တကယ် ကြောက်ရွံ့နေခြင်း ဖြစ်ပေသည်။ နတ်အရှင်သည် ရန်ကိုင်၏ တောင်းဆိုချက်မှန်သမျှကို ဖြည့်ဆည်းပေးရန် ပြောသွားခဲ့သည်မဟုတ်ပေလော။ သို့သော်ငြား ဤလူသားသည် အခြားသောယောကျ်ားသားများကဲ့သို့ မဟုတ်သည့်ပုံပင်။
အကုန်လုံးအား ထွက်သွားခိုင်းပြီးသည့်နောက်တွင် ရန်ကိုင်သည် သူနေမည့် အဆောက်အဦးဆီသို့သွား၍ ဒုတိယအထပ်သို့ လှမ်းတက်လာခဲ့လိုက်သည်။
ဒုတိယအထပ်မှာ အတော်လေးကိုမှ ကျယ်ဝန်းကာ ပရိဘောဂ အသုံးအဆောင်ပစ္စည်းအားလုံး ရှိနေခဲ့သည်။ ရန်ကိုင်သည် စားပွဲတစ်လုံးဆီသို့သွား၍ ထိုင်ချလိုက်ပြီးသည့်နောက် အသာအယာ သက်ပြင်းချလိုက်လေ၏။
ယခုတစ်ကြိမ် ရှေးဟောင်းကုန်းမြေဆီသို့ လာသည့်ခရီးမှာ အန္တရာယ်ပေါင်းများစွာဖြင့် များစွာဖြင့် ပြည့်နှက်နေခဲ့သည်။
နတ်အရှင်လေးပါးနှင့် ရင်ဆိုင်ရပြီးသည့်နောက် သူ မခံစားခဲ့ရသည်မှာ ကြာပြီဖြစ်သော အားနည်းသည့် ခံစားချက်ကို ပထမဦးဆုံးအကြိမ်အဖြစ် ပြန်လည်ခံစားလိုက်ရသည်။ သူ အလွန်ကိုမှ အားကိုးအားထားပြုရသော လေဟာနယ်စွမ်းအားသည်ပင် နတ်အရှင်လေးပါးရှေ့တွင် အသုံးမဝင်ဖြစ်ခဲ့ရသည်။ ရို့ရှီ၏သွေးမျိုးဆက် ရုတ်တရက်နိုးထလာသည့် အတွက်ကြောင့်သာမဟုတ်ပါက သူ့အတွက် အခြေအနေမဟန်လှပေ။
ရို့ရှီကိုယ်တိုင်လည်း ကောင်းကင်အမိန့်တော်၏မျိုးဆက်တစ်ဦး ဖြစ်နေသည့်အပေါ် ရန်ကိုင်မှာ အလွန်တရာကိုမှ အံ့အားသင့်ခဲ့ရသည်။
သူမ၏သွေးမျိုးဆက်မှာ နိုးထလာပြီဖြစ်သလို သွေးတံခါးထဲသို့လည်း ရောက်နေပြီဖြစ်သည့်အတွက်ကြောင့် သူမဘိုးဘေး၏စွမ်းအားကို ကျိန်းသေ ဆက်ခံနိုင်ကာ သွေးတံခါးထဲမှ ပြန်ထွက်လာနိုင်ပေလိမ့်မည်။ ရှောင်ရှောင်သည်လည်း သူမနှင့်အတူ ဝင်သွားခြင်းဖြစ်သည့်အတွက်ကြောင့် ထိုင်းယွဲ့နတ်သားရဲအဖြစ်သို့ ပြောင်းလဲနိုင်ပေလိမ့်မည်။
သူ၏ကျောက်တုံးကိုယ်ပွားသည်ပင်လျှင် ရှီဟွော့၏အမြုတေကို ရကာ နောက်ထပ် နတ်သားရဲရှီဟွော့အသစ် ဖြစ်လာနိုင်လောက်ပေသည်။
အကျဉ်းချုပ် တွက်ကြည့်လိုက်ရသော် ယခုတစ်ကြိမ်ခရီးသည် အတော်လေးကိုမှ အန္တရာယ်များခဲ့ပါသော်ငြား ရန်ကိုင်ရခဲ့သည့် အကျိုးအမြတ်မှာတော့ မနည်းလှပေ။ ဝိဉာဉ်တစ်သောင်းသင်္ချိုင်းထဲ၌ ရခဲ့သော သန်းနှင့်ချီသည့် မွန်းစတားသားရဲများ၏ အမြုတေများနှင့် သားရဲဝိဉာဉ်များကို ထည့်မတွက်ရသေးပေ။ ထို့အပြင် ရှီဟွော့နန်းတော်၌ အဖိုးတန်ရတနာ ဘယ်လောက်များများ ရှိနေသလဲဆိုသည်ကို သူမသိသလို အခြားသောနတ်အရှင်သုံးပါးဆီမှလည်း မည်ကဲ့သို့သော ပစ္စည်းကောင်းများ ထပ်ရမလဲဆိုသည်ကို မပြောနိုင်သေးပေ။
လက်ရှိရထားသည့် အကျိုးအမြတ်များနှင့် နောင်ရမည့် အကျိုးအမြတ်များကို ထည့်မတွက်ဘဲနေလိုက်မည်ဆိုပါက လက်ရှိရန်ကိုင် အတောင့်တဆုံးမှာ ပိုမိုမြင့်မားသော ခွန်အားကို ရရှိရန်သာ ဖြစ်ပေသည်။
ယခုတစ်ကြိမ် သူကြုံခဲ့ရသည့် အန္တရာယ်သည် ကျန်းရို့ရှီ၏သွေးမျိုးဆက် ရုတ်တရက် နိုးထလာခဲ့သည့်အတွက်ကြောင့် အလိုလိုဖြေရှင်းပြီးသား ဖြစ်သွားခဲ့ပါသော်ငြား နောက်တစ်ကြိမ်ဆိုလျှင်ရော…။ မဟာဧကရာဇ်တစ်ပါးနှင့် ယှဉ်ပြိုင်နိုင်သည့် ပညာရှင်တစ်ဦးဦး သို့မဟုတ် နတ်သားရဲတစ်ကောင်နှင့် ရင်ဆိုင်ကြုံတွေ့ရပါက သူ့အနေဖြင့် ထိုကိစ္စကို မည်ကဲ့သို့များ ဖြေရှင်းပါမည်နည်း။ သူ့ဘဝကြီးသည် အမြဲတစေ ကံကောင်းနေနိုင်သည်တော့ မဟုတ်ပေ။
တတ်ကျွမ်းထားသည့် သိုင်းပညာရပ်များနှင့် ဝှက်ဖဲများအရ ရန်ကိုင်တွင် မရေမတွက်နိုင်သော အဖိုးတန်ပညာရပ်များ ရှိနေကြပေသည်။ သူတတ်ကျွမ်းထားသည့် လေဟာနယ်တာအိုပညာရပ်များ၊ အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်၊ ရွှေနဂါးအမြုတေစွမ်းအားနှင့် ရှေးဟောင်းနတ်ဆိုး၏ စွမ်းအားတို့သည် အလွန်တရာကိုမှ အံ့အားသင့်ဖွယ်ကောင်းလှသည့် ဝှက်ဖဲများ ဖြစ်ကြသည်။ မှော်ရတနာများအရဆိုလျှင်လည်း ရန်ကိုင်သည် တောင်နဲ့မြစ်ခေါင်းလောင်းကို ပိုင်ဆိုင်ထားခဲ့ပေသည်။ ထိုမှော်ရတနာတစ်ခုတည်းနှင့်ပင်လျှင် သူ၏မှော်ရတနာမှာ အခြားသူများ၏ မည်သည့်မှော်ရတနာထက်မဆို ပိုမိုကောင်းမွန်နေခဲ့လေပြီ။
ရန်ကိုင်တွင် ကင်းမဲ့နေသည့်အရာဆို၍ သူ့ကျင့်ကြံခြင်းသာ ရှိလေသည်။
ဧကရာဇ်ပထမအဆင့် ကျင့်ကြံခြင်းမှာ မြင့်မားခြင်းမရှိသလို နိမ့်ကျခြင်းလည်းမရှိဘဲ ပုံမှန်လောက်သာဖြစ်ပေသည်။
ရန်ကိုင်အနေဖြင့် ကြုံလာသမျှ အန္တရာယ်များကို အဆင်ပြေပြေဖြင့် ဖြေရှင်းနိုင်လိုပါက သူ့အနေဖြင့် ပိုမိုအားစိုက်ကျင့်ကြံရန် လိုအပ်ပေသေးသည်။
ထိုအချက်ကို စဉ်းစားမိလိုက်သော် ရန်ကိုင်သည် ရောက်တက်ရာရာကိစ္စများကို ဆက်မစဉ်းစားနေတော့ဘဲ သူ့လက်အား ဝှေ့ယမ်းလျက် ကျောက်စိမ်းနက်ဆေးမီးဖိုကို ထုတ်လိုက်လေသည်။ ထို့နောက် သိုလှောင်လက်စွပ်နှင့် ကမ္ဘာငယ်လေးထဲသို့ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လျက် သင့်လျော်သည့် ဆေးအမယ်များကို စတင်ရှာဖွေတော့လေ၏။
ရန်ကိုင်ကိုယ်တိုင်သည် ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်နေသလို သူ့တွင်လည်း ဧကရာဇ်အဆင့် ဆေးလုံးများကို ဖော်စပ်နိုင်မည့် ဆေးပင်အမြောက်အမြား ရှိနေခဲ့သည်။ ဧကရာဇ်အဆင့် ဆေးလုံးများကိုသာ ဖော်စပ်ပြီးပါက သူ၏ကျင့်ကြံနှုန်းမှာ ဆေးလုံးများ၏အကူအညီဖြင့် ပိုမိုမြန်ဆန်လာရပေတော့မည်။
ထို့အတွက်ကြောင့်ပင်လျှင် ပထမဦးစွာအနေဖြင့် ဆေးလုံးများကိုဖော်စပ်ရန် ကြိုးစားခဲ့ခြင်းဖြစ်ပေသည်။ ဆေးလုံးများကို ထပ်တလဲလဲဖော်စပ်ခြင်းဖြင့် ရန်ကိုင်၏ဆေးစွမ်းရည်မှာ တိုးတက်လာမည်ဖြစ်ကာ တဖြည်းဖြည်းနှင့် မြင့်မားလာပါက ခန္ဓာဖြစ်တည်ဆေးလုံးကိုပင် ဖော်စပ်နိုင်ပေလိမ့်မည်။
ရန်ကိုင်သည် အမျိုးမျိုးသော ဧကရာဇ်ဆေးပင်များနှင့် မွန်းစတားအမြုတေများကိုထုတ်၍ သူ့ရှေ့တွင် ချထားလိုက်သည်။ ထို့နောက် ဆေးကျမ်းများကို ပြန်စဉ်းစားကြည့်လိုက်ပြီးသည့်နောက် သူ့လက်ရှိကျင့်ကြံခြင်းနှင့်တကွ သူ့တွင်ရှိနေသော ပစ္စည်းများနှင့် သင့်တော်မည့် ဆေးလုံးများကို ဖော်စပ်ရန် ဆုံးဖြတ်လိုက်လေသည်။
ရန်ကိုင်မှ ကျောက်စိမ်းနက်ဆေးမီးဖိုထဲသို့ ဧကရာဇ်ချီကို ထည့်သွင်းလိုက်သည်နှင့်တစ်ပြိုင်နက် ဆေးမီးဖိုထဲ မီးတောက်များ စတင်လောင်မြိုက်လာသည်။ အခန်းအပူချိန်မှာလည်း ရုတ်ချည်းဆိုသလို မြင့်တက်လာခဲ့ရလေသည်။
သို့ရာတွင် ရန်ကိုင်မှ ဆေးမီးဖိုထဲသို့ ဆေးပင်များကို မထည့်နိုင်သေးခင်မှာပင် သူ့အမူအယာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ခေါင်းမော့၍ အပြင်ဘက်ဆီသို့ လှမ်းကြည့်လိုက်သည်။
အစေခံမလေးထျန်းလုံသည် ကိစ္စရပ်ကြီးတစ်ခုခု ဖြစ်ပျက်သွားသည့်အလား ထိတ်လန့်တုန်လှုပ်နေသည့် အမူအယာဖြင့် သူ့ဆီသို့ အပြေးလာနေခဲ့သည်။
“ဆရာရန်…” ရန်ကိုင်နေသည့်အဆောက်အဦးနားသို့ ရောက်လာပြီးသည့်နောက် ထျန်းလုံသည် ရုတ်တရက် ခေါင်းမော့၍ လှမ်းအော်ခေါ်လိုက်လေသည်။ “ဆရာရန်… တစ်ချက် လာကြည့်ကြည့်ပါဦး… ဆရာရန်ရဲ့တပည့် ဘာဖြစ်လို့ဖြစ်မှန်းမသိလို့ပါ” ထျန်းလုံက စိုးရိမ်တကြီးဖြင့် ပြောလိုက်လေသည်။
ရန်ကိုင့်အမူအယာ သုန်မှုန်သွားခဲ့လေ၏။ (မကောင်းတော့ဘူး…)
တတိယတပည့်၏စိတ်အခြေအနေမှာ အလွန်ကိုမှ မတည်မငြိမ် ဖြစ်နေလေ၏။ လက်ရှိ ထျန်းလုံပြောသည်ကို ကြည့်ရသလောက် နောက်တစ်ကြိမ် စိတ်ကစဉ့်ကလျား ထပ်ဖြစ်သည့်ပုံပင်။
ရန်ကိုင်သည် ထျန်းလုံဘေးတွင် ချက်ချင်းပြန်ပေါ်လာပြီး ပြောလိုက်လေ၏။ “ရှေ့ကနေသွား..”
ရုတ်တရက်ပေါ်လာသည့် ရန်ကိုင်ကြောင့် ထျန်းလုံ အံ့အားသင့်သွားခဲ့သည်။ ရန်ကိုင် အိမ်ထဲမှ မည်ကဲ့သို့ ထွက်လာလို့ ထွက်လာမှန်းကို သူမ မသိလိုက်ရပေ။ သို့သော်ငြား မည်သည့်အပိုမေးခွန်းမှ ပြန်မေးမနေရဲခဲ့ပဲ ရန်ကိုင်ပြောသည့်အတိုင်း အလျင်စလို ရှေ့မှ ဦးဆောင်သွားလိုက်လေ၏။
မကြာမီတွင် ရေချိုးရန်အသုံးပြုသော သီးသန့်အဆောက်အဦးတစ်လုံးဆီသို့ ရောက်လာခဲ့သည်။ ထိုအဆောက်အဦး၏ အလယ်ဗဟိုတွင် ပန်းများ ဖြန့်ကျဲထားသည့် ရေချိုးကန်ကြီးတစ်ကန် ရှိနေခဲ့လေသည်။ သင်းပျံ့မွေးကြိုင်သည့် ပန်းရနံ့တို့ကြောင့် အဆောက်အဦးတစ်ခုလုံး အမျိုးမျိုးသော သင်းရနံ့တို့ဖြင့် မွှေးထုံနေခဲ့၏။
လက်ရှိအချိန်တွင် အစေခံမလေးခြောက်ဦးသည် ခန်းမကြီးထဲတွင်နေလျက် တတိယတပည့်အား စိုးရိမ်တကြီးဖြင့် လိုက်ရှာနေခဲ့သည်။
ရန်ကိုင်ရောက်လာသည်ကိုမြင်သော် အစေခံမလေးခြောက်ဦးလုံး အလျင်စလို ပြေးလာကြပြီး တုန်တုန်ရီရီဖြင့် ဒူးထောက်ချလိုက်လေသည်။
ရန်ကိုင်သည် အစေခံမလေးများကိုကြည့်၍ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ “သူဘယ်မှာလဲ…”
ထျန်းလုံက အလျင်စလို ပြန်ဖြေလိုက်လေ၏။ “ကျွန်မတို့မသိပါဘူး…”
ရန်ကိုင်မျက်မှောင်ကြုတ်သွားခဲ့သည်။ “ဘာတွေဖြစ်သွားတာလဲ…”
ထျန်းလုံက ပြန်ဖြေလိုက်လေသည်။ “အစပိုင်းကတော့ အကုန်လုံး အဆင်ပြေပြေပါပဲ… ဒါပေမယ့် သူ့ကို ရေချိုးပေးဖို့ လုပ်လည်းလုပ်ရော ရုတ်တရက်ကြီး အခြားလူတစ်ယောက် ဖြစ်သွားသလိုပဲ… ကျွန်မတို့ဆီကနေ ထွက်ပြေးပါလေရော… ကျွန်မတို့လည်း ဘယ်လိုလိုက်ဖမ်းဖမ်း သူ့ကိုဖမ်းလို့ကိုမမိဘူး…”
ထျန်းလုံ ပြောမသွားရဲသည့် အကြောင်းအရာတစ်ချက်ရှိပေသည်။ တတိယတပည့်သည် အရူးတစ်ယောက်ကဲ့သို့ လုပ်နေသည်ဟူသော အချက်ပင်။
ရန်ကိုင် သူ့နဖူးသူရိုက်၍ တွေးလိုက်လေ၏။ (ငါ သူ့ကို အရမ်းယုံကြည်မိလိုက်တာပဲ…)
လက်ရှိ ခန်းမထဲတွင် ထွက်ပေါက်တစ်ပေါက်သာရှိပြီး ကျန်အပေါက်အားလုံး ပိတ်ထားကြောင်း တွေ့လိုက်ရသော် ရန်ကိုင်က ချက်ချင်း ပြန်မေးလိုက်ပြန်လေ၏။ “နင်တို့ သူ အဲ့အပေါက်ကနေ ထွက်သွားတာ မြင်လိုက်သေးလား…”
အစေခံမလေးခြောက်ဦးလုံးသည် အကြည့်ချင်းဖလှယ်လိုက်ပြီးသည့်နောက် အသီးသီး ခေါင်းခါပြလိုက်ကြသည်။ သို့သော်ငြား သူမတို့၏လုပ်ရပ်သည် လက်ရှိအခြေအနေကို ပို၍ပင် ထူးဆန်းသွားစေခဲ့သည်။ သူမတို့အကုန်လုံးမှာ တတိယတပည့်အား လိုက်လံရှာဖွေနေခဲ့ပါသော်ငြား လုံးဝ ရှာမတွေ့ခဲ့ချေ။ တတိယတပည့်သည် ထိုအပေါက်မှနေ၍ ထွက်မသွားလျှင် အခြားမည်သည့်နေရာတွင်များ သွားပုန်းနေလေသနည်း။
ထိုစကားကိုကြားသော် ရန်ကိုင် တစ်ခုခုအား စဉ်းစားမိသွားခဲ့ပြီး ခန်းမတစ်ခုလုံးအနှံ့ လှည့်ပတ်ကြည့်၍ အေးစက်စက်လေသံဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ “တတိယတပည့်… နင် အခုထိ ထွက်မလာသေးဘူးဆိုရင် နင့်ဆရာ ဒေါသထွက်မိတော့မှာနော်… ငါနင့်ကို အသက်သုံးရှိုက်စာ အချိန်ပေးမယ်… အဲ့အချိန်အတွင်း လိမ်လိမ်မာမာနဲ့ ထွက်လာခဲ့… မဟုတ်ရင်တော့ ဂိုဏ်းက သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း အပြစ်ပေးခံရမယ်မှတ်…”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၆၀၇) ကျိယောင်
ရန်ကိုင် လုပ်နေသည့်ပုံစံကိုမြင်သော် ထျန်းလုန်နှင့် အခြားသော အစေခံမလေး ခြောက်ဦးတို့သည် တစ်ဦးကိုတစ်ဦး နားမလည်နိုင်သည့် မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ တတိယတပည့်သည် ရူးနေလေရာ အရူးတစ်ယောက်ကို သွားအော်ခေါ်နေ၍ တစ်ဖက်လူသည် သူ့အား ခေါ်လို့ခေါ်နေမှန်း သိပါမည်လား။
သို့သော်ငြား ရန်ကိုင်မှ ပြောလို့ပြီးပြီးချင်းမှာပင် ကျောက်တိုင်တစ်တိုင်နောက်မှ အသံတစ်သံ ထွက်လာခဲ့လေသည်။ ထို့နောက် ပေကျေညစ်ပတ်နေသည့် ခေါင်းလေးတစ်ခေါင်း ပြူထွက်လာလေ၏။
“ဆရာ ဒီမှာ ဘာလုပ်နေတာလဲ” ထိုသို့ ပြောပြီးသည့်နောက်တွင် တတိယတပည့်သည့် ကျောက်တိုင်နောက်မှ အလျင်စလို ပြေးထွက်လာခဲ့လေသည်။
ရန်ကိုင်မှာ တတိယတပည့်အားကြည့်၍ ဆူပူတော့မည်အပြု မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အလျင်စလို အကြည့်ကောက်လွှဲလိုက်ရလေသည်။
လက်ရှိအချိန်တွင် တတိယတပည့်သည် လုံးဝကို မိမွေးဖမွေးအတိုင်း ဖြစ်နေခဲ့သည်။ ဖြူလွလွ အသားစိုင်လေးများနှင့် မည်းမည်း အကွက်ကလေးသည် ရန်ကိုင်၏ မျက်စိထဲ ထင်းခနဲ ပေါ်လာလေ၏။ ရန်ကိုင်မှာ တစ်ဖက်လူပုံစံကိုမြင်၍ အကြည့်လွှဲလိုက်ပါသော်ငြား တတိယတပည့်ကမူ သူမ၏ ပုံစံနှင့် ပက်သက်၍ မည်သည့် ပြသနာမှမရှိသည့်အလား စိုးရိမ်တကြီး အမူအရာဖြင့်သာ ရန်ကိုင်ရှေ့၌ ရပ်နေခဲ့လေ၏။
“အဟမ်း...” ရန်ကိုင်သည် မေးစေ့ကိုပွတ်လျက် မျက်နှာကြက်ပေါ်သို့ မော့ကြည့်ရင်းမှ လေသံကိုတည်လျက် ပြောလိုက်၏ “နင်လျှောက်ပြေးနေတယ်ဆိုလို့ ငါလာကြည့်တာ”
တတိယတပည့်က အထိတ်ထိတ်အလန့်လန့်ဖြင့် ပြန်ပြောလိုက်၏ “ဆရာဒေါသမထွက်ပါနဲ့။ ကျွန်မ သူတို့နဲ့ ဆော့ရုံပါပဲ”
“ဟူး...” ရန်ကိုင်က သက်ပြင်းတစ်ချက်ချလျက် သူ့လက်ကို ဝှေ့ရမ်းကာ ပြန်ပြောလိုက်၏ “ကဲ၊ အခု ဆော့လို့ဝပြီဆိုရင် ရေသွားချိုးပေတော့”
“ဟုတ်ကဲ့” ဝှစ်ခနဲဆိုသလို တတိယတပည့်သည် ရေကန်ထဲသို့ ပြေးဆင်းသွားလေ၏။
ရန်ကိုင် မသိမသာလေး သက်ပြင်းတစ်ချက် ချလိုက်သည်။ တတိယတပည့်သည် သူ့အား ဆရာဟု သတ်မှတ်ထားသေးသည့်အတွက် ရန်ကိုင်မှာ အတော်လေးကိုမှ လုပ်ရကိုင်ရ အဆင်ပြေနေ၏။
ထျန်းလုန်နှင့် အခြားသော အစေခံမလေးများသည် ရန်ကိုင်နှင့် တတိယတပည့်အား ထူးထူးဆန်းဆန်း အမူအရာများဖြင့် ကြည့်နေကြလေသည်။ ဤဆရာတပည့်အတွဲနှင့် ပက်သက်၍ ဘာဖြစ်လို့ ဖြစ်နေမှန်းသူတို့ မသိ။ ထို့အပြင် ဆရာတပည့်ဆိုပါက တပည့်သည့် ဆရာရှေ့၌ ဘာကြောင့်များ ကိုယ်လုံးတီးဖြင့် မတ်တပ်ရပ်နေရသနည်း။ ထိုဆရာတပည့်နှစ်ယောက်သားကြား ပုံမှန်မဟုတ်သည့် ဆက်ဆံရေးများ ရှိနေလေသလော။ ထိုသို့စဉ်းစားမိလိုက်သည့်အခိုက် အစေခံမလေးများ ရင်တဒုန်းဒုန်း ခုန်သွားခဲ့သည်။
“မြန်မြန်သူ့ကို ရေသွားချိုးပေးလိုက်ပေတော့။ ငါအပြင်မှာ စောင့်နေမယ်” ဤနေရာတွင် ဆက်နေဖို့ရာ အတော်လေးကိုမှ ကသိကအောက် နိုင်လွန်းလှသဖြင့် ရန်ကိုင်လည်း တိုတိုတုတ်တုတ် ပြောပြီးသည်နှင့် ချက်ချင်း အပြင်သို့ ထွက်သွားရန် ဟန်ပြင်လိုက်သည်။
သို့ရာတွင် ရန်ကိုင် ထွက်မသွားနိုင်သေးခင်မှာပင် ထျန်းလုံက သူ့အား လှမ်းတား၍ မေးလိုက်လေ၏ “ဆရာရန်၊ ဆရာ့ရဲ့ ခုနတုန်းကလို ထပ်လုပ်လာရင် ကျွန်မတို့ ဘယ်လိုလုပ်ရမလဲ”
ပထမတစ်ခါက၊ တတိယတပည့်အား ရန်ကိုင်ဆီမှ ခေါ်သွားစဉ်က အကောင်းဖြစ်သော်ငြား ရေချိုးဆောင်သို့ ရောက်ပြီးနောက် ရုတ်တရက် ထဖောက်တော့၏။ ရန်ကိုင် ပြန်ရောက်လာသည့် အခါမှသာ အကောင်းအတိုင်း ပြန်ဖြစ်သွားခြင်း ဖြစ်သည်။
တတိယတပည့် နောက်တစ်ကြိမ် ထဖောက်မည်ကို ထျန်းလုံ အတော်လေး လန့်နေမိသည်။ တတိယတပည့်မှာ အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။ သူမ၏ ခန္ဓာကိုယ်ကို သူမဆရာ မြင်သွား၍ ကိစ္စကြီးကြီးမားမား မရှိပါသော်ငြား အဝတ်ဗလာဖြင့် အပြင်တွင် လျှောက်ပြေးပါက အခြားသူများ မြင်သွားခဲ့လျှင် ပြဿနာတက်ချေရော့မည်။
ရန်ကိုင်သည် မျက်မှောင်ကြီးကြုတ်လျက် ခဏမျှကြာအောင် စဉ်းစားနေပြီးသည့်နောက် ပြန်၍ မေးလိုက်လေ၏ “ဒီတော့ ငါတို့ ဘာလုပ်သင့်လဲ”
ထျန်းလုံက ပြုံးလျက် ပြန်ပြောလိုက်၏ “ဆရာ့တပည့်က ဆရာ့ကို အရမ်း လေးစားတဲ့ပုံပဲ။ ဆရာဒီမှာ ရပ်စောင့်နေရင် သူပြဿနာ ထပ်မရှာလောက်တော့ဘူး။ ဒါကြောင့် ဆရာရန် ဒီမှာ ရပ်စောင့်နေပေးလို့ အဆင်ပြေမလား မသိဘူး”
ရန်ကိုင် တိတ်သွားခဲ့သည်။ ဤနည်းလမ်းသည် အကောင်းဆုံး မဟုတ်ပါသော်ငြား သူ့တွင် ပိုကောင်းသည့်အကြံတစ်ခု ရှိမနေသည့်အတွက်ကြောင့် ခေါင်းသာ ညိတ်ပြလိုက်လေ၏။ ထိုအခါ ထျန်းလုံနှင့် အစေခံမလေးများသည် တတိယတပည့်အား ရေသွားချိုးပေးရန် အလျင်အမြန် ပြင်ဆင်ကြတော့လေ၏။
ရန်ကိုင်သည် ရေချိုးကန်အား ကျောပေးလျက် အဆင့်မြင့် အရင်းအမြစ်ကျောက် နှစ်တုံးကို ထုတ်ကာ တင်ပျဉ်ခွေထိုင်ချလိုက်လေသည်။
မကြာမီ ရေပွက်သံများနှင့်အတူ တတိယတပည့်၏ ဆည်းလည်းသံတမျှ ချိုသာသည့် ရယ်မောသံတို့ ပျံ့လွင့်လာခဲ့သည်။ ရန်ကိုင်လည်း ရောက်တတ်ရာရာ အတွေးများကို မစဉ်းစားဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေသည်။
တစ်နာရီခန့် ကြာပြီးသည့်နောက်မှာသာ ဆရာဟူသော ခေါ်သံကြောင့် ရန်ကိုင် ပြန်နိုးလာခဲ့ရသည်။ မျက်လုံးဖွင့်ကြည့်လိုက်ရာ အလွန်တရာကိုမှ ချောမောလှပသော အမျိုးသမီးတစ်ဦး သူ့ရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရလေသည်။ ထိုအမျိုးသမီးသည် ဇင်ယော်တောင်မျက်ခုံးနှင့် ပိတုန်းရောင် ဆံကေသာကို ပိုင်ဆိုင်ထား၏။ နှုတ်ခမ်းဖူးလေးများမှာ စတော်ဘယ်ရီသီးနှယ် နီစွေးနေကော သွားလေးများမှာလည်း ပုလဲလုံးတမျှ ဖြူဖွေးသန့်စင်နေခဲ့သည်။ ရေချိုးပြီးစ ဖြစ်သည့် အတွက်ကြောင့်လားမသိ၊ သူမ၏ ပါးပြင်လေးနှစ်ဖက်မှာ နီကြင့်ကြင့် ဖြစ်နေခဲ့၏။ ဝတ်ဆင်ထားသည့် အစိမ်းရောင် ဝတ်စုံလေးသည် သူမနှင့် အလွန်ကိုမှ ပနံသင့်လှကာ အချိုးအစား ကျနလှပသော ကိုယ်လုံးကိုယ်ပေါက်ကို အထင်းသာ ပေါ်လွင်နေစေခဲ့သည်။ မွှေးပျံ့ပျံ့ ကိုယ်သင်းရနံ့တစ်ခုသည်လည်း ရန်ကိုင်၏ နှာခေါင်းဝအား လာရောက် ကလူကျီစယ်နေခဲ့လေသည်။
အသက်အရွယ်မှာလည်း အပျိုဖော်ဝင်စ မိန်းကလေးတစ်ဦးအရွယ်(၂၀)လောက်သာ ရှိမည်ထင်ရသည်။ သို့သော်ငြား ထိုအသက်သည် သူမ၏ တကယ့်အသက်မဟုတ်ချေ။ ရေခဲနှလုံးသား တောင်ကြားမှ အကြီးအကဲတိုင်းသည် အနည်းဆုံး သက်တမ်း ရာနှင့်ချီနေကြသည့်လူများ ဖြစ်ကြသည်။ ကျင့်ကြံထားသည့် ကျင့်စဉ်ကြောင့်သာ ရုပ်ရည် နုပျိုနေခြင်းဖြစ်၏။
“တတိယတပည့်လား” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေသည်။ ရေချိုးသန့်စင်လိုက်သည့်အခါတွင် တတိယတပည့်၏ ရုပ်ရည်အသွင်အပြင်သည် လုံးဝကို တဆစ်ချိုး ပြောင်းလဲသွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူ၏ လက်ရှိရုပ်ရည်သည် ယခင်က ညစ်ပတ်ပေရေနေသည့်ပုံနှင့် လားလားမျှ မသက်ဆိုင်တော့။
“ဆရာ” တတိယတပည့်က တလေးတစားဖြင့် ဦးညွှတ်လိုက်သည်။
“အင်း” ရန်ကိုင်က ထရပ်၍ သူ့နောက်သို့ လိုက်လာရန် အချက်ပြကာ ရှေ့မှဦးဆောင် ထွက်သွားလေ၏ “ငါ့နောက်လိုက်ခဲ့”
တတိယတပည့်သည့် မေးခွန်းတစ်ခုမှ ပြန်မမေးဘဲ ရန်ကိုင်နောက်မှ လိမ်လိမ်မာမာဖြင့် လိုက်သွား၏။
အစောပိုင်းက အဖြစ်အပျက်ကြောင့် ရန်ကိုင်သည် တတိယတပည့်အား တစ်ယောက်တည်း လွှတ်မထားရဲတော့ချေ။ သူမကိုသာ တစ်ယောက်တည်း လွှတ်ထားလိုက်၍ မတော်လို့ စိတ်ထဖောက်ခဲ့သည့်ရှိသော် ပြဿာနာ တက်သွားနိုင်သည်။ သူသာ သူမရှေ့တွင် ရှိနေပါက အနည်းဆုံး သူမကိုယ်သူမ စိတ်မလွတ်သွားအောင် ထိန်းထားနိုင်ပေလိမ့်မည်။
ရန်ကိုင်သည် တတိယတပည့်အား သူနေသည့် အဆောက်အဦဆီသို့ ပြန်ခေါ်သွား၏။ ဒုတိယ အထပ်သို့ တက်လာပြီးနောက် သူမအား ထိုင်ကျင့်ကြံနေရန်ပြောကာ ကျောက်စိမ်းနက်ဆေးမီးဖို့နှင့် အမျိုးမျိုးသော ဆေးပင်များကို ထုတ်ယူလိုက်လေသည်။
ထို့နောက်တွင် ဧကရာဇ်ချီကိုသုံး၍ မီးဖိုအား အပူပေးလိုက်ပြီး တေဇောဓါတ်စိတ်စွမ်းအင်ကို အသုံးချကာ မီးအပူချိန်ကို ထိန်းညှိလေ၏။ ပြီးသည့်နောက် အသင့်ပြင်ထားသော ဆေးပင်များကို မီးဖိုထဲသို့ အစီအစဉ်တကျ ပစ်ထည့်လေသည်။
တတိယတပည့်သည့် ရန်ကိုင် ဆေးဖော်စပ်နေသည်ကို ဘေးမှ ထိုင်ကြည့်နေခဲ့သည်။ သူမစိတ်ထဲ မေးချင်နေသည့် မေးခွန်းပေါင်းများစွာ ရှိပါသော်ငြား ရန်ကိုင်အား နှောင့်ယှတ်မိမည် စိုးသည့်အတွက်ကြောင့် သွားမမေးရဲခဲ့ပေ။
တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် လက်ကွက်များကို ရုတ်တရက် ဖန်တီးတော့လေသည်။
မကြာမီတွင် ဆေးမီးဖိုအဖုံး လေပေါ်သို့ မြောက်တက်သွားခဲ့ကာ ဆေးလုံးများ ပျံသန်းထွက်လာလေ၏။ ရန်ကိုင်သည် ဆေးလုံးများကို လွယ်လင့်တကူ ဖမ်းယူလျက် အသင့် ပြင်ဆင်ထားသည့် ဆေးပုလင်းထဲသို့ ထည့်သိမ်းလိုက်လေ၏။
ဆေးလုံး၏ အရည်အသွေးကိုမြင်သော် ရန်ကိုင် မဆိုသလောက်ကလေး မျက်မှောင် ကြုတ်သွားခဲ့သည်။ ယခုတစ်ကြိမ် ဆေးဖော်စပ်ရာတွင် ဆေးလုံး ငါးလုံးသာ ရရှိခဲ့ပြီး ဆေးလုံးများ၏ အရည်အသွေးမှာလည်း မြင့်မားလှခြင်း မရှိပေ။
ဆေးလုံးများကို အောင်မြင်စွာ ဖော်စပ်ရုံ ဖော်စပ်နိုင်ခြင်းသည် ရန်ကိုင် လိုချင်နေသည့် အရာမဟုတ်ချေ။ သို့ရာတွင် ရန်ကိုင် စိတ်အလွန်ပျက်နေခြင်းမျိုး မဖြစ်ခဲ့ပေ။ တကယ်တော့ သူဖော်စပ်နေသည်မှာ ဧကရာဇ်အဆင့် ဆေးလုံးများပင် မဟုတ်လေလော။ သူ့ဆေးစွမ်းရည်သည် ဧကရာဇ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်ငြား ရန်ကိုင်သည် ဧကရာဇ်အဆင့် ဆေးလုံးများစွာကို ဖော်စပ်ဖူးခဲ့သူ မဟုတ်ချေ။ ထို့အတွက်ကြောင့် ရန်ကိုင်တွင် ဧကရာဇ်ဆေးလုံးများကို ဖော်ဖူးသည့် အတွေ့အကြုံ သိပ်မရှိဟုပင် ပြော၍ရသည်။ ထိုအကြောင်းကြောင့်ပင် သူဖော်စပ်လိုက်သည့် ဆေးလုံးများ၏ အရည်အသွေး နိမ့်ကျနေရခြင်း ဖြစ်သည်။
လေ့ကျင့်မှုမရှိသည့် အတွက်ကြောင့် ဖြစ်လေရာ ရန်ကိုင်သာ ထပ်တလဲလဲ လေ့ကျင့်နေမည် ဆိုပါက သူ၏ ဆေးစွမ်းရည်မှာ ကျိန်းသေ မြင့်တက်လာပေလိမ့်မည်။
ရန်ကိုင်သည် ဆေးငါးလုံးထည့်ထားသည့် ပုလင်းကို သိမ်းထားလျက် ဆေးမီးဖိုထဲမှ အကြွင်းအကျန်များကို ဖယ်ထုတ်လိုက်ပြီးနောက် ဆေးလုံးအသစ်များကို ထပ်မံ ဖော်စပ်လေ၏။
နေ့ဝက်ကြာပြီးသည့်နောက် နောက်ထပ် ဧကရာဇ်အဆင့် ဆေးလုံး ခြောက်လုံးကို ရန်ကိုင် ထပ်မံဖော်စပ်နိုင်ခဲ့သည်။ စပ်စုလိုစိတ်ကို မအောင့်အည်းနိုင်တော့သည့် တတိယတပည့်က ရန်ကိုင် ဆေးဖော်စပ်ပြီးသည်ကို မြင်သည်နှင့် အံ့အားသင့်နေသည့် လေသံဖြင့် မေးလိုက်လေ၏ “ဆရာ ဘယ်တုန်းက ဆေးဖော်စပ်တတ်သွားတာလဲ”
တတိယတပည့်မှာ လုံးဝကို နားမလည်နိုင် ဖြစ်နေခဲ့သည်။ သူမသိသည့် ဆရာသည် ဆေးမဖော်စပ်တတ်ချေ။ သို့သော်ငြား လက်ရှိ သူမရှေ့တွင် ရှိနေသည့် ဆရာမှာတော့ ဆေးဖော်စပ်တတ်ရုံသာလျှင် မဟုတ်ဘဲ ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦးပင် ဖြစ်နေခဲ့သည်။
ကြယ်တာရာအစုအဝေးထဲတွင် ဧကရာဇ်အဆင့် ဆေးပညာရှင် ဘယ်လောက်များများ ရှိလို့ပါနည်း။ ဧကရာဇ်အဆင့် ဆေးပညာရှင်တိုင်းသည် ဂုဏ်သရေရှိ ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြကာ ထိပ်တန်းဂိုဏ်းများသည် ကိုယ်ပိုင် ဧကရာဇ်အဆင့် ဆေးပညာရှင်များကို ပိုင်ဆိုင်ထားနိုင်ကြသည်။
ရေခဲနှလုံးသားတောင်ကြားတွင်လည်း ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦး ရှိပေသည်။ သို့သော်ငြား ထိုဧကရာဇ်အဆင့် ဆေးပညာရှင်ကို ခေါ်ထားနိုင်ရန်အတွက် နှစ်စဉ် အရင်းအမြစ် အမြောက်အများကို အသုံးပြုရသည်။
သို့သော်ငြား သူမ၏ဆရာ ရုတ်တရက် ပျောက်သွားသည့်အချိန်မှစ၍ ရေခဲနှလုံးသား တောင်ကြားမှာ အားနည်းသွားခဲ့ရကာ ထိုဧကရာဇ်အဆင့် ဆေးပညာရှင်သည်လည်း အခြားသော တစ်နေရာသို့ ထွက်သွားခဲ့လေ၏။
တတိယတပည့်၏ အမေးကိုကြားသော် ရန်ကိုင်က ပြုံးလျက် ရှင်းပြလိုက်လေသည် “အပြင်မှာ လျှောက်သွားနေတုန်းက နင့်ဆရာ ကံကောင်းသွားခဲ့တာလေ”
“အို” တတိယတပည့်သည် ရန်ကိုင် ပြောသည်ကို တကယ်ကြီး ယုံသွားကာ ခေါင်းတညိတ်ညိတ် လုပ်လိုက်လေ၏။
ရန်ကိုင်သည် ဆေးမီးဖိုထဲသို့ ဆေးပင်အချို့ ပစ်ထည့်ရင်းမှ ပြောလိုက်လေသည် “တတိယတပည့်၊ နင့်ဘာသာသွားကျင့်ကြံနေ။ ငါဆေးဖော်စပ်လို့ပြီးရင် နင့်ကို ဆေးလုံးအချို့ပေးမယ်”
“ကျေးဇူးအများကြီးတင်ပါတယ် ဆရာ” တတိယတပည့်က အလျင်စလို ပြန်ပြောလိုက်လေသည်။ ထို့နောက် မျက်မှောင်ကြုတ်လျက် ပြန်မေးလိုက်လေ၏ “ဆရာ ဘာလို့ ကျွန်မကို တတိယတပည့်လို့ပဲ ခေါ်နေတာလဲ”
ရန်ကိုင်၏ လှုပ်ရှားမှုများ ယာယီမျှ ရပ်တန့်သွားခဲ့ရသည်။ သို့သော်ငြား မကြာမီ လုပ်လက်စအလုပ်ကို ဆက်လုပ်ရင်းမှ ပြန်ပြောလိုက်လေသည် “နင်ကငါ့ရဲ့ တတိယတပည့်မို့လို့ တတိယတပည့်လို့ ခေါ်တာလေ၊ အဲ့ဒါ ဘာဖြစ်လို့လဲ”
ရန်ကိုင်က တွေးလိုက်၏ (နင့်နာမည်ကိုမှ ငါမသိတာ။ အခြားဘယ်လိုလုပ်ပြီး ထပ်ခေါ်ရမှာလဲ)
တတိယတပည့်က နှုတ်ခမ်းဆူလျက် “ဆရာ အရင်က ကျွန်မကို ယောင်အာလို့ပဲ ခေါ်ခဲ့တာလေ။ တပည့်ရဲ့ နာမည်အပြည့်အစုံက ကျိယောင်ဆိုတာကို ဆရာ မသိတော့တာလား”
ရန်ကိုင်က ရယ်သွမ်းသွေးလျက် “နင့်ဆရာ နင့်ကိုမတွေ့တာကြာတော့ အရင်က နင့်ကို ဘယ်လို ခေါ်ခဲ့လဲဆိုတာတောင် မေ့တေ့တေ့ ဖြစ်နေပြီ။ ကဲအခုကစပြီး နင့်ကို ယောင်အာလို့ ပြန်ခေါ်ပေးမယ် ဟုတ်ပြီလား”
တတိယတပည့်က ရယ်သွမ်းသွေးလျက် “ဆရာက တကယ် နောက်တတ်တာပဲနော်”
“ကဲကဲ၊ သွားကျင့်ကြံတော့။ နင့်ဆရာ ဆေးဖော်စရာရှိသေးတယ်။ လာမနှောင့်ယှတ်တော့နဲ့”
“ဟုတ်ကဲ့”
ထိုသို့ပြောပြီးသည့်နောက်တွင် တတိယတပည့်သည် မျက်လုံးပိတ်၊ တင်ပျဉ်ခွေထိုင်ကာ စတင် ကျင့်ကြံတော့လေသည်။
ရန်ကိုင်သည် တတိယတပည့်ကို လှမ်းကြည့်ပြီး ကြိတ်၍ သက်ပြင်းချလိုက်လေသည်။ ကျိယောင် မည်သည့်အချိန် ပုံမှန်ပြန်ဖြစ်သွားမလဲ၊ ပုံမှန် ပြန်ဖြစ်သွားသည့်နောက် ယနေ့တွင် ဖြစ်သွားသည့် ကိစ္စအတွက် သူ့အား လက်စားပြန်ချေလေမလား မသိရချေ။
ပင်းယွင်အယောင်ဆောင်သည်မှာ သိပ်၍ ကိစ္စမရှိပေ။ သူမကို ကူညီရန်အတွက်သာ ထိုကဲ့သို့ လုပ်ခဲ့ခြင်း မဟုတ်ပေလော။ သို့ရာတွင် သူမအား ကိုယ်လုံးတီးနှင့် မြင်ခဲ့သည့် ကိစ္စမှာတော့ အနည်းငယ် ပြဿနာရှိပေသည်။ သူသည် မိန်းမတို့ တန်ဖိုးထားအပ်သည့် အရာကို မြင်သွားခဲ့သည် မဟုတ်ပေလော။
နောက်ဘာဆက်ဖြစ်မလဲတွေးရင်း ရန်ကိုင် လန့်သွားမိသည်။ ထို့ကြောင့် ဆက်မတွေးတော့ဘဲ ဆေးဖော်စပ်ရာတွင်သာ ပြန်လည် အာရုံစိုက်ထားလိုက်လေသည်။
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့လေ၏။ ရန်ကိုင်သည် ဖီးနစ်အသိုက်နန်းတော်တွင် ဆယ်ရက်ခန့် နေခဲ့ပြီး ထိုဆယ်ရက်စလုံးအား ဆေးဖော်စပ်ခြင်းဖြင့်သာ ကုန်ဆုံးစေခဲ့သည်။
သူမျှော်လင့်ထားသကဲ့သို့ပင် ဧကရာဇ်အဆင့် ဆေးလုံးများကို ဖော်စပ်နိုင်ရာ လေ့ကျင့်ရာ၌ ဆေးပင်အမြောက်အမြား လိုအပ်ပေသည်။ ထပ်တလဲလဲ လေ့ကျင့်နေခဲ့ရာမှာ ရန်ကိုင်သည် ဆေးသွေးကြောပါသော ဆေးလုံး ခြောက်လုံးတိတိကို ဖော်စပ်နိုင်ခဲ့၏။
ဆယ်ရက်အတောအတွင်း ရန်ကိုင်သည် အမျိုးမျိုးသော ဆေးလုံးများကို ဖော်စပ်ခဲ့သော်ငြား အများစုသည် ကျင့်ကြံခြင်းအတွက် အထောက်အကူပြုသည့် ဆေးလုံးများသာ ဖြစ်ကြပေသည်။
သူမ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သော် သူ့အား ပြဿနာ ကြီးကြီးမားမား မရှာစေရန်အတွက် ရန်ကိုင်သည် ကျိယောင်အား ဆေးလုံးအချို့ ပေးခဲ့လေသည်။
ကျိယောင်မှာ ရန်ကိုင်၏ ဆေးလုံးများကိုရပြီး ကြိတ်၍ ပျော်နေခဲ့သည်။ ကျိယောင်ပုံစံကို ကြည့်ရင်း ရန်ကိုင်မှာ သိပ်၍ လိပ်ပြာမလုံသလို ခံစားရပါသော်ငြား မျက်နှာ အမူအရာကမူ တစ်ချက်ကလေးမှ ပျက်မသွားခဲ့ချေ။
နောက်ထပ် ငါးရက်ခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် ဧကရာဇ်အဆင့် ဆေးလုံးတိုင်း လိုလိုကို အောင်မြင်စွာ ဖော်စပ်လာနိုင်ခဲ့လေသည်။ တစ်ခါတစ်ခါ ဖော်စပ်လျှင် ဆေးလုံး ကိုးလုံးအထိလည်း ဖော်စပ်လာနိုင်၏။ ဆေးသွေးကြောပါသည့် ဆေးလုံး အရေအတွက်မှာလည်း သိသိသာသာ များပြားလာခဲ့သည်။
ဤမျှလောက်ဆိုလျှင် သူ့အနေဖြင့် ခန္ဓာဖြစ်တည်ဆေးလုံးကို ဖော်စပ်ဖို့ရာ ပြဿနာ မရှိလောက်တော့ချေ။
အပိုင်း (၂၆၀၈) အချီကြီးပွခြင်း
ကောင်းရွှယ်ထင်းအား သွားကယ်ခဲ့စဉ်က ရှေးဟောင်းဥယျာဉ်တစ်ခုထဲ၌ ခန္ဓာဖြစ်တည်အသီးအား ရရှိခဲ့ပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်သည်သာ အခြားလိုအပ်သော ဆေးအမယ်များကို စုဆောင်းနိုင်သရွေ့ ခန္ဓာဖြစ်တည်ဆေးလုံးကို ဖော်စပ်နိုင်မည်ဖြစ်ကာ နေမင်းပြာကျောင်းတော်၏ ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲတွင် ရှိနေသော ထျန်းယန်အတွက် ခန္ဓာကိုယ်တစ်ခုကို ဖန်တီးပေးနိုင်ပေလိမ့်မည်။
ထျန်းယန်သည် နာမ်ဝိဉာဉ်တစ်ခုသာ ဖြစ်ပါသော်ငြား သူသည် မဟာဧကရာဇ်အဆင့် ပညာရှင်တစ်ပါးဖြစ်သည်။ ထို့အတွက်ကြောင့် ရုပ်ခန္ဓာတစ်ခုကိုသာ ပိုင်ဆိုင်နိုင်မည်ဆိုပါက ကြယ်တာယာအစုအဝေးထဲ မဟာဧကရာဇ်အသစ်တစ်ပါး ထပ်မံထွက်ပေါ်လာပေလိမ့်မည်။
ရန်ကိုင်အနေဖြင့် ဤကိစ္စအပေါ် အလွန်ကိုမှ အားစိုက်နေရခြင်းမှာ ထျန်းယန်သည် ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲတွင် ရှိစဉ်က သူ့အား ကောင်းကင်ဖြတ်တောက်ခြင်း ဝိဉာဉ်ပညာရပ်အား သင်ပေးခဲ့သလို သူကိုယ်တိုင်သည်ကလည်း ကြင်နာသိမ်မွေ့သည်လူတစ်ဦး ဖြစ်သည့်အတွက်ကြောင့်ပင်။ ထို့အပြင် ရန်ကိုင်ကိုယ်တိုင်ကလည်း ထျန်းယန်အား ကတိပေးထားခဲ့လေသည်။ မဟာဧကရာဇ်တစ်ပါး သူ့အပေါ် အကြွေးတင်လာအောင် လုပ်နိုင်မည့်အခွင့်အရေးမှာ တော်ရုံတန်ရုံမဟုတ်။
ရန်ကိုင်သည်သာ ထျန်းယန်အား ရုပ်ခန္ဓာတစ်ခုရအောင် ကူညီပေးမည်ဆိုပါက နောက်နောင် သူ့အနေဖြင့် အန္တရာယ်တစ်ခုခုနှင့် ကြုံလာရသော် ထျန်းယန်အား လှမ်း၍ အကူအညီတောင်းနိုင်ပေသည်။
သို့သော်ငြား ခန္ဓာဖြစ်တည်ဆေးလုံးမှာ ဖော်စပ်ရ ခက်ခဲလှသည်။ ဖော်စပ်ရခက်သည့်အပြင် ရှားပါးလှသည့် ဆေးပင်များစွာကိုလည်း လိုအပ်ပေသေးသည်။ ခန္ဓာဖြစ်တည်ဆေးလုံးကို ဖော်စပ်ရန်အတွက် ဆေးအမယ် စုစုပေါင်း ရှစ်ဆယ့်တစ်မျိုး လိုအပ်၍ ထိုရှစ်ဆယ့်တစ်မျိုးစလုံးသည် ဧကရာဇ်အဆင့်ဆေးပင်များ ဖြစ်ကြသည်။
လက်ရှိရန်ကိုင်တွင် ဆေးပင်ပေါင်းများစွာ ရှိနေပါသော်ငြား သူ့၌ ခန္ဓာဖြစ်တည်ဆေးလုံးအား ဖော်စပ်ရန်အတွက် လိုအပ်သော ဆေးပင်တစ်ဝက်လောက်သာ ရှိနေပြီး ကျန်တစ်ဝက်အား မည်သည့်နေရာတွင် သွားရောက်ရှာဖွေရမလဲ ဆိုသည်ကို ယခုထိတိုင် မသိသေးချေ။
ထို့အတွက်ကြောင့် ရန်ကိုင်သည် ရှေးဟောကုန်းမြေထဲတွင် ရှိနေသော နတ်အရှင်သုံးပါး သူလိုအပ်နေသည့် ဆေးပင်များကို ရှာဖွေပေးလာနိုင်ရန် မျှော်လင့်နေခြင်း ဖြစ်ပေသည်။ လိုအပ်နေသည့် ဆေးပင်များကိုသာ စုစည်းနိုင်မည်ဆိုပါက ရန်ကိုင်အနေဖြင့် ခန္ဓာဖြစ်တည်ဆေးလုံးကို ဖော်စပ်ကာ နေမင်းပြာကျောင်းတော်သို့ ပြန်သွား၍ ထျန်းယန်နှင့် တွေ့နိုင်ပေသည်။
ရက်ပေါင်းများစွာ ကြာပြီးသည့်နောက် ယနေ့တွင် ရန်ကိုင် ဆေးဖော်စပ်နေစဉ်အချိန်အတောအတွင်း ရုတ်တရက် ခေါင်းမော့၍ အပြင်ဘက်သို့ လှမ်း၍ ကြည့်လိုက်လေသည်။ ထို့နောက် ချက်ချင်းအော်ခေါ်လိုက်လေ၏။ “ယောင်အာ…”
ကျိယောင် အလျင်စလို မျက်လုံးပွင့်လာခဲ့ပြီး တလေးတစားဖြင့် ပြန်၍ဖြေလိုက်လေသည်။ “ဘာပြောမလို့လဲဆရာ…”
“ဧည့်သည်တစ်ယောက် ရောက်နေတယ်… နင့်ဆရာ တံခါးပိတ်ကျင့်စဉ်ဝင်နေလို့ ထွက်မတွေ့အားသေးဘူးလို့ ပြောလိုက်… ဒါပေမယ့် သူယူလာတဲ့ ပစ္စည်းတွေကိုတော့ ယူထားလိုက်… ပြီးတော့ ပြောလိုက်ဦး… ငါ့ဒဏ်ရာတွေ လုံးဝပျောက်သွားရင် ရှေးဟောင်းကုန်းမြေထဲက ထွက်သွားမှာလို့…”
“ဟုတ်ကဲ့ပါဆရာ…”
ထို့နောက်တွင် ကျိယောင်သည် အလျင်စလို ထရပ်၍ အောက်ထပ်သို့ ဆင်းသွားလေသည်။ မကြာမီ အောက်ထပ်ဆီမှ စကားပြောသံများ ထွက်ပေါ်လာခဲ့သည်။ တစ်ခဏအကြာ၌ ကျိယောင် ပြန်ရောက်လာခဲ့ပြီး သိုလှောင်လက်စွပ်လေးကွင်းအား ရန်ကိုင်ဆီသို့ တလေးတစားဖြင့် ပေးလိုက်လေသည်။ “ဆရာ… နတ်အရှင်သုံးပါးက ဆရာ့ကို ဒါတွေ ပေးခိုင်းလိုက်ပါတယ်…”
ရန်ကိုင်သည် ခေါင်းညိတ်လျက် သိုလှောင်လက်စွပ်လေးကွင်းကို ထုတ်ယူလိုက်လေ၏။
ရန်ကိုင်သည် ကြုံရာသိုလှောင်လက်စွပ်တစ်ကွင်းအား ကောက်ယူကြည့်ပြီး အကြမ်းဖျင်း တစ်ချက် စစ်ဆေးကြည့်လိုက်လေသည်။ ထို့နောက် ရန်ကိုင် ရယ်သွမ်းသွေးမိသွားခဲ့လေသည်။
သိုလှောင်လက်စွပ်တစ်ကွင်းချင်းစီတိုင်းသည် နတ်အရှင်တစ်ပါးဆီမှလာခြင်း ဖြစ်ပေသည်။ နတ်အရှင်များမှာ ရန်ကိုင်မှ မည်သူ့သိုလှောင်လက်စွပ်သည် မည်သည့်နတ်အရှင်၏ သိုလှောင်လက်စွပ်ဖြစ်သလဲ ဆိုသည်အား မပြောနိုင်မည်ကို စိုးရိမ်သည့်အတွက်ကြောင့် သူတို့ပို့လိုက်သော သိုလှောင်လက်စွပ်များပေါ်တွင် သူတို့၏ အရှိန်အဝါများကို တသီးတသန့် ချန်ထားကြလေသည်။
လက်ရှိ ရန်ကိုင်လက်ထဲတွင် ရှိနေသည့် သိုလှောင်လက်စွပ်၏ ပိုင်ရှင်မှာ ဖန်းဝူသာ ဖြစ်လေသည်။ ရန်ကိုင်သည် သိုလှောင်လက်စွပ်ထဲသို့ ကောင်းကင်စိတ်အာရုံထည့်သွင်း၍ အထဲရှိပစ္စည်းများကို စစ်ဆေးကြည့်လိုက်လေ၏။ သိုလှောင်လက်စွပ်ထဲတွင် တောင်နှယ် ပုံထပ်နေသော အရင်းအမြစ်ကျောက်နှစ်ပုံ ရှိနေကြောင်း တွေ့လိုက်ရလေသည်။ ပိုကြီးသည့်အပုံသည် အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက်များ ဖြစ်ကြပြီး ပိုသေးသည့်အပုံမှာတော့ အဆင့်မြင့် အရင်းအမြစ်ကျောက်များ ဖြစ်ကြပေသည်။
အကြမ်းဖျင်း တွက်ကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင် ဝါးလုံးကွဲ အော်ဟစ်ရယ်မောတော့လေသည်။ သူတွက်ကြည့်ရသလောက် အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက် သန်းသုံးထောင်ခန့် ရှိနေပြီး အဆင့်မြင့် အရင်းအမြစ်ကျောက်များမှာတော့ သန်းငါးဆယ်ခန့် ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။ ဤပမဏသည် နည်းနည်းနောနော မဟုတ်ပေ။
ဤမျှ များပြားလှသော အရင်းအမြစ်ကျောက်များကိုသာ တစ်ထိုင်တည်း ထုတ်ယူလာမည်ဆိုပါက ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း၏ အုတ်မြစ်သည်ပင်လျှင် ထိခိုက်သွားရနိုင်သည်။ အဆင့်မြင့် အရင်းအမြစ်ကျောက်များအား အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက် အတုံးတစ်ရာ၊ အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက်တစ်တုံးအား အဆင့်နိမ့် အရင်းအမြစ်ကျောက် အတုံးတစ်ရာနှင့် လဲလှယ်နိုင်သည့် အတွက်ကြောင့် အဆင့်မြစ်အရင်းအမြစ်ကျောက် သန်းငါးဆယ်သည် များလှသည်ဟု မထင်ရပါသော်ငြား တကယ့်တကယ် လဲလှယ်ကြည့်လိုက်မည်ဆိုပါက အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက် သန်းငါးထောင်နှင့် ညီမျှပေသည်။ ထိုပမာဏမှာ ကြောက်ခမန်းလိလိပင်။
ရန်ကိုင်သည် သူအသက်ရှင်နေစဉ်အတောအတွင်း ကျင့်ကြံသူပေါင်းများစွာကို သတ်ဖြတ်၍ ဓါးပြတိုက်ခဲ့ပါသော်ငြား သူစုဆောင်းထားမိသည့် ပမာဏမှာ အတော်လေးကိုမှ များပြားသည့်တိုင် လက်ရှိ ဖန်းဝူပေးလာသည့် လက်ဆောင်နှင့်ယှဉ်လိုက်သော် မပြောပလောက်တော့ပေ။
အဆင့်မြင့် အရင်းအမြစ်ကျောက်များမှာ ကြယ်တာရာအစုအဝေး တစ်ခုလုံးတွင်ပင် အရေအတွက် အကန့်အသတ်နှင့် ရှိနေသည့် အတွက်ကြောင့် ပစ္စည်းများလဲလှယ်ရာ၊ ကုန်ပစ္စည်းများဝယ်ယူရာတွင် အဆင့်နိမ့်အရင်းအမြစ်ကျောက် သို့မဟုတ် အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက်များကိုသာ အသုံးပြုကြခြင်းပင်။ အဆင့်မြင့်အရင်းအမြစ်ကျောက်များကိုမူ ကျင့်ကြံခြင်းနှင့် အဆင့်ချိုးဖြတ်ခြင်း၌ အသုံးပြုလေ့ရှိကြ၏။
ဖန်းဝူသည် ရန်ကိုင်အား အဆင့်မြင့် အရင်းအမြစ်ကျောက် သန်းငါးဆယ် တစ်ထိုင်တည်း ပေးလာခဲ့လေသည်။ ဤပမာဏသည် ဂိုဏ်းကြီးတစ်ဂိုဏ်း နှစ်ပေါင်းများစွာ အသုံးပြုလို့ရလောက်သည်အထိ များပြားလှသည်။
အရင်းအမြစ်ကျောက်ပုံနှစ်ပုံနားတွင်တော့ မွန်းစတားအမြုတေပုံကြီး ရှိနေခဲ့လေသည်။
ရှေးဟောင်းကုန်းမြေထဲတွင် မွန်းစတားသားရဲများ နေရာအနှံ့လိုလို၌ ရှိနေသည့် အတွက်ကြောင့် ထိုမွန်းစတားသားရဲများ သေသွားခဲ့ပြီးသည့်နောက်တွင် မွန်းစတားအမြုတေများ ကျကျန်ခဲ့ကြပေသည်။
သို့ရာတွင် မွန်းစတားအမြုတေများမှာတော့ သိပ်မရှိလှ။ အဆင့်ဆယ့်နှစ် မွန်းစတားအမြုတေ အခုတစ်ရာလောက်ရှိ၍ အဆင့်ဆယ့်တစ် မွန်းစတားအမြုတေမှာတော့ အခုနှစ်ထောင်လောက်ရှိကာ အဆင့်တစ်ဆယ် မွန်းစတားအမြုတေများမှာမူ သုံးသောင်းလောက်ခန့် ရှိပေသည်။ အဆင့်တစ်ဆယ်ထက် နိမ့်သော မွန်းစတားအမြုတေမှာမူ တစ်ခုပင် ရှိမနေခဲ့။ ရန်ကိုင်သည် ထိုကဲ့သို့သော မွန်းစတားအမြုတေလောက်ကို စိတ်ဝင်စားလောက်မည်မဟုတ်ဟု ဖန်းဝူထင်နေသည့်အတွက်ကြောင့် မပေးခဲ့ခြင်း ဖြစ်လေသည်။
ဤမွန်းစတားအမြုတေပမာဏ အခြားသူများအမြင်တွင် အလွန်တရာကိုမှ များပြားလိမ့်မည် ဖြစ်ပါသော်ငြား သန်းနှင့်ချီသော မွန်းစတားအမြုတေများကို ပိုင်ဆိုင်ထားသည့် ရန်ကိုင်အတွက်မူ မပြောပလောက်တော့ပေ။
သို့သော်ငြား ဖန်းဝူအတွက်မူ ဤမျှ များပြားလှသော မွန်းစတားအမြုတေများကို စုဆောင်းရန်အတွက် လွယ်ကူခဲ့လိမ့်မည် မဟုတ်ပေ။ အဆင့်ဆယ့်နှစ် မွန်းစတားအမြုတေများသည် ဧကရာဇ်အဆင့်နှင့် ယှဉ်ပြိုင်နိုင်သော မွန်းစတားသားရဲများ သေဆုံးသည့်အခါမှသာ ထွက်ပေါ်လာနိုင်သည့် မွန်းစတားအမြုတေများ ဖြစ်ကြသည့် အတွက်ကြောင့် အဆင့်ဆယ့်နှစ် မွန်းစတားအမြုတေ အခုတစ်ရာကို စုစည်းဖို့ရာမှာ သိပ်၍ လွယ်ကူလိမ့်မည်မဟုတ်။
ဖန်းဝူအနေဖြင့် ထိုမျှများပြားလှသော မွန်းစတားအမြုတေများကို စုဆောင်းနိုင်ခဲ့ခြင်းမှာ သူသည် ရှေးဟောင်းကုန်းမြေအား အုပ်ချုပ်လာခဲ့သည်မှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှိနေပြီ ဖြစ်သည့်အတွက်ကြောင့်ပင်။ သာမန်လူသားဂိုဏ်းတစ်ဂိုဏ်းဂိုဏ်းသာ ဆိုပါက အဆင့်ဆယ့်နှစ်မွန်းစတားအမြုတေ အခုတစ်ရာလောက်ကို ထုတ်ရန်မှာ လွယ်လိမ့်မည်မဟုတ်။
မကြာမီတွင် ရန်ကိုင်သည် အခြားသောပစ္စည်းပုံကြီးတစ်ပုံဆီသို့ အကြည့်ရောက်သွားခဲ့လေသည်။
ထိုနေရာတွင် ဆေးပင်များ ပုံထပ်နေခဲ့လေ၏။ အရောင်အသွေးအမျိုးမျိုးရှိသော အသီးများလည်း ရှိနေကြပေသည်။
ဆေးပင်တိုင်း အသီးတိုင်းသည် ဧကရာဇ်အဆင့်များ ဖြစ်ကြပြီး တာအိုအဆင့် ဆေးပင်တစ်ခုတစ်လေပင် ပါဝင်မနေခဲ့ပေ။
“ဒီတစ်ကြိမ်တော့ ငါ တကယ်ကို အချီကြီး အမြတ်ထွက်သွားတာပဲ…” ရန်ကိုင်သည် ဆေးပင်ပုံကြီးအား အရောင်တလက်လက်တောက်နေသည့် မျက်လုံးများဖြင့် ကြည့်ရင်း သူ့ပါးစပ်ထောင့်မှ စီးကျနေသော သွားရည်များကို သုတ်လိုက်လေသည်။
ဆေးပင်များမှာ အနည်းဆုံး တစ်သောင်းမှ နှစ်သောင်းခန့်ထိ ရှိကာ ထိုဆေးပင်များထဲ ခန္ဓာဖြစ်တည်ဆေးလုံးအား ဖော်စပ်ရန် လိုအပ်နေသည့် ဆေးပင်များစွာကိုပင် ရန်ကိုင်တွေ့ခဲ့ရသည်။
သူ ယခုတစ်ကြိမ်တွင် အမှန်တကယ်ကို အမြတ်ထွက်ခြင်းပင်။ အရင်းအမြစ်ကျောက်များ၊ မွန်းစတားအမြုတေများနှင့် ယှဉ်လိုက်သော် ရန်ကိုင်သည် ထိုဆေးပင်များကို ပို၍လိုအပ်နေ၏။ လက်ရှိ သူ့ရှေ့တွင်ရှိနေသည့် ဆေးပင်အပုံကြီးသည် မည်သည့်ဆေးပညာရှင်ကိုမဆို အရူးတစ်ပိုင်း ဖြစ်သွားစေနိုင်ပေသည်။
“ဒါပေမယ့် ဒီကောင် ဒီလောက်အဖိုးတန်တဲ့ဆေးပင်တွေကို ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်ကတက်ဆန်း ပုံထားရတာလဲကွာ… ဆေးအာနိသင်တွေတော့ ကုန်တော့မှာပဲ…” ရန်ကိုင် ကြိတ်၍ ငြီးတွားလိုက်၏။
လက်ရှိ သူ့ရှေ့တွင်ရှိနေသည့် ဆေးပင်များ၊ အသီးများကို သင့်တင့်လျောက်ပတ်သည့် နည်းလမ်းဖြင့် ထိန်းသိုထားခြင်း မရှိချေ။ ထို့အတွက်ကြောင့် အချိန်ကြာလာသည်နှင့်အမျှ ဆေးပင်များ၏ အာနိသင်များမှာ တဖြည်းဖြည်း လျော့ကျလာရပေလိမ့်မည်။
ကံကောင်းစွာဖြင့် ရန်ကိုင်တွင် ကမ္ဘာငယ်လေးနှင့် ဆေးဥယျာဉ် ရှိနေခဲ့လေသည်။ ယခင်တစ်ကြိမ်တွင် ရန်ကိုင်သည် ဆေးဥယျာဉ်အား အဆင့်မြှင့်တင်ခဲ့ရုံမက ဆေးဥယျာဉ်၏ မြေနေရာအကျယ်အဝန်းကိုပါ တိုးချဲ့ခဲ့သည်။ လက်ရှိဆေးဥယျာဉ်၏ မြေသားမှာ ဆေးပင်များစိုက်ပျိုးရန်အတွက် အလွန်ကိုမှ သင့်တော်သော မြေသားဖြစ်နေပေသည်။
ထိုကဲ့သို့စဉ်းစားမိလိုက်သော် ရန်ကိုင်သည် သိုလှောင်လက်စွပ်ထဲတွင် ရှိနေသော ဆေးပင်များကို ကမ္ဘာငယ်လေးထဲရှိ ဆေးဥယျာဉ်ဆီသို့ အမြန် ပစ်ထည့်လိုက်လေ၏။ ရန်ကိုင်အနေဖြင့် ထိုဆေးပင်များကို ပြန်လည်စိုက်ပျိုးရန် မရည်ရွယ်ထားခဲ့။ ဆေးပင်များ၏ အာနိသင်များများစားစား ဆုံးရှုံးမသွားရပါစေနှင့်ဟု မျှော်လင့်ရင်းဖြင့်သာ ဆေးပင်များကို ဆေးဥယျာဉ်ထဲ စိုက်ပျိုးထားလိုက်ခြင်း ဖြစ်ပေသည်။
လက်ရှိ ရန်ကိုင်တွင် လုပ်စရာကိစ္စများ ရှိနေသေးသည့်အတွက်ကြောင့် နောက်ပိုင်း အချိန်ရသည့်အခါမှသာ ထိုဆေးပင်များကို အမျိုးအမည်ခွဲ၍ ခန္ဓာဖြစ်တည်ဆေးလုံးအတွက် လိုအပ်သည့် ဆေးပင်များကို လိုက်လံရှာဖွေကြည့်ရပေမည်။
ဤသည်မှာ ဖန်းဝူပေးလိုက်သည့် သိုလှောင်လက်စွပ်ထဲတွင် ပါရှိသည့် အရာမှန်သမျှ ဖြစ်ပေသည်။
ရန်ကိုင်မှာ အလွန်ကိုမှ ကျေနပ်နေတော့လေ၏။ ထို့နောက်တွင် နောက်ထပ် သိုလှောင်လက်စွပ်တစ်ကွင်းကို ကောက်ယူ၍ အလျင်စလို စစ်ဆေးကြည့်လိုက်လေသည်။ လက်ရှိ သိုလှောင်လက်စွပ်၏ပိုင်ရှင်မှာတော့ ချန်ကွော့သာ ဖြစ်လေသည်။
သေသေချာချာ စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ချန်ကွော့ပေးလာသည့် အရာများမှာ ဖန်းဝူနှင့် တူညီသလောက်ကို ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ နှစ်ဦးသား ကြိုတင်ဆွေးနွေးတိုင်ပင်ထားကြသည့် ပုံပင်။ အရင်းအမြစ်ကျောက်အရေအတွက်၊ မွန်းစတားအမြုတေအရေအတွက်နှင့် ဆေးပင်အရေအတွက်မှာ တူညီလုနီးပါးပင်။
ထို့အတွက်ကြောင့် ရန်ကိုင်မှာ အံ့အားသင့်နေခြင်း မရှိခဲ့။
ထို့နောက်တွင် တတိယသိုလှောင်လက်စွပ်ကို ကောက်ယူကြည့်လိုက်သည်။ ယခုသိုလှောင်လက်စွပ်မှာတော့ လွမ်ဖုန်းဆီမှ လာခြင်း ဖြစ်ပေသည်။
သူထင်ထားသကဲ့သို့ပင် လွမ်ဖုန်းပေးလာသည့် လက်ဆောင်များမှာလည်း ချန်ကွော့နှင့် ဖန်းဝူတို့ပေးလာသည့် လက်ဆောင်များနှင့် အတူတူလောက်သာ ဖြစ်နေခဲ့လေသည်။
ထို့နောက်တွင် ရန်ကိုင်သည် နောက်ဆုံးလက်စွပ်ဆီသို့ အကြည့်ရွှေ့လိုက်လေသည်။
လက်စွပ်ပေါ်တွင် မည်သည့်အရှိန်အဝါမှ ရှိမနေပါသော်ငြား ထိုလက်စွပ်ထဲတွင် ရှိနေသည့် အရာများမှာ ရှီဟွော့၏ရတနာများမှန်း ရန်ကိုင်သိနေခဲ့သည်။
နတ်သားရဲရှီဟွော့သည် ရှေးဟောင်းကုန်းမြေထဲတွင် နှစ်ပေါင်း သောင်းနှင့်ချီတိုင်အောင် ရှင်သန်နေထိုင်ခဲ့သူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ရှီဟွော့တွင် အဖိုးတန်ရတနာ မည်မျှ များများစားစား ရှိနေမလဲဆိုသည်ကို ရန်ကိုင် အမှန်တကယ် စိတ်ဝင်စားနေမိလေသည်။
ထိုကဲ့သို့ အကြီးအကျယ် မျှော်လင့်ထားခဲ့သည့်တိုင် သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများကို မြင်ပြီးသည့်နောက် ရန်ကိုင်မှာ အမှန်တကယ်ကို မှင်တက်သွားခဲ့ရပေသည်။
သိုလှောင်လက်စွပ်ထဲ၌ အရင်းအမြစ်ကျောက်ပုံနှစ်ပုံ ရှိနေခဲ့လေသည်။ သို့သော်ငြား ဤအပုံနှစ်ပုံသည် အစောပိုင်းက ဖန်းဝူတို့ ပေးလာခဲ့သည့် သိုလှောင်လက်စွပ်ထဲတွင် ရှိနေသည့် အရင်းအမြစ်ကျောက်အပုံများနှင့် ယှဉ်လိုက်သော် ဆယ်ဆမက ပိုမိုကြီးမားနေခဲ့သည်။
ရန်ကိုင်မှာ ရှီဟွော့တွင် ရတနာပေါင်းများစွာ ရှိနေမည်မှန်း ကြိုသိနေသည့်တိုင် ဤမျှ များပြားလိမ့်မည်ဟုတော့ မထင်ထားခဲ့ချေ။
မွန်းစတားအမြုတေမှာလည်း ဖန်းဝူနှင့် အခြားသူများ ပေးခဲ့သည့် ပမာဏထက် ဆယ်ဆမက ပိုမိုများပြားနေခဲ့လေ၏။ အဆင့်ဆယ့်နှစ် မွန်းစတားအမြုတေများ ထောင်နှင့်ချီကာ ရှိနေပြီး အဆင့်ဆယ့်တစ် မွန်းစတားအမြုတေများမှာတော့ သောင်းနှင့်ချီကာ ရှိနေကြလေသည်။ အဆင့်တစ်ဆယ် မွန်းစတားအမြုတေများမှာတော့ သိပ်မရှိလှပဲ သောင်းဂဏန်းလောက်သာ ရှိကြသည်။
ဆေးပင်အရေအတွက်ဆိုလျှင်လည်း ဆယ်ဆမက များပြားနေသေး၏။ ဆေးပင်ပုံကြီးကိုကြည့်ရင်း ရန်ကိုင်မှာ ပျော်လွန်းသဖြင့် ထပင် ခုန်ချင်လာမိလေသည်။
သိုလှောင်လက်စွပ်လေးကွင်းထဲရှိ ပမာဏအားလုံးကို ပေါင်းလိုက်သော် အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက် တစ်ခုတည်းနှင့်ပင် လေးဆယ်ဘီလီယံတိတိ ရှိလာခဲ့ကာ အဆင့်မြင့်အရင်းကျောက်များမှာတော့ သန်းခြောက်ရာငါးဆယ်ခန့် ရှိသွားလေသည်။
မွန်းစတားအမြုတေများကို ရန်ကိုင် အသေးစိတ် လိုက်တွက်မနေခဲ့ပေ။ သူ့တွင် သန်းနှင့်ချီသော မွန်းစတားအမြုတေများ ရှိနေပြီ မဟုတ်ပေလော။ ထို့အတွက်ကြောင့် နတ်အရှင်များပေးလာသည့် မွန်းစတားအမြုတေများမှာ ရန်ကိုင်ပိုင်ဆိုင်ထားသည့် ပမာဏနှင့် ယှဉ်လိုက်သော် အလွန်တရာကိုမှ နည်းပါးနေခဲ့လေသည်။
သို့သော်ငြား ဆေးပင်များ၏အရေအတွက်မှာတော့ တစ်သိန်းမကကို ရှိနေခဲ့လေသည်။ အမှန်တကယ်ကို မယုံကြည်နိုင်စရာ ကြွယ်ဝချမ်းသာမှုပင်။ ရှေးဟောင်းကုန်းမြေထဲတွင်သာ ဤမျှများပြားလှသော ဆေးပင်များ ပေါက်ရောက်နိုင်ပေလိမ့်မည်။ တကယ်တော့ ရှေးဟောင်းကုန်းမြေ၏ အတွင်းပိုင်းထဲသို့ မည်သည့်လူသားမှ မလာရဲကြလေပဲ။ ထို့အတွက်ကြောင့် ဤနေရာတွင် ပေါက်ရောက်နေကြသည့် ဆေးပင်များမှာ မည်သူတစ်ဦးတစ်ယောက်၏ ခူးဆွတ်ခြင်းမှ မခံကြရသေးပေ။ လက်ရှိ ရန်ကိုင်ပိုင်ဆိုင်ထားသည့် အဖိုးတန်ရတနာများအရ သူ၏ကြွယ်ဝချမ်းသာမှုကို ယှဉ်နိုင်သည့် ဂိုဏ်းများဆို၍ မဟာဧကရာဇ်များ စီမံကွက်ကဲအုပ်ချုပ်နေသည့် ဂိုဏ်းများသာ ရှိကြပေတော့သည်။ ထိုဂိုဏ်းများသည်ပင်လျှင် ရန်ကိုင်လောက် ချမ်းသာနိုင်လိမ့်မည်မဟုတ်။ အကြောင်းမှာ ထိုဂိုဏ်းများတွင် အဖိုးတန်ရတနာပေါင်းများစွာ ရှိနေသလို ဂိုဏ်းခွဲပေါင်းများစွာလည်း ရှိနေကြပါသော်ငြား သူတို့အနေဖြင့် ရလာသော အကျိုးအမြတ်များကို တပည့်တပန်းများစွာဆီ ခွဲဝေကြရပေသေးသည်။ သူတို့ရလာသည့် အရင်းအမြစ်အားလုံးကို သူတို့တစ်ကိုယ်တည်း အသုံးပြု၍ မရနိုင်ချေ။
ရှီဟွော့၏ ရတနာများအနက် အရင်းအမြစ်ကျောက်၊ မွန်းစတားအမြုတေများနှင့် ဆေးပင်များအပြင် မရေမတွက်နိုင်သော ရှားပါးသတ္တုများနှင့် ရန်ကိုင် အမျိုးအမည်မခွဲနိုင်သည့် ရတနာအချို့လည်း ရှိနေပေသည်။ လက်ရှိအခြေအနေကို ကြည့်ရသလောက် ဖန်းဝူနှင့် အခြားသူများသည် ရှီဟွော့သေသွားပြီးသည့်နောက် သူ့နန်းတော်တွင် ရှိနေသည့် အရာမှန်သမျှကို စုဆောင်း၍ ရန်ကိုင်ဆီသို့ လာပေးခဲ့သည့်ပုံပင်။
လက်ရှိ ရှီဟွော့၏ ပမာဏအား မြင်ပြီးသည့်နောက်တွင် ဖန်းဝူနှင့် အခြားသူများ ပေးလာသည်မှာ သူတို့ပိုင်ဆိုင်ထားသည်၏ ဆယ်ပုံတစ်ပုံလောက်သာ ရှိကြောင်း ရန်ကိုင် ခန့်မှန်းမိသွားတော့သည်။
သို့သော်ငြား ထိုဆယ်ပုံတစ်ပုံ ပမာဏသည်ပင်လျှင် အလွန်တရာကိုမှ များပြားနေပေသေးသည်။ ရန်ကိုင်သည် ကျန်းရို့ရှီနှင့် အလွန်ကိုမှ နီးကပ်သည့် အတွက်ကြောင့်သာ မဟုတ်ပါက မည်သူမျှ သူတို့ချမ်းသာကြွယ်ဝမှု၏ ဆယ်ပုံတစ်ပုံကို ရန်ကိုင်အား ပေးလိမ့်မည် မဟုတ်ပေ။
သို့သော်ငြား ဖန်းဝူနှင့် အခြားသူများမှာလည်း လုံးဝကို ကူကယ်ရာမဲ့နေခဲ့ရသည်။
သိုလှောင်လက်စွပ်လေးကွင်းထဲတွင် ပါရှိသည့် ပစ္စည်းများကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ရန်ကိုင်သည် အရူးတစ်ယောက်နှယ် အော်ဟစ်ရယ်မောနေတော့လေသည်။ သိုလှောင်လက်စွပ်များကို သွားစစ်ဆေးကြည့်လိုက် အော်ရယ်မောလိုက်၊ သွားစစ်ဆေးကြည့်လိုက် အော်ရယ်မောလိုက် လုပ်နေခဲ့သည်။
ရန်ကိုင်ပုံစံကိုကြည့်ရင်း ဘေးမှ ရပ်ကြည့်နေသည့် ကျိယောင်မှာတော့ ရန်ကိုင်ပုံစံကိုကြည့်ရင်း အနည်းငယ် ကြောက်လန့်မိနေလေသည်။ သူမဆရာ ဘာဖြစ်လို့ ဖြစ်နေမှန်း သူမ မသိ။ ရုတ်တရက်ကြီး သိုလှောင်လက်စွပ်များကိုကြည့်ရင်း အရူးတစ်ယောက်နှယ် ထရယ်မောနေခဲ့လေသည်။ သို့သော်ငြား သွားမမေးရဲခဲ့သည့်အတွက်ကြောင့် ကသိကအောက်အမူအယာဖြင့် ရပ်ကြည့်နေရုံသာ တတ်နိုင်ခဲ့လေသည်။
နောက်ဆုံး ရန်ကိုင်သည် အရက်မူးနေသည့် အရူးတစ်ယောက်နှယ် အရယ်ရပ်သွားသည်ကို စောင့်ပြီးသည့် အခါမှသာလျှင် လေသံတိုးတိုးဖြင့် ပြောလိုက်လေ၏။ “ဆရာ…”
“ဟင်…” ကျိယောင်၏အသံကို ကြားသည့်အခါမှသာလျှင် ရန်ကိုင်လည်း ရုတ်တရက် ပြန်အသိဝင်လာတော့သည်။ ချက်ချင်းပဲ သူ့အမူအယာကို ပြန်ထိန်းလျက် ပြောလိုက်လေ၏။ “ယောင်အာ… နင့်ဆရာရဲ့ ဒဏ်ရာတွေ ပြန်ကောင်းသွားပြီမလို့ မနက်ဖြန်ကြရင် ဒီနေရာကနေ ထွက်သွားတော့မယ်လို့ အမျိုးသမီးဖုန်းကို သွားပြောလိုက်ပါဦး… သူ့ကို စိတ်ပူမနေတော့နဲ့လို့…”
“ဟုတ်ကဲ့…” ထိုသို့ပြောပြီးသည့်နောက်တွင် ကျိယောင်သည် အောက်ထပ်သို့ ဆင်းသွားခဲ့လေသည်။