← Chapters

အခန်း (၂၆၁၂-၂၆၁၄)

Vol. 111 Ch. 2612-2614

အခန်း (၂၆၁၂-၂၆၁၄)

Vol. 111 Ch. 2612-2614

အပိုင်း (၂၆၁၂)

ရန်ကိုင်မှ လွမ်ဖုန်းနှင့် တိတ်တဆိတ် ဆက်သွယ်ပြောဆိုနေစဉ် ဝူယွမ်ကျန်းသည် လေပေါ်သို့ ခုန်တက်ကာ သားကောင်ကိုမြင်၍ ထိုးဆင်းလာသည့် သိမ်းငှက်တစ်ကောင်နှယ် ရန်ကိုင်တို့ဆီသို့ ကြောက်မက်ဖွယ်ရာအရှိန်အဝါကို ထုတ်လွှတ်လျက် ခုန်ဝင်လာလေ၏။ “ဒူးထောက်လိုက်စမ်း…”

ဟွာဖေးချန်သေသွားခဲ့သလို ယင်လဲ့ရှန်းမှာလည်း သေသွားခဲ့လေပြီ။ ယခု အကြီးအကဲကျုန်းပါ ထပ်သေသွားခဲ့ရသည်။ ယခုတစ်ကြိမ်တွင် မရဏဂိုဏ်းမှာ ဆိုးဆိုးရွားရွား ထိခိုက်သွားသည်ဟု ပြော၍ရပေသည်။

ဝူယွမ်ကျန်းသည် ရန်ကိုင်ကိုသတ်၍ သူ့ဂိုဏ်း၏ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ချင်ပေသည်။ သို့မှသာ မရဏဂိုဏ်းသားများကို သတ်ပစ်ပါက မည်ကဲ့သို့သော အကျိုးဆက်အား ရင်ဆိုင်ရမလဲဆိုသည်ကို တစ်လောကလုံးသိသွားအောင် လုပ်ပစ်နိုင်ပေလိမ့်မည်။

သူ့လက်ဝါးအား အားမာန်အပြည့်ဖြင့် ရိုက်ချလာသည့်အခိုက် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး၏ ခွန်အားမှာ ရေတံခွန်အလား ရန်ကိုင်တို့အပေါ်သို့ ဖိချလာခဲ့လေသည်။ ဝူယွမ်ကျန်းဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါအောက်ဝယ် ဟင်းလင်းပြင်တစ်ခုလုံးသည်ပင်လျှင် အေးခဲသွားတော့မည့်အလား ဖြစ်နေခဲ့ရသည်။ ဝူယွမ်ကျန်းမှာ လူတစ်ဦးမဟုတ်ဘဲ တောင်တစ်လုံးအလား ရန်ကိုင်တို့အပေါ်သို့ ပြိုကျလာသည်နှင့်ပင် တူနေပေသေးသည်။

မရဏဂိုဏ်းသားများမှာတော့ ထိုမြင်ကွင်းအား မျှော်လင့်တကြီးဖြင့် စိတ်လှုပ်ရှားစွာ လှမ်းကြည့်နေကြလေသည်။

ချီမိသားစုမှ အဖွဲ့ဝင်များကမူ ထိုမြင်ကွင်းအား ဒွိဟဖြစ်နေသည့် အမူအယာများဖြင့် လှမ်းကြည့်နေကြသည်။ အထူးသဖြင့် ချီဟိုင်သည်ပင်လျှင်။ ရန်ကိုင် ပြဿနာတက်တော့မည်မှန်း သိလိုက်သော် သူ့စိတ်ထဲ သက်ပြင်းသာ ချလိုက်မိသည်။ ရန်ကိုင်သာ သေသွားပါက ဖီးနစ်မီးတောက်အား ရန်ကိုင်ဆီမှ ရယူနိုင်မည့် သူ့မျှော်လင့်ချက်မှာ လုံးဝကို ရေစုန်မျောသွားရပေလိမ့်မည်။ ဖီးနစ်မီးတောက် ရန်ကိုင်လက်ထဲတွင် ရှိနေနေ မရှိနေနေ အကျိုးထူးတော့လိမ့်မည် မဟုတ်ချေ။

(ကြည့်ရတာ ငါ့မိန်းမရဲ့အသက်ကို ကယ်လို့ရတော့မယ့်ပုံ မပေါ်တော့ဘူးပဲ…) ချီဟိုင်စိတ်ထဲ အလွန်ကိုမှ ဝမ်းနည်းပူဆွေးနေခဲ့ရသည်။ ‘ငါ ဘာဖြစ်လို့ အရမ်းကို အားနည်းနေရတာလဲ… ငါ ဘာဖြစ်လို့ ဒီလောက်တောင် အသုံးမဝင် ဖြစ်နေရတာလဲ…’ ဟု သူ့ကိုယ်သူ ကြိတ်၍ အပြစ်တင်နေမိခဲ့သည်။

ရန်ကိုင်နှင့် အမျိုးသမီးနှစ်ဦးမှာ အလွန်တရာကိုမှ ကြောက်ရွံ့သွားသည့်အတွက်ကြောင့် တစ်ချက်ကလေးမှပင် မလှုပ်နိုင်တော့ဘဲ ကျောက်ရုပ်ကြီးများနှယ် ကြက်သေသေနေသည်ကိုမြင်သော် ဝူယွမ်ကျန်း အပြုံးကြီး ပြုံးမိသွားခဲ့လေသည်။

သို့ရာတွင် သူ့လက်ဝါးချက် ရန်ကိုင်တို့အား ထိတော့မည်အပြု လွမ်ဖုန်းသည် သူမလက်ကိုမြောက်လျက် ဝူယွမ်ကျန်းတည့်တည့်သို့ လက်ညှိုးတစ်ချောင်း ညွှန်လိုက်လေ၏။ လက်ညိုးလေးပင် ဖြစ်လင့်ကစား ထိုလက်ညှိုး၏စွမ်းအားမှာ ဝူယွမ်ကျန်းအား ကြောက်သွေးပါသွားစေခဲ့သည်။

အလွန်တရာကိုမှ အားကောင်းလှသည့် သူ၏ ဧကရာဇ်တတိယအဆင့်စွမ်းအားသည် ထိုစွမ်းအား၏ အလွယ်တကူ ထိုးဖောက်ခြင်း ခံလိုက်ရကာ ဝူယွမ်ကျန်း၏ အရှိန်အဝါမှာလည်း လေလျှော့ခံလိုက်ရသည့် ပူပေါင်းတစ်လုံးနှယ် လျင်မြန်စွာ လျော့ကျသွားခဲ့ရသည်။

ထိုမျှသာလျှင်မဟုတ်သေးဘဲ အလွန်တရာကိုမှ ခြောက်ခြားဖွယ်ရာ ကောင်းလှသည့် စွမ်းအားတစ်ရပ်သည် ရပ်တန့်မရသည့် ဓါးတစ်ချောင်းနှယ် တားဆီးနေသည့် နိယာမစွမ်းအားနှင့် ဧကရာဇ်ချီ အကာအကွယ်အားလုံးကို ထိုးဖောက်လျက် သူ့လက်ဝါးတည့်တည့်သို့ တိုးဝင်လာခဲ့လေ၏။

“မဖြစ်နိုင်ဘူး…” ဝူယွမ်ကျန်း လုံးဝကို မယုံကြည်နိုင် ဖြစ်နေခဲ့သည်။ လက်ရှိအချိန်တွင် ဝူယွမ်ကျန်းမှာ ရန်ကိုင်တို့အား တိုက်ခိုက်ရန် အာရုံစိုက်မနေနိုင်တော့ဘဲ သူ့စွမ်းအင်အကုန်အစင်ကို လှည့်ပတ်လျက် သူ့လက်ဝါးထက်တွင် စုဝေးကာ သူ့ကိုယ်သူကာကွယ်ရန် အသည်းအသန် ကြိုးစားလိုက်လေသည်။

သို့သော်ငြား သူအလွန်တရာကိုမှ ဂုဏ်ယူဝံ့ကြွားရသည့် ဧကရာဇ်တတိယအဆင့် ကျင့်ကြံခြင်းမှာ ထိုရှင်းပြမရသည့် စွမ်းအားရှေ့မှောက်တွင် ထက်ရှလှသည့် ဓါးတစ်ချောင်းနှင့်တွေ့သည့် စက္ကူဖြူတစ်ရွက်နှယ် တစ်စစီ ဆုတ်ဖြဲပစ်ခြင်း ခံလိုက်ရလေ၏။

“ရွှစ်” ခနဲမြည်သံနှင့်အတူ သွေးများပန်းထွက်လာခဲ့ပြီး ဝူယွမ်ကျန်း၏ လက်ဝါးထက်တွင် ထမင်းစားသည့် တူတစ်ချောင်းမျှ ကျယ်ပြောလှသည့် ဒဏ်ရာကြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားနေသော ဝူယွမ်ကျန်းကိုယ်တိုင်မှာလည်း မိုးကြိုးပစ်ချခံလိုက်ရသည့်အလား လေထဲကျွမ်းထိုးလျက် မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့ရသည်။ ထို့နောက် တုန်တုန်ယင်ယင်ဖြင့် လွမ်ဖုန်းအား လှမ်းကြည့်လိုက်လေသည်။

ထိုမြင်ကွင်းကိုမြင်သော် ဝမ်းသာအားရဖြင့် မျှော်လင့်တကြီး စောင့်ကြည့်နေကြသည့် မရဏဂိုဏ်းသားများမှာမူ ကြက်သေသေကုန်ကြတော့လေသည်။

ချီမိသားစုမှ တပည့်များမှာလည်း မှင်တက်နေကြလေ၏။

သူတို့ ဘာတွေကိုများ မြင်လိုက်ရလေသနည်း။

ဧကရာဇ်တတိယအဆင့်သို့ ရောက်နေသော ဝူယွမ်ကျန်း၏လက်ဝါးမှာ အမျိုးသမီးတစ်ဦးကြောင့် ကွဲထွက်သွားခဲ့ရသည်။ အမျိုးသမီး၏လက်ညှိုးတစ်ချောင်းရှေ့မှောက်တွင် ဝူယွမ်ကျန်းမှာ လုံးဝကို မခုခံနိုင်ခဲ့ပေ။

ရုတ်ချည်းဆိုသလို အကုန်လုံးမှာ ကြက်သေသေကုန်ကြသည့်အတွက်ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ အပ်ကျသံပင် ကြားရလောက်သည်အထိ တိတ်ဆိတ်သွားတော့လေသည်။ တဒုန်းဒုန်းခုန်နေသည့် နှလုံးခုန်သံများသာ ထွက်ပေါ်နေတော့သည်။

ဤလောကကြီးတွင် မည်သူကများ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးအား ဤကဲ့သို့ ဒဏ်ရာရသွားအောင် လုပ်နိုင်လေသနည်း။

“ခင်ဗျား… ခင်ဗျား ဘယ်သူလဲ…” ဝူယွမ်ကျန်း၏မျက်နှာသည် သွေးမရှိတော့သည့်အလား ဖြူလျော်နေခဲ့လေသည်။ ထိုကဲ့သို့ဖြစ်နေရခြင်းမှာ သူဒဏ်ရာရသွားသည့် အတွက်ကြောင့်တော့ မဟုတ်ချေ။ လက်ညှိုး၏စွမ်းအားမှာ သူ့လက်ဝါးထဲသို့ ဖောက်ဝင်လာခဲ့ပါသော်ငြား ဤသည်မှာ သာမန် အသေးစားဒဏ်ရာလေးတစ်ခုသာ ဖြစ်ပေသည်။ ဂိုဏ်းသို့ပြန်ရောက်၍ ဆေးသောက်ကာ အားပြန်ဖြည့်လိုက်မည်ဆိုပါက ထိုဒဏ်ရာမှာ ရက်အနည်းငယ်အတွင်း ပြန်ကောင်းသွားနိုင်ပေသည်။ သူ့ဒဏ်ရာနှင့်ယှဉ်လိုက်သော် ဝူယွမ်ကျန်း ခံစားလိုက်ရသည့် အတွေ့အကြုံမှာ သူ့အား ပို၍ ကြောက်ရွံ့နေစေခဲ့လေသည်။

သူ့အား ဤကဲ့သို့ ဒဏ်ရာရသွားအောင် လုပ်နိုင်သည့် အမျိုးသမီးသည် လုံးဝကို သာမန်မဖြစ်နိုင်ချေ။

ထို့နောက်တွင် သူ့စိတ်ထဲ ကြောက်မက်ဖွယ်ရာတစ်ခုခုအား စဉ်းစားမိသွားခဲ့ပြီး အထိတ်ထိတ်အလန့်လန့်ဖြင့် ရေရွတ်လိုက်လေ၏။ “ခင်ဗျားက သခင်မပန်းအရိပ်လား…”

ထိုစကားကိုကြားပြီးသည့်နောက် လူအုပ်ကြီးတစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားခဲ့သည်။ ပန်းအရိပ်သည် လူတစ်ဦး၏နာမည်ဖြစ်သလို ဂုဏ်ပုဒ်တစ်ခုလည်း ဖြစ်ပေသည်။ ပန်းအရိပ်သခင်မသည် မဟာဧကရာဇ်ဆယ်ပါးအနက် တစ်ပါးအပါအဝင်ဖြစ်သော မဟာဧကရာဇ်တစ်ပါးသာ ဖြစ်လေသည်။

မဟာဧကရာဇ်ဆယ်ပါးထဲတွင် အမျိုးသမီးတစ်ဦးသာ ရှိပြီး ထိုအမျိုးသမီးမှာ အခြားသော မဟာဧကရာဇ်များအောက် အားနည်းခြင်းမရှိချေ။ သူမသည် ကြယ်တာရာအစုအဝေးထဲတွင် ရှိနေသည့် အမျိုးသမီးများ၏ ကြည်ညိုလေးစားရာ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်လေ၏။

ကိုယ်ထူကိုယ်ထ ဂိုဏ်းအသီးသီး တည်ထောင်ထားကြသော ရှုယဉ်သာမဟာဧကရာဇ်၊ လမင်းမဟာဧကရာဇ်နှင့် အခြားသော မဟာဧကရာဇ်များကဲ့သို့ မဟုတ်ဘဲ ပန်းအရိပ်မဟာဧကရာဇ် ပန်းပေါင်းစုံတောင်ကြား၌ အခြေချ နေထိုင်လေသည်။ ပန်းပေါင်းစုံတောင်ကြား မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကိုမူ မည်သူမှ မသိကြချေ။

မဟာဧကရာဇ်များမှာ အမျိုးမျိုးသော စိတ်အထွေထွေကို ပိုင်ဆိုင်ထားကြပေသည်။ အချို့မှာ ကိုယ်ထူကိုယ်ထဂိုဏ်းများ တည်ထောင်ကြပြီး အချို့မှာတော့ လောကကြီးထဲ တစ်ကိုယ်တည်း လှည့်ပတ်သွားလာနေကြသည်။ အချို့မှာတော့ ချောင်ကျသည့် နေရာများတွင် သူတို့ဘာသာ တစ်သီးတည်း အေးအေးဆေးဆေး နေကြလေသည်။

ဝူယွမ်ကျန်းသည် အကြောင်းအရာများကို မယ်မယ်ရရမသိဘဲ လွမ်ဖုန်းသည် သူ့ထက်ပိုအားကောင်းနေသည့်အတွက်ကြောင့် ပန်းအရိပ်မဟာဧကရာဇ်ဖြစ်သည်ဟု ထင်ချက်ပေးလိုက်ခြင်းသာ ဖြစ်ပေသည်။ သူသည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်နေပြီဖြစ်သည့်အတွက်ကြောင့် သူ့အား ဤကဲ့သို့ အလွယ်တကူ ထိခိုက်ဒဏ်ရာရသွားအောင် လုပ်နိုင်သည့်လူဆို၍ မဟာဧကရာဇ်တစ်ပါးသာ ရှိတော့ပေသည်။

ထို့အပြင် လွမ်ဖုန်းသည် အမျိုးသမီးတစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူမအား ပန်းအရိပ်မဟာဧကရာဇ်ဖြစ်သည်ဟု ထင်ချက်ပေးမိသည်မှာ သဘာဝသာဖြစ်လေသည်။

“ပန်းအရိပ်မဟာဧကရာဇ်…” ဝူယွမ်ကျန်း၏စကားကို ကြားပြီးသည့်နောက်တွင် မရဏဂိုဏ်းသားများ၏မျက်နှာ ရုတ်ချည်းဆိုသလို ဖြူလျော်သွားကုန်ကြပြီး ခြေထောက်များမှာလည်း ကတုန်ကယင် ဖြစ်လာကုန်ကြလေသည်။ သွားလေပြီ…။ သူတို့၏ ဒုဂိုဏ်းချုပ်သည် မဟာဧကရာဇ်တစ်ပါးကိုမှ သွားရောက်ရန်စမိခဲ့သည်။ သူမကိုပင်လျှင် ဒူးထောက်ရန် အမိန့်ပေးခဲ့ပေသည်။

သူတို့ကိုယ်တိုင်သည်လည်း သခင်မပန်းအရိပ်အား အမျိုးမျိုးသော ညစ်ညမ်းသည့် စကားများဖြင့် စော်ကားမိခဲ့လေသည်။

သူတို့အနေဖြင့် မည်ကဲ့သို့ အသက်ဆက်ရှင်နိုင်ပါဦးမည်နည်း။

ချီမိသားစုဝင်များ၏ အမူအယာများမှာတော့ လေးနက်တည်ကြည်နေကြလေသည်။ သူတို့သည် ပန်းအရိပ်သခင်မနှင့် ပတ်သက်၍ မည်ကဲ့သို့မျှ မှတ်ချက်မပေးခဲ့သည့်တိုင် သူတို့အားလုံးမှာ မရဏဂိုဏ်းသားများနှင့် တစ်ဖွဲ့တည်းဖြစ်သည်မှာ အသိသာကြီးပင်။ ပန်းအရိပ်သခင်မသည်သာ သူတို့အား ရန်ရှာလာမည်ဆိုပါက…။

ဝူယွမ်ကျန်း ဇောချွေးပြန်နေလေပြီ။ ထို့နောက် ကြောက်ကြောက်လန့်လန့် တုန်တုန်ရီရီဖြင့် အလျင်အမြန် တောင်းပန်လိုက်လေ၏။ “သခင်မမှန်း ကျုပ် တကယ်ကို မသိလိုက်လို့ပါ… သခင်မကိုယ်တိုင် ဒီနေရာကို ရောက်နေမယ်လို့ ကျုပ် တကယ်ကို မသိလိုက်လို့ပါ… သခင်မ ကျုပ်ကို ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်…”

မဟာဧကရာဇ်တစ်ပါးကို ရန်စမိပြီးသည့်နောက်တွင် ဝူယွမ်ကျန်း အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်နေတော့လေသည်။ သို့သော်ငြား မဟာဧကရာဇ်တစ်ပါးနှင့် ဧကရာဇ်ဒုတိယအဆင့်ပညာရှင်တစ်ဦးသည် ဧကရာဇ်ပထမအဆင့်သာ ရှိသေးသော ရန်ကိုင်နောက်တွင် ဘာကြောင့် ရပ်နေသလဲဆိုသည်ကို လုံးဝ နားမလည်နိုင် ဖြစ်နေခဲ့လေသည်။

(ဒီကောင် ဘာကောင်လဲ… ခွေးကောင်ကွာ ခုနတုန်းက ငါ သူ့ကို တိုက်ခိုက်ဖို့လုပ်နေတာကို ဘာဖြစ်လို့ တစ်ခွန်းမှမပြောဘဲနဲ့ တစ်ချိန်လုံး ရေငုံနှုတ်ပိတ်နေခဲ့ရတာလဲ… ခွေးသူတောင်းစားကောင်ကွာ… ဒီကောင့်ကြောင့်သာမဟုတ်ရင် ငါ ပန်းအရိပ်မဟာဧကရာဇ်ကို သွားရန်စမိမှာမဟုတ်ဘူး…)

“နင်မှားနေပြီ… ဒီဘုရင်မက ပန်းအရိပ်မဟုတ်ဘူး…” လွမ်ဖုန်းက ထူးမခြားနားဟန်ဖြင့် ပြောလိုက်သည်။

“ပန်းအရိပ်မဟုတ်ဘူး…” ဝူယွမ်ကျန်း မင်သက်သွားခဲ့လေသည်။ လွမ်ဖုန်းကိုသာ ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်နေမိလေ၏။ သူ့စိတ်ထဲ ဘာတွေးနေသလဲဆိုသည်ကို မသိရ ပြန်၍သာမေးလိုက်လေ၏။ “အဲ့ဒါဆိုရင် ခင်ဗျားက… ခင်ဗျားက…”

လွမ်ဖုန်းကမူ ပြန်မဖြေခဲ့ဘဲ ဝူယွမ်ကျန်းကိုသာ လက်ညှိုးထိုးလိုက်လေ၏။ ယခုတစ်ကြိမ်တိုက်ကွက်မှာမူ ပထမတစ်ကြိမ်နှင့် မတူညီတော့ချေ။ ပထမတစ်ကြိမ်မှာ သာမန်လက်ညှိးလေးတစ်ချောင်းသာ ဖြစ်ပါသော်ငြား ယခုတစ်ကြိမ်တွင်မူ ပိန်းပိန်းပိတ်မည်းမှောင်သည့် မီးတောက်တို့သည် သူမ၏လက်ချောင်းထက်တွင် စုဝေးလာခဲ့ကြလေသည်။

“ကမ္ဘာဖျက်အနက်ရောင်မီးတောက်… ခင်ဗျားက…” ဝူယွမ်ကျန်း၏မျက်နှာ အပြောင်းလဲကြီး ပြောင်းလဲသွားတော့လေသည်။ ထိုမီးတောက်ကို မြင်ပြီးသည့်နောက် လွမ်ဖုန်း မည်သူဖြစ်သလဲဆိုသည်ကို သူ ခန့်မှန်းမိသွားလေပြီ။ သို့သော်ငြား သူမ ဤနေရာတွင် ပေါ်လာသည်မှာ အထူးအဆန်းတော့မဟုတ်။ တကယ်တော့ ဤနေရာသည် ရှေးဟောင်းကုန်းမြေ၏ အပြင်ဖျားပိုင်း မဟုတ်လေလော။ ရှေးဟောင်းကုန်းမြေထဲတွင် အမျိုးသမီးနတ်သားရဲဆို၍ တစ်ကောင်သာ ရှိပေသည်။

ထိုအမျိုးသမီးမှာ အခြားမဟုတ်။ နတ်သားရဲလွမ်ဖုန်းသာ ဖြစ်လေသည်။

ဝူယွမ်ကျန်း အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားတော့လေသည်။ သူရန်စလိုက်သည့်လူမှာ ပန်းအရိပ်သခင်မသာ ဖြစ်နေသည်ဆိုပါက သူ့တွင် အသက်ရှင်နိုင်ချေ ရှိပေသေးသည်။ ကောလဟာလများအရ ပန်းအရိပ်သခင်မမှာ စိတ်ထားသိမ်မွေ့သည်ဟု ပြော၍ရသည်။ သူသာ လွန်လွန်ကျူးကျူး မလုပ်လိုက်သရွေ့ ပန်းအရိပ်သခင်မအနေဖြင့် သူ့အား အကြပ်တွေ့အောင် လုပ်လိမ့်မည် မဟုတ်ချေ။

သို့သော်ငြား နတ်သားရဲလွမ်ဖုန်းအား သွားရန်စမိလျှင်တော့ လုံးဝ မတူတော့ချေ။ လွမ်ဖုန်းသည် သာမန်လူများကို သတ်ပစ်လေ့မရှိပါသော်ငြား ညှာတာသည်ဟူသော စကားလုံးသည် သူမနှင့် လားလားမျှ မအပ်စပ်သည့် စကားလုံးတစ်လုံး ဖြစ်ပေသည်။

“သခင်မ… ကျေးဇူးပြုပြီး ချမ်းသာပေးပါ…” ဝူယွမ်ကျန်းမှာ အသည်းအသန် အော်ဟစ်တောင်းပန်တော့လေသည်။ တစ်ချိန်တည်းတွင် ဧကရာဇ်ချီကို အရူးအမူးလှည့်ပတ်လျက် တိုးဝင်လာနေသည့် ကမ္ဘာဖျက်မီးတောက်ကို ခုခံရန် ကြိုးစားလိုက်လေ၏။

သို့ရာတွင် လွမ်ဖုန်းမှာ ထူးမခြားနားဟန်ဖြင့်သာ ရှိနေခဲ့လေသည်။

အနက်ရောင်မီးတောက်ရှေ့တွင် ဝူယွမ်ကျန်း၏ ဧကရာဇ်ချီအကာအကွယ်မှာ အလွန်ကိုမှ ပါးလျနေခဲ့လေသည်။ မီးတောက်နှင့်ထိထိချင်း ပြာအတိ ကျသွားခဲ့ရသည်။

ထို့နောက်တွင် ဝူယွမ်ကျန်း၏ သွေးပျက်ခြောက်ခြားအော်ဟစ်သံများ ထွက်ပေါ်လာတော့လေသည်။

“ချမ်းသာပေးပါ စီနီယာ… ကျေးဇူးပြုပြီး ချမ်းသာပေးပါ…” ဝူယွမ်ကျန်းသည် ဧကရာဇ်ချီကို အရူးအမူး လှည့်ပတ်နေပါသော်ငြား သူ့ကိုယ်ပေါ်တွင်ရှိနေသော အနက်ရောင်မီးတောက်အား ပြန်ဆုတ်သွားအောင် မည်သို့မှ မလုပ်နိုင်ခဲ့‌ပေ။ ထို့အစား သူ၏ဧကရာဇ်ချီကို အရူးအမူးလှည့်ပတ်နေသည်နှင့်အမျှ မီးတောက်များမှာ ပိုပို၍ပင် အားကောင်းလာခဲ့လေသည်။ သူ၏ဧကရာဇ်ချီမှာ မီးတောက်များအား ငြိမ်းသတ်နိုင်သည့် ရေမဟုတ်တော့ဘဲ လောင်စာများသာ ဖြစ်နေသည့်အလား။

သွေးပျက်ခြောက်ခြားစွာအော်ဟစ်သံများမှာ မကြာမီ တိုးလျပျောက်ကွယ်သွားခဲ့လေသည်။ ဝူယွမ်ကျန်းမှာ အသက်သုံးရှိုက်စာအတွင်း ကမ္ဘာဖျက် အနက်ရောင်မီးတောက်များအောက်ဝယ် ပြာအတိဖြစ်သည်အထိ လောင်ကျွမ်းခြင်း ခံလိုက်ရလေသည်။ သူ့သိုလှောင်လက်စွပ်သည်ပင်လျှင် ချမ်းသာရာရခဲ့ခြင်း မရှိချေ။

ထိုမြင်ကွင်းကိုကြည့်ရင်း အကုန်လုံးမှာ တိတ်ဆိတ်နေခဲ့ကြသည်။

အစောပိုင်းက အကြီးအကဲကျုန်းမှ ရန်ကိုင်အား တိုက်ခိုက်စဉ်က အေးစက်စက်စရိုက်နှင့် အမျိုးသမီး၏ တမုဟုတ်ချင်း သတ်ဖြတ်ခြင်း ခံလိုက်ရသည်။ ယခုမူ ဝူယွမ်ကျန်းမှ တိုက်ခိုက်သည့်အခါတွင်လည်း အခြားသောအမျိုးသမီး၏ သတ်ဖြတ်ခြင်း ခံလိုက်ရပြန်လေသည်။

သူတို့ကိုယ်တိုင်သာ မြင်လိုက်ရခြင်းမဟုတ်ပါက ယခုကဲ့သို့ အဖြစ်အပျက်မျိုးကို လုံးဝ ယုံနိုင်လိမ့်မည် မဟုတ်ပေ။

“အမျိုးသမီးဖုန်း… ခင်ဗျားရဲ့မီးတောက်တွေက တကယ်ကို အားကောင်းတာပဲ…” ဝူယွမ်ကျန်း၏သိုလှောင်လက်စွပ်သည်ပင်လျှင် အရည်ပျော်ကျသွားသည်ကိုမြင်သော် ရန်ကိုင်စိတ်ထဲ နှာမြောတသ ဖြစ်မိသွားခဲ့လေသည်။

မည်သို့ပင်ဖြစ်နေစေကာမူ ဝူယွမ်ကျန်းသည် မရဏဂိုဏ်း၏ ဒုဂိုဏ်းချုပ်တစ်ဦးဖြစ်နေဆဲ။ ထို့အတွက်ကြောင့် သူ့သိုလှောင်လက်စွပ်ထဲတွင် အဖိုးတန်ရတနာပေါင်းများစွာ ရှိနေရပေလိမ့်မည်။ သို့သော်ငြား ထိုရတနာအားလုံးမှာ လွမ်ဖုန်း၏မီးတောက်ကြောင့် ပျက်စီးသွားကုန်ရလေပြီ။ ရန်ကိုင်အနေဖြင့် နှမြောတသမဖြစ်ပဲ ဘယ်နေပါမည်နည်း။

လွမ်ဖုန်းက ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ကျွန်မ နည်းနည်း သတိလက်လွတ်ဖြစ်သွားတယ်… ဆရာရန်ကို ပေးထားခဲ့တဲ့ လက်ဆောင်တွေရဲ့ မျက်နှာကို ထောက်ထားပြီးတော့ ဒီတစ်ကြိမ် ဆရာရန် စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်…”

ရန်ကိုင်၏မျက်ခုံးကြောများ တွန့်ကွေးသွားခဲ့လေသည်။ လွမ်ဖုန်းက ထိုအကြောင်းကိုပြောလာမှဖြင့် သူ့အနေဖြင့် ဘာများ ပြန်ပြောနိုင်ပါဦးမည်နည်း။

“သခင်မ… ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ… သခင်မ ကျေးဇူးပြုပြီး ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ… ကျုပ်တို့ တကယ်ကို တောင်းပန်ပါတယ်…”

မရဏဂိုဏ်းသားများမှာ ရုတ်တရက်ဆိုသလို ဒူးထောက်ချလျက် အသည်းအသန် အော်ဟစ်တောင်းပန်ကြတော့လေသည်။

ယခု အကြီးအကဲကျုန်းသေသွားပြီဖြစ်သလို ဝူယွမ်ကျန်းလည်း သေသွားပြီ ဖြစ်သည့်အတွက်ကြောင့် သူတို့တွင် အားကိုးစရာမရှိတော့ချေ။ လက်ရှိအခြေအနေတွင် အသက်ရှင်လိုပါက မိမိ၏ဂုဏ်သိက္ခာအပေါ် ငဲ့ညှာနေရန် အချိန်မရှိတော့ဘဲ ဒူးထောက်တောင်းပန်ရန်သာ ရှိတော့လေသည်။

ရုတ်ချည်းဆိုသလို မရဏဂိုဏ်းသားပေါင်းများစွာမှာ အသီးသီးဒူးထောက်လျက် သူ့ထက်ငှာ အလုအယက် တောင်းပန်ကြတော့လေသည်။

“တိတ်တိတ်နေကြစမ်း… ရှင်တို့ နောက်ထပ် အသံတစ်သံထွက်ရဲရင် ကျွန်မ ရှင်တို့အားလုံးကို သတ်ပစ်မှာ…” ကျိယောင်၏အေးစက်စက်အသံ ထွက်ပေါ်လာခဲ့လေသည်။ သူမ၏အသံနှင့်အတူ မရဏဂိုဏ်းသားများ၏ အော်ဟစ်ငိုယိုတောင်းပန်သံများ ရုတ်ချည်း တိတ်ကျသွားခဲ့သည်။

မည်သူမျှ အသံတစ်သံပင် မထွက်ရဲကြတော့ချေ။ အကုန်လုံးသည် လွမ်ဖုန်းအား ကြောက်ကြောက်လန့်လန့်ဖြင့်သာ ကြည့်နေကြလေသည်။ လွမ်ဖုန်းသည် သူတို့အားလုံးအား ဒုဂိုဏ်းချုပ်ကိုသတ်ပစ်ခဲ့သလို သတ်ပစ်မည်ကို ကြောက်လန့်နေကြသည်။

“ဒုတ်…” နောက်ထပ်တစ်ယောက် ဒူးထောက်ချလိုက်လေသည်။ လှမ်းကြည့်လိုက်ရာ အခြားမဟုတ်ဘဲ ချီဟိုင်ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ ချီဟိုင်က ကူကယ်ရာမဲ့နေသည့် လေသံဖြင့် အော်ဟစ်အသနားခံလိုက်လေသည်။ “ရောင်းရင်းရန်… ဒီချီ အမှားကြီးတစ်ခုကို လုပ်မိလိုက်ပါတယ်… ငါသေမှ မင်းဒေါသ ပြေမယ်ဆိုလို့ရှိရင် ကျေးဇူးပြုပြီး ငါ့ကိုသတ်လိုက်ပါ… ဒါပေမယ့် ငါ့ရဲ့ချီမိသားစုကိုတော့ လွှတ်ပေးပါကွာ..”

“သခင်လေး…” ထိုစကားကိုကြားသော် ချီမိသားစုမှတပည့်များ ထိတ်လန့်သွားကုန်ကြလေသည်။

“ဟမ့်…” ရန်ကိုင်သည် ချီဟိုင်အား တစ်ချက်သာကြည့်လိုက်ပြီး အကြည့်လွှဲဖယ်လိုက်လေသည်။ ထို့အစား အခြားသောတစ်ဖက်သို့လှည့်၍ အေးစက်စက်လေသံဖြင့် ပြောလိုက်လေ၏။ “ကြည့်ရတာ ငါ မရဏဂိုဏ်းဆီကို သွားဖို့ လိုနေပြီနဲ့တူတယ်…”

လွမ်ဖုန်းက မျက်မှောင်ကျုံ့လျက် မေးလိုက်လေ၏။ “ဆရာရန်… မရဏဂိုဏ်းနဲ့ စာရင်းရှင်းချင်နေတာလား…”

ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ “စာရင်းရှင်းမရှင်းကတော့ သူတို့သဘောထားပေါ် မူတည်မှာပေါ့… အခြားကိစ္စတစ်ခုနဲ့ပတ်သက်ပြီး ကျုပ် သူတို့ရဲ့ အကူအညီကို လိုသေးတယ်...” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် လွမ်ဖုန်းဘက်သို့လှည့်၍ ထပ်ပြောလိုက်လေသည်။ “အမျိုးသမီးဖုန်း… ကျုပ်နောက် ခဏလောက် လိုက်ပေးလို့ ရမလား…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၆၁၃)

ရန်ကိုင်ပြောသည်ကို ကြားသည့်အခါ လွမ်ဖုန်း ခါးသက်စွာ ပြုံးလိုက်လေသည်။ ရန်ကိုင်သည် သူမအား သက်တော်စောင့်တစ်ဦးနှယ် အသုံးပြုချင်နေမှန်း သိနေခဲ့သည်။ သို့သော်ငြား လက်ရှိအခြေအနေအရ သူမအနေဖြင့် ရန်ကိုင်၏ တောင်းဆိုချက်ကို မငြင်းပယ်နိုင်ပေ။ ထို့အတွက်ကြောင့် ခေါင်းညိတ်၍သာ ပြန်ပြောလိုက်ရသည်။ “ကိစ္စမရှိပါဘူး ဆရာရန်… သခင်မလေးက ဆရာရန်ကို ဂရုစိုက်ဖို့ မှာသွားတာဆိုတော့လည်း ကျွန်မလည်း ကိုယ့်တာဝန်ကိုယ်ကျေအောင် လုပ်ပေးရမှာပေါ့… ဒါပေမယ့် ဆရာရန် တစ်ချက်တော့မှတ်ထားပေးနော်… ဒီနေရာက လူသားပိုင်နက်ဆိုတော့ ကျွန်မလည်း အရမ်းကြီး လက်လွတ်စပယ် လုပ်လို့မရဘူး… မဟုတ်လို့ရှိရင် မဟာဧကရာဇ်တွေ အာရုံစိုက်လာနိုင်တယ်…”

သူမသည် နတ်သားရဲတစ်ကောင် ဖြစ်ပါသော်ငြား မဟာဧကရာဇ်ဆယ်ပါးကိုတော့ သတိထားရပေသည်။ သူမ၏ အထွဋ်အထိပ်အခြေအနေတွင်သာဆိုပါက မဟာဧကရာဇ်များနှင့် ရင်ဆိုင်တွေ့ပါက ခဏမျှကြာအောင် ရင်ဆိုင်နိုင်လိမ့်မည် ဖြစ်ပါသော်ငြား သူမအနေဖြင့် သမီးတစ်ဦးအား မွေးထားရသည်မှာ မကြာသေး‌ချေ။ ထို့အတွက်ကြောင့် သူမ၏ခွန်အားမှာ ယခင်နှင့်စာလျှင် လျော့ကျနေခဲ့ရသည်။ သူမသာ လူသားပိုင်နက်ထဲ စိတ်ကြိုက်သောင်းကျန်းမည်ဆိုပါက မဟာဧကရာဇ်များမှ သူမနောက်သို့ လိုက်လာပေလိမ့်မည်။ ထိုအခါ သူမ၏ ငြိမ်းချမ်းသော နေ့ရက်များ ကုန်ဆုံးသွားရပေလိမ့်မည်။

ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။ “အမျိုးသမီးဖုန်း… ခင်ဗျားမှားနေပြီ… ကျုပ် မရဏဂိုဏ်းကိုသွားတာ လူသတ်ဖို့မဟုတ်ဘူး…”

“ဟင်း ဟင်း…” လွမ်ဖုန်းကမူ ဘာမှပြန်မပြောခဲ့ပဲ ပြုံးသာ ပြုံးလိုက်လေ၏။

“သွားကြရအောင်…” ရန်ကိုင်က အချက်ပြလိုက်ပြီးသည့်နောက် ကျိယောင်ကိုခေါ်ကာ အတူပျံသန်းသွားလေ၏။

သို့ရာတွင်မူ လွမ်ဖုန်းသည် ရန်ကိုင်နောက်သို့ ချက်ချင်းလိုက်မသွားခဲ့။ ထို့အစား မြေပြင်ပေါ်တွင် ဒူးထောက်နေသော မရဏဂိုဏ်းမှ တပည့်များဆီသို့သာ လှမ်း၍ ကြည့်လိုက်လေသည်။ ထို့နောက် သူမလက်ကို မြှောက်လျက် အသာအယာ ဖိချလိုက်လေ၏။

“ဖုန်း… ဖုန်း… ဖုန်း…”

တဖုန်းဖုန်းမြည်သံများနှင့်အတူ မရဏဂိုဏ်းမှတပည့်များ တစ်ယောက်ပြီးတစ်ယောက် ပေါက်ကွဲထွက်ကာ သေဆုံးကုန်ကြလေသည်။

လွမ်ဖုန်းအနေဖြင့် သူမထက်အားနည်းသည့်လူများကို ဗိုလ်ကျအနိုင်ကျင့်ခြင်းမဟုတ်။ ထို့အစား ထိုလူများသည် သူမအား ညစ်ညစ်ပတ်ပတ် စကားလုံးများဖြင့် ပြောဆိုခဲ့လေသည်။ သူမအား ထိုကဲ့သို့ လာရောက်စော်ကားသည်ကို လွမ်ဖုန်းအနေဖြင့် မည်သို့မှ ခွင့်မလွှတ်နိုင်ပေ။

မရဏဂိုဏ်းမှ တပည့်များကို သတ်ပစ်ပြီးသည့်နောက်မှသာ လွမ်ဖုန်းလည်း ရန်ကိုင်နောက်သို့လိုက်ကာ ပျံသန်းသွားလေ၏။

ချီမိသားစုမှ တပည့်များမှာမူ ကတုန်ကယင်ဖြင့် ရပ်နေကြလေသည်။ လွမ်ဖုန်းထွက်သွားပြီး အတော်ကြာသွားသည့် အခါမှသာ အသိပြန်ဝင်လာခဲ့ပြီး သက်ပြင်းအမောကြီး အသီးသီးရှူထုတ်လိုက်ကြလေ၏။

“သခင်လေး… သူတို့ထွက်သွားပြီ…” လူအိုကြီးတစ်ဦးသည် ချီဟိုင်နားသို့လာ၍ အသာအယာ သတိပေးလိုက်လေသည်။

ချီဟိုင်သည် မြေပြင်ပေါ်တွင် ကူကယ်ရာမဲ့စွာ ဒူးထောက်နေခဲ့သည်။ သူ့မျက်လုံးများမှာ လိပ်ပြာလွင့်သွားသည့် လူတစ်ဦးအလား မှုန်ထိုင်းထိုင်း ဖြစ်နေလေ၏။

လွမ်ဖုန်းသည် အရှေ့ဘက်နယ်မြေနှင့်ပတ်သက်၍ အတော်လေးကိုမှ ရင်းနှီးကျွမ်းဝင်သည်ဟု ပြော၍ရသည်။ ယခင်က လွမ်ဖုန်းသည် လူအသွင်ဖြင့် ကြယ်တာရာအစုအဝေးထဲ လှည့်ပတ်သွားလာခဲ့ဖူးသည့် အတွက်ကြောင့် ကြယ်တာရာအစုအဝေး မြေနေရာအကြောင်းကို ကောင်းကောင်းသိကျွမ်းထားပေသည်။

သူမ၏ဦးဆောင်မှုဖြင့် ရန်ကိုင်တို့သုံးဦးသည် ငြိမ်းချမ်းရေးပင်လယ်မြို့တော်ဟုခေါ်သော မြို့တစ်မြို့ဆီသို့ တစ်ရက်အတွင်း ရောက်လာခဲ့လေသည်။

မြို့ထဲသို့ဝင်လာပြီးသည့်နောက် မြို့သခင်စံအိမ်ဆီသို့ တန်းသွားလိုက်လေသည်။

ငြိမ်းချမ်းရေးပင်လယ်မြို့‌တော်၏ မြို့သခင်မှာ ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ပေသည်။ ထို့အတွက်ကြောင့် တစ်စုံတစ်ဦးမှ သူနေသည့်စံအိမ်ထဲသို့ ကျူးကျော်ဝင်ရောက်လာကြောင်းကို ကြားသိလိုက်ရသည့်အခါ မြို့သခင်မှာ ဒေါသူပုန်ထသွားခဲ့ပြီး သူနေထိုင်ရာ နေရာဆီမှ အလျင်စလို ပြေးထွက်လာခဲ့သည်။ သို့သော်ငြား မည်သည့်မေးခွန်းကိုမှ မမေးနိုင်သေးခင်မှာပင် ကျိယောင်သည် ရန်ကိုင်၏အမိန့်အတိုင်း သူမ၏ကျင့်ကြံခြင်းကို ထုတ်ပြလိုက်ရာ မြို့သခင်မှာ တုန်တုန်ရီရီ ဖြစ်သွားခဲ့ပြီး တစ်ချက်ကလေးမှပင် မဆင်မခြင် မလှုပ်ရှားရဲတော့ချေ။

အကုန်လုံး၏အကြည့်အောက်တွင်ပင် ရန်ကိုင်တို့သုံးဦးသည် မြို့သခင်စံအိမ်ထဲရှိ ဟင်းလင်းပြင်အစီအရင်ကိုသုံးလျက် ထိုနေရာမှ ထွက်ခွာလာခဲ့သည်။

သူတို့သုံးဦး ထွက်သွားပြီးသည့်နောက်မှသာလျှင် မြို့သခင် သက်ပြင်းအမောကြီး ချလိုက်နိုင်လေသည်။ သူ့ကျောပြင်တစ်ခုလုံးမှာတော့ ချွေးများဖြင့် စိုရွှဲနေလေ၏။

ရန်ကိုင်တို့သုံးဦးသည် ထိုနည်းလမ်းအတိုင်း ဟင်းလင်းပြင်အစီအရင်များကိုသုံး၍ တစ်ကြိမ်ပြီးတစ်ကြိမ် တည်နေရာခုန်ကူးလာလိုက်ရာ မကြာမီတွင် မရဏမြို့တော်ဆီသို့ ရောက်လာခဲ့လေ၏။

“ဆရာရန်… မရဏမြို့တော်က မရဏဂိုဏ်းရဲ့ တိုက်ရိုက်ထိန်းချုပ်မှုအောက်မှာ ရှိနေတာ… ဒီကနေဆိုရင် မရဏဂိုဏ်းကိုသွားဖို့ နှစ်နာရီပဲကြာလိမ့်မယ်…” ဟင်းလင်းပြင်အစီအရင်ထဲမှ ထွက်လာပြီးသည့်နောက်တွင် လွမ်ဖုန်းသည် ရန်ကိုင်အား ရှင်းပြလိုက်လေသည်။

ရန်ကိုင်က ခေါင်းညိတ်လျက် ပြောလိုက်လေသည်။ “အမျိုးသမီးဖုန်း… ရှေ့ကနေ ဦးဆောင်ပြီးသွားပေးလို့ရမလား…”

လွမ်ဖုန်းက ပြုံးလျက် သဘောတူလိုက်လေသည်။ “ရပါတယ် ဆရာရန်… ကျေးဇူးပြုပြီး ကျွန်မနောက်က လိုက်ခဲ့ပေးပါ…”

ရန်ကိုင်နှင့်အတူ ရက်အတော်ကြာအောင် အတူရှိလာပြီးသည့်နောက်တွင် ရန်ကိုင်သည် ရှေးဟောင်းကုန်းမြေထဲတွင် ရှိစဉ်က ပုံစံနှင့် မတူညီစွာ အတော်လေးကိုမှ ယဉ်ကျေးသိမ်မွေ့ကြောင်း တွေ့ရှိလိုက်ရသည်။ ထို့အတွက်ကြောင့် ရန်ကိုင်သည် သူမအား အသုံးချလျက် မဟာဧကရာဇ်များအား ဒေါသထွက်စေလောက်မည့် ကိစ္စများကို ကျူးလွန်လိမ့်မည်မဟုတ်ဟု ပို၍ ယုံကြည်မိသွားခဲ့လေသည်။

မြို့သခင်စံအိမ်ထဲမှ ထွက်လာပြီးသည့်နောက်တွင် ရန်ကိုင်တို့သုံးဦးသည် မရဏဂိုဏ်းဆီသို့ တည့်တည့်တန်းသွားလိုက်လေသည်။

နှစ်နာရီခန့် ကြာပြီးသည့်နောက်တွင် ကျင့်ကြံရေးသုခဘုံတစ်ခု ရန်ကိုင်တို့ရှေ့၌ ပေါ်လာခဲ့လေသည်။ မိုးထိမတတ် မြင့်မားလှသော တောင်စဉ်တောင်တန်းများ အစီအရီ တည်ရှိနေပြီး မြစ်ပြင်ကျယ်ကြီးများမှာလည်း တောင်ကြောတစ်လျှောက် ဖြတ်သန်းစီးဆင်းနေခဲ့သည်။ နိမ့်ချည်မြင့်ချည်ဖြစ်နေသော တောင်တန်းတစ်လျှောက်တွင်တော့ လှပစွာ တည်ဆောက်ထားသော နန်းတော်များနှင့် စံအိမ်များစွာ ရှိနေကြလေသည်။ ကျင့်ကြံသူပေါင်းများစွာသည် ထိုနန်းတော်များနှင့် စံအိမ်များကြား ကူးကလန်ခတ် သွားလာနေကြလေ၏။ ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း မိုးမြေစွမ်းအင်များဖြင့် သိပ်သည်းကြွယ်ဝနေလေရာ တောင်ကြောများတစ်လျှောက်အောက်တွင် အဆင့်မြင့်မြေကမ္ဘာချီကြောမကြီးတစ်ခု ရှိနေမှန်း သိနိုင်ပေသည်။

သို့သော်ငြား ဤနေရာဆီမှ အခြားသော ကျင့်ကြံရေးသုခဘုံများနှင့် မတူညီသည့် ခံစားချက်ကို ရန်ကိုင်ခံစားနေမိခဲ့သည်။ အကြောင်းမှာ ဤနေရာတွင် ယင်ချီများ အလွန်ကိုမှ ထူထပ်နေသည့် အတွက်ကြောင့်ပင်။ ထိုသို့ဖြစ်ရခြင်းမှာ မရဏဂိုဏ်းမှ ဂိုဏ်းသားများ ကျင့်ကြံသည့် ကျင့်စဉ်နှင့်လည်း ပတ်သက်နေလောက်ပေသည်။

မရဏဂိုဏ်းသားများသည် ထိတ်လန့်ဖွယ်ရာ မရဏကမ္ဘာနှင့် သက်ဆိုင်သည့် ကျင့်စဉ်များကို ကျင့်ကြံကြပြီး သူတို့အသုံးပြုကြသည့် မှော်ရတနာတိုင်းမှာလည်း ယင်ဓာတ်အမျိုးအစား မှော်ရတနာများ ဖြစ်ကြသည်။ ထိုမျှသာလျှင် မကသေးဘဲ မရဏဂိုဏ်း၏ ဌာနချုပ်ထဲတွင် ထူးဆန်းသော မရဏကန်ဟုခေါ်သော ကန်တစ်ကန်လည်း ရှိနေပေသည်။ ထို့အတွက်ကြောင့် ဤနေရာတစ်ခုလုံးသည် ခြောက်ခြားဖွယ်ရာကောင်းသည့် နေရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားရသည်မှာတော့ အထူးအဆန်းမဟုတ်ပေ။

တောင်ကြောတစ်လျှောက်အား စောင့်ကြပ်နေသည့် တပည့်များမှာ တာအိုသခင်အဆင့်သာ ရှိကြသေးသည့်အတွက်ကြောင့် ရန်ကိုင်တို့သုံးဦး ထိုတပည့်များပေါ်မှ ဖြတ်ပျံသွားသည့်အခါ မည်သူတစ်ဦးတစ်ယောက်ကမှ ရန်ကိုင်တို့အား သတိမထားမိခဲ့ကြပေ။

ဤလောကကြီးထဲတွင် မရဏဂိုဏ်းထဲသို့ အကြောင်းမကြားဘဲ ကျူးကျော်ဝင်ရောက်ရဲသည့်လူ မရှိလောက်ဟု သူတို့ထင်နေသည်မှာလည်း ဖြစ်ကောင်းဖြစ်နိုင်လောက်ပေသည်။

မရဏဂိုဏ်းထဲသို့ ဝင်ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်တို့သုံးဦးသည် တောင်ကြောတစ်လျှောက် အသာအယာ ပျံသန်းလာခဲ့ကြလေသည်။ ရန်ကိုင်သည် ပျံသန်းနေရင်းမှ ပတ်ဝန်းကျင်အား အဆက်မပြတ် စူးစမ်းလေ့လာနေခဲ့လေ၏။

လွမ်ဖုန်းက မေးလိုက်လေသည်။ “ဆရာရန်… ဆရာရန်က မရဏဂိုဏ်းရဲ့ဂိုဏ်းချုပ် ဖုပိုကို လိုက်ရှာနေတာလား…”

ရန်ကိုင်က ပြန်၍ မေးလိုက်လေ၏။ “ဟုတ်တယ်… အမျိုးသမီးဖုန်း သူဘယ်မှာလဲသိလား…”

လွမ်ဖုန်းက ခေါင်းခါလျက် “ကျွန်မလည်း မရဏဂိုဏ်းကို တစ်ခါမှ မရောက်ဖူးတော့ သူဘယ်မှာနေလဲမသိဘူး…”

“အဲ့ဒါဆိုရင် အခြားသူတွေကိုပဲ လိုက်မေးရတော့မှာပေါ့…”

ရန်ကိုင်တို့နှစ်ဦး စကားပြောနေစဉ်အတောအတွင်း ရုတ်တရက် အနီးအနားဆီမှ အော်သံတစ်သံကို ကြားလိုက်ရလေသည်။ “ဟေး… မင်းတို့တွေ အဲ့မှာရပ်နေလိုက်စမ်း…”

ရန်ကိုင်လည်း အသံကြားရာဘက်သို့ လှမ်းကြည့်လိုက်ရာ အလင်းတန်းတစ်ခု သူ့ဆီသို့ ပျံသန်းလာနေကြောင်း တွေ့လိုက်ရလေသည်။ သူတို့အနီးသို့ ရောက်လာပြီးသည့်နောက် အလင်းတန်းပျောက်ကွယ်သွားသည့်အခါမှသာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

အမျိုးသားသည် အသက်သုံးဆယ်အရွယ်လောက် ရှိမည်ထင်ရကာ မျက်နှာဝါမှာ အနည်းငယ် ဝါကျင်ကျင်ဖြစ်နေခဲ့လေသည်။ ထို့အပြင် နှာရိုးတစ်လျှောက်မှာလည်း အနည်းငယ် မည်းနက်နက် ဖြစ်နေလေ၏။ ထိုလူသည် တာအိုသခင်ပထမအဆင့်သာ ရှိသေးလင့်ကစား အလွန်တရာကိုမှ သားနားတင့်တယ်သော အဝတ်အစားများကို ဝတ်ဆင်ထားခဲ့သည်။ ထိုအချက်ကိုကြည့်ရုံဖြင့် ထိုလူ၏အဆင့်အတန်းမှာ မနိမ့်ကျကြောင်း သိနိုင်ပေသည်။

အမျိုးသမီးမှာမူကား သူမ၏အကြည့်မှာ သိမ်မွေ့လှ၍ ပါးပြင်များမှာ အနည်းငယ်နီမြန်းမြန်း ဖြစ်နေသည်။ ဆံပင်များမှာလည်း အနည်းငယ် ဖွာကြဲလန်နေကာ မျက်လုံးများမှာတော့ တောက်တောက်ပပ ဖြစ်နေလေ၏။ ဤအမျိုးသမီးသည် အတော်လေးကိုမှ လှပေသည်။ အထူးသဖြင့် သူမ၏ စွဲမက်စရာကောင်းလှသော ကိုယ်လုံးကိုယ်ပေါက်သည်ပင်။ သူမ၏ကျင့်ကြံခြင်းမှာတော့ အမျိုးသားထက် နှစ်ဆင့်မျှ ပိုမြင့်ကာ တာအိုသခင်တတိယအဆင့်သို့ ရောက်နေခဲ့သည်။

ထိုအမျိုးသားနှင့် အမျိုးသမီးတို့ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပုံမှန်မဟုတ်သည့်အနံ့တစ်ခုကို ရလိုက်လေသည်။

ထိုအပိုင်းနှင့်ပတ်သက်လာလျှင် ရန်ကိုင်သည် အတော်လေးကိုမှ အတွေ့အကြုံကြွယ်ဝသည်။ ထို့ကြောင့် ထိုထူးဆန်းသည့် အနံ့ကို ရလိုက်ပြီးသည့်နောက် အမျိုးသမီး၏ ပုံစံကို မြင်လိုက်သော် ဤအမျိုးသားနှင့် အမျိုးသမီး ဘာလုပ်နေသလဲ ဆိုသည်ကို ချက်ချင်း ခန့်မှန်းမိသွားခဲ့လေသည်။ နေ့ခင်းကြောင်တောင်ကြီးပင်လျှင် လူမြင်ကွင်း၌ ထိုကဲ့သို့ လုပ်ရဲလှပါလားဟု တွေးရင်း ရန်ကိုင် ပြုံးစိစိ ဖြစ်သွားခဲ့သည်။

လွမ်ဖုန်းကမူ မျက်မှောင်ကျုံ့လျက် ပြန်၍မေးလိုက်လေသည်။ “ဒါ ဘာအနံ့ကြီးလဲ…”

လွမ်ဖုန်းသည် သမီးတစ်ဦးအား မွေးဖွားပြီး ဖြစ်ပါသော်ငြား ရန်ကိုင်ထင်ထားသကဲ့သို့ သူမ၏ လက်အောက်ငယ်သား မွန်းစတားဘုရင်တစ်ဦးဦးနှင့် ပေါင်းဖက်၍ မွေးဖွားလာခဲ့ရခြင်းမဟုတ်လောက်။ ထို့အစား သူမ၏သွေးအဆီအနှစ်နှင့် အသက်စွမ်းအင်ကိုသုံးလျက် ကိုယ်ပိုင်သားသမီးတစ်ဦး ဖန်တီးကာ မွေးဖွားခဲ့ခြင်း ဖြစ်လောက်ပေသည်။ ထို့အတွက်ကြောင့် အမျိုးသားနှင့် အမျိုးသမီးကြားရှိ ကိစ္စများနှင့် ပတ်သက်လာသော် လွမ်ဖုန်းမှာ အဖြူရောင် စက္ကူတစ်ရွက်နှယ် ဖြစ်နေခဲ့သည်။

“အို… ရေခဲနတ်သမီးလေးပါလား…” အေးစက်စက်မျက်နှာထားနှင့် ကျိယောင်ကိုမြင်လိုက်သော် ရန်ကိုင်တို့ရှေ့သို့ရောက်လာသော လူငယ်လေး၏မျက်လုံးများ တလက်လက် တောက်ပသွားခဲ့သည်။

ရေခဲဓာတ်ကျင့်စဉ်များကို ကျင့်ကြံထားသည့်အတွက်ကြောင့် ရေခဲနှလုံးသားတောင်ကြားမှ တပည့်ပေါင်းများစွာသည် အေးစက်စက်စရိုက်နှင့် အမူအယာများကို ပိုင်ဆိုင်ထားကြပေသည်။ ရေချိုးသန့်စင်ကာ အမွှေးနံ့သာများ လိမ်းကျံပြီးသည့်နောက်တွင် ကျိယောင်၏ ညစ်ပတ်ပေရေနေသောပုံစံမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး စွဲမက်ဖွယ်ရာ ပုံရိပ်တစ်ခုက အစားထိုးဝင်ရောက်လာခဲ့လေသည်။ သူမ၏ အေးစက်စက်အရှိန်အဝါနှင့်ပါ ထပ်ပေါင်းလိုက်သော် ကျိယောင်သည် ပုရိသယောကျ်ားများ သွားရည်ယိုစရာ မိန်းမပျိုလေးတစ်ဦး ဖြစ်လာတော့လေ၏။

လက်ရှိ ရန်ကိုင်တို့ရှေ့၌ ရှိနေသော လူငယ်လေးသည် အလွန်ကိုမှ မိန်းမပွေရှုပ်သည့် လူတစ်ဦး ဖြစ်ရပေလိမ့်မည်။ ထိုသို့သာမဟုတ်ပါက နေ့ခင်းကြောင်တောင်ကြီးထဲ လူမြင်ကွင်း၌ ဘာကြောင့်များ အရှက်မရှိကိစ္စများကို လုပ်နေရပေလိမ့်မည်နည်း။

“ထွက်သွားစမ်း…” လူငယ်လေးမှ သူမအား မုန်ယိုနေသည့် အကြည့်ဖြင့် စိုက်ကြည့်လာသည်ကိုမြင်သော် ကျိယောင်မှာ မသက်မသာ ခံစားနေရကာ အေးစက်စက်လေသံဖြင့် ပြန်အော်ပြောလိုက်လေသည်။

“ဟမ်… စွာတေးလန်လေးပါလား… ဒါမျိုးမှ ငါကြိုက်တာ…” လူငယ်လေးမှာတော့ အတော်လေးကိုမှ အရေထူလှသည်။ ကျိယောင်မှ သူ့အား ပွင့်ပွင့်လင်းလင်း ငြင်းဆန်နေသည့်တိုင် သူကိုယ်တိုင်မှာတော့ တပြုံးပြုံးတဖြီးဖြီး ဖြစ်နေလေ၏။ သူ၏မျက်လုံးများမှာလည်း တဏှာရိပ် လောဘရိပ်တို့ဖြင့် ပြည့်နှက်လာခဲ့လေသည်။

ရန်ကိုင်သည် ကျိယောင်ကို သူ့နောက်သို့ ဆွဲခေါ်လျက် လူငယ်လေးအား ပြုံးကာ ကြည့်လိုက်လေသည်။

လူငယ်လေး၏မျက်နှာ ရုတ်ချည်း အေးစက်သွားခဲ့ပြီး အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ပြန်မေးလိုက်လေသည်။ “မင်းဘယ်သူလဲ… မင်း မရဏဂိုဏ်းကတပည့် မဟုတ်ဘူးမလား… မဟုတ်ရင် ငါမင်းကို မမြင်ဖူးစရာ အကြောင်းမရှိဘူး…”

ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။ “ငါတို့ဘယ်သူလဲဆိုတာ မင်းသိစရာမလိုဘူး… အခု မရဏဂိုဏ်းကိုလာတာ စာရင်းရှင်းမလို့… အခု ငါ့ကိုပြော… မင်းရဲ့…”

ရန်ကိုင်မှ သူ့စကားအား ဆုံးအောင်မပြောနိုင်ရသေးခင်မှာပင် လူငယ်လေးသည် ရတနာသိုက်ကြီးတစ်ခုအား ရှာတွေ့သွားသည့်အလား သူ့မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး မျက်နှာမှာလည်း ပါးစပ် နားရွက်တက်ချိတ်လုမတတ် ပြုံးဖြီးသွားခဲ့သည်။ လွမ်ဖုန်းအား စိုက်ကြည့်နေရင်းမှ ပါးစပ်ကိုလျှာဖြင့်သပ်လျက် အော်ပြောလိုက်လေသည်။ “မိုက်လိုက်တာကွာ… ဟား ဟား… ဒီသခင်လေးကံကတော့ ရှယ်ကောင်းနေတာပဲဟေ့… ငါဆုံးဖြတ်လိုက်ပြီ… နင် ဒီည ငါနဲ့လာအိပ်ဖို့ ပြင်ထားပေတော့…”

ကျိယောင်နှင့်ယှဉ်လိုက်သော် ထိုလူငယ်လေးသည် ရင့်ကျက်ပြီး စွဲမက်ဖွယ်ကောင်းသည့် အမျိုးသမီးများကို ပို၍ နှစ်ခြိုက်သည့်ပုံပင်။

အစောပိုင်းက ကျိယောင်ဆီ အာရုံရောက်နေသည့်အတွက်ကြောင့် လွမ်ဖုန်းအား သတိမထားမိခဲ့ပေ။ လွမ်ဖုန်းအား သတိထားမိလိုက်သည့်နောက် လူငယ်လေးမှာ အလွန်တရာကိုမှ စိတ်လှုပ်ရှားသွားခဲ့ကာ အသက်ရှူနှုန်းများ မြန်ဆန်လာခဲ့ပြီး မျက်လုံးများမှာလည်း တဏှာရိပ်တို့ဖြင့် တလက်လက် တောက်ပလာတော့သည်။

ထိုသို့ပြောနေရင်းမှ လွမ်ဖုန်းအား လှမ်းဆွဲကိုင်ရန် ကြိုးစားလိုက်လေသည်။

“လူငယ်လေး… မင်းကတော့…” ရန်ကိုင်လည်း အထိတ်ထိတ်အလန့်လန့်ဖြင့် အလျင်စလို ဘေးသို့ ဖယ်ပေးလိုက်လေသည်။

“ခွေးကောင်လေး…” လွမ်ဖုန်း အလွန်ကိုမှ ဒေါသူပုန်ထသွားခဲ့လေသည်။

သူမ၏အဆင့်အတန်းအရ မရဏဂိုဏ်း၏ဂိုဏ်းချုပ် ဖုပို ရောက်လာမည်ဆိုလျှင်ပင် သူမအား တလေးတစားဖြင့် ဆက်ဆံရလိမ့်မည်ဖြစ်လေရာ ဘာမဟုတ်သော တာအိုသခင်ပထမအဆင့်သာ ရှိသေးသည့် လူငယ်လေးသည် သူမအား မလေးမစား ဆက်ဆံဝံ့သည်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ ညစ်တီးညစ်ပတ်စကားများကိုပြောလျက် သူနှင့် ညကြလျှင် လာအိပ်ရမည်ဟုပင် ပြောနေခဲ့သည်။

ဤစကားကိုကြားပြီးသည့်နောက် ရသေ့တစ်ပါးပင်လျှင် ဈာန်လျှောရမည်ဖြစ်လေရာ နတ်သားရဲတစ်ကောင်ဖြစ်သော လွမ်ဖုန်းဆိုလျှင်မူ ဆိုဖွယ်ရာမရှိတော့ချေ။

လွမ်ဖုန်းဆီသို့ သူ့လက်ကို ဆန့်ထုတ်နေရင်းမှ ရန်ကိုင်အား တစ်ချက် လှမ်းကြည့်လိုက်လေသည်။ သူ့မျက်လုံးထဲ အထင်သေးရိပ်တို့ လေးစားမှုတို့ ပြည့်နေခဲ့သည်။ ရန်ကိုင်သည် အတော်ကိုမှ အလိုက်သိတတ်သည့် လူတစ်ဦးပါလားဟုလည်း တွေးနေမိလေသည်။

ရန်ကိုင် အလျင်စလို ဘေးသို့ ရှောင်လိုက်သည်မှာ သူ့ကိုကြောက်သွားသည့် အတွက်ကြောင့် ဖြစ်သည်ဟု ထင်နေခြင်းသာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် လူငယ်လေးမှာ ပို၍ ရဲတင်းလာခဲ့ပြီး ပြောလိုက်လေသည်။ “မငြင်းပါနဲ့ အသည်းလေးရာ… ဒီသခင်လေးရဲ့ အဖိုးက မရဏဂိုဏ်းရဲ့ အကြီးအကဲချုပ်နော်… ဒီသခင်လေးနောက်သာ လိုက်မယ်ဆိုရင် မင်းဘဝကြီးက လုံးဝကို အဆင်ပြေချောမွေ့သွားမှာ…”

လွမ်ဖုန်းသည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လေသည်။

လူငယ်လေးမှာမူ ဘာဖြစ်လို့ ဖြစ်သွားမှန်းမသိဘဲ လွမ်ဖုန်း၏ လက်ဝါးချက်ကြောင့် တစ်ခါတည်း တစ်စစီ ပေါက်ကွဲထွက်သွားကာ အရိုးများပင် မကျန်ခဲ့ချေ။

“အား…” လူငယ်လေးနှင့်အတူ ပါလာသော အမျိုးသမီးမှာတော့ ထိုမြင်ကွင်းကို မြင်ပြီးသည့်နောက် မျက်နှာတစ်ပြင်လုံး သွေးဆုတ်ဖြူလျော်သွားခဲ့ပြီး ကြောက်လန့်တကြား ထအော်တော့လေသည်။

ကောင်းကင်ထက်ဆီမှ ရွာကျလာနေသော သွေးမိုးများကိုကြည့်ရင်း မိန်းမငယ်လေးမှာ အလွန်တရာကိုမှ ထိတ်လန့်တုန်လှုပ်နေမိတော့လေသည်။

သူမအား မြောက်မြားလှစွာသော အကျိုးအမြတ်များကို ပေးပါမည်ဟု ကမ်းလှမ်းလာသည့်အတွက်ကြောင့် လိုလိုလားလားဖြင့် အကြီးအကဲချုပ်၏မြေးရင်ခွင်ထဲသို့ ခုန်ဝင်မိခဲ့ပါသော်ငြား သူမအနေဖြင့် အရင်းအမြစ်ကျောက်တစ်တုံးကိုမှပင်လျှင် မရသေးခင်မှာပင် ထိုအကြီးအကဲချုပ်၏မြေးမှာ လူ့လောကကြီးထဲမှ အစအနမကျန် ပျောက်ကွယ်သွားခဲ့ရလေသည်။ သူသေသွားပြီဖြစ်သဖြင့် သူမအား ကတိပေးထားခဲ့သော အကျိုးအမြတ်များမှာ မည်ကဲ့သို့ ဖြစ်သွားလေမည်နည်း။

သွေးစ၊ အသားစများ ပြည့်နေသည့် သွေးမိုးများကို တစ်ခဏကြာမျှ စိုက်ကြည့်နေပြီးသည့်နောက် အမျိုးသမီး၏မျက်နှာ ရုတ်တရက်ဆိုသလို ထပ်မံဖြူလျော်သွားခဲ့ပြီး ဘေးတစ်ဖက်ဆီသို့ ပျံသန်းကာ ဝမ်းဗိုက်ကို လက်ဖြင့်ဖိလျက် တရစပ် ထိုးအန်ချတော့လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၆၁၄)

“အမျိုးသမီးဖုန်း… ခင်ဗျားပြောတော့ လူသားပိုင်နက်ထဲမှာ မဆင်မခြင်လှုပ်ရှားလို့ မဖြစ်ဘူးဆို… ဒါဆိုရင် အကြီးအကဲချုပ်တစ်ယောက်ရဲ့မြေးကို သတ်လိုက်တာ အဆင်ပြေပါ့မလား…” ရန်ကိုင်သည် ဒေါသူပုန်ထနေသော လွမ်ဖုန်းကိုကြည့်လျက် မေးလိုက်လေသည်။

လွမ်ဖုန်းက အံကိုကြိတ်၍ ပြန်ပြောလိုက်လေ၏။ “သူက ကျွန်မကို လာအပုတ်ချနေတာလေ… ကျွန်မ ဒီအတိုင်းပဲ လွှတ်ထားပေးလိုက်ရမှာလား…”

တစ်ချက်ရပ်ပြီးသည့်နောက်တွင် လွမ်ဖုန်းက ဒေါမာန်တကြီးဖြင့် ဆက်၍ ပြောလိုက်လေသည်။ “ဆရာရန်… ရှင်လည်းမကောင်းဘူး…”

“ဘာဖြစ်လို့လဲ…” ရန်ကိုင် ဆွံ့အသွားလေသည်။ “ဒီကိစ္စက ကျုပ်နဲ့ဘာဆိုင်လို့လဲ… ခင်ဗျားကို မဟုတ်တရုတ်လုပ်ဖို့ ကြိုးစားတာ သူလေ… ကျုပ်မှမဟုတ်တာ…”

လွမ်ဖုန်းသည် ရန်ကိုင်အားစိုက်ကြည့်လျက် မေးလိုက်လေသည်။ “ဒါဆိုရင် ဆရာရန် ဘာဖြစ်လို့ ဘေးကို ရှောင်လိုက်တာ…”

ယခုကဲ့သို့ ဖြစ်မလာအောင် ရန်ကိုင်တားနိုင်ပေသည်။ သို့သော်ငြား ရန်ကိုင်ကမူ မတားခဲ့ပဲ ဘေးသို့ရှောင်ပေးလိုက်သည်။ ထို့အတွက်ကြောင့် လွမ်ဖုန်းမှာ အတော်လေးကိုမှ ဒေါသထွက်သွားရလေသည်။ ရန်ကိုင်သာ ဘေးသို့မရှောင်ပဲ ရပ်နေမည်ဆိုပါက သူမအနေဖြင့် တစ်ဖက်လူအား ဒေါသထွက်ထွက်ဖြင့် သတ်မိလိမ့်မည်မဟုတ်ပေ။

“ဟဲ ဟဲ ဟဲ…” ရန်ကိုင်က အားတင်းရယ်မောလျက် အလျင်စလို ပြန်ပြောလိုက်လေသည်။ “ဒီအတိုင်း အလိုလို လုပ်မိသွားတာ… ဟုတ်တယ် အလိုလိုလုပ်မိသွားတာ… ဒါပေမယ့် အမျိုးသမီးဖုန်းရာ… သူ့လိုအမှိုက်တစ်စကို ဂရုစိုက်မနေစမ်းပါနဲ့… သူသေလို့လည်း ဘာမှ ထူးသွားမှာမှမဟုတ်တာ…”

လွမ်ဖုန်းကမူ အေးစက်စက်မျက်နှာထားဖြင့်သာ ရှိနေခဲ့လေသည်။ ရန်ကိုင်သည် သူ့အရှုပ်အထွေးထဲ သူမအား မရရအောင် ဆွဲခေါ်နိုင်ရန်အတွက် ဤကဲ့သို့ဖြစ်အောင် တမင်တကာ လုပ်ခဲ့ခြင်း ဖြစ်သည်ဟု သူမစိတ်ထဲ ခံစားနေရသည်။ သို့သော်ငြား ယခုကဲ့သို့ လုပ်ပြီးမှဖြင့် သူမအနေဖြင့် ဘာများ တတ်နိုင်ပါဦးမည်နည်း။ အကြီးအကဲချုပ်တစ်ဦး၏မြေးကို ဒေါသထွက်ထွက်နှင့် သတ်လိုက်မိပြီ ဖြစ်သည့်အတွက်ကြောင့် သူမနှင့် မရဏဂိုဏ်းကြား ရန်ငြိုးရန်စတို့ ရှိသွားခဲ့လေပြီ။

“သူ… သူ ဘယ်သူလဲဆိုတာ ရှင်တို့သိလား…” စားပြီးသမျှ အကုန်ပြန်အန်ထုတ်နေသော အမျိုးသမီးသည် အချိန်အတော်ကြာအောင် အန်နေပြီးသည့်နောက်တွင် နေသာထိုင်သာ ရှိသွားခဲ့လေသည်။ ထို့နောက် လက်ရှိအဖြစ်အပျက်အပေါ် အသိပြန်ဝင်လာခဲ့ပြီး ရန်ကိုင်တို့သုံးဦးအား အထိတ်တလန့်ဖြင့် စိုက်ကြည့်၍ မေးလိုက်လေသည်။ (ဒီလူသုံးဦးက အရမ်းရဲတာပဲ… အကြီးအကဲချုပ်ရဲ့မြေးကို သတ်ပြီးတော့ ဘာမှမဖြစ်သလို လုပ်နေတယ်… အခုနေထွက်ပြေးသွားရင်တောင် လွတ်နိုင်သေးတာကို ဘာဖြစ်လို့ ဆက်ရပ်ပြီး စကားများနေကြတာလဲမသိဘူး…)

“သူပြောသွားတာ ငါကြားလိုက်တယ်… သူက အကြီးအကဲချုပ်ရဲ့မြေးမလား…” ရန်ကိုင်က ပြုံးလျက် အမျိုးသမီးကိုကြည့်ကာ ပြန်ပြောလိုက်လေသည်။

“ရှင်…” အမျိုးသမီးမှာတော့ လုံးဝကို မင်သက်နေခဲ့လေသည်။ အမျိုးသမီးမှာ လက်ရှိအဖြစ်အပျက်နှင့် ပတ်သက်၍ အလွန်တရာကိုမှ ထိတ်လန့်တုန်လှုပ်နေသည့်အတွက်ကြောင့် ဘာပြောလို့ပြောရမှန်းပင် မသိတော့ချေ။ သူမ သိသည်မှာတော့ အကြီးအကဲချုပ်မှ ဤကိစ္စအား လုံးဝကို အလွတ်ပေးမည် မဟုတ်သည်ကိုပင်။ အကြီးအကဲချုပ်၏ မိသားစုဝင်အရေအတွက်မှာ အတော်လေးကိုမှ နည်းပါးလှကာ သူ၏တတိယမြောက်မျိုးဆက်တွင် မြေးဆို၍ တစ်ဦးသာ ရှိပေသည်။ ကံမကောင်းစွာဖြင့် ထိုလူငယ်လေး၏ အရည်အချင်းမှာ အတော်လေးကိုမှ နိမ့်ကျလှသဖြင့် ကျင့်ကြံရာတွင် အာရုံစိုက်မနေတော့ဘဲ တစ်ချိန်ကုန် မိန်းမများသာ ပွေရှုပ်နေတော့သည်။

ဂိုဏ်းထဲတွင် ရှိနေသော သူမ၏ စီနီယာနှင့် ဂျူနီယာညီမ တော်တော်များများလည်း ဤသခင်လေး၏ လက်ထဲသို့ ရောက်သွားခဲ့ရပေသည်။ အချို့မှာ စိတ်လိုလက်ရ သူ့ရင်ခွင်ထဲသို့ ပြေးဝင်သွားခြင်း ဖြစ်ပါသော်ငြား အချို့မှာမူ အတင်းအကြပ် ဖိအားပေးခံရသည့် အတွက်ကြောင့် သူ့လက်ထဲသို့ ကျသွားရခြင်း ဖြစ်ပေသည်။

ဤသခင်လေးမှာ အကြီးအကဲချုပ်၏မြေး ဖြစ်သည့်အတွက်ကြောင့် မြောက်မြားလှစွာသော ကျင့်ကြံရေးအရင်းအမြစ်များကို ရရှိထားလေသည်။ ထို့အတွက်ကြောင့် သူမ၏စီနီယာ၊ ဂျူနီယာညီမများစွာတို့သည် ဤသခင်လေး၏လက်ထဲတွင် ရှိနေသော ကျင့်ကြံရေးအရင်းအမြစ်များကို စိတ်ဝင်စားကာ သူ၏လက်တွင်းထဲသို့ စိတ်လိုလက်ရ ဝင်သွားကြလေ၏။ သူမကိုယ်တိုင်သည်လည်း ထိုကဲ့သို့သော လူစားမျိုး ဖြစ်ပေသည်။ အတင်းအကြပ် ဖိအားပေးခံရသော လူများမှာမူ ဤသခင်လေးမှာ အကြီးအကဲချုပ်၏ မြေးဖြစ်နေသည့်အတွက်ကြောင့် မည်သို့မှ လက်စားပြန်ချေ၍ မရခဲ့ပေ။

သို့သော်ငြား ဤအကြီးအကဲချုပ်၏မြေးသည် အရူးတစ်ယောက်တော့မဟုတ်။ သူသည် အားကောင်းသည့် နောက်ခံမရှိသော မိန်းမချောလေးများကိုသာ ပစ်မှတ်ထားပေသည်။ အားကောင်းသည့်နောက်ခံ ပိုင်ဆိုင်ထားသော အမျိုးသမီးများကိုဆိုလျှင်မူ အကျိုးအမြတ်များဖြင့် ဆွဲဆောင်သိမ်းသွင်းလေ၏။

ဤနည်းဖြင့် သူမကိုယ်တိုင်သည်လည်း ဤသခင်လေး၏ လက်ထဲသို့ ရောက်ခဲ့ရခြင်း ဖြစ်ပေသည်။

သို့ရာတွင် သူမ၏အဖြစ်မှာတော့ အတော်လေးကိုမှ ကံဆိုးလှသည်ဟု ပြော၍ရသည်။ သူမ၏အပျိုစင်ဘဝကို စွန့်လွှတ်ခဲ့သည့်တိုင် အကြီးအကဲချုပ်၏မြေးဆီမှ မည်သည့်အကျိုးအမြတ်ကိုမှ မရရှိခဲ့သေးသည့်အပြင် အကြီးအကဲချုပ်၏မြေး သေသွားသည့် ကိစ္စထဲတွင်ပါ ပါဝင်ပတ်သက်မိသွားသလို ဖြစ်ခဲ့ရသည်။

(ဒီကောင် အဆုံးသတ်ကောင်းလိမ့်မှာ မဟုတ်မှန်း ငါသိနေပေမယ့် အခုလောလောဆယ်တော့ ငါပါ ပြဿနာတက်မလား ဆိုတာကို စဉ်းစားစရာ ဖြစ်လာပြီ…)

အကြီးအကဲချုပ်အကြောင်းကို တွေးမိလိုက်သော် အမျိုးသမီးမှာ ကြောက်ရွံ့မှုကြောင့် တုန်တုန်ရီရီ ဖြစ်သွားခဲ့လေသည်။

“စိတ်မပူနဲ့…” ရန်ကိုင်က ထိုကောင်မလေးကို နှစ်သိမ့်ပေးလိုက်လေ၏။ “ငါတို့ နင့်ကို ဘာမှလုပ်မှာမဟုတ်ဘူး…”

“ဒါဆိုရင် ရှင်တို့ ဘာလိုချင်တာလဲ…” အမျိုးသမီးက ကြောက်ကြောက်လန့်လန့်ဖြင့် ပြန်၍မေးလိုက်သည်။

“နင်တို့ဂိုဏ်းချုပ် ဖုပို ဘယ်မှာလဲ…” ရန်ကိုင်က ပြုံး၍ မေးလိုက်လေသည်။ သို့သော်ငြား ရန်ကိုင်၏ဖော်ရွေလှသည့် အပြုံးမှာ အမျိုးသမီးအတွက်မူ နတ်ဆိုးတစ်ကောင်၏ အပြုံးထက်ပင် ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့လေသည်။

အမျိုးသမီးသည် မသိလိုက်မသိဘာသာဖြင့် တစ်ခုသောဘက်ဆီသို့ ညွှန်ပြလျက် ပြောလိုက်လေ၏။ “ဂိုဏ်းချုပ်က အဲ့တောင်ပေါ်မှာ ရှိတယ်…”

“အိုး…” ရန်ကိုင်သည် အမျိုးသမီးညွှန်ပြသည့် ဘက်ဆီသို့လှည့်၍ အသာအယာခေါင်းညိတ်ကာ ကျေးဇူးတင်လိုက်လေ၏။ “ကျေးဇူးအများကြီးတင်ပါတယ်နော်…”

ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ကျိယောင်၊ လွမ်ဖုန်းတို့နှင့်အတူ ထိုတောင်ဆီသို့ ပျံသန်းသွားလေ၏။ အမျိုးသမီးတပည့်မှာတော့ မျှော်လင့်ချက်မဲ့စွာဖြင့်သာ ထိုနေရာတွင် ရပ်ကျန်ရစ်ခဲ့လေသည်။ အချိန်အတော်ကြာပြီးသည့်နောက်တွင် အမျိုးသမီးမှာ အသိပြန်ဝင်လာခဲ့ကာ အခြားသောတောင်တစ်ခုဆီသို့ အလျင်စလို ပြေးထွက်သွားလေ၏။

ယနေ့ဖြစ်သွားသည့်ကိစ္စအား အကြီးအကဲချုပ်ဆီသို့ ချက်ချင်း တင်ပြရပေလိမ့်မည်။ ထိုသို့သာမဟုတ်ပါက အကြီးအကဲချုပ်ကိုယ်တိုင် စစ်ဆေးလာသော် သူမ ကျိန်းသေ ဒုက္ခရောက်ရပေလိမ့်မည်။

မရဏဂိုဏ်းချုပ် ဖုပိုနေသည့် တောင်ထိပ်မှာ ယင်ချီများဖြင့် ပြည့်နှက်နေခဲ့သည်။ ထို့အပြင် တောင်ပတ်လည်၌ ယင်ချီများ ကို အပြင်သို့ စိမ့်ထွက်မသွားအောင် ကာဆီးထားသည့် အစီအရင်တစ်ခုလည်း ရှိနေပေသေးသည်။

အရေးကြီးဆုံးအချက်မှာ ထိုအစီအရင်အတွင်းပိုင်းဆီမှ ခြောက်ခြားဖွယ်ရာကောင်းသည့် တစ္ဆေအော်သံကဲ့သို့သော အသံများကို ကြားနေရခြင်းပင်။

ရန်ကိုင်တို့သုံးဦး ထိုနေရာဆီသို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် အတွင်းပိုင်းဆီမှ ဒေါမာန်တကြီး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ “ဘယ်သူကျူးကျော်လာရဲတာလဲကွ…”

“ဖုပိုလား…” ရန်ကိုင်က မျက်ခုံးပင့်လျက် ပြန်မေးလိုက်လေသည်။

“ရိုင်းလိုက်တဲ့ဂျူနီယာ… မင်း ငါ့ကို ဘယ်လိုတောင် နာမည်တပ်ခေါ်ရဲတာလဲကွ…” အသံသည် နောက်တစ်ကြိမ် ထပ်မံထွက်ပေါ်လာပြန်သည်။

“အွန်း… ခင်ဗျားက ဖုပိုဆိုတာ လုံးဝ သေချာသလောက်ရှိသွားပြီ…” ရန်ကိုင်သည် ယဲ့ယဲ့လေးပြုံးလျက် အစီအရင်ထဲသို့ ဝင်သွားလိုက်လေသည်။ ကျိယောင်နှင့် လွမ်ဖုန်းတို့မှာလည်း ရန်ကိုင်နောက်မှ အလျင်စလို လိုက်သွားလေ၏။

တောင်တစ်ခုလုံးအား ဖုံးလွှမ်းနေသည့် ယင်ချီမှာ ကျင့်ကြံခြင်းအတွက်သာ အသုံးဝင်ပြီး မည်သည့်တိုက်ခိုက်ရေး ခုခံရေးစွမ်းရည်ကိုမှ မပိုင်ဆိုင်ထားသည့်ပုံပင်။ ထို့အတွက်ကြောင့် ရန်ကိုင်သည် ကျိယောင်၊ လွမ်ဖုန်းတို့နှင့်အတူ အသာအယာ ဝင်လာနိုင်ခဲ့လေသည်။ နောက်ဆုံးတွင် နန်းတော်တစ်ခုကို မြင်လိုက်ရလေ၏။

ရန်ကိုင်သည် သူ၏ကောင်းကင်စိတ်အာရုံအား ချက်ချင်း ဖြန့်ကျက်ကြည့်လိုက်ရာ နန်းတော်အတွင်း၌ ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ရပ် တည်ရှိနေကြောင်း တွေ့လိုက်ရလေသည်။

နန်းတော်ထဲသို့ ဝင်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့အား အေးစက်စက် သုန်သုန်မှုန်မှုန်အမူအယာဖြင့် စိုက်ကြည့်နေသော လူကြီးတစ်ဦးကို မြင်လိုက်ရလေသည်။

မည်သို့ပင်ဖြစ်နေစေကာမူ မရဏဂိုဏ်းသည် အရှေ့ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။ ကြယ်တာရာအစုအဝေးတစ်ခုလုံးအား ထည့်တွက်မည်ဆိုလျှင်ပင် မရဏဂိုဏ်းသည် အားအကောင်းဆုံးသော ဂိုဏ်းများအနက် တစ်ဂိုဏ်းအပါအဝင် ဖြစ်နေဆဲ။ သို့သော်ငြား ယနေ့တွင်မူ တစ်စုံတစ်ဦးသည် မရဏဂိုဏ်းထဲသို့ ကျူးကျော်ဝင်ရောက်၍ သူ တံခါးပိတ်ကျင့်စဉ်ဝင်နေသည့် နေရာဆီသို့ ဖြတ်ကျော်လာရဲသည်။ ဖုပိုအနေဖြင့် ဒေါသမထွက်ဘဲ ဘယ်နေမည်နည်း။

ရန်ကိုင်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ဧကရာဇ်ပထမအဆင့်သာ ရှိသေးကြောင်း တွေ့ရှိလိုက်ရသော် ဖုပိုမှာ ပို၍ပင် ဒေါသထွက်သွားခဲ့ရသည်။ သို့သော်ငြား သူအနေဖြင့် မည်သို့ပင် ဒေါသထွက်နေစေကာမူ သူကိုယ်တိုင်သည် မရဏဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ဦးဖြစ်သလို နှစ်ပေါင်းများစွာ အသက်ရှင်လာသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် အလွန်ကိုမှ အတွေ့အကြုံကြွယ်ဝသူတစ်ဦး ဖြစ်သည်ဟု ပြော၍ရသည်။ ရန်ကိုင်သည် ဧကရာဇ်ပထမအဆင့်လေးဖြင့် သူနှင့်ရင်ဆိုင်တွေ့နေရသည့်တိုင် တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေသည်ကိုမြင်သော် ရန်ကိုင်သည် အတော်လေးကိုမှ အဆင့်အတန်းမြင့်မားသူတစ်ဦး ဖြစ်သည်ဟု ဖုပိုထင်သွားခဲ့လေသည်။ ထိုသို့သာမဟုတ်ပါက သူ့အား မည်ကဲ့သို့များ နာမည်တပ်ခေါ်၍ သူနေသည့်နေရာထဲသို့ ကျူးကျော်ဝင်ရောက်လာရဲပါမည်နည်း။

“မင်းဘယ်သူလဲ… ဘာဖြစ်လို့ ငါ့မရဏဂိုဏ်းထဲကို ကျူးကျော်ဝင်လာတာလဲ…” ဖုပိုက အေးစက်စက်လေသံဖြင့်မေးလိုက်လေသည်။

ရန်ကိုင်သည် နန်းတော်တစ်ဝိုက်ကို လှည့်ပတ်ကြည့်ရင်းမှ ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ဒီသခင်လေးရဲ့နာမည်က ရန်ကိုင်ပဲ… ဂိုဏ်းချုပ်ဖု ကျုပ်နာမည်ကို ကြားဖူးလားတော့မသိဘူး…”

“ရန်ကိုင်…” ဖုပို မျက်မှောင်ကျုံ့သွားခဲ့လေသည်။ “ရင်းနှီးနေသလိုပဲ…”

တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ဖုပို၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး ချက်ချင်း ပြန်အော်ပြောလေ၏။ “မင်းက လဲ့ရှန်းရဲ့ ရန်သူမလား…”

ယင်လဲ့ရှန်းသည် သူ၏အမွေခံတပည့် ဖြစ်ပေသည်။ ယင်လဲ့ရှန်းသည် ကြယ်ပျက်ပင်လယ်ထဲမှ ဂိုဏ်းဆီသို့ ပြန်ရောက်လာပြီးသည့်နောက် ကြယ်ပျက်ပင်လယ်ထဲ၌ ဖြစ်ပျက်ခဲ့သည့် အကြောင်းစုံကို သူ့အား ပြန်ပြောပြခဲ့သည်။ ထို့အတွက်ကြောင့် ရန်ကိုင်၏အကြောင်းကို သိနေရခြင်း ဖြစ်ပေသည်။

ဖုပိုကမူ ဂျူနီယာနှစ်ဦးကြားရှိ ရန်ငြိုးရန်စများကို သိပ်၍ ဂရုစိုက်မနေခဲ့ပေ။ ယင်လဲ့ရှန်းအား ကျင့်ကြံခြင်းတွင် အာရုံစိုက်၍ အားကောင်းလာသည့် အခါမှသာ ပြန်လက်စားချေရန် ပြောခဲ့လေသည်။

သို့သော်ငြား ယင်လဲ့ရှန်းမှာမူ တည်တည်ငြိမ်ငြိမ်ဖြင့် မစောင့်နိုင်ခဲ့ဘဲ မြန်နိုင်သမျှ မြန်အောင် မြန်မြန်လက်စားချေချင်နေခဲ့လေသည်။ ထို့အတွက်ကြောင့် ဂိုဏ်းဆီသို့ပြန်ရောက်ပြီး ဧကရာဇ်အဆင့်ကျင့်ကြံခြင်းကို တည်ငြိမ်အောင် လုပ်ပြီးသည့်နောက်တွင် အကြီးအကဲဟွာဖေးချန်ကိုခေါ်ကာ ရန်ကိုင်ကိုလက်စားချေရန်အတွက် ရှေးဟောင်းကုန်းမြေထဲသို့ ထွက်သွားခဲ့လေသည်။ ထိုအကြောင်းကို ကြားသိရပြီးသည့်နောက်တွင် ဖုပိုသည် ဒုဂိုဏ်းချုပ်ဖြစ်သော ဝူယွမ်ကျန်းကို တပည့်အချို့ကို ဦးဆောင်စေလျက် ယင်လဲ့ရှန်းအား ပြန်ခေါ်ရန် ရှေးဟောင်းကုန်းမြေထဲသို့ စေလွှတ်လိုက်လေသည်။

သို့သော်ငြား သူ့တပည့်နှင့် ဒုဂိုဏ်းချုပ်တို့ ပြန်ရောက်မလာသေးချိန် ရန်ကိုင်သည် သူ့ဘာသာသူ ဤနေရာ၌ ပေါ်လာလိမ့်မည်ဟု ဖုပိုမထင်ထားခဲ့ချေ။

“ကြည့်ရတာ ဂိုဏ်းချုပ်ဖု ဒီသခင်လေးအကြောင်းကို တော်တော်လေး သိထားတဲ့ပုံပဲ…” ရန်ကိုင်က အဓိပ္ပာယ်ပါပါပြုံးလျက် ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။ “အဲ့ဒါဆိုရင်တော့ ပြောရဆိုရတာ ပိုလွယ်သွားပြီပေါ့…”

ဖုပိုကမူ ရန်ကိုင်၏ ရေရွတ်သံများကို မသိချင်ယောင်ဆောင်လျက် မကျေမနပ်အမူအယာဖြင့်သာ မေးလိုက်လေသည်။ “ငါသိသလောက်ဆိုရင် ယင်လဲ့ရှန်းက မင်းကို သွားရှာတာလေ.. မင်း ဒီကိုလာနေတဲ့တစ်လျှောက်လုံး ငါ့ရဲ့ ဆန်ကုန်မြေလေးတပည့်ကို တစ်ချက်ကလေးတောင် မတွေ့ခဲ့ဘူးလား…”

“တွေ့တယ်လေ…” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်၏။ “ဟွာဖေးချန်ဆိုတဲ့တစ်ယောက်တောင် ပါသေးတယ်… သူ့ကြည့်ရတာ ခင်ဗျားတို့ဂိုဏ်းရဲ့ အကြီးအကဲနဲ့ တူတယ်နော်…”

ထိုစကားကိုကြားပြီးသည့်နောက် ဖုပို ရင်တဒုန်းဒုန်းခုန်သွားခဲ့ပြီး ချက်ချင်းပဲ ပြန်၍မေးလိုက်လေ၏။ “သူတို့ အခု ဘယ်မှာလဲ…”

ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်သည်။ “ဂိုဏ်းချုပ်ဖုကလည်း မတွေးတတ်လိုက်တာ… ဒီလောက် အသက်ရှင်နေတာ ကြာနေပြီကို… ခင်ဗျားတပည့်က ကျုပ်ကိုသွားရှာတယ်… ကျုပ်က အခု ဒီမှာပေါ်လာတယ်ဆိုတော့ သူတို့ဘာဖြစ်သွားပြီလို့ ထင်လဲ… အခုလေးတင် ယင်လဲ့ရှန်းကို ဆန်ကုန်မြေလေးလို့ ဂိုဏ်းချုပ်ပြောလိုက်တယ်နော်… ဂိုဏ်းချုပ်စိတ်ပူနေစရာမလိုတော့ဘူး… ဂိုဏ်းချုပ်ရဲ့ ဆန်ကုန်မြေလေးတပည့်ကို ဒီသခင်လေး ခင်ဗျားကိုယ်စား ရှင်းပေးလိုက်ပြီ… ကျုပ်ကို လာကျေးဇူးတင်နေစရာ မလိုဘူးနော်…”

ထိုစကားကိုကြားပြီးသည့်နောက် ဖုပိုမှာ အလွန်ကိုမှ ဒေါသူပုန်ထသွားကာ ထအော်ပြောလေ၏။ “မဖြစ်နိုင်ဘူး…”

ရန်ကိုင်က အေးစက်စက်လေသံဖြင့် ပြန်၍ပြောလိုက်သည်။ “ဝူယွမ်ကျန်းလည်း မသေခင်တုန်းက အဲ့အတိုင်းပဲ ပြောသွားခဲ့တာပဲ…”

“ဘာ…” ယခုတစ်ကြိမ်တွင်တော့ ဖုပို အမှန်တကယ်ကို တုန်လှုပ်သွားခဲ့ရလေသည်။ “ဒုဂိုဏ်းချုပ်ဝူလည်း သေသွားပြီလား…”

ခဏအကြာတွင် ဖုပို တည်ငြိမ်သွားခဲ့ပြီး အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်သည်။ “ကောင်လေး… မင်း ထမင်းကို စားချင်တိုင်းစားလို့ရတယ်… ပြောချင်တိုင်းတော့ မပြောနဲ့ကွ… ငါတောင် မင်းအရူးလုပ်တာ ခံရတော့မလို့… မင်းကျင့်ကြံခြင်းလေးနဲ့ အကြီးအကဲဟွာတောင် မင်းကို အသာလေး သတ်ပစ်လိုက်လို့ရတယ်… ဒုဂိုဏ်းချုပ်ဝူဆိုရင်တော့ ပြောနေစရာတောင်မလိုတော့ဘူး… မလိမ်တတ်ရင်လည်း မလိမ်စမ်းပါနဲ့ကွာ…”

ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြန်၍ပြောလိုက်လေသည်။ “ဂိုဏ်းချုပ်ပြောတာအမှန်ပဲ… ဝူယွမ်ကျန်းကို ဒီသခင်လေး တကယ်မသတ်နိုင်ဘူး… ဒါပေမယ့် ဝူယွမ်ကျန်းကို ကျုပ်သတ်လိုက်တာလို့ ခင်ဗျားကို ပြောလို့လား… ကျုပ်သတ်လိုက်တာမဟုတ်ဘူး… အခြားတစ်ယောက် သတ်လိုက်တာ…”

ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင်လိမ်နေခြင်းမဟုတ်ဟု ဖုပို ခံစားနေခဲ့ရသည်။ ရန်ကိုင်ပြောသည့်စကားကို ကြားပြီးသည့်နောက် ဖုပိုမှာ ရင်တဒုန်းဒုန်း ခုန်သွားခဲ့ရသည်။ ထို့နောက် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လျက် ရန်ကိုင်နှင့်အတူပါလာသည့် အမျိုးသမီးနှစ်ဦး၏ ကျင့်ကြံခြင်းကို စစ်ဆေးကြည့်လိုက်သည်။

(အဲ့အေးစက်စက် အရှိန်အဝါနဲ့ အမျိုးသမီးက ဧကရာဇ်ဒုတိယအဆင့် ကျင့်ကြံသူဖြစ်နေတာလား…) ဖုပို ထိတ်လန့်သွားခဲ့သည်။ ထို့နောက် သူ့ကောင်းကင်စိတ်အာရုံကို သုံး၍ လွမ်ဖုန်းအား စစ်ဆေးတော့မည်အပြု လွမ်ဖုန်းဆီမှ ကြောက်မက်ဖွယ်ရာ ဖိအားတစ်ရပ် ဖြာထွက်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ ဖုပိုမှာ အကြီးအကျယ်ကို တုန်လှုပ်သွားခဲ့ပြီး နောက်သို့ ကမန်းကတန်း ဆုတ်လျက် အထိတ်ထိတ်အလန့်လန့်ဖြင့် ပြန်မေးလိုက်လေ၏။ “ခင်ဗျားဘယ်သူလဲ…”

ယခုအခါမှသာလျှင် ဤအမျိုးသမီး၏ ကြောက်မက်ဖွယ်ရာ အရှိန်အဝါကို ခံစားမိတော့လေသည်။

ထိုနေရာတွင် ရပ်နေသည့် အမျိုးသမီးသည် သူ့အား မဟာဧကရာဇ်တစ်ပါးဆီမှ ခံစားရသည့် ဖိအားမျိုးကို ပေးစွမ်းနေခဲ့သည်။

မရဏဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ဦး ဖြစ်သည်နှင့်အညီ ဖုပိုသည် မဟာဧကရာဇ်များကို မမြင်ဖူးသူတစ်ဦး မဟုတ်ချေ။ ရှုယဉ်သာမဟာဧကရာဇ်သည် အရှေ့ဘက်နယ်မြေတစ်ခုလုံးအား သူ့ပိုင်နက်အဖြစ် ထိန်းချုပ်ထားသည့်အတွက်ကြောင့် ဖုပိုမှာ ရှုယဉ်သာမဟာဧကရာဇ်အား တစ်ကြိမ်မက မြင်ခဲ့ဖူးပေသည်။

ဖုပိုမှ ရှုယဉ်သာမဟာဧကရာဇ်နှင့် သွားတွေ့သည့်အခါတိုင်း ယခု သူ့ရှေ့တွင် ရှိနေသည့် အမျိုးသမီးဆီမှ ခံစားနေရသည့် ဖိအားမျိုးကို ခံစားခဲ့ရသည်။ ထိုခံစားချက်သည် တစ်ဖက်လူမှ သူ့အသက်အား အသာလေး ချွေယူပစ်နိုင်သည်ဟူသော ခံစားချက်မျိုးပင်။

(ဒီကောင့်နောက်မှာ မဟာဧကရာဇ်တစ်ပါးပါ ပါလာတာလား… ဒီကောင်ဘယ်သူလဲ…)

ဖုပိုမှာ ယခုဆိုလျှင် ထိုအမျိုးသမီး၏ ဇစ်မြစ်ကို ပို၍ သိချင်လာခဲ့လေသည်။

လွမ်ဖုန်းကမူ သူမကိုယ်သူမ မိတ်ဆက်ပေးလိုစိတ်မရှိဘဲ အေးစက်စက်အမူအယာဖြင့်သာ နှာခေါင်းရှုံ့လိုက်သည်။

တကယ်တော့ နတ်သားရဲတစ်ကောင် ဖြစ်သည့်အလျောက် သူမအနေဖြင့် လူသားပိုင်နက်ထဲသို့ ဝင်မလာသင့်ချေ။ ထို့အတွက်ကြောင့် လိုသာမလိုအပ်ပါက သူမ မည်သူမည်ဝါဖြစ်သလဲဆိုသည်ကို ပြောမပြချင်ပေ။

“ဂိုဏ်းချုပ်ဖု… အခု ကျုပ်ပြောတာကို ယုံသွားပြီလား…” ရန်ကိုင်သည် တည်တည်ငြိမ်ငြိမ်ဖြင့် ဖုပိုကြည့်လျက် မေးလိုက်သည်။

ဖုပိုမှာ တုန်တုန်ရီရီဖြင့် တံတွေးတစ်လုပ် မျိုချလိုက်လေသည်။ လွမ်ဖုန်းအား ကြောက်ကြောက်လန့်လန့်ဖြင့် စိုက်ကြည့်နေပြီးသည့်နောက် ရန်ကိုင်ဘက်သို့လှည့်၍ ကြည့်လိုက်သည်။ ယခုမှသာလျှင် ရန်ကိုင် အမှန်ပြောနေခြင်းဖြစ်မှန်း နားလည်သွားသည့်နောက် ခေါင်းညိတ်လျက် ပြန်ပြောလိုက်သည်။ “ဒီသခင်မသာ လှုပ်ရှားမယ်ဆိုရင်တော့ ဝူယွမ်ကျန်း အသက်ရှင်ဖို့ အခွင့်အရေးမရှိဘူး…”

ဝူယွမ်ကျန်းမှာ သေသွားပြီဖြစ်သည့်အတွက်ကြောင့် ယင်လဲ့ရှန်းနှင့် ဟွာဖေးချန်တို့သည်လည်း အသက်ရှင်နေတော့လိမ့်မည် မဟုတ်ချေ။

သို့သော်ငြား ယင်လဲ့ရှန်းနှင့် ဟွာဖေးချန်တို့ကို ရန်ကိုင်မှ သတ်ခဲ့သည်ဟူသော အချက်ကိုတော့ ဖုပိုမသိခဲ့ပေ။ ယင်လဲ့ရှန်းနှင့် ဟွာဖေးချန်တို့ သေသွားရခြင်းမှာ လွမ်ဖုန်း၏လက်ချက်ကြောင့်သာ ဖြစ်သည်ဟု ထင်နေခြင်း ဖြစ်သည်။

သက်ပြင်းချလျက် ဖုပိုက စိတ်ဓာတ်ကျကျဖြင့် မေးလိုက်လေသည်။ “ငါ့ရဲ့ ဆန်ကုန်မြေလေးတပည့်က လူငယ်လေးလိုလူတစ်ယောက်ကို သွားရန်စမိတယ်ဆိုမှတော့ သေတာလည်း သူ့အပြစ်ပေါ့… ဒါပေမယ့် အဲ့ကိစ္စက သခင်လေးနဲ့ ကျုပ်တပည့်ကြားက ရန်ငြိုးရန်စသက်သက်လေ… အခု သူလည်း သေသွားပြီဆိုတော့ သခင်လေးက ဘာဖြစ်လို့ ကျုပ်ရဲ့ မရဏဂိုဏ်းဆီ ရောက်လာရသေးတာလဲ…”

All Chapters