အခန်း (၂၆၁၅-၂၆၁၇)
Vol. 111 Ch. 2615-2617
အပိုင်း (၂၆၁၅)
ဤမျှ အားကောင်းလှသည့် ရန်သူတစ်ဦးကို သွားရန်စမိသည့်အတွက်ကြောင့် ယင်လဲ့ရှန်း သေသွားခဲ့သည့်ကိစ္စမှာ ဝမ်းနည်းဖွယ်ရာ ကိစ္စတစ်ရပ် ဖြစ်ပါသော်ငြား ဖုပိုကမူ အရေးစိုက်မနေနိုင်ချေ။ ယခုကိစ္စသည် စိတ်လိုလက်ရလုပ်တတ်သည့် ယင်လဲ့ရှန်း၏အပြစ်သာ ဖြစ်သည်ဟု ပြော၍ရသည်။ ယင်လဲ့ရှန်းသည် သေသွားရုံသာလျှင် မဟုတ်ဘဲ ဧကရာဇ်အဆင့်သို့ ရောက်နေသော အကြီးအကဲနှစ်ဦးနှင့် ဒုဂိုဏ်းချုပ်တစ်ဦးကိုပါ သေတွင်းထဲသို့ တွန်းပို့ခဲ့ပေသေးသည်။
ယခုတစ်ကြိမ်တွင်တော့ မရဏဂိုဏ်း အကြီးအကျယ်ကို ထိခိုက်သွားခဲ့ရခြင်း ဖြစ်ပေသည်။
ထိုလူများကို သတ်လိုက်သည့်လူမှာ လွမ်ဖုန်းမှန်း သိနေပြီးသည့်နောက်တွင် ဖုပို၏လေသံမှာ ပြောင်းလဲသွားခဲ့ပြီး လက်စားပြန်ချေမည့်အရေးကို မစဉ်းစားရဲတော့ချေ။ လက်ရှိ သူစိတ်ပူနေရသည်မှာ လွမ်ဖုန်းသည် သူ့အား အလွတ်ပေးမလား မပေးဘူးလား ဆိုသည်ကိုပင် သူမသာ အလွတ်မပေးပါက မရဏဂိုဏ်း ကပ်ဘေးဆိုက်ပေတော့မည်။
မဟာဧကရာဇ်တစ်ပါးအဆင့်ရှိသော လူတစ်ဦး ဤနေရာတွင် လူလုံးထွက်ပြလာသည်မှာ ဟာသမဟုတ်ချေ။ တစ်ခုခုသာ မှားယွင်းသွားခဲ့မည်ဆိုပါက မရဏဂိုဏ်းသည် ကြယ်တာရာအစုအဝေးမှ အပြီးတိုင် ဖျောက်ဖျက်ခြင်း ခံလိုက်ရပေလိမ့်မည်။
ရန်ကိုင်က ပြန်၍ ပြောလိုက်သည်။ “ယင်လဲ့ရှန်းက ကျုပ်ကို မရ ရအောင် လိုက်ပြဿနာရှာနေခဲ့တာ… အစကတော့ ကျုပ်လည်း သူ့ကို အဲ့လောက်ကြီး မရက်စက်ချင်ပါဘူး… အဲ့ဒါကြောင့်မို့လို့တောင် ကြယ်ပျက်ပင်လယ်ထဲမှာ သူ့အသက်ကို ချမ်းသာပေးလိုက်သေးတယ်… ဒါပေမယ့် ဒီကောင်က သင်ခန်းစာမရပဲနဲ့ ကျုပ်ကို ထပ်ပြီး လာပြဿနာရှာတယ်… အဲ့ဒါက တော်တော်များသွားပြီလေ၊ ဟုတ်တယ်မလား…”
(မင်း သူ့ကို သတ်တောင်သတ်ပြီးနေပြီလေ… ဘာတွေ အထွန့်တက်နေရသေးတာလဲ… တကယ် အခုအထွန့်တက်ရမှာက ငါကွ…) ဖုပိုမှာ ဒေါသထွက်နေသော်ငြား ပြန်မပြောရဲခဲ့ချေ။
“ဆိုရိုးစကားတောင်ရှိသေးတယ်… သားသမီးမကောင်း မိဘခေါင်းတဲ့… တစ်ရက် ဆရာဖြစ်ခဲ့ဖူးရင် တစ်သက်တာအဖေပဲတဲ့… ယင်လဲ့ရှန်း သေသွားတာမှန်ပေမယ့် ဒီကိစ္စမှာ ခင်ဗျားရဲ့တာဝန်လည်း မကင်းဘူး… ခင်ဗျားသာ သူ့ကို ကောင်းကောင်းမွန်မွန် သင်ပြပေးခဲ့ရင် သူ ဒီလောက် စိတ်ထားသေးသိမ်မှာမဟုတ်ဘူး…”
ထင်ထားသည့်အတိုင်း ယင်လဲ့ရှန်းကြောင့် မရဏဂိုဏ်းနှင့် ဖုပိုပါ ဤပြဿနာအရှုပ်အရှင်းထဲ အဆစ်ဆွဲထည့်ခံနေရလေပြီ။
ဤကဲ့သို့ ဖြစ်လိမ့်မည်မှန်း ကြိုသိထားခဲ့ပါသော်ငြား ရန်ကိုင်၏စကားအား တကယ်တမ်း ကြားသိလိုက်ရချိန် ဖုပို ဒေါသထွက်မိသွားခဲ့လေသည်။ သူ့စိတ်ထဲ ယင်လဲ့ရှန်းအား တပည့်အဖြစ် လက်မခံခဲ့လျှင်ပင် အကောင်းသားဟု တွေးမိသွားခဲ့သည်။ သို့သော်ငြား လက်လွန်ကြက်သွန် ဖြစ်သွားပြီ ဖြစ်သည့်အတွက်ကြောင့် သူ့အနေဖြင့် ဤပြဿနာမှ ခေါင်းရှောင်လို့ရတော့လိမ့်မည် မဟုတ်ပေ။
“သခင်လေး ဘာလိုချင်တာလဲ…” ဖုပို သက်ပြင်းချလိုက်လေသည်။
ရန်ကိုင်၏နောက်ဘက်မှနေ၍ သူ့အား စိုက်ကြည့်နေသော လွမ်ဖုန်းကိုကြည့်ရင်း ဖုပိုမှာ ရင်တဒုန်းဒုန်း ခုန်နေရသည်။ စကားမှားသွား၍ ရန်ကိုင်အား စော်ကားမိသွားသလို ဖြစ်ကာ တစ်ဖက်လူအား သူ့အပေါ် ထိခိုက်လာနိုင်မည့် အခွင့်အရေး ပေးလိုက်မိသလို ဖြစ်သွားမည်ကို စိုးရိမ်နေခဲ့ရလေသည်။
ရန်ကိုင်က နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်သည်။ “ကျုပ်ဒဏ်ရာတွေက ပျောက်သွားပြီဆိုပေမယ့် ခင်ဗျားတပည့်ကြောင့် ကျုပ်ရထားတဲ့ စိတ်ဒဏ်ရာတွေက အခုထိကို မပျောက်သေးဘူး… ဒီနေ့အထိတောင် အဲ့အကြောင်းတွေ ပြန်တွေးလိုက်တိုင်း ကျုပ်မှာ အကြီးအကျယ်ကို စိတ်ဓာတ်ကျရတယ်… အအိပ်ပျက် အစားပျက်တွေ ဖြစ်တာလည်း တစ်ရက်မကတော့ဘူး… ခင်ဗျားတပည့်နဲ့ပတ်သက်တဲ့ မှတ်ဉာဏ်တွေက ကျုပ်အတွက်တော့ အိပ်မက်ဆိုးတွေလိုပဲ… ကျုပ်ကို ညစဉ်ညတိုင်း လာလာပြီး ခြောက်လှန့်နေတာ… ကျုပ်ခဗျာ ဘယ်လိုမှကို အိပ်ကောင်းခြင်းမအိပ်ရဘူး…”
ဖုပိုက သူ့လက်ကို ကောက်မြှောက်လျက် အလျင်စလို ဖြတ်တားရင်း စိတ်ဓာတ်ကျကျဖြင့် ပြောလိုက်လေသည်။ “သခင်လေးတောင်းဆိုချင်တာကိုသာ ကျေးဇူးပြုပြီး ပြောလိုက်ပါ သခင်လေး…”
ရန်ကိုင်ဘာလုပ်ချင်နေလဲ သူသိသွားလေပြီ။ ရန်ကိုင်သည် မရဏဂိုဏ်းနှင့် ဖုပိုအား ပြဿနာရှာရန် ရောက်လာခြင်းမဟုတ်။ ထို့အစား သူတို့ဆီမှ ငွေလာညှစ်နေခြင်းသာ ဖြစ်သည်။
ငွေညှစ်ခံရသည်မှာ အလွန်ကိုမှ စိတ်ညစ်စရာကောင်းလှပါသော်ငြား ဖုပိုအနေဖြင့် စိတ်သက်သာရာလည်း ရမိသွားသည်။ ဤကပ်ဘေးကိုသာ အရင်းအမြစ်ကျောက်များဖြင့် ဖြေရှင်းနိုင်မည်ဆိုပါက လက်ခံနိုင်သေးသည်ဟု ပြော၍ရသည်။ ပြဿနာမှာမူကား ရန်ကိုင်တောင်းဆိုမည့် ပမာဏသည် နည်းလိမ့်မည် မဟုတ်ပေ။
ရန်ကိုင်က ဒေါမာန်တကြီးဖြင့် “ခင်ဗျား ကျုပ်ကို အထင်သေးလွန်းနေတာလား ဂိုဏ်းချုပ်ဖု… ကျုပ်က ငွေမက်တဲ့ပုံစံမျိုး ပေါက်နေလို့လား…”
သူများ အထင်မှားသွားလေသလားဟု တွေးရင်း ဖုပို ကြောင်အမ်းအမ်း ဖြစ်သွားခဲ့လေသည်။ ရန်ကိုင် မရဏဂိုဏ်းသို့ မည်သည့်ရည်ရွယ်ချက်ဖြင့် ရောက်လာမှန်းကို မသိသည့်အတွက်ကြောင့် ရန်ကိုင်ပြောသည့်စကားကို ကြားပြီးသည့်နောက် ဖုပိုမှာ နောက်တစ်ကြိမ် စိုးရိမ်လာခဲ့ရပြန်လေသည်။
သို့ရာတွင် ရန်ကိုင်ကမူ သူ့လေသံကို ချက်ချင်းပြောင်းလျက် ပြန်ပြောလိုက်သည်။ “ဒါပေမယ့် ဂိုဏ်းချုပ်ဖုက အခုလိုမျိုး ပြေရာပြေကြောင်း ဖြေရှင်းချင်တယ် ဆိုမှတော့လည်း...” ရန်ကိုင်သည် မေးစေ့ကို လက်ဖြင့်ပွတ်၍ “ကျုပ်ဘက်ကလည်း နောက်တစ်လှမ်း ဆုတ်ပေးရတာပေါ့”
ထိုစကားကိုကြားပြီးသည့်နောက် ဖုပိုမှာ သွေးအန်လုမတတ်ပင် ဖြစ်သွားခဲ့ရလေသည်။ အစောပိုင်းကတော့ ရန်ကိုင်သည် ကိန်းကြီးခမ်းကြီးဖြင့် သူ့ကိုယ်သူ ငွေမမက်သည့် ပုံစံမျိုး ပြောခဲ့သည်။ ထို့အတွက်ကြောင့် ဖုပိုမှာ ရန်ကိုင်အပေါ် သူအထင်များ မှားမိလေသလားဟု တွေးမိခဲ့ရသည်အထိပင်။ ယခုမှသာ ရန်ကိုင်သည် ကြောင်သူတော်ကြွက်သူခိုးမှန်း နားလည်သွားရတော့သည်။
မည်သို့ပင်ဖြစ်နေစေကာမူ မည်သည့်စကားကိုပင် ပြောနေစေကာမူ ရန်ကိုင်သည် သူတို့ဆီမှ ငွေညှစ်ရန် ရောက်လာခြင်းသာ ဖြစ်လေသည်။
“အရင်းအမြစ်ကျောက် သန်းတစ်ရာလောက် ဆိုရင်တော့ ကျုပ် ဒီကိစ္စကို ကြေအေးပေးနိုင်မယ်လို့ ထင်တာပါပဲ…” ရန်ကိုင်က လိုရင်းကို တန်းပြောလိုက်လေသည်။ “အဲ့လိုသာဆိုလို့ရှိရင်တော့ ခင်ဗျားဂိုဏ်းကလူတွေ ကျုပ်ကို လာပြဿနာရှာတဲ့ကိစ္စကို ကျုပ် မေ့ပြီးတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်လို့ရသွားလောက်ပြီ…”
“သန်း… တစ်… တစ်ရာ…” ဖုပိုမှာ နဖူးထက်ဝေ့သီလာသော ချွေးအေးများကို အထိတ်တလန့်ဖြင့် သုတ်ရင်းမှ ပြန်၍ မေးလိုက်လေသည်။ “အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက်တွေလား…”
“ဘာအလယ်အလတ်အဆင့်လဲ…” ရန်ကိုင်မှာ အလွန်ကိုမှ ဒေါသထွက်သွားဟန်ဖြင့် ဖုပိုကို စူးရဲစွာ စိုက်ကြည့်လျက် “ကြည့်ရတာ ဂိုဏ်းချုပ်ဖုက ပြေရာပြေကြောင်း မဆွေးနွေးချင်ဘူးနဲ့ တူတယ်”
ရန်ကိုင်၏အော်ခေါ်သံကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် လွမ်ဖုန်းသည် ချက်ချင်း ရှေ့သို့တက်၍ ပြောလိုက်လေသည်။ “သခင်လေးရန်… ဘာများ အမိန့်ရှိပါသလဲ…”
“နေပါဦး… နေပါဦး… နေပါဦး…” လွမ်ဖုန်း ရှေ့သို့တက်လာသည်ကိုမြင်သော် ဖုပိုမှာ ကြောက်ကြောက်လန့်လန့်ဖြင့် နောက်သို့ ခုန်ဆုတ်လိုက်လေသည်။ ထို့နောက် သူ့လက်ကို မြှောက်လျက် အားနည်းဖျော့တော့သည့် လေသံဖြင့် ပြန်၍မေးလိုက်လေ၏။ “သခင်လေးက အဆင့်မြင့်အရင်းအမြစ်ကျောက်တွေကို ပြောနေတာလား…”
ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် “သိနေသေးရင် ဘာဖြစ်လို့ မသိချင်ယောင်ဆောင်နေရတာလဲ ဂိုဏ်းချုပ်ဖုရဲ့…”
ဖုပို တံတွေးတစ်လုပ် မျိုချလိုက်သည်။ ယခုမှသာလျှင် ရန်ကိုင် မည်မျှ လောဘကြီးကြောင်းကို နားလည်သွားတော့လေသည်။ ဖုပိုအနေဖြင့် ဤမျှ များပြားလှသော အရင်းအမြစ်ကျောက်များကို မပေးနိုင်သည်တော့ မဟုတ်ချေ။ ပေးနိုင်ပေသည်။ သို့သော်ငြား ထိုသို့သာ ပေးလိုက်မည်ဆိုပါ သူတို့၏ ဘဏ္ဍာရေး အကြီးအကျယ် ထိခိုက်သွားရနိုင်ပေသည်။ မရဏဂိုဏ်းသည် အရှေ့ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည့်အတွက်ကြောင့် ၎င်း၏လက်အောက်တွင် အရင်းအမြစ်ကျောက်တွင်းပေါင်းများစွာ ရှိနေပေသည်။ အရင်းအမြစ်ကျောက်တွင်းများဆီမှ နှစ်စဉ်နှစ်တိုင်း အကျိုးအမြတ်များစွာ ရနေခဲ့သည်။ သို့သော်ငြား တပည့်ပေါင်းများစွာကိုလည်း ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် ပြန်ကုန်သွားသည့်နှုန်းမှာလည်း အလွန်ကိုမှ မြင့်မားလွန်းလှပေသည်။
ရန်ကိုင်၏တောင်းဆိုချက်ကိုသာ ဖြည့်ဆည်းပေးလိုက်မည်ဆိုပါက နောက်လာမည့်နှစ်များအတွင်း တပည့်များအား ထောက်ပံ့ပေးရမည့် ကျင့်ကြံရေးအရင်းအမြစ်များအား လျှော့ချမှသာ အဆင်ပြေပေလိမ့်တော့မည်။
ဖုပိုကိုယ်တိုင်မှာလည်း အလွန်ကိုမှ ဒေါသထွက်နေရလေသည်။ ယခုကိစ္စတွင် သူ့ဂိုဏ်း၏ ဒုဂိုဏ်းချုပ် သေသွားခဲ့ရသလို အကြီးအကဲနှစ်ဦးနှင့် အမွေခံတပည့်ပါ သေဆုံးခဲ့ရသည်။ သို့သော်ငြား ရန်သူသည် ထိုမျှနှင့်ပင် မကျေနပ်နိုင်သေးဘဲ သူ့ဆီမှ ငွေပင်လာညှစ်နေသေးသည်။ သူတောင်းသည့် ပမာဏမှာလည်း မိုးထိမတတ်အောင် မြင့်မားလွန်းလှ၏။ ဤကဲ့သို့သော ကိစ္စရပ်မျိုးသည် မည်သူ့ကိုမဆို ဒေါသထွက်သွားစေနိုင်ပေသည်။ သို့သော်ငြား ဖုပိုတွင် ဒေါသထွက်ရန် အခွင့်အရေး ရှိမနေခဲ့ပေ။ သူသာ ဒေါသထွက်ထွက်နှင့် စိတ်လိုလက်ရ လုပ်လိုက်ပါက မရဏဂိုဏ်း တစ်ဂိုဏ်းလုံးကို သေတွင်းထဲသို့ ဆွဲခေါ်သွားလိုက်သလို ဖြစ်သွားပေလိမ့်မည်။
ဖုပို တုံံ့ဆိုင်းနေစဉ်အတောအတွင်း ခန်းမအပြင်ဘက်ဆီမှ အသံတစ်သံ ရုတ်တရက် ထွက်လာခဲ့လေသည်။ “ဂိုဏ်းချုပ်… ကျုန်းယုန် ဂိုဏ်းချုပ်နဲ့ တွေ့ချင်လို့ပါ…”
“အကြီးအကဲချုပ်လား…” ဖုပို မျက်မှောင်ကြုတ်သွားခဲ့သည်။ ဤကဲ့သို့သောအချိန်မျိုးတွင် အကြီးအကဲချုပ် ဘာကြောင့် သူ့အား လာတွေ့ချင်ရသလဲ ဆိုသည်ကို ဖုပို နားမလည်နိုင်ပေ။ သူ ယခုကဲ့သို့ ဖြစ်နေရသည်ကို အခြားလူတစ်ဦး မြင်သွားမည်ကို ဖုပို မလိုလားပေ။ သို့သော်ငြား အခြားလူတစ်ဦးသာ ရှိနေမည်ဆိုလျှင် သူခံစားနေရသည့် ဝန်ထုပ်ဝန်ပိုးကို မျှပေးနိုင်သည်ဟုလည်း ခံစားမိသွားရပြန်လေသည်။ အကြီးအကဲချုပ် ရှိနေသည့်နောက်တွင် သူတို့အနေဖြင့် ဆုံးရှုံးရမည့် ပမာဏကို တတ်နိုင်သလောက် လျှော့ချကောင်း လျှော့ချနိုင်ပေသည်။
ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်နောက် ဖုပိုက ပြန်ပြောလိုက်လေ၏။ “ဝင်လာခဲ့ အကြီးအကဲချုပ်…”
ရန်ကိုင်ကမူ ယဲ့ယဲ့လေးပြုံးလျက် လွမ်ဖုန်းအား လှမ်းကြည့်လိုက်လေသည်။
လွမ်ဖုန်းကမူ အေးစက်စက်အမူအယာဖြင့်သာ ရပ်နေခဲ့သည်။
မရဏဂိုဏ်းထဲသို့ ဝင်လာစဉ်က လွမ်ဖုန်းသည် သူ့ကိုယ်သူ အကြီးအကဲချုပ်၏ မြေးဟုခေါ်သော လူငယ်လေးတစ်ဦးကို သတ်ပစ်ခဲ့သည်။ ယခု အကြီးအကဲချုပ် ဂိုဏ်းချုပ်၏နန်းတော်ရှေ့ ရုတ်တရက် ပေါ်လာခဲ့လေသည်။ သူဘာကြောင့် ရောက်လာခဲ့သလဲဆိုသည်ကို လွမ်ဖုန်း မသိဘဲ နေမည်လား။ အကြီးအကဲချုပ် လက်စားချေရန်အတွက် ရောက်လာသည်မှာ အထင်းသားပင်။
ဤသည်မှာ အမှန်တရားသာ ဖြစ်လေသည်။ အစောပိုင်းက အကြီးအကဲချုပ်၏ မြေးဟုခေါ်သည့် ကောင်လေးနှင့် အတူပါလာသည့် ကောင်မလေးမှာ ရန်ကိုင်တို့အဖွဲ့အား ဂိုဏ်းချုပ်နေသည့်နေရာအား ညွှန်ပြပြီးသည့်နောက်တွင် အကြီးအကဲချုပ်အား ဖြစ်ပျက်သွားသည့် အကြောင်းစုံကို သွားရောက်အစီအရင်ခံ တင်ပြတော့လေသည်။
သူ့မြေး အသတ်ခံလိုက်ရသည့်အကြောင်း ကြားသိလိုက်ရပြီးသည့်နောက်တွင် အကြီးအကဲချုပ်မှာ အလွန်ကိုမှ ဒေါသူပုန်ထသွားခဲ့လေ၏။ ရန်ကိုင်နှင့် လွမ်ဖုန်းတို့သည် ဖုပိုကို ရှာရန်အတွက် ရောက်နေကြောင်း ကြားသိလိုက်ရပြီးသည့်နောက် ဤနေရာသို့ အလျင်စလို ပြေးလာခဲ့လေ၏။
သူ့ဂိုဏ်း၏ ဌာနချုပ်ထဲတွင် သူ့မြေး အသတ်ခံလိုက်ရသည်မှာ လုံးဝ လက်မခံနိုင်သည့် ကိစ္စတစ်ရပ်ခု ဖြစ်ပေသည်။ ယခုကဲ့သို့သော အဖြစ်အပျက်မျိုးကို မည်သူမှ သည်းခံနိုင်လိမ့်မည် မဟုတ်ချေ။ တစ်ဖက်လူ၏လုပ်ရပ်သည် အလွန်တရာကိုမှ ရဲတင်းလွန်းလှပေသည်။
ကျုန်းယုန်သည် နန်းတော်ထဲသို့ အေးစက်စက်အမူအယာဖြင့် ဝင်လာခဲ့သည်။ သူ့မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်တို့မှာတော့ အထင်းသားပင်။ ဖုပိုအား နှုတ်ဆက်လိုက်ပြီးသည့်နောက် ရန်ကိုင်နောက်တွင် ရပ်နေသော အမျိုးသမီးနှစ်ဦးဆီသို့ လှမ်း၍ ကြည့်လိုက်လေသည်။
တာအိုသခင်တတိယအဆင့်သို့ ရောက်နေသော တပည့်ဆီမှ သူ့မြေးအား သတ်သွားသည့်လူသည် ရင့်ကျက်သည့် အသွင်အပြင်ကို ပိုင်ဆိုင်ထားသည့် အမျိုးသမီးဖြစ်ကြောင်း ကြားသိခဲ့ရသည်။
လွမ်ဖုန်းနှင့် ကျိယောင်တို့ နှစ်ဦးမှာ တမူကွဲပြားသည့် အသွင်အပြင်ကို ပေးစွမ်းနေခဲ့လေသည်။ ထို့အတွက်ကြောင့် မည်သူသည် သူ၏မြေးအား သတ်သွားသည့်လူမှန်း ကျုန်းယုန် ချက်ချင်း ပြောနိုင်ခဲ့သည်။
လက်ရှိတွင် ဖုပိုသည်လည်း ယခုကိစ္စကို အကြီးအကဲချုပ်အား မည်ကဲ့သို့ ရှင်းပြလျှင်ကောင်းမလဲ တွေးရင်း မျက်မှောင်ကြီး ကြုတ်နေခဲ့လေသည်။ သူ့အတွေးနှင့်သူ များနေခဲ့လေရာ ကျုန်းယုန် အလွန်တရာကိုမှ ဒေါသထွက်နေပြီး သတ်ဖြတ်လိုစိတ်တို့သည် သူ့ခန္ဓာကိုယ်ဆီမှ တဖွားဖွား ဖြာထွက်နေသည်ဟူသော အချက်ကိုပင်လျှင် သတိမပြုမိခဲ့ချေ။
ဖုပို အသိပြန်ဝင်မလာနိုင်သေးခင်မှာပင် ကျုန်းယုန်က ဒေါသတကြီး အော်ပြောလိုက်လေ၏။ “ခွေးမ… ငါ့မြေးကို သတ်သွားတာ နင်လား…”
“ဟမ်…” ဖုပိုမှာ ကျုန်းယုန်၏စကားကြောင့် ကြောက်လန့်တကြား ထခုန်မိသွားခဲ့ပြီး ကျုန်းယုန်အား အထိတ်အလန့်ဖြင့် ကြည့်ရင်း “အကြီးအကဲချုပ်… ခင်ဗျား ဘာတွေပြောနေတာလဲ…”
(ငါ နားကြားမှားသွားတာလား… အကြီးအကဲကျုန်းယုန် အဲ့အမျိုးသမီးကို တကယ်ကြီး ခွေးမလို့ ဆဲလိုက်တာလား…)
ကျုန်းယုန်သည် ရန်ကိုင်နောက်တွင် ရပ်နေသည့် လွမ်ဖုန်းကို လက်ညှိုးငေါက်ငေါက်ထိုးရင်း ဒေါမာန်တကြီးဖြင့် အော်ပြောလိုက်လေသည်။ “ဂိုဏ်းချုပ်… ဒါ ကျုပ်ရဲ့ တစ်ဦးတည်းသောမြေးလေး ကျုန်းကျီကိုသတ်သွားတဲ့ ခွေးမပဲ…”
“ကျုန်းကျီ…” ဖုပို မျက်မှောင်ကြုတ်သွားခဲ့သည်။ “ဟို ဆန်ကုန်မြေလေးကောင်လား…”
ကျုန်းကျီသည် အကြီးအကဲကျုန်းယုန်၏မြေးမှန်း သူသိပေသည်။ သာမာန်တပည့်တစ်ဦးသာဆိုလျှင်တော့ ထိုလူ၏နာမည်ကို သူမှတ်မိလိမ့်မည် မဟုတ်ပါသော်ငြား ကျုန်းကျီမှာ အကြီးအကဲချုပ်၏ မြေး ဖြစ်သည့်အတွက်ကြောင့် ဖုပိုမှာ သူ့နာမည်ကို မှတ်မိနေခဲ့သည်။
ထိုဆန်ကုန်မြေလေးကောင်သည် ကျင့်ကြံဖို့ကို စိတ်မပါဘဲ အကြီးအကဲချုပ်၏ မြေးဖြစ်သည်ဟူသော အဆင့်အတန်းကိုသုံးလျက် နေ့စဉ်နှင့်အမျှ ပြဿနာသာ လိုက်ရှာနေသည်ဟူသော အကြောင်းကို ဖုပို ကြားသိထားပြီးသားပင်။
သို့သော်ငြား ထိုကောင်လေးသည် ဂိုဏ်းအတွက် အရေးပါသည့် မည်သည့်အရာကိုမှ ဖျက်ဆီးခြင်း မရှိခဲ့သလို မြင့်မားသည့် အရည်အသွေးအား ပိုင်ဆိုင်ထားသည့် အမျိုးသမီးတပည့်များကိုလည်း သွားရောက်ပြဿနာရှာခြင်း မရှိခဲ့သည့် အတွက်ကြောင့် အကြီးအကဲချုပ်၏မျက်နှာကို ထောက်ထားလျက် ဖုပိုလည်း ကျုန်းကျီ၏ လုပ်ရပ်များကို မသိချင်ယောင်သာ ဆောင်နေခဲ့သည်။
သို့သော်ငြား ယနေ့တွင် ထိုဆန်ကုန်မြေလေးကောင် အသတ်ခံလိုက်ရလိမ့်မည်ဟု ဖုပို မထင်ထားခဲ့ချေ။ အသတ်ခံရသည်မှာ ရိုးရိုးမဟုတ်ဘဲ သူ့ဂိုဏ်းထဲတွင်ပင် အသတ်ခံလိုက်ရခြင်း ဖြစ်ပေသည်။ သို့သော်ငြား ကျုန်းကျီအား သတ်သွားသည့်လူမှာ ဖုပိုပင်လျှင် ကြောက်ရွံ့ရသည့် ပညာရှင်မှ လုပ်သွားခဲ့ခြင်း ဖြစ်နေပြန်လေ၏။
ကျုန်းယုန်မှာ အလွန်တရာကို ဒေါသူပုန်ထနေခဲ့လေသည်။ “ကျီအာက ပါရမီမပါဘူးဆိုပေမယ့် သူ့အသက်က ငယ်ငယ်လေးပဲ ရှိသေးတယ်… ကျုပ်ရဲ့ အထောက်အပံ့နဲ့သာဆိုရင် သူ့အနာဂတ်က လုံးဝကို ဖြောင့်ဖြူးနေမှာ… အခုတော့ သူသေသွားပြီ… ဒီခွေးမက သူ့ကို သတ်သွားခဲ့တာ… ကျုပ်တို့ရဲ့ ကျုန်းမိသားစုမျိုးဆက်လည်း သူ့ကြောင့်ပဲ ပြတ်တောက်သွားရပြီ…”
ကျုန်းယုန်ပြောသည်ကို နားထောင်ရင်း ဖုပို၏မျက်နှာ ဒယ်အိုးဖင်နှယ် မည်းမှောင်နေခဲ့လေသည်။ လွမ်ဖုန်းအား မသိမသာလေးတစ်ချက် လှမ်းကြည့်လိုက်ပြီးသည့်နောက်တွင် အကြီးအကဲကျုန်းဘက်သို့လှည့်၍ အော်ပြောလိုက်လေသည်။ “အကြီးအကဲချုပ်… ခင်ဗျားပါးစပ်ကို ပိတ်ထားလိုက်စမ်း…”
ဤအမျိုးသမီးသည် မဟာဧကရာဇ်တစ်ပါးနှင့်ပင် အဆင့်တူသည့် လူတစ်ဦးဖြစ်သည်။ ထိုသို့ဖြစ်လေရာ ကျုန်းယုန်သည် မည်ကဲ့သို့များ သူမကဲ့သို့သော လူတစ်ဦးကို ခွေးမဟု အော်ဆဲနေရလေသနည်း။ ကျုန်းယုန်ကြောင့်သာ လွမ်ဖုန်း ဒေါသထွက်သွားမည်ဆိုပါက အကျိုးဆက်မှာ မတွေးဝံ့စရာပင်။
လက်ရှိ အဖြစ်အပျက်ကြောင့် ဖုပိုမှာ အလွန်ကိုမှ နောင်တရနေမိလေသည်။ ယခုကဲ့သို့ဖြစ်မည်မှန်းသာ ကြိုသိခဲ့လျှင် ကျုန်းယုန်အား လုံးဝကို ဝင်ခွင့်ပေးခဲ့လိမ့်မည်မဟုတ်။ ယခုမူ ကျုန်းယုန်သည် သူ့အား မကူညီရုံသာလျှင်မဟုတ် သူ့ကိုပါ သေတွင်းထဲသို့ တွန်းပို့နေခဲ့လေသည်။
“ဂိုဏ်းချုပ်…” ကျုန်းယုန်မှာ ပို၍ ဒေါသထွက်သွားတော့သည်။ “သူတို့တွေက ခင်ဗျားရဲ့ဧည့်သည်ဆိုရင်တောင် ကျုပ်မြေးကို သတ်သွားခဲ့တာအတွက် ပြန်ပြီး လက်စားချေရမယ်…”
ရန်ကိုင်တို့အဖွဲ့သည် ဖုပိုမှ ဖိတ်ခေါ်ထားသည့်လူများ ဖြစ်သည်ဟု ကျုန်းယုန်ထင်နေခြင်း ဖြစ်လေသည်။
သို့သော်ငြား ဖုပို၏ဧည့်သည်များ ဖြစ်သည်ဆိုလျှင်ပင် ကျုန်းယုန်ကတော့ ဂရုမစိုက်ချေ။ သူသည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်ရုံသာလျှင်မဟုတ် မရဏဂိုဏ်း၏ အကြီးအကဲချုပ်တစ်ဦးလည်း ဖြစ်ပေသည်။ ထို့ကြောင့် ကိစ္စတစ်ခုခုသာ ဖြစ်လာပါက ဂိုဏ်းချုပ်သည် သူ့ဘက်မှသာ နေလိမ့်မည်ဟု ကျုန်းယုန် ယုံကြည်ချက်အပြည့် ရှိပေသည်။
သို့သော်ငြား လက်တွေ့မှာတော့ သူထင်ထားသလို ဖြစ်မလာခဲ့ပေ။ ဖုပိုသည် အကြီးအကဲချုပ်ကို ကြည့်၍ ပြန်ပြောလိုက်လေ၏။ “အကြီးအကဲချုပ်… ခင်ဗျား ရေရှည်ကို ထည့်စဉ်းစားသင့်တယ်နော်…”
“ရေရှည်ကို ထည့်စဉ်းစားရမယ်…” ကျုန်းယုန်က ပြန်ပြောလိုက်လေ၏။ “ကျုပ်ရဲ့မျိုးဆက် ပြတ်တောက်သွားတာကို ဘယ်ရေရှည်ကို ထပ်ပြီး စဉ်းစားနေရဦးမှာလဲ… ဂိုဏ်းချုပ်… ခင်ဗျား ကျုပ်ကို လက်စားချေခွင့် ပေးမယ်ဆိုလို့ရှိရင် ကျုပ် တကယ် ကျေးဇူးတင်မိမှာ… ဒါပေမယ့် ခင်ဗျား ခွင့်မပြုဘူးဆိုရင်တော့ မရဏဂိုဏ်းထဲက ထွက်သွားမယ်ဆိုရင်တောင် ကျုပ် ဒီလူတွေကို သတ်ပစ်မှရလိမ့်မယ်…”
ထိုစကားကိုကြားသည့်အခါ ဖုပို တုန်တုန်ရီရီ ဖြစ်သွားခဲ့ပြီး အထိတ်ထိတ်အလန့်လန့်ဖြင့် ပြန်၍မေးလိုက်လေသည်။ “ခင်ဗျား ဘာတွေ ပြောနေတာလဲ…”
ဒုဂိုဏ်းချုပ်နှင့် အကြီးအကဲနှစ်ဦးမှာ သေသွားခဲ့ပြီ ဖြစ်သည့်အတွက်ကြောင့် အကြီးအကဲချုပ်သည်ပါ ဂိုဏ်းထဲမှ ထပ်၍ ထွက်သွားမည်ဆိုပါက မရဏဂိုဏ်း၏ခွန်အားမှာ သိသိသာသာကို ထိုးကျသွားရပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်နောက်တွင် မရဏဂိုဏ်းမှာ ထိပ်တန်းအဆင့်အင်အားစုများထဲမှ အောက်သို့ လျှောကျသွားနိုင်ပေသည်။
“ကျေးဇူးပြုပြီး ကျုပ်တောင်းဆိုချက်ကို ဖြည့်ဆည်းပေးပါ ဂိုဏ်းချုပ်…” ကျုန်းယုန်ကမူ လုံးဝ လက်မလျှော့သေးပေ။
ကျုန်းယုန်သည် ပါးစပ်ထဲပေါ်လာသည့် စကားလုံးများကို ပြောလိုက်ခြင်းသာဖြစ်ပြီး မရဏဂိုဏ်းထဲမှ အမှန်တကယ် မထွက်သွားလိုပေ။ တကယ်တော့ သူကိုယ်တိုင်သည်လည်း ဤဂိုဏ်း ဤမျှ တိုးတက်လာရလေအောင် အကြီးအကျယ် ထောက်ပံ့ပေးခဲ့သည် မဟုတ်ပေလော။ ထိုကဲ့သို့ဖြစ်လေရာ သူကိုယ်တိုင်ပျိုးထောင်လာသည့် ဂိုဏ်းဆီမှ မည်ကဲ့သို့များ အလွယ်တကူ ထွက်သွားနိုင်ပါမည်နည်း။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၆၁၆)
သူသာ လက်မလျှော့ပါက ဂိုဏ်းချုပ်လည်း အလျှော့ပေးလိမ့်မည်ဟု ကျုန်းယုန် ယုံကြည်နေပေသည်။ တကယ်တော့ သူသည် ဂိုဏ်းအတွက် နှစ်ပေါင်းများစွာကြာအောင် တာဝန်ထမ်းဆောင်ပေးခဲ့သည် မဟုတ်ပေလော။ ဂိုဏ်းအနေဖြင့် သူ၏ကြိုးစားအားထုတ်မှုအပေါ် အသိအမှတ်တော့ ပြုသင့်ပေသည်။
“အကြီးအကဲချုပ်ကျုန်း… ဟုတ်တယ်မလား…” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ကျုန်းယုန်အား ကြည့်လျက် ပြောလိုက်လေသည်။ “ခင်ဗျားမြေး ဘာလို့ အသတ်ခံလိုက်ရလဲဆိုတာကို ဂိုဏ်းချုပ်ဖုကို ဘာဖြစ်လို့ မပြောပြတာလဲ…”
ထိုစကားကိုကြားသည့်အခါမှသာ ဖုပိုလည်း ထိုအချက်ကို စဉ်းစားမိသွားခဲ့သည်။ ကျုန်းယုန်မှာ ဤနေရာသို့ ရောက်လာပြီးချိန်မှစ၍ မဟာဧကရာဇ်တစ်ပါးနှင့် ခွန်အားတူညီသော လူတစ်ဦးမှ သူ့မြေးအား သတ်သွားသည်ဟု စွပ်စွဲပြောဆိုနေခဲ့သည်။ သို့သော်ငြား ထိုမျှ အဆင့်အတန်း မြင့်မားလှသည့် လူတစ်ဦးသည် တာအိုသခင်ပထမအဆင့်သာ ရှိသေးသော ဂျူနီယာတစ်ဦးကို ဘာကြောင့်များ တိုက်ခိုက်ခဲ့ရသနည်း။ ပုံမှန်အခြေအနေမျိုးတွင်သာ ဆိုပါက သူမအနေဖြင့် ထိုကဲ့သို့သော လူတစ်ဦးကို စောင်းငဲ့၍ပင် ကြည့်လိမ့်မည်မဟုတ်။ တိုက်ခိုက်ဖို့ရာဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့။
ကျုန်းယုန်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်သည်။ “ဘာကြောင့်ပဲဖြစ်ဖြစ် မင်းတို့ ကျီအာကို မသတ်ခဲ့လိုက်သင့်ဘူး…”
ရန်ကိုင် ဆွံ့အသွားခဲ့သည်။ အချိန်အတော်ကြာအောင် ငေးကြောင် ရပ်နေပြီးသည့်နောက် ခေါင်းညိတ်လျက် ပြန်ပြောလိုက်သည်။ “အကြီးအကဲချုပ်က တကယ်ကို တစ်ခုခုတော့ တစ်ခုခုပဲ…”
ကျုန်းယုန်က ဒေါမာန်တကြီးဖြင့် ပြန်၍ပြောလိုက်သည်။ “ကျီအာက ငါ့ရဲ့မြေးပဲ… သူ အမှားလေးတွေ လုပ်မိတယ်ဆိုတာ နားလည်လို့ရတယ်… ဒါပေမယ့် မင်းတို့က အဲ့ဒါလေးကိုတောင် သည်းမခံပဲနဲ့ သူ့ကို တစ်ခါတည်း သတ်ပစ်တယ်… ငါ ဒီနေ့ ဒီကို လာခဲ့ရတာ ငါ့မြေးအတွက် ပြန်လက်စားချေဖို့ပဲ…”
“အမှားလေး…” ထိုစကားကိုကြားသည့်အခါ ရန်ကိုင်သည် ရယ်မောလျက် ဖုပိုဘက်သို့လှည့်ကာ ပြောလိုက်လေသည်။ “ဂိုဏ်းချုပ်ဖု… ကျုန်းကျီက တဏှာစိတ် ငယ်ထိပ်ရောက်ပြီးတော့ ကျုပ်ဘေးမှာ ရှိနေတဲ့ အမျိုးသမီးဖုန်းကို တဏှာလာထတယ်လေ… အခြား ဘာကိုမှ ထည့်မပြောသေးရင်တောင် သူက အမျိုးသမီးဖုန်းကို ဘာလုပ်ခိုင်းတယ်ထင်လဲ… အမျိုးသမီးဖုန်းကို ဆွဲလားရမ်းလား လုပ်ဖို့လည်း ကြိုးစားတာ... အဲ့ဒါတင် မဟုတ်သေးဘူး၊ ညကျရင် သူနဲ့အတူ အိပ်ပေးရမယ်တဲ့… ဂိုဏ်းချုပ်ဖု၊ ခင်ဗျားရော ဒီကိစ္စနဲ့ ပက်သက်ပြီး ဘယ်လိုထင်လဲ”
“အတူလာအိပ်ပေးဖို့...” ထိုစကားကို ကြားသည့်အခါ ဖုပို အလွန်ကိုမှ ထိတ်လန့်သွားခဲ့ပြီး တစ်ကိုယ်လုံး ဇောချွေးပြန်သွားခဲ့ရလေသည်။ မရှိမဲ့ရှိမဲ့ မျှော်လင့်ချက်လေး ရေစုန်မျောသွားရလေပြီဟု တွေးလျက် သူ့ခေါင်းတစ်ခုလုံး ချာချာလည်လာသလို ခံစားလိုက်ရလေသည်။
ဖုပိုသည်ပင်လျှင် အမျိုးသမီးဖုန်းရှေ့၌ တလေးတစားဖြင့် ပြုမူနေရလေရာ ကျုန်းကျီသည် မည်ကဲ့သို့များ သူမအား သူနှင့်အတူ လာအိပ်ပေးရန် တောင်းဆိုရဲလေသနည်း။ ထိုသကောင့်သားသည် ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းသာ ဖြစ်လေသည်။
ယခုမှသာ လွမ်ဖုန်းကဲ့သို့သောလူမျိုးသည် ဘာကြောင့်များ တာအိုသခင်ပထမအဆင့်သာ ရှိသေးသည့် ကျင့်ကြံသူတစ်ဦးအား တိုက်ခိုက်ခဲ့သလဲ ဆိုသည်ကို ဖုပို နားလည်သွားတော့သည်။
ဖုပိုသိထားသည့် ကျုန်းကျီသည် ဆန်ကုန်မြေလေးတစ်ယောက်ဖြစ်ကာ ယခုကဲ့သို့သော လုပ်ရပ်မျိုးကို ကျိန်းသေ လုပ်ဝံ့ပေသည်။
ရန်ကိုင်ကပြုံးလျက် ကျုန်းယုန်ကိုကြည့်ကာ ပြောလိုက်သည်။ “ကျုပ် တကယ်ကို မျက်စိပွင့်နားပွင့် ဖြစ်သွားခဲ့ရပြီဗျာ… ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းရဲ့ အကြီးအကဲချုပ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို ကျုပ် တကယ်ကို သိသွားခဲ့ရပြီ… အကြီးအကဲချုပ်ပြောတာအမှန်ပဲ… ခင်ဗျားမြေးသာ အသက်ရှင်နေလို့ ခင်ဗျားရဲ့အကူအညီကိုသာ ရနေမယ်ဆိုရင် ကျိန်းသေ သူ့အနာဂတ်က ဖြောင့်ဖြူးနေမှာ… ခင်ဗျားက နောက်ခံပေးထားတာဆိုတော့ သူ့အနေနဲ့ ဘာကိုမှ စိတ်ပူနေစရာ မလိုဘူးလေ”
“အခုမှ လာပြောနေလို့လည်း အပိုပဲ…” ကျုန်းယုန်သည် ရန်ကိုင်အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်ရင်း သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ပြောလိုက်သည်။ “မင်းတို့ကိုသတ်ပစ်မှပဲ ငါ့ဒေါသပြေနိုင်မှာ…”
ထို့နောက် ဖုပိုဘက်သို့လှည့်၍ ထပ်ပြောလိုက်လေသည်။ “ကျေးဇူးပြုပြီး ကျုပ်တောင်းဆိုတာကို လက်ခံပေးပါ ဂိုဏ်းချုပ်…”
ဖုပို၏မျက်နှာတစ်ခုလုံး သုန်မှုန်နေခဲ့ပြီး အကြီးအကဲချုပ်အား စိတ်ထဲမှနေ၍ ကြိတ်ကာ အော်ဟစ်ကျိန်ဆဲနေခဲ့လေသည်။ လွမ်ဖုန်း မည်မျှ အားကောင်းသလဲဆိုသည်ကို မသိမသာလေး လှမ်းပြောတော့မည်အပြု ရန်ကိုင်က ရုတ်တရက် ပြောလိုက်လေသည်။ “ဂိုဏ်းချုပ်ဖု… အကြီးအကဲချုပ်က ကျုပ်တို့ကို သတ်ဖို့အတွက်နဲ့ ဂိုဏ်းထဲကနေတောင် ထွက်သွားချင်နေတာဆိုတော့ ဘာဖြစ်လို့ သူ့ဆန္ဒကို မဖြည့်ဆည်းပေးလိုက်တာလဲ… ခင်ဗျားသာ သူ့ကို ဆက်တားနေဦးမယ်ဆိုရင် နှစ်ဖက်စလုံးအတွက် ပြဿနာများနိုင်တယ်နော်…”
ထိုစကားကိုကြားသည့်အခါ ရန်ကိုင်ဘာပြောချင်နေသလဲဆိုသည်ကို ဖုပို နားလည်သွားခဲ့သည်။ ထို့ကြောင့် မတတ်သာတော့ဘဲ သက်ပြင်းချ၍သာ မျက်လုံးပိတ်ထားလိုက်တော့လေ၏။
“ကျေးဇူးအများကြီးတင်ပါတယ် ဂိုဏ်းချုပ်…” ထိုစကားကိုကြားသည့်အခါ ကျုန်းယုန် ဝမ်းသာသွားခဲ့လေသည်။ ဧကရာဇ်ချီတို့ သူ့ဆီမှ တဝုန်းဝုန်း ဖြာထွက်လာခဲ့ပြီး ရန်ကိုင်တို့တည့်တည့်သို့ လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။
“ဘာမဟုတ်တဲ့ကောင်ကများ ရာရာစစ” လွမ်ဖုန်းက အေးစက်စက်လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည်။ ရုတ်တရက်ဆိုသလို လွမ်ဖုန်းသည် ရန်ကိုင်ရှေ့တွင် ပေါ်လာခဲ့ပြီး သူမလက်ကိုမြှောက်လျက် ကျုန်းယုန်ဆီသို့ အနက်ရောင်မီးတောက်များ ပစ်လွှတ်လိုက်လေသည်။
ထိုအနက်ရောင်မီးတောက်များဆီမှ အရာမှန်သမျှကို လောင်ကျွမ်းပစ်နိုင်သည့် အရှိန်အဝါတို့ ဖြာထွက်နေလေ၏။ ထိုမီးတောက်နှင့်အတွေ့တွင် ကျုန်းယုန်၏ လက်ဝါးချက်မှာ တမုဟုတ်ချည်း ပျက်စီးသွားခဲ့ရလေသည်။
“ဘာ…” ကျုန်းယုန်၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး စိုးရိမ်မှုတို့ သူ့မျက်လုံးထဲ လှိုက်တက်လာခဲ့လေသည်။ သေမင်းအငွေ့အသက်တို့ သူ့ခန္ဓာကိုယ်အား လွှမ်းခြုံလာနေသည်ကို ခံစားမိလိုက်သော် ကျုန်းယုန် အလန့်တကြား ထအော်တော့လေသည်။ “ကျုပ်ကိုကယ်ပါဦး ဂိုဏ်းချုပ်…”
ယခုမှသာ သံပြားကို သွားကန်မိပြီမှန်း ကျုန်းယုန် နားလည်သွားတော့လေသည်။ ဤအမျိုးသမီးသည် သူလုံးဝကို မယှဉ်နိုင်သည့် ခွန်အားကို ပိုင်ဆိုင်ထားသူတစ်ဦး ဖြစ်နေခဲ့သည်။
မျက်လုံးပိတ်ထားသော ဖုပို ချက်ချင်း မျက်လုံးပြန်ပွင့်လာခဲ့သည်။ သို့သော်ငြား သူဘာမှမပြောနိုင်သေးခင်မှာပင် ရန်ကိုင်က အေးစက်စက်လေသံဖြင့် ပြောလိုက်လေ၏။ “ဂိုဏ်းချုပ်ဖု… ဒီကိစ္စမှာ ခင်ဗျား ဝင်မပါရင် ကောင်းလိမ့်မယ်နော်…”
ဖုပို ရင်တဒုန်းဒုန်းခုန်သွားခဲ့ပြီး ပြောရန်ပြင်နေသည့် စကားများကို ပြန်မျိုချလိုက်လေ၏။
“အား…” ချောက်ခြားဖွယ်ရာ အော်သံကြီးတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ပိန်းပိန်းပိတ်အောင် မည်းနက်နေသော အနက်ရောင်မီးတောက်များသည် ကျုန်းယုန်တစ်ကိုယ်လုံးအား စတင်၍ လောင်မြိုက်လာတော့လေ၏။
ဝူယွမ်ကျန်းမသေခင်က ဖြစ်သွားသကဲ့သို့ပင် ကျုန်းယုန်မှ သူ့ကိုယ်သူ ကာကွယ်ရန်အတွက် ဧကရာဇ်ချီကို ပို၍ ပြင်းပြင်းထန်ထန်လှည့်ပတ်လေ မီးတောက်များမှာ ပို၍ ကြမ်းကြမ်းတမ်းတမ်း လောင်မြိုက်လာလေပင်။ သူ၏ ဧကရာဇ်ချီအားလုံးသည် အနက်ရောင်မီးတောက်များအတွက် လောင်စာသဖွယ် ဖြစ်နေသည့်အလား။
“ဂိုဏ်းချုပ်…” ကျုန်းယုန်ကတော့ အဆက်မပြတ် အော်ဟစ် အကူအညီတောင်းခံနေခဲ့သည်။ သို့သော်ငြား ဖုပိုမှာ သူ့အား ကရုဏာသက်နေသည့်တိုင် ဝင်မကူညီရဲခဲ့ချေ။ စိတ်ပျက်ပျက်ဖြင့် လက်ပိုက်ကြည့်နေရုံသာ တတ်နိုင်ခဲ့လေသည်။
အသက်ဆယ်ရှိုက်စာခန့် ကြာပြီးသည့်နောက်တွင် ကျုန်းယုန် ပြာပုံဘဝသို့ ရောက်သွားခဲ့ရလေသည်။ ထို့နောက်တွင် လွမ်ဖုန်းသည် သူမလက်အား ဝှေ့ယမ်းလျက် ကမ္ဘာဖျက်အနက်ရောင်မီးတောက်များကို ပြန်လည်ဆွဲသိမ်းလိုက်လေသည်။
ဤသို့ဖြင့် မရဏဂိုဏ်း၏ အကြီးအကဲချုပ်မှာ ဘဝတစ်ပါးသို့ ပြောင်းသွားခဲ့ရလေပြီ။
သူမ၏ဒေါသကို ဖွင့်ထုတ်ပြီးသည့်တိုင် လွမ်ဖုန်းမှာတော့ ဒေါသမပြယ်သေးသည့်အလား ရန်ကိုင့်အား စူးရဲစွာ စိုက်ကြည့်လျက် “ကျွန်မတောင်းပန်ပါတယ်နော် သခင်လေးရန်… ကျွန်မခွန်အားကို ထိန်းထားဖို့ ထပ်မေ့သွားတယ်။ အခုတော့ သူ့သိုလှောင်လက်စွပ်ပါ ပျက်စီးသွားရပြီ”
လွမ်ဖုန်း မေ့သွားခဲ့ခြင်းမဟုတ်။ တမင်သက်သက် လုပ်ခြင်းသာ ဖြစ်လေသည်။ ကျုန်းယုန်အား သတ်လိုက်မည်ဆိုလျှင်ပင် သူ့သိုလှောင်လက်စွပ်သည် သူမလက်ထဲသို့ ရောက်လာမည် မဟုတ်သည့်အတွက်ကြောင့် တစ်ခါတည်း ဖျက်ဆီးပစ်လိုက်ခြင်းသာ ဖြစ်လေသည်။
တကယ်တော့ ယခုကဲ့သို့ ဖြစ်သွားရခြင်းမှာ ရန်ကိုင်၏အပြစ်လည်း မကင်းသည် မဟုတ်ပေလော။ ရန်ကိုင်သာ စောစောစီးစီး ဝင်တားလိုက်မည်ဆိုပါက ထိုဆန်ကုန်မြေလေးကောင်ကို သူမလက်အား အစွန်းအထင်းခံ၍ သတ်ပစ်ခဲ့ရလိမ့်မည် မဟုတ်ချေ။
ရန်ကိုင်သည် သူ့နဖူးထက် ဝေ့သီလာသော ချွေးအေးများကို သုတ်ပစ်ရင်းမှ ပြန်၍ပြောလိုက်လေ၏။ “ကိစ္စမရှိပါဘူး… ကိစ္စမရှိပါဘူး…”
ရန်ကိုင်၏ပုံစံကိုမြင်ပြီးသည့်နောက် လွမ်ဖုန်း အတော်လေး ဒေါသပြေသွားခဲ့ရသည်။ သေချာပြန်စဉ်းစားကြည့်လိုက်သည့်နောက် ကောင်းကင်အမိန့်တော်မျိုးဆက် ကာကွယ်ပေးရန်ပြောသွားသည့် လူတစ်ဦးအပေါ် ဤကဲ့သို့ မဆက်ဆံသင့်ကြောင်း ပြန်သတိရသွားခဲ့သည်။ ယခု သူမ၏လုပ်ရပ်အပေါ် ရန်ကိုင်မှ အပြစ်မမြင်သည်ကို မြင်သော် ရန်ကိုင်အား ကာကွယ်ပေးရသည်မှာလည်း အရမ်းကြီးမဆိုးလှဟု လွမ်ဖုန်း ထင်မိသွားခဲ့လေသည်။
ရန်ကိုင်သည် ဖုပိုဘက်သို့လှည့်၍ “ဂိုဏ်းချုပ်ဖု… အမျိုးသမီးဖုန်း ခင်ဗျားတို့ဂိုဏ်းရဲ့ အကြီးအကဲချုပ်ကို သတ်ပစ်လိုက်တာ ဘာမှ ပြဿနာတော့ မရှိလောက်ဘူးမလား…”
(လီးကို ပြဿနာမရှိရမှာလား…) ယခု ဂိုဏ်းထဲတွင်ရှိနေသော ဧကရာဇ်တတိယအဆင့် ပညာရှင်သုံးဦးအနက် သူတစ်ဦးသာ ကျန်ရစ်တော့ပေသည်။ ထိုသို့ဖြစ်လေရာ မည်သို့များ ပြဿနာမရှိဘဲ နေမည်နည်း။ ပြဿနာရှိမည်ဆိုလျှင်ပင် သူ့အနေဖြင့် ဘာများ တတ်နိုင်ပါမည်နည်း။
ဖုပိုမှာ လွမ်ဖုန်း၏ တိုက်ကွက်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရပေသည်။ ထို့ကြောင့် မီးတောက်များ၏ ဇစ်မြစ်ကို သိသွားခဲ့ရသည်။ ရန်ကိုင်မှ သူမအား အမျိုးသမီးဖုန်းဟု ခေါ်ဝေါ်နေသည်ကို ပြန်စဉ်းစားမိလိုက်သော် အမျိုးသမီး မည်သူမှန်း သူခန့်မှန်းမိသွားတော့သည်။
နတ်သားရဲ လွမ်ဖုန်းပင်။ ရှေးဟောင်းကုန်းမြေ၏ နတ်အရှင်လေးပါးအနက် တစ်ပါးဖြစ်သော လွမ်ဖုန်းဖြစ်ပေသည်။ သူမတွင် လက်အောက်ငယ်သားဖြစ်သော မွန်းစတားဘုရင်ရှစ်ပါး ရှိကြပြီး ထိုရှစ်ပါးစလုံးသည် သူ့အောက် အားနည်းခြင်း မရှိကြချေ။
လွမ်ဖုန်းသည် မဟာဧကရာဇ်တစ်ပါး မဟုတ်ပါသော်ငြား မဟာဧကရာဇ်တစ်ပါးနှင့်တော့ ယှဉ်နိုင်ပေသည်။ မည်သို့ပင် ဖြစ်နေစေကာမူ သူ့အနေဖြင့် သူမအား ရန်သွားစ၍ မဖြစ်ပေ။ သူသာ သူမအား ဒေါသထွက်အောင် လုပ်မိမည်ဆိုပါက လွမ်ဖုန်းအနေဖြင့် သူမ၏လက်အောက်ငယ်သား မွန်းစတားဘုရင်အချို့ကို စေလွှတ်၍ မရဏဂိုဏ်းတစ်ခုလုံးအား စိစိညက်ညက်ကြေအောင် ဖျက်ဆီးပစ်နိုင်ပေသည်။
သူ့ရင်ထဲ ခါးသက်သက်ခံစားနေခဲ့ရသည့်တိုင် ဖုပိုကမူ အားတင်းပြုံး၍သာ ပြန်ပြောလိုက်သည်။ “ကျုန်းယုန်က ဂိုဏ်းထဲက ထွက်သွားပြီလေ… ဒီတော့ သူသေတာရှင်တာ ဂိုဏ်းနဲ့ ဘာမှမဆိုင်တော့ဘူး…”
ထိုသို့ပြောပြီးသည့်နောက် ဖုပိုစိတ်ထဲ သိချင်စိတ်တို့ ဖြစ်ပေါ်လာမိရသည်။ လွမ်ဖုန်းကဲ့သို့သော နတ်သားရဲတစ်ကောင်သည် လူသားဂျူနီယာတစ်ဦး၏ အမိန့်ကို ဘာကြောင့်များ နာခံနေရလေသနည်း။ ရန်ကိုင်ဟူသော ကောင်လေးသည် မည်ကဲ့သို့သော နောက်ခံကိုများ ပိုင်ဆိုင်ထားလေသနည်း။
ရန်ကိုင်သည် ဖုပိုအား အဓိပ္ပာယ်ပါပါ ပြုံးကြည့်လျက် “ဂိုဏ်းချုပ်ဖုက အခြေအနေ အချိန်အခါကို တကယ်သိတဲ့လူပဲ… အဲ့လိုဆိုမှတော့ အစောပိုင်းက ကိစ္စအကြောင်းကို ပြန်ဆက်ကြတာပေါ့…”
“မလိုပါဘူး…” ဖုပိုက ခါးသက်စွာပြုံးလျက် “သခင်လေးတောင်းတာကို ကျုပ် ပေးပါ့မယ်”
အစောပိုင်းကမူ ရန်ကိုင်တောင်းဆိုသည့်အပေါ် ဈေးဆစ်ချင်မိပါသော်ငြား ယခုမူ ဤခြင်္သေ့အုပ်ကြီးကို မရဏဂိုဏ်းထဲမှ မြန်မြန်သာ မောင်းထုတ်ချင်မိတော့လေသည်။ သူ့ဂိုဏ်းမှ တပည့်တစ်ဦး လွမ်ဖုန်းအား နှာထကာ သူမအား ညကြလျှင် အတူလာအိပ်ပေးရန် ပြောခဲ့သည့်အပေါ် လွမ်ဖုန်းသည် ပြောသည့်လူကိုသာ သတ်ပစ်ပြီး ဂိုဏ်းတစ်ဂိုဏ်းလုံးအား ပြာချမပစ်သွားသည်ကပင်လျှင် သူ့အတွက် ဝမ်းသာစရာ ဖြစ်နေလေပြီ။ ဖုပိုအနေဖြင့် ဘာကိုမှ ထပ်၍ အထွန့်မတက်ရဲတော့ချေ။
ထိုသို့ပြောပြီးသည့်နောက်တွင် ဖုပိုသည် သိုလှောင်လက်စွပ်ထဲမှ ဆက်သွယ်ရေးမှော်ရတနာတစ်ခုကိုထုတ်၍ သူ့ကောင်းကင်စိတ်အာရုံကို ပို့လွှတ်လိုက်လေ၏။
တစ်ခဏအကြာတွင် ဆက်သွယ်ရေးမှော်ရတနာကို ပြန်သိမ်းလျက် ပြုံးကာ ပြောလိုက်လေသည်။ “ခဏလောက် စောင့်ပေးပါနော်…”
“ရပါတယ်…” ရန်ကိုင်က ခေါင်းညိတ်လျက် အလေးအနက် အမူအယာဖြင့် ပြောလိုက်လေ၏။ “ဂိုဏ်းချုပ်ဖု… ကျုပ် ဒီကို လာခဲ့တာ ကိစ္စနှစ်ခုကြောင့်… ပထမကိစ္စပြီးသွားပြီဆိုတော့ ဒုတိယကိစ္စအကြောင်း ပြောကြတာပေါ့…”
ဖုပို ရင်တဒုန်းဒုန်း ခုန်သွားခဲ့သည်။ သူအလွန်ကိုမှ စိုးရိမ်နေပြီး ရန်ကိုင် မည်ကဲ့သို့သော တောင်းဆိုမှုမျိုးကို ထပ်လုပ်လာမလဲ အမှန်တကယ်ကို ကြောက်နေမိလေပြီ။ “သခင်လေး ဘာထပ်တောင်းဆိုချင်တာလဲ ကျုပ်သိလို့ရမလား…”
ရန်ကိုင်ကပြုံးလျက် “အရမ်းကြီး စိတ်ပူမနေပါနဲ့ ဂိုဏ်းချုပ်ဖု… ဒုတိယကိစ္စက ခင်ဗျားအတွက် ဘာမှမဟုတ်ဘူး… ကျုပ် ခင်ဗျားတို့ဂိုဏ်းရဲ့ ဟင်းလင်းပြင်အစီအရင်ကို ငှားသုံးချင်ရုံလေးပဲ…”
“ဟင်းလင်းပြင်အစီအရင်ကို ငှားသုံးဖို့…” ထိုအခါမှသာ ဖုပို စိတ်သက်သာရာ ရသွားခဲ့ပြီး ချက်ချင်းပဲ ပြန်၍ ပြောလိုက်လေ၏။ “ကိစ္စမရှိပါဘူး ကိစ္စမရှိပါဘူး…”
ရန်ကိုင် ထပ်တောင်းဆိုလာမည့် ဒုတိယကိစ္စ ဘာဖြစ်မလဲ ဆိုသည်ကို သူ့စိတ်ထဲ အလွန်ကိုမှ တွေးပူခဲ့ရလေသည်။ ယခုမှသာလျှင် ဟင်းလင်းပြင်အစီအရင်ကို ငှားသုံးမည့် သာမန်တောင်းဆိုမှုလေးတစ်ခုသာ ဖြစ်နေကြောင်း တွေ့လိုက်ရလေ၏။ “သခင်လေး ဘယ်သွားချင်တာလဲ…” ဖုပိုက ပြန်မေးလိုက်သည်။
“မြောက်ဘက်နယ်မြေ…” ရန်ကိုင်က ပြန်ပြောလိုက်သည်။
“မြောက်ဘက်နယ်မြေက တော်တော်တော့ ဝေးတယ်…” ဖုပိုက မျက်မှောင်ကြုတ်လျက် “ကျုပ်တို့ဂိုဏ်းရဲ့ ဟင်းလင်းပြင်အစီအရင်က ခပ်လှမ်းလှမ်းဆီ သွားနိုင်တယ်ဆိုပေမယ့် မြောက်ဘက်နယ်မြေကိုတော့ ပို့ပေးလို့ ရမှာမဟုတ်ဘူး… အဲ့ကိုသွားချင်တယ်ဆိုရင်တော့ သခင်လေးအနေနဲ့ နယ်မြေခြားဟင်းလင်းပြင်အစီအရင်ကို သုံးမှရမှာ… ကျုပ်သိသလောက်ဆိုရင် အရှေ့ဘက်နယ်မြေတစ်ခုလုံးမှာ အဲ့လိုအစီအရင်မျိုးကို ပိုင်ဆိုင်ထားတာဆိုလို့ ရှုယဉ်သာဝိဉာဉ်နန်းတော်ပဲ ရှိတယ်…”
“ရှုယဉ်သာဝိဉာဉ်နန်းတော်မှာ နယ်မြေခြား ဟင်းလင်းပြင်အစီအရင်ရှိတာလား…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေသည်။
“ကောလဟာလတွေအရတော့ အဲ့လိုမျိုးကြားမိတာပဲ… တကယ်ဟုတ်မဟုတ်တော့ မသိဘူး…”
ရန်ကိုင်ခေါင်းညိတ်လိုက်သည်။
ဖုပို ကိုယ်တိုင်သည်ပင်လျှင် ထိုအကြောင်းကို ကြားသာကြားဖူးသည့်အတွက်ကြောင့် ရှုယဉ်သာဝိဉာဉ်နန်းတော်၌ နယ်မြေခြားဟင်းလင်းပြင်အစီအရင်တစ်ခု ရှိနေမည်ဆိုလျှင်ပင် ရန်ကိုင်အနေဖြင့် ထိုအရာကို ငှားသုံးနိုင်လိမ့်မည် မဟုတ်ချေ။ ထိုနေရာတစ်ခုလုံးကို ရှုယဉ်သာမဟာဧကရာဇ်မှ အုပ်ချုပ်နေခြင်း ဖြစ်သည့်အတွက်ကြောင့် ထိုနေရာသည် လူတိုင်း လာချင်တိုင်းလာ သွားချင်တိုင်းသွားလို့ရသည့် နေရာတစ်ခုမဟုတ်ချေ။
ထို့အပြင် ရန်ကိုင်သည် ရှုယဉ်သာမဟာဧကရာဇ်၏ သမီးတော်ဖြစ်သော ယောင်လင်းနှင့်လည်း ပြဿနာတက်ခဲ့သေးသည်။ ရန်ကိုင်မှ ယောင်လင်းအား သတ်ရန် လုပ်ခဲ့သည့် အတွက်ကြောင့် ရှုယဉ်သာမဟာဧကရာဇ်သည်ပင်လျှင် ဝိဉာဉ်သက်ဆင်းခြင်းပညာရပ်ကို သုံး၍ ပေါ်လာခဲ့ရသည်။ ရန်ကိုင်သည် သူတို့တံခါးအား သွားခေါက်ပါက မည်ကဲ့သို့သော ပြဿနာများ ဖြစ်လာမလဲဆိုသည်ကို သူကိုယ်တိုင်ပင်လျှင် မပြောတတ်ပါချေ။
“မြောက်ဘက်နယ်မြေကိုသွားလို့မရဘူးဆိုတော့ မြောက်ဘက်နယ်မြေနဲ့ အနီးဆုံးနေရာကိုပဲ ပို့ပေးပေါ့…”
“အဲ့ဒါကတော့ရတယ်… ကျုပ်ကိုယ်တိုင် စီစဉ်ပေးပါ့မယ်…” ဖုပိုက အလျင်အမြန် ပြန်ပြောလိုက်သည်။
“သခင်လေးရန်က မြောက်ဘက်နယ်မြေဆီ သွားချင်တာလား…” ရန်ကိုင်တို့ပြောသည်ကို ဆုံးအောင်နားထောင်နေပြီးသည့်နောက်တွင် လွမ်ဖုန်းက မေးလိုက်လေသည်။
“ဟုတ်တယ်…” ရန်ကိုင်က ခေါင်းညိတ်ကာ ကျိယောင်ဆီ လှမ်း၍ ကြည့်လိုက်သည်။
ကျိယောင်၏လက်ရှိအခြေအနေမှာ သိပ်၍ မတည်ငြိမ်လှ။ ကျိယောင် ယခုကဲ့သို့ နာနာခံခံဖြစ်နေရခြင်းမှာ ရန်ကိုင်အား စီနီယာပင်းယွင်ဟု ထင်နေသည့် အတွက်ကြောင့်ပင်။ သို့သော်ငြား သူမ ဘယ်အချိန် စိတ်ထဖောက်မလဲ ဆိုသည်ကို မည်သူမှ မပြောနိုင်ပေ။
ရန်ကိုင်အနေဖြင့် မြောက်ဘက်နယ်မြေဆီသို့ သွားချင်ရခြင်းမှာ ကျိယောင်အား ရေခဲနှလုံးသားတောင်ကြားဆီသို့ မြန်မြန်ပြန်ပို့လိုသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။ ပင်းယွင်ကိုယ်တိုင်သာ စောင့်ကြည့်နေမည်ဆိုပါက ကျိယောင် ပြန်ကောင်းလာလောက်ပေသည်။
ဤကိစ္စသည် အချိန်ဆွဲနေ၍ ရသည့်ကိစ္စ မဟုတ်သည့်အတွက်ကြောင့် ရန်ကိုင်သည် မြန်မြန်ဖြေရှင်းရန် ကြိုးစားနေခြင်းဖြစ်၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၆၁၇)
ရန်ကိုင်သည် လွမ်ဖုန်းဘက်သို့လှည့်၍ ပြုံးကာ ပြောလိုက်လေသည်။ “ကျုပ်နဲ့အတူ လိုက်ခဲ့မလား အမျိုးသမီးဖုန်း… မြောက်ဘက်နယ်မြေက ရှုခင်းတွေက တော်တော်လှတာနော်… တောင်တန်းတွေဆိုတာလည်း စိမ်းစိုနေတာပဲ… စမ်းချောင်းတွေဆိုရင်လည်း ကြည်လင်နေလို့၊ တကယ်ကို နေချင်စရာကောင်းတာ… အမျိုးသမီးဖုန်း ဘာလို့ တစ်ချက်လောက် လိုက်မကြည့်တာလဲ…”
“မလိုက်တော့ပါဘူး…” လွမ်ဖုန်းသည် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်သည်။
ရန်ကိုင်သည် မည်သို့များ သူမအား သူ၏ သက်တော်စောင့် နောက်တစ်ကြိမ် ထပ်လုပ်ခိုင်းချင်နေရလေသနည်း။ ရန်ကိုင်အား ရှေးဟောင်းကုန်းမြေ၏ အပြင်ဘက်သို့ လိုက်ပို့ပေးပြီးသည့်နောက် သူမ၏တာဝန်မှာ ပြီးဆုံးသွားပြီဟု ပြော၍ရသည်။ ရန်ကိုင်မှ တောင်းဆိုလာသည့် အတွက်ကြောင့်သာ သူနှင့်အတူ မရဏဂိုဏ်းဆီသို့ လိုက်လာပေးခဲ့ခြင်း ဖြစ်သည်။ သူမအနေဖြင့် တောင်ဘက်နယ်မြေအထိတော့ ဆက်လိုက်သွားလိမ့်မည် မဟုတ်ပေ။
“ရပါတယ်… ရပါတယ်… အဲ့လောက်ကြီးလည်း ဒေါသထွက်မနေပါနဲ့…” ရန်ကိုင်သည် သူ့နှာခေါင်းကို ပွတ်သပ်ရင်းမှ ပြန်ပြောလိုက်လေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ဖုပိုမှာတော့ အတော်လေးကိုမှ လန့်နေမိလေသည်။ ရန်ကိုင် မည်သူဖြစ်သလဲ။ ရန်ကိုင်သည် နတ်သားရဲလွမ်ဖုန်းနှင့် မည်ကဲ့သို့ ပတ်သက်နေသလဲ ဆိုသည်ကို သူမသိပေ။ သူသိသည့်အရာတစ်ခုသာ ရှိပေသည်။ ထိုအရာမှာ ဤလူငယ်လေးအား ဒေါသထွက်အောင် လုံးဝ လုပ်မိ၍မဖြစ် ဟူသော အချက်ပင်။
တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် ခန်းမအပြင်ဘက်ဆီမှ အမျိုးသမီးတစ်ဦး၏အသံ ထွက်လာခဲ့သည်။ “ဂိုဏ်းချုပ်… လက်အောက်ငယ်သား ဂိုဏ်းချုပ်နဲ့ တွေ့ချင်လို့ပါ…”
“ဝင်လာခဲ့…” ဖုပိုက အလျင်စလို ပြန်ဖြေလိုက်လေသည်။ ရန်ကိုင်နှင့် လွမ်ဖုန်းတို့အား တစ်နာရီခန့်ကြာအောင် ထိုင်စောင့်နေခိုင်းပြီးသည့်နောက် ဖုပိုအောင် စတင်၍ စိုးရိမ်လာခဲ့လေသည်။ ယခု သူ့အား ဤဒုက္ခကြီးမှ ကယ်ဆယ်ပေးနိုင်မည့် အသံကို ကြားလိုက်ရသော် ဖုပိုမှာ အလွန်ကိုမှ ဝမ်းသာသွားတော့သည်။ ခြေသံများနှင့်အတူ ကျော့ရှင်းသည့် အဝတ်အစားကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ခန်းမထဲသို့ ဝင်လာခဲ့သည်။
ထိုအမျိုးသမီးမှာ အတော်လေးကိုမှ ရုပ်ရည်သန့်ပြန့်လှသည်ဟု ပြော၍ရသည်။ မြင့်မြတ်ကျော့ရှင်းသည့် ဝတ်ရုံနှင့် အတော့်ကိုမှ ပနံသင့်ရုံမက သူမ၏ကျင့်ကြံခြင်းမှာလည်း ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေခဲ့သည်။ ကြည့်ရသလောက် ဤအမျိုးသမီးသည် မရဏဂိုဏ်းတွင် အတော်လေးကိုမှ ရာထူးမြင့်သည့်ပုံပင်။
နန်းတော်ထဲသို့ ဝင်လာပြီးသည့်နောက်တွင် အမျိုးသမီးသည် ရန်ကိုင်တို့အဖွဲ့အား မသိမသာလေး လှမ်း၍ကြည့်လိုက်လေသည်။ ရန်ကိုင်တို့ မည်သူဖြစ်သလဲဆိုသည်ကို သူမ အတော်လေး သိချင်နေမိသည်။ ဂိုဏ်းချုပ်ကိုယ်တိုင် သူကျင့်ကြံသည့်နေရာတွင် ဧည့်ခံရသည့် လူဆို၍ များများစားစား မရှိလှချေ။ ဂိုဏ်းထဲရှိ အကြီးအကဲများသည်ပင်လျှင် ဤနေရာသို့ လာချင်တိုင်းလာ၍မရဘဲ ဂိုဏ်းချုပ်ဆင့်ခေါ်သည့် အခါမှသာ လာ၍ရပေသည်။
“ငါပြောထားတဲ့ဟာ ယူလာလား…” ဖုပိုက ထိုအမျိုးသမီးကိုကြည့်၍ မေးလိုက်သည်။
“ယူလာပါတယ်…” အမျိုးသမီးက အလျင်စလို ပြန်ဖြေလိုက်လေသည်။
ထို့နောက် သိုလှောင်လက်စွပ်တစ်ကွင်းအား ဖုပိုဆီသို့ ထုတ်ပေးလိုက်သည်။
ဖုပိုသည် သိုလှောင်လက်စွပ်ကိုယူ၍ ကောင်းကင်စိတ်အာရုံဖြင့် တစ်ချက် စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူ့လက်ကို ဝှေ့ယမ်းလျက် ပြန်ပြောလိုက်၏။ “နင် အခုသွားလို့ရပြီ…”
“ဂိုဏ်းချုပ်…” အမျိုးသမီးမှာ ချက်ချင်းထွက်မသွားသေးဘဲ ဖုပိုအားကြည့်လျက် ပြန်မေးလိုက်သည်။ “ဂိုဏ်းချုပ် ဘာဖြစ်လို့ အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းရာနဲ့ချီပြီး လိုအပ်တာလဲ…”
အမျိုးသမီးသည် မရဏဂိုဏ်း၏ အထွေထွေစီမံခန့်ခွဲရေးမှူးဖြစ်ပေသည်။ ဂိုဏ်း၏ ရတနာဂိုထောင်နှင့် ကျင့်ကြံခြင်းအတွက် အသုံးလိုမည့် အရင်းအမြစ်အားလုံးကို ကြီးကြပ်နေရသူတစ်ဦး ဖြစ်သည်။ ဂိုဏ်းချုပ်မှ အမိန့်ပေးလာသည့်အခါ သူပြောသည့်အတိုင်း ဂိုထောင်ထဲမှ အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းရာဂဏန်းခန့်ကို ထုတ်ပေးလာခဲ့ပါသော်ငြား ပမာဏမှာ အလွန်တရာကိုမှ များပြားလှသည့်အတွက်ကြောင့် ဤအရင်းအမြစ်ကျောက်များကို မည်သည့်နေရာတွင် အသုံးပြုချင်နေသလဲ ဆိုသည်ကို သူမအနေဖြင့် မေးမြန်းကြည့်ရပေလိမ့်မည်။ ထိုအရင်းအမြစ်ကျောက်များသာ မရှိတော့ပါက နောက်နှစ်များအတွင်း တပည့်အသီးသီး၏ ဝေစုမှာ သိသိသာသာကို လျော့ကျသွားရပေလိမ့်မည်။
တပည့်များ အထွန့်တက်လာသည့်အခါ အကုန်လုံး၏ ဆူပူပြစ်တင်မှုသည် သူမဆီသို့ ရောက်လာပေလိမ့်မည်။
“ကျင့်ကြံဖို့…” ဖုပိုက တည်တည်ငြိမ်ငြိမ်ဖြင့် မျက်တောင်တစ်ချက်ပင်မခတ်ပဲ ပြန်၍ပြောလိုက်သည်။
အမျိုးသမီး တခဏမျှ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ ထို့နောက် ဝမ်းသာအားရဖြင့် ရုတ်တရက် ကောက်မေးလေ၏။ “ဂိုဏ်းချုပ်…”
ဖုပိုက သူ့လက်ကိုဝှေ့ယမ်းလျက် “အများကြီး လာမေးမနေနဲ့…”
“ဟုတ်ကဲ့…” အမျိုးသမီးက ကပျာကယာ ပြန်ဖြေလိုက်သည်။ သို့တိုင် သူမမျက်နှာထက်ရှိ အပျော်များမှာတော့ ဖုံးဖိမရအောင် ပေါ်လွင်နေခဲ့လေသည်။
ဂိုဏ်းချုပ် ဤမျှ များပြားလှသော အရင်းအမြစ်ကျောက်များကို လိုချင်နေရခြင်းမှာ အဆင့်ချိုးဖြတ်လိုသည့်အတွက်ကြောင့် ဖြစ်သည်ဟု ထင်နေခြင်း ဖြစ်လေသည်။ ဖုပိုသည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်နေလေပြီ။ နောက်တစ်ဆင့်သို့ ထပ်မံချိုးဖြတ်မည်ဆိုပါက မဟာဧကရာဇ်အဆင့်သာ ရှိပေတော့သည်။ ဖုပိုသည်သာ မဟာဧကရာဇ်တစ်ပါး ဖြစ်လာပါက မရဏဂိုဏ်း၏ အဆင့်အတန်းမှာ အကြီးအကျယ်ကို မြင့်တက်လာရပေလိမ့်မည်။
ဂိုဏ်းချုပ်မှ မဟာဧကရာဇ်တစ်ပါး ဖြစ်လာမည့်အရေးနှင့် ယှဉ်လိုက်သော် အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းရာဂဏန်းမျှသည် ဘာမျှ မပြောပလောက်တော့ပေ။
“ဒါဆို ကျွန်မ သွားလိုက်ပါဦးမယ် ဂိုဏ်းချုပ်…” အမျိုးသမီးသည် တလေးတစား ဦးညွှတ်လိုက်ပြီးသည့်နောက် ပြန်ထွက်သွားရန် ပြင်လိုက်လေ၏။
“ဒါနဲ့ ဟင်းလင်းပြင်အစီအရင်ကိုပါ ပြင်ထားလိုက်ဦး…” ဖုပိုက ညွှန်ကြားလိုက်သည်။ “ငါ ဒီဧည့်သည်တွေကို ပြီးရင် လိုက်ပို့ပေးရဦးမယ်…”
အမျိုးသမီးက ပျော်ပျော်ရွှင်ရွှင်ဖြင့်ပင် ထွက်သွားလေသည်။
သူမထွက်သွားပြီးသည့်နောက် ဖုပိုသည် ကသိကအောက်အမူအယာဖြင့် သိုလှောင်လက်စွပ်ကို ရန်ကိုင်ဆီသို့ ပစ်ပေးလိုက်လေသည်။
မရဏဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ဦး ဖြစ်သည့်အလျောက် ရန်ကိုင်နှင့် အခြားသူများရှေ့မှောက်တွင် သူ့လက်အောက်ငယ်သားအား လိမ်ညာရသည်မှာ အတော်လေးကိုမှ ရှက်ဖွယ်ကောင်းလှပေသည်။ သို့သော်ငြား မလိမ်ပါက မည်ကဲ့သို့ ပြောရဦးမည်နည်း။ ဤအရင်းအမြစ်ကျောက်များကို သူ့တပည့် ပြဿနာရှာသွားသည့်ကိစ္စကြောင့် ရန်ကိုင်အား လျော်ကြေးအဖြစ် ပေးလိုက်ရသည်ဟု ပြော၍မှ မဖြစ်လေပဲ။
ထိုသို့သာပြောရမည်ဆိုပါက အမှန်တကယ်ကို ရှက်ဖွယ်ကောင်းပေလိမ့်မည်။
ရန်ကိုင်သည် သိုလှောင်လက်စွပ်ကို ယူ၍ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်လေသည်။ ထို့နောက် အိတ်ကပ်ထဲသို့ ထည့်သိမ်းထားလိုက်လေ၏။
ဖုပိုသည် သူပြောထားသည့်အတိုင်း အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းတစ်ရာ ပေးခဲ့လေသည်။ ဤမျှ များပြားလှသော အရင်းအမြစ်ကျောက်များကို ရပြီးသည့်နောက်တွင် ရန်ကိုင် အတော်လေးကိုမှ စိတ်ပျော်နေခဲ့လေသည်။ ရှေးဟောင်းကုန်းမြေထဲတွင် ရခဲ့သည့် အရင်းအမြစ်ကျောက်များနှင့်ပါ ထည့်ပေါင်းလိုက်သော် လက်ရှိ သူ့တွင် အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းခုနှစ်ရာမှ ရှစ်ရာခန့် ရှိနေပြီဟု ပြော၍ရသည်။
ဤသည်မှာ အလွန်တရာကိုမှ များပြားလှသည့် ပမာဏပင်။
“ကျေးဇူးပဲနော် ဂိုဏ်းချုပ်ဖု…” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြောလိုက်လေသည်။ “အခုကစပြီး ကျုပ်နဲ့ မရဏဂိုဏ်းကြားက ရန်ငြိုးရန်စတွေ ကြေအေးသွားပြီလို့ ပြောလို့ရတယ်… နောက်နောင်ကြရင် ကိုယ့်လမ်းကိုယ်ပဲ လျှောက်ကြတာပေါ့… ဘယ်သူ့လမ်းကိုမှ ဝင်မရှုပ်ကြေး… ဂိုဏ်းချုပ်ဖု ဘယ်လိုထင်လဲ…”
“အဲ့ဒါအကောင်းဆုံးပါပဲ… ကျုပ် ဒီထက် ဘာမှ ပိုပြီးတော့ မတောင်းဆိုချင်တော့ပါဘူး…” ဖုပိုမှာတော့ ရန်ကိုင်ပြောစကားကို ပြန်၍ မငြင်းဆန်ရဲခဲ့ပေ။
ရန်ကိုင်က ဆက်၍ ပြောလိုက်လေသည်။ “ဒါ့အပြင်ကိုမှ ကျုပ် ခင်ဗျားတို့ဂိုဏ်းရဲ့ ဟင်းလင်းပြင်အစီအရင်ကို ငှားသုံးစရာလိုသေးတယ်…”
“ရပါတယ်… ကျေးဇူးပြုပြီး ကျုပ်နောက်လိုက်ခဲ့ပေးပါ…” ဖုပိုသည် ရန်ကိုင်တို့အဖွဲ့အား ဟင်းလင်းပြင်အစီအရင်ရှိရာဆီသို့ ချက်ချင်း ခေါ်သွားလိုက်လေသည်။
ရန်ကိုင်တို့လေးဦးသည် ခန်းမထဲမှထွက်၍ တစ်ခုသောဘက်ဆီသို့ အလျင်အမြန် ပျံသန်းသွားကြ၏။
တောင်ငယ်လေးတစ်လုံးဆီသို့ ရောက်လာပြီးသည့်နောက်တွင် ဖုပိုသည် ရန်ကိုင်တို့အဖွဲ့အား တောင်ထိပ်ပေါ်တွင်ရှိနေသော နေရာတစ်ခုဆီသို့ ခေါ်လာခဲ့လေသည်။ ထိုနေရာတွင် ကြီးကျယ်ခမ်းနားသည့် နန်းတော်တစ်ခု တည်ရှိနေပြီး နန်းတော်အတွင်းပိုင်းဆီမှ လေဟာနယ်နိယာမစွမ်းအားလှိုင်းများ ဖြာထွက်နေသည်ကို ရန်ကိုင် အတိုင်းသား ခံစားနေရသည်။
ဟင်းလင်းပြင်အစီအရင်သည် ဤနန်းတော်ထဲတွင် ရှိနေခြင်း ဖြစ်ရပေလိမ့်မည်။
နန်းတော်ထဲသို့ ဝင်လာပြီးသည့်နောက်တွင် ဟင်းလင်းပြင်အစီအရင်ကို စောင့်ကြပ်နေသော မရဏဂိုဏ်းမှတပည့်များသည် သူတို့အား တလေးတစားဖြင့် ဦးညွှတ်လိုက်ကြလေသည်။
အစောပိုင်းက ဖုပိုဆီသို့ သိုလှောင်လက်စွပ် ယူလာပေးခဲ့သော အမျိုးသမီးသည်လည်း သူ့အား အလျင်စလို လာရောက်ဆီးကြို နှုတ်ဆက်လေ၏။ “ဂိုဏ်းချုပ်… အကုန်လုံး ပြင်ဆင်ပြီးသွားပါပြီ… ဘယ်ကိုသွားချင်လဲမသိဘူး…”
“သံချပ်နက်မြို့တော်…” ဖုပိုကပြောလိုက်သည်။ အမျိုးသမီးက ခေါင်းညိတ်လျက် ဟင်းလင်းပြင်အစီအရင်နားတွင် ရပ်နေသော တပည့်များအား လှမ်း၍ အချက်ပြလိုက်လေသည်။ တပည့်များလည်း ချက်ချင်း စတင်ပြင်ဆင်ကြတော့လေ၏။
ခဏအတွင်း ပြင်ဆင်မှုအားလုံး ပြီးသွားခဲ့ကာ ဟင်းလင်းပြင်အစီအရင်မှာ အဆင်သင့်ဖြစ်သွားခဲ့လေသည်။
ဖုပိုက ပြုံးလျက် ပြောလိုက်လေ၏။ “ကျေးဇူးပြုပြီး သွားလို့ရပါပြီ…”
ရန်ကိုင်သည် ကျိယောင်ကိုခေါ်လျက် ဟင်းလင်းပြင်အစီအရင် အလယ်ဗဟိုတွင် ရပ်လိုက်လေသည်။ ထို့နောက် လွမ်ဖုန်းကိုကြည့်ကာ ပြုံးလျက် ပြောလိုက်လေ၏။ “အမျိုးသမီးဖုန်း… ခင်ဗျား ကျုပ်နဲ့ အတူမလိုက်ခဲ့ချင်တာ သေချာလား…”
“ဆရာရန်ရဲ့ခရီး ဘေးကင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်…” လွမ်ဖုန်းက ခံစားချက်မရှိသည့် မျက်နှာထားဖြင့် ပြန်၍ပြောလိုက်လေသည်။
ရန်ကိုင်က ရယ်သွမ်းသွေးလျက် “အဲ့လိုဆိုမှတော့ ကျုပ်ကို ဒီအထိ လိုက်ပို့ပေးတဲ့အတွက် အမျိုးသမီးဖုန်းကို ကျေးဇူးအများကြီးတင်ပါတယ်… နောက်ပိုင်း အားလို့ရှိရင်တော့ အမျိုးသမီးဖုန်းတို့ဆီ ထပ်လာလည်ပါဦးမယ်…”
လွမ်ဖုန်း၏မျက်နှာကြီး မဲ့သွားခဲ့လေ၏။ သို့သော်ငြား အားတင်း၍ ပြုံးပြလိုက်သေး၏။ မည်သည့်စကားမှတော့ ပြန်မပြောခဲ့ပေ။
ရန်ကိုင်သည် မရဏဂိုဏ်းသားများဘက်သို့ လှည့်၍ “စပေတော့…”
တပည့်များမှာ ဖုပိုအား လှမ်း၍ ကြည့်လိုက်လေသည်။ ဖုပိုမှ ခေါင်းညိတ်ပြနေသည်ကိုမြင်သော် ဟင်းလင်းပြင်အစီအရင်အား အသက်သွင်းလိုက်လေ၏။
အလင်းများ ပြိုးပြိုးပြက်ပြက် တောက်ပလာခဲ့ပြီး အစီအရင်ထဲ၌ ထည့်သွင်းထားသော အဆင့်မြင့် အရင်းအမြစ်ကျောက်များ စွမ်းအားများ တမုဟုတ်ချည်း စုပ်ယူခံလိုက်ရာ ပြာမှုန်များ ဖြစ်သွားကုန်ကြရလေသည်။ အလင်းများ ပျောက်ကွယ်သွားပြီးသည့်နောက် ရန်ကိုင်နှင့် ကျိယောင်တို့လည်း အလားတူ ပျောက်ကွယ်သွားကြသည်။
“ဟူး…”
နောက်ဆုံးတော့ ပြဿနာကောင်ကြီး ထွက်သွားပြီပဲဟု တွေးရင်း လွမ်ဖုန်း သက်ပြင်းအမောကြီး ချလိုက်လေသည်။ ယခုမှသာ သူမလည်း ပြုံးနိုင်တော့လေ၏။
ထို့နောက်တွင် လွမ်ဖုန်းသည် ဖုပိုကိုပင် နှုတ်ဆက်မနေတော့ဘဲ နန်းတော်ထဲမှ လှည့်ထွက်သွားခဲ့လေ၏။ ထို့နောက် ပျံသန်းထွက်သွားလေသည်။
ဖုပိုသည် မရဏဂိုဏ်းသားများကို ဦးဆောင်လျက် လွမ်ဖုန်းအား တလေးတစားဖြင့် နန်းတော်အပြင်ဘက်သို့ လိုက်ပို့ပေးလေ၏။
“ဂိုဏ်းချုပ်…” သူမတို့၏ ဂိုဏ်းချုပ်မှ ဘယ်ကမှန်းမသိရသော အမျိုးသမီးအား တလေးတစားဖြင့် ဆက်ဆံနေသည်ကိုမြင်သော် အမျိုးသမီး အတော်လေးကိုမှ အံ့အားသင့်သွားခဲ့လေသည်။ “အဲ့အမျိုးသမီးက ဘယ်သူလဲ…” အမျိုးသမီးက မေးလိုက်လေသည်။
ဖုပို ပြန်မဖြေနိုင်သေးခင်မှာပင် တိမ်စိုင်တိမ်တိုက်များဆီမှ စူးရှသည့် အော်သံတစ်သံကို ကြားလိုက်ရလေသည်။ ထို့နောက်တွင် ဧရာမ အကောင်ကြီးတစ်ကောင် ကောင်းကင်ထက်တွင် ရှိနေသော တိမ်စိုင်တိမ်တိုက်များကို ဖြတ်ကျော်၍ ပျံသန်းသွားသည်ကို တွေ့လိုက်ရလေ၏။
(ငါ ထင်တဲ့အတိုင်းပါပဲလား…)
တိမ်စိုင်တိမ်တိုက်များကြားမှ ဖြတ်သန်းသွားသည့် အရိပ်မည်းကြီးကို မြင်လိုက်သည့်အခိုက် ဖုပို၏ရင်ထဲ ကြောက်ကြောက်လန့်လန့် ဖြစ်သွားခဲ့ရသည်။ လွမ်ဖုန်း မည်သူမည်ဝါ ဖြစ်သလဲ ဆိုသည်ကို ခန့်မှန်းထားပြီးခဲ့ပြီ ဖြစ်ပါသော်ငြား အတည်မပြုနိုင်ခဲ့ပေ။ ယခု ထိုအော်သံနှင့်တကွ တိမ်စိုင်များကြားရှိ အရိပ်မည်းကြီးကို မြင်ပြီးသည့်အခါမှသာလျှင် သူ့ခန့်မှန်းချက် မှန်နေမှန်း အတည်ပြုသွားနိုင်ခဲ့သည်။
ထိုအမျိုးသမီးသည် ရှေးဟောင်းကုန်းမြေမှ နတ်အရှင်တစ်ပါး ဖြစ်နေခဲ့သည်။
ကျင့်ကြံသူအများစုမှာ ရှေးဟောင်းကုန်းမြေအတွင်းပိုင်းရှိ အခြေအနေများကို သိကြလိမ့်မည် မဟုတ်ကြပါသော်ငြား ဖုပိုအဆင့်ရှိ ကျင့်ကြံသူများမှာတော့ အမျိုးမျိုးသော နည်းလမ်းများကြောင့် ရှေးဟောင်းကုန်းမြေအတွင်းပိုင်းရှိ အခြေအနေအချို့ကို သိထားကြပေသည်။ သူသိထားသည့် လျှို့ဝှက်ချက်များအနက် တစ်ခုမှာ ရှေးဟောင်းကုန်းမြေအတွင်းပိုင်းထဲတွင် ရှိနေသော အင်အားစုများအကြောင်းပင်။
ရှေးဟောင်းကုန်းမြေသည် အဖိုးတန်ရတနာပေါင်းများစွာနှင့် ပြည့်နှက်နေသည့် ရတနာသိုက်ကြီးတစ်ခု ဖြစ်ပေသည်။ နတ်အရှင်လေးပါးနှင့်တကွ သုံးဆယ့်နှစ်ပါးသော မွန်းစတားဘုရင်များ၏ စောင့်ကြပ်မှုကြောင့်သာ မဟုတ်ပါက ထိုနေရာတစ်ခုလုံးကို ကြယ်တာရာအစုအဝေးထဲတွင် ရှိနေသော ကျင့်ကြံသူများ ကျူးကျော်ဝင်ရောက်သဖြင့် မွစာကြဲနေလောက်ပေပြီ။
“အများကြီးမေးမနေနဲ့… ကိုယ့်အလုပ်ကိုယ်လုပ်…” ဖုပိုက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။
“ဟုတ်ကဲ့…” အမျိုးသမီးက တလေးတစားဖြင့် ပြန်ပြောလိုက်ပြီးသည့်နောက် ရုတ်တရက် ကောက်မေးလိုက်လေသည်။ “ဂိုဏ်းချုပ်… တပည့်တစ်ဦးပြောတာ ကြားတာတော့ အကြီးအကဲချုပ် ဂိုဏ်းချုပ်နန်းတော်ဆီ လာသေးတယ်ဆို… ကျွန်မ ဘာလို့ သူ့ကိုမတွေ့ရတာလဲ…”
ဖုပို မျက်မှောင်ကြုတ်သွားပြီးသည့်နောက် သက်ပြင်းအမောကြီးချလျက် ပြန်ပြောလိုက်သည်။ “ကျုန်းယုန် သေသွားပြီ…”
“ဘယ်လို…” အမျိုးသမီး ကြောင်အမ်းအမ်း ဖြစ်သွားခဲ့လေသည်။ “အကြီးအကဲကျုန်း သေသွားတာလား… သူ့ကို ဘယ်သူသတ်လိုက်တာလဲ…”
“သူ ရန်မစသင့်တဲ့လူကို သွားရန်စမိလိုက်တားပ…” ဖုပိုက တိုးတိုးလေး ပြန်ပြောလိုက်လေသည်။ ထို့နောက် အမျိုးသမီးကိုကြည့်လျက် “အကြီးအကဲကျုန်း… ခင်ဗျားက အရမ်းစပ်စုတာပဲနော်…”
ထိုသို့ပြောပြီးသည့်နောက် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလျက် သူနေသည့်နေရာဆီသို့ ပျံသန်းထွက်ခွာသွားလေသည်။
မျိုးရိုးနာမည်ကျုန်းနှင့် အမျိုးသမီးမှာတော့ ကြောင်အမ်းအမ်းဖြင့်သာ မတ်တပ်ကြီး ရပ်နေခဲ့လေသည်။ အကြီးအကဲချုပ် သေသွားသည့်သတင်းမှာ သူမအတွက် အလွန်ကိုမှ ထိတ်လန့်ဖွယ် ကောင်းလွန်းလှသည်။ ဒုဂိုဏ်းချုပ်ပါ သေသွားပြီဟူသည့် အကြောင်းကိုပါ ထပ်မံကြားသိလိုက်ရမည်ဆိုပါက သူမ မည်ကဲ့သို့များ ဖြစ်သွားလေမည်နည်း။
သံချပ်နက်မြို့သည် အရှေ့ဘက်နယ်မြေ၏ အစွန်အဖျားပိုင်းတွင် တည်ရှိကာ မြောက်ဘက်နယ်မြေနှင့် မိုင်ငါးသောင်းခန့်သာ ဝေးကွာပေသည်။
သံချပ်နက်မြို့ထဲရှိ ဟင်းလင်းပြင်အစီအရင်ပေါ်တွင် ရန်ကိုင်နှင့် ကျိယောင်တို့ ပေါ်လာကြသည်။ ဟန်ချက် မထိန်းနိုင်သေးခင်မှာပင် လေတိုးသံများနှင့်အတူ လက်ဝါးချက်တစ်ချက်သည် ရန်ကိုင်တို့ဆီသို့ တိုးဝင်လာလေ၏။ တစ်ချိန်တည်းတွင် ရယ်မောသံတစ်သံပါ ထွက်ပေါ်လာခဲ့လေသည်။ “ဒီတစ်ယောက်က ငါ့အပိုင်ပဲ…”
“ဟမ်…” မုတ်ဆိတ်ဗရပျစ်နှင့် လူကြီးတစ်ဦးသည် သူ့ဆီသို့ လက်ဝါးဖြင့် ရိုက်ချလာနေသည်ကိုမြင်သော် ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။
သူနှင့်ထိုလူကြား မည်သို့သော ရန်ငြိုးရန်စများ ရှိနေသလဲ ဆိုသည်ကို ရန်ကိုင်မသိ။ သူသိသည့်တစ်ချက်မှာတော့ သူ့အနေဖြင့် ဤလူအား တစ်ခါမှ မမြင်ဖူးသည် ဟူသော အချက်ပင်။
“ရှယုန်… အဲ့လူက မင်းအပိုင်ဆိုရင် ဒီအမျိုးသမီးက ငါ့အပိုင်ပဲကွ… ဝိုး… လှလိုက်တာမှ… ငါတော့ ကံကောင်းပြီ…” အခြားသော အသံတစ်သံနှင့်အတူ ဒုတိယလူတစ်ဦး ပေါ်လာခဲ့ကာ ကျိယောင်ဆီသို့ ပြေးဝင်သွားလေသည်။ ရှယုန်ဟုခေါ်သော မုတ်ဆိတ်ဗရပျစ်နှင့်လူသည် ကျိယောင်အား အာရုံသိပ်မစိုက်ခဲ့ပါသော်ငြား ဒုတိယလူပြောသည့် စကားကို ကြားပြီးသည့်နောက် အလျင်စလို လှမ်း၍စစ်ဆေးကြည့်လိုက်ရာ ထိုလူပြောသကဲ့သို့ပင် အမျိုးသမီးမှာ အလွန်ကိုမှ ချောမောလှပကြောင်း တွေ့လိုက်ရလေသည်။
ချက်ချင်းပဲ ရှယုန်သည် လမ်းကြောင်းပြောင်း၍ ကျိယောင်ဆီသို့ ပြေးဝင်သွားရင်းမှ အော်ပြောလိုက်သည်။ “လူပြောင်းမယ် ဟေ့ကောင်… လူပြောင်းမယ်… မင်း အရင်တစ်ကြိမ်တုန်းက အမျိုးသမီးတစ်ဦးကို ရသွားပြီ ကုပန်… ဒီတစ်ကြိမ် ငါ့အလှည့်ပဲ…”