← Chapters

အခန်း (၂၆၁၈-၂၆၂၁)

Vol. 111 Ch. 2618-2621

အခန်း (၂၆၁၈-၂၆၂၁)

Vol. 111 Ch. 2618-2621

အပိုင်း (၂၆၁၈)

ထိုသို့ပြောနေရင်းမှ ရှယုန်နှင့် ကုပန်တို့သည် ကျိယောင်ဆီသို့ ပြေးဝင်သွားကြပြီး သူတို့၏လက်အား အသီးသီး ဆန့်ထုတ်လျက် ကျိယောင်အား ဖမ်းဆွဲရန် ကြိုးစားလိုက်ကြသည်။

ကျိယောင်၏အမူအယာ ရုတ်ချည်း အေးစက်သွားခဲ့လေသည်။ ရွှစ်ခနဲ မြည်သံနှင့်အတူ ဓါးရောင်တစ်ချက် လက်သွားခဲ့ပြီး သွေးများ ပန်းထွက်လာခဲ့လေ၏။

ကျိယောင်ဆီသို့ ပြေးဝင်သွားကြသော ရှယုန်နှင့် ကုပန်တို့မှာ နာကျင်စွာ အော်ဟစ်ကြရင်း အထိတ်တလန့်ဖြင့် နောက်သို့ ပြန်ဆုတ်လာကြလေသည်။

ဖတ်… ဖတ်…

လက်နှစ်ဖက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့လေ၏။

“ငါ့လက်…” ရှယုန်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော သူ၏ လက်ပြတ်ကို ကြည့်ရင်း အလန့်တကြား ထအော်လေ၏။ ယခုမှသာလျှင် ဘာဖြစ်လို့ဖြစ်သွားမှန်း နားလည်သွားခဲ့ရသည်။ ကုပန်မှာလည်း ရှယုန်နည်းတူ မြေပြင်ပေါ်သို့ ပြုတ်ကျနေသော သူ့လက်ပြတ်အား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေလေသည်။

“ဘာမဟုတ်တဲ့ ကျင့်ကြံခြင်းလေးနဲ့များ ငါတို့ကို လာပြဿနာရှာရဲတယ်… မင်းတို့ ကိုယ့်သေတွင်းကိုယ် တူးချင်နေတဲ့ ကောင်တွေပဲကွ…” ရန်ကိုင်သည် ရှယုန်နှင့် ကုပန်တို့အား အံ့အားသင့်တကြီးဖြင့် ကြည့်ရင်း ပြောလိုက်လေသည်။

လူနှစ်ဦးသည် ရန်ကိုင်တို့ဆီသို့ ဝေစုအသီးသီးခွဲရင်း အပြိုင်အဆိုင် ပြေးလာကြလေသည်။ ထိုလူများ၏လုပ်ရပ်ကြောင့် ရှယုန်နှင့် ကုပန်တို့မှာ အတော်လေးကိုမှ အားကောင်းမည်ဟု ရန်ကိုင် ထင်မိသွားလေ၏။ သို့သော်ငြား ယခု ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့် အခါမှသာလျှင် ထိုနှစ်ဦးမှာ တာအိုသခင် တတိယအဆင့်သာ ရှိသေးကြောင်း နားလည်သွားရသည်။

“မင်း…” ကုပန်သည် ရန်ကိုင်နှင့် ကျိယောင်တို့အား ကြည့်ရင်း နားမလည်နိုင်ဟန်ဖြင့် မေးလိုက်လေသည်။ “မင်းတို့ ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် ပြန်ကောင်းလာရတာလဲ…”

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ကုပန် ဘာကိုပြောချင်လို့ ပြောချင်နေမှန်း သူနားမလည်။ သို့သော်ငြား ခဏမျှစဉ်းစားပြီးသည့်နောက် နားလည်သွားကာ ပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ဒီနေရာကို တည်နေရာခုန်ကူးလာလို့ ငါတို့ခံစားရမယ့် ဘေးထွက်ဆိုးကျိုးတွေကို မင်းပြောချင်နေတာမလား…”

ဟင်းလင်းပြင်အစီအရင်များမှတစ်ဆင့် တည်နေရာကူးပြောင်းမည်ဆိုပါက ခေါင်းမူးဝေသည့် ပြဿနာကို ကြုံတွေ့ရနိုင်ပေသည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ကျင့်ကြံသူတစ်ဦး၏ အာရုံခံစားနိုင်စွမ်းနှင့် တုံ့ပြန်နိုင်စွမ်းမှာ သိသိသာသာကို နိမ့်ကျနေလိမ့်မည်ဖြစ်လေရာ ချောင်းမြောင်းတိုက်ခိုက်မည်ဆိုပါက အောင်မြင်နိုင်ချေ များပေသည်။

ထို့အတွက်ကြောင့် သာမန်အခြေအနေမျိုးတွင် မြို့ကြီးများရှိ ဟင်းလင်းပြင်အစီအရင်များကို မြို့သခင်စံအိမ်မှ ကျင့်ကြံသူများက စောင့်ကြပ်ပေးနေလေ့ ရှိကြပေသည်။ ထိုအစောင့်များ၏ တာဝန်မှာ ဟင်းလင်းပြင်အစီအရင်အား ကာကွယ်ပေးရုံသက်သက်သာလျှင် မဟုတ်ဘဲ ဟင်းလင်းပြင်အစီအရင်မှတစ်ဆင့် တည်နေရာခုန်ကူးလာသည့် လူများကိုလည်း ကာကွယ်ပေးရန် ဖြစ်ပေသည်။

သို့သော်ငြား သံချပ်နက်မြို့ထဲတွင် ရှိနေသည့် ဟင်းလင်းပြင်အစီအရင်မှာတော့ ထိုကဲ့သို့မဟုတ်ချေ။ အစီအရင်သည် မြို့လယ်ခေါင်တည့်တည့်တွင် ရှိနေပြီး အစီအရင်အား စောင့်ကြပ်ကာကွယ်ပေးနေသည့် အစောင့်မှာလည်း တစ်ဦးတစ်ယောက်ပင် ရှိမနေခဲ့။ ထိုအစား ခိုးဆိုးလုယက် ဓါးပြတိုက်ရန် ကြံနေကြသည့် လူအချို့သည်သာ အနီးအနားတွင် ရှိနေကြလေသည်။

ရှယုန်နှင့် ကုပန်တို့မှာ ထိုကဲ့သို့သော လူစားမျိုး ဖြစ်ကြပေသည်။ ရန်ကိုင်နှင့် ကျိယောင်တို့ ခေါင်းမူးဝေနေသည်ကို အခွင့်ကောင်းယူလျက် အလစ်ချောင်းတိုက်ခိုက်ရန် ကြိုးစားခဲ့ပါသော်ငြား မအောင်မြင်ခဲ့ဘဲ သူတို့သည်သာ ဒုက္ခလှလှနှင့် ပြန်တွေ့ခဲ့ရသည်။

ရန်ကိုင်သည် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့် အတွက်ကြောင့် မရဏဂိုဏ်းမှ ဟင်းလင်းပြင်အစီအရင်ကိုသုံး၍ တည်နေရာခုန်ကူးလာသည့်အခါ လေဟာနယ်နိယာမစွမ်းအားများကို ထိန်းချုပ်၍ ကျိယောင်ကို ကာကွယ်ပေးထားခဲ့လေသည်။ ဤမျှလောက်သော တာတိုတည်နေရာကူးပြောင်းခြင်းသည် ရန်ကိုင်အား မည်သည့်မူးဝေမှုကိုမှ မခံစားရစေနိုင်ပေ။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…” ရှယုန်မှာ လုံးဝကို မယုံကြည်နိုင် ဖြစ်နေခဲ့လေသည်။

“ဘာလို့လဲဆိုတော့ ဒီသခင်လေးက အားကောင်းလို့လေ…” ရန်ကိုင်က ပြုံးဖြီးလိုက်လေသည်။ သို့သော်ငြား ရန်ကိုင်၏အပြုံးသည် ရှယုန်နှင့် ကုပန်တို့၏ ရင်ထဲအသည်းထဲကို အကြောက်ကြီး ကြောက်ရွံ့သွားစေခဲ့လေ၏။

“ဆရာ… ကျေးဇူးပြုပြီး ကျုပ်တို့ကို ချမ်းသာပေးပါ…” မုတ်ဆိတ်ဗရပျစ်နှင့် ရှယုန်မှာ ရုတ်တရက်ဆိုသလို အော်ဟစ်အသနားခံတောင်းပန်တော့လေသည်။

ကုပန်မှာတော့ ရှယုန်ကဲ့သို့ တောင်းပန်မနေဘဲ ချက်ချင်းကို လှည့်ပြေးလေ၏။

“ဟမ့်…” ကျိယောင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် သူမ၏ဓါးကို ကိုင်စွဲရင်း ကုပန်နောက်သို့ တဟုန်ထိုး ပြေးလိုက်သွားခဲ့ရာ တစ်ခဏအတွင်း လိုက်မီသွားခဲ့လေသည်။ ထို့နောက် သူမဓါးဖြင့် ကုပန်၏ ရင်ဘတ်တည့်တည့်နေရာဆီသို ထိုးချလိုက်လေ၏။ “စွပ်” ခနဲ မြည်သံနှင့်အတူ ကုပန် မြေပြင်ပေါ်သို့ မလှုပ်မယှက် လဲကျသွားခဲ့လေသည်။

ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် တာအိုသခင်တတိယအဆင့်သို့သာ ရောက်သေးသော ကျင့်ကြံသူတစ်ဦးကို သတ်ပစ်ဖို့ရာ ကျိယောင်အနေဖြင့် သူမ၏ အစစ်အမှန်စွမ်းအားကို ထုတ်သုံးနေစရာ မလိုခဲ့ပေ။

ထိုအချင်းအရာကိုမြင်သည့်အခါ ရှယုန်၏မျက်နှာ ဖြူဖတ်ဖြူလျော်ဖြစ်လာပြီး သူ၏ခြေထောက်များမှာလည်း ကတုန်ကယင် ဖြစ်လာခဲ့ရလေသည်။ ထို့နောက် ကြောက်ကြောက်လန့်လန့်ဖြင့် ထပ်မံ၍ အသနားခံ တောင်းပန်လိုက်ပြန်လေသည်။ “တောင်းပန်ပါတယ်ဆရာရယ်… ကျုပ်အသက်ကို ကျေးဇူးပြုပြီး ချမ်းသာပေးပါ…”

ရန်ကိုင်သည် ရှယုန်အား ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်လျက် အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။ “မင်းတို့နှစ်ယောက် ဒါမျိုးတွေလုပ်တာ တစ်ကြိမ်မကတော့ဘူးမလား…”

“မဟုတ်ပါဘူး ဆရာ… မဟုတ်ပါဘူး ဆရာ… ဒါ ကျုပ်အတွက် ပထမဆုံးအကြိမ်ပါပဲ…” ရှယုန်က သနားစဖွယ်အမူအယာဖြင့် ပြန်ပြောလေ၏။

“တံငါနားနီး တံငါ… မုဆိုးနားနီး မုဆိုးတဲ့…” ရန်ကိုင်က ပြောလိုက်လေသည်။ “မင်းက ဒီမြို့မှာနေပြီး ဒီအလုပ်ကို လုပ်နေတယ်ဆိုမှတော့ ထင်ထားသလို ဖြစ်မလာခဲ့ရင် ဘယ်လိုအကျိုးဆက်တွေ ရှိနိုင်လဲဆိုတာကိုလည်း သိထားသင့်တာပေါ့… မင်း အရမ်းငယ်သေးတယ်… နောက်ဘဝကျရင် ဒါမျိုးတွေ ဆက်မလုပ်နဲ့…”

“နောက်ဘဝ…” ရှယုန်၏ခန္ဓာကိုယ် တုန်တက်သွားခဲ့ပြီး သူ၏မျက်လုံးထဲ ကြောက်ရွံ့မှုတို့ အထင်းသား ထွက်ပေါ်လာခဲ့လေသည်။ သို့သော်ငြား ဘာဆိုဘာမျှ မလုပ်နိုင်သေးခင်မှာပင် ကျိယောင်သည် ရှယုန်အား သူမ၏လက်ဝါးဖြင့် ရိုက်ချကာ အသားပုံအဖြစ်သို့ ပြောင်းပေးလိုက်လေ၏။

ထိုအချင်းအရာကို ကြည့်နေကြသည့် အနီးအနားတွင် ရှိနေကြသော ကျင့်ကြံသူများ တုန်တုန်ရီရီ ဖြစ်သွားကုန်ကြလေသည်။ အကုန်လုံးမှာ စံထိပ်ထားလောက်သည့် ပြိုင်ဘက်ကင်းအလှတရားကို ပိုင်ဆိုင်ထားပါသော်ငြား လူ့အသက်များကို ယင်ကောင်သဖွယ် ခြွေယူပစ်နေသည့် ရေခဲနတ်မိမယ်လေးအား စိုက်ကြည့်နေကြလေသည်။ အကုန်လုံးမှာ ကျိယောင်အား အလွန်အမင်းကိုမှ ကြောက်ရွံ့နေကြလေသည်။

ရန်ကိုင်သည် သိုလှောင်လက်စွပ်နှစ်ကွင်းကို ကောက်ယူသိမ်းဆည်းလိုက်လေသည်။ အထဲတွင် မည်သို့သော ပစ္စည်းများ ရှိနေသလဲ ဆိုသည်ကိုတော့ စစ်ပင် မစစ်ကြည့်တော့ချေ။ တာအိုသခင်တတိယအဆင့် ကျင့်ကြံသူနှစ်ဦး၏ သိုလှောင်လက်စွပ်မှာ ရန်ကိုင်အတွက်တော့ ဘာမှ မပြောပလောက်တော့ပေ။ တကယ်တော့ လက်ရှိရန်ကိုင်သည် အလွန်တရာကိုမှ ကြွယ်ဝချမ်းသာနေပြီ မဟုတ်လေလော။ သိုလှောင်လက်စွပ်များကို ကောက်ယူပြီးသည့်နောက်တွင် ရန်ကိုင်သည် ကျိယောင်ဘက်သို့လှည့်၍ ပြောလိုက်လေ၏။ “သွားကြမယ်…”

ကျိယောင်လည်း ခေါင်းညိတ်ပြီး ရန်ကိုင်နှင့်အတူ ပျံသန်းကာ ထွက်ခွာလာခဲ့လေသည်။

သံချပ်နက်မြို့ဆီမှ ထွက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် တစ်ခုသောဘက်ဆီမှ ညွှန်ပြရင်းမှ ပြောလိုက်လေ၏။ “ယောင်အာ… မြောက်ဘက်နယ်မြေက အဲ့ဘက်ဖြစ်လောက်တယ်… ရေခဲနှလုံးသားတောင်ကြားကို ဘယ်လိုပြန်သွားရမလဲ နင်သိလား…”

ကျိယောင်က ခေါင်းညိတ်လိုက်၏။ “ကျွန်မသိပါတယ်ဆရာ…”

“အဲ့ဒါဆိုရင် နင်ဦးဆောင်ပြီးတော့ သွားလိုက်… ငါ နည်းနည်း‌လောက် ကျင့်ကြံလိုက်ဦးမယ်…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် လှေပျံလေးကိုထုတ်၍ လှေပျံပေါ်သို့တက်ကာ ကျိယောင်ကိုလည်း လှေပေါ်သို့တက်လာရန် ပြောလိုက်လေသည်။

သို့သော်ငြား ကျိယောင်သည် ရန်ကိုင်၏လှေပျံကို တစ်ချက်မျှ ကြည့်ပြီးသည့်နောက် တောင်းတောင်းပန်ပန်ဖြင့် ပြောလိုက်လေ၏။ “ဆရာ… ကျွန်မရဲ့ ပျံသန်းရေးမှော်ရတနာကိုပဲ သုံးကြရအောင်… ဆရာ့ဟာက သိပ်အဆင်မပြေလောက်ဘူး…”

ရန်ကိုင်၏မျက်နှာ မဲ့သွားခဲ့လေသည်။

လှေပျံကို လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ကျိုဖုန်းမှ ပေးခဲ့ခြင်းဖြစ်ကာ တာအိုသခင်အဆင့်မြင့် လှေပျံတစ်ခု ဖြစ်ပေသည်။ လှေပျံမှာ အတော်လေးကိုမှ ကောင်းမွန်သည်ဟု ပြော၍ရသည်။ သို့သော်ငြား သူ့ကျင့်ကြံခြင်းမှာ ဧကရာဇ်အဆင့်သို့ ရောက်လာပြီးသည့်နောက်တွင် ဤလှေပျံလေးသည် ရန်ကိုင်၏အဆင့်အတန်းနှင့် သိပ်၍ မလိုက်ဖက် ဖြစ်လာတော့လေသည်။

ကျိယောင်မှာလည်း လှေပျံ၏အရည်အသွေးကို ကျိန်းသေ သတိပြုမိလောက်သည်။ ထို့ကြောင့်ပင် ဤကဲ့သို့ ပြောလိုက်ခြင်း ဖြစ်ပေသည်။

ကျိယောင်တွင် ပိုကောင်းသည့် ပျံသန်းရေးမှော်ရတနာ ရှိနေမှဖြင့် ရန်ကိုင်လည်း ကန့်ကွက်မနေခဲ့ဘဲ သူ့လှေပျံကို ပြန်သိမ်းလိုက်လေသည်။ ကျိယောင်က ပြုံးလျက် သူမလက်ကို ဝှေ့ယမ်းကာ ကျော့ရှင်းလှသည့် သေးသွယ်သွယ် လှေလေးတစ်စင်းကို ထုတ်လိုက်လေသည်။

ထိုလှေလေးမှာ သိပ်မကြီးလှ။ ဆယ်မီတာခန့်သာ ရှိလေသည်။ သို့သော်ငြား လှေပျံကို တည်ဆောက်ထားသည့်ပုံမှာ အတော်လေးကိုမှ သားနားလှပေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤလှေပျံကို အဆင့်မြင့်ပညာရှင်တစ်ဦးမှ ဖန်တီးထားမှန်း သိနိုင်ပေသည်။ သိသာလှသည့် စိတ်ဝိဉာဉ်ချီစွမ်းအင်လှိုင်းတို့မှာ လှေပျံဆီမှ အဆက်မပြတ် ဖြာထွက်နေခဲ့လေသည်။ ဤလှေပျံသည် ခြွင်းချက်မရှိအောင်ကိုပင် ဧကရာဇ်အဆင့် မှော်ရတနာတစ်ခု ဖြစ်ပေသည်။

“တက်ပါ ဆရာ…” ကျိယောင်သည် ရန်ကိုင်ကို ရှေ့မှ သွားစေလိုက်သည်။

ရန်ကိုင်သည် လည်ချောင်းကို အသာအယာရှင်းလျက် လှေပျံပေါ်သို့ တက်လိုက်လေသည်။ ရန်ကိုင် တက်သွားပြီးမှသာ ကျိယောင်သည် လှေပျံပေါ်သို့ တက်လိုက်၏။

“ဆရာ… အခန်းတစ်ခန်းရှာပြီး နားနေလိုက်နော်… ရေခဲနှလုံးသားတောင်ကြားရောက်တဲ့ထိ ယောင်အာပဲ ဆက်ပြီး မောင်းသွားလိုက်ပါမယ်…” ကျိယောင်က ပြောလိုက်သည်။

“ကောင်းပြီ…” ရန်ကိုင်လည်း ခေါင်းညိတ်၍ လက်နောက်ပစ်ရင်း လှေပျံလေး၏ ဝမ်းတွင်းပိုင်းထဲသို့ ဝင်လာခဲ့လေသည်။ ထို့နောက် အခန်းတစ်ခန်းရှာကာ ထိုအခန်းထဲသို့ ဝင်လာခဲ့လေ၏။ သို့သော်ငြား ထိုင်ပင်မထိုင်ရသေးခင်မှာပင် လှေပျံသည် အနည်းငယ် လှုပ်ခါသွားခဲ့ပြီး လေအလျင်ဖြင့် ပျံသန်းထွက်သွားကြောင်း ခံစားမိလိုက်ရသည်။

ဤလှေပျံလေး၏ အမြန်နှုန်းမှာ သူ၏လှေပျံထက် အဆပေါင်းများစွာ ပိုသာပေသည်။ ဤလှေပျံမှာ မြန်လည်းမြန်သလို လှေပျံ၏အတွင်းပိုင်းမှာလည်း နေရထိုင်ရ အလွန်ကိုမှ သက်သောင့်သက်သာ ဖြစ်လှပေသည်။ သူ့လှေပျံလေးနှင့် လုံးဝမတူချေ။ ရန်ကိုင်ခမျာ သူ့လှေပျံပေါ်တွင် ထိုင်စဉ်က အရံအတားကို အသက်မသွင်းခဲ့ပါက လေပြင်းများသည် သူ့မျက်နှာအား တဟူးဟူးနှင့် လာရောက်ရိုက်ခတ်လေ၏။

ကြည့်ရသလောက် သူ့အနေဖြင့် နောက်နောင်တွင် ခရီးသွားလာရန်အတွက် ပို၍အဆင့်မြင့်သည့် ပျံသန်းရေးမှော်ရတနာတစ်ခုအား ရှာဖွေရတော့မည့်ပုံပင်။

ရန်ကိုင်သည် အတွေးများကို စုစည်းလိုက်ပြီးသည့်နောက်တွင် ကမ္ဘာငယ်လေးထဲသို့ ဝင်လာခဲ့လိုက်လေသည်။

ရှီဟွော့၏အမြုတေအား စုပ်ယူပြီးသည့် အချိန်မှစ၍ ကျောက်တုံးကိုယ်ပွားသည် မိန်းမောစွာ အိပ်မောကျနေခဲ့သည်။ ကမ္ဘာငယ်လေးရှိ တစ်နေရာတွင် မလှုပ်မယှက် တင်ပလင်ခွေထိုင်နေခဲ့လေသည်။ ရှီဟွော့၏အမြုတေအား အပြည့်အဝ စုပ်ယူပြီးရန် မည်မျှကြာမလဲ ဆိုသည်ကို မည်သူမျှ မသိကြပေ။

ထို့နောက် ဆေးဥယျာဉ်ဘက်သို့ လှည့်ကြည့်လိုက်ရာ ဆေးဥယျာဉ်ထဲရှိ ဆေးပင်များမှာ ကောင်းမွန်စွာ ပေါက်ရောက်နေကြောင်း တွေ့လိုက်ရသည်။ ကမ္ဘာငယ်လေးတစ်ခုလုံးမှာ သုဿန်တစ်စပြင်နှယ် တိတ်ဆိတ်နေခဲ့သည်။

ယခင်က ရန်ကိုင်မှ ကမ္ဘာငယ်လေးထဲသို့ ဝင်လာစဉ် ရို့ရှီ၊ လျို့ယန်၊ အစ်မဟွာတို့ကို တွေ့ရလေသည်။ သို့သော်ငြား ယခုမူ ကျောက်တုံးကိုယ်ပွားတစ်ဦးသာ ရှိနေတော့သည်။ ကျောက်တုံးကိုယ်ပွားမှာလည်း ရှီဟွော့၏အမြုတေကို စုပ်ယူရင်း မိန်းမောနေခဲ့လေရာ ရန်ကိုင်ရောက်လာသည်ကို ကြိုဆိုမည့်လူ တစ်ဦးတစ်ယောက်မှ ရှိမနေခဲ့ပေ။

ရန်ကိုင်သည် သက်ပြင်းချလျက် ခေါင်းတခါခါဖြင့် ကမ္ဘာငယ်လေးထဲမှ ပြန်ထွက်လာလိုက်လေသည်။

အခန်းထဲသို့ ပြန်ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် အဆင့်မြင့်အရင်းအမြစ်ကျောက်များကို ထုတ်ယူလျက် ယခင်တစ်ကြိမ်က သန့်စင်ထားခဲ့သော ဧကရာဇ်အဆင့် ဆေးလုံးများကိုသောက်ကာ စတင် ကျင့်ကြံတော့လေသည်။

ရှေးဟောင်းကုန်းမြေထဲရှိ အဖြစ်အပျက်သည် ရန်ကိုင်၏ ပိုမိုအားကောင်းလာချင်စိတ်ကို လှုံ့ဆော်ပေးခဲ့သည်။ အထူးသဖြင့် နတ်သားရဲရှီဟွော့ရှေ့၌ သူ့အနေဖြင့် ဘာမှ ပြန်မလုပ်နိုင်ခဲ့သည့် အကြောင်းကို တွေးရင်း ရန်ကိုင်မှာ ပိုပို၍ အားကောင်းချင်လာမိသည်။

ထို့အတွက်ကြောင့် ယခု အချိန်ရှိတုန်းရှိခိုက် စတင်၍ ကျင့်ကြံတော့လေသည်။

ရန်ကိုင်ထုတ်ယူထားခဲ့သော အရင်းအမြစ်ကျောက်များ တစ်တုံးပြီးတစ်တုံး ပြာမှုန်ဘဝသို့ ရောက်ရှိနေခဲ့သလို မြောက်မြားစွာသော ဧကရာဇ်အဆင့် ဆေးလုံးများမှာလည်း ကုန်ဆုံးနေခဲ့ကာ ရန်ကိုင်ကိုယ်တွင်းရှိ စွမ်းအားများမှာလည်း တလိပ်လိပ် တက်လာနေခဲ့လေသည်။ ရန်ကိုင်မှ ကျင့်ကြံပြီး မကြာခင်မှာပင် သင်္ဘောတစ်စီးလုံး တုန်ခါသွားခဲ့ပြီး ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

ထိုရုတ်တရက်အဖြစ်အပျက်ကြောင့် ရန်ကိုင်မှာလည်း ကျင့်ကြံနေရာမှ နိုးလာခဲ့ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။

ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးမကြည့်ရသေးခင်မှာပင် ကျိယောင်၏ အေးစက်စက်အော်သံကို ကြားလိုက်ရလေသည်။ “လမ်းဖယ်စမ်း…”

ကျိယောင်မှ ထိုကဲ့သို့ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် လူအိုကြီးတစ်ဦး၏အသံ ထွက်လာခဲ့သည်။ “မိန်းကလေး… သခင်မလေးရွှယ့်မန်က မိန်းကလေးရဲ့သင်္ဘောကို လိုချင်နေလို့ မိန်းကလေးအနေနဲ့ သဘောထားကြီးကြီးနဲ့ ဒီလှေပျံလေးကို ရောင်းပေးလို့ ရနိုင်မလား… ကျုပ်တို့ဘက်က လုံးဝ ဈေးနှိမ်ပြီး ဝယ်မှာမဟုတ်ဘူး… မိန်းကလေး စိတ်ကျေနပ်လောက်မယ့် တန်ဖိုးကို ပေးပြီး ဝယ်မှာပါ…”

“ဖယ်စမ်း…” ကျိယောင်ကမူ အေးစက်စက်လေသံဖြင့်သာ ပြန်ပြောလိုက်လေသည်။

လူအိုကြီး၏လေသံထဲ ဒေါသသံတို့ စွက်ဖက်လာခဲ့သည်။ “မိန်းကလေး… နင် ဘာဖြစ်လို့ ဒီလောက်တောင် ခေါင်းမာချင်ရတာလဲ… သခင်မလေးရွှယ့်မန် နင့်သင်္ဘောကိုလိုချင်တာလား နင့်အတွက်တောင် ကောင်းသေးတယ်… အခုတလော မြောက်ဘက်နယ်မြေက သိပ်ပြီး ငြိမ်းချမ်းတာမဟုတ်ဘူး… နင်သာ ဒီလိုမျိုး လှေပျံလေးကို စီးပြီးတော့ မြို့ထဲဝင်သွားမယ်ဆိုရင် အခြားသူတွေ အာရုံစိုက်လာတာမျိုး ခံရနိုင်တယ်… မကောင်းတဲ့လူတစ်ယောက်ယောက်နဲ့ သွားတိုးလို့ရှိရင် နင့်ကံကြမ္မာက စိတ်ပူစရာ ဖြစ်သွားမှာနော်…”

“ဟုတ်တယ် မိန်းကလေးရဲ့… ဒါ ငါတို့အတွက် လုပ်ပေးနေရုံတင်မဟုတ်ဘူး… နင့်အတွက်လည်း နင်လုပ်နေတာပဲ… ငါတို့ပေးမယ့်တန်ဖိုးက နင့်ကို လုံးဝ စိတ်မပျက်စေရဘူး…” ပို၍ ငယ်ရွယ်သည့် အသံတစ်သံ ထွက်လာခဲ့သည်။

“ဘာတွေဖြစ်နေတာလဲ…” ရန်ကိုင်သည် သင်္ဘောဝမ်းတွင်းထဲမှထွက်၍ ကျိယောင်ဘေးတွင်ရပ်ကာ မေးလိုက်လေသည်။

ထို့နောက် လှမ်း၍ ကြည့်လိုက်ရာ သူတို့လမ်းကို လူသုံးဦးအဖွဲ့မှ ပိတ်ရပ်ထားကြောင်း တွေ့လိုက်ရလေသည်။ လူတစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် လူအိုကြီးတစ်ဦးပင်။

အမျိုးသားနှင့် အမျိုးသမီးမှာတော့ စုံတွဲဖြစ်ဟန်ရပေသည်။ နှစ်ဦးသားမှာ အတော်လေးကိုမှ ရင်းနှီးလှသည့်ပုံပင်။ အမျိုးသားမှာ ရုပ်ချောသလို အမျိုးသမီးမှာလည်း ချောမောလှပကာ နှစ်ဦးစလုံးမှာ အတော့်ကိုမှ လိုက်ဖက်လှပေသည်။ သို့သော်ငြား သူတို့၏မျက်လုံးထဲရှိ အမူအယာများမှာတော့ သူတို့၏ရုပ်နှင့်မှမလိုက် စိတ်ပျက်စရာကောင်းလှသည်။

အမျိုးသားမှာ ကျိယောင်အား နတ်မိမယ်တစ်ပါးကို မြင်လိုက်ရသည့်နှယ် အပြူးအပြဲ စိုက်ကြည့်နေခဲ့လေသည်။ စကားပြောနေစဉ်အတောအတွင်း သူ့အကြည့်သည် ကျိယောင်ဆီမှ တစ်ချက်ကလေးပင် မခွာခဲ့။ ကျိယောင်၏အလှကြောင့် ထိုအမျိုးသား မှင်တက်နေသည်မှာ သိသာလှသည်။

အမျိုးသမီး၏ အကြည့်ထဲတွင်တော့ မနာလိုရိပ်တို့ကို အထင်းသား မြင်တွေ့နေရလေသည်။ မည်သို့ပင် ကြည့်နေစေကာမူ သူမသည် ကျိယောင်နှင့် မယှဉ်နိုင်ကြောင်း တွေ့လိုက်ရလေသည်။ ထို့နောက် သူမ၏လက်တွဲဖော်အား လှမ်းကြည့်လိုက်ရာ ထိုလူ၏အမူအယာကို မြင်ပြီးသည့်နောက် အမျိုးသမီး၏မျက်နှာ ရှုံ့မဲ့သွားခဲ့ပြီး အမျိုးသား၏ခါးကို ကောက်လိမ်ဆွဲလိုက်သဖြင့် အမျိုးသားမှာ အလန့်တကြား ထအော်လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၆၁၉)

ရန်ကိုင်က ကျိယောင်ဘက်သို့ လှည့်၍ မေးလိုက်လေသည်။ “ဘာတွေဖြစ်နေတာလဲ…”

“ဆရာ… ဒီလူတွေ ကျွန်မတို့လမ်းကို လာပိတ်နေတယ်…” ကျိယောင်က ပြန်ပြောလိုက်သည်။

“ဆရာ…” ထိုစကားကိုကြားသည့်အခါ ရန်ကိုင်တို့လမ်းအား ပိတ်ရပ်နေသည့် လူသုံးဦးသည် ရန်ကိုင်အား အထူးအဆန်းအမူအယာများဖြင့် ကြည့်လာကြလေသည်။ ကျိယောင်၏အရွယ်လောက်သာ ရှိသေးသော ရန်ကိုင်သည် ထိုအေးစက်စက်အမျိုးသမီး၏ ဆရာ ဖြစ်နေသည်လား။

သို့သော်ငြား လှေပျံတစ်ခုလုံးကို အကာအကွယ် အရံအတားမှ ဖုံးလွှမ်းထားသည့် အတွက်ကြောင့် လူအိုကြီးသည်ပင်လျှင် ရန်ကိုင်နှင့် ကျိယောင်တို့၏ ကျင့်ကြံခြင်းကို မစစ်ဆေးနိုင်ခဲ့ပေ။

သို့သော်ငြား ထိုလူငယ်လေးသည် အမျိုးသမီး၏ဆရာ ဖြစ်သည့်အတွက်ကြောင့် သူကျင့်ကြံခြင်းမှာ အတော်လေးကိုမှ မြင့်မားရပေလိမ့်မည်။ အနည်းဆုံး ရန်ကိုင်သည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်လိမ့်မည်ဟု လူအိုကြီး ခန့်မှန်းမိလိုက်သည်။ တကယ်တော့ ဤလှေပျံလေးသည် ဧကရာဇ်အဆင့် မှော်ရတနာတစ်ခုပင် မဟုတ်လေလော။ ဧကရာဇ်အဆင့် မှော်ရတနာတစ်ခုကို ပိုင်ဆိုင်ထားသည့်လူသည် တာအိုသခင်အဆင့် ပညာရှင်တစ်ဦး မဖြစ်နိုင်လောက်ပေ။

ထိုသို့စဉ်းစားမိလိုက်သော် လူအိုကြီးသည် ရန်ကိုင်အား ပြုံးပြလျက် ပြောလိုက်လေ၏။ “စိတ်မပူပါနဲ့ လူငယ်လေး… ငါတို့ မင်းတို့အပေါ် ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိပါဘူး…”

“အို… ကျုပ်ပုံစံက စိတ်ပူနေတဲ့ပုံ ပေါက်လို့လား…” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။ ဤလူအိုကြီးသည် အတော့်ကိုမှ ယုံကြည်ချက်ရှိလှပါလားဟုလည်း တွေးနေမိလေသည်။

ရန်ကိုင်သည် ရှေးဟောင်းကုန်းမြေထဲသို့ သွား၍ နတ်အရှင်လေးပါးနှင့် မွန်းစတားဘုရင် သုံးဆယ့်နှစ်ပါးရှေ့တွင်ပင် ပြဿနာရှာခဲ့သူတစ်ဦး ဖြစ်သလို မဟာဧကရာဇ်တစ်ပါးမကကိုလည်း တွေ့ခဲ့ပြီးသွားလေပြီ။ ဤလောကကြီးထဲတွင် ရန်ကိုင်အား စိုးရိမ်အောင် လုပ်နိုင်သည့်အရာဆို၍ အနည်းငယ်လောက်သာ ရှိတော့သည်။

လူအိုကြီးကမူ ရန်ကိုင်ပြောသည်ကို မကြားချင်ယောင်ဆောင်လျက် ပြန်ပြောလိုက်လေသည်။ “မင်းတို့ရဲ့ လှေပျံလေးကို သခင်မလေးရွှယ့်မန်က မျက်စိကျသွားလို့ ငါတို့ ဒီလှေပျံလေးကို ဝယ်ချင်လို့… မင်းတို့ ဒီလှေပျံနဲ့ ခွဲနိုင်မလားတော့ မသိဘူး… ငါတို့ မင်းကို တကယ် ရက်ရက်ရောရော ပေးမှာပါ…”

တစ်ချက်ရပ်ပြီးသည့်နောက် လူအိုကြီးက ဆက်ပြောလိုက်သည်။ “ငါ့ကိုယ်ငါ မိတ်ဆက်ဖို့ မေ့သွားတယ်… ငါက မိုးကြိုးစံအိမ်က ရန်ချင်းပဲ… ဒီတစ်ယောက်က စံအိမ်ရဲ့ သခင်လေးပိုင်လု… ဒီတစ်ယောက်က စင်ကြယ်ခြင်းမြို့တော်က မြို့သခင်ရဲ့ သမီး ရန်ရွှယ့်မန်ပဲ…”

လူအိုကြီးမှ မိတ်ဆက်ပေးပြီးသည့်နောက် အမျိုးသမီးနှင့် အမျိုးသားတို့သည် ရန်ကိုင်အား ခေါင်းမော့ရင်ကော့လျက် ကြည့်လာကြလေသည်။ မိုးကြိုးစံအိမ်နှင့် စင်ကြယ်ခြင်းမြို့တော်တို့သည် အမှန်တကယ်ကို အားကောင်းလှသည့် အင်အားစုများ ဖြစ်ကြသည့်အလား။

သခင်လေးပိုင်လုဆိုသည့်လူက ရယ်မောကာ ပြုံးပြလျက် လက်သီးဆုပ်ကာ မေးလိုက်လေသည်။ “မင်းရဲ့နာမည်ကို သိလို့ရမလား နတ်မိမယ်လေး…”

သူ့ကြည့်ရသည်မှာ ရန်ကိုင်ကို လုံးဝ စိတ်မဝင်စားသည့်ပုံပင်။ ကျိယောင်၏နာမည်ကိုသာ ချက်ချင်း တန်းမေးလိုက်လေသည်။ မြို့သခင်၏သမီးဖြစ်သော ရန်ရွှယ့်မန်မှာ အတော်လေးကိုမှ ချောမောလှပပါသော်ငြား ကျိယောင်နှင့်ယှဉ်လိုက်သော် လမင်းရှေ့သို့ရောက်နေသည့် ပိုးစုန်းကြူးနှယ် ဖြစ်သွားရသည်။

ပိုင်လု၏အမေးကြောင့် အနားတွင်ရှိနေသော ရန်ရွှယ့်မန်မှာ သူ့အား ထကန်တော့လေသည်။ ထို့နောက် ပိုင်လုကိုကြည့်၍ ပြောလိုက်လေ၏။ “နင် ဘာဖြစ်လို့ သူ့နာမည်ကို သွားမေးနေတာလဲ… သူ့ကို စိတ်ဝင်စားနေတာလား… ခွေးသူတောင်းစားကောင်… နင့်မှာ ငါရှိနေပြီလေ… အဲ့ဒါကို အခြားမိန်းမတွေ ထပ်လိုချင်နေသေးတာလား… နင် အထုအထောင်း ခံချင်နေသေးတာလား…”

ပြောပြီးသည့်နောက် ပိုင်လုအား ကန်ကျောက်ထိုးကြိတ်တော့လေသည်။ သူမ၏လက်သီးချက်များ၊ ခြေကန်ချက်များမှာ အားမပါလှ။ လျော့တိလျော့ရဲ ဖြစ်နေကာ ပိုင်လုအား မနာကျင်စေသည့်အပြင် ပိုင်လုနှင့် လူရှေ့သူရှေ့၌ ကလူကျီစယ်နေသည့် ပုံစံမျိုးပင် ပေါက်နေသေးသည်။ ပိုင်လုမှာတော့ အနည်းငယ်မျှပင် စိတ်ပျက်သွားခြင်းမရှိဘဲ ရယ်ရယ်မောမောဖြင့်ပင် ရန်ရွှယ့်မန်အား သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်လေသည်။

ရန်ချင်းကမူ ထိုနှစ်ဦးအား တစ်ချက်မျှပင် မကြည့်ဘဲ ပြောလိုက်လေသည်။ “သခင်လေးနဲ့ သခင်မလေးရွှယ့်မန်တို့က အခုလိုမျိုးပဲ လုပ်နေကြမို့လို့ ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့…”

ကျိယောင်က အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။ “ရှင်တို့ကိစ္စက ကျွန်မနဲ့ ဘာမှမဆိုင်ဘူး… ကျွန်မဆရာနဲ့ ကျွန်မ သွားစရာရှိသေးတယ်… အခု လမ်းဖယ်ပေးတော့…”

“မိန်းကလေး…” ရန်ချင်းက ထပ်ပြောလိုက်သည်။ “ဒီလူအိုကြီးက နင့်ရဲ့လှေပျံကိုပဲ ဝယ်ချင်တာလေ…”

“ရောင်းမှာမဟုတ်ဘူးလို့ ကျွန်မပြောပြီးသွားပြီလေ…” ကျိယောင်၏အမူအယာ အေးစက်သည်ထက် အေးစက်လာခဲ့လေသည်။

ပိုင်လုက ချိုသာစွာပြုံးလျက် “မိန်းကလေးရယ်… အဲ့လောက်ကြီးလည်း အေးစက်စက် မလုပ်စမ်းပါနဲ့… မိတ်ဆွေများတယ်ဆိုတာ အကျိုးယုတ်တာမှမဟုတ်တာ… လှေပျံလေးတစ်စင်းပဲကို… ဘာလို့ ဒီလောက်တောင် တွက်ကပ်နေရတာလဲ… ဈေးသာပြောလိုက်… ငါ ချက်ချင်းပေးမယ်…”

“ကောင်းပြီလေ…” ရန်ကိုင်က ရှေ့သို့တက်လျက် ပြုံးရင်းမှ ပိုင်လုကိုကြည့်ကာ ပြောလိုက်လေသည်။ “သခင်လေးပိုင်လိုလူမျိုးက ကျုပ်ကြိုက်တာ… လုံးဝကို ပွင့်ပွင့်လင်းလင်းပဲ… ဟုတ်တယ်နော်… သခင်လေးပိုင်က ချမ်းလည်းချမ်းသာတယ်… အရည်အချင်းလည်းရှိတယ်… ဒီတော့ အဆင့်အတန်းမြင့်ထဲကပဲ ဖြစ်ရလိမ့်မယ်… ဟုတ်တယ်မလား… သခင်လေးပိုင်က ဒီလှေပျံကို ဒီလောက်တောင် လိုချင်တယ်ဆိုမှတော့လည်း ကျုပ်တို့ဘက်ကလည်း ရောင်းပေးရတာပေါ့… ဘယ်လိုထင်လဲ ယောင်အာ…”

ကျိယောင် မျက်မှောင်ကြုတ်သွားခဲ့သည်။ သို့သော်ငြား ခေါင်းညိတ်၍ ပြန်ပြောလိုက်၏။ “ဆရာရောင်းချင်တယ်ဆိုလို့ရှိရင် ရောင်းလိုက်ပါ… ကိစ္စမရှိပါဘူး…”

“ကျေးဇူးအများကြီးတင်ပါတယ် မိန်းကလေး…” ပိုင်လုက လက်သီးဆုပ်၍ ပြန်ပြောလိုက်လေသည်။

အစမှ အဆုံးထိ ပိုင်လုသည် ကျိယောင်ကိုသာ စကားပြောခဲ့ပြီး ရန်ကိုင်ကိုမူ တစ်ချက်ပင် လှည့်မကြည့်ခဲ့ပေ။ ယခုမှသာလျှင် ရန်ကိုင်ဘက်သို့ လှည့်၍ ပြောလိုက်လေ၏။ “ရောင်းရင်း ဘယ်ဈေးနဲ့ရောင်းချင်တာလဲ သိလို့ရမလား…”

“သန်းတစ်ရာ…” ရန်ကိုင်က ပြောလိုက်သည်။ “သခင်လေးပိုင်သာ သန်းတစ်ရာပေးနိုင်မယ်ဆိုရင် ဒီလှေပျံက သခင်လေးအပိုင် ဖြစ်သွားပြီ…”

ပိုင်လု၏အမူအယာ တစ်ချက်ကလေးပင် ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။ “သန်းတစ်ရာလား… အင်း… ဧကရာဇ်အဆင့် ပျံသန်းရေးမှော်ရတနာတစ်ခုအတွက်ဆိုတော့ အင်း… မဆိုးပါဘူး…”

သန်းတစ်ရာသည် ဧကရာဇ်အဆင့် ပျံသန်းရေးမှော်ရတနာတစ်ခုအတွက် ဈေးမကြီးရုံမက အလွန်ကိုပင် ဈေးပေါပေသေးသည်။ ရန်ကိုင်သည် သူတို့နှင့် မိတ်ဆွေဖွဲ့ချင်သည့် အတွက်ကြောင့် ဤကဲ့သို့ ဈေးပေါပေါနှင့် ရောင်းပေးလိုက်သည်ဟု ထင်နေပေသည်။ မိုးကြိုးစံအိမ်၏သခင်လေးနှင့် မိတ်ဆွေဖွဲ့နိုင်မည့် အခွင့်အရေးမှာ ရခဲလှသည့် အခွင့်အရေးတစ်ခုပင် မဟုတ်ပေလော။ ထို့ကြောင့် ပိုင်လုက ပြုံးလျက် ပြောလိုက်လေ၏။ “လူအိုကြီးရန်… သူတောင်းတာကို ပေးလိုက်…”

ဟုတ်ကဲ့…” ရန်ချင်းလည်း ခေါင်းညိတ်၍ သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများကို လှန်လှောစစ်ဆေးနေပြီးသည့်နောက် ရန်ကိုင်ဆီသို့ သိုလှောင်လက်စွပ်တစ်ကွင်း ပစ်ပေးလိုက်လေသည်။

ရန်ကိုင်သည် သိုလှောင်လက်စွပ်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးသည့်နောက် ယဲ့ယဲ့လေး ပြုံးလိုက်လေသည်။ ထို့နောက် ပိုင်လုဘက်သို့လှည့်၍ “သခင်လေးပိုင်… အရင်းအမြစ်ကျောက်အရေအတွက်က သိပ်တော့ မဟုတ်သေးသလိုပဲနော်…”

“ဘယ်လိုမဟုတ်ရတာလဲ…” ပိုင်လု မျက်မှောင်ကြုတ်သွားခဲ့ပြီး ရန်ချင်းဘက်သို့လှည့်၍ “လူအိုကြီးရန်… ခင်ဗျား သေချာရေလိုက်လား…”

“ရေလိုက်ပါတယ်… အရင်းအမြစ်ကျောက် သန်းတစ်ရာဆိုတာ သေချာပါတယ်…” ရန်ချင်းက ပြန်ပြောလိုက်သည်။ “လုံးဝမမှားပါဘူး…”

“အရင်းအမြစ်ကျောက်သန်းတစ်ရာကတော့ ဟုတ်ပါတယ်….” ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ သို့သော်ငြား သူ့လေသံမှာ ချက်ချင်းကို ပြောင်းသွားလေ၏။ “ဒါပေမယ့် ဒီအရင်းအမြစ်ကျောက်တွေက အဆင့်နိမ့်အရင်းအမြစ်ကျောက်တွေလေ…”

ရန်ချင်း၏အမူအယာ ပြောင်းလဲသွားလေ၏။ “အဆင့်နိမ့်အရင်းအမြစ်ကျောက်တွေ လိုချင်နေတာမဟုတ်ဘူးလား… ဘာလဲ ရောင်းရင်းလိုချင်နေတာက အလယ်အလတ်အဆင့်လား…”

“ဘယ်လို…” ပိုင်လု ထိတ်လန့်သွားခဲ့လေသည်။ အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက် သန်းတစ်ရာမှာ အဆင့်နိမ့်အရင်းအမြစ်ကျောက် ဆယ်ဘီလီယံနှင့် ညီမျှလေရာ အလွန်တရာကိုမှ များပြားလွန်းလှသည့် ပမာဏ ဖြစ်ပေသည်။

“မဟုတ်ပါဘူး မဟုတ်ပါဘူး…” ရန်ကိုင်က လက်ဝှေ့ယမ်းလျက် “အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက် သန်းတစ်ရာ မဟုတ်ဘူး… ကျုပ်လိုချင်တာက အဆင့်မြင့် အရင်းအမြစ်ကျောက် သန်းတစ်ရာပဲ…”

“မင်း… မင်း ရူးနေတာလားကွ…” ပိုင်လုက ဒေါသတကြီး ထအော်လေသည်။

အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းတစ်ရာသည် ပိုင်လု တွေးပင်မတွေးရဲသည့် ပမာဏဖြစ်သည်။ ဤကဲ့သို့သော ပမာဏကို သူ့အနေဖြင့် မည်ကဲ့သို့များ ပေးနိုင်ပါမည်နည်း။

မိုးကြိုးစံအိမ်သည် ပထမအဆင့် အင်အားစုတစ်ခု ဖြစ်ပါသော်ငြား သူတို့ပိုင်ဆိုင်ထားသည့် အရာမှန်သမျှကို စုပေါင်းလိုက်မည်ဆိုလျှင်အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းတစ်ရာမရနိုင်ပေသည်။ ဧကရာဇ်အဆင့် ပျံသန်းရေးမှော်ရတနာတစ်ခုမှာ ရှားပါးပါသော်ငြား အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းတစ်ရာ ထိုက်တန်သည်တော့ မဟုတ်ပေ။

လူအိုကြီးရန်၏မျက်လုံးထဲ သတ်ဖြတ်လိုစိတ်တို့ ဖြတ်ပြေးသွားခဲ့လေသည်။

ရန်ကိုင်ကပြုံးလျက် “သခင်လေးပိုင်ပဲ အခုလေးတင် ပြောလိုက်တာ မဟုတ်ဘူးလား… ကျုပ်ကြိုက်တဲ့ဈေး ပြောဆို… ဘာလဲ… သခင်လေးပိုင်က ကိုယ်ပြောတဲ့စကား ကိုယ်မတည်ချင်တာလား… ယောကျ်ားတစ်ယောက်ဆိုတာ ကိုယ့်စကားကိုယ် တန်ဖိုးထားရတယ်တဲ့… ကြည့်ရတာ သခင်လေးပိုင်က ယုံကြည်လို့မရတဲ့ပုံပါလား… ”

ရန်ကိုင်ဘေးနားတွင်ရှိနေသော ကျိယောင်မှာ ထိုအချင်းအရာကိုမြင်သော် ယဲ့ယဲ့လေးပြုံးလိုက်လေသည်။

သူမအနေဖြင် ဤလှေပျံကို မရောင်းချင်ပါသော်ငြား ရန်ကိုင်ကရောင်းချင်နေသဖြင့် သဘောတူလိုက်ရသည်။ ယခုမှသာလျှင် ရန်ကိုင်သည် လှေပျံကို တကယ်ကြီးရောင်းလိုခြင်းမဟုတ်ဘဲ ထိုလူများအား လှည့်စားလိုခြင်းသာ ဖြစ်မှန်း နားလည်သွားတော့လေသည်။

(ဆရာ ဘယ်တုန်းကများ အခုလိုမျိုး စနောက်တတ်သွားရတာလဲ…) သူမ မှတ်မိရသလောက် သူမ၏ဆရာသည် အမြဲလိုလို အေးစက်စက် တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေတတ်သည့် လူစားတစ်ဦးဖြစ်ပြီး သူမတို့ညီအစ်မများနှင့် အတူရှိနေသည့်အခါမှသာ နွေးနွေးထွေးထွေးနှင့် ပြုံးတတ်ပေသည်။ ယခု ရန်ကိုင်လုပ်နေသည့်ပုံစံမျိုး သူမ၏ဆရာ တစ်ခါမှ မလုပ်ခဲ့ဖူးပေ။

စဉ်းစားနေသည်နှင့်အမျှ တစ်ခုခုမှားယွင်းနေသလို ကျိယောင် ခံစားလိုက်ရသည်။ ထို့နောက် မျက်မှောင်ကြုတ်၍ ရန်ကိုင်အား စိုက်ကြည့်လိုက်လေ၏။ ရန်ကိုင်၏ပုံစံသည် သူမ မြင်ဖူးနေသည့်ပုံစံနှင့် အနည်းငယ် ကွဲပြားနေသလိုပင်။

“ခွေးကောင်လေး… မင်း ငါ့ကို လာနောက်ရဲတယ်လား…” ပိုင်လု ဒေါသူပုန်ထသွားခဲ့လေသည်။

ရန်ကိုင်က အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်လေသည်။ “ဘယ်လိုလုပ်ပြီး နောက်ရမှာလဲ သခင်လေးပိုင်ရဲ့… ခင်ဗျားပဲ ကျုပ်တို့လမ်းကိုလာပိတ်ပြီး ယောင်အာရဲ့လှေပျံကို အတင်းအကြပ် ဝယ်ဖို့လုပ်ချင်နေတာ မဟုတ်ဘူးလား… ကျုပ်ကလည်း ခင်ဗျားဝယ်ချင်နေလို့ စေတနာနဲ့ ရောင်းပေးနေတာလေ… ကျုပ်ရဲ့စေတနာကို တန်ဖိုးမထားတဲ့အပြင်ကိုမှ ခင်ဗျားက အခုလိုမျိုးတောင် လာပြန်ပြောနေတာပါလား… သခင်လေးပိုင်က တကယ်ကို အနိင်ကျင့်တတ်တဲ့ လူစားမျိုးပဲ…”

ထိုစကားကိုကြားသော် ပိုင်လုစိတ်ထဲ ဒေါသူပုန်ထသွားခဲ့လေသည်။

တစ်ဖက်လူသည် သူတို့အား အရူးလာလုပ်နေပါသော်ငြား သူ့ကိုယ်သူ မှန်ကန်ချင်ယောင်ဆောင်နေခဲ့လေသည်။ ထို့အတွက်ကြောင့် ပိုင်လုမှာ ဒေါသထွက်ထွက်နှင့် ထအော်လေ၏။ “လူအိုကြီးရန်… အဲ့ခွေးကောင်လေးကို သတ်ပေးစမ်းပါဗျာ…”

ရန်ချင်းမှာ အစကတည်းက ရန်ကိုင်တို့အား သတ်ပစ်ချင်နေလေပြီ။ ထို့ကြောင့် ပိုင်လု၏အမိန့်ကို ရလိုက်သည်နှင့် ချက်ချင်း လှုပ်ရှားတော့လေ၏။

ပိုင်လုက အလျင်စလို လှမ်းပြောလိုက်သည်။ “အဲ့ကောင်မလေးကို မထိခိုက်စေနဲ့နော်…”

ယခုကဲ့သို့သော အချိန်မျိုးတွင်ပင် ပိုင်လုသည် ကျိယောင်၏အလှတရားကို စွဲမက်နေပေသေးသည်။ လူအိုကြီးရန်သည် ဧကရာဇ်ချီစွမ်းအင်ကို ထုတ်လွှတ်လျက် ရန်ကိုင်တို့ဆီသို့ ပြေးဝင်လာလေသည်။ ထို့နောက် လှေပျံတည့်တည့်အား သူ့လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။

လူအိုကြီးရန်၏စွမ်းအားအောက်ဝယ် လှေပျံ၏အကာအကွယ်မှာ တမုဟုတ်ချည်း ပျက်စီးသွားခဲ့ရလေသည်။

ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင်လည်း ကြောင်သွားခဲ့လေသည်။ လှေပျံလေးသည် ဧကရာဇ်အဆင့် မှော်ရတနာတစ်ခု ဖြစ်သည့်အတွက်ကြောင့် ၎င်း၏အကာအကွယ်စွမ်းအားမှာ ထိုမျှ အားမနည်းသင့်ပေ။ ထို့နောက်တွင် ကျိယောင်ဘက်သို့ လှမ်းကြည့်လိုက်ရာ ကျိယောင်သည် သူ့အား ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။

“အိုး… သွားပြီ…” ရန်ကိုင် ရင်ထဲ နိုးနိုးကြားကြား ဖြစ်သွားခဲ့ရလေသည်။ ဘာတွေဖြစ်လို့ ဖြစ်နေမှန်း မသိပါသော်ငြား ကျိယောင်၏စိတ် ကယောင်ခြောက်ခြား ဖြစ်နေပြီမှန်းတော့ ရန်ကိုင်သိနေခဲ့သည်။

ကျိယောင်သည် သူ့ဘေးနားတွင် ရှိနေစဉ်အတောအတွင်း အမြဲလိုလို တည်တည်ငြိမ်ငြိမ်နှင့် ရှိနေတတ်သည့်အတွက်ကြောင့် ယခုကဲ့သို့ အချိ န်မျိုးတွင်မှ ပြဿနာတက်သွားရလိမ့်မည်ဟု ရန်ကိုင်မထင်ထားခဲ့ပေ။

သင်္ဘော၏ အကာအကွယ်အရံအတား အလွန်ကိုမှ အားနည်းနေရခြင်းမှာ ကျိယောင်၏စိတ်ခံစားချက် မတည်ငြိမ်နေသည့်အတွက်ကြောင့် ဖြစ်ပေသည်။

“ခွေးကောင်လေး… မင်း ငါ့စံအိမ်သခင်လေးကို လာနောက်ရဲတယ်ပေါ့… သေဖို့သာပြင်ထားပေတော့…” လှေပျံ၏အကာအကွယ်အား တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်နိုင်သည့်နောက်တွင် လူအိုကြီးရန်၏ယုံကြည်ချက်တို့ မိုးထိမတတ် မြင့်မားလာခဲ့ရသည်။ ထို့နောက် ရန်ကိုင်အား နောက်ထပ်လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။

ရန်ကိုင်သည် ငေးကြောင်ကြောင်ဖြစ်နေသော ကျိယောင်ကို သူ့ဆီသို့ ဆွဲခေါ်လျက် ဧကရာဇ်ချီကိုလှည့်ပတ်ကာ သူမအား ကာကွယ်ပေးလိုက်လေသည်။ ထို့နောက် လက်ဝါးတစ်ချက် ပြန်ရိုက်ထုတ်လိုက်လေ၏။ “ထွက်သွားစမ်း…”

ကျိယောင် ရုတ်တရက် ထဖောက်လာမည်ကို စိုးရိမ်နေသည့် အတွက်ကြောင့် ရန်ကိုင်မှာ ထိုလူများနှင့် အလုပ်ရှုပ်ခံမနေချင်တော့ချေ။ ရန်ကိုင်၏တိုက်ကွက်ထဲ ဒေါသတို့ စွက်ဖက်နေသဖြင့် သူ၏တိုက်ကွက်မှာ ရန်ချင်း ခုခံနိုင်သည့် အရာမျိုး မဟုတ်တော့ပေ။ ရန်ကိုင်နှင့် ရန်ချင်းမှာ ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူများသာ ဖြစ်ကြပါသော်ငြား အဆင့်တူကျင့်ကြံသူများကို သတ်ဖြတ်ခြင်းသည် ရန်ကိုင်လုပ်နေကြအရာတစ်ခု ဖြစ်ပေသည်။

ရန်ချင်းသည် သာမန်ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်လေရာ ရန်ကိုင်အား မည်ကဲ့သို့များ ယှဉ်နိုင်ပါမည်နည်း။

“ဘုန်း…”

ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ ရန်ချင်း သွေးအပွက်ပွက်အန်ထုတ်၍ လွင့်စင်ထွက်လာခဲ့လေသည်။

ရန်ကိုင်ကမူ ကျိယောင်ကို ကာကွယ်ထားရင်းဖြင့်သာ မလှုပ်မယှက် ရပ်နေလေ၏။ လက်ရှိရန်ကိုင်သည် တောင်တစ်လုံးနှယ် မားမားမတ်မတ် ရပ်တည်နေသော နတ်ဘုရားတစ်ဦးသဖွယ်…။

“ဒါက…” လူအိုကြီးရန် သွေးအပွက်ပွက်အန်ထွက်လျက် လွင့်စင်ထွက်လာသည်ကိုကြည့်ရင်း ပိုင်လုမှာ ပါးစပ်အဟောင်းသား ဖြစ်နေလေသည်။ ရုတ်တရက်ဆိုသလို သူ့ခန္ဓာကိုယ်မှာ ထိန်းမရအောင် တုန်ရီလာတော့လေ၏။

ရန်ရွှယ့်မန်၏မျက်နှာလေးမှာလည်း သွေးဆုတ်ဖြူလျော်နေခဲ့လေသည်။

ယခုမှသာလျှင် အတော်ကိုမှ အားကောင်းလှသည့် ပြိုင်ဘက်တစ်ဦးနှင့် လာတိုးပြီမှန်း နှစ်ဦးစလုံး နားလည်သွားကြတော့လေသည်။ သူတို့အနားတွင် ဧကရာဇ်အဆင့်ရောက်သော လူအိုကြီးရန် ရှိနေသည့်အတွက်ကြောင့် ရန်ကိုင်ကဲ့သို့သော လူတစ်ဦးအား အမှောက်သိပ်ဖို့ရာ ထမင်းစားရေသောက်သည့်နှယ် လွယ်ကူသည်ဟု ထင်ထားခဲ့ပါသော်ငြား လက်တွေ့မှာတော့ သူတို့ထင်ထားသကဲ့သို့ ဖြစ်မနေခဲ့ချေ။

အပိုင်း (၂၆၂၀)

ရန်ကိုင်၏ အကြည့်သည့် စုံတွဲဆီသို့ ရောက်သွားခဲ့သည်။

ပိုင်လုမှာ ဇောချွေးပျံနေခဲ့သလို သူ့အသံမှာကလည်း ကတုန်ကရင် ဖြစ်နေခဲ့သည် “မင်းဘာလုပ်ချင်နေတာလဲ။ ငါက မိုးကြိုးစံအိမ်ရဲ့ သခင်လေးနော်၊ ငါတစ်ခုခုဖြစ်ရင် မင်းပြဿနာတက်ပြီပဲ”

သူသည် ရန်ကိုင်၏ ပြိုင်ဘက်မဟုတ်မှန်း သိနေခဲ့သည်။ ထို့ကြောင့် သူ့နောက်ခံကို ပြော၍ ရန်ကိုင် လက်လျှောက်သွားအောင်သာ ကြိုးစားရတော့သည်။

“ထွက်သွားစမ်း” ရန်ကိုင်က ထအော်လေသည်။

ထိုသစကားကိုကြားသည့်အခါ ပိုင်လု တုန်တက်သွားပြီး စိတ်သက်သာရာ ရသွားခဲ့လေသည်။ ခွင့်ပြုချက် ရသွားသည့်နောက်တွင် ပိုင်လုမှာ လှည့်ပင်မကြည့်တော့ဘဲ ထွက်ပြေးတော့သည်။ သူ့နားတွင် ရှိနေသော ယန်ရွှယ့်မန်ကိုပင် သတိမရတော့ချေ။ ပိုင်လု၏ လုပ်ရပ်ကြောင့် ယန်ရွှယ့်မန်မှာ ဒေါသတကြီး ခြေဆောင့်လျက် သူ့နောက်မှ အလျင်စလို ပြေးလိုက်သွားလေ၏။

မလှမ်းကမ်းသို့ ပြုတ်ကျသွားသော ယန်ချင်းသည် ဖြူဖတ်ဖြူလျော် မျက်နှာဖြင့် ပြန်ကုန်းထလာ၏။ ရန်ကိုင်အား ကြောက်ကြောက်လန့်လန့်ဖြင့် တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ပိုင်လုနောက်သို့ ပြေးလိုက်သွားလေသည်။ သူ့ကျင့်ကြံခြင်းမှာ အကောင်းအတိုင်း ရှိသေးပြီး အသက်အန္တရာယ်လည်း မရှိသေးသော်ငြား ပေါက်ကွဲမှုကြောင့် လက်တစ်ဖက် ဆုံးရှုံးသွားခဲ့ရာ သူ့ဘဝကြီးကို ဒုက္ခတိဘဝဖြင့် ဖြတ်သန်းသွားရပေတော့မည်။

“ယောင်အာ” ရန်ကိုင်သည် ကျိယောင်ဘက်သို့လှည့်၍ အသာအယာ ခေါ်လိုက်၏။

ရန်ကိုင်မှ တိုးတိုးလေးသာ ခေါ်လိုက်ခြင်းသာ ဖြစ်ပါသော်ငြား သူ့ခေါ်သံသည် ဓါးသွားနှယ် ထက်ရှသည့်အလား၊ ရန်ကိုင်၏ အသံကို ကြာပြီးနောက် ကျိယောင် မိန်းမောတွေဝေနေရာမှ ပြန်အသိဝင်လာလေ၏။

ထိုအခါမှသာ ရန်ကိုင် သက်ပြင်းချလိုက်နိုင်ပြီး သတိချပ်လျက် မေးလိုက်၏ “ယောင်အာ... ခုနတုန်းက ဘာဖြစ်သွားတာလဲ”

ကျိယောင်က မျက်မှောင်ကြုတ်လျက် “ခုနတုန်းက.. ခုနတုန်းက ဘာဖြစ်သွားတာလဲ”

ကျိယောင်သည် အစောပိုင်းက အဖြစ်အပျက်ကို လုံးဝ မမှတ်မိသည့်ပုံပင်။ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီးနောက် အံ့အားသင့်နေသည့် လေသံဖြင့် မေးလိုက်လေ၏ “ဟိုလူသုံးယောက် ဘယ်ရောက်သွားတာလဲ”

ရန်ကိုင်ကပြုံးလျက် ပြန်ပြောလိုက်သည် “ဆရာ သူတို့ကို ရိုက်ပြီး‌ မောင်းထုတ်လိုက်တာ။ သူတို့ ထွက်သွားတာကြာပြီ”

မြေပြင်ပေါ်တွင် စွန်းထင်းနေသော သွေးကွက်အရ ရန်ကိုင် လိမ်နေခြင်းမဟုတ်မှန်း ကျိယောင် သိလိုက်သည် “ဆရာ သူတို့ကို သတ်ပစ်လိုက်သင့်တာ။ လှေပျံကို မရောင်းဘူးလို့ ဒီလောက် ပြောနေတာတောင် ထွက်မသွားဘဲ လမ်းလာပိတ်ရပ်နေတယ်။ အခြားသူတွေကိုလည်း သူတို့ ဘယ်လောက်တောင် အနိုင်ကျင့်ထားပြီးပြီလဲ မသိဘူး”

“ဟုတ်တယ်နော်။ ဆရာသူတို့ကို သတ်ပစ်လိုက်သင့်တယ်” ရန်ကိုင် စကားများများ မပြောရဲ့ခဲ့ချေ။ ကျိယောင် ပြောသည့်အတိုင်း အလိုက်သင့်လေးသာ ပြန်လိုက်ပြောပေးလိုက်၏ “ယောင်အာ၊ အခု နေလို့ အဆင်ပြေသွားပြီလား”

ကျိယောင်က ရန်ကိုင်အား နားမလည်နိုင်ဟန်ဖြင့် ကြည့်လျက် “ဘာလို့လဲဆရာ၊ ကျွန်မ အဆင်ပြေပါတယ်။ ဆရာ အထဲ ပြန်သွားနားတော့လေ။ နောက်ရက်နည်းနည်းလောက်ကြာရင် ကျွန်မတို့ တောင်ကြားဆီ ပြန်ရောက်ပြီ”

“ခဏလောက် အရင်နားကြရအောင် ယောင်အာ” ရန်ကိုင်က ပြောလိုက်သည်။

ကျိယောင် စိတ်ထဖောက်တော့မည့်နှယ် ဖြစ်သွားသည့် ကိစ္စမှာ ရန်ကိုင်အား အတော်လေးကိုမှ စိတ်ပူသွားစေခဲ့သည်။ သူမ၏ စွမ်းအင်များကို တောက်လျှောက် အသုံးပြုနေရသည့် အတွက်ကြောင့် ယခုကဲ့သို့ ဖြစ်သွားရလေသလား မပြောတတ်သည့် အတွက်ကြောင့် ရန်ကိုင်လည်း သူမအား လှေပျံကို နောက်တစ်ကြိမ် ချက်ချင်း ထပ်မမောင်းခိုင်းရဲသေးချေ။ ကျိယောင်သာ နောက်တစ်ကြိမ် ကြောင်တိကြောင်တောင် ထပ်ဖြစ်သွားပါက ပြဿနာ တက်နိုင်ပေသည်။

ထို့ကြောင့် ခဏလောက် အရင် နားခိုင်းလိုက်သည်မှာ အကောင်းဆုံးပင်။

ကျိယောင်သည် ရန်ကိုင် ပြောသည့်အတိုင်း လှေပျံကိုသိမ်းလျက် ရန်ကိုင်နှင့်အတူ ပျံသန်းသွားလေ၏။

နေ့ဝက်ခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင်တို့ရှေ့ မြို့တစ်မြို့ ပေါ်လာလေ၏။ အရင်းအမြစ်ကျောက် အချို့ကို ပေးချေပြီးနောက်တွင် မြို့ဂိတ်ကို ဖြတ်ကျော်၍ မြို့ထဲသို့ ဝင်လာနိုင်ခဲ့သည်။

မြို့မှာ စည်ကားသိုက်မြိုက်လှကာ လမ်းများမှာလည်း ကျယ်ဝန်းလှပြီး လမ်းသွားလမ်းလာများဖြင့် ပြည့်နေခဲ့သည်။ လမ်း၏ တစ်ဖက်တစ်ချပ်စီတွင်မူ အမျိုးမျိုးသော ပစ္စည်းများကို ရောင်းချနေသည့် ဆိုင်တန်းများ ရှိနေခဲ့သည်။

မကြာမီ စားသောက်ဆိုင်တစ်ဆိုင်ထဲသို့ ဝင်လာခဲ့သည်။

ကောင်တာနောက်တွင် ရှိနေသော ဆိုင်ပိုင်ရှင်သည် ရန်ကိုင်နှင့် ကျိယောင်ကိုကြည့်၍ ပြုံးကာ မေးလိုက်၏ “ဧည့်သည်တို့ နားစရာ ရှာနေတာပါလားဗျ”

ရန်ကိုင်ကပြန်ပြောလိုက်၏ “နားစရာမရှာလို့ ဘာရှာရမှာလဲ”

“အဲ့ဒါဆို တစ်ယောက်ခန်း လိုချင်လား၊ နှစ်ယောက်ခန်း လိုချင်တာလားဗျ”

ရန်ကိုင်သည် ကျိယောင်ကို တစ်ချက်ကြည့်၍ ပြောလိုက်၏ “အဆင့်မြင့် တစ်ယောက်ခန်း တစ်ခန်းပေး”

လက်ရှိတွင် ရန်ကိုင်အနေဖြင့် ကျိယောင်ကို မျက်စိအောက်မှ အပျောက်မခံရဲသေးပေ။ သူမအား တစ်ယောက်တည်းထားလိုက်၍ စိတ်ထဖောက်မှဖြင့် ပြဿနာ တက်ပေရော့မည်။ ထို့ကြောင့် သူ့နားတွင်သာ ခေါ်ထားရတော့၏။

ကျိယောင်ကလည်း ကန့်ကွက်မနေခဲ့ချေ။ သူမအတွက်မူ သူမဆရာနှင့် တစ်ခန်းတည်း အတူနေသည်မှာ ဘာမှ ထူးထူးဆန်းဆန်း မဟုတ်ချေ။

ဆိုင်ပိုင်ရှင်ကမူ ရန်ကိုင်ကိုကြည့်၍ အဓိပ္ပါယ်ပါပါ ပြုံးနေခဲ့သည်။ ထို့နောက် တံဆိပ်ပြားတစ်ခုကို ထုတ်၍ “ငါးလွှာက အခန်း (၅၀၃)ပဲ။ ဧည့်သည်တို့ စိတ်မပူနဲ့နော်။ အခန်းတိုင်မှာ အစီအရင်တွေ ခင်းကျင်းထားပြီးသား။ ဒီတော့ ဘယ်လိုအသံတွေပဲထွက်ထွက်၊ အပြင်ကနေ လုံးဝ ကြားရမှာ မဟုတ်ဘူး”

ထိုသို့ ပြောပြီးနောက် ဆိုင်ပိုင်ရှင်သည် ရန်ကိုင်အား မျက်စပစ်ပြလိုက်သည်။

ရန်ကိုင်ကမူ ယဲ့ယဲ့လေးသာ ရယ်သွမ်းသွေးလျက် ပြန်ပြောလိုက်သည် “ဘယ်လောက်လဲ”

“အဆင့်နိမ့်အရင်းအမြစ်ကျောက် တစ်သောင်း” ဆိုင်ပိုင်ရှင်က ပြုံးပြုံးဖြင့် ပြန်ပြောသည်။

ရန်ကိုင်သည် ကျသလောက်ကို ထုတ်ပေး၍ တံဆိပ်ပြားကိုယူကာ ကျိယောင်ကိုခေါ်၍ အပေါ်သို့ တက်လာခဲ့၏။

မကြာမီ ငါးလွှာမြောက်သို့ ရောက်လာပြီးနောက် အခန်း (၅၀၃)ကိုရှာကာ တံဆိပ်ပြားဖြင့် အစီအရင်ကို ဖွင့်၍ အထဲသို့ ဝင်လာခဲ့လေသည်။

တစ်ချက် ကြည့်လိုက်ပြီးနောက် အခန်းမှာ သိပ်မကျယ်ကြောင်း တွေ့လိုက်ရသည်။ သို့သော်ငြား ပရိဘောဂများကတော့ အပြည့်ပင်။ အနီရောင် ခြေသုတ်ခုံနှင့် ရွှေရောင်ပိုးကြိုးများဖြင့် ရက်လုပ်ထားသည့် အိပ်ယာခင်းတို့မှာ အဆင့်မြင့်သည့် အခန်းတစ်ခန်း၏ ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။ ဤကဲ့သို့သော အခန်းတစ်ခန်းအတွက် အဆင့်နိမ့်အရင်းအမြစ်ကျောက် တစ်သောင်းပေးရသည်မှာ မဆိုးလှချေ။

တစ်ခဏမျှ လှည့်ပတ်ကြည့်ပြီးနောက် ရန်ကိုင် ထိုင်ချလိုက်သည်။ ကျိယောင်သည် အသင့်ပြင်လာသည့် ရေနွေးကြမ်းအိုးနှင့် ခွက်များကို အဆင့်သင့် ထုတ်ယူလိုက်လေသည်။ ထို့နောက် လက်ဖက်ခြောက်ကိုသုံးလျက် ရေနွေးကြမ်းစတင် ဖျော်စပ်တော့သည်။ မကြာမီ သင်းပျံ့မွှေးထုံသည့် ရနံ့တို့ အခန်းထဲ ပျံ့နှံ့လာခဲ့လေသည်။

မီးကို ငြိတ်သတ်ပြီးသည့်နောက်တွင် ကျိယောင်သည် ရေနွေးကြမ်းတစ်ခွက်ငှဲ့လျက် ရန်ကိုင်ရှေ့သို့ ချပေးကာ ပြောလိုက်သည် “ဆရာ၊ သောက်ကြည့်ပါဦး”

“အင်း” ရန်ကိုင်လည်း ရေနွေးကြမ်းကို ဖြည်းဖြည်းချင်း အရသာခံလေ၏။

တခဏမျှ ထိုင်သောက်နေပြီးသည့်နောက်မှသာ ရုတ်တရက် သတိရသွားပြီး ပြောလိုက်၏ “နင်လည်းထိုင်လေ”

“ရပါတယ်ဆရာ။ တပည့် ရပ်ပဲ ရပ်နေလိုက်ပါမယ်” ကျိယောင်သည် ရန်ကိုင် ရေနွေးကြမ်း သောက်နေသည်ကိုသာ ကြည့်နေခဲ့သည်။ သူမကိုယ်တိုင် ဖော်စပ်ပေးထားသည့် ရေနွေးကြမ်းအား ရန်ကိုင် သောက်နေသည်ကို ကြည့်ရသည်မှာ သူမအတွက် အလွန်ကိုမှ ကျေနပ်ဝမ်းသာစရာ ဖြစ်သည့်အလား၊ သူမ၏ မျက်နှာလေးမှာ ပြုံးရိပ်သန်းနေခဲ့သည်။

“ထိုင်လို့ပြောနေတယ်၊ ထိုင်လိုက်” ရန်ကိုင်က အနည်းငယ် အာဏာသံသုံး၍ ပြောလိုက်သည်။

“ဟုတ်ကဲ့” ယခုမှသာ ကျိယောင်လည်း ထိုင်တော့၏။

တစ်ခဏမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ရန်ကိုင်က ရုတ်တရက် ပြောလိုက်လေသည် “ယောင်အာ”

“ဟုတ်ကဲ့ပါ ဆရာ” ကျိယောင်က အလျင်အမြန် ပြန်ဖြေလေ၏။

ရန်ကိုင်သည် လည်ချောင်းကို လက်ဖြင့်ကိုင်၍ လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီးနောက် အနည်းငယ် ကသိကအောက် အမူအရာဖြင့် ပြောလိုက်လေ၏ “တစ်နေ့ကျ... နင့်ဆရာ နင့်ဆီကနေ အချို့ကိစ္စတွေကို ဖုံးကွယ်ထားခဲ့မှန်း၊ နင့်ဆရာ နင့်ကို လိမ်ထားခဲ့မှန်း သိသွားခဲ့ရင်... နင့်ဆရာကို နားလည်ပေးဖို့ မျှော်လင့်ပါတယ်”

“လိမ်ညာဖုံးကွယ်တာ” ကျိယောင် မျက်မှောင်ကြုတ်သွားပြီး သိချင်စိတ်ဖြင့် ပြန်မေးလိုက်၏ “ဆရာက ယောင်အာဆီကနေ ဘာကို ဖုံးကွယ်ထားတာမို့လို့လဲ။ ပြီးတော့ ဆရာက ယောင်အာကို ဘာတွေ လှည့်စားထားလို့လဲ”

ရန်ကိုင်က အားတင်းပြုံးလျက် “ဒီအတိုင်း ပြောထားရုံပဲ။ ဒါပေမယ့် တစ်နေ့ အဲ့လိုနေ့မျိုး ရှိလာခဲ့ရင် စိတ်မပျက်ဖို့ ကြိုပြောထားရုံပါပဲ။ ဒါပေမယ့် အဲ့လိုမျိုး ဖြစ်ခဲ့ရင်တောင် ဆရာ နင့်အပေါ် ကောင်းစေလိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ပဲ လုပ်ခဲ့တာ၊ နင့်ကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ လုပ်ခဲ့တာ မဟုတ်ဘူးဆိုတာ သိစေချင်တယ်”

ရေခဲနှလုံးသားတောင်ကြားသို့ ပြန်ရောက်ဖို့ရာ သိပ်မလိုတော့။ ထိုနေရာသို့ရောက်၍ ပင်းယွင်ကို မြင်ခဲ့သော် ကျိယောင် မည်သို့ ဖြစ်သွားမလဲ ရန်ကိုင် မပြောတတ်ချေ။ ကျိယောင် အသိပြန်ဝင်လာပြီး ရန်ကိုင်သည် အယောင်ဆောင်တစ်ဦးသာ ဆိုသည်ကို နားလည်သွားသည်မှာတော့ ဖြစ်နိုင်ချေ အရှိဆုံးပင်။

ထိုသို့သာ ဖြစ်သွားမည်ဆိုလျှင် ရန်ကိုင်နှင့်အတူ တစ်ခန်းတည်း နေခဲ့သည်ကိုလည်း ကျိယောင် ပြန်သတိရသွားပေလိမ့်မည်။

တစ်ခန်းတည်း အတူနေသည်မှာ ကိစ္စမရှိသေး။ သူသည် ကျိယောင်အတွက်သာ လုပ်ပေးခဲ့ခြင်း မဟုတ်လေလော။ ကျိယောင် ထိုမျှလောက်ကိုတော့ နားလည်ပေးလောက်ပေသည်။ သို့သော်ငြား ရန်ကိုင် စိတ်ပူနေရသည်မှာ လွမ်ဖုန်း၏ နန်းတော်တွင် ကျိယောင်၏ မိမွေးဖမွေး ခန္ဓာကိုယ်အား သူမြင်ခဲ့သည့် ကိစ္စပင်။

ထိုကိစ္စသည် ကျိယောင်၏ ဂုဏ်သိက္ခာ၊ အမျိုးသမီး၏ ဂုဏ်သိက္ခာနှင့် ပက်သက်နေပေသည်။ ကျိယောင် ဒေါသထွက်ထွက်နှင့် သူအား ထသတ်လေမလား မပြောတတ်ချေ။

ထိုသို့ စဉ်းစားမိပါသော်ငြား ကျိယောင် အသိပြန်ဝင်လာသည့် တစ်နေ့တွင် သူ့အား ခွင့်လွှတ်ပေးလိမ့်မည်ဟု ရန်ကိုင် ခံစားနေရသည်။

သူမ စိတ်ပြန်ကောင်းသွား၍ သူ့အား သတ်ရန်မကြိုးစားလျှင် မည်မျှပင် ကောင်းလိုက်မလဲတွေးရင် ရန်ကိုင် ဇောချွေးပျံလာမိသည်။

“ဆရာ...” ကျိယောင်က လှမ်းခေါ်လိုက်သည် “ဆရာ စိတ်ရှုပ်စရာပြဿနာ တစ်ခုခု ရှိနေလို့လား။ ယောင်အာ ကူညီပေးဖို့ကောလိုသေးလား”

“ဘာမှမဟုတ်ဘူး။ နင်စိတ်ပူစရာ မလိုဘူး” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။

ကျိယောင်က မတ်တပ်ရပ်၍ ရန်ကိုင်နောက်ဘက်ဆီသို့ လျှောက်သွားလိုက်သည်။ မွှေးထုံလှသည့် ကိုယ်သင်းရနံ့တို့ သူ့နှာခေါင်းဝအား လာရောက် ပွတ်သပ်ကျီစယ်လာ၏။

ရန်ကိုင်၏နောက်ဘက်သို့ရောက်သော် ကျိယောင်က ပြောလိုက်၏ “ယောင်အာက မကူညီပေးနိုင်ဘူး ဆိုတော့ ဆရာ အကြောပြေသွားအောင် ဆရာ့ပခုံးတွေကို နှိပ်ပေးမယ်လေ”

“အန်” ရန်ကိုင် ကြောင်သွားခဲ့သည်။ သူ ဘာမှ ပြန်မပြောနိုင်သေးခင်မှာပင် ကျိယောင်သည် သူ့ပခုံးများကို စတင် နှိပ်နယ်ပေးနေလေပြီ။

သူတော့ ပြဿနာတက်တော့မှာပဲဟု တွေးလျက် ရန်ကိုင်တစ်ကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်သွားခဲ့သည်။

ကြယ်တာရာအစုအဝေးထဲသို့ ရောက်လာသည့် အချိန်မှစ၍ ရန်ကိုင်သည် ကျင့်ကြံရေး အကြောင်းကိုသာ စိတ်ထဲ ထားခဲ့ပြီး မိန်းမကိစ္စများကို လုံးဝ အဖက်မလုပ်ခဲ့ချေ။ ထို့အတွက်ကြောင့် ရန်ကိုင် ချုပ်တည်းထားရသည့် စိတ်ဆန္ဒတို့မှာ အချိန်နှင့်အမျှ ပိုမို အားကောင်းလာလေ၏။

ယခင်တစ်ခေါက်က ကျိယောင်၏ ခန္ဓာကိုယ်ကို မြင်ပြီးနောက် နှာခေါင်းသွေး လျှံခဲ့ရသည်။ ယခု နှစ်ဦးသာ တစ်ခန်းတည်း၌ အတူရှိနေကြပြီး ကျိယောင်သည် သူ့အား အညောင်းပြေအညာပြေ နှိပ်နယ်ပေးနေခဲ့သည်။

ထိုမျှသာလျှင် မဟုတ်သေးပဲ သူ၏ကျောပြင်ကို မှီထားသော သူမ၏ ခန္ဓာကိုယ်မှ အနွေးဓါတ်၊ မွှေးပျံ့ပျံ့ သင်းရနံ့တို့မှာ ရန်ကိုင်၏ အာခေါင်ခြောက်အောင် လုပ်နေခဲ့သည်။

ကျိယောင်သည် အသာအယာ ရယ်သွမ်းသွေးလျက် ပြောလိုက်၏ “ဆရာ့ ပခုံးတွေက တောင့်တင်းနေတာပဲနော်။ ဆရာ အခုတလော အရမ်းတွေ အလုပ်ရှုပ်နေတာလား”

(ငါ့လို ယောကျာ်းတစ်ယောက်ရဲ့ ခန္ဓာကိုယ်က ပင်းယွင်ရဲ့ ပျော့ပျော့ပျောင်းပျောင်း မိန်းမ ခန္ဓာကိုယ်နဲ့ ဘယ်လိုလုပ်ပြီး သွားယှဉ်လို့ရမှာလို့) ရန်ကိုင် စိတ်ထဲနေ၍ တွေးလိုက်သည်။

သူ့အနေဖြင့် ကျိယောင်ကို တားလိုက်ချင်ပါသော်ငြား သူမကို တားလိုက်၍ ကျိယောင် အတွေးလွန်ကာ သူမ၏ စိတ်အခြေအနေ ကယောက်ကယက် ဖြစ်သွားမည်ကို ရန်ကိုင် စိတ်ပူနေရသေးသည်။ ထို့ကြောင့် အလိုက်သင့်သာ ပြန်ပြောလိုက်၏ “အင်း၊ နည်းနည်းပေါ့”

ကျိယောင်က ပြန်ပြောလေ၏ “စိတ်အေးအေးထားဆရာ၊ ယောင်အာ ဆရာကို နှိပ်နယ်မပေးရတာ ကြာပြီဆိုတော့ ကျွန်မ နှိပ်တာ အရင်ကလောက်တောင် ကောင်းပါဦးမလား မသိတော့ဘူး”

ကြည့်ရသလောက် ကျိယောင်သည် ပင်းယွင်အား မကြာခဏ နှိပ်နယ်ပေးနေသည့်ပုံပင်။ ထို့ကြောင့် နှိပ်နယ်ပေးရာတွင် ဤမျှ ကျွမ်းကျင်နေခြင်း ဖြစ်သည်။

ကျိယောင်ကို တား၍ အဆင်မပြေသဖြင့် ရန်ကိုင်လည်း သူမ နှိပ်နယ်ပေးနေသည်ကိုသာ ဇိမ်ခံနေလိုက်တော့၏။ တဖြည်းဖြည်းနှင့် အကြောအချဉ်များ ပြေလျော့လာပြီး အတော်လေးကို ဇိမ်ရှိလာလေရာ ရန်ကိုင် တစ်ချက် ကောက်ညည်းမိသွားခဲ့သည်။

ရန်ကိုင်၏ အော်ညည်းသံကို ကြားလိုက်သည့်အခိုက် ကျိယောင်၏ မျက်နှာလေး နီတက်သွား၏။ သူမဆရာ ဘာကြောင့် ဤကဲ့သို့ ထူးထူးဆန်းဆန်း အသံမျိုး လုပ်နေသလဲဆိုသည်ကို မသိပါသော်ငြား ရှက်လွန်းသဖြင့် သွားမမေးရဲခဲ့ပေ။

ပခုံးများကို နှိပ််နယ်ပြီးသည့်နောက် ရန်ကိုင်၏ လက်မောင်းများ၊ ခေါင်းနှင့် ခြေသလုံးများကို နှိပ်နယ်ပေးလေသည်။

အကုန်လုံး ပြီးသွားသည့်နောက် ရန်ကိုင် အတော်လေးကို အကြောပြေသွားရသည်။ ရန်ကိုင်မှ ချီးကျူးလိုက်လေရာ ကျိယောင်၏ မျက်နှာထက် အပြုံးပန်းတို့ ဝေဆာပွင့်လန်းလာခဲ့ရလေသည်။

တစ်ခုတည်းသော ပြဿနာဆို၍ ကျိယောင်မှ သူ့ရှေ့ဒူးထောက်ကာ သူ့ပေါင်တံများကို နှိပ်နယ်ပေးနေသည့် မြင်ကွင်းသည် အလွန်ကိုမှ ရင်ဖိုစရာကောင်းနေခြင်းပင်။

နှိပ်နှယ်ပေးသည် အခန်းကဏ္ဍ ပြီးဆုံးသွားသည့်နောက် ရန်ကိုင် မျက်နှာပျက်သွားခဲ့လေ၏။ ကျိယောင် စိတ်ပြန်ကောင်းသွားသော် သူ့အား ပြဿနာရှာရန် နောက်ထပ် အကြောင်းပြချက်တစ်ခု တိုးလာပြီမှန်း နားလည်လိုက်လေသည်။

ညချမ်းအချိန်အခါသာ ငြိမ်သက်တိတ်ဆိတ်နေခဲ့သည်။ ရန်ကိုင်နှင့် ကျိယောင်သည် နေရာခွဲ ကျင့်ကြံ၊ အိပ်စက်ခဲ့ကြလေ၏။ တစ်ဦးသည် ကုတင်ပေါ်တွင်နေကာ တစ်ဦးသည်ကြမ်းပြင်ပေါ်၌ နေခဲ့သည်။

နောက်တစ်နေ့ နေ့လည်သို့ ရောက်မှသာ ပထမဆုံးထပ်သို့ ပြန်ဆင်းလာပြီး ကောင်တာသို့သွားကာ တံခါးသော့ သွားပြန်ပေးလေ၏။

ရန်ကိုင် တက်တက်ကြွကြွ ရှိနေသည်ကိုမြင်သော် ဆိုင်ပိုင်ရှင်မှာ ရန်ကိုင်အား အလွန်ကိုမှ မနာလို အားကျနေခဲ့လေသည်။ အဓိပ္ပါယ်ပါပါပြုံးလျက် ရန်ကိုင်ကို ကြည့်ရင်း မေးလိုက်၏ “ဧည့်သည်တို့၊ မနေ့ညက ကောင်းကောင်း အနားယူဖြစ်ခဲ့ရဲ့လား”

“ဒါပေါ့” ဆိုင်ပိုင်ရှင်ခေါင်းထဲ မည်သို့သော အတွေးများဖြင့် ပြည့်နေသလဲဆိုသည်ကို ရန်ကိုင် မသိဘဲ နေမည်လား။ သို့သော်ငြား ပြန်ပြင်းခုံနေရန် ပျင်းရိလွန်းနေခဲ့သည်။

“ဒါဆို နောက်နောင် စင်ကြယ်ခြင်းမြို့တော်ဆီ လာဖြစ်ခဲ့ရင် ကျုပ်တို့မှာ ထပ်ပြီးတော့ လာတည်းပါဦးနော်” ဆိုင်ပိုင်က ထွက်ခွာသွားသော ရန်ကိုင်နှင့် ကျိယောင်တို့ကို ဦးညွှတ်ရင်းမှ ပြောလိုက်၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၆၂၁)

စင်ကြယ်ခြင်းမြို့တော်…

ရန်ကိုင်သည် တည်းခိုခန်းထဲမှ တတွေးတွေးဖြင့် ထွက်လာခဲ့လေသည်။ ထို့နောက် တစ်ခုခုအား သတိရသွားဟန်ဖြင့် “ဒါ ရန်ရွှယ့်မန်ပြောသွားတဲ့ မြို့မဟုတ်ဘူးလား…”

သူတို့၏လမ်းတွင် လူသုံးဦးသည် သူတို့လမ်းကိုပိတ်ရပ်၍ ကျိယောင်၏လှေပျံကို အတင်းအကြပ်ဝယ်ယူရန် ကြိုးစားခဲ့သည်။ ထိုစဉ်က လူအိုကြီးသည် လူငယ်လေးမှာ မိုးကြိုးစံအိမ်၏သခင်လေးဖြစ်ကာ မိန်းမပျိုလေးမှာတော့ စင်ကြယ်ခြင်းမြို့တော်မှ မြို့သခင်၏သမီး ဖြစ်သည်ဟု ပြောခဲ့သည်။

မြို့ထဲသို့ဝင်လာစဉ်က ရန်ကိုင်သည် ကျိယောင်၏အခြေအနေကို တွေးပူနေရသည့်အတွက်ကြောင့် မြို့၏နာမည်အား သေသေချာချာ အာရုံမစိုက်ဖြစ်ခဲ့ပေ။ ယခု စင်ကြယ်ခြင်းမြို့တော်အကြောင်းကို စဉ်းစားလိုက်သည့်အခါမှသာလျှင် ထိုမြို့နာမည်ကို ကြားဖူးနေမှန်း ပြန်သတိရသွားတော့သည်။

ဤသည်မှာ အလွန်ကိုမှ တိုက်ဆိုင်လွန်းလှသည်။

သို့ရာတွင် ရန်ကိုင် ကြောက်မနေခဲ့ချေ။ ဤကဲ့သို့သော မြို့လေးတစ်မြို့သည် သူ့အား ကြောက်အောင် လုပ်နိုင်မည်လား။

ရန်ကိုင်သည် ကျိယောင်ကိုခေါ်၍ မြို့ဂိတ်ပေါက်ဆီသို့ ထွက်လာခဲ့ရာ မကြာမီတွင် မြို့ဂိတ်ပေါက်နားသို့ ရောက်လာလေသည်။

ဂိတ်ပေါက်နားတွင် မြို့ထဲမှထွက်ရန် တန်းစီစောင့်နေကြသော ကျင့်ကြံသူပေါင်းများစွာ ရှိနေကြသလို မြို့ဂိတ်ပေါက်ကို စောင့်ကြပ်နေသည့် ဂိတ်စောင့်များလည်း ရှိနေကြလေသည်။ မြို့ထဲမှထွက်ရန် ကြံနေသည့် တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ဂိတ်စောင့်များမှ သေသေချာချာ စစ်ဆေးနေကြလေ၏။

“ဟမ်…” ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ အစစ်အဆေး အလွန်တင်းကြပ်သည်မှာ ဤစင်ကြယ်ခြင်းမြို့တော်၏ ပုံမှန် လုပ်ရိုးလုပ်စဉ်ပဲလားဟုပင် တွေးမိသွားရသည် အထိပင်။

“ဆရာ… အဲ့လိုမျိုးဖြစ်နေတာ ကျွန်မတို့ မနေ့ကတွေ့ခဲ့တဲ့ ဟိုသုံးယောက်ကြောင့်တော့ မဟုတ်ပါဘူးနော်…” ကျိယောင်က ရုတ်တရက် လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။ “သူတို့ ကျွန်မတို့ကို ရှာနေတာများလား…”

“အဲ့လိုဆိုရင်တော့ အရမ်းတိုက်ဆိုင်လွန်းသွားပြီ…” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် “ငါတို့ မြို့ထဲကို ဝင်လာတုန်းက ဘယ်သူ့ကိုမှ အလန့်တကြားဖြစ်အောင် လုပ်ခဲ့တာမှမဟုတ်တာ… ကြည့်ရတာ မြို့ထဲမှာ အခြားပြဿနာတစ်ခုခု ဖြစ်နေတယ်နဲ့တူတယ်…”

ကျိယောင် ခေါင်းညိတ်လိုက်လေသည်။

ရန်ကိုင်သည် မြို့ထဲမှ အတင်းအကြပ် ထွက်သွားနိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားသည့်တိုင် ထိုသို့မလုပ်ခဲ့ပေ။ ဤနေရာသည် တစ်ပါးသူ၏ပိုင်နက် ဖြစ်နေသည့်အတွက်ကြောင် တစ်ဖက်လူမှ ချမှတ်ထားသည့် စည်းမျဉ်းများအတိုင်း လိုက်နာလိုက်သည်မှာ သူတို့အတွက် ဘာမှကိစ္စမရှိ။ ထို့အတွက်ကြောင့် ရန်ကိုင်နှင့် ကျိယောင်တို့သည် လူအုပ်ကြီး၏နောက်ဘက်ဆီမှ အလျင်အမြန် ဝင်ရောက်တန်းဆီလိုက်လေသည်။

ဂိတ်စောင့်များမှာ အလွန်ကိုမှ အစစ်အဆေး တင်းကြပ်လှသည်။ မြို့ထဲမှထွက်သွားရန် ကြံနေသည့် လူတစ်ဦးချင်းစီတိုင်းကို သူတို့၏ကောင်းကင်စိတ်အာရုံဖြင့် သေသေချာချာကို စစ်ဆေးကြလေသည်။

ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် စစ်ဆေးခံနေကြရပြီး မည်သည့်ပြဿနာနှင့်မှ မကြုံရသည့်လူတိုင်းမှာ မြို့ထဲမှ အေးအေးဆေးဆေး ထွက်သွားနိုင်ကြလေသည်။

“မိသားစုခေါင်းဆောင်တုန်…” ရုတ်တရက်ဆိုသလို မြို့ဂိတ်နားတွင်ရှိနေသော ဂိတ်စောင့်တပ်စခန်း အတွင်းပိုင်းဆီမှ အသံတစ်သံ ထွက်လာခဲ့သည်။

“အကြောင်းမထူးသေးဘူးလား…” မိသားစုခေါင်းဆောင်တုန်ဟုထင်ရသောလူက ပြန်၍မေးလိုက်သည်။

“အခုထိတော့ ဘာမှ ရှာမတွေ့သေးဘူး…” ပထမစကားပြောလိုက်သည့်လူက ပြန်ပြောလေ၏။ “ဒါပေမယ့် စိတ်ချထားလိုက် မိသားစုခေါင်းဆောင်တုန်… ကျန်တဲ့မြို့ဂိတ်ပေါက်သုံးခုစလုံးကိုလည်း ပိတ်ထားပြီးသွားပြီဆိုတော့ မိသားစုခေါင်းဆောင်တုန်ရဲ့ မိန်းမသာ မြို့ထဲကထွက်သွားချင်ရင် ဒီဂိတ်ပေါက်ကို ဖြတ်သွားမှပဲ ရလိမ့်မယ်… ဒီတော့ သူပေါ်လာတာနဲ့ ကျုပ်တို့ သူ့ကို ကျိန်းသေ ရှာတွေ့နိုင်လိမ့်မယ်…”

“အခုလိုမျိုး ကူညီပေးတဲ့အတွက် ကျေးဇူးပါပဲ ဗိုလ်ချုပ်ယုရေ… ငါ့မိသားစုမှာမှ ဘာဖြစ်လို့ အခုလိုတွေ ဖြစ်ရတာလဲမသိဘူး…” မိသားစုခေါင်းဆောင်တုန်က သက်ပြင်းအမောကြီး ချလိုက်လေသည်။

ဗိုလ်ချုပ်ယုက ယဲ့ယဲ့လေး ရယ်မောလျက် “မိသားစုခေါင်းဆောင်တုန်… ကျုပ်သိသလောက်ဆိုရင် ခင်ဗျားနဲ့ ခင်ဗျားမိန်းမက အရမ်းကိုချစ်ကြတာပါ… မြို့ထဲကလူတွေတောင် ခင်ဗျားတို့စုံတွဲကိုကြည့်ပြီး မနာလိုအားကျဖြစ်ရတာတွေ အများကြီးပဲ… အဲ့ဒါကို ဘယ်လိုလုပ်ပြီး ခင်ဗျားတို့နှစ်ယောက် အခုလို ရုတ်တရက်ကြီး ထ စကားများရတာလဲ… ခင်ဗျားမိန်းမကတောင် ရုတ်တရက်ကြီး ထွက်ပြေးပြီး သူ့ကိုပြန်ရှာဖို့ မြို့သခင်စံအိမ်ကလူတွေကို အကူအညီတောင်းရတယ်ဆိုတော့…”

ဗိုလ်ချုပ်ယုမှ ထိုကဲ့သို့ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဂိတ်စောင့်စခန်းတစ်ခုလုံး ရုတ်ချည်း တိတ်ကျသွားခဲ့သည်။ မိသားစုခေါင်းဆောင်တုန်မှာ ဗိုလ်ချုပ်ယု၏အမေးကို ပြန်ဖြေရန် ခက်ခဲနေသည့်အလား။

ထိုအခါ ဗိုလ်ချုပ်ယုက ပြောလိုက်လေသည်။ “ပြောလို့အဆင်မပြေရင်လည်း မပြောပါနဲ့ မိသားစုခေါင်းဆောင်တုန်ရာ… ကျုပ် မမေးလိုက်ဘူးလို့ပဲ သဘောထားလိုက်ပါ…”

“ဟူး…” မိသားစုခေါင်းဆောင်တုန်က သက်ပြင်းအမောကြီးချလျက် စပြောလိုက်လေ၏။ “အစကတော့ ဒီကိစ္စကို လူသိရှင်ကြား ထုတ်မပြချင်ပါဘူးကွာ… ဒါပေမယ့် အဲ့အရူးမက ငါ့ကို အဲ့လို မလုပ် လုပ်ရအောင်ကို တွန်းအားပေးသွားခဲ့တာ… တကယ်တော့ ပြောလို့အဆင်မပြေတာလဲ မဟုတ်ပါဘူး… ဘယ်လိုဖြစ်သွားရလဲဆိုတော့ အဲ့အရူးမက လောဘငယ်ထိပ်ဆောင့်တက်ပြီး ငါတို့တုန်မိသားစုရဲ့ အဖိုးအတန်ဆုံး ရတနာကို ခိုးပြီး ထွက်ပြေးသွားတာပဲ…”

“ခိုးတာ…” ဗိုလ်ချုပ်ယု အံ့အားသင့်သွားခဲ့လေသည်။ “တကယ်ရောဟုတ်ရဲ့လား မိသားစုခေါင်းဆောင်တုန်ရယ်… အမျိုးသမီးတုန်က တုန်မိသားစုထဲမှာ ဒုတိယ ရာထူးအမြင့်ဆုံးလေ… ကျုပ်ကြားသလောက်ဆိုရင် သူက ဂိုဏ်းကြီးတစ်ဂိုဏ်းဂိုဏ်းက လာတယ်ဆိုပဲ… အဲ့ဒါကို တုန်မိသားစုထဲမှာ သူ အခုလိုမျိုး လိုချင်ရလောက်တဲ့ ဘယ်လိုရတနာမျိုး ရှိနေမှာမို့လို့လဲ…”

“ငါလည်း မပြောတတ်တော့ဘူး… သူစိတ်လွတ်သွားလို့ပဲ အခုလိုမျိုး မလုပ်သင့်တာတွေ လျှောက်လုပ်တာလား ဆိုတာကိုတော့…” မိသားစုခေါင်းဆောင်တုန်က စိတ်ညစ်ညစ်ဖြင့် ဆက်ပြောလိုက်လေ၏။ “ဗိုလ်ချုပ်ယု… ငါတို့တုန်မိသားစုက မင်းကို အရင်တုန်းက ကောင်းကောင်းဆက်ဆံခဲ့တယ်လေ… ဟုတ်တယ်မလား… ဒီတော့ အဲ့ဒါလေးကိုထောက်ထားပြီးတော့ ဖြစ်နိုင်လို့ရှိရင် အဲ့အရူးမကို တိုးတိုးတိတ်တိတ်ပဲ ဖမ်းပေးလို့ရမလား… အခြားသူတွေ မသိအောင်ပေါ့ကွာ… အထူးသဖြင့် မြို့သခင်ရန်ပေါ့…”

“စိတ်မပူနဲ့ မိသားစုခေါင်းဆောင်တုန်…” ဗိုလ်ချုပ်ယုက ပြန်ပြောလိုက်သည်။ “ကျုပ်နားလည်တယ်…”

နှစ်ဦးစလုံးမှာ မြို့စောင့်တပ်စခန်းထဲ တိုးတိုးတိတ်တိတ်ဖြင့် ပြောနေကြပါသော်ငြား ရန်ကိုင်ကမူ သူတို့ပြောနေသည်ကို အတိုင်းသား ကြားနေရလေသည်။

ရန်ကိုင်သည် သူတို့ပြောနေသည်ကို ချောင်းနားထောင်နေခြင်းမဟုတ်။ မတော်တဆ ကြားမိသွားရခြင်းသာ ဖြစ်လေသည်။ ယခုမှသာလျှင် စင်ကြယ်ခြင်းမြို့တော် ဘာကြောင့် အစစ်အဆေး တင်းကြပ်နေသလဲဆိုသည်ကို ရန်ကိုင် နားလည်သွားရတော့လေသည်။

မြို့ထဲတွင်ရှိနေသော မိသားစုကြီးတစ်ခုမှ မိသားစုခေါင်းဆောင်၏ မိန်းမသည် ထိုမိသားစုထဲတွင် ရှိနေသော အဖိုးတန်ရတနာကို ခိုးယူထွက်ပြေးသွားသည့်အတွက်ကြောင့် ထိုမိသားစုမှ သူမအား မြို့သခင်စံအိမ်၏ အကူအညီဖြင့် လိုက်လံရှာဖွေနေခြင်း ဖြစ်ပေသည်။ ဤသည်မှာ ထိုမိသားစုအတွက်တော့ အရှက်ရစရာပင်။ မိသားစုခေါင်းဆောင်တုန် မည်မျှကူကယ်ရာမဲ့နေသည်ကိုလည်း ရန်ကိုင် သတိထားမိသည်။ မိသားစုခေါင်းဆောင်တုန်သည် ခိုးယူသွားခံရသော ပစ္စည်းကို ပြန်လည်ရယူချင်နေရုံမက ဤကဲ့သို့ အရှက်တကွဲ အကျိုးနည်းဖြစ်ရပ်ကိုလည်း အခြားသူများ ကြားသိသွားရမည်ကို မလိုလားချေ။

မိသားစုခေါင်းဆောင်၏မိန်းမ ခိုးယူရလောက်သည်အထိပင် ဖြစ်ရလေအောင် သူမခိုးယူသွားသောပစ္စည်းသည် မည်ကဲ့သို့သော ပစ္စည်းများ ဖြစ်မလဲဟု ရန်ကိုင် တွေးမိသွားလေသည်။

တဖြည်းဖြည်းနှင့် ရန်ကိုင်တို့အလှည့်သို့ ရောက်လာခဲ့လေသည်။

ထိုစဉ်မှာပင် ကောင်းကင်ထက်ဆီမှ အလင်းတန်းတစ်ခုဆီသို့ မြို့ထဲဆီသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာလေ၏။

“ဘယ်သူလဲကွ… မြို့ထဲကို ပျံသန်းပြီးတော့ ဝင်လာခွင့်မရှိဘူးဆိုတာ မသိကြဘူးလား…” မြို့ဂိတ်ပေါက်ဝတွင် စောင့်ကြပ်နေသော ဂိတ်စောင့်တစ်ဦးသည် ချက်ချင်းပဲ လေပေါ်သို့ ပျံတက်၍ ထိုအလင်းတန်းကို တားဆီးလိုက်လေသည်။

အလင်းတန်း ရပ်တန့်သွားခဲ့ပြီးသည့်နောက် အမျိုးသားနှင့် အမျိုးသမီးတစ်ဦး ပေါ်လာခဲ့လေသည်။ “မင်းမျက်စိကန်းနေတာလား ခွေးကောင်လေး… ငါ ဘယ်သူလဲဆိုတာကို မြင်နေတာတောင် မင်း ဒီသခင်လေးကို တားရဲတယ်ပေါ့…” အလင်းတန်းပျောက်ကွယ်သွားပြီးနောက် ပေါ်လာသည့်အမျိုးသားက ဒေါမာန်တကြီးဖြင့် အော်ပြောလိုက်လေ၏။

ထိုအခါမှသာလျှင် ဂိတ်စောင့်လည်း အလင်းတန်းထဲတွင်ရှိနေသည့် အမျိုးသားကို မြင်သွားပြီးသည့်နောက် ကတုန်ကယင်ဖြင့် ပြန်၍ပြောလိုက်လေ၏။ “သခင်လေးပိုင်… သခင်မလေးရန်…”

ထိုနှစ်ဦးမှာ ရန်ကိုင်တို့လမ်းကိုပိတ်တား၍ ကျိယောင်၏လှေပျံကို အတင်းအကြပ်ဝယ်ယူရန် ကြိုးစားခဲ့သည့် စုံတွဲသာ ဖြစ်လေသည်။ သူတို့နှစ်ဦး မည်သည့်နေရာမှ ပြန်လာသလဲဆိုသည်ကို ရန်ကိုင်မသိပါသော်ငြား ယခင်က သူတို့နှင့် အတူရှိနေခဲ့သော လူအိုကြီးရန်ကိုမူ မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။

“ထွက်သွားစမ်း…” ပိုင်လုမှာ စိတ်ကောင်းဝင်မနေခဲ့ပေ။ ထိုသို့ပြောပြီးသည့်နောက် သူ့ရှေ့တွင်ပိတ်ရပ်နေသော ဂိတ်စောင့်ကို သူ့လက်ဝါးဖြင့် ရိုက်ချလိုက်လေရာ ဂိတ်စောင့်မှာလည်း သွေးအပွက်ပွက်အန်ထုတ်ရင်း အောက်သို့ ပြုတ်ကျသွားခဲ့ရလေ၏။

ထို့နောက်တွင် အကုန်လုံး၏အကြည့်အောက်၌ ပိုင်လုနှင့် ရန်ရွှယ့်မန်တို့သည် မြို့ဂိတ်ပေါက်ကိုဖြတ်ကျော်၍ မြို့ထဲသို့ ဝင်လာခဲ့လိုက်သည်။ မြို့ထဲသို့ ရောက်လာပြီးသည့်နောက်တွင် နှစ်ဦးစလုံးသည် မာနတစ်ခွဲသားအမူအယာများဖြင့် ခေါင်းကိုမော့ ရင်ကိုကော့လျက် ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်ကြသည်။

သို့သော်ငြား မကြာမီတွင် မာန်ဟုန်ထောင်လွှားနေသော ပိုင်လုမှာ တစ်ခုသောဘက်ဆီသို့ ကြည့်ရင်းမှ ကတုန်ကယင် ဖြစ်လာခဲ့လေသည်။

ရန်ကိုင်သည် ပိုင်လုအား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်နေလေ၏။

ယမန်နေ့က ပိုင်လုသည် ရန်ကိုင်လက်ချက်ကြောင့် အသက်ပျောက်ခါနီး ဖြစ်ခဲ့ရသည်။ ထို့အတွက်ကြောင့် ရန်ကိုင်ကို သူ မမေ့နိုင်သေးပေ။ သို့သော်ငြား တစ်ရက်အတွင်းမှာပင် ရန်ကိုင်အား စင်ကြယ်ခြင်းမြို့တော်၏ ဂိတ်ပေါက်ဝ၌ ထပ်တွေ့ရလိမ့်မည်ဟု မည်ကဲ့သို့များ ထင်ထားပါမည်နည်း။

ဧကရာဇ်အဆင့်သို့ ရောက်နေသော လူအိုကြီးရန်သည် ရန်ကိုင်၏လက်ဝါးတစ်ချက်ကြောင့် လက်မောင်းတစ်ခုလုံး ပေါက်ကွဲထွက်သွားသည့်မြင်ကွင်းမှာ ပိုင်လု၏စိတ်ထဲ မှတ်ကျောက်တင်ထားသည့်နှယ် စွဲစွဲမြဲမြဲ ကျန်ရစ်နေခဲ့သည်။ ပိုင်လုမှာ ရန်ကိုင်ကို အလွန်တရာကိုမှ ကြောက်ရွံ့နေလေရာ ရန်ကိုင်ကိုမြင်လိုက်သည့်အခိုက် ကြောက်စိတ်တို့ ပြန်လည်ထွက်ပေါ်လာခဲ့ပြီး မောက်မာထောင်လွှားနေသည့် သူ့အမူအယာမှာလည်း ရုတ်ချည်းဆိုသလို လေလျှော့ခံလိုက်ရသည့် ပူပေါင်းတစ်ခုနှယ် ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့သည်။

“နင် ဘာဖြစ်နေတာလဲ…” ပိုင်လု ထူးထူးဆန်းဆန်း ပြုမူနေသည်ကိုမြင်သော် ရန်ရွှယ့်မန်က မေးလိုက်လေသည်။ ပြောပြီးသည့်နောက် ပိုင်လုကြည့်နေသည့်ဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ ရန်ကိုင်ကိုမြင်လိုက်သည့်အခိုက် တစ္ဆေသရဲတစ်ကောင်ကို မြင်လိုက်ရသည့်နှယ် ဖြစ်သွားခဲ့ပြီး ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် ချက်ချင်း အကြည့်လွှဲသွားလေ၏။

“မြန်မြန်… ငါတို့ ဒီကနေ ထွက်သွားရမယ်…” ပိုင်လုမှာ တိုးတိုး တိုးတိုးဖြင့် ပြောလျက် ရန်ရွှယ့်မန်ကိုခေါ်ကာ မြို့ထဲဆီသို့ ချက်ချင်း ပြေးထွက်သွားလေသည်။ ပိုင်လုနှင့် ရန်ရွှယ့်မန်တို့၏ အပြုအမူကြောင့် မြို့သခင်စံအိမ်မှ ကျင့်ကြံသူများ အလွန်ကိုမှ အံ့အားသင့်နေကြရလေသည်။ သူတို့၏သခင်လေးနှင့် သခင်မလေးရန် ဘာတွေဖြစ်လို့ဖြစ်နေမှန်းကို အကုန်လုံး နားမလည်နိုင်ကြချေ။

တစ်ခဏကြာ၍ လမ်းထောင့်တစ်နေရာသို့ ရောက်လာပြီးသည့်နောက်တွင် ပိုင်လုနှင့် ရန်ရွှယ့်မန်သည် နောက်သို့ ပြန်လှည့်ကြည့်လျက် ဂိတ်ပေါက်ဆီသို့ မသိမသာလေး ပြန်လှည့်ကြည့်လေသည်။

“သူတို့နှစ်ယောက် ဘာလို့ ဒီကို ရောက်နေရတာလဲ…” ရန်ရွှယ့်မန်က ကတုန်ကယင်လေသံဖြင့် မေးလိုက်လေသည်။

ပိုင်လု၏မျက်နှာ သုန်မှုန်သွားခဲ့ပြီး ပြန်ပြောလိုက်လေ၏။ “နင်က ငါ့ကိုလာမေးနေတာ ငါက ဘယ်သူ့ကိုသွားမေးရမှာလဲ…”

ယမန်နေ့က အဖြစ်အပျက်ကြောင့် ပိုင်ယုနှင့် ရန်ရွှယ့်မန်တို့မှာ ရန်ကိုင်အားမြင်လျှင် ကြောင်ကိုမြင်လိုက်ရသည့် ကြွက်တစ်ကောင်နှယ် အလွန်ကိုမှ အကြောက်ကြီး ကြောက်နေခဲ့လေသည်။

ရုတ်တရက် ရန်ရွှယ့်မန်သည် တစ်ခုခုအား စဉ်းစားမိသွားပြီး မျက်မှောင်ကြီးကျုံ့လျက် အတိအလင်း ပြောဆိုလိုက်လေသည်။ “မဟုတ်သေးပါဘူး… ဒီနေရာက စင်ကြယ်ခြင်းမြို့တော်လေ… ငါ့ပိုင်နက်မှာ ငါက ဘာဖြစ်လို့ သူ့ကိုကြောက်နေရမှာလဲ… ဒီကိစ္စကို အဖေ့ကိုသွားပြောပြီး ငါတို့အတွက် ပြန်လက်စားချေခိုင်းရမယ်…”

ထိုသို့ပြောပြီးသည့်နောက်တွင် မြို့သခင်စံအိမ်ရှိရာဘက်ဆီသို့ လျှောက်ထွက်သွားရန် ပြင်လိုက်လေသည်။

ပိုင်လုက သူမ၏လက်ကို အလျင်စလို ဖမ်းဆွဲလျက် အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။ “နင် ရူးနေတာလား… နင့်မှာ ဦးနှောက်မပါဘူးလား…”

“ဘာရူးရမှာလဲ… နင်ငါ့ကို ဦးနှောက်မပါဘူးလို့ ပြောလိုက်တယ် ဟုတ်လား…” ရန်ရွှယ့်မန်က ဒေါမာန်တကြီးဖြင့် ပြန်ထအော်လေသည်။

ပိုင်လုက ခပ်ပြတ်ပြတ်ပြောလိုက်လေသည်။ “လူအိုကြီးရန်ရဲ့ ကျင့်ကြံခြင်းနဲ့ နင့်အဖေရဲ့ ကျင့်ကြံခြင်းက အတူတူပဲနော်… အဲ့ဒါတောင် ဟိုကောင့်ရဲ့ တိုက်ကွက်တစ်ကွက်ထဲကြောင့် လူအိုကြီးရန်လက်တစ်ခုလုံး ပေါက်ကွဲထွက်သွားတာကိုပဲကြည့်… နင့်အဖေဆိုရင်ရော သူ့ကို တားနိုင်မယ် ထင်လို့လား… နင် နင့်အဖေကို သတ်ချင်နေတာလား… နင့်အဖေသေသွားတော့မှ ငါ့ဆီလာပြီး အော်ငိုမနေနဲ့နော်…”

ထိုစကားကိုကြားသည့်အခါမှသာလျှင် ရန်ရွှယ့်မန်သည်လည်း ထိုအချက်ကို စဉ်းစားမိသွားပြီး သူမ၏မျက်နှာလေး ဖြူလျော်သွားမိလေသည်။ ရန်ကိုင်၏ တန်ပြန်လက်ဝါးကြောင့် လူအိုကြီးရန်၏ လက်မောင်းတစ်ခုလုံး ပေါက်ကွဲထွက်သွားခဲ့ရသည်။ ထိုသို့ဖြစ်လေရာ သူမအဖေသည်လည်း ထိုကောင်လေးကို မည်သို့များ နိုင်ပါမည်နည်း။ သူမသာ သူမအဖေကို ဆွဲခေါ်လာမည်ဆိုပါက ဒုက္ခရောက်သွားမည့်လူမှာ သူမအဖေသာ ဖြစ်ရပေလိမ့်မည်။

“အဲ့ဒါဆို ငါတို့ ဘာလုပ်ကြမလဲ…” ရန်ရွှယ့်မန်က စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ “နင့်အဖေကို ဘာဖြစ်လို့ မခေါ်လိုက်တာလဲ… ဦးလေးပိုင်က ဧကရာဇ်ဒုတိယအဆင့်ဆိုတော့ အဲ့ကောင်ကို အသာလေး အနိုင်ယူနိုင်လောက်တယ်…”

ပိုင်လုက ခေါင်းခါလျက် ပြန်ပြောလိုက်သည်။ “လူအိုကြီးရန်အကြောင်းကိုတောင် ငါ့အဖေကို ဘယ်လိုပြောရမယ်မှန်း သိသေးတာ မဟုတ်ဘူး… ငါတို့မိုးကြိုးစံအိမ်မှာ ဧကရာဇ်အဆင့် ပညာရှင်က ဒီလောက်များများစားစား ရှိတာမဟုတ်ဘူး… အခု လူအိုကြီးရန်က ဆိုးဆိုးရွားရွား ဒဏ်ရာရသွားပြီ… ပြောရရင် ဒီကိစ္စက နင့်အပြစ်ပဲ… နင် ဘာဖြစ်လို့ အဲ့လှေပျံကို မရမက ဝယ်ချင်နေတာလဲ… အခု နင့်ကြောင့် လူအိုကြီးရန် လက်မောင်းတစ်ဖက် ဆုံးရှုံးသွားရပြီ…”

ပိုင်လု၏ ဆူပူပြစ်တင်ခြင်း ခံရသော် ရန်ရွှယ့်မန်၏မျက်လုံးလေးများ ရဲတက်လာခဲ့ပြီး တုန်တုန်ရီရီဖြင့် ပြန်၍ ပြောလိုက်လေသည်။ “မျိုးရိုးနာမည်ပိုင်နဲ့ကောင်… ဒီသခင်မလေးက ငါ့ရဲ့ဘဝကို နင့်ဆီပုံအပ်ထားတာကို နင်က အခုလိုမျိုး ငါ့ကို လာပြီး ရန်လိုနေတယ်ပေါ့… နင့်မှာ လူစိတ်ရော ရှိသေးရဲ့လား…”

ရန်ရွှယ့်မန် ငိုယိုနေသည်ကိုမြင်သော် ပိုင်လုစိတ်ထဲ ပို၍ မကျေမနပ် ဖြစ်သွားခဲ့သည်။ သို့သော်ငြား မတတ်သာသဖြင့် နှစ်သိမ့်ပေးလိုက်ရလေ၏။ “ဟုတ်ပြီ ဟုတ်ပြီ… တော်ပြီ မငိုနဲ့တော့… ထားလိုက်တော့… မနေ့ကကိစ္စက ငါ့အပြစ်ပဲ၊ နင့်အပြစ်မဟုတ်ဘူး… ဟုတ်ပြီလား…”

“လူဆိုးကောင်… နင်က လူဆိုးကောင်… လူဆိုးကောင်…” ရန်ရွှယ့်မန်သည် ထိုကဲ့သို့ အော်ဟစ်နေရင်းမှ ပိုင်လု၏ရင်ဘတ်ကို သူမ၏လက်သီးလေးများဖြင့် အဆက်မပြတ် ထုရိုက်နေခဲ့လေသည်။

“ပြဿနာမရှာစမ်းနဲ့…” ပိုင်လုမှာ ရန်ရွှယ့်မန်ငိုနေသည့်အပေါ် နှစ်သိမ့်ပေးနေရန် အချိန်မရှိသည့်အတွက်ကြောင့် သူမလက်ကို အလျင်စလို လှမ်းဖမ်းလျက် ပြောလိုက်လေ၏။ “အခု အရေးကြီးတာက အဲ့ပြဿနာကောင်နှစ်ကောင်ကို မြန်မြန် အပြင်မောင်းထုတ်ဖို့ပဲ… ဒါပေမယ့် ကံကောင်းသွားတယ်… ကြည့်ရတာ သူတို့နှစ်ယောက် မြို့ထဲကနေ ထွက်သွားဖို့… ဟူး…”

ပြောရင်းဆိုရင်းဖြင့် ပိုင်လုသည် ရန်ရွှယ့်မန်ကိုခေါ်လျက် တစ်နေရာတွင် အလျင်အမြန် ပြေးပုန်းလိုက်လေသည်။

အကြောင်းမှာ သူလှမ်းကြည့်လိုက်စဉ် ရန်ကိုင်သည် အေးစက်စက်အမူအယာဖြင့် သူ့ဆီသို့ လှည့်ကြည့်နေသည်ကို တွေ့လိုက်ရသည့် အတွက်ကြောင့်ပင်။

မြို့ဂိတ်ပေါက်ဝတွင် ရပ်စောင့်နေသော ရန်ကိုင်သည် နောက်သို့ပြန်လှည့်ကြည့်ရင်းမှ လှောင်ပြုံးပြုံးလိုက်လေသည်။

သခင်လေးပိုင်နှင့် သခင်မလေးရန်ဆိုသူသည် သူ့ကိုမြင်လိုက်သည်နှင့် ဤကဲ့သို့ ပြုမူလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သို့သော်ငြား ထိုသို့ဖြစ်သွားသည်မှာလည်း ကောင်းပေသည်။ သူ့အနေဖြင့် အချိန်ကုန်ခံနေစရာ မလိုတော့ချေ။ ထိုနှစ်ကောင်သည်သာ ကိုယ့်အကြောင်းကိုယ်မသိဘဲ လက်စားချေရန် ပြန်ကြိုးစားပါက ရန်ကိုင်အနေဖြင့် သူတို့အား နောက်ဆုံးသင်ခန်းစာပေးရန်လည်း ဝန်လေးနေလိမ့်မည်မဟုတ်ပေ။

“အဟွတ်… အဟွတ်… အဟွတ်…” ရုတ်တရက် ချောင်းဆိုးသံတစ်သံနှင့်အတူ တန်းစီစောင့်ဆိုင်းနေသော အမျိုးသမီးအိုကြီးတစ်ဦး ခြေမခိုင်ဖြစ်ကာ မြေကြီးပေါ်သို့ လဲကျခါနီး ဖြစ်သွားခဲ့ရလေသည်။

ကျိယောင်သည် ထိုအဘွားအိုကြီးအား အလျင်စလို ထူမပေးလျက် စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ “အဘွား… အဆင်ပြေရဲ့လား…”

All Chapters