← Chapters

ခွန်းလွန်တောင်တန်းသို့ ရောက်ရှိခြင်း

Vol. 19 Ch. 258

ခွန်းလွန်တောင်တန်းသို့ ရောက်ရှိခြင်း

Vol. 19 Ch. 258

နောက်ဆက်တွဲ ခရီးလမ်းမှာ အေးချမ်းသာယာခဲ့သည်။

စိတ်မချမ်းမသာ ဖြစ်နေသူ တစ်ဦးတည်းသောသူမှာ ရဲရှင်းဟွေ့ ဖြစ်၏။

အရိုက်မခံရရေးအတွက် ရဲရှင်းဟွေ့က ရဲဖန်အား ၇ရက်တည်စေ စွမ်းရည်ကို အသုံးပြုခဲ့သော်လည်း ရဲဖန်က လူပျိုကြီး ရဲရှင်းဟွေ့၏ ရှေ့မှောက်၌ ချန်ယင်းယင်းနှင့် ချစ်ကြည်နူးပြရလောက်အောင် ရက်စက်ခဲ့သည်။

သူ၏ စိတ်ဓာတ်ကို နောက်ထပ် မထိခိုက်စေရန်အလို့ငှာ ရဲရှင်းဟွေ့က သက်သွင်းခြင်းစွမ်းရည်ကို အသုံးပြု၍ သူ၏ ရုပ်ခန္ဓာကို တိုက်ရိုက် ပြောင်းလဲကာ အာရုံငါးပါးကို ပိတ်ချလိုက်တော့၏။

...

ရက်အနည်းငယ် ကြာပြီးနောက်…

ရဲမိသားစု၏ ကားမှာ နောက်ဆုံး၌ ခွန်းလွန်တောင်တန်း၏ တောင်ခြေသို့ ရောက်ရှိလာသည်။

ကားသည် ခွန်းလွန်တောင်တန်း၏ တောင်ခြေရှိ တည်းခိုခန်းတစ်ခုတွင် ရပ်တန့်သွားပြီး ထိုတည်းခိုခန်းမှာ ရဲရှင်းဟွေ့တို့ အရင်က တည်းခိုခဲ့ဖူးသော နေရာ ဖြစ်၏။

ခြံဝင်းထဲသို့ ကားတစ်စီး ဝင်လာသည်ကို မြင်သောအခါ တည်းခိုခန်းပိုင်ရှင်မှာ မျက်နှာပေါ်တွင် အပြုံးတစ်ခုနှင့်အတူ အိမ်ထဲမှ ချက်ချင်း လျှောက်ထွက်လာသည်။

ဧည့်သည်သည် ဘုရားသခင် ဖြစ်သည် မဟုတ်ပါလား။ သူ အကြိုက်ဆုံးမှာ နေရာတစ်ခုလုံးကို အမြဲ ငှားရမ်းလိုသော ဘုရားသခင်မျိုး ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် နေရာတစ်ခုလုံးကို ငှားရမ်းသူများသာလျှင် ငှားရမ်းခ မည်မျှ ကုန်ကျသည်ကို ဂရုမစိုက်ကြသောကြောင့် ဖြစ်သည်။

ကားတံခါး ပွင့်သွားပြီး ရဲချန်က ပထမဆုံး ထွက်လာသည်။ သူ ထွက်လာသောအခါတွင် ရဲရှင်းချန်က လူတိုင်းကို မူလအရွယ်အစားသို့ ပြန်ပြောင်းပေးရန် မီးအိမ်ငယ်ကို အသုံးပြုလိုက်သည်မှာ သဘာဝကျ၏။

ကားသည် ခွန်းလွန်တောင်တန်း၏ နယ်နိမိတ်သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း ရဲရှင်းဟွေ့ သိသောကြောင့် သူက အာရုံငါးပါး၏ တံဆိပ်ကို ဖွင့်၍ ဒိုရာအေးမွန်း၏ မီးအိမ်ငယ်ကို ရဲရှင်းချန်ထံသို့ ပေးလိုက်သည်။

ရဲချန် ဆင်းသွားပြီးနောက် စုချင်း၊ ရဲနျဉ်၊ ယန်အန်နာနှင့် ချန်ယင်းယင်းတို့က တစ်ယောက်ပြီးတစ်ယောက် ဆင်းလာကြ၏။

နောက်ဆုံးမှ ဆင်းလာသူများမှာ ရွှေသားကဲ့သို့ ခိုင်မာသော သံယောဇဉ် ရှိကြသည့် ဦးလေးနှင့် တူဖြစ်သူ ရဲရှင်းဟွေ့နှင့် ရဲဖန်တို့ ဖြစ်ကြသည်။

ကားတစ်စီးတည်းမှ လူများစွာ ထွက်လာသည်ကို မြင်သောအခါ တည်းခိုခန်းပိုင်ရှင်မှာ မှင်တက်သွား၏။

‘ငင်မိုင် ချီးတက်… ခင်ဗျားတို့က အိန္ဒိယက လူတွေလား… ကားတစ်စီးထဲမှာ လူအများကြီး ဘယ်လိုလုပ် ဆံ့နေတာလဲ…’

သူ့အတွေးထဲ၌ အပြစ်တင်နေသော်လည်း တည်းခိုခန်းပိုင်ရှင်မှာ အပြုံးနှင့်ပင် ရှေ့သို့ လျှောက်လာခဲ့သည်။

“သူဌေး… ခင်ဗျားတို့ ခွန်းလွန်တောင်တန်းကို သွားကြမလို့လား…”

ရှေ့ဆုံးမှ လျှောက်နေသော ရဲချန်က ခေါင်းညိတ်လိုက်သည်။ တည်းခိုခန်းပိုင်ရှင်က သူ့တည်းခိုခန်းဘက်သို့ မည်သို့ပင် မျက်စိမှိတ်ပြစေကာမူ ရဲချန်က ခွန်းလွန်တောင်တန်း၏ ဝင်ပေါက်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွား၏။

“သူဌေး… ခဏလောက် မနားချင်ဘူးလား… ကျွန်တော်တို့ တည်းခိုခန်းမှာ နှိပ်နယ်ပေးတဲ့ ဝန်ဆောင်မှုနဲ့ ဒေသထွက် သရေစာတွေလည်း ရတယ်လေ…”

တည်းခိုခန်းပိုင်ရှင်က သူ့ကို တည်းခိုရန် တိုက်တွန်းသော်လည်း… ရဲချန်က သူ့ကို လျစ်လျူရှုမြဲ လျစ်လျူရှုနေဆဲ ဖြစ်သည်။

ဤမြင်ကွင်းကို မြင်သောအခါ တည်းခိုခန်းပိုင်ရှင်မှာ သက်ပြင်းသာ ချနိုင်တော့၏။

ကံကောင်းစွာနှင့်ပင် အသုံးမကျသော လူတစ်စုက ယခု ဆိုင်ထဲတွင် ဝန်ဆောင်မှုများကို ခံစားနေကြသည်။ သူတို့ကို ဈေးကြီးကြီးနှင့် ရောင်းစားလိုက်လျှင်ပင် လုံလောက်ပြီ ဖြစ်သည်။

...

ရဲချန်က သူ၏ မိသားစုကို ခွန်းလွန်တောင်တန်းသို့ ခေါ်ဆောင်သွားသည်။

ထိုအချိန်၌ပင် တည်းခိုခန်းထဲတွင် သက်လတ်ပိုင်းအရွယ် လူနှစ်ဦးမှာ ခြေထောက်နှိပ်နယ်မှုကို ခံစားနေကြ၏။

“အစ်ကို… နိုင်ငံခြားသားတွေကို ခွန်းလွန်တောင်တန်းထဲ ခေါ်သွားရင် ရာဇဝတ်ပြစ်ဒဏ် ကျခံရမယ်လို့ ကျွန်တော် ကြားတယ်… ငါတို့ ဒီလိုလုပ်တာ တကယ် အဆင်ပြေလို့လား…”

“စိတ်မပူပါနဲ့… သူတို့က နိုင်ငံခြားသားတွေကို ဝင်ခွင့်မပြုဘူးလို့ ပြောထားတာ… ဒါပေမဲ့ မကြာသေးခင်နှစ်တွေမှာ နိုင်ငံခြားသား ဘယ်လောက်များများ ခွန်းလွန်တောင်တန်းထဲ ဝင်သွားလဲ မင်းသိလား… နိုင်ငံခြားသားတွေက အရမ်း စပ်စုတတ်ကြတယ်… မင်း သူတို့ကို ဝင်ခွင့် ပိုတားလေ သူတို့က ပိုဝင်ဖို့ ကြိုးစားလေပဲ… ပြီးတော့ အဲဒီလူတွေက ခွန်းလွန်တောင်တန်းရဲ့ အတွင်းပိုင်းထဲ ဝင်ချင်ကြတာ… သူတို့ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ဦးမယ်လို့ မင်းထင်လား… သူတို့သာ အတွင်းထဲမှာ သေသွားရင် ငါတို့နဲ့ ဘာမှမဆိုင်တော့ဘူး… ဒီတစ်ခေါက် ဆုကြေးက ငါတို့ စွန့်စားရတာနဲ့ ထိုက်တန်ပါတယ်… သန်းနှစ်ဆယ်တောင်လေ… ငါတို့တွေ အကြာကြီး ပျော်ပျော်ရွှင်ရွှင် နေနိုင်ဖို့ လုံလောက်တယ်…”

သန်းနှစ်ဆယ်ဟု ကြားလိုက်ရသောအခါ စိုးရိမ်နေသော ညီငယ်မှာလည်း တံတွေးကို မျိုချလိုက်မိသည်။

“အစ်ကိုကြီး… အခု လူတိုင်းကို အတွင်းထဲ ပို့ပြီးပြီဆိုတော့ ပိုက်ဆံကို ဘယ်တော့ ခွဲကြမှာလဲ…”

“ကောင်းပြီ… ခဏနေရင် မင်းကတ်ထဲကို တစ်သိန်း လွှဲပေးလိုက်မယ်…”

“အစ်ကို… သန်းနှစ်ဆယ်ကို တစ်ယောက်တစ်ဝက် ခွဲရမှာလေ… အစ်ကိုက နည်းနည်းတော့…”

“ကျစ်… ငါက လူတွေကို ဆက်သွယ်ခဲ့တဲ့သူ… ဒါကြောင့် ပိုက်ဆံ ဘယ်လိုခွဲမလဲဆိုတာ ငါပဲ ဆုံးဖြတ်မှာ… မင်းမလိုချင်ဘူးဆိုရင် အဲဒီတစ်သိန်းတောင် ငါမပေးတော့ဘူး…”

သူတို့နှစ်ဦး ရန်ဖြစ်ရန် အသင့်ဖြစ်နေစဉ်မှာပင် အခန်းတံခါးမှာ ရုတ်တရက် အပြင်ဘက်မှ ပွင့်လာသည်။

ထို့နောက် ဖျောက်ဆွယ်ဝတ်စုံ ဝတ်ဆင်ထားသော နိုင်ငံခြားသားတစ်ဦး ဝင်လာ၏။

“ပင်းပိုပါ့… ပိုပါ့ပင်း… ငါတို့ ထွက်ခွာဖို့ အချိန်ကျပြီ…”

ပင်းပိုပါ့နှင့် ပိုပါ့ပင်းဟု အခေါ်ခံရသူများမှာ နိုင်ငံခြားသားများကို ခွန်းလွန်တောင်တန်းသို့ ဦးဆောင် ခေါ်သွားရန် ပြင်ဆင်နေကြသော ညီအစ်ကိုနှစ်ဦးပင် ဖြစ်သည်။

ဤအမည်နှစ်ခုမှာ အတုများ ဖြစ်သည်မှာ သေချာ၏။ မကောင်းမှု ပြုလုပ်သည့်အခါ မည်သူက သူ့အမည်အမှန်ကို အသုံးပြုမည်နည်း။

နိုင်ငံခြားသား၏ စကားကို ကြားပြီးနောက် သူတို့နှစ်ဦးမှာ ရန်ဖြစ်ခြင်းကို ရပ်တန့်၍ နိုင်ငံခြားသားများကို လမ်းပြ ပို့ဆောင်ရန် စီစဉ်လိုက်ကြသည်။

.........

တစ်ဖက်၌…

ရဲချန်၏ အဖွဲ့မှာလည်း ခွန်းလွန်တောင်တန်းထဲသို့ ဝင်ရောက်သွားကြသည်။

ခွန်းလွန်တောင်တန်းမှာ အန္တရာယ်များကြောင်း သိကြသော်လည်း သူတို့မှာ ပျော်ပွဲစားထွက်သည့် စိတ်ဓာတ်ဖြင့် ဖြည်းဖြည်းသက်သာနှင့် အေးအေးဆေးဆေး လျှောက်လှမ်းနေကြဆဲ ဖြစ်၏။

ခွန်းလွန်တောင်တန်း၏ ရှုခင်းမှာ အလွန် လှပသည်။ တစ်နှစ်ပတ်လုံး မြို့ထဲ၌ နေထိုင်သောသူများမှာ ဤတောနက်တောင်ထဲသို့ လာရောက်သောအခါ ကိုယ်ရောစိတ်ပါ ပေါ့ပါးလန်းဆန်းသွားကြလိမ့်မည် ဖြစ်သည်။

လူတိုင်းမှာ တောင်တန်းရှုခင်းများကို ကြည့်ရှုခံစားရင်း ရှေ့သို့ စကားပြော ရယ်မောကာ လျှောက်လှမ်းသွားကြသည်။

တစ်ဦးတည်းသော ခြွင်းချက်မှာ ရဲဖန် ဖြစ်၏။

ထိုအခိုက်၌ ရဲဖန်မှာ အလွန် စိတ်ဓာတ်ကျနေသည်။ အခြားသူများမှာ မည်သည့်အရာမှ မပါဘဲ တောင်တက်နေကြသော်လည်း သူကမူ သက်ရှိလူတစ်ယောက်လုံးကို ကျောပိုးထားရသည်။

ဖြည်းဖြည်းချင်း လျှောက်ရင်းနှင့် နောက်ကျကျန်နေခဲ့သော လင်အာမှာ ဤအချိန်၌ အနည်းငယ် မောပန်းနေပြီ ဖြစ်၏။ သူမက ရဲနျဉ်အား ပြောလိုက်သည်။ “ဖေဖေ… သမီးလည်း ကုန်းပိုးခံချင်တယ်…”

သူ၏ သမီးမှာ မောပန်းနေပုံ ပေါက်နေသည်ကို မြင်သောအခါ ရဲနျဉ်မှာ များများစားစား မစဉ်းစားတော့ဘဲ သမီးငယ် လင်အာကို ကျောပေါ်သို့ ပိုးတင်ရန် ကိုယ်ကို ချက်ချင်း ကိုင်းညွှတ်လိုက်သည်။

“စောင့်…”

ဤအခိုက်၌ ရဲရှင်းဟွေ့က စကားပြောလိုက်၏။

“လင်အာလေး… ဦးလေးရဲဖန်ကို မင်းကို ပိုးခိုင်းလိုက်…”

ရဲရှင်းဟွေ့၏ စကားကို ကြားသောအခါ ရဲရှင်းဟွေ့ကို ကျောပိုးထားသော ရဲဖန်မှာ တစ်ခဏမျှ မှင်တက်သွားပြီးနောက် အလွန် ဝမ်းသာသွားသည်။

သူ ကျောပေါ်မှ ဆင်းသွားလျှင် ရဲရှင်းဟွေ့ကို ရင်ဆိုင်နိုင်မည်လားဟူသည်ကို မပြောဘဲထားဦး… ရဲရှင်းဟွေ့ကဲ့သို့သော ယောက်ျားကြီးတစ်ယောက်ကို ကျောပိုးရသည်ထက် လင်အာကဲ့သို့သော ကလေးမလေးကို ကျောပိုးရသည်က ပိုကောင်းသည် မဟုတ်ပါလား။

သွားစရာ ခရီးလမ်းမှာ အရှည်ကြီး ကျန်သေးသည် ဖြစ်၏။

ဤသို့ တွေးမိသောအခါ ရဲနျဉ် မငြင်းဆန်နိုင်မီမှာပင် ရဲဖန်က သူ့အား ပြောလိုက်သည်။ “အစ်ကိုနှစ်… ကိစ္စမရှိဘူး… လင်အာကို ကျွန်တော်ပဲ ပိုးပါ့မယ်…”

ထို့နောက် သူက သူ့နောက်မှ ရဲရှင်းဟွေ့ကို ပြောလိုက်သည်။ “ဒီလိုဆိုရင်တော့ မင်းဆင်းဖို့ အချိန်တန်ပြီ… ရှင်းဟွေ့…”

“ဟမ်… ဦးလေး… ကျွန်တော် ဆင်းတော့မယ်လို့ ဘယ်သူပြောလို့လဲ…”

ရဲဖန် အနည်းငယ် ရှုပ်ထွေးသွားစဉ်မှာပင် ရဲရှင်းဟွေ့က လင်အာလေးအား ပြောသည်ကို သူ ကြားလိုက်ရသည်။ “လင်အာ… အစ်ကိုရှင်းဟွေ့ရဲ့ ကျောပေါ်ကို ခုန်တက်လိုက်… ငါတို့ ဦးလေးရဲဖန်က သူရဲကောင်းကြီး… သူက လူတွေကို ကျောပိုးတဲ့အခါ အရမ်းငြိမ်တယ်…”

လင်အာလေးက အပြစ်ကင်းစင်စွာ ခေါင်းညိတ်လိုက်သည်။ သူမက အစ်ကိုရှင်းဟွေ့ ပြောသည်မှာ မှန်သည်ဟု တွေးလိုက်၏။ အဘယ်ကြောင့်ဆိုသော် သူမ၏ ဦးလေးရဲဖန်မှာ အစ်ကိုရဲရှင်းဟွေ့ကို ရက်ပေါင်းများစွာ ကျောပိုးခဲ့သည်ကို သူမ မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူ၏ လူပိုးသည့် အဆင့်အတန်းမှာ နိမ့်ကျမည် မဟုတ်ပေ။

ချက်ချင်းပင် လင်အာက သူမ၏ ဖခင် ရဲနျဉ်ကို သူမအား ရဲရှင်းဟွေ့၏ ပခုံးပေါ်သို့ တင်ပေးရန် တောင်းဆိုလိုက်သည်။

ရဲရှင်းဟွေ့၏ လက်များက ရဲဖန်၏ ပခုံးများကို ဖုံးအုပ်ထားသောကြောင့် လင်အာလေးမှာ ရဲရှင်းဟွေ့၏ ပခုံးပေါ်၌ ထိုင်နေရသည်မှာ ပို၍ တည်ငြိမ်သည်ဟု ခံစားလိုက်ရသည်။

ရဲဖန်မှာ မည်သည့်စကားမှ မဆိုခဲ့ပေ။ မည်သို့ပင်ဖြစ်စေ စကားမှာ အခုလေးတင်မှ ပြောထွက်သွားခြင်း ဖြစ်သည်။ ထို့အပြင် ရှောင်လင်အာ၏ ကိုယ်အလေးချိန် ထပ်ပေါင်းထည့်လိုက်လျှင်ပင် ကိစ္စမရှိပေ။

ရဲဖန် ဆက်လျှောက်တော့မည် ပြင်လိုက်စဉ်မှာပင် ရဲရှင်းဟွေ့က ထပ်ပြောသည်ကို သူ ကြားလိုက်ရသည်။ “ဟေး… ရဲယင်လေး… မင်းအဘိုး ရဲဖန်ကို တောင်ပေါ်ထိ ပိုးခိုင်းချင်လား… ဘာပဲဖြစ်ဖြစ် မင်းက မျိုးဆက်သစ်ပဲလေ…”

ရဲဖန် : “...”

ရဲယင် : “...”

ရဲယင်မှာ ရဲရှင်းဟွေ့၏ အဆိုပြုချက်ကို သဘာဝကျကျပင် ငြင်းပယ်လိုက်သည်။

သူက ရဲမိသားစု၌ မျိုးဆက်သစ်ဟု သတ်မှတ်ခံရသော်လည်း သူ၏ အသက်မှာ လုံးဝ မငယ်တော့ပေ။

ပြီးတော့… သူက ရဲရှင်းဟွေ့ကို သူ့စိတ်ထဲမှ ယခု လုံးဝ မဆွချင်ပေ။

သူ၏ ဤအဘိုးငယ်မှာ အဘယ်ကြောင့် နတ်ဆိုးကြယ် ရဲရှင်းဟွေ့ကို သွားစ၍ ဤသို့ အပြစ်ပေးခံရသည်ကို သူ မသိခဲ့ပေ။

ရဲယင် မသိခဲ့သည်မှာ သူက ရဲမိသားစုနှင့် အခုမှ ပူးပေါင်းခဲ့ပြီး ရဲမိသားစုနှင့် အနည်းငယ် စိမ်းသက်နေသေးသောကြောင့် ရဲရှင်းဟွေ့အပေါ် သူ၏ နှစ်သက်မှု အဆင့်မှာ မပြည့်သေးခြင်း ဖြစ်သည်။ ထို့ကြောင့် သူက အနည်းငယ် လုံခြုံနေသေးခြင်း ဖြစ်၏။

အကယ်၍ ရဲယင်၏ နှစ်သက်မှု အဆင့်သာ ပြည့်သွားပါက သူက ရဲဖန်နှင့် ဆင်တူသော ဘဝကို တွေ့ကြုံခံစားရမည် ဖြစ်သည်။

ရဲရှင်းဟွေ့ကမူ ရဲယင်၏ ကြက်သွန်မြိတ်မှာ လုံလောက်စွာ မရင့်မှည့်သေးဟုသာ ပြောနိုင်ပေသည်။ ယခု ရိတ်သိမ်း၍ မရသေးချေ။

All Chapters