ယွမ်ထိုက်ရှို - မင်းတို့ ဘာလို့ ငါ့ကို ဒီလိုလုပ်ရတာလဲ…
Vol. 19 Ch. 264
ရဲရှင်းဟွေ့ ဖွင့်ပေးလိုက်သော ဂိတ်ပေါက်ကို မြင်သောအခါ ရဲရှင်းချန်မှာ စကားတစ်ခွန်းမှ မဆိုဘဲ ပြေးဝင်သွားသည်။
ဂိတ်ပေါက်ကို ဖြတ်ကျော်ပြီးနောက် ရဲရှင်းချန်က သူ၏ အာရုံခံစားမှုကို အမြင့်ဆုံးသို့ တင်၍ ယွမ်ထိုက်ရှိုကို ရှာဖွေလိုက်၏။
တစ်စက္ကန့်အကြာတွင် သူက ယွမ်ထိုက်ရှို၏ တည်နေရာကို အမှန်ပင် ရှာတွေ့သွားသည်။ ယွမ်ထိုက်ရှို၏ ဘေး၌ အခြား ရင်းနှီးသော အငွေ့အသက်တစ်ခုလည်း ရှိနေ၏။
ထိုသူမှာ သူ့ကို မြားဖြင့် ပစ်ခတ်ခဲ့သော နတ်စစ်သူကြီးယီ ဖြစ်သည်။
ထို့ပြင် ရဲရှင်းချန်ကလည်း သူတို့၏ တည်နေရာနှင့် မဝေးလှသော နေရာတွင် ရှိနေ၏။
...
အခြားတစ်ဖက်တွင်။
နတ်ဘုရားနှင့်နတ်ဆိုးလောက၌ မကြာသေးမီက ကမ္ဘာမှ သတ္တဝါများမှာ အာကာသ အက်ကွဲကြောင်းများမှတစ်ဆင့် ပိုမို ရောက်ရှိလာကြသည်။
ယခင်က ရဲရှင်းဟွေ့ ပေါ်ထွက်လာသကဲ့သို့သော အဖြစ်အပျက်မျိုး နောက်တစ်ကြိမ် မဖြစ်ပွားစေရန်အတွက် နတ်စစ်သူကြီးယီက သူ၏ နတ်စစ်သူကြီးနန်းတော်ကို ဤနေရာသို့ တိုက်ရိုက် ရွှေ့ပြောင်းလိုက်သည်။
သူ၏ နန်းတော် တည်နေရာသစ်မှ ကြည့်လျှင် ရဲရှင်းဟွေ့က ပြာခွက်ကို ပစ်ပေါက်လိုက်စဉ်က ဖြစ်ပေါ်ခဲ့သော ကြီးမားသည့် ချိုင့်ဝှမ်းကြီးကိုလည်း မြင်နိုင်၏။
နတ်စစ်သူကြီးယီက သူ၏ ရှေ့မှ ကြီးမားသော ချိုင့်ဝှမ်းကြီးကို ကြည့်၍ စိတ်ထဲ၌ တွေးလိုက်သည်။ ‘အို… ဒီအခြေအနေက ဘယ်တော့မှ ပြီးမှာလဲ…’
ဤနေရာ၌ အာကာသ အက်ကွဲကြောင်းများ ပေါ်ပေါက်လာသည့် အချိန်မှစ၍ လက်ရှိ နတ်ဘုရားဘုရင်မှာ အလွန် တုန်လှုပ်ခြောက်ခြားနေပြီး ကမ္ဘာလောကကို ဖျက်ဆီးနိုင်သော တည်ရှိမှုတစ်ခုခုက အာကာသ အက်ကွဲကြောင်းများမှ ထွက်ပေါ်လာမည်ကို စိုးရိမ်နေ၏။
အမှန်စင်စစ် ဤသည်မှာ နတ်ဘုရားဘုရင်၏ အခြေအမြစ်မရှိသော စိုးရိမ်ပူပန်မှု မဟုတ်ချေ။
ရဲခွန်းလွင်က နတ်ဘုရားဘုရင်၏ ပလ္လင်ကို စွန့်လွှတ်ပြီးနောက် နတ်ဘုရားလောကမှာ သူတို့၏ အစီအစဉ်အတိုင်း နတ်ဘုရားဘုရင်၏ နေရာတွင် အစားထိုးမည့်သူ တစ်ဦးကို ထားရှိခဲ့သည်။
လက်ရှိ နတ်ဘုရားဘုရင်မှာ အမှန်တကယ်တွင် အင်အား အကြီးဆုံး မဟုတ်ဘဲ သူက သင်္ကေတတစ်ခုမျှသာ ဖြစ်သည်။ အမှန်တကယ်တွင် အခြားသူများက ရဲခွန်းလွင် နတ်ဘုရားဘုရင် ပလ္လင်ကို စွန့်လွှတ်ခြင်းကို ပြဿနာဟု မမြင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ရဲခွန်းလွင်ကိုယ်တိုင်က အစွမ်းထက်သော ခွန်အားကို ပိုင်ဆိုင်ထားပြီး ထိန်းချုပ်ရန် အလွန် ခက်ခဲသောကြောင့် ဖြစ်သည်။
လက်ရှိ နတ်ဘုရားဘုရင်မှာ ခွန်အား အနည်းငယ်သာ ပိုင်ဆိုင်ပြီး သူ ပိုင်ဆိုင်သော တစ်ခုတည်းသော အရာမှာ အနာဂတ်ကို ကြိုတင် ဟောကိန်းထုတ်နိုင်စွမ်း ဖြစ်သည်။
နတ်ဘုရားဘုရင်က တစ်စုံတစ်ယောက်မှာ အခြားကမ္ဘာမှ နတ်ဘုရားနှင့်နတ်ဆိုးလောကသို့ ရောက်ရှိလာပြီး ဤကမ္ဘာပေါ်ရှိ နတ်ဘုရားလောကနှင့် နတ်ဆိုးလောက၏ အုပ်ချုပ်မှုကို ချိုးဖျက်လိမ့်မည်ဟု ကြိုတင် မြင်တွေ့ခဲ့၏။
နတ်ဘုရားလောကမှ အင်အားကြီး ပုဂ္ဂိုလ်များမှာ ဤအားနည်းသော နတ်ဘုရားဘုရင်၏ ဟောကိန်းကို သိပ်အာရုံမစိုက်ကြပေ။ သူတို့က ရုတ်တရက် ထူးဆန်းစွာ ပေါ်ပေါက်လာသော အာကာသ အက်ကွဲကြောင်းများကို ပိုမို ဂရုပြုရန်အတွက် မထင်မရှား နတ်စစ်သူကြီး တစ်ဦးဖြစ်သည့် ယီကိုသာ အမိန့်ပေးခဲ့သည်။
နတ်စစ်သူကြီးယီမှာ ထိုနတ်ဘုရားလောကမှ အင်အားကြီး ပုဂ္ဂိုလ်များကဲ့သို့ပင် ဟောကိန်းကို မယုံကြည်သဖြင့် သူက ထိုနေရာကို စောင့်ကြပ်ရန် လူအနည်းငယ်ကို ဖြစ်ကတတ်ဆန်း စေလွှတ်ခဲ့သည်။
သို့သော်လည်း ရဲရှင်းဟွေ့ ရောက်ရှိလာပြီးနောက် နတ်စစ်သူကြီးယီက ဟောကိန်းကို အနည်းငယ် ယုံကြည်လာသဖြင့် သူကိုယ်တိုင် လာရောက် စောင့်ကြပ်ခဲ့သည်။
သို့သော်… ဤမျှကြာအောင် စောင့်ကြပ်ပြီးနောက် အာကာသ အက်ကွဲကြောင်းများမှ ထွက်ပေါ်လာသော အရာများမှာ အဘယ်အရာများ ဖြစ်သနည်း။
သမင်များ၊ ဝက်ဝံများ၊ တောဝက်များ… သူတို့အားလုံးမှာ သာမန်ထက် မပိုသော သာမန် တိရစ္ဆာန်များသာ ဖြစ်ကြသည်။
ဤတိရစ္ဆာန်များကို နတ်ဆိုးဟုပင် ခေါ်ဆို၍မရဘဲ သာမန် ကျင့်ကြံသူများအတွက် အစာအဖြစ် အသုံးပြုရန်ပင် အရည်အချင်း မမီချေ။
ယခုအခါ သူက နတ်ဘုရားဘုရင်၏ ဟောကိန်းကို တစ်ဖန် သံသယဝင်လာသည်။
“အို… ထားလိုက်တော့… မနက်ဖြန် နတ်ဘုရားလောကကို ပြန်ကြတာပဲ… ငါက နတ်ဘုရားဘုရင်ရဲ့ ဟောကိန်းကို တကယ် ယုံကြည်မိတယ်လို့ မထင်ဘူး…”
နတ်စစ်သူကြီးယီ စကားဆုံးသည်နှင့် မလှမ်းမကမ်း၌ အာကာသ အက်ကွဲကြောင်းတစ်ခု ထပ်မံ ပေါ်ပေါက်လာသည်။
ထို့နောက် အဝတ်စုတ်ရုပ်နှင့်တူသော ပုံသဏ္ဌာန်တစ်ခုက ထိုအထဲမှ ပျံထွက်လာ၏။
ဤလူသားပုံသဏ္ဌာန် သတ္တဝါကို မြင်သောအခါ နတ်စစ်သူကြီးယီမှာ အံ့အားသင့်သွားသည်။
“ချီးပဲ… နောက်ဆုံးတော့ တိရစ္ဆာန် မဟုတ်တော့ဘူး…”
မြည်တွန်တောက်တီးပြီးနောက် နတ်စစ်သူကြီးယီက အမှန်တကယ်တွင် ယွမ်ထိုက်ရှိုဖြစ်နေသော လူသားပုံသဏ္ဌာန် သတ္တဝါ၏ ဘေးသို့ ရောက်ရှိသွားသည်။
“ငါ… ငါ နောက်ဆုံးတော့ နတ်ဘုရားနဲ့နတ်ဆိုးလောကကို ပြန်ရောက်လာပြီ…”
ယွမ်ထိုက်ရှိုက ရင်းနှီးသော လောက၏ အငွေ့အသက်ကို ခံစားမိ၍ မျက်ရည်များ ကျလာသည်။
“မင်း ဘယ်သူလဲ…” နတ်စစ်သူကြီးယီက မြေပြင်ပေါ်တွင် လဲလျောင်းနေသော ယွမ်ထိုက်ရှိုကို ကြည့်၍ မေးလိုက်၏။
“မင်း… ယီလား… ငါပါ… မင်းရဲ့ သူဌေး… ယွမ်ထိုက်ရှို…”
ယီကို မြင်သောအခါ ယွမ်ထိုက်ရှိုမှာ ပို၍ပင် ငိုကြွေးလေသည်။
ယီမှာ တစ်ချိန်က ယွမ်ထိုက်ရှို၏ လက်အောက်ငယ်သား ဖြစ်ခဲ့သည်။ ယွမ်ထိုက်ရှို ပျောက်ကွယ်သွားပြီးနောက် ယီက စမ်းသပ်မှုများစွာကို ဖြတ်ကျော်၍ နတ်စစ်သူကြီးအသစ် ဖြစ်လာခဲ့သည်။
“ဆရာယွမ်ထိုက်ရှို… ခင်ဗျား… ခင်ဗျား အသက်ရှင်နေတုန်းပဲလား…”
ထောင်ပေါင်းများစွာသော နှစ်များအတွင်း ပျောက်ကွယ်သွားခဲ့သော ယွမ်ထိုက်ရှိုမှာ အသက်ရှင်နေဆဲ ဖြစ်သည်မှာ မယုံနိုင်စရာပင် ဖြစ်သည်။
‘ငါ သူ့ကို အခု သတ်ပစ်လိုက်သင့်လား…’ နတ်စစ်သူကြီးယီက စိတ်ထဲ၌ တွေးလိုက်သည်။
သူ ဤသို့ တွေးရခြင်း အကြောင်းရင်းမှာ ယွမ်ထိုက်ရှိုက နတ်ဘုရားလောက၌ ကျယ်ပြန့်သော အဆက်အသွယ်များ ရှိသောကြောင့် ဖြစ်သည်။ သူက နတ်စစ်သူကြီး ရာထူးသို့ ပြန်သွားလိုပါက ဖြစ်နိုင်သေးသည်။
သူ လှုပ်ရှားရန် ပြင်လိုက်စဉ်တွင် သူ၏ နောက်မှ အေးစက်သော အသံတစ်ခုကို ကြားလိုက်ရသည်။
“သူက အသက်ရှင်နေတုန်းပဲ… ဒါပေမဲ့ မကြာခင် သေတော့မှာ…”
ဤအသံကို ကြားသောအခါ နတ်စစ်သူကြီးယီမှာ တုန်လှုပ်သွားပြီး “ငါ သူ့ကို သတ်ချင်မှန်း မင်း ဘယ်လိုသိလဲ…” ဟု ပြောလုနီးပါး ဖြစ်သွားသည်။
နတ်စစ်သူကြီးယီ နောက်သို့ လှည့်ကြည့်လိုက်သောအခါ အနည်းငယ် ရင်းနှီးသော မျက်နှာတစ်ခုကို တွေ့လိုက်ရ၏။
လာရောက်သူမှာ ရဲရှင်းချန်မှလွဲ၍ အခြားသူ မဟုတ်ချေ။
ယွမ်ထိုက်ရှိုက ရဲရှင်းချန်ကို မြင်သောအခါ အလွန် ထိတ်လန့်သွားသည်။
“ယီ… ငါ့ဝိညာဉ်ကို ယူပြီး ထွက်ပြေးတော့…”
နတ်စစ်သူကြီးယီ ဤစကားကို ကြားသောအခါ ယွမ်ထိုက်ရှို၏ စကားကို နားမထောင်ဘဲ ရဲရှင်းချန်ကို စိုက်ကြည့်နေပြီးနောက် “ငါ မင်းကို အဲဒီမြားနဲ့ ပစ်သတ်လိုက်ပြီလို့ ထင်ခဲ့တာ…” ဟု ပြောလိုက်၏။
“ဟားဟား… ငါ ဒီကမ္ဘာကို နောက်တစ်ခေါက် ပြန်လာတဲ့အခါ မြင်ရမယ့် ပထမဆုံးလူက မင်း ဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး…”
သူတို့နှစ်ဦးကြားမှ တင်းမာသော အငွေ့အသက်က ယွမ်ထိုက်ရှို၏ တည်ရှိမှုကို အနိမ့်ဆုံးအဆင့်သို့ လျှော့ချလိုက်သည်။
သို့သော် သူတို့နှစ်ဦးစလုံးက တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်လိုကြသော်လည်း အရင်ဆုံး အသတ်ခံရမည့် ပထမဆုံး ပစ်မှတ်ကို မမေ့သေးပေ။
ယွမ်ထိုက်ရှို။
နတ်စစ်သူကြီးယီက ရဲရှင်းချန်ကို ယွမ်ထိုက်ရှိုကို အရင်သတ်စေပြီးနောက် သူက ရဲရှင်းချန်ကို အနိုင်ယူရန် ကြံရွယ်ထားသည်။
ရဲရှင်းချန်ကလည်း ယွမ်ထိုက်ရှိုကို နောက်တစ်ကြိမ် ထွက်မပြေးနိုင်စေရန် အရင် သတ်ပစ်ချင်နေ၏။
သူ့ရှေ့မှ အခြားလူကိုတော့ နောက်မှ သတ်ပစ်လိုက်ရုံသာ။
.......
သူတို့နှစ်ဦး နှစ်စက္ကန့်ကြာ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် နတ်စစ်သူကြီးယီက ရုတ်တရက် သူ၏ ဗိုက်ကို ကိုင်၍ လက်များကို မြှောက်ကာ ပြောလိုက်သည်။ “တောင်းပန်ပါတယ်… ကျွန်တော် အနီးအနားက အိမ်သာကို အရင်သွားလိုက်ဦးမယ်…”
သူ စကားဆုံးသည်နှင့် ဘေးသို့ ပြေး၍ ချုံပုတ်ထဲတွင် ထိုင်ချလိုက်သည်။
ရဲရှင်းချန် - “…”
ယွမ်ထိုက်ရှို - “…”
သူ ချုံပုတ်ထဲတွင် ထိုင်ချလိုက်သောအခါ သူ၏ ဘောင်းဘီကိုပင် မချွတ်သည်ကို မြင်လျှင် ယွမ်ထိုက်ရှိုက ချက်ချင်း ကျယ်လောင်စွာ ဆဲရေးလိုက်သည်။
“ဟေ့ကောင်… မင်း အသေကစားချင်ရင် နည်းနည်းလောက် ပီပီပြင်ပြင် လုပ်လို့မရဘူးလား…”
ယွမ်ထိုက်ရှိုမှာ လုံးဝ မျှော်လင့်ချက်မဲ့သွား၏။ သူ၏ ဇာတိမြေသို့ ပြန်လည်ရောက်ရှိပြီးနောက် သူ မြင်တွေ့ရသော ပထမဆုံးလူမှာ သူ၏ ယခင် ညီငယ် ဖြစ်နေသည်မှာ မယုံနိုင်စရာပင်။
“အာ… ငါ မင်းကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့လို့လား… ယီ… မင်းကို အလုပ်ကြမ်းတွေ အကုန်ပေးတာ၊ မင်းရဲ့ အစေခံလှလှလေး တချို့ကို ခိုးတာ၊ မင်းရဲ့ လစာ အများစုကို ဘတ်တာ၊ ပြီးတော့ ဘာမှမလုပ်စရာမရှိတဲ့အခါတိုင်း မင်းကို ရိုက်နှက်တာတွေကလွဲရင် ငါ မင်းကို ကောင်းကောင်း မဆက်ဆံခဲ့ဘူးလား… မင်း ဘာလို့ ငါ့ကို ဒီလိုလုပ်ရတာလဲ…”
မလှမ်းမကမ်းတွင် ရှိနေသော နတ်စစ်သူကြီးယီမှာလည်း ယွမ်ထိုက်ရှို၏ တီးတိုးရေရွတ်သံများကို ကြားပြီးနောက် တစ်ခဏမျှ အံ့အားသင့်သွားသည်။
“အေး ဟုတ်သားပဲ… ငါ ဒီအရာတွေအားလုံးကို ဘယ်လို မေ့သွားနိုင်ရတာလဲ… ငါက ဒီကောင် နတ်ဘုရားလောကကို ပြန်ရောက်ရင် ငါ့ရာထူးကို လုယူလိမ့်မယ်လို့ပဲ တွေးနေခဲ့တာ…”
မူလက အနည်းငယ် အပြစ်ရှိသလို ခံစားနေရသော နတ်စစ်သူကြီးယီမှာ ရုတ်တရက် သူလုပ်ခဲ့သည့် အရာများမှာ မှားယွင်းမှု မရှိကြောင်းနှင့် ယွမ်ထိုက်ရှိုမှာ သေသင့်ကြောင်း ခံစားလိုက်ရသည်။
.......
ရဲရှင်းချန်မှာလည်း ယွမ်ထိုက်ရှို၏ စကားများကို ကြားသောအခါ စကားမှ မပြောနိုင်တော့ပေ။
သို့သော် မည်သို့ပင်ဖြစ်စေ ယွမ်ထိုက်ရှိုမှာ သေဆုံးရန် ကံကြမ္မာ ပါလာခဲ့ပြီး ဖြစ်သည်။
ရဲရှင်းချန်က အချိန်မဖြုန်းဘဲ လက်ဝါးတစ်ချက်ဖြင့် ရိုက်ထုတ်လိုက်ပြီး ယွမ်ထိုက်ရှို၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို တိုက်ရိုက် ချေမှုန်းပစ်လိုက်၏။
ယွမ်ထိုက်ရှို သေဆုံးသွားသောအခါ နတ်စစ်သူကြီးယီက ဘေးမှ ထရပ်၍ ပြောလိုက်သည်။ “ကောင်းပြီ… သေသင့်တဲ့လူ သေသွားပြီ… မင်း၊ ကျူးကျော်သူ၊ နောက်တစ်ယောက်ပေါ့… စိတ်မပူပါနဲ့၊ ငါ မင်းကို မသတ်ဘူး… မင်းက သေတာထက် အရှင်က ပိုတန်ဖိုးရှိတယ်…”
နတ်စစ်သူကြီးယီ၏ အတွေးမှာ အလွန် ရိုးရှင်း၏။ ရဲရှင်းချန်ကို ဖမ်းဆီးပြီး အခြားကမ္ဘာ၏ အချက်အလက်များကို ရှာဖွေရန် ဖြစ်သည်။
သူ၏ စကားကို ကြားသောအခါ ရဲရှင်းချန်က ပြုံး၍ မေးလိုက်သည်။ “မင်းရဲ့ ခွန်အားနဲ့ဆိုရင် ဒီကမ္ဘာမှာ မင်းက ဘယ်အဆင့်လောက်မှာ ရှိလဲလို့ ငါ မေးလို့ရမလား…”
နတ်စစ်သူကြီးယီက သူ၏ ရှေ့မှ လူက ဤသို့ မေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက် သူက “ပျမ်းမျှအထက်မှာ သေချာပေါက် ရှိတယ်…” ဟု ပြန်ဖြေလိုက်၏။
ကျင့်ကြံ၍ နတ်ဖြစ်ပြီးနောက် နတ်အဆင့် လေးဆင့် ရှိ၏။ ၎င်းတို့မှာ အတုအယောင်နတ်ဘုရားလောက၊ ပုံရိပ်စစ်နတ်ဘုရားလောက၊ အလင်းဖြာနတ်ဘုရားလောကနှင့် နောက်ဆုံးတွင် အစစ်အမှန်နတ်ဘုရားလောကတို့ ဖြစ်ကြသည်။ ဤလောက လေးခုမှာ စုပေါင်း၍ နတ်ဘုရားလောက၏ လောကများ ဖြစ်ပြီး နတ်ဘုရားလောက၏ လောကလေးခုဟုလည်း ခေါ်တွင်၏။
နတ်စစ်သူကြီးယီမှာ အလင်းဖြာနတ်ဘုရားလောကတွင် ရှိပြီး အစစ်အမှန်နတ်ဘုရားလောကနှင့် အနည်းငယ် ကွာဝေးနေသေးသည်။ သူက ပျမ်းမျှ သို့မဟုတ် ပျမ်းမျှအထက် ခွန်အားရှိသည်ဟု ပြောခြင်းမှာ မှားယွင်းမှု မရှိချေ။
“ဒါက နတ်ဘုရားနဲ့နတ်ဆိုးလောကရဲ့ အလယ်အလတ်အဆင့်လား… ဒီနေရာက… ကျင့်ကြံခြင်းကမ္ဘာလောက် ကောင်းပုံမရဘူး…”
ရဲရှင်းချန်က သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်သည်။
နတ်စစ်သူကြီးယီက ရဲရှင်းချန်၏ စကားကို ကြားသောအခါ သူ၏ ရှေ့မှ လူ၏ ခွန်အားကို ခန့်မှန်း၍ မရနိုင်ကြောင်း သဘောပေါက်သွား၏။
သူ ရဲရှင်းချန်ကို ပထမဆုံးအကြိမ် မြင်တွေ့စဉ်က ရဲရှင်းချန်၏ ခွန်အားမှာ လောကလေးခုသို့ မရောက်သေးကြောင်း ရှင်းလင်းစွာ အာရုံခံနိုင်ခဲ့သည်။ သာမန်လူများထဲတွင်ပင် သူ့ထက် အားကောင်းသူများစွာ ရှိနေ၏။
သူ၏ မြားများက ပြိုင်ဘက်ကို မသေစေနိုင်သည်မှာ အရေးမကြီးသော်လည်း ယခုမူ… သူက ပြိုင်ဘက်၏ ခွန်အားကိုပင် မခန့်မှန်းနိုင်တော့သည်မှာ တကယ်ပင် ထူးဆန်းလှ၏။