← Chapters

အရေးပေါ်အခြေအနေ

Vol. 19 Ch. 265

အရေးပေါ်အခြေအနေ

Vol. 19 Ch. 265

ရဲရှင်းချန်၏ ခွန်အားကို မခံစားနိုင်သဖြင့် နတ်စစ်သူကြီးယီက ဦးစွာ တိုက်ခိုက်ရန် ကြံရွယ်လိုက်၏။

သူက လက်ကို ဝှေ့ယမ်းလိုက်ရာ လေးရှည်တစ်လက်က သူ့လက်ထဲတွင် ပေါ်လာ၏။ မျက်စိတစ်မှိတ်အတွင်း၌ သူက လေးကို အပြည့်အဝ ဆွဲတင်လိုက်ပြီး ထိုအချိန်တွင်ပင် မြားတစ်စင်းက လေးကြိုးပေါ်တွင် ပေါ်ပေါက်လာသည်။

“ရွှစ်” ခနဲ အသံနှင့်အတူ မြားက ပစ်လွှတ်၍ ပျံသန်းသွားသည်။

သူ့လေးကို ထုတ်ယူခြင်းမှ လေးကို ဆွဲ၍ မြားကို လွှတ်ခြင်းအထိ တစ်စက္ကန့်ပင် မကြာလိုက်ပေ။

သူက အစစ်အမှန်နတ်ဘုရားလောကမှ တစ်စုံတစ်ယောက်ပင် သူ၏ မြားကို ရင်ဆိုင်ရပါက ဤမျှ နီးကပ်သော အကွာအဝေးတွင် ဖမ်းဆီးရန် ခက်ခဲမည်ဟု ယုံကြည်၏။

သို့သော်လည်း နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သော အရာက သူ့ကို လုံးဝ ထိတ်လန့်သွားစေသည်။

ရဲရှင်းချန်က သူ ပစ်လွှတ်လိုက်သော မြားကို အလွန် လွယ်ကူစွာ ဖမ်းဆီးလိုက်၏။

“မင်းမှာ ဒီလောက်ပဲ ရှိတာလား…” ရဲရှင်းချန်က ညင်သာစွာ မေးလိုက်သည်။

နတ်စစ်သူကြီးယီက တံတွေးမျိုချလိုက်ပြီး သူ၏ ခေါင်းနောက်စေ့ကို ကုတ်၍ ပြောလိုက်သည်။ “အင်း… ကျွန်တော်က နောက်နေတာပါ… ခင်ဗျား ယုံလား…”

ရဲရှင်းချန်က ခေါင်းခါလိုက်ပြီးနောက် လျှပ်စီးကဲ့သို့ ရိုက်ထုတ်လိုက်ရာ အခြားသူကို သတိလစ်သွားစေသည်။

ယခုအခါ သူက နတ်ဘုရားနှင့်နတ်ဆိုးလောက၏ တိုက်ခိုက်ရေးစွမ်းရည် အားလုံးကို သိရှိပြီးဖြစ်သောကြောင့် သူက ယခင်က တွေးထင်ထားသကဲ့သို့ ကမ္ဘာကို ကာကွယ်ရန် မကြံရွယ်တော့ဘဲ သူ၏ အဘိုးအဘွားများကို နတ်ဘုရားနှင့်နတ်ဆိုးလောကရှိ သူတို့၏ ပြဿနာများကို ဖြေရှင်းပေးရန် ကြံရွယ်လိုက်၏။

ဤလူကို ဖမ်းဆီးခြင်းက သတင်းအချက်အလက်များစွာကို ပေးစွမ်းနိုင်လိမ့်မည်။

...

ဤသို့ဖြင့် အခြားသူကို ဖမ်းဆီးလိုက်သော ရဲရှင်းချန်က ရဲရှင်းဟွေ့ ဂိတ်ပေါက်ဖွင့်ခဲ့သည့် နေရာဆီသို့ လျှောက်သွားလိုက်၏။

ယခင်နေရာသို့ ပြန်လည်ရောက်ရှိပြီးနောက် ရဲရှင်းချန်က မျက်မှောင်ကြုတ်လိုက်သည်။ အကြောင်းမှာ… ဂိတ်ပေါက်မှာ ပျောက်ကွယ်သွားပြီ ဖြစ်သောကြောင့် ဖြစ်သည်။

“ရှင်းဟွေ့ကောင်လေး ဘာတွေလုပ်နေတာလဲ…”

...

အခြားတစ်ဖက်တွင်။

ခွန်းလွန်တောင်တန်း၏ အတွင်းပိုင်း၊ ချောက်ကမ်းပါးဝ၌။

ကျောက်ရုပ်တု အခြေအနေမှ ပြန်လည် နာလန်ထလာသော ရဲခွန်းလွင်က မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ “ရှင်းဟွေ့ ဘာဖြစ်သွားတာလဲ… ဘာလို့ သူ ပျောက်သွားရတာလဲ…”

ရဲချန်က ခေါင်းခါ၍ ပြောလိုက်သည်။ “ဘာဖြစ်သွားမှန်း ကျွန်တော်လည်း မသိဘူး…”

.......

ဆယ်မိနစ်အကြာတွင်။

ရဲရှင်းဟွေ့မှာ နောက်ဆုံးတွင် နွားမှ ညှစ်ထုတ်ထားသော နို့ရည်… အာ… မဟုတ်သေးဘူး၊ ကမ္ဘာသစ်ပင်မှ ညှစ်ထုတ်ထားသော ချီစွမ်းအင်ကို အမှီပြု၍ သူ၏ အဘိုးနှင့် အဘွားကို ပြန်လည် နာလန်ထစေခဲ့သည်။

ရဲခွန်းလွင်မှာ အသက် သုံးဆယ်အရွယ်ခန့် ရှိပုံရပြီး ထက်မြက်သော မျက်ခုံးများနှင့် ကြယ်ကဲ့သို့ တောက်ပသော မျက်လုံးများ၊ အချိုးကျသော ကိုယ်လုံးကိုယ်ပေါက်နှင့် သပ်ရပ်သော ဆံပင်တိုများက သူ့ကို အလွန် ပြတ်သားသောပုံ ပေါက်စေသည်။

ထျန်းယောင်ဟူမှာလည်း အသက် သုံးဆယ်အရွယ်ခန့် ရှိပုံရပြီး ကျက်သရေရှိ၍ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်နှင့် ကြည့်လိုက်သူတိုင်းကို စွဲလမ်းစေနိုင်သော မြေခွေးမျက်လုံးတစ်စုံကို ပိုင်ဆိုင်ထား၏။

ရဲရှင်းဟွေ့က သူ၏ အဘိုးအဘွားများမှာ အလွန် ငယ်ရွယ်နုပျိုလွန်းသည်ဟု မြည်တွန်တောက်တီးချင်နေစဉ်တွင် ကမ္ဘာသစ်ပင်၏ ချစ်စရာကောင်းသော အသံက သူ၏ စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။

“ဟေး ဟေး ဟေး… ရဲရှင်းဟွေ့၊ တောင်တန်းနှင့် မြစ်ချောင်းများမြေပုံထဲကို လာခဲ့ပြီး ငါ့ကို ကူညီဦး…”

ကမ္ဘာသစ်ပင်၏ စကားကို ကြားသောအခါ ရဲရှင်းဟွေ့က သူ ချီစွမ်းအင်ကို အလွန် ပြင်းထန်စွာ ညှစ်ထုတ်ခဲ့မိပြီး ကမ္ဘာသစ်ပင်မှာ တစ်စုံတစ်ခု မှားယွင်းသွားနိုင်ကြောင်း သိလိုက်ရသည်။

ရဲရှင်းဟွေ့က တောင်တန်းနှင့် မြစ်ချောင်းများမြေပုံကို ဖွင့်၍ ဝင်ရောက်ရန် ကြံရွယ်လိုက်စဉ်တွင် အချိန်နှင့်အာကာသ စွမ်းအင်တစ်ခုက ရဲရှင်းဟွေ့၏ လက်မောင်းပေါ်ရှိ တောင်တန်းနှင့် မြစ်ချောင်းများမြေပုံ၏ တံဆိပ်တော်မှ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

ဤအာကာသနှင့်အချိန် စွမ်းအင် ပေါက်ကွဲမှုက ရဲရှင်းဟွေ့၏ ကိုယ်ပိုင်စွမ်းအင်ကို ထိန်းမနိုင်သိမ်းမရ ဖြစ်သွားစေပြီး အမြဲ ထိန်းသိမ်းထားခဲ့သော ဂိတ်ပေါက်မှာ ပျောက်ကွယ်သွားသည်။

“ငါလခွီးပဲ…”

နောက်ဆုံးတွင် ရဲရှင်းဟွေ့မှာ ထိုနေရာမှ မပျောက်ကွယ်မီ ကျိန်ဆဲနိုင်ခဲ့ရုံသာ ရှိသည်။

ရဲရှင်းဟွေ့ မူလရပ်နေခဲ့သော နေရာမှာမူ သူ ပျောက်ကွယ်သွားပြီးနောက် အချိန်နှင့်အာကာသမှာ ဖရိုဖရဲ အခြေအနေတွင် ရှိနေဆဲ ဖြစ်သည်။

ထိုနေရာတွင် ထားရှိသော မည်သည့် အရာဝတ္ထုအတွက်မဆို အချိန်က နှေးကွေးသွားလိမ့်မည်။

........

ယခုအချိန်သို့ ပြန်သွားကြပါစို့။

ရဲရှင်းဟွေ့ ပျောက်ကွယ်သွားသော နေရာကို ကြည့်၍ လူတိုင်း အတွေးနက်ထဲသို့ ကျရောက်သွားကြသည်။

“ရှင်းဟွေ့က တောင်တန်းနဲ့မြစ်ချောင်းများမြေပုံထဲကို ဝင်သွားတာ သေချာတယ်…”

စုချင်းကပြောလိုက်သည်။

လူတိုင်းက ရဲရှင်းဟွေ့ တောင်တန်းနှင့် မြစ်ချောင်းများမြေပုံထဲသို့ ဝင်ရောက်သွားကြောင်း သိကြသော်လည်း… သူ ဤတစ်ကြိမ် ဝင်ရောက်သွားပုံမှာ အလွန် ထူးဆန်းပြီး အလွန် ရုတ်တရက်ဆန်လှသည်။

ရဲချန်က ရဲခွန်းလွင်မှာ မိမိကိုယ်ကို အပြစ်တင်နေသကဲ့သို့သော အမူအရာဖြင့် ရှိနေသည်ကို မြင်လျှင် သူ့ကို ခေါင်းခါပြ၍ ပြောလိုက်သည်။ “စိတ်မပူပါနဲ့… ရှင်းဟွေ့ ဘာမှမဖြစ်ပါဘူး… သူက သူ့ရဲ့ ကမ္ဘာငယ်လေးထဲကို ဝင်သွားတာပါ…”

ရဲခွန်းလွင်က ခေါင်းခါ၍ ပြောလိုက်သည်။ “သူ ဘာမှမဖြစ်ရင်တောင် ရှင်းချန်ကော ဘယ်လိုလုပ်မလဲ… ရှင်းဟွေ့ရဲ့ ဂိတ်ပေါက်မရှိဘဲ ရှင်းချန်က နတ်ဘုရားနဲ့နတ်ဆိုးလောကမှာ အခု အရမ်း အန္တရာယ်များနေမှာ မဟုတ်ဘူးလား…”

သူက ရဲရှင်းချန်မှာ အလွန် အစွမ်းထက်ကြောင်း ရဲချန်ထံမှ သိရှိထားသော်လည်း နတ်ဘုရားနှင့်နတ်ဆိုးလောကတွင် အစွမ်းထက်သော လူများစွာ ရှိ၏။ ရဲရှင်းချန်မှာ ထိုနေရာ၌ တစ်ယောက်တည်း ပိတ်မိနေပါက အန္တရာယ်ကျရောက်မည်မှာ သေချာသည်။

ရဲခွန်းလွင်၏ စကားကို ကြားသောအခါ ရဲချန်မှာ တိတ်ဆိတ်နေနိုင်ရုံသာ ရှိသည်။

“ငါတို့က ရှင်းဟွေ့ ပြန်လာတာကို ဒီအတိုင်း စောင့်နေလို့ မဖြစ်ဘူး… ငါ နတ်ဘုရားနဲ့နတ်ဆိုးလောကကို အရင် သွားကြည့်တာ ပိုကောင်းမယ်…”

ရဲခွန်းလွင်မှာ သူ၏ ခန္ဓာကိုယ်ကို အသုံးပြု၍ နတ်ဘုရားနှင့်နတ်ဆိုးလောကသို့ သွားရာ အာကာသလမ်းကြောင်းကို တံဆိပ်ခတ်ထားခြင်း မရှိတော့ပေ။ ဆိုလိုသည်မှာ လူများမှာ ချောက်ကမ်းပါးမှတစ်ဆင့် နတ်ဘုရားနှင့်နတ်ဆိုးလောကသို့ အချိန်မရွေး ဝင်ရောက်နိုင်ပြီ ဖြစ်သည်။

ရဲခွန်းလွင်က ပြန်သွားရန် ကြံရွယ်နေသည်ကို မြင်လျှင် ထျန်းယောင်ဟူကလည်း သဘာဝအတိုင်း လိုက်ပါလို၏။

ဤသည်ကို မြင်လျှင် ရဲချန်၊ ရဲဖန်နှင့် ရဲနျဉ်တို့က လိုက်ပါလိုကြသော်လည်း ရဲခွန်းလွင်က သူတို့ကို တားဆီးလိုက်သည်။

“ငါတို့နှစ်ယောက်ပဲ သွားလို့ရတယ်…”

ရဲချန်က ဤစကားကို ကြားသောအခါ ခေါင်းခါ၍ ပြောလိုက်သည်။ “ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ… ရှင်းချန်က ငါ့သား…”

“ငါက ရှင်းချန်ရဲ့ ဦးလေး…”

“ရှင်းချန်က ငါ့တူ…”

ဤသည်ကို မြင်လျှင် ရဲခွန်းလွင်က သူ၏ နဖူးကို ပွတ်၍ ပြောလိုက်သည်။ “ကောင်းပြီ… ငါ မင်းတို့ကို ခွင့်မပြုရင်တောင် မင်းတို့က နောက်မှ လိုက်လာကြမှာပဲ… ဒါပေမဲ့ ငါတို့မသွားခင် မင်းတို့ သုံးယောက်ထဲက မျိုးရိုးသွေးနိုးထခြင်း တံဆိပ်တွေကို အရင် ဖြေပေးပါရစေ… မဟုတ်ရင်… မင်းတို့ ဝင်သွားပြီး ရန်သူ အားကြီးနဲ့ ကြုံရင် သေသွားလိမ့်မယ်…”

ရဲခွန်းလွင်က ရဲဖန်မှာ သူ၏ တံဆိပ်တစ်စိတ်တစ်ပိုင်းကို ကိုယ်တိုင် ဖွင့်လှစ်ထားသည့် တစ်ဦးတည်းသောသူ ဖြစ်ကြောင်း သိ၏။ အခြားနှစ်ဦး၏ သွေးမျိုးရိုး တံဆိပ်များမှာမူ အလွန် အားကောင်းနေဆဲ ဖြစ်သည်။ သူက ဖွင့်လှစ်ပေးရန် မကူညီပါက သူတို့မှာ သူတို့၏ တစ်သက်တာတွင် ဖွင့်လှစ်နိုင်မည် မဟုတ်ပေ။

ညီအစ်ကို သုံးဦးမှာ ဤစကားကို ကြားပြီးနောက် ငြင်းဆန်ခြင်း မပြုကြပေ။

ချက်ချင်းပင် ရဲခွန်းလွင်နှင့် ထျန်းယောင်ဟူတို့၏ စွမ်းအင်များ ပေါင်းစပ်သွားပြီး ပေါင်းစပ်သွားသော စွမ်းအင်က သူတို့ သုံးဦးကို တစ်ချိန်တည်းတွင် ရိုက်ခတ်လိုက်သည်။

ဤအရာအားလုံးကို ပြုလုပ်ပြီးနောက် ရဲချန်၊ ရဲဖန်နှင့် ရဲနျဉ်တို့၏ ဝိညာဉ်စွမ်းအားများမှာ ရုတ်တရက် တိုးတက်လာသည်။

ထို့အပြင် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာလည်း ပိုမို အားကောင်းလာသည်။

တံဆိပ်ခတ်မှုကြောင့် နှစ်ပေါင်းများစွာ စုဆောင်းထားသော်လည်း တံဆိပ်ခတ်မှုကြောင့် ဖိနှိပ်ခံထားရသော စွမ်းအားများမှာ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး သူတို့ သုံးဦးကို တိုက်ရိုက် အနိုင်မခံနိုင်ရသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။

“စိတ်ကို တည်ငြိမ်အောင် ထား… မင်းတို့ရဲ့ ရုတ်တရက် တိုးလာတဲ့ ခွန်အားက မင်းတို့ရဲ့ စိတ်ဆန္ဒကို လွှမ်းမိုးသွားတာမျိုး မဖြစ်စေနဲ့…”

ထိုအခိုက်တွင် ရဲခွန်းလွင်၏ အသံက သူတို့ သုံးဦး၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

ဆယ်မိနစ်အကြာတွင်။

လူသုံးဦး၏ ခွန်အားမှာ လျင်မြန်စွာ တိုးတက်လာပြီး ဤခွန်အား တိုးတက်မှုမှာ ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်သည်။

အကယ်၍ ရဲရှင်းဟွေ့သာ ဤနေရာ၌ ရှိနေပါက သူက “ဒါက တကယ်ကို အဓိပ္ပာယ်မရှိတဲ့ မိသားစုပဲ… ရန်သူ အားကြီးနဲ့ ကြုံတိုင်း လိမ်လည်လှည့်ဖြားလို့ ရတယ်…” ဟု သေချာပေါက် မြည်တွန်တောက်တီးပေလိမ့်မည်။

...

ရဲခွန်းလွင်က သူ၏ သားသုံးဦးကို ကြည့်၍ မေးလိုက်သည်။ “ဘယ်လို ခံစားရလဲ…”

“ခံစားလို့ ကောင်းတယ်…” ရဲချန်က သူ၏ ကိုယ်ပိုင်ခွန်အားကို ခံစားရင်း ပြောလိုက်၏။

ခွန်အားကို ခံစားပြီးနောက် ရဲချန်က စုချင်းကို ကြည့်လိုက်သည်။

ဤသည်ကို မြင်လျှင် စုချင်းက ပြုံး၍ ပြောလိုက်သည်။ “စိတ်မပူပါနဲ့… ငါတို့ ရှင်းဟွေ့ကို ဒီမှာ စောင့်နေပါ့မယ်…”

စုချင်း၏ စကားနောက်တွင် ချန်ယင်းယင်းနှင့် ယန်အန်နာတို့ကလည်း ခေါင်းညိတ်လိုက်ကြသည်။

“ကောင်းပြီ…” ရဲချန်က ခေါင်းညိတ်လိုက်ပြီးနောက် ရဲလန်ယွဲ့ကို တိုးတိုးလေး ပြောလိုက်သည်။ “လန်ယွဲ့… ရှင်းဟွေ့နဲ့ ငါတို့ ရက်အနည်းငယ်ကြာတဲ့အထိ ပြန်မလာသေးရင် မင်း အမေနဲ့ တခြားသူတွေကို အရင် ပြန်ခေါ်သွားလိုက်…”

ရဲလန်ယွဲ့က ခေါင်းညိတ်၍ ပြောလိုက်သည်။ “စိတ်မပူပါနဲ့…”

.......

ညွှန်ကြားချက်များ ပေးပြီးနောက် လူတိုင်းမှာ ရဲခွန်းလွင်နှင့် ထျန်းယောင်ဟူတို့၏ ဦးဆောင်မှုဖြင့် ချောက်ကမ်းပါးထဲသို့ ဝင်ရောက်သွားကြသည်။

သူတို့ ချောက်ကမ်းပါးထဲသို့ ပျောက်ကွယ်သွားသည်နှင့် ပုံရိပ်တစ်ခုက ချောက်ကမ်းပါးထဲသို့ အလွန် လျင်မြန်သော အရှိန်ဖြင့် ပြေးဝင်သွားသည်။

ထိုသူမှာ ရဲရှင်းချန်၏ သား… ရဲယင်မှလွဲ၍ အခြားသူ မဟုတ်ချေ။

ရဲယင်မှာ အစကတည်းက နတ်ဘုရားနှင့်နတ်ဆိုးလောကသို့ ဝင်ရောက်လိုသော်လည်း… သူက ဝင်သွားလိုသည်ဟု ပြောပါက ရဲချန်နှင့် အခြားသူများမှာ သဘောတူမည် မဟုတ်ကြောင်း သိသောကြောင့် ဤသို့ ပြုလုပ်ရခြင်း ဖြစ်သည်။

သူက နတ်ဘုရားနှင့်နတ်ဆိုးလောကသို့ အဘယ်ကြောင့် ဝင်ရောက်လိုသနည်း။

သူက ရဲရှင်းချန်အတွက် စိုးရိမ်သောကြောင့် ဘယ်တော့မှ မဟုတ်ချေ။

All Chapters