← Chapters

မူလစိတ်ဝိညာဉ် အလယ်အလတ် အဆင့်သို့ ဝင်ရောက်ခြင်း

Vol. 49 Ch. 730

မူလစိတ်ဝိညာဉ် အလယ်အလတ် အဆင့်သို့ ဝင်ရောက်ခြင်း

Vol. 49 Ch. 730

ရဲ့လင်းချန်သည် နိုင်ငံခြားအဆိုတော်များစွာနှင့် အွန်လိုင်းပေါ်၌ တိုက်ပွဲတစ်ခု ဆင်နွှဲနေခဲ့သည်။ ပြည်တွင်းပြည်ပ ဂီတနယ်ပယ်နှင့် ပရိသတ်များသည် နောက်တစ်ပတ်ကို စိတ်အားထက်သန်စွာနှင့် မျှော်လင့်ရင်း မျက်စိစုံမှိတ် စောင့်ကြည့်နေခဲ့ကြသည်။

ထိုအခိုက်တွင် ရဲ့လင်းချန်သည် အလွန် တည်ငြိမ်နေပြီး ဤကိစ္စကို အလေးအနက် မထားခဲ့ပေ။ သူ လုပ်ရန် လိုအပ်သည့် ကိစ္စများစွာ ရှိနေသေးသည်။ ယခုကဲ့သို့ သူ လုပ်ရသည့် တစ်ခုတည်းသောအကြောင်းအရင်းမှာ နောက်ထပ် ရေပန်းစားမှုအမှတ်များ ရယူနိုင်ရန် ဖြစ်သည်။

တစ်ပတ်ကြာပြီးနောက်...

ဆန်းကြယ်ကျွန်း၏ စွမ်းအင်သိပ်သည်းဆက ပိုပြီးတိုးလာခဲ့သည်။ ၎င်းသည် သိုင်းစံအိမ်နှင့် မယှဉ်နိုင်သေး သော်လည်း ဒေသသစ်၏ ပတ်ဝန်းကျင်နှင့်စာလျှင် သာလွန်နေခဲ့ပြီ ဖြစ်သည်။

ဤအတောအတွင်း ရဲ့လင်းချန်သည် သူ၏ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံးများကို ကျွန်းပတ်ပတ်လည်တွင် ထားရှိခဲ့ပြီး စိတ်ဝိညာဉ်စုဆောင်းခြင်း အစီအရင်ကို တည်ဆောက်ခဲ့သည်။ စိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးပြုပြီး အစီအရင်တစ်ခု တည်ဆောက်ခြင်းက အခြားအရာများထက် ပို၍ ကောင်းပေသည်။ ထိုအစီအရင်က ကျွန်းတစ်ခုလုံးကို လွှမ်းခြုံနိုင်သည့် အရွယ်အစား မရှိသော်လည်း အထင်ကြီးလောက်စရာ အောင်မြင်မှုတစ်ခုပင်။

အနာဂတ်တွင် တစ်ကျွန်းလုံးကို လွှမ်းခြုံနိုင်လောက်သည့် စိတ်ဝိညာဉ် ကျောက်တုံးများ၊ အဆင့်မြင့်များကို လုံလောက်စွာ ရရှိနိုင်မည်ဟု ရဲ့လင်းချန် ယုံကြည်မှု ရှိနေသည်။

သူ့တွင် ရှိနေသည့် အလယ်အလတ်အဆင့် စိတ်ဝိညာဉ် ကျောက်တုံးများအား ဆေးစိုက်ခင်းကို စိတ်ဝိညာဉ် စွမ်းအင် အများအပြား ပေးနိုင်ရန် စိုက်ခင်းပတ်ပတ်လည်၌ ထားရှိခဲ့သည်။ ၎င်းတို့က ဆေးစိုက်ခင်းအတွက် အထူးသီးသန့် အသုံးပြုသော အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများပင်။ ထိုအချက်မှနေ၍ ရဲ့လင်းချန်က သူ၏ ဆေးစိုက်ခင်းကို မည်မျှ တန်ဖိုးထားကြောင်း သိနိုင်ပေသည်။

အဓိကအကြောင်းအရင်းမှာ ထိုဆေးစိုက်ခင်းထဲမှ စိတ်ဝိညာဉ်ဆေးပင် ဆယ့်ခြောက်ပင်ကြောင့်ပင်။ ထိုဆေးပင်များကို ရဲ့လင်းချန်ကိုယ်တိုင် စိုက်ပျိုးထားပြီး သူ၏ သစ်သားဝိညာဉ် ခန္ဓာကိုယ်ကို အသုံးပြု၍ ပြောင်းလဲပြုပြင်ထားသောကြောင့် ၎င်းတို့၏ ရှင်သန်နိုင်စွမ်းကို များစွာတိုးမြှင့်ပေးခဲ့သည်။ အကယ်၍ သူသာ ထိုဆေးပင်များကို ဆန်းကြယ်ကျွန်း၌ စိုက်ပျိုးနိုင်ခဲ့ပါက လူသားများအတွက် ကြီးမားသော ခြေလှမ်းတစ်ရပ် ဖြစ်လာပေလိမ့်မည်။

လက်ရှိအချိန်တွင် တောင်ကုန်းပေါ်၌ စိတ်ဝိညာဉ်မုန်တိုင်းတစ်ခု တိုက်ခတ်နေ၏။

ရဲ့လင်းချန်သည် ကျောက်ဆောင်တစ်ခုပေါ်၌ တင်ပုလ္လင်ချိတ်ထိုင်နေကာ သူ၏ ပတ်ပတ်လည်တွင် စိတ်ဝိညာဉ် ကျောက်တုံးများကို အသေးစား အစီအရင်တစ်ခုအဖြစ် စီထားသဖြင့် စိတ်ဝိညာဉ်စွမ်းအင်ကို အဆက်မပြတ် ပံ့ပိုးပေးနေသည်။

“ဒါပဲလေ၊ ဒီတခါတော့ ငါ တစ်ခါတည်းနဲ့ အပြီးသတ်နိုင်ရမယ်”

ရဲ့လင်းချန်က နှုတ်ခမ်းကိုစေ့ပြီး ပြတ်သားသော အမူအရာ ရှိနေသည်။ သူ၏ ဘေးပတ်လည်မှ စိတ်ဝိညာဉ် စွမ်းအင်က ချက်ချင်းဆိုသလို အရှိန်ပြင်းလာသည်။

သူ၏ကိုယ်တွင်းမှ အရိုးကျိုးသံကဲ့သို့သော အသံမျိုး ထွက်ပေါ်လာပြီး ကြီးမားသော ဖိအားတစ်ခုကို ခံစားလိုက် ရလေသည်။ ထို့နောက် ကျောချမ်းဖွယ်ကောင်းသော ပွတ်တိုက်သံ ထွက်ပေါ်လာ၏။

ပြီးခဲ့တဲ့တစ်ပတ်အတွင်း၌ ရဲ့လင်းချန်သည် သူ၏ ကျင့်ကြံမှုကို အထောက်အပံ့ ဖြစ်စေရန် အဆင့်မြင့် စိတ်ဝိညာဉ် ကျောက်တုံးများကို အသုံးပြုခဲ့သည်။ တိုးတက်မှုနှုန်းက မယုံနိုင်စရာပင်။ အရင်ထက်စာလျှင် အကျိုး သက်ရောက်မှုက အဆတစ်ရာကျော်ရှိပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအင် စုစည်းမှုက ပိုမြန်လာသည်။

တစ်ချိန်က သူ၏ ခန္ဓာကိုယ်တွင် ပြည့်နှက်နေခဲ့သည့် လေ့ကျင့်ယူထားသော ချီစွမ်းအင်သည် ၁% သာ ကျန်ရှိတော့သည်။ သို့သော် ထို ၁% ၌ မူရင်း တစ်ရာရာခိုင်နှုန်းထက် ပိုမို သာလွန်သော အရည်အသွေးရှိပြီး မူလ စိတ်ဝိညာဉ်စွမ်းအင်နှင့် ယှဉ်နိုင်လုနီးပါးပင်။

ဤနောက်ဆုံးအဆင့် ပြီးဆုံးသွားသည်နှင့် သူသည် မူလ စိတ်ဝိညာဉ် အလယ်အလတ်အဆင့်သို့ ရောက်ရှိပြီး စိတ်ဝိညာဉ် စွမ်းအင် ပြောင်းလဲခြင်း ပြီးဆုံးပြီဟု ဆိုနိုင်ပေသည်။ သို့သော်လည်း ထိုနောက်ဆုံး ၁% က အလွန် ခက်ခဲလွန်းသည်။ အနည်းငယ် မှားယွင်းသွားသည်နှင့် သူ့ကို အကြီးအကျယ် နောက်ဆုတ်သွားစေနိုင်သည်။ ယင်းက သူ့လမ်းကြောင်းကို ပိတ်ဆို့နေသည့် မကျော်လွှားနိုင်သော အတားအဆီး တစ်ခုလိုပင်။

*ဖိနှိပ်လိုက်စမ်း*

ရဲ့လင်းချန် စိတ်ထဲမှ ကြုံးဝါးလိုက်သည်။ လေ့ကျင့်ယူထားသော ချီစွမ်းအင်၏ နောက်ဆုံးတစ်စက်က တုန်ယင်လာပြီး ရေနွေးဆူသကဲ့သို့ ပွက်ပွက်ဆူလာသည်။

ရဲ့လင်းချန်၏ ခန္ဓာကိုယ်က ရုတ်တရက် တောင့်တင်းသွားလေသည်။

*ပူတယ်*

၎င်းသည် သူ ယခင်က တခါမှ မခံစားဖူးသည့် ချစ်ချစ်တောက် ပူလောင်သည့် ခံစားချက်ပင်။

သူ့အား မုန့်ဖိုထဲ ပစ်ထည့်ပြီး မီးတောက်များနှင့် ကင်နေသကဲ့သို့ ခံစားနေရသည်။

သူသည် ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ခန်းကို လေ့ကျင့်ခဲ့သော်လည်း သည်းခံရန် ခက်ခဲနေဆဲပင်။

ကံကောင်းစွာနှင့် ထိုခံစားချက်က မကြာခဲ့ပေ။ ဆယ့်ငါးမိနစ် ကြာပြီးနောက် ယင်းခံစားချက်က ပျောက်ကွယ် သွားပြီး အလွန် သက်တောင့်သက်သာ ဖြစ်သော ခံစားချက်က အစားထိုးလာသည်။

သူ၏ လှုပ်ရှားမှုတိုင်းက လန်းဆန်းနေသကဲ့သို့ ခံစားနေရသည်။

ရဲ့လင်းချန် ပျော်ရွှင်မှုအပြည့်နှင့် မျက်လုံးကို ဖွင့်လိုက်သည်။

ဤသည်က အောင်မြင်မှုတစ်ခုပင်။

သူ၏ ခန္ဓာကိုယ်ထဲတွင် ယခင်က ၁% ထက်တောင် ပိုသေးငယ်သည့် ချီစွမ်းအင် အပိုင်းအစလေး တစ်ခုသာ ကျန်ရှိတော့သည်။ သို့သော် ထိုသေးငယ်သည့် ချီစွမ်းအင်က အတိုင်းအဆမရှိသော ဖြစ်နိုင်ခြေကို ကိုယ်စားပြုသည်။ ယင်းက မူလ စိတ်ဝိညာဉ်စွမ်းအင်ပင်။

ရဲ့လင်းချန်သည် သူ့လက်ဖဝါးကို မြှောက်လိုက်ပြီး လေကို ထိမိသော ခံစားချက်ကို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်ပတ်လည်က လေကို ရေကဲ့သို့ ခံစားနေရပြီး စိတ်ဝိညာဉ် စွမ်းအင် ရှိနေသည်ကို ရှင်းရှင်းလင်းလင်း ခံစားနေရသည်။

သူ့မျက်လုံးက မလှမ်းမကမ်းက သစ်ပင်ငယ်လေးတစ်ခုပေါ် ကျရောက်သွားပြီး လက်ဖဝါးကို ဖြည်းညှင်းစွာ ကွေးလိုက်သည်။

“ဖတ်”

ထိုသစ်ပင်ငယ်လေး၏ အခေါက်တစ်လွှာ ကွာကျသွားသည်။

*မယုံနိုင်စရာပဲ၊ ဒါ မူလစိတ်ဝိညာဉ်အဆင့်ရဲ့ အဆင့်နိမ့်နဲ့ အလယ်အလတ်အဆင့်ကြားက ကွာခြားချက်လား၊ စိတ်ဝိညာဉ်စွမ်းအင်အပေါ် ထိန်းချုပ်နိုင်စွမ်းက လုံးဝကို အဆင့်သစ်တစ်ခုပဲ*

နောက်ပိုင်းတွင် သူသည် မူလစိတ်ဝိညာဉ် အထွတ်အထိပ်အဆင့်သို့‌ ရောက်ရှိရန်  ထိုမူလ စိတ်ဝိညာဉ်စွမ်းအင် အပိုင်းအစလေးကို တည်ဆောက်ပြီး သူ၏ ခန္ဓာကိုယ်တွင်တွင် မူလ စိတ်ဝိညာဉ်စွမ်းအင်တို့နှင့် ပြည့်နေအောင် လုပ်ရပေမည်။

ရဲ့လင်းချန်သည် နာကျင်စွာ ပြုံး၍ ခေါင်းခါလိုက်မိသည်။ စစ်သည်တော်ဌာနက သိုင်းပညာရှင်များအတွက် ကျောင်းတစ်ကျောင်း တည်ဆောက်မည့်အကြံကို အဘယ်ကြေင့် ငြင်းဆန်နေသလဲ ဆိုသည်ကို သူ နောက်ဆုံးတော့ နားလည်သွားလေပြီ။ လိုအပ်သော အရင်းအမြစ်က မတွေးဝံ့စရာပင်။ ရဲ့လင်းချန်၏ ခန္ဓာကိုယ်ကို ဖြည့်ဆည်းရန် လိုအပ်သည့် အဆင့်မြင့်အဆင့် စိတ်ဝိညာဉ် ကျောက်တုံး အရေအတွက်သည် သူပင် မတွေးရဲလောက်အောင် ကြောက်စရာကောင်းလှသည်။

မူလစိတ်ဝိညာဉ် အထွတ်အထိပ်အဆင့်သည် အလွန် ခက်ခဲလွန်းလှသည်။ တရုတ် နိုင်ငံတစ်ဝှမ်းလုံးမှာတောင်မှ အလွန် နည်းပါးလောက်သည်။ ထိုသို့ဆိုလျှင် မူလအဆင့်ထက် သာလွန်သော ဘုံသုံးပါးအဆင့်သို့ ရောက်ရန် ဘယ်လောက် ခက်ခဲမည်နည်း။

…

ကျွန်းပေါ်မှ လူများသည် ရဲ့လင်းချန်၏ လုပ်ရိုးလုပ်စဉ်နှင့် အသားကျနေပြီ ဖြစ်သည်။ သူ တောအုပ်ထဲမှ ထွက်လာသည်နှင့် တုန်းမြောင်မြောင်က ဖန်ပုလင်း တစ်ပုလင်းကို ကိုင်၍ သူ့ကို လိုက်ရှာနေပြီ ဖြစ်သည်။

“ဥက္ကဋ္ဌရဲ့၊ ခွေးရူးပြန် ရောဂါအတွက် ဆေးက ပြီးသွားပါပြီ၊ ကျေးဇူးပြုပြီး ကြည့်ကြည့်ပေးပါဦး”

ရဲ့လင်းချန်သည် ပုလင်းကို ယူပြီး အနီးကပ် လေ့လာလေသည်။

ထိုဆေး၏ အသွင်အပြင်က ရဲ့လင်းချန် သူတို့ကို လိုက်နာခိုင်းခဲ့သည့် စိတ်ကူးယဉ်ဝတ္ထုထဲမှ ဆေးပုလင်းများနှင့် တစ်ထပ်တည်း တူညီလေသည်။

သူ၏ရည်ရွယ်ချက်က စနောက်ရန် မဟုတ်ဘဲ ဟင်းလင်းပြင်နယ်မြေ တည်ရှိမှုကို ထည့်သွင်း စဉ်းစားထားခြင်း ဖြစ်သည်။ အနာဂတ်တွင် သူ ထုတ်လုပ်ရန် စီစဉ်ထားသည့် ဆေးများသည် စစ်သည်တော်များအတွက် အထူး ထုတ်လုပ်ထားသည့် ဒီဇိုင်းမျိုး ဖြစ်သောကြောင့် တစ်နည်းအားဖြင့် ရိုးရာယဉ်ကျေးမှုဘက် လှည့်ခြင်းက အကြံကောင်းတစ်ခု ဖြစ်နိုင်ပေသည်။

ရဲလင်ချင်း ခေါင်းညိတ်လိုက်သည်။

"ကောင်းတယ်၊ အခု ဒါကို ဈေးကွက်ထဲ တင်ဖို့ အသင့်ဖြစ်နေပြီ၊ နောက်အဆင့်က များများ ထုတ်လုပ်ဖို့ပဲ၊  ဆေးလုံးတစ်သိန်း စထုတ်ပြီး ရောင်းဝယ်ရေး စတင်မယ်လို့ ကြေညာလိုက်”

"ဟုတ်ကဲ့။"

တုန်းမြောင်မြောင်က ခေါင်းညိတ်ပြီး ထပ်မေးလိုက်သည်။

"ဒီဆေးလုံးကို ဘယ်လိုနာမည်ပေးရမလဲ?"

*နာမည်လား*

ရဲလင်ချင်း မေးစေ့ကို ပွတ်၍ စဉ်းစားနေသည်။

"သားရဲရန်စွယ်ဆေး လို့ပဲခေါ်လိုက်မယ်။"

တုန်းမြောင်မြောင် မျက်လုံးကို လှိမ့်လိုက်ပြီး နောင်တရနေမိသည်။ ဥက္ကဌရဲ့၏ နာမည်ပေးစွမ်းရည်က အနည်းငယ် အဓိပ္ပာယ်မရှိတတ်သည်ကို သူမ သိခဲ့သင့်သည်။

"ရှိသေးတယ်”

ရဲ့လင်းချန်က တုန်းမြောင်မြောင်ကို ပြောလိုက်သည်။

"အနာဂတ်မှာ ငါတို့ရဲ့ဆေးလုံးတွေကို အဆင့်အမျိုးအစားတွေနဲ့ ခွဲခြားထားဖို့ လိုတယ်၊ သားရဲရန်စွယ်ဆေးကို အဆင့် ၁ ဆေးရည်လို့ သတ်မှတ်မယ်၊ အဲ့ဒါအပြင် အဓိကမြို့ကြီးတွေမှာ ငါတို့ရဲ့ အရောင်းသမားတွေအဖြစ် လုပ်ဆောင်မယ့် ဆေးစံအိမ် ဖွင့်ဖို့အတွက် လက္ကားဆိုင်တွေကို တစ်ယောက်ယောက်ကို စုံစမ်းခိုင်းလိုက်”

“ဆေးစံအိမ်လား”

တုန်းမြောင်မြောင် အံ့ဩသွားသည်။

“ဟုတ်တယ်၊ ငါတို့ ဆေးစံအိမ်လို့ ခေါ်မယ်”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။

“အဲ့ဒါက ဆေးဆိုင်တွေနဲ့ မတူဘူး”

တုန်းမြောင်မြောင် အလေးအနက် စဉ်းစားလိုက်သည်။

“ကျွန်မတို့ ဒါကို ဈေးနှုန်း ဘယ်လို သတ်မှတ်ရမလဲ”

“ဆေးလုံးတစ်လုံးရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်က တစ်ရာအောက်ပဲ၊ ဆိုင်ကုန်ကျစရိတ်ပါ ပေါင်းလိုက်ရင် သုံးရာလောက်ပဲ ရှိလိမ့်မယ်၊ ဆိုတော့ ငါတို့ ဒါကို ယွမ်ငါးရာနဲ့ ရောင်းမယ်”

ရဲ့လင်းချန်သည် ဈေးကို စဉ်းစားထားပြီးသား ဖြစ်သည်။

ခွေးရူးပြန်ရောဂါကို ကုသရန် ယွမ်ငါးရာသာ ကျသင့်မည်။ ထိုဈေးက ဈေးပေါလွန်းလှသည်။ ကိုးဆယ့်ကိုး ရာခိုင်နှုန်းသော လူအများက တတ်နိုင်လိမ့်မည်ဟု သူ ယုံကြည်ထားသည်။

ခွေးရူးပြန်ကာကွယ်ဆေးသည် သုံးကြိမ်ထိုးရပြီး ယွမ်တစ်ထောင်ကျော် ကုန်ကျပေသည်။ ထို့အပြင် ၎င်းကို နှစ်ဆယ့်လေးနာရီအတွင်း ထိုးရပြီး တစ်ရာ ရာခိုင်နှုန်း ထိရောက်မှု မရှိပေ။ အဆိုးဆုံးမှာ ရောဂါ အခြေအနေ ဆိုးဝါးနေပါက ဆေးက လုံးဝ အသုံးမဝင်တော့ချေ။

သားရဲရန်စွယ်ဆေးနှင့် ယှဉ်လိုက်လျှင် ထိုကာကွယ်ဆေးက လုံးဝ အမှိုက်သာသာပင်။

ထိုမျှ စျေးပေါရသည့် အကြောင်းအရင်းမှာ ကြားခံပုဂ္ဂိုလ် မရှိ၍ ဖြစ်သည်။

All Chapters