ရှုရ နတ်ဆိုးနိုင်ငံ
Vol. 46 Ch. 631
" ဒီကောင်တွေ သေချင်နေတာပဲ "
လောထျန်းတို့နှစ်ယောက်၏ ပြောစကားများကြောင့် နတ်ဆိုးဘုရင်များစွာ ဒေါသူပုန် ထသွားကြသည်။
ဝုန်း..
သူတို့ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။
ဆယ့်ငါးမိနစ် ကြာပြီးနောက်တွင်ကား....
" ဝိုး.. နတ်ဆိုးဘုရင်ကြီး ဆိုတဲ့အတိုင်း ၊ အရသာရှိလိုက်တာကွာ "
လောထျန်းက ဂဏန်းလက်ချောင်းတစ်ခုကို အားပါးတရ ကိုက်ဝါးရင်း ပြောလိုက်သည်။
တဖက်မှ ရှောက်ထျန်းလုံလေးကလည်း အသားတုံးကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ စားနေပြီး ခေါင်းတတွင်တွင် ညိတ်ပြ၏။
ထိုစဥ် လောထျန်းက သားရဲ အတွင်းအမြုတေ အနည်းငယ်ကို ထုတ်၍ သူမထံ ပစ်ပေးလိုက်သည်။
" ရော့.. ဒါတွေ သန့်စင်လိုက်ဦး "
ရှောက်ထျန်းလုံလေး ခေါင်းညိတ်ကာ အမြုတေလုံးများအား ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။
ဝီ...
သူမကိုယ်ထဲမှ စိတ်စွမ်းအင်များ အနည်းငယ် တိုးသွားဟန်တူသော်လည်း ကျင့်ကြံခြင်း အဆင့်ထပ်တက်ရန်မူ များစွာ လိုနေသေးဟန်ပင် ။
၎င်းကိုကြည့်ရင်း လောထျန်း အတွေးနယ်ချဲ့ကာ ပြောလိုက်သည်။
" ကြည့်ရတာ နတ်ဆိုးသူတော်စင်အဆင့် အမြုတေလုံးတွေကပဲ မင်းအတွက် အကျိုးဖြစ်စေတာနဲ့တူတယ် "
ထိုစဥ်မှာပင်..
ဝုန်း
ကြောက်မက်ဖွယ် နတ်ဆိုးအရောင်အဝါတစ်ခု သူတို့ထံ လွင့်ပျံလာ၏။
" ဟင်... "
လောထျန်း ခေါင်းလှည့်ကြည့်လိုက်ပြီးနောက် မျက်လုံးများ ချက်ချင်းအရောင်လက်သွားသည်။
ကောင်းကင်ယံတွင်ကား မရေမတွက်နိုင်သော သားရဲများက သူတို့ရှိရာသို့ ပျံသန်းလာနေပြီး ကောင်းကင်ယံ တစ်ဝက်လောက်ကိုပင် ဖုံးနေပါ၏။
" ဟိုကောင်လေး တော်တယ် ။ နောက်ဆုံးတော့ တပ်ဖွဲ့လိုက်ကြီး ရောက်လာပြီပေါ့ကွာ "
လောထျန်းက လက်ထဲ၌ စားလက်စ တူနှစ်ချောင်းကို ကိုင်ထားရင်းဖြင့်ပင် ထရပ်၍ သားရဲအုပ်အား သေချာကြည့်လိုက်သည်။
ထိုသားရဲအုပ်တွင် ပါလာသော နတ်ဆိုးသားရဲများ
အားလုံးမှာ တုကျဲ့အဆင့် အထက်တွင်သာ ရှိကြသည်ကို သူ တွေ့လိုက်ရ၏။
အားလုံးပေါင်းလိုက်ပါက နတ်ဆိုးဘုရင်များ ၃၀၀ အထက်ပင် ရှိပါသည်။
သို့သော်.. ထိုအထဲမှ သူ စိတ်အဝင်စားဆုံးအရာမှာ သားရဲပေါင်း ရာချီ ပြေးဆွဲလာသည့် ရထားလုံးကြီးတစ်ခုပင် ။
ထို ရထားလုံးကြီးထဲတွင်ကား အသွင်ပြောင်းထားသော ဧရာမ နတ်ဆိုးကြီးတစ်ကောင် ထိုင်လိုက်လာသည်။
ထိုနတ်ဆိုးသားရဲကြီး၏ အနောက်ဘက်တွင်မူ သွေးနီရောင် အလံကြီးတစ်ခု လွင့်ထား၏။
ထို အလံပေါ်၌... " ရှုရ " ဆိုသော စာလုံးကို ခပ်ကြီးကြီး ရေးထွင်းထားသည်။
" နောက်ထပ် နတ်ဆိုးသူတော်စင်ကြီးတစ်ယောက် လာနေတာလား "
လောထျန်း စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။
ထိုစဥ် အခြားတဖက်.. ကမ္ဘာနှစ်ခုကြား တံခါးပေါက်ရှေ့၌ ...
အချိန်အတန်ကြာ ဆေးများဖြင့် ပြန်ကုသပြီးနောက် သခင်ကြီးထျန်းလုံ၏ ဒဏ်ရာများ သက်သာသွားကာ ကမ္ဘာနှစ်ခုကြား တံခါးပေါက်ဆီသို့ စိုးရိမ်မကင်းသည့် မျက်နှာဖြင့် ကြည့်လိုက်သည်။
" သခင်ကြီးတို့.. ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာ အကြောင်း ဘယ်လောက်သိကြလဲ "
နျိုထျဲ့ချူက မျက်မှောင်ကြုံ့ရင်း မေးလာသည်။
သူမ၏စကားကြောင့် သခင်ကြီးထျန်းလုံ မျက်နှာအနည်းငယ် တည်သွားပြီး ပြော၏။
" အမှန်တိုင်းပြောရင်တော့.. ငါတို့လဲ အများကြီး မသိဘူးကွ "
" တကယ်ကြီးလား.. သခင်ကြီးတို့ အဲ့ကမ္ဘာနဲ့ အရင်က တိုက်ခိုက်ဖူးတယ် မဟုတ်လား "
နျိုထျဲ့ချူ တအံ့တသြ ပြန်မေးလိုက်သည်။
ဘေးမှ ချင်းဝူချုံ မျက်နှာပျက်ပျက်ဖြင့် ဝင်ပြော၏။
" တကယ်တော့ အဲ့ဒါကို တိုက်ပွဲလို့ သတ်မှတ်လို့မရဘူး ။ ပြီးခဲ့တဲ့တစ်ခေါက် ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာ ရောက်လာတုန်းက သူတို့ရဲ့ အစွမ်းနိမ့်တဲ့သူတွေ နည်းနည်းလေးပဲ လွှတ်လိုက်တာ "
" အစွမ်းနိမ့်တဲ့သူတွေ... နောက်ဆုံးရလဒ်ကရော ဘယ်လိုဖြစ်သွားလဲ "
နျိုထျဲ့ချူ ထပ်မေးလိုက်သည်။
" ငါတို့ဘက်က ဆိုးဆိုးရွားရွားကို ရှုံးသွားခဲ့တယ်လေ ။ ဒါတောင် အဲ့တုန်းက ငါတို့တွေ ကံကောင်းပြီး ကမ္ဘာနှစ်ခုကြားတံခါးပေါက်က ဆယ့်ငါးမိနစ်လောက်ပဲ ပွင့်သွားခဲ့တာ ။ မဟုတ်လို့ကတော့ ငါတို့တွေအကုန် သေပြီးတာ ကြာလှပြီ "
ချင်းဝူချုံက အကြောက်မပြယ်သေးဟန်ဖြင့် ဖြေ၏။
" အဲ့လောက်တောင် ဆိုးတာလား "
နျိုထျဲ့ချူ တုန်လှုပ်သွားရတော့သည်။
သွမ့်ချန်ချိုးကလည်း သက်ပြင်းချ၍ ပြော၏။
" အဲ့တုန်းက ရှုရနတ်ဆိုးနိုင်ငံရဲ့ နတ်ဆိုးဘုရင်ဆိုတဲ့ သူကို ငါ အခုထိ မှတ်မိနေသေးတယ် "
" နတ်ဆိုးဘုရင်.. "
နျိုထျဲ့ချူ မှင်သက်သွားရပြန်သည်။
သခင်ကြီးထျန်းလုံက ချက်ချင်း ဝင်ရှင်းပြ၏။
" ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာက နတ်ဆိုးဘုရင်တွေက ငါတို့ဆီက နတ်ဆိုးဘုရင်တွေနဲ့ မတူဘူးကွ။ ငါတို့ ထျန်းယွမ်ကမ္ဘာမှာဆို ဒေသတစ်ခုကို အုပ်ချုပ်နိုင်တဲ့ ဘယ်နတ်ဆိုးခေါင်းဆောင်ကိုမဆို နတ်ဆိုးဘုရင်လို့ သတ်မှတ်ကြတယ်လေ "
" ဒါပေမယ့် သူတို့ဆီမှာတော့ နတ်ဆိုးဘုရင်ဆိုတာ အများက လေးစားရတဲ့ ရာထူးတစ်ခုပဲ ။ စမ်းသပ်ပွဲကို အောင်မြင်တဲ့ အစွမ်းထက်နတ်ဆိုးတွေမှသာ နတ်ဆိုးဘုရင်လို့ သတ်မှတ်ခံရတာ "
နျိုထျဲ့ချူ ခေါင်းအသာညိတ်လိုက်သည်။
" ဒါဆို.. အဲ့ ရှုရနတ်ဆိုးနိုင်ငံရဲ့ နတ်ဆိုးဘုရင်က ဘယ်လောက်အစွမ်းထက်တာလဲ "
အားလုံး ခေတ္တမျှ တိတ်သွားပြီးနောက် သွမ့်ချန်ချိုးက ရှင်းပြသည်။
" တစ်ယောက်ချင်း တိုက်ရတဲ့ တိုက်ပွဲမှာဆိုရင်... ငါ သိုင်းကွက်တစ်ထောင်လောက် သုံးပြီးတာနဲ့ နတ်ဆိုးဘုရင်တစ်ပါးကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်ချက်ရှိတယ် "
နျိုထျဲ့ချူ ခေါင်းဆက်ညိတ်လိုက်သည်။
" နတ်ဆိုးနိုင်ငံတစ်ခုရဲ့ ခေါင်းဆောင်ကတောင် အဲ့လိုအစွမ်းမျိုး ရှိတာဆိုတော့ တော်တော်အစွမ်းထက်တာပဲ "
သို့သော်.. စကားဆုံးချိန်မှာပင် ပတ်ဝန်းကျင် အခြေအနေက ပုံမှန်မဟုတ်ကြောင်း သူမ သတိထားမိလိုက်၏။
သူမ ခေါင်းမော့ကြည့်လိုက်ရာ လူများစွာက သူမအား ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်နေကြသည်ကို မြင်လိုက်ရသည်။
" ဘာလို့လဲ.. ကျွန်မပြောတာ မှားသွားလို့လား "
နျိုထျဲ့ချူ နားမလည်နိုင်စွာ ပြန်မေးလိုက်၏။
သခင်ကြီးထျန်းလုံက အောင့်သက်သက်အပြုံးဖြင့် ပြန်ပြောသည်။
" မိန်းကလေး နျို ၊ မင်း မှားနေပြီကွ။ နတ်ဆိုးဘုရင်ဆိုတာ သူတို့ ရှုရနိုင်ငံရဲ့ အစွမ်းထက်တဲ့ ကျင့်ကြံသူတွေပဲ ။ နိုင်ငံကို အုပ်ချုပ်တဲ့သူ မဟုတ်ဘူး ။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာ ကျလာတုန်းကတောင် ငါတို့ထျန်းယွမ်ကမ္ဘာကို ကျူးကျော်ခဲ့တဲ့ထဲမှာ နတ်ဆိုးဘုရင်တွေ ရာဂဏန်းနီးပါးလောက် ပါတယ် "
" ဘယ်လို "
နျိုထျဲ့ချူ တုန်လှုပ်သွားရပြန်၏။
သခင်ကြီး ထျန်းလုံကဲ့သို့ အစွမ်းထက်သည့် နတ်ဆိုးဘုရင် ရာဂဏန်းနီးပါး လာခဲ့သတဲ့လား...
ထို့အပြင်.. ထိုသူများက သူတို့ကမ္ဘာ၏ သာမာန်နိုင်ငံလေးတစ်ခုမှ အစွမ်းနိမ့် ပုဂ္ဂိုလ်များတဲ့လား..
သို့ဆိုလျှင် ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာ တစ်ခုလုံး
ဆိုပါက မည်မျှ အစွမ်းထက်မည်နည်း ...
၎င်းက ကောင်းကင်ဘုံပျက်စီးခြင်း အပေါ်သုံးခု၏ အစွမ်းပေလား...
ထိုတခဏ၌ နျိုထျဲ့ချူရင်ထဲ စိုးရိမ်စိတ်များ ဝင်သွားကာ ကမ္ဘာနှစ်ခုကြား တံခါးပေါက်ကိုကြည့်၍ စိုးရိမ်တကြီး ပြောလိုက်သည်။
" အကိုကြီး.. အဆင်ရော ပြေပါ့မလား "
သခင်ကြီးထျန်းလုံတို့ လူစု တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။
" သခင်လေးလောထျန်းရဲ့ အစွမ်းက ငါတို့ရဲ့ နားလည်နိုင်စွမ်းထက်ကို အများကြီး ကျော်နေပြီ။ ငါ ထင်တာတော့.. သူ ရှုရနတ်ဆိုးနိုင်ငံရဲ့ တပ်ဖွဲ့ကြီးနဲ့ ထိပ်တိုက်မတွေ့မချင်း ဘာပြဿနာမှ မရှိနိုင်ဘူးထင်တယ် "
ကျန်လူများလည်း ခေါင်းညိတ်လိုက်ကြသည်။
နျိုထျဲ့ချူမှာ ထိုစကားကို ကြားမှ သက်ပြင်းချနိုင်သွား၏။
" ကျွန်မလဲ အဲ့လိုပဲ မျှော်လင့်ပါတယ် "
တဖက်ရှိ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာ ၌....
လေထဲမှ သွေးတစ်စက် မြေပြင်ပေါ် ကျသွားသည်။
ထိုသွေးစက်လေးတွင် ပါဝင်သည့် အစွမ်းမှာ ပြင်းလွန်းလှ၍ အောက်ကျသည်နှင့် ဘေးပတ်လည် တောအုပ်ကြီးတစ်ခုလုံး ခြောက်ကပ်သွားတော့၏။
ရှောက်ထျန်းလုံလေးမှာ ထိုမြင်ကွင်းကို ကြည့်ပြီး မျက်လုံးပြူးသွားကာ တုန်လှုပ်မှုကြောင့် စကားပင် မဆိုနိုင်တော့ချေ။ သူမ၏ မျက်လုံးထဲတွင်လည်း စိုးရိမ်မှုများ အပြည့် ..
" ဒါ... "
သူမ စကားစလိုက်သော်လည်း စိတ်လှုပ်ရှားမှုကြောင့် အသံများ တုန်နေရှာသည်။
တခဏကြာပြီးနောက်မှ သူမ တံတွေးကို ခက်ခက်ခဲခဲမြိုချကာ ပြောလိုက်၏။
" အသာလုပ်ဦးနော်... အတွင်းအမြုတေကို ဖျက်ဆီးမိဦးမယ် "
ထိုစဥ်တွင် လေထဲမှ လောထျန်းမှာ ရှုရ နတ်ဆိုးသူတော်စင်ကြီးအား လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်ထားသဖြင့် ... နတ်ဆိုးသူတော်စင်ကြီး မလှုပ်နိုင် ဖြစ်နေရှာသည်။
သူ့တစ်ကိုယ်လုံးလည်း သွေးများရွှဲနေကာ ဒဏ်ရာပြင်းထန်စွာ ရထားပါ၏။
" အိုး.. ဟုတ်သားပဲ.. ငါ အဲ့ကိစ္စကို မေ့သွားတာ ။ နည်းနည်း ပိုပြီး နူးညံ့မှရမယ် "
လောထျန်း ပြောပြီး သူ့လက်ထဲမှအစွမ်းအား အနည်းငယ် ဖြေလျော့ပေးလိုက်သည်။
" အဟွတ်... "
ထိုအချိန်မှသာ ရှုရနတ်ဆိုးသူတော်စင်ကြီး ချောင်းပြန်ဆိုးနိုင်သွားကာ သွေးများ အန်လိုက်သည်။
" မင်း.. ဘယ်သူလဲ "
သူ လောထျန်းကိုကြည့်ရင်း တုန်လှုပ်စွာ မေးလာသည်။
နတ်ဆိုးသူတော်စင်ကြီး၏ မျက်လုံးထဲ၌လည်း ကြောက်ရွံ့မှုတို့ အပြည့်ပင် ။
ဖြစ်ပျက်သွားသည့် ကိစ္စများကို သူ မမေ့နိုင်ပါချေ..
သူသည် အစပိုင်းတွင် ရှုရနတ်ဆိုးနိုင်ငံ၏ ထိပ်သီးအဖွဲ့ကို ဦးဆောင်ပြီး ထျန်းယွမ်ကမ္ဘာ တစ်ခုလုံးကို ဖျက်ဆီးပစ်ရန် တက်ကြွနေခဲ့ပါ၏။
သို့သော်...
သူ ရောက်ရောက်ချင်းမှာပင် လောထျန်းက သူ့လမ်းကို ပိတ်ထားခဲ့သည်။
စစချင်းတွင် သူသည် လောထျန်းအား စိတ်ထဲအလေးနက် မထားလှပဲ သူ့လူစုကိုသာ လောထျန်းအား သတ်ပစ်ရန် ပြောခဲ့ပါ၏။
သို့သော်.. သူ့ရှေ့မှ လူက လက်ထဲကိုင်ထားသော တူနှစ်ချောင်းဖြင့်ပင်.. သူ့တပ်ဖွဲ့ တစ်ဖွဲ့လုံးကို ဖျက်ဆီးချေမှုန်းသွားခဲ့သည်။
ထိုအထဲ၌ နတ်ဆိုးဘုရင် သုံးရာကျော်လည်း အပါအဝင်ပင် ...
ထို့နောက်... ၎င်း တူတစ်စုံ၏ တိုက်ခိုက်မှု အကြွင်းအကျန်အစွမ်းလေးကြောင့်ပင် သူ့တစ်ကိုယ်လုံး ဒဏ်ရာရကာ အသက်ဆုံးလုနီး ဖြစ်ခဲ့ရပါသည်။
သိုင်းကွက်တစ်ကွက် .....
မဟုတ်သေးပါ ။ ပြီးပြည့်စုံသော သိုင်းကွက်လေးတစ်ကွက်ပင် မဟုတ်ဘဲ သူ ယခုအခြေအနေသို့ ရောက်ခဲ့ရပါ၏။
သူ့ရှေ့မှလူက အလွန်ကြောက်စရာ ကောင်းလှပေသည်။
" မင်းက ထျန်းယွမ်ကမ္ဘာကို ကျူးကျော်ဖို့အတွက် တပ်ဖွဲ့ကြီးကြီး ခေါ်ပြီး လာခဲ့တာမဟုတ်လား "
လောထျန်းက ရှုရနတ်ဆိုးသူတော်စင်ကြီးကို ကြည့်ကာ မေးလိုက်သည်။
" ကျုပ်... "
နတ်ဆိုးသူတော်စင်ကြီးမှာ မှင်သက်ပြီး မည်သို့ပြန်ပြောရမည်မသိ ဖြစ်နေတော့၏။
တဖက်မှ လောထျန်းက တည်တည်ငြိမ်ငြိမ် ဆက်ပြောသည်။
" ငါ အစောက ပြောခဲ့သလို ၊ မင်းက ဒီနေရာကို လာခဲ့တာဖြစ်တဲ့အတွက် ငါ့ရန်သူပဲ ။ အဲ့တော့.. သေလိုက်တော့ "
လောထျန်း ပြောပြီးသည်နှင့် သူ့လက်ထဲ အစွမ်းများ ပို့လွှတ်လိုက်သည်။
ဂျွတ်...
ရှုရနတ်ဆိုးသူတော်စင်ကြီး၏ ကိုယ်ထဲမှ အရိုးများ တမဟုတ်ချင်း ကျိုးကုန်ကြ၏။
" အား.... "
သူ နာကျင်လွန်း၍ အော်ဟစ်လိုက်ရသည်။
သို့သော် လက်ရှိတွင် သူ နာကျင်မှုကို ဂရုမစိုက်နိုင်အားပါ ။
" ရန်သူက အစွမ်းထက်လွန်းတယ် ။ တခြားသူတွေကို ဒီမှာ လာသေခိုင်းလို့ မဖြစ်ဘူး ။ မဟုတ်ရင် ငါတို့ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာက ဒီနေ့ပဲ ပျက်စီးသွားရလိမ့်မယ်။ အဲ့တော့ ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်နေကြဖို့ တခြားသူတွေဆီ သတင်းပို့မှ ရမယ်.... "
နတ်ဆိုးသူတော်စင်ကြီးက ထိုသို့တွေးကာ သူ့စိတ်ဝိဥာဥ် အသက်ရှင်နေသေးသည်ကို အခွင့်ကောင်းယူပြီး သူ့လက်ကောက်ဝတ်မှ ပုလဲကြိုးအား ဖိခြေပစ်လိုက်၏။