← Chapters

မသေမျိုး မျက်လုံးများ

Vol. 46 Ch. 633

မသေမျိုး မျက်လုံးများ

Vol. 46 Ch. 633

ရှုရနတ်ဆိုးသူတော်စင်၏ အမည်ကို ပြောလိုက်သည်နှင့် အားလုံး ရုတ်ချည်း တိတ်သွားကြ၏။

" ဟုတ်တယ် ။ ရှုရနတ်ဆိုးသူတော်စင်က အရင်တည်းက အစွမ်းထက်ပြီးသား ။ သူ ခြေတစ်လှမ်းသာသွားရင် ကောင်းတဲ့ကိစ္စ မဟုတ်ဘူး ။ အဲ့တော့ ငါတို့ချင်း သင့်သင့်မြတ်မြတ်နေတာ ပိုကောင်းမယ် "

ပိုင်လင် နတ်ဆိုးသူတော်စင်က ပြောလိုက်သည်။

" ကဲ.. အဲ့လိုဆို ကမ္ဘာနှစ်ခုကြား တံခါးပေါက်ကို ဖြတ်ဖို့ ပြင်ကြတာပေါ့ ။ ဒါပေမယ့် တစ်ခုတော့ စည်းမျဥ်းလုပ်လိုက်မယ် .. ထျန်းယွမ်ကမ္ဘာထဲကို ရောက်ရင် ငါတို့ချင်း ပြိုင်လို့ရပေမယ့် တိုက်ခိုက်လို့တော့ မရဘူး ။ ဘယ်လိုသဘောရလဲ "

ရွှေဖားနတ်ဆိုးသူတော်စင်က အကြံပြုလိုက်သည်။

အမှောင်ယံနတ်ဆိုးသူတော်စင် မျက်နှာကြီး ချက်ချင်း ညိုသွား၏။ သို့သော် အချိန်အတန်ကြာ စဥ်းစားပြီးနောက်တွင်မူ သူ ခေါင်းညိတ်၍

ပြောသည်။

" ကောင်းပြီ ။ ဒါပေမယ့် ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်နော်... ငါ့လူတွေက ကျုံ့ကျိုးတစ်နယ်လုံးက မြင့်မြတ်နယ်မြေတွေကို သိမ်းမှာ "

ဆံပင်ဖြူနှင့် လူကြီး ခေါင်းညိတ်လိုက်သည်။

" ငါ့ဘက်ကတော့ ငြင်းစရာမရှိဘူး "

" ငါရောပဲ "

ပိုင်လင် နတ်ဆိုးသူတော်စင်ကလည်း ပြော၏။

ရွှေဖား နတ်ဆိုးသူတော်စင် တစ်ယောက်ကမူ မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။

" ကျုံ့ကျိုးက ယောင်ချီကိုတော့ ငါ့ကိုပေးမှ ရမယ်နော် ။ အဲ့တစ်ခုကလွဲရင် ကျန်တာ ပြောစရာမရှိဘူး "

ကျန်နတ်ဆိုးသူတော်စင်များအားလုံး သူ့ဘက် လှည့်ကြည့်လာကြ၏။

အမှောင်ယံ နတ်ဆိုးသူတော်စင်က လှောင်ပြုံးဖြင့် ပြောသည်။

" မင်း.. အပေါ်ကမ္ဘာက နတ်ဆိုးနတ်ဘုရားနန်းတော်

ကနေ နှစ်စုံတွဲ ကျင့်ကြံခြင်းကို ဆုအနေနဲ့ ရခဲ့တယ်လို့ ငါကြားတယ် ။ ကြည့်ရတာ အဲ့သတင်းက မှန်တဲ့ပုံပဲ ။ ဒါပေမယ့်.. မင်းက လူသားမိန်းမတစ်ယောက်ကို အခွံအဖြစ် သုံးမယ်လို့တော့ ထင်မထားမိဘူးကွာ "

ရွှေဖား နတ်ဆိုးသူတော်စင်၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖျတ်ခနဲလက်သွား၏။

" အဲ့တော့ ဘာဖြစ်လို့လဲ "

အမှောင်ယံ နတ်ဆိုးသူတော်စင်က အူကြောင်ကြောင်နိုင်စွာ ရယ်ပြီးမှ ပြန်ပြောလိုက်သည်။

" ဒါပေါ့ကွာ.. ဘာမှ မဖြစ်ပါဘူး ။ ယောင်ချီကို မင်းကိုပေးလို့ ရပါတယ် ။ ငါက တခြားမြင့်မြတ်နယ်မြေတွေဆီ သွားမှာပေါ့ "

ဆံပင်ဖြူနှင့် လူကြီးက သူတို့နှစ်ယောက်ကိုကြည့်ကာ ပြောလာ၏။

" တခြားဘာမှ ထပ်မရှိတော့ဘူးဆိုရင် သွားကြစို့ "

" ကောင်းပြီ "

နတ်ဆိုးသားရဲကြီးများက ပြောပြောဆိုဆိုပင် ထွက်ခွာရန် ပြင်လိုက်ကြသည်။

သို့သော်.. ထိုစဥ်မှာပင်..

" ဟင်... "

ကမ္ဘာနှစ်ခုကြား တံခါးပေါက်ရှေ့၌ ရှိနေသော လောထျန်းအား သူတို့ တွေ့သွားပါ၏။

" ဒီလူသားကောင်လေးက ဘယ်တုန်းက ရောက်နေတာလဲ "

ရွှေဖား နတ်ဆိုးသူတော်စင် တအံ့တသြ မေးလိုက်သည်။

အမှောင်ယံ နတ်ဆိုးသူတော်စင်က အေးစက်စက်ပြော၏။

" ရှုရနတ်ဆိုးသူတော်စင်ရဲ့ ပိုက်ကွန်ကြားကနေ လွတ်ထွက်လာတဲ့ ငါးလေးတစ်ကောင်ပဲ ဖြစ်မှာပေါ့ကွာ ။ အဲ့ကောင်ကို သတ်လိုက် "

ပိုင်လင် နတ်ဆိုးသူတော်စင်ကလည်း ခေါင်းညိတ်၍ ဝင်ပြောသည်။

" အမှန်ပဲ... သူ့အတွက်နဲ့ ဘာမှ ထပ်အချိန်ဖြုန်းမနေနဲ့ ။ မြန်မြန်ရှင်းပြီး မြန်မြန်သွားရအောင် "

သူ ထိုသို့ပြောပြီး အားလုံးကို ဦးဆောင်ကာ ကမ္ဘာနှစ်ခုကြား တံခါးပေါက်သို့ သွားရန်ပြင်လိုက်သည်။

သို့သော် ထိုစဥ်မှာပင်...

" ရပ်စမ်း "

လောထျန်းက ရုတ်တရက် ပြောလာ၏။

" ဟင်.. လူသားကောင်လေး ၊ မင်းက ငါတို့ကို တားရဲတယ်ပေါ့လေ "

ပိုင်လင်နတ်ဆိုးသူတော်စင်က လောထျန်းအား မျက်မှောင်ကြုံ့ ကြည့်လိုက်သည်။

သူ့အသွင်မှာလည်း သေလူတစ်ယောက်ကို ကြည့်နေသလိုပါပင် ။

လောထျန်းက သူ့အား ခေါင်းစခြေဆုံးကြည့်ကာ

ပြောလာ၏။

" မင်းက နတ်ဆိုးသူတော်စင်လား "

ပိုင်လင် နတ်ဆိုးသူတော်စင်က လှောင်ပြုံးဖြင့် ပြန်ပြောသည်။

" ဟုတ်တယ်.. ဘာလဲ.. ကြောက်သွားပြီလား "

သို့သော် မျှော်လင့်မထားစွာပင် လောထျန်းက အရောင်လက်နေသော မျက်လုံးများဖြင့် ပြန်ပြောလာ၏။

" ငါ ထင်ထားတာ မှန်နေတာပဲ ။ မင်းရဲ့ အတွင်းအမြုတေက ဘယ်နားမှာလဲ "

" ဟင်... "

ပိုင်လင် နတ်ဆိုးသူတော်စင်ကြီး အံ့အားသင့်သွားရတော့သည်။

တဖက်လူက သူ့အား ထိုမေးခွန်းမျိုး မေးလာမည်ဟု သူ လုံးဝ ထင်မထားခဲ့ပါချေ။

" ကြောက်လွန်းလို့ စိတ်များ လွတ်သွားတာလားကွာ "

ရွှေဖားနတ်ဆိုးသူတော်စင်က လှောင်ပြုံးဖြင့် ဝင်

ပြောလာ၏။

" လူသားတွေက အဲ့လောက် ပျော့တာကွာ.. ဒီကောင့်ကို ငါ သတ်လိုက်မယ် "

သူ စကားဆုံးသည်နှင့် မျက်လုံးထဲမှ ရွှေရောင်အလင်းတန်းဖြင့် လောထျန်းဆီသို့ ပစ်လွှတ်လိုက်သည်။

ထိုရွှေရောင်အလင်းတန်း၌ ပါဝင်သော ကြောက်မက်ဖွယ်အစွမ်းကြောင့် အနီးနားရှိ လေထုပင် လှုပ်ခတ်သွားပါ၏။

၎င်းကို ကြည့်နေသော အမှောင်ယံနတ်ဆိုးသူတော်စင်ကြီး မျက်မှောင်ကြုံ့လိုက်သည်။

" ဒီကောင်ရဲ့ မသေမျိုးဖိနှိပ် မျက်လုံးတွေက လုံးဝ ပြီးပြည့်စုံသွားပြီလား ။ သူက တမင်သက်သက် အစွမ်းပြချင်လို့ ဟိုလူသားကောင်လေးကို အဲ့အကွက်နဲ့ တိုက်ခိုက်လိုက်တာပဲ "

သူ့စိတ်ထဲ တွေးလိုက်၏။

သူ့အမြင်တွင်မူ လောထျန်းလို လူသားတစ်ယောက်အား ကိုင်တွယ်ရန်အတွက် ထိုသို့သောအစွမ်းမျိုး ထုတ်သုံးရန် လိုသည်ဟု လုံးဝ မထင်ပါ ။

သို့သော်...

ဖွတ် ..

အလင်းတန်းက လောထျန်းပေါ် ကျသွားသည်နှင့် အစိမ်းရောင် အငွေ့အဖြစ် ပြောင်းပြီး ပျောက်ကွယ်သွားတော့သည်။

တဖက်မှ လောထျန်းမှာမူ အနည်းငယ်လေးပင် အထိခိုက် ရှိမသွားခဲ့ပါ ။

သူ့ အဝတ်စားပေါ်၌ မီးလောင်ပေါက်တစ်ခုသာ ဖြစ်သွားခဲ့ပါသည်။

အားလုံးမှာလည်း ၎င်းကိုကြည့်ပြီး မှင်သက်ကုန်ကြ၏။

" ရွှေဖား နတ်ဆိုးသူတော်စင် ၊ မင်း ဘာတွေလုပ်နေ

တာလဲ "

အမှောင်ယံ နတ်ဆိုးသူတော်စင်က တဖက်လူအား ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။

အစောက အဖြစ်မှာ ရွှေဖားနတ်ဆိုးသူတော်စင်အတွက် အစွမ်းကို ပြသရန် အခွင့်ကောင်းကြီး ဖြစ်ပြီး ..

ယခုလို အသာတကြည် လွတ်ပေးလိုက်စရာအကြောင်း လုံးဝမရှိဟုသာ သူ ထင်ပါ၏။

သို့သော် ထိုကောင်က ဘာလုပ်လိုက်ပါသနည်း..

ထိုစဥ် တဖက်မှ ရွှေဖားနတ်ဆိုးသူတော်စင်မှာလည်း အံ့သြမှင်သက်နေရှာသည်။

" ဘာတွေ ဖြစ်နေတာလဲ ။ ငါက တစ်ချက်တည်းနဲ့ အဲ့ကောင်ရဲ့ ခန္ဓာကိုယ်ကိုရော ၊ စိတ်ဝိဥာဥ်ကိုပါ ဖျက်ဆီးမလို့ လုပ်ခဲ့တာကို ။ အခု ဘာလို့ အဝတ်စားလေးပဲ လောင်သွားရတာလဲ ။ ငါ့မျက်လုံးရဲ့ အစွမ်းတွေကို မကျွမ်းကျင်သေးလို့များလား "

" ဟုတ်တယ်.. အဲ့လိုပဲ ဖြစ်ရမယ် ။ ဒီတစ်ခေါက်တော့ သေချာ အလေးနက်တိုက်ခိုက်မယ်ကွာ "

ရွှေဖား နတ်ဆိုးသူတော်စင်က ဘာမှပြန်မပြောဘဲ ထိုသို့သာ တွေးလိုက်သည်။ သူ့မျက်လုံးများလည်း ရုတ်ချည်း အရောင်လက်လာပြန်၏။

ထို့နောက်တွင်..

ဝုန်း.

ယခင်ထက် ဆယ်ဆမက ပိုအစွမ်းထက်သော ရွှေရောင်အလင်းတန်းက လောထျန်းဆီ တိုးဝင်သွားပြန်သည်။

ထိုတခဏ၌ လေထုတစ်ခုလုံး တုန်ခါသွားကာ ကျင့်ကြံခြင်းအဆင့် လုံလောက်အောင် မြင့်မထားသည့် နတ်ဆိုးများဆိုလျှင် ပျံပင် မပျံသန်းနိုင်ကြတော့ချေ။

သို့သော်...

ဖွတ်...

ထိုအလင်းတန်းကလည်း လောထျန်းပေါ် ကျသည်နှင့် အစိမ်းရောင် မီးခိုးအဖြစ် ပြောင်းကာ ပျောက်ကွယ်သွားပြန်ပါ၏။

လောထျန်း၏ အဝတ်စားပေါ်တွင် ယခင်ထက် အနည်းငယ်ပိုကြီးသည့် မီးလောင်ပေါက် ပေါ်လာသည်။

" ဒါ... "

ရွှေဖားနတ်ဆိုးသူတော်စင်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း တုန်လှုပ်သွားတော့၏။

ထိုစဥ် တဖက်မှ လောထျန်းကမူ မျက်မှောင်အနည်းငယ် ကြုံ့လိုက်သည်။

" ဘာတွေဖြစ်နေတာလဲ ။ ငါ့ကျောက နည်းနည်းယားသလိုပဲ .. ။ ငါ့နောက်ကျောမှာ ဘာတွေဖြစ်နေလဲ ကြည့်ပေးစမ်းကွာ "

သူ ရှောက်ထျန်းလုံဘက်ကြည့်ကာ ပြောလိုက်၏။

ရှောက်ထျန်းလုံက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် ရွှေဖားနတ်ဆိုးသူတော်စင်ကို ညွှန်ပြလိုက်သည်။

" ဟိုဖားကြီးက အကိုကြီးရဲ့ အဝတ်တွေကို မီးလောင်ပေါက် နှစ်ခုဖြစ်အောင်တောင် လုပ်လိုက်တာ "

လောထျန်း လန့်သွားကာ သူ့အဝတ်ကို ဆွဲကြည့်လိုက်၏။ အမှန်တွင်လည်း သူ့အက်ျီ နောက်ကျောဘက်ခြမ်း၌ အပေါက်နှစ်ခု ရှိနေပေသည်။

သူ ချက်ချင်း မျက်မှောင်ကြီး ကြုံ့သွား၏။

" မျိုးမစစ်ကောင်.. မင်းကများ ငါ့အက်ျီကို မီးလောင်ပေါက်ဖြစ်သွားအောင် လုပ်ရဲတယ်ပေါ့လေ။ ရူးနေလားကွ "

လောထျန်း လေသံမာမာဖြင့် အော်လိုက်သည်။

ရွှေဖားနတ်ဆိုးသူတော်စင်မှာ လောထျန်း၏ အော်သံကြောင့် ကြောက်လွန်း၍ နောက်သို့ ခြေတစ်လှမ်း ဆုတ်သွား၏။ ထို့နောက်.. သူ အားလုံးကို လှည့်ကြည့်ကာ အော်ပြောလိုက်သည်။

" အားလုံး.. ဒီကောင်လေးက တစ်ခုခုတော့ ထူးဆန်း

တယ်ကွ ။ သူ့ကို အတူတူ သတ်ကြရအောင် "

သို့သော် သူ့ဘေးမှ လူများကမူ သံသယမကင်းသည့် မျက်နှာထားများသာ ရှိနေကြသည်။

ထိုစဥ်တွင် လောထျန်းက လှုပ်ရှားလိုက်လေပြီ ။

ဝုန်း...

ချက်ချင်းမှာပင် ကောင်းကင်ဘုံလက်ဝါးသိုင်း အသက်ဝင်လာပြီး ရွှေရောင်လက်ဝါးကြီး တစ်ခုက ရွှေဖားနတ်ဆိုးသူတော်စင်အား ဖမ်းဆုပ်လာ၏။

" ဟင်... "

ရွှေဖားကြီး လန့်သွားကာ သူ့အသွင်အမှန်သို့ ပြောင်းလိုက်သည်။

တစ်ချိန်တည်းမှာပင်.. သူ့ရွှေရောင်မျက်လုံးတစ်စုံမှ ရွှေရောင်အလင်းတန်းနှစ်ခုလည်း ထွက်လာ၏။

ထို ရွှေရောင်အလင်းတန်းမှာ ရွှေဖားကြီး အသွင်

မှန်ပြောင်းထားသည့်အတွက် ယခင်ထက် ပိုကြောက်စရာ ကောင်းလှပါသည်။

၎င်းအလင်းတန်း၌ ကမ္ဘာကြီးကို ဖျက်ဆီးနိုင်သည့် အစွမ်းမျိုးပင် ပါဝင်နေသယောင်..

အနီးနားတွင် ရှိနေကြသော ကျန်နတ်ဆိုးသူတော်စင်များမှာလည်း ၎င်းကိုကြည့်ကာ တုန်လှုပ်ကုန်ကြ၏။

အထူးသဖြင့် အမှောင်ယံနတ်ဆိုးသူတော်စင် ပါပင်..

ရွှေဖားကြီးကို ကြည့်ရင်း သူ တွေးလိုက်သည်။

" ရွှေဖားကြီးက မသေမျိုးမျက်လုံးကို အဲ့အဆင့်ထိတောင် ကျင့်ကြံပြီးသွားပြီလား ။ ဒီနေ့ သေချာမြင်လိုက်ရလို့ တော်သေးတယ် ။ ဒါကို မသိထားဘဲသာ သူ့ကို သွားတိုက်ခိုက်မိရင် .. ငါ အဲ့သိုင်းကွက်ကို ခံနိုင်ပါ့မလားတောင် မသိဘူး ။ ဒီတိုင်းဆိုရင်တော့ ခုချိန်ကစပြီး အဲ့ကောင်ကြီးကို သတိထားမှ ဖြစ်တော့မယ် "

သူ ထိုသို့တွေးပြီး ရွှေဖားကြီးက လောထျန်းအား သတ်မည်ကို စောင့်ကြည့်နေလိုက်၏။

သို့သော်.. ထိုစဥ်မှာပင်..

ဘုန်း..

လောထျန်း၏ ရွှေရောင်လက်ဝါးကြီးက အလင်းတန်းကို လျစ်လျူရှုကာ ရွှေဖားနတ်ဆိုးသူတော်စင်အား ခပ်ပြင်းပြင်း ရိုက်လိုက်တော့သည်။

ဘုန်း...

ရွှေဖား နတ်ဆိုးသူတော်စင်မှာ ချက်ချင်း မြေပြင်ပေါ် ကျသွားပြီး ဖုန်မှုန့်လုံးကြီး လိမ့်တက်လာတော့၏။

" ဘယ်လိုဖြစ်ပြီး.. "

ထိုမြင်ကွင်းကို ကြည့်နေသော အမှောင်ယံ နတ်ဆိုးသူတော်စင် မှင်သက်သွားရတော့သည်။

ကျန် နတ်ဆိုးသူတော်စင်များလည်း သူ့နည်းတူပါ

ပင်..

အစွမ်းထက်လှသော ရွှေဖားနတ်ဆိုးသူတော်စင်က အမှန်တကယ် အရိုက်ခံရပြီး လွင့်သွားသတဲ့လား..

ထိုတခဏ၌ မည်သို့ ဖြစ်နေသည်ကို မည်သူမှ နားမလည်နိုင်ကြပါချေ။

ရှောက်ထျန်းလုံလေး တစ်ယောက်ကသာ ရွှေဖားကြီး ကျသွားသော နေရာသို့ ခုန်ဆင်းသွား၏။

အချိန်အတန်ငယ်ကြာ ရှာပြီးနောက်တွင်မူ.. ရွှေရောင်တလက်လက် တောက်နေသော အရာတစ်ခုကို ကိုင်ကာ သူမ စိတ်လှုပ်ရှားစွာ ဆိုလာသည်။

" အတွင်းအမြုတေ တွေ့သွားပြီ "

All Chapters