သခင်ကြီး ကုချန်
Vol. 46 Ch. 636
နတ်ဆိုးဘုရင်ကြီးမှာ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာမှ နတ်ဆိုးတစ်ယောက် ဖြစ်သည့်အတွက် ထိုအရိပ်များက သာမာန် ပုံရိပ်ယောင်ချည်းသက်သက် မဟုတ်ကြောင်း သေချာပင် ခံစားမိလိုက်သည်။
သူ နတ်ဆိုးသူတော်စင် များစွာကိုလည်း တွေ့ဖူးပါ၏။
ယခု လုံယီရွှယ်နောက်မှ အရိပ်များမှာ အစွမ်းထက် အရောင်အဝါများ ကိုယ်စီ ရှိနေကြပြီး.. ၎င်းတို့က နတ်ဆိုးသူတော်စင် အစစ်တစ်ယောက်၏ အစွမ်းနှင့် ဘာမှမကွာပါချေ။
သို့ဖြစ်ရာ.. ၎င်းက မည်သည့်အဓိပ္ပါယ် ဆိုသည်ကို သူ ကောင်းကောင်းကြီး သိလိုက်ပါသည်။
ထို နတ်ဆိုးသူတော်စင်များမှာ.... အဖြစ်ဆိုးကြီးနှင့် ကြုံခဲ့ရလေပြီ...
နတ်ဆိုးသူတော်စင် အရိပ်မှာလည်း ရှစ်ခုတိတိ ရှိနေရာ...
သူ့ရှေ့မှ လူနှစ်ယောက်က မည်မျှ အစွမ်းထက်ကြပါသနည်း ။
ထိုစဥ် လောထျန်းက အေးဆေး ပြောလာ၏။
" မင်းတို့မှာ နတ်ဆိုးသူတော်စင် ကိုးယောက်ရှိတာဆိုတော့.. ဒီရှစ်ယောက် မဟုတ်ပဲနဲ့ နောက်ဆုံးကျန်တဲ့ တစ်ယောက်က ဘယ်မှာလဲ "
" ကျုပ်.... "
နတ်ဆိုးကြီး အသံတုန်သွားတော့သည်။
ဝုန်း..
တဖက်မှ လုံယီရွှယ်က လက်သီးဆုပ်လိုက်၏။
သူမလက်ထဲမှ ကြောက်မက်ဖွယ် ပေါက်ကွဲသံတစ်ခု ရုတ်ချည်း ထွက်လာသည်။
နတ်ဆိုးကြီး လန့်သွားကာ ချက်ချင်းပြောလိုက်၏။
" နတ်ဆိုးသူတော်စင်ကြီး ကုချန်က ကုချန်ကျောင်းတော်မှာ ရှိပါတယ် ။ နတ်ဆိုးနတ်ဘုရားကြီးကတော့ ကောင်းကင်ဘုံနတ်ဆိုးနန်းတော် မှာပါ "
လောထျန်း မျက်မှောင်ကြုံ့၍ ထပ်မေးလိုက်သည်။
" နေရာအတိအကျ ကိုပြော "
တဖက်မှ နတ်ဆိုးကြီးက မြေပုံတစ်ခုကို အလောတကြီး ဆွဲထုတ်ရှာ၏။
" သခင်ကြီး ၊ ဒါ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာ ရဲ့ မြေပုံပါ ။ ဒီထဲမှာ အဓိကနေရာတွေအားလုံးကို သေချာ မှတ်ထားပါတယ် "
သူ အသံတုန်တုန်ဖြင့် ပြောလိုက်သည်။
လောထျန်း မြေပုံအား တစ်ချက်ကြည့်လိုက်သည်နှင့် ကုချန်ကျောင်းတော် နှင့် ကောင်းကင်ဘုံနတ်ဆိုးနန်းတော်အား တန်းတွေ့သွားသည်။
ထို့ကြောင့် သူ ခေါင်းညိတ်လိုက်၏။
" ကောင်းတယ် ။ မင်းက တော်သားပဲ.. သွားကြစို့ "
တဖက်လူက သူ့ကိုသတ်ရန် ရည်ရွယ်ထားပုံ မရှိသည်ကို မြင်မှသာ နတ်ဆိုးကြီး သက်ပြင်းချနိုင်သွားတော့သည်။
ထို့နောက် သူ အားမွေး၍ ထွက်ခွာရန်ပြင်နေကြသူ နှစ်ယောက်ကိုကြည့်ရင်း မေးလိုက်၏။
" သခင်ကြီးတို့ ဘယ်ကလာခဲ့တာလဲ ပြောပြပေးလို့ ရမလားဗျာ "
လောထျန်းက သူ့ကိုလှည့်ကြည့်ပြီး အေးဆေးပြန်ပြောသည်။
" ထျန်းယွမ်ကမ္ဘာက "
စကားဆုံးသည်နှင့် လောထျန်းတို့နှစ်ဦးသား နေရာမှ ပျောက်ကွယ်သွားကြသည်။
သားရဲကြီးသာ တစ်ယောက်တည်း တီးတိုးရေရွတ်ရင်း ကျန်ခဲ့တော့၏။
" ထျန်းယွမ်ကမ္ဘာတဲ့... အဲ့နာမည်ကို ရင်းနှီးနေသလိုပဲ "
ထို့နောက်.. သူ ရုတ်တရက် လန့်သွားသည်။
" ဟို ထျန်းယွမ်ကမ္ဘာလား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။ သူတို့တွေက ဒီလောက်အစွမ်းနိမ့်ကြတာကို... အခု ဘယ်လိုဖြစ်ပြီး အဲ့လောက်အစွမ်းထက်လာတာလဲ.. "
" မဟုတ်မှလွဲရော... ထျန်းယွမ်ကမ္ဘာရဲ့ ရှေးခေတ်က အစွမ်းထက် ပုဂ္ဂိုလ်ကြီးတွေ ခုထိ အသက်ရှင်နေသေးတာလား ။ စောနက နှစ်ယောက်က အဲ့ခေတ်က လူတွေများလား ။ အဲ့လိုပဲ ဖြစ်ရမယ်.. မှားစရာ မရှိဘူး "
" ဒီတိုင်းဆိုရင်တော့ ထျန်းယွမ်ကမ္ဘာက တကယ်ကို ကြောက်စရာကောင်းတာပဲ ။ မဖြစ်ဘူး... ငါတို့ကမ္ဘာ အန္တရာယ်ထဲ ရောက်နေပြီ ။ ငါ ဆက်ပြီး ကျင့်ကြံမှဖြစ်မယ် "
" ဒီတစ်ကြိမ်တော့ နောက်ထပ် နှစ်သုံးသောင်း မပြည့်မချင်း မထွက်လာဘူးကွာ "
သူ ထိုသို့ပြောပြီး တစ်ကိုယ်တည်း ကျင့်ကြံရန် ထွက်သွားလိုက်၏။
တဖက်မှ.. လောထျန်းနှင့် လုံယီရွှယ်တို့ နှစ်ယောက်မှာမူ လျင်မြန်စွာပင် ပျံသန်းနေကြသည်။
" ခုနကလူကို ဘာလို့ မသတ်ခဲ့တာလဲ "
လုံယီရွှယ်က လောထျန်းအား နားမလည်နိုင်စွာ ကြည့်၍ မေးလိုက်သည်။
သူမက နတ်ဆိုးသားရဲကြီးကို ဆိုလိုခြင်းဖြစ်ကြောင်း လောထျန်း ချက်ချင်း နားလည်လိုက်၏။
ခေတ္တမျှ စဥ်းစားနေပြီးမှ သူ ပြန်ဖြေလိုက်သည်။
" ကမ္ဘာနှစ်ခုကြား တံခါးပေါက်နား ကပ်လာတဲ့သူမှန်သမျှကို အညှာအတာမရှိ သတ်မယ်လို့ စောနက ပြောခဲ့တယ်လေ ။ ဒါပေမယ့် အဲ့ကောင်ကြီးက တိုက်ပွဲထဲလဲ မပါခဲ့သလို.. ပြောသမျှကိုလဲ အရမ်း နာခံနေလို့ သူ့အသက်ကို ချမ်းသာပေးလိုက်တာ "
လုံယီရွှယ် ခေါင်းညိတ်လိုက်၏။
တခဏအကြာတွင်မူ.. လောထျန်းက မြေပုံကို ထုတ်ကြည့်ရင်း ပြောသည်။
" ကြည့်ရတာ.. ငါတို့တွေ ကုချန် နတ်ဆိုးသူတော်စင်
ရဲ့ ပိုင်နက်ထဲ ရောက်နေပြီနဲ့တူတယ် "
" ထူးဆန်းလိုက်တာ... "
သို့သော် ဘေးမှ လုံယီရွှယ် မျက်မှောင်ကြုံ့သွား၏။
" ဘာထူးဆန်းလို့လဲ "
လောထျန်း မေးလိုက်သည်။
လုံယီရွှယ် : " ကျွန်မ နတ်ဆိုးအစွမ်းကို အာရုံခံလို့မရဘူး ဖြစ်နေတယ် ။ အောက်ကမြို့က လူသားပိုင်နက်တစ်ခုနဲ့ ပိုတူနေသလိုပဲ "
သူမ ထိုသို့ပြောလာမှ လောထျန်း စိတ်ဝိဥာဥ်အစွမ်းကို ထုတ်လွှတ်၍ သေချာစစ်ဆေးကြည့်လိုက်၏။
ပြီးနောက်တွင် သူသည်လည်း အံ့အားသင့်သွားရသည်။
လုံယီရွှယ် ပြောခဲ့သလိုပင်.. သူတို့အောက်ဘက်မှ မြို့မှာ လူသားများဖြင့်သာ ပြည့်နေပါသည်။
မြို့ထဲတွင် နတ်ဆိုးသားရဲအချို့ ရှိကြသည့်တိုင် သူ
တို့ပုံက လူသားများနှင့် မကွာလှဘဲ အချင်းချင်း သင့်မြတ်ကြဟန်လည်း ရှိ၏။
" ဒါ... "
လောထျန်း တခဏမျှ မှင်သက်သွားရတော့သည်။
အစောပိုင်းတွင် သူတွေ့ခဲ့သော ရှုရနတ်ဆိုးနိုင်ငံမှ နတ်ဆိုးအုပ်မှာ လူသားများအပေါ် တိရိစ္ဆာန်ထက်ပင် ပိုဆိုးစွာ ဆက်ဆံသည်ကို သူ မြင်ခဲ့ရသည် မဟုတ်ပါလား ။ ထိုနတ်ဆိုးအုပ်က လူသားများကို တွေ့သည်နှင့် သတ်ရန်သာ အတွေးထဲ ရှိခဲ့ကြပါ၏။
အခြား နတ်ဆိုးသူတော်စင်များမှာလည်း ထို့နည်းတူပါပင် ။
သို့သော်.. ယခု သူတို့ရောက်နေသည့် နေရာမှာကား..
" အောက်ဆင်းပြီး သွားကြည့်ရအောင် "
လောထျန်း ပြောလိုက်သည်။
လုံယီရွှယ်ကလည်း ခေါင်းညိတ်ပြီး လောထျန်းနှင့်
အတူ မြို့ထဲ ပျံသန်းသွား၏။
သူတို့ မြို့ထဲ ရောက်သည်နှင့် မြင်ကွင်းက ပိုရှင်းသွားပါသည်။
မြို့ထဲ လမ်းမများတွင် လူသားများနှင့် သားရဲတို့ အေးအေးလူလူပင် သွားလာလှုပ်ရှားနေကြပြီး ရောင်းကြဝယ်ကြဖြင့် စည်စည်ကားကား ရှိနေ၏။
သူတို့အားလုံးမှာ သင့်သင့်မြတ်မြတ် ရှိနေကြကာ ၎င်းက ဖြစ်ရိုးဖြစ်စဥ် တစ်ခုလိုပါပင် ။
ထိုစဥ်..
" ဧည့်သည်ကြီးတို့.. ဗုဒ္ဓအဆောင်လေး ယူသွားဦးမလားဗျ ။ ဒီ ဗုဒ္ဓအဆောင်ကို သခင်ကြီးကုချန်ကိုယ်တိုင် ကောင်းချီးပေးထားတာပါ ။ ဒါနဲ့ဆို မိစ္ဆာတွေကို နှင်ထုတ်ပြီး ကံကောင်းခြင်းတွေ ယူဆောင်လာပေးနိုင်တယ် ။ တကယ်ကောင်းတဲ့ ပစ္စည်းလေးဗျာ... သခင်ကြီးတို့ သဘောမကျဘူးလား "
သူတို့နောက်မှ အသံတစ်သံ ရုတ်တရက် ထွက်လာသည်။
လောထျန်း အသံလာရာဘက် လှည့်ကြည့်လိုက်ရာ ယုန်နားရွက်များနှင့် မိန်းမငယ်လေးတစ်ယောက်က ဗုဒ္ဓအဆောင်တစ်ခုကို ကိုင်ပြီး စိတ်လှုပ်ရှားစွာ ပြောနေသည်ကို မြင်လိုက်ရ၏။
" ဟင်.. "
လောထျန်း အံ့အားသင့်သွားရကာ မျက်မှောင်ကြုံ့၍ မေးလိုက်သည်။
" မင်းပြောတဲ့ သခင်ကြီးကုချန်ဆိုတာ နတ်ဆိုးသူတော်စင် ကုချန်ကို ပြောတာလား "
တဖက်မှ မိန်းမငယ်က မျက်မှောင်ကြုံ့ရင်း ပြန်မေးလာသည်။
" ဧည့်သည်ကြီးတို့က ဒီအနီးနားက မဟုတ်ဘူးထင်တယ်.. အဝေးကြီးက လာတဲ့သူတွေလား "
လောထျန်းနှင့် လုံယီရွှယ်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
မိန်းမငယ်က ချက်ချင်းရယ်မောပြီး ပြန်ပြော၏။
" ထင်တဲ့အတိုင်းပါပဲလား ။ ဒီမှာတော့ သူ့ကို နတ်ဆိုးသူတော်စင်လို့ မခေါ်ဘဲ သခင်ကြီး ကုချန်လို့ပဲ ခေါ်ကြတယ်ရှင့် ။ အဲ့လိုမခေါ်ရင် သခင်ကြီးက မကြိုက်ဘူး "
လောထျန်း ပိုပို၍ နားမလည်နိုင် ဖြစ်သွားရသည်။ သူ ရှင်းရှင်းလင်းလင်း သိသွားအောင် ဆက်မေးလိုက်ချင်သော်လည်း.. တဖက်လူကို အနှောင့်ယှက်ပေးရာ ကျသွားမလားဟု တွေးမိလိုက်၏။
သူ ခဏတာမျှ စဥ်းစားပြီးနောက်တွင်မူ .. စိတ်ဝိဥာဥ်အစွမ်းဖြင့် မိန်းမငယ်အား လွှမ်းခြုံကာ သူမ၏ မှတ်ဉာဏ်များကို ကြည့်လိုက်တော့သည်။
ဝီ...
လောထျန်း၏ အသိစိတ်ပင်လယ်ထဲ မှတ်ဉာဏ်များစွာပင် ရောက်လာ၏။
သူ တခဏလေးအတွင်း အချက်အလက် များစွာပင် သိလိုက်ရတော့သည်။
" ဟင်... သခင်ကြီးတို့နှစ်ယောက်.. ဒါလေး မဝယ်
တော့ဘူးလား "
ယုန်နားရွက်နှင့် မိန်းမငယ်မှာ ခဏတာမျှ အူကြောင်ကြောင်ပုံ ဖြစ်နေပြီးနောက်.. အသိစိတ် ပြန်ဝင်သွားဟန် တူပါ၏။
" တစ်ခု ယူမယ်ကွာ "
လောထျန်းက ပြောပြောဆိုဆိုပင် စိတ်စွမ်းအင်ကျောက်တုံးအချို့ ထုတ်၍ တဖက်လူဆီ ပစ်ပေးလိုက်သည်။
" အဲ့လောက်ကြီး ပေးစရာမလိုပါဘူး သခင်ကြီးရယ် "
မိန်းမငယ် အံ့အားသင့်သွားကာ လက်ကာပြပြီး မြန်မြန်ပြော၏။
သို့သော်.. သူမ ခေါင်းမော့ကြည့်လိုက်ချိန်တွင်ကား.. လောထျန်းက နေရာမှ ပျောက်ကွယ်သွားခဲ့လေပြီ ။
" ထူးဆန်းလိုက်တာ.. "
သူမ ဘေးဘီသို့ အံ့သြတကြီး လှည့်ကြည့်လိုက်ပြီးနောက်... စိတ်ထဲ အလေးနက် မထားလှပဲ လုပ်စရာ
ရှိသည်ကိုသာ ဆက်လုပ်နေလိုက်သည်။
သူမတို့ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာတွင် သူမထက် ပိုအစွမ်းထက်သူ များစွာရှိသည် မဟုတ်ပါလား..
လက်ရှိတွင် သူမ ပိုက်ဆံရထားပြီးဖြစ်ရာ တခြဘာမှ အရေးမကြီးတော့ပါချေ။
တဖက်ရှိ.... လမ်းထောင့်တစ်နေရာတွင်ကား..
လုံယီရွှယ်က နားမလည်နိုင် ဖြစ်နေဟန်ဖြင့် မေးလာသည်။
" ဘာတွေ ဖြစ်နေတာလဲ "
လောထျန်းက သူမကိုကြည့်ကာ ပြန်ဖြေ၏။
" ဒီ နတ်ဆိုးသူတော်စင်.. အဲ မဟုတ်သေးဘူး.. သခင်ကြီးကုချန်က ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာမှာ တော်တော်ထူးခြားတဲ့ သူတစ်ယောက်လို့ ပြောရမယ်ကွ "
" အဲ့ဒါ ဘယ်လို အဓိပ္ပါယ်လဲ "
လုံယီရွှယ် နားမလည်နိုင်သေးပါ ။
လောထျန်းက ဆက်ရှင်းပြရန် ပြင်လိုက်စဥ်မှာပင်..
ဝီ...
သူ့လက်ထဲရှိ ဗုဒ္ဓအဆောင်ဆီမှ အလင်းတန်းတစ်ခု ရုတ်တရက် ထွက်လာသည်။
ထို့နောက်..
ဗြိ..
သူတို့အနောက်ဘက်ရှိ လေထု ဟသွား၏။
ဝုန်း..
၎င်းကို မြင်သောအခါ လုံယီရွှယ် တစ်ယောက် ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး အရိပ်ကြီးရှစ်ခုကို ထုတ်လိုက်သည်။
ထို အရိပ်များ ပေါ်လာသည်နှင့် တစ်မြို့လုံး ဝရုန်းသုန်းကား ဖြစ်သွားပါ၏။
ထိုစဥ်မှာပင်.. ဟနေသော လေထုထဲမှ အလန့်တကြား အသံတစ်သံ ထွက်လာသည်။
" ဘာမှ မလုပ်ပါနဲ့ မိန်းကလေးရယ် ၊ ကျုပ်မှာ မကောင်းတဲ့ရည်ရွယ်ချက် မရှိပါဘူး ။ ဒီမြို့က မိန်းကလေးရဲ့ တိုက်ခိုက်မှုကို ခံနိုင်မှာ မဟုတ်ဘူးမို့ ကျေးဇူးပြုပြီး စိတ်လျှော့ပါ "
လောထျန်းကလည်း ၎င်းကိုကြားပြီး လုံယီရွှယ်အား လက်ပြ၍ ရပ်ရန် အချက်ပြလိုက်၏။
လုံယီရွှယ်မှာ ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ နောက်ဆုံး လောထျန်းစကားကို နားထောင်ကာ အရိပ်များအား ပြန်သိမ်းလိုက်သည်။
ဝီ..
ထိုစဥ်မှာပင် လေထု အက်ကြောင်းထဲမှ အသက်ကြီးကြီး ဘုန်းတော်ကြီးတစ်ယောက် တစ်လှမ်းချင်းလျှောက်၍ ထွက်လာ၏။
" ကျုပ်က အညတရဘုန်းကြီး ကုချန်ပါ ။ မိတ်ဆွေ
လေးတို့ နှစ်ယောက်ကို တွေ့ရတာဝမ်းသာပါတယ် "
ဘုန်းတော်ကြီးက ဦးညွှတ်အရိုအသေပေး၍ ဆိုသည်။
လုံယီရွှယ် အံ့အားသင့်သွားကာ ပြန်မေးလိုက်၏။
" ကုချန်.. ဟုတ်လား ၊ ဒါဆို ရှင်က ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာရဲ့ နောက်ဆုံးကျန်တဲ့ နတ်ဆိုးသူတော်စင် ပေါ့ ။ ရှင်က ကျွန်မတို့နှစ်ယောက်ကို တားဖို့ လာခဲ့တာလား ။ ဘယ်မှာ တိုက်ပွဲစချင်လဲသာ ပြောလိုက် "