ကုချန်ကျောင်းတော်အောက်မှ အချုပ်အနှောင်
Vol. 46 Ch. 637
" မဟုတ်ပါဘူး မိန်းကလေးရယ် ၊ အထင်လွဲနေပါပြီ ။ ကျုပ်က မင်းတို့ကိုတားဖို့ လာခဲ့တာ မဟုတ်ပါဘူး "
သခင်ကြီးကုချန်က လုံယီရွှယ်တစ်ယောက် ဒေါသထွက်သွားမည်ကို စိုးရိမ်ဟန်ဖြင့် ကမန်းကတမ်း လက်ကာပြ၍ ပြန်ပြောသည်။
သူ့မျက်လုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်အချို့ ရှိနေ၏။
မကြောက်၍လည်း မရပါချေ... လုံယီရွှယ်နောက်ရှိ အရိပ်ကြီးရှစ်ခုထဲမှ အရိပ်တစ်ခုချင်းစီတွင် သူနှင့် ယှဥ်နိုင်သည့်အစွမ်းများ ရှိနေကြသည် မဟုတ်ပါလား ။
သို့ဖြစ်ရာ.. တိုက်ပွဲသာ ဖြစ်သွားခဲ့လျှင် .. သူသာ ရှုံးနိမ့်ပြီး ကိုးခုမြောက် အရိပ်ကြီး ဖြစ်သွားရပေလိမ့်မည်။
ထို့ထက် ပိုဆိုးသည်မှာ.. သူမဘေးမှ လောထျန်းပင်..
" အင်.. ဒါဆို ဘာလုပ်ချင်လို့လဲ "
လုံယီရွှယ်က သူ့စကားကြောင့် အံ့သြသွားဟန်ဖြင့် ပြန်မေးလာ၏။
သခင်ကြီးကုချန်က ဦးညွှတ်၍ ပြန်ပြောလိုက်သည်။
" ကျုပ်က.. မိတ်ဆွေလေးတို့နှစ်ယောက်ကို ကျုပ်ရဲ့ ကျောင်းတော်မှာ ခဏတည်းခိုကြဖို့ ဖိတ်ချင်လို့ပါ "
ကြားလိုက်ရသည့်စကားကြောင့် လုံယီရွှယ် လောထျန်းဘက် လှည့်ကြည့်လိုက်သည်။
လောထျန်းက ခေါင်းအသာညိတ်ပြီး ပြော၏။
" ဒါဆို လမ်းပြဗျာ "
သခင်ကြီးကုချန်မှာ ထိုစဥ်မှ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းရှည်ကြီး ချလိုက်သည်။
" ကျေးဇူးပြုပြီး ကျုပ်နောက်က လိုက်ခဲ့ပါ မိတ်ဆွေလေးတို့ "
ဤသို့ဖြင့် မကြာခင်မှာပင်.. သူတို့သုံးယောက်သား ဟင်းလင်းပြင်လမ်းကြောင်းကို ဖြတ်၍ သခင်ကြီးကုချန်၏ ကုချန်ကျောင်းတော်သို့ ရောက်လာကြသည်။
ကုချန်ကျောင်းတော်မှာ မကျယ်လှဘဲ အရှေ့အနောက် အားလုံးပေါင်းမှ ခြံဝင်းသုံးခုစာမျှသာ ရှိပါသည်။
ကျောင်းတော်ထဲတွင်လည်း တစ်ဦးတစ်ယောက်မှ ရှိဟန်မတူပါချေ။
ထို့ကြောင့် လုံယီရွှယ် အနည်းငယ် အံ့အားသင့်သွားရသည်။
တဖက်လူမှာ နတ်ဆိုးသူတစ်တော်စင်တစ်ယောက် ဖြစ်ပါ၏။
သူမ ရှေ့ပိုင်းတွင် တွေ့ခဲ့သည့် နတ်ဆိုးသူတော်စင်များမှာကား နောက်လိုက်အပေါင်းအပါ သောင်းချီ၍ ရှိနေသလောက်..
ယခု သခင်ကြီးကုချန်ဘေးတွင် အဘယ့်ကြောင့် မည်သူမှ ရှိမနေရပါသနည်း ။
" ဘုန်းကြီး ၊ ရှင်က ကျွန်မတို့ကို ဒီခေါ်လာပြီး ဘာလုပ်ချင်လို့လဲ ။ ပြီးတော့ ရှင့်ရဲ့ ကျောင်းတော်ကရော ဘာဖြစ်နေတာလဲ "
လုံယီရွှယ် လေသံမာမာဖြင့် မေးလိုက်သည်။
သခင်ကြီး ကုချန်မှာ သူမကို ကြောက်ဟန်ရှိကာ အောင့်သက်သက်အပြုံးဖြင့် ပြန်ဖြေရှာသည်။
" စိတ်မပူပါနဲ့ မိန်းကလေးရယ် ၊ ကျုပ်မှာ ဘယ်လိုအကြံဆိုးမှ မရှိဘူးဆိုတာ ယုံပါ ။ ကျုပ် မိန်းကလေးတို့နှစ်ယောက်ကို ဒီခေါ်လာရတဲ့ အကြောင်းကလဲ တခြားသူတွေအတွက် အနှောင့်ယှက်ဖြစ်သွားမှာ စိုးလို့ပါ "
လုံယီရွှယ် မျက်မှောင်ကြုံ့သွား၏။
" တခြားသူတွေ.. ရှင်က မြို့ထဲက သူတွေကို ပြောနေတာလား ။ ရှင်တို့ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာက လူသားတွေကို အစားအသောက်လို သဘောထားကြတာ မဟုတ်ဘူးလား ။ အခု ဘာလို့ လူတွေကို ကြောက်နေရတာလဲ "
သူမ၏ စကားကြောင့် သခင်ကြီးကုချန် ခဏတာမျှ တိတ်သွားသည်။
အချိန်အတန်ကြာသွားမှ သူ သက်ပြင်းချ၍ ဆို၏။
" မိန်းကလေးပြောတာ မမှားပါဘူး ။ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာက တကယ်လဲ လူသားတွေအများကြီးကို သတ်ခဲ့ပါတယ် ။ ဒါပေမယ့် ကျုပ်က အရင်တည်းက အဲ့လိုမလုပ်သင့်ဘူးဆိုတာကို ယုံထားတဲ့သူဗျ ။ ဒါ့ကြောင့်မို့လဲ အဲ့ဒါကြီးကို ပြောင်းလဲပစ်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေတာ "
" ပြောင်းလဲပစ်မယ်.. ဟုတ်လား "
လုံယီရွှယ်က သူ့အား သံသယမကင်းသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
သခင်ကြီးကုချန် စကားဆက်၏။
" ဟုတ်တယ်ဗျ ၊ မိန်းကလေးတို့လဲ မြင်ခဲ့ကြမယ် ထင်ပါတယ် ။ ကျုပ်ရဲ့ ပိုင်နက်ထဲမှာတော့ လူသားတွေရော နတ်ဆိုးမျိုးနွယ်ရော အားလုံး အေးအေးချမ်းချမ်းနဲ့ အတူယှဥ်တွဲနေလို့ရတယ် ။ ဘယ်မျိုးနွယ်စုကမှ အသတ်မခံကြရဘူး "
လုံယီရွှယ် ပြန်စဥ်းစားကြည့်လိုက်ရာ အမှန်တကယ်လည်း တောင်ခြေမှ မြို့ထဲတွင် သူပြောသလို ဖြစ်နေသည်ကို သတိရလိုက်သည်။
သူမ တအံ့တသြ ထပ်မေးလိုက်၏။
" ရှင်က သူတို့ကို ကာကွယ်ပေးနေတာလား "
သခင်ကြီးကုချန် ခေါင်းညိတ်ပြသည်။
" ဒါပေမယ့်.. ဘာဖြစ်လို့လဲ.. "
လုံယီရွှယ် ပိုပို၍ နားမလည်နိုင် ဖြစ်သွားတော့၏။
တဖက်လူမှာ နတ်ဆိုးသူတော်စင် တစ်ယောက်ဖြစ်ပြီး..
သူ့အထက်တွင် နတ်ဆိုးနတ်ဘုရားကြီး တစ်ယောက်သာ ရှိကာ.. သူ့လက်အောက်တွင် နတ်ဆိုးပေါင်း မရေမတွက်နိုင်အောင် ရှိပါသည်။
ထိုသို့သော လူတစ်ယောက်က အဘယ့်ကြောင့် ထိုလုပ်ရပ်မျိုး လုပ်နေပါသနည်း ။
သခင်ကြီးကုချန်က အပြုံးဖြင့် ပြန်ဖြေသည်။
" အကြောင်းရင်းကတော့ နှစ်ချက်ရှိတယ်ဗျ ။ ပထမတစ်ခုကတော့ ကျုပ်ငယ်ငယ်က ရန်သူတွေရဲ့ လက်ချက်နဲ့ သေမလို ဖြစ်ခဲ့ရတယ် ။ အဲ့ချိန်မှာ ကျုပ်အသက်ကို ကယ်ခဲ့တာက လူသားမျိုးနွယ်က လူတွေပဲ "
လုံယီရွှယ် ခေါင်းညိတ်လိုက်၏။
" ဒါဆို.. အဲ့အတွက် ကျေးဇူးပြန်ဆပ်တဲ့ သဘောပေါ့ "
သခင်ကြီးကုချန် ပြန်ပြောသည်။
" အမှန်ပါပဲဗျာ "
" ဒုတိယအကြောင်းရင်း ကရော.. "
လုံယီရွှယ် ဆက်မေးလိုက်သည်။
" ဒုတိယတစ်ချက်ကတော့.. မိန်းကလေး မြင်တဲ့အတိုင်း ကျုပ်က သက်ရှိတွေအားလုံးကို တန်းတူညီမျှ သဘောထားတဲ့ ဗုဒ္ဓဘာသာဝင်အဖြစ် ပြောင်းထားလို့ပဲ ။ တကယ်ဆို လူသားတွေနဲ့ နတ်ဆိုးမျိုးနွယ်ကြားမှာ ဘယ်လို ခွဲခြားမှုမျိုးမှ မရှိသင့်ဘူး.. အဲ့
အတွက်နဲ့ အချင်းချင်းသတ်ကြတာက ပိုတောင် မဖြစ်သင့်ဘူးလေ ။ ကျုပ်က လုံလောက်တဲ့အစွမ်း မရှိတဲ့အတွက် ကမ္ဘာတစ်ခုလုံးကိုတော့ မပြောင်းလဲနိုင်ပေမယ့်.. ကျုပ်ရဲ့ ပိုင်နက်ထဲက လူသားမျိုးနွယ်စုကိုတော့ ကာကွယ်ပေးနိုင်တယ်လေ "
" အဲ.. ကျုပ်ပိုင်နက်အပြင်ဘက်က လူသားမျိုးနွယ်တွေကို မကာကွယ်ပေးနိုင်သေးတာတော့ စိတ်မကောင်းစရာပေါ့ဗျာ ။ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာ အပြင်ဘက်က ဆိုရင်တော့ ပိုဆိုးတာပေါ့.... "
ဘေးတွင် ရပ်နေသော လောထျန်းတစ်ယောက် ခေါင်းအသာညိတ်လိုက်သည်။
ထိုအကြောင်းရာများမှာ သူ အစောက စိတ်ဝိဥာဥ်အစွမ်းဖြင့် ရှာတွေ့ထားခဲ့သည့် မှတ်ဉာဏ်များနှင့် အတူတူပါပင် ။
" သခင်ကြီးက အများအတွက် စဥ်းစားပေးတတ်တာပဲ "
သူ ပြောလိုက်၏။
ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာတွင် ထိုသို့သော လူတစ်ယောက်နှင့် တွေ့ရန်မှာ အမှန်တကယ် မလွယ်လှပါချေ ။
ထို့ကြောင့်လည်း သူ အစောတည်းက ကြမ်းကြမ်းတမ်းတမ်း မပြုမူခဲ့ခြင်းဖြစ်သည်။
သို့သော် ဘေးမှ လုံယီရွှယ်ကမူ ထိုစကားကိုကြားပြီး စိတ်ပျက်သွားဟန် တူပါ၏။
" ဒါဆို.. ရှင်က ကောင်းတဲ့ နတ်ဆိုးပေါ့ ။ တနည်းပြောရရင်.. ရှင့်ရဲ့ အတွင်းအမြုတေကို ယူလို့မရတော့ဘူး ဆိုတဲ့သဘောပဲ "
ထိုသို့ ပြောနေစဥ်တွင်လည်း သူမ၏ မျက်လုံးအကြည့်က သခင်ကြီးကုချန်ဆီတွင်သာ ရှိနေသည်။
သခင်ကြီးကုချန်မှာ သူမ အကြည့်ကြောင့် အနည်းငယ်ပင် ကျောချမ်းသွား၏။
ထို့နောက် သူ ချောင်းဟန့်၍ လောထျန်းကို လှည့်ကြည့်ကာ စကလမ်းကြောင်း ပြောင်းလိုက်သည်။
" ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ဝိဥာဥ်ကိုးသွယ်နတ်ဆိုး
ကမ္ဘာက လုပ်ခဲ့တဲ့ လုပ်ရပ်တွေအားလုံးကို ကျုပ် တွေ့ခဲ့ပါတယ် သခင်လေး ။ ဒါ့ကြောင့်မို့လဲ နတ်ဆိုးနတ်ဘုရားကြီးအဖွဲ့က ခုလို ကံတရားမျိုးနဲ့ ကြုံရတာလို့ သဘောထားပါတယ် ။ ဒါပေမယ့် ကျုပ်တို့ကမ္ဘာမှာ အပြစ်ကင်းတဲ့ နတ်ဆိုးတွေလဲ အများကြီး ရှိသေးတယ်ဗျ ။ ဒါ့ကြောင့်မို့... ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာ တစ်ခုလုံးကို မဖျက်ဆီးဖို့အတွက် ကျုပ် သခင်လေးဆီ တောင်းဆိုချင်တာပါ "
သူ ထိုသို့ပြောကာ လောထျန်းအား မျှော်လင့်တကြီး ကြည့်လိုက်သည်။
လောထျန်းမှာလည်း သူ့စကားကြောင့် ခဏတာမျှ တိတ်သွား၏။
သူ တိတ်နေစဥ်တွင် သခင်ကြီးကုချန်မှာကား နှလုံးပင် ပေါက်ထွက်တော့မယောင်..
ကံကောင်းစွာပင်.. ခဏအကြာ၌ လောထျန်းက ခေါင်းညိတ်၍ ဆိုသည်။
" ကောင်းပါပြီ ။ ကျုပ် မဖျက်ဆီးဘူးလို့ ကတိပေးပါတယ် ။ ဒါပေမယ့်.. သခင်ကြီးဘက်ကလဲ ကျုပ်
တောင်းဆိုတာ တစ်ခုကိုတော့ လုပ်ပေးရမယ် "
" ကျေးဇူးပြုပြီး ပြောပါ သခင်လေး "
သခင်ကြီးကုချန် ပြန်ပြော၏။
" ကျုပ်... အနာဂါတ်မှာ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာ တစ်ခုလုံးကို သခင်ကြီးရဲ့ ပိုင်နက်လိုပဲ ဖြစ်စေချင်တယ်။ အားလုံး တမိုးအောက်တည်းမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူနေပြီးတော့.. လူသားမျိုးနွယ်ကို သတ်တာတွေလဲ မမြင်ချင်ဘူး "
လောထျန်း ပြောလိုက်သည်။
သခင်ကြီးကုချန်က ချက်ချင်း တုန့်ပြန်၏။
" အဲ့ဒါကို စိတ်မပူပါနဲ့ သခင်လေး ။ နတ်ဆိုးနတ်ဘုရားကြီးသာ မရှိတော့ရင် ကျုပ် အဲ့လိုဖြစ်အောင် သေချာပေါက် လုပ်နိုင်ပါတယ် "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီဗျာ ၊ ဒါဆို ကျုပ် နတ်ဆိုးနတ်ဘုရားကြီးကို အခုပဲ သွားသတ်လိုက်တော့မယ် "
သူ ပြောပြီးသည်နှင့် ထရပ်၍ ထွက်သွားရန် ပြင်လိုက်သည်။
သို့သော် ထိုစဥ်တွင် သခင်ကြီးကုချန်က ရုတ်တရက် ပြောလာ၏။
" ခဏနေပါဦး သခင်လေးရယ် "
" ဘာဖြစ်လို့လဲ "
လောထျန်း မေးလိုက်သည်။
သခင်ကြီးကုချန်က စိုးရိမ်သည့် မျက်နှာထားဖြင့် ပြော၏။
" ကျုပ်.. သခင်လေးကို အကူညီတောင်းချင်တာလေး တစ်ခု ရှိသေးလို့ပါ... "
" ဘာကိစ္စလဲ "
လောထျန်း ထပ်မေးလိုက်သည်။
သခင်ကြီးကုချန်က သက်ပြင်းချ၍ ဆို၏။
" အခု ကျုပ်တို့ ကုချန်ကျောင်းတော်ရဲ့ အောက်မှာ ဆိုးယုတ်တဲ့ ပစ္စည်းတစ်ခု ရှိနေပါတယ် ။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာတော့ နတ်ဆိုးနတ်ဘုရားကြီးနဲ့ ကျုပ်တို့ နတ်ဆိုးသူတော်စင် ကိုးယောက်ပေါင်းပြီး အဲ့ဟာကို ယာယီ ချုပ်နှောင်ထားနိုင်ခဲ့တယ်ဗျ "
" ဒါပေမယ့်.. ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ အချုပ်အနှောင်က သိသိသာသာကြီးကို ပြေလျော့လာပြီးတော့.. အချိန်မရွေး ပြတ်ထွက်တော့မလို ဖြစ်လာတယ်ဗျ ။ အဲ့အချုပ်အနှောင်သာ ပြိုကွဲသွားရင် အသက်တွေ မရေမတွက်နိုင်အောင် ဆံုးရှုံးရပါလိမ့်မယ် ။ ဒါ့ကြောင့်မို့.. သခင်လေးအနေနဲ့ အဲ့အန္တရာယ်ကို ဖြေရှင်းပေးနိုင်မလားလို့ ကျုပ် မျှော်လင့်မိတာပါ ။ တကယ်လို့သာ လုပ်နိုင်တယ်ဆိုရင်.. သခင်လေးရဲ့ ကုသိုလ်ကောင်းမှုတွေက တိုင်းတာလို့မရလောက်အောင်ကို များသွားမှာပါ "
လောထျန်း ခေါင်းအသာညိတ်လိုက်သည်။
" ကောင်းပါပြီ "
သခင်ကြီးကုချန်မှာ စစချင်းတွင် လောထျန်းအား စကားအနည်းငယ် ထပ်ပြောပြီး နားချရန် စီစဥ်ထားသော်လည်း..
မျှော်လင့်မထားစွာပင် လောထျန်းက လွယ်လင့်တကူ သဘောတူလာသဖြင့် တခဏမျှ အံ့သြမှင်သက်သွားရသည်။
သို့သော် တခဏအကြာမှာပင် သူ အသိပြန်ဝင်လာကာ လောထျန်းအား ဦးညွှတ်၍ ဆိုလိုက်၏။
" ကျေးဇူးပြုပြီး ကျုပ်နဲ့လိုက်ခဲ့ပါ သခင်လေး "
ထို့နောက်တွင် သူ လောထျန်းတို့နှစ်ယောက်အား ဦးဆောင်၍ လျှို့ဝှက်လမ်းရှည်ကြီးမှတဆင့် ထျန်းယွမ်ကျောင်းတော် အောက်ဘက်ရှိ ပိတ်လှောင်ထားသော နေရာတစ်ခုဆီ ခေါ်သွားလိုက်သည်။
ဝီ...
ထိုနေရာသို့ ရောက်သည်နှင့် နတ်ဆိုးအရောင်အဝါတစ်ခု သူ့ထံ တိုးဝင်လာသည်ကို လောထျန်း အာရုံခံမိလိုက်၏။
သူ မျက်မှောင်ကြုံ့သွားသည်။
" ဟင်... "
ထိုစဥ် လောထျန်းနောက်မှ လုံယီရွှယ်ကလည်း စိတ်မသက်မသာ ဖြစ်သွားဟန်တူသည်။
" မင်း ဘာဖြစ်လို့လဲ "
လောထျန်းကလည်း ၎င်းကို သတိထားမိသွားကာ သူမဘက် ချက်ချင်းလှည့်ကြည့်၍ မေးလိုက်၏။
လုံယီရွှယ်က လက်ပိုက်ရင်း ပြန်ပြောသည်။
" ဘာလို့မှန်းတော့ မရှင်းပြတတ်ဘူး.. ။ ဒီမှာ ချုပ်နှောင်ထားတဲ့ဟာက ကျွန်မကို မသက်မသာ ခံစားရအောင် လုပ်နေသလိုပဲ "
သူမကို မသက်မသာ ခံစားရစေသည်တဲ့လား..
လောထျန်း အနည်းငယ် ခေါင်းရှုပ်သွားသည်။
သို့သော်.. ထိုစဥ်မှာပင်..
"အိုဟို…. ဒါ... ကောင်းကင်ဘုံနဂါး အရောင်အဝါလား.. "
နားဝင်မချိုသော အက်ကွဲကွဲ အသံတစ်သံ ရုတ်တရက် ထွက်လာ၏။