← Chapters

နတ်ဆိုးအသွင်ပြောင်းကိုးသွယ် တံခါးပေါက်

Vol. 46 Ch. 641

နတ်ဆိုးအသွင်ပြောင်းကိုးသွယ် တံခါးပေါက်

Vol. 46 Ch. 641

" အဲ့လိုကိုး... "

သခင်ကြီးကုချန် ခေါင်းညိတ်လိုက်သည်။

ထိုစဥ် လောထျန်းက ရုတ်တရက် မေး၏။

" ဒါနဲ့... သခင်ကြီးတို့ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာရဲ့ တာအိုကမ္ဘာသစ်သီးက ဘာလဲဗျ ။ ဘယ်လို အသုံးဝင်တာလဲ "

သခင်ကြီးကုချန် ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ပြန်ဖြေလိုက်သည်။

" အသွင်ပြောင်းကိုးသွယ် နတ်ဆိုးဆေးရည်က နတ်ဆိုးမျိုးနွယ်ရဲ့ သွေးအစွမ်းကို တိုးစေနိုင်တယ် သခင်လေးရဲ့ "

" နတ်ဆိုးမျိုးနွယ်ရဲ့ သွေးအစွမ်းကို တိုးစေနိုင်တယ်.. ဟုတ်လား "

လောထျန်း အနည်းငယ် နားမလည်နိုင်ဖြစ်သွားဟန် တူသည်။

သခင်ကြီးကုချန်က ဆက်ရှင်းပြ၏။

" နတ်ဆိုးမျိုးနွယ်စုကို သူတို့ရဲ့ မတူညီတဲ့သွေးအစွမ်းကို အခြေခံပြီးတော့ .. နတ်ဆိုးသားရဲ ၊ နတ်ဘုရားအဆင့်နီးပါးသားရဲ ၊ နတ်ဘုရားသားရဲ နဲ့ ထိပ်တန်းအဆင့် နတ်ဘုရားသားရဲ ဆိုပြီး အမျိုးအစားတွေ ခွဲထားတယ်ဗျ ။ သွေးအစွမ်း ပိုကောင်းလေလေ ၊ ပါရမီနဲ့ အစွမ်းကလဲ ပိုကောင်းလေပေါ့ဗျာ "

" ပုံမှန်ဆိုရင်တော့.. သွေးအစွမ်းကိစ္စကို ကောင်းကင်ဘုံကပဲ အဆုံးဖြတ်ပေးတာ ။ အဲ့နတ်ဆိုးရဲ့ ကျင့်ကြံခြင်းက လုံးဝအမြင့်ကြီးထိ ရောက်သွားရင်တောင် သွေးအစွမ်းကိုတော့ မပြောင်းလဲပစ်နိုင်ဘူး "

" ဒါပေမယ့်.. ကျုပ်တို့ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာရဲ့ အသွင်ပြောင်းကိုးသွယ် နတ်ဆိုးဆေးရည်က နတ်ဆိုးသားရဲတွေရဲ့ သွေးအစွမ်းကို အဆင့်မြင့်ပေးနိုင်တယ် ။ သာမာန် နတ်ဆိုးသားရဲတစ်ကောင်က အဲ့ဆေးရည်လေး တစ်စက်ကို သောက်လိုက်ရင်တောင် နတ်ဘုရားအဆင့်နီးပါးသားရဲ ဖြစ်သွားနိုင်တယ်ဗျ "

" နတ်ဘုရားအဆင့်နီးပါး သားရဲတွေကျတော့ နတ်ဘုရားသားရဲအဖြစ် အဆင့်တက်ချင်ရင် အနည်းဆုံး ဆေးရည်သုံးစက်လောက် သောက်ရတယ် ။ ထိပ်တန်းအဆင့် နတ်ဘုရားသားရဲ ဖြစ်ချင်ရင်တော့ ဆယ်စက်လောက် လိုတယ်ဗျ "

ထိုစဥ် သခင်ကြီးကုချန်က တွန့်ဆုတ်နေဟန်ဖြင့် ပြောလက်စကို ခဏရပ်လိုက်ပြီး .. တခဏကြာမှ ဆက်ပြော၏။

" ကျုပ်တို့ရဲ့ ကမ္ဘာသခင်ကြီးဖြစ်တဲ့ နတ်ဆိုးနတ်ဘုရားကြီးကတောင် အရင်တုန်းက သာမာန် နတ်ဆိုးသားရဲတစ်ကောင်ပဲ ။ သူ ငယ်တုန်းအချိန်မှာ ကံကောင်းခြင်းတစ်ခုနဲ့ ကြုံပြီး အသွင်ပြောင်းကိုးသွယ် နတ်ဆိုးဆေးရည်ကို သောက်နိုင်ခဲ့လို့သာ နတ်ဘုရားအဆင့်နီးပါး သားရဲတစ်ကောင် ဖြစ်သွားခဲ့တာ "

" အဲ့နောက်ပိုင်း ခရီးတွေ ထွက်တဲ့အချိန်မှာလဲ သူ နတ်ဆိုးဆေးရည်တွေကို ဆက်တိုက်ရခဲ့သေးတယ်ဗျ ။ အဲ့လိုနဲ့ ထိပ်တန်းအဆင့် နတ်ဘုရားသားရဲအဖြစ် အဆင့်တက်သွားခဲ့ပြီးတော့ .. နောက်ဆုံး ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာကို အုပ်စိုးနိုင်ခဲ့တာပဲ "

" ပြီးတော့.. သူ နတ်ဆိုးနတ်ဘုရားကြီး ဖြစ်လာတဲ့နောက်ပိုင်းမှာလဲ အသွင်ပြောင်းကိုးသွယ် နတ်ဆိုးဆေးရည်တွေ အများကြီးကို ထပ်သောက်ခဲ့သေးတယ် ။ ကျုပ် ထင်တာတော့.. ပြီးခဲ့တဲ့ နှစ်တစ်သိန်းအတွင်းမှာ ... အနည်းဆုံး နတ်ဆိုးဆေးရည် အစက် သုံးဆယ်လောက်ကို သူ သန့်စင်ပြီးသွားပြီ ။ အဲ့တော့ ခုလောက်ဆို သူ့ရဲ့သွေးအစွမ်းက ပိုမြင့်တဲ့အဆင့်တောင် ရောက်နေနိုင်တယ် "

စကားဆုံးအောင် နားထောင်ပြီးနောက် လောထျန်း ခေါင်းအသာညိတ်လိုက်သည်။

တဖက်လူ ပြောသည့်အတိုင်း ဆိုပါက ထိုအသွင်ပြောင်းကိုးသွယ် နတ်ဆိုးဆေးရည်မှာ ကောင်းကင်ဘုံနဂါးသွေးနှင့် အကျိုးဆက် ဆင်တူပါသည်။

တနည်းဆိုရသော် .. ကောင်းကင်ဘုံနဂါးသွေးထက်ပင် ပိုအကျိုးရှိသည်ဟု ဆိုနိုင်ပါ၏။

ကောင်းကင်ဘုံနဂါးသွေးမှာ သာမာန် သားရဲများ

အတွက် သန့်စင်ရန် အလွန်ခက်သလို တိုးတက်မှုအတိုင်းအတာလည်း အကန့်အသတ် ရှိသည်မဟုတ်ပါလား ။

သို့သော်... အသွင်ပြောင်းကိုးသွယ် နတ်ဆိုးဆေးရည်မှာမူ မည်သို့သော ကန့်သတ်ချက်မျိုးမှ ရှိဟန်မတူပါချေ။

၎င်းက အမှန်တကယ် ထိပ်တန်းရတနာတစ်ပါးပင်..

" အဲ့ဆေးရည်ကို ရှာရမယ် "

လောထျန်း စိတ်ထဲမှ ဆုံးဖြတ်ချက် ချလိုက်သည်။

သို့သော် .. ထိုစဥ်တွင်

ဝီ...

တွန့်လိမ်နေသော နဂါးနှိမ်နင်းစင်မြင့်ပေါ်၌ အစွမ်းထက် ထွင်းစာအများအပြား ရုတ်ချည်း ပေါ်လာ၏။

" ဟင်.. ဒါက... "

လောထျန်း ၎င်းကိုကြည့်ရင်း တစ်ခုခုပြောရန် ပြင်လိုက်သည်။

သို့သော် သူ မပြောရသေးခင်မှာပင် တဖက်မှ လုံယီရွှယ် တုန်သွားပြီး ရှေ့သို့ လျှောက်သွား၏။

" နဂါး... နဂါးထွင်းစာလား.. "

သူမ ရေရွတ်လိုက်သည်။

" ဘယ်လို.. မင်း အဲ့ဒါကို သိတာလား "

လောထျန်း တအံ့တသြ မေးလိုက်၏။

လုံယီရွှယ်က ခေါင်းညိတ်ပြသည်။

" ကျွန်မရဲ့ အမွေအနှစ် မှတ်ဉာဏ်တွေထဲမှာ အဲ့ဒီထွင်းစာတွေကို အဓိပ္ပါယ် ဖော်နိုင်တဲ့နည်း ရှိနေတယ် ။ ဒီထွင်းစာတွေက တော်တော်လေး ရှေးကျပြီးတော့ နဂါးမျိုးနွယ်ရဲ့ အမွေအနှစ်နဲ့လဲ ပတ်သက်နေတယ် "

ထို့နောက် သူမ လောထျန်းဘက် လှည့်ကြည့်ကာ ဆက်ပြော၏။

" လောထျန်း ၊ ကျွန်မ ဒီမှာခဏနေပြီး အဲ့ထွင်းစာတွေကို မှတ်ချင်တယ် "

လောထျန်း ခဏတာမျှ စဥ်းစားပြီးမှ ပြန်ပြောလိုက်သည်။

" ကောင်းပြီလေ ၊ ဒါဆိုရင် .. မင်းဒီမှာ ခဏနေခဲ့ဦး ။ ငါက နတ်ဆိုးနတ်ဘုရားကြီးကို သွားရှင်းလိုက်မယ် ။ ကိစ္စတွေပြီးသွားရင် မင်းဆီ ပြန်လာခဲ့မယ် "

လုံယီရွှယ်မှာ နဂါးမျိုးဆက်သစ်တစ်ယောက် ဖြစ်ရာ..

သူမအနေဖြင့် နဂါးမျိုးနွယ်ကို ပြန်အသက်သွင်းချင်ပါက နဂါးမျိုးနွယ်၏ အမွေအနှစ်အကြောင်းကို လေ့လာရန် လိုအပ်ပေသည်။

" ကျေးဇူးတင်ပါတယ် "

လုံယီရွှယ် ပြောပြီးသည်နှင့် ထွင်းစာများအား ချက်ချင်း လေ့လာလိုက်တော့သည်။

ထိုစဥ်တွင် လောထျန်းက သခင်ကြီးကုချန်ဘက် လှည့်ကာ ပြောလိုက်၏။

" သခင်ကြီး ၊ ဒီမှာ နတ်ဆိုးနတ်ဘုရားကြီးဆီ တန်းပြီးရောက်နိုင်မယ့် တည်နေရာရွှေ့ပြောင်းခြင်း အစီအမံမျိုး ရှိလား "

သခင်ကြီးကုချန်မှာလည်း လောထျန်းအား ငြင်းဆန်နိုင်သူ မဟုတ်သည့်အလျောက် ချက်ချင်း ခေါင်းညိတ်ပြသည်။

" ရှိတာပေါ့ဗျာ ၊ ကျေးဇူးပြုပြီး ကျုပ်နဲ့လိုက်ခဲ့ပါ သခင်လေး "

ဤသို့ဖြင့် မကြာမီမှာပင် သူနှင့်လောထျန်းတို့ နှစ်ယောက် ကုချန်ကျောင်းတော်၏ တည်နေရာရွှေ့ပြောင်းခြင်း အစီအမံရှေ့သို့ ရောက်သွားကြသည်။

" တည်နေရာရွှေ့ပြောင်း အစီအမံရဲ့ တဖက်မှာ နတ်ဆိုးနတ်ဘုရားကြီး နေတဲ့နေရာပါ သခင်လေး "

သခင်ကြီးကုချန် ပြော၏။

လောထျန်း ခေါင်းညိတ်လိုက်ပြီး စကားဆက်ပြောရန် တွန့်ဆုတ်နေပုံရသည့် သခင်ကြီးကုချန်ကို ကြည့်ကာ မေးလိုက်သည်။

" တခြား ဘာပြောချင်တာ ရှိသေးလဲဗျ "

သူ့စကားကို ကြားသောအခါ သခင်ကြီးကုချန်၏

မျက်နှာထား ကြိမ်ဖန်များစွာ ပြောင်းသွားပြီးမှ.. နောက်ဆုံး ပြောလာ၏။

" သခင်လေး နတ်ဆိုးနတ်ဘုရားကြီးကို သတ်ပြီးသွားရင် ကျုပ်တို့ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာ တစ်ခုလုံးကို မဖျက်ဆီးဖို့ပဲ ကျုပ် မျှော်လင့်တာပါဗျာ "

လောထျန်း ပြခဲ့သည့် အစွမ်းမှာ ကြောက်စရာကောင်းလွန်းလှပေရာ..

အကယ်၍သာ လောထျန်းက ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာအား ဖျက်ဆီးလိုလျှင် မည်သူမှ တားနိုင်မည်မဟုတ်ကြောင်း သူ သိပါသည်။

သို့သော်.. လောထျန်းက ခေါင်းညိတ်ကာ ပြန်ပြော၏။

" သခင်ကြီးတို့ဘက်က ကိုယ့်ကိုကိုယ် သေကြောင်းကြံတဲ့ အပြုအမူမျိုး မလုပ်လာမချင်း ကျုပ်ဘက်က ဖျက်ဆီးမှာ မဟုတ်ပါဘူး "

ထို့နောက် သူ တည်နေရာရွှေ့ပြောင်း အစီအမံထဲ ခြေလှမ်းလိုက်တော့သည်။

" ကိုယ့်ကိုကိုယ် သေကြောင်းကြံတဲ့ အပြုအမူမျိုး.... "

သခင်ကြီးကုချန်မှာ ခဏတာမျှ မှင်သက်နေပြီးမှ... အောင့်သက်သက် ပြုံးလိုက်သည်။

အခြားတဖက်တွင် ..

ဝီ....

လေထု အနည်းငယ် မငြိမ်မသက် ဖြစ်သွားပြီးနောက်..

လောထျန်း နေရာသစ်တစ်ခုသို့ ရောက်သွားသည်။

" ဒါ... "

သူ ဘေးဘီသို့ တစ်ချက်လှည့်ကြည့်လိုက်ရာ.. ရှေးဟောင်းကျောက်တုံးတံခါးကြီး တစ်ခုရှေ့ ရောက်နေသည်ကို မြင်လိုက်ရသည်။

ထို ကျောက်တံခါးကြီးပေါ်တွင် မရေမတွက်နိုင်သော ထွင်းစာများ ပြည့်နေပါ၏။

" နတ်ဆိုးနတ်ဘုရားကြီး က တံခါးရဲ့ တဖက်မှာ ဖြစ်မယ် "

လောထျန်း တွေးလိုက်သည်။

ထိုစဥ်မှာပင်...

" တားမြစ်နယ်မြေထဲကို ကျော်ရဲတာ ဘယ်ကောင်လဲကွ "

စူးရှရှ အော်သံတစ်သံ ထွက်လာ၏။

ထို့နောက်တွင် များစွာသော အစွမ်းထက် အရောင်အဝါများ လောထျန်းနောက်၌ ပေါ်လာကြသည်။

လောထျန်း ခေါင်းလှည့်ကြည့်လိုက်ပြီးနောက် အနည်းငယ် အံ့အားသင့်သွားရ၏။

" နတ်ဆိုးဘုရင် ရှစ်ယောက်ပါလား.. "

ထို နတ်ဆိုးဘုရင်များ၏ အစွမ်းမှာ ထျန်းယွမ်ကမ္ဘာမှ ချင်းဝူချုံတို့နှင့် ယှဥ်၍ရပြီး.. ယောင်ချီ နတ်ဘုရားသခင်မကြီးကဲ့သို့ ကမ္ဘာပေါ်မှ မသေမျိုးများ

ထက် များစွာ ပိုအစွမ်းထက်ကြသဖြင့် သူ အနည်းငယ်လည်း စိတ်ထဲမကောင်း ဖြစ်သွားသည်။

သူတို့ထျန်းယွမ်ကမ္ဘာတွင် ကမ္ဘာပေါ်မှ မသေမျိုးများ နည်းပါးသလောက်.. ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာတွင်ကား ထိုသို့သော နတ်ဆိုးဘုရင်များ များစွာပင် ရှိပါ၏။

၎င်းကို ကြည့်ခြင်းဖြင့်ပင် ပြီးခဲ့သော နှစ်များအတွင်း သူတို့ထျန်းယွမ်ကမ္ဘာ မည်မျှ ကူကယ်ရာမဲ့နေခဲ့မည်ဖြစ်ကြောင်း သိနိုင်ပါသည်။

ထိုစဥ်မှာပင် လောထျန်း၏ အာရုံကို ပြန်ဆွဲခေါ်လိုက်သည့် အသံတစ်သံ ထွက်လာသည်။

" ကောင်လေး ၊ မင်း ဘယ်သူလဲ ။ ဒီကို ဘယ်လိုလုပ်ပြီး ဝင်လာတာလဲ "

" ဟား ဟား.. ဘယ်လိုပဲ ဝင်လာဝင်လာ.. ဒီကောင်က တားမြစ်နယ်မြေနားတောင် ကပ်ရဲခဲ့တာလေ ။ ဒါ အကြီးမားဆုံး ပြစ်မှုပဲ "

" ဒီကောင်က ဘယ်လောက်တုံးလို့ နတ်ဆိုးအသွင်

ပြောင်းကိုးသွယ် တံခါးဆီ လျှောက်လာရတာလဲ မသိဘူး ။ ဒီကောင် ကိုယ့်သေတွင်းကိုယ် တူးလိုက်တာပဲ "

နတ်ဆိုးဘုရင်များ တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။

တဖက်မှ လောထျန်းက သူတို့စကားကို ကြားပြီး မျက်လုံးများ အရောင်လက်သွားကာ မေးလာ၏။

" ဒီနေရာက နတ်ဆိုးအသွင်ပြောင်းကိုးသွယ်တံခါး လို့ ပြောလိုက်တာလား "

တဖက်မှ နတ်ဆိုးဘုရင်တစ်ယောက်က မျက်မှောင်ကြုံ့၍ ပြန်ပြော၏။

" အဲ့တော့ ဘာဖြစ်လို့လဲ "

လောထျန်း ပြောလိုက်သည်။

" ဒါဆို... ဒီမှာ အသွင်ပြောင်းကိုးသွယ် နတ်ဆိုးဆေးရည် ရှိမှာပေါ့ "

သူ့စကားကြောင့် တဖက်မှ နတ်ဆိုးဘုရင်များ ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

သို့သော်.. အစောက ပြောခဲ့သော နတ်ဆိုးဘုရင်က အထင်သေးသည့် မျက်နှာကြီးဖြင့်သာ ပြန်ပြော၏။

" ဟုတ်တယ်လေ ။ မင်းက ဒီကို အသွင်ပြောင်းကိုးသွယ် နတ်ဆိုးဆေးရည်အတွက် လာခဲ့တာလား"

လောထျန်း ခေါင်းညိတ်လိုက်သည်။

" ခင်ဗျားက သိသားပဲ.. မဆိုးဘူး "

တဖက်မှ နတ်ဆိုးဘုရင်များ တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်ကာ အသံကျယ်ဖြင့် အော်ရယ်လိုက်ကြသည်။

" ခင်ဗျားတို့က ဘာရယ်နေကြတာလဲ "

လောထျန်း မျက်မှောင်ကြုံ့သွား၏။

တဖက်မှ နတ်ဆိုးဘုရင်က ခေါင်းယမ်း၍ ပြန်ပြောသည်။

" မင်းက ဘာမှမသိပဲနဲ့တောင်.. အသွင်ပြောင်းကိုးသွယ် နတ်ဆိုးဆေးရည်ကို ခိုးချင်နေသေးတယ်ပေါ့လေ "

" အဲ့ဒါ ဘာအဓိပ္ပါယ်လဲ "

လောထျန်း နားမလည် ဖြစ်သွား၏။

တဖက်လူက လောထျန်းနောက်မှ နတ်ဆိုးအသွင်ပြောင်းကိုးသွယ် တံခါးကို လက်ညိုးညွှန်ရင်း ပြောသည်။

" ဒီ နတ်ဆိုးအသွင်ပြောင်းကိုးသွယ် တံခါးပေါက်က ဘာလဲဆိုတာရော မင်း သိလား "

လောထျန်းက တံခါးပေါက်အား တစ်ချက်လှည့်ကြည့်ပြီး ပြန်ပြော၏။

" ဘယ်လိုလုပ် သိမှာလဲ "

တဖက်လူ : " ဒီ နတ်ဆိုးအသွင်ပြောင်းကိုးသွယ် တံခါးပေါက်က ငါတို့ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာမှာ အစွမ်းအထက်ဆုံး အချုပ်အနှောင်ပဲကွ ။ နတ်ဆိုးသူတော်စင် ကိုးယောက်လုံးပေါင်းပြီး တိုက်ခိုက်ရင်တောင် ဒီတံခါးကို အက်ရာလေးဖြစ်အောင် မလုပ်နိုင်ဘူး "

" နတ်ဆိုးနတ်ဘုရားကြီး ကိုယ်တိုင်တောင်မှ အထဲဝင်

ချင်ရင် သတ်မှတ်ထားတဲ့ အချိန်နဲ့နေရာမှာမှ တံခါးကို ဖွင့်ရတာ ။ ပြီးတော့ ဒီတံခါးကို တစ်ခါဖွင့်ပြီးတိုင်းလဲ သူ အချိန်အကြာကြီး အားနည်းသွားရတာကွ ။ ဒါနဲ့များတောင် မင်းက အဆင်ခြင်မဲ့ အထဲဝင်ချင်သေးတယ်ပေါ့လေ ။ မင်း တော်တော် တုံးတာပဲ "

All Chapters