နတ်ဆိုးနတ်ဘုရားကြီး၏ နောက်ဆုံး အကြံအစည်
Vol. 46 Ch. 643
" ဟင်... ဒီမှာလဲ မဟုတ်ပါလား "
တဖက်လူ၏ ဟောင်းလောင်းဖြစ်နေသော ဒန်ထျန် ကိုကြည့်ရင်း လောထျန်း မျက်မှောင်ကြုံ့သွားသည်။
" မင်း... "
နတ်ဆိုးနတ်ဘုရားကြီးမှာ ကြောက်ရွံ့တုန်လှုပ်သွားပြီး သူ့ နတ်ဆိုးဓားကို ပြန်ဆွဲထုတ်ရန် ကြိုးစားလိုက်၏။ သို့သော်.. ဓားက လုံးဝပင် မလှုပ်ပါချေ။
" ဒါဆိုရင်... နှလုံးထဲမှာ ရှိတာများလား "
လောထျန်း ပြောလာပြန်သည်။
ဇွပ်..
ထို့နောက်တွင်... နတ်ဆိုးနတ်ဘုရားကြီး၏ ရင်ဘတ် ပြားသွားကာ သူ့နှလုံး ကွဲသွားသည်။
နတ်ဆိုးနတ်ဘုရားကြီး တစ်ကိုယ်လုံး တုန်ကာ ဆက်တောင့်မခံနိုင်တော့ဘဲ ဓားကိုလွတ်၍ နောက်သို့ အသည်းအသန် ဆုတ်လိုက်ရ၏။
အွတ်..
တစ်ချိန်တည်းမှာပင် သူ သွေးလည်း အန်သွားပြီး ကြိမ်ဖန်များစွာ ဒယိမ်းဒယိုင် ဖြစ်သွားပြီးမှ ပြန်ငြိမ်အောင် ထိန်းနိုင်သွားသည်။
ထိုစဥ်မှလည်း သူ ဒုက္ခကြီးကြီး ရောက်ပြီဖြစ်ကြောင်း သိလိုက်ခြင်းပင် ။
သူ့ရှေ့မှ လူမှာ သူ့ဘဝတလျှောက် ကြုံခဲ့ဖူးသမျှထဲ... ကြောက်စရာအကောင်းဆုံး သူပင်...
" သခင်လေး ၊ ဘာကို လိုချင်လဲသာ ပြောပါ ။ကျုပ် သခင်လေးစိတ်ကျေနပ်အောင် အတတ်နိုင်ဆုံး လုပ်ပေးပါ့မယ် "
နတ်ဆိုးနတ်ဘုရားကြီးမှာ ဒဏ်ရာများကို ဖိနှိပ်ထားရန် ကြိုးစားရင်း လောထျန်းအား ပြောလိုက်
တော့သည်။
သူ အသက်ရှင်နေသေးသရွေ့.. အပေါ်ကမ္ဘာမှ နတ်ဆိုးနတ်ဘုရားနန်းတော်ထံ အကူညီတောင်းခံနိုင်သည် မဟုတ်ပါလား ။
နတ်ဆိုးနတ်ဘုရားနန်းတော်တွင် ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာမှ တက်သွားခဲ့ကြသည့် အစွမ်းထက်ကျင့်ကြံသူ များစွာရှိပေရာ..
သူ မကိုင်တွယ်နိုင်သော ရန်သူများကို ထိုကျင့်ကြံသူများက ကိုင်တွယ်ပေးနိုင်ပေလိမ့်မည် ။
" ဘာလိုချင်လဲ.. ဟုတ်လား ၊ ကျုပ် ပြောပြီးသားပဲလေ ။ ကျုပ်က ခင်ဗျားရဲ့ အတွင်းအမြုတေကို လိုချင်တာပါဆို "
လောထျန်းက အေးဆေးပင် ပြန်ပြော၏။
နတ်ဆိုးနတ်ဘုရားကြီး မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။
" သခင်လေး ၊ ကျေးဇူးပြုပြီး မနောက်ပါနဲ့ဗျာ "
လောထျန်းက အေးဆေးပင် ပြန်မေး၏။
" ကျုပ် နောက်နေတယ်လို့ ဘာလို့ထင်ရတာလဲ "
နတ်ဆိုးနတ်ဘုရားကြီးက အံကြိတ်ကာ ပြန်ပြောသည်။
" သခင်လေးသာ အတွင်းအမြုတေကို တကယ်လိုချင်တာဆိုရင် ၊ ကျုပ်လက်အောက်က နတ်ဆိုးသူတော်စင် ကိုးယောက်ရဲ့ အတွင်းအမြုတေတွေကို ပေးပါ့မယ် "
သူ ချက်ချင်းပင် သူ့လူများအား သစ္စာဖောက်ရန် ရွေးလိုက်ပါသည်။
သူ အသက်ရှင်နေသေးပါက... အသွင်ပြောင်းကိုးသွယ် နတ်ဆိုးဆေးရည်ဖြင့် သူ့လက်အောက်မှ နတ်ဆိုးများကို နတ်ဆိုးသူတော်စင်များ ဖြစ်လာအောင် ဖြည်းဖြည်းချင်း လေ့ကျင့်ပေး၍ ရသည်မဟုတ်ပါလား ။
သို့ဖြစ်ရာ.. လက်ရှိတွင် အရေးအကြီးဆုံးက သူ့ရှေ့မှ ကြောက်စရာကောင်ကြီး မြန်မြန်ထွက်သွားရန်သာ ဖြစ်၏။
သို့သော်..
" မလိုဘူး ၊ ကျုပ် ခင်ဗျားလူတွေရဲ့ အတွင်းအမြုတေ အားလုံးကို ရထားပြီးပြီ ။ ခင်ဗျားရဲ့ဟာပဲ လိုတော့တာ "
လောထျန်း ပြောလာသည်။
" ဘယ်လို... "
နတ်ဆိုးနတ်ဘုရားကြီး တုန်လှုပ်သွားတော့၏။
သူ မရှိနေချိန်တွင်... ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာ၌ ဘာတွေ ဖြစ်သွားခဲ့ပါသနည်း ...
လောထျန်းက သူ့အား စနောက်နေခြင်း မဟုတ်သည်မှာလည်း အသိသာပင်..
" သခင်လေး ၊ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာက အပေါ်ကမ္ဘာမှာရှိတဲ့ နတ်ဆိုးနတ်ဘုရားနန်းတော်ရဲ့ လက်အောက်မှာရှိတဲ့ ကမ္ဘာပါ ။ သခင်လေးကလဲ အပေါ်ကမ္ဘာက အစွမ်းထက် ကျင့်ကြံသူတစ်ယောက်
နဲ့ တူတယ် ။ အဲ့တော့ ကျုပ်ကိုသာ သတ်လိုက်ရင် အပေါ်ကမ္ဘာက သခင်လေးကို အလွတ်ပေးမှာ မဟုတ်ဘူးဗျ "
နတ်ဆိုးနတ်ဘုရားကြီးမှာ မည်သို့မှ မတတ်နိုင်တော့ဘဲ သူ့ကျောထောက်နောက်ခံ အင်အားကိုသာ ထုတ်သုံးလိုက်ရသည်။
သို့သော်.. လောထျန်းက လှောင်ပြုံးဖြင့် ပြန်ပြောလာ၏။
" အပေါ်ကမ္ဘာ.. ဟုတ်လား ။ ခင်ဗျားကံဆိုးတာ တစ်ခုက.. ကျုပ်က အပေါ်ကမ္ဘာက မဟုတ်ဘူး "
" ဘယ်လို.. အပေါ်ကမ္ဘာက မဟုတ်ဘူးလား ။ ဒါဆို ဘယ်သူလဲ "
နတ်ဆိုးနတ်ဘုရားကြီး မေးလိုက်သည်။
" ကျုပ်လား .... ကျုပ်က ထျန်းယွမ်ကမ္ဘာ ၊ ပျောင်ပိုင်မြို့က လောထျန်း "
လောထျန်းက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေ၏။
" ထျန်း.. ထျန်းယွမ်ကမ္ဘာ... "
နတ်ဆိုးနတ်ဘုရားကြီးမှာ မယုံနိုင်စရာကြီး တစ်ခုကို ကြားလိုက်ရသည့်အလား မျက်လုံးပြူးသွားသည်။
သူ့ရှေ့မှ လူက အမှန်တကယ် ထျန်းယွမ်ကမ္ဘာကတဲ့လား....
သူ ကြိမ်ဖန်များစွာ ကျူးကျော်ပြီး လူပေါင်း မရေမတွက်နိုင်အောင်ကို သတ်ဖြတ်ခဲ့သော ထျန်းယွမ်ကမ္ဘာ လား...
ထျန်းယွမ်ကမ္ဘာတွင် ထိုသို့သော အစွမ်းထက်ကျင့်ကြံသူမျိုး ဘယ်ချိန်က ပေါ်လာခဲ့ပါသနည်း...
သို့သော်.. ထိုတခဏ၌ သူ တစ်ခုကိုလည်း နားလည်လိုက်ပါသည် ။
ယနေ့တွင် တဖက်လူက သူ့အား မည်သည့်အကြောင်းကြောင့်မှ အလွတ်ပေးမည် မဟုတ်တော့ပါချေ ။
အဘယ့်ကြောင့်ဆိုသော်.. သူတို့ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာ က ထျန်းယွမ်ကမ္ဘာအား ကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့ဖူးပြီး...
ဤတစ်ကြိမ် ကမ္ဘာနှစ်ခုကြား တံခါးပေါက်ပွင့်လျှင်လည်း ထျန်းယွမ်တစ်ကမ္ဘာလုံးကို အပြတ်ရှင်းပစ်ရန် သူ အစောကြီးကတည်းက အမိန့်ပေးထားပါသေး၏။
သို့ဖြစ်ရာ.. ထျန်းယွမ်ကမ္ဘာမှ အစွမ်းထက် လူတစ်ယောက်က သူ့အား မည်သို့လွတ်ပေးပါတော့မည်နည်း ။
" ဝိဥာဥ်ကိုးသွယ်နတ်ဆိုးဓား.. "
နတ်ဆိုးနတ်ဘုရားကြီးက ရုတ်တရက် အသံကျယ်ဖြင့်အော်ကာ.. အစောင့်အကြပ် မသေမျိုးလက်နက်အား သူ့လက်ထဲ ပြန်ခေါ်ရန် ကြိုးစားလိုက်သည်။ သူ့အကြံမှာ ထိုဓားဖြင့် ကမ္ဘာတစ်ခုလုံး၏ အစွမ်းကို ခေါ်ယူ၍ လောထျန်းအား သတ်ရန်ပင် ...
သို့သော်.. ကံဆိုးစွာပင်..
ဝီ...
နတ်ဆိုးဓားက တုန်ခါရုံသာ တတ်နိုင်ပြီး လောထျန်း၏ လက်ချောင်းကြားမှ လုံးဝ ရုန်းမထွက်နိုင်ပါ
ချေ။
" ဒီကောင်.... "
နတ်ဆိုးနတ်ဘုရားကြီး ရင်တစ်ခုလုံး ဗြောင်းဆန်သွားတော့သည်။
ထို့နောက်တွင်ကား.. သူ လက်လျှော့ရန်သာ ဆုံးဖြတ်ပြီး နတ်ဆိုးအသွင်ပြောင်းကိုးသွယ် တံခါးဆီသို့ အသည်းအသန် ပြေးသွားလိုက်၏။
သူ ဤအချုပ်အနှောင်နေရာမှ ထွက်လိုက်နိုင်ပါက.. ကောင်းကင်ဘုံတံခါးကို ဖွင့်၍ အပေါ်ကမ္ဘာသို့ တက်နိုင်ပေလိမ့်မည် ။
သူ မသေသေးသရွေ့ အနာဂါတ်တွင် လက်တုန့်ပြန်နိုင်ပါသေး၏။
သို့သော်..
ဝှစ်..
လောထျန်းက တည်နေရာရွှေ့ပြောင်းကာ သူ့ရှေ့
ပေါ်လာသည်။
" ရပ်လိုက် ၊ အတွင်းအမြုတေကို အေးဆေး ထုတ်ပေးစမ်း "
လောထျန်း အေးစက်စက် အော်၏။
" မင်း.... "
နတ်ဆိုးနတ်ဘုရားကြီးး မျက်လုံးများ နီရဲသွားကာ လောထျန်းအား လက်ဝါးဖြင့် ရိုက်လိုက်သည်။
ဖြန်း...
သို့သော်...
သူ့လက်ဝါးက ဘယ်မှ မရောက်သေးခင်မှာပင်.. ရွှေရောင်လက်ကြီးတစ်ခုက သူ့လက်ကို ဖမ်းဆုပ်လာပါသည်။
" ပြေးဖို့ စဥ်းတောင် မစဥ်းစားနဲ့ "
လောထျန်း အေးစက်စက် ပြော၏။
ထိုအချိန်တွင်ကား နတ်ဆိုးနတ်ဘုရားကြီးမှာ လုံးဝ ကူကယ်ရာ မဲ့နေတော့သည်။
ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာ၏ ကမ္ဘာသခင်ကြီး ဖြစ်သည့် သူ့လို နတ်ဆိုးနတ်ဘုရားကြီး တစ်ပါးက ယခုကဲ့သို့ အဆုံးသတ်မျိုးနှင့် ကြုံရလိမ့်မည်ဟု သူ တစ်ခါမှပင် စိတ်မကူးခဲ့ဖူးပါ ။
" ဟင်.. မင်းရဲ့ အသက်ရှူတဲ့လမ်းကြောင်းက.. .. "
နတ်ဆိုးနတ်ဘုရားကြီးအား လက်ဖြင့် ဖမ်းဆုပ်ပြီးနောက် သူ့အသက်ရှုလမ်းကြောင်း စီးဆင်းပုံကို လောထျန်း ရုတ်တရက် သတိထားမိလိုက်၏။
ထို့နောက်တွင်...
ဝုန်း..
နတ်ဆိုးနတ်ဘုရားကြီး၏ ဘယ်ဘက်ပုခုံး ပေါက်ကွဲထွက်သွားတော့သည်။
ဝီ...
အထဲမှ အတွင်းအမြုတေတစ်ခု ပေါ်လာ၏။
" အစွမ်းထက် သားရဲတွေက သူတို့ရဲ့ အတွင်းအမြုတေတွေကို လွတ်လွတ်လပ်လပ် ပြောင်းရွှေ့နိုင်တာ မှန်ပေမယ့်.. မင်းလို ပုခုံးနားမှာ ဖွက်ထားတာတော့ ရှားတယ်ကွ "
လောထျန်း ခေါင်းညိတ်ကာ အတွင်းအမြုတေအား လက်ထဲ ကိုင်ထားလိုက်သည်။
၎င်းအမြုတေလုံးမှ ထွက်နေသည့် အရောင်အဝါမှာ ယခင် နတ်ဆိုးသူတော်စင်များ၏ အတွင်းအမြုတေများထက် များစွာ ပိုအစွမ်းထက်သည်ဟု ပြော၍ ရပါ၏။
" မင်း..... "
အတွင်းအမြုတေ မရှိတော့သည့် တဖက်မှ နတ်ဆိုးနတ်ဘုရားကြီးမှာလည်း သူ့အရောင်အဝါများ တဖြည်းဖြည်း ဆုံးရှုံးလာတော့သည်။
သူ လောထျန်းအား မုန်းတီးစွာ ကြည့်ကာ အံကြိတ်၍ ပြောလိုက်၏။
" မင်း အသေကောင်းနဲ့ သေရမယ် မထင်နဲ့ ။ ငါ မင်းကို မသတ်နိုင်ပေမယ့်... နတ်ဆိုးနတ်ဘုရားနန်းတော်က မင်းကို အလွတ်ပေးမှာ မဟုတ်ဘူးကွ ။ ပြီးတော့... ထျန်းမင်ကမ္ဘာ ရော..... "
ထိုသို့ပြောနေရင်း သူ ရုတ်တရက် ချောင်းတဟွတ်ဟွတ် ဆိုးသွားသည်။
လောထျန်းမှာ ထျန်းမင်ကမ္ဘာအကြောင်း ကြားသည်နှင့် အနည်းငယ် စိတ်လှုပ်ရှားသွား၏။
" အဲ့ ထျန်းမင်ကမ္ဘာက အရမ်းအစွမ်းထက်လို့လား... "
လောထျန်း တဖက်လူကို ကြည့်ကာ မေးလိုက်သည်။
နတ်ဆိုးနတ်ဘုရားကြီး၏ မျက်လုံးများ အရောင်အနည်းငယ် လက်သွားပြီး တစ်ခုကို စဥ်းစားမိသွားဟန်တူကာ လှောင်ပြုံးဖြင့် ပြောသည်။
" ထျန်းမင်ကမ္ဘာက... ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်တာ ။ ထျန်းမင်ကမ္ဘာမှာ ငါ့ကို တစ်ချက်တည်းနဲ့ သတ်နိုင်တဲ့သူတွေ အနည်းဆုံး ရာချီပြီး ရှိတယ် "
ထိုစကားကို ပြောသာ ပြောလိုက်ရသော်လည်း.. နတ်ဆိုးနတ်ဘုရားကြီး၏ ရင်ထဲ မတင်မကျ ဖြစ်သွားရပါ၏။
" ဟုတ်လား... "
တဖက်မှ လောထျန်းမှာမူ အံ့အားသင့်သွားသည်။
နတ်ဆိုးနတ်ဘုရားကြီးကို သူ အလွယ်တကူ သတ်နိုင်ခဲ့သည့်တိုင်.. ထိုကောင်ကြီး၏ အစွမ်းက ကြောက်စရာကောင်းဆဲပါပင် ။
ထျန်းမင်ကမ္ဘာ၌ သူ့ကို ချက်ချင်း သတ်နိုင်သူ ရာချီ၍ ရှိသတဲ့လား...
အစွမ်းထက်လှပါတကား...
တဖက်မှ နတ်ဆိုးနတ်ဘုရားကြီးက အံကြိတ်ကာ စကားဆက်၏။
" ပြီးတော့.. ထျန်းမင်ကမ္ဘာမှာ မူလမသေမျိုး လက်နက်တွေလဲ အနည်းဆုံး တစ်ရာလောက်ကို ရှိ
တယ် ။ အဲ့လက်နက်တွေ အားလုံးကလဲ သန့်စင်ထားပြီးသား... "
" ဟင်... "
လောထျန်း အံ့အားသင့်သွားရပြန်သည်။
အပြည့်အဝ သန့်စင်ပြီးသား မူလမသေမျိုးလက်နက် တစ်ရာလောက် ရှိသတဲ့လား...
ထိုလက်နက်များနှင့် နတ်ဆိုးနတ်ဘုရားကြီးကို တစ်ချက်တည်းဖြင့် သတ်နိုင်သော အစွမ်းထက် ကျင့်ကြံသူများ ပေါင်းခြင်း၏ အင်အားကို သူ တားနိုင်ပါမည်လား ..
ထိုစဥ် တဖက်မှ နတ်ဆိုးနတ်ဘုရားကြီးက ချောင်းဆိုးပြီး ဆက်ပြောလာ၏။
" ပြီးတော့... ထျန်းမင်ကမ္ဘာမှာ.. မူလမသေမျိုးလက်နက် ထက်တောင် ပိုအစွမ်းထက်တဲ့ ချုပ်နှောင် နတ်ဘုရားလက်နက်တစ်ခု ရှိသေးတယ် ။ သူတို့က.. မင်းတို့ ထျန်းယွမ်ကမ္ဘာမှာ အဲ့လက်နက်ရဲ့ အချုပ်အနှောင်ကို ဖြေဖို့ စီစဥ်ထားကြတာ ။ အချုပ်အနှောင်သာ ပြေသွားလို့ကတော့ ... မင်းတို့
ထျန်းယွမ်ကမ္ဘာ... ဖျက်ဆီးခံရပြီ "
" နတ်ဘုရားလက်နက်.. ဟုတ်လား "
လောထျန်း ပါးစပ်အဟောင်းသားပင် ဖြစ်သွားသည်။
ထို့နောက် သူ နတ်ဆိုးနတ်ဘုရားကြီးအား မျက်မှောင်ကြုံ့ကြည့်ကာ မေးလိုက်၏။
" မင်းပြောတာတွေ အမှန်ပဲလား "
နတ်ဆိုးနတ်ဘုရားကြီးက ချောင်းဆိုးရင်း ပြန်ဖြေသည်။
" ငါ လိမ်နေတာဆိုရင်.. အသေဆိုးနဲ့ သေပါစေ... "
လောထျန်း မျက်လုံးပင် ပြူးသွားရသည်။
သူ အံ့သြတုန်လှုပ်လွန်းနေ၍ နတ်ဆိုးနတ်ဘုရားကြီးမှာ လက်ရှိတွင် အသေဆိုးနှင့် သေနေပြီဖြစ်ကြောင်းကိုပင် မေ့လျော့သွားပါ၏။
တဖက်မှ နတ်ဆိုးနတ်ဘုရားကြီး မှာကား... နောက်ဆုံးစကားကို ပြောပြီးသည်နှင့် မျက်လုံးများ
အရောင်ဖျော့လာတော့သည်။
" ဟား ဟား.. ထျန်းမင်ကမ္ဘာက အမှိုက်ကောင်တွေ ၊ ငါ မသေခင် လုပ်ပေးလိုက်တဲ့ လက်ဆောင်ကို ခံစားကြစမ်းကွာ ။ ဒီ အရူးကောင်ကြီး မင်းတို့အားလုံးကို တိုက်ခိုက်လာမှာကိုသာ စောင့်နေလိုက်ကြ.. "
ပြီးခဲ့သော နှစ်များအတွင်းတွင် သူသည် ထျန်းမင်ကမ္ဘာနှင့် ကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့ဖူးပြီး အဆုံးအရှုံးလည်း အလွန်ကြီးခဲ့ပါ၏။
သူ ထျန်းမင်ကမ္ဘာအပေါ် မုန်းသည့်အမုန်းမှာ လောထျန်းအပေါ် ထားသည့်အမုန်းနှင့် မကွာလှပေ ။
ထို့ကြောင့်လည်း သူ မသေခင် ထျန်းမင်ကမ္ဘာတွက် ဗုံးတစ်လုံး ထောင်ထားခဲ့ခြင်းပါပင်...
မည်သို့ပင်ဆိုစေ သူ သေရတော့မည်ဖြစ်ရာ.. အနည်းဆုံး လက်တုန့်ပြန်ခွင့် ရသွားမည် မဟုတ်ပါလား ။
ထိုသို့ တွေးပြီးနောက်မှာပင်... နတ်ဆိုးနတ်ဘုရား
ကြီး ရုတ်တရက် လဲကျကာ သေဆုံးသွားတော့သည်။
လောထျန်းတစ်ယောက်တည်းသာ မျက်နှာတည်ကြီးဖြင့် ကျန်ခဲ့တော့၏။
" ဒါဆို ထျန်းမင်ကမ္ဘာက တော်တော်အစွမ်းထက်တာပဲ ။ ရှေးဟောင်းနတ်ဆိုးကမ္ဘာကနေ ပြန်ခဲ့တဲ့ နောက်ပိုင်းမှာ ငါ့ကိုယ်ငါ လုံလောက်အောင် အစွမ်းထက်ပြီလို့ ထင်နေခဲ့တာ ။ ဒီတိုင်းဆို ငါ နည်းနည်း သတိလက်လွတ် နိုင်သွားခဲ့တာပဲ ။ အခု. .. ပြိုင်ဘက်က ဘယ်လောက် ကြောက်စရာကောင်းလဲ သိလိုက်ရပြီဆိုတော့.... "
လောထျန်း ခေတ္တမျှ စဥ်းစားနေပြီးနောက် အံကြိတ်၍ ပြောလိုက်သည်။
" အစွမ်းပိုထက်မှ ဖြစ်မယ် ။ မဖြစ်မနေ အစွမ်းပိုထက်အောင် လုပ်မှရမယ် "
တစ်ချိန်တည်းမှာပင်... ထျန်းမင်ကမ္ဘာ၌...
အစွမ်းထက် ကျင့်ကြံသူတစ်ယောက် ရုတ်တရက်
တုန်သွားသည်။
" ဟင်... ဘာလို့ ရုတ်တရက်ကြီး ချမ်းလာသလို ခံစားနေရတာလဲ "
သူ ပြောလိုက်၏။